Chapter 150
Viewers 8k

🚩Chapter -150

 Arc_7.နေရာလွဲမှားနေသောသမီး [ 16 ]


_____



ဝမ်ရှူးကျယ် ကိုမာဝင်နေရာမှ ပြန်နိုးလာခြင်းသည် စုမိသားစုအတွက် အပျော်ရွှင်ရဆုံးအရာဖြစ်သည်။ ညနေခင်းတွင် စုဟိုင်ချန်းက စုမိသားစုစားသောက်ဆိုင်ခွဲများမှ နံပါတ်တစ်စားဖိုမှူးကိုခေါ်လာ၍ ဗီလာထဲတွင် အရသာကောင်းမွန်လှသည့် ညစာဖြင့် တည်ခင်းဧည့်ခံလေသည်။ 


စားပွဲခုံရှည်ကြီးတွင် လူခြောက်ယောက်ရှိနေ၏။ ဤအချိန်အတောအတွင်း ၎င်းက စုမိသားစု၏ အပျော်ရွှင်ရဆုံးနှင့် အသက်အဝင်ဆုံး ညစာစားပွဲဖြစ်သည်။ 


စုဟိုင်ချန်းနှင့် ဝမ်ရှူးကျယ်က စားပွဲ၏အစွန်းနှစ်ဖက်တွင် ခွဲထိုင်ကြသည်။ စုဝမ်နှင့် စုရွေ့က ဘယ်ဘက်တွင် အတူထိုင်ကာ ကျန်းယိုနှင့် လော့ယွီကညာဘက်တွင်ထိုင်နေကြသည်။ 


ညစာစားချိန်တွင် ဝမ်ရှူးကျယ်က ပြုံးရွှင်နေကာ သူ့သမီးနှစ်ယောက်၏ ပန်းကန်များထဲသို့ အစားအသောက်များ အဆက်မပြတ်ထည့်ပေးနေသည်။ စုဟိုင်ချန်းသည်လည်း စိတ်အခြေအနေကောင်းမွန်နေ၏။ သူက ဝိုင်နီတစ်လုံး ဖောက်၍ စုရွေ့ထံ တစ်ခွက်ထည့်ပေးလာသည်။ 


“ရှောင်ချီ ဒီတစ်ခေါက် မင်းကိုတကယ် ကျေးဇူးတင်ပါတယ်”


“ရှောင်ရှောင်း” နှင့် “ရှောင်ချီ” က လူတစ်ယောက်တည်းကိုသာခေါ်ခြင်းဖြစ်သော်လည်း အသံနှင့် အဓိပ္ပာယ်တို့က ကွာခြားလေသည်။ 


တကယ်တမ်းတွင် စုရွေ့က စုဟိုင်ချန်းသူ့ကို “ရှောင်ရှောင်း” ဟုခေါ်ခြင်းကို ပိုသဘောကျ၏။ ၎င်းက “တွန့်တိုသောလူ” ဟုအခေါ်ခံရခြင်းထက် ပိုကောင်းသေးသည်။ 


[ T/N ရှောင်ချီ ဆိုသည်က တွန့်တိုတတ်သောသူ နှင့် အသံထွက်တူနေသောကြောင့်ဖြစ်သည်။ Xiao Qi (小启) = စုရွေ့နာမည် ၊ xiao qi (小气) = Stingy ]


စားပွဲတစ်ဖက်တွင်ထိုင်နေသော လော့ယွီသည် စုဟိုင်ချန်းက ထို “ကျေးလက်မှတောသား”စုရွေ့အတွက် ဝိုင်ထည့်ပေးသည်ကိုတွေ့သောအခါ သခင်လေးလော့၏ မျက်နှာက မှုန်မှိုင်းသွားလေသည်။ 


လော့ယွီ၏ စိတ်မကျေမနပ်ဖြစ်နေမှုကိုခံစားမိသော ကျန်းယိုက အကြည့်များကို ဝေ့ဝဲလိုက်ရင်း ချက်ချင်းပြုံး၍ လော့ယွီ၏ ပန်းကန်ထဲသို့ ငါးဟင်းအတုံးလေးထည့်ပေးလိုက်သည်။ 


“လော့ယွီ ဒါလေးမြည်းကြည့် ဒီဟင်းက အရမ်းအရသာရှိတာ”


“အင်း”


ကျန်းယို၏အပြုံးလေးကြောင့် လော့ယွီ၏ စိတ်အခြေအနေများက အချိန်ခဏလေးအတွင်းမှာပင် တိုးတက်သွားသည်။ သို့သော်လည်း လော့ယွီက သူမထည့်ပေးလာသည့် အရာက ငါးတုံးလေးဖြစ်နေသည်ကို တွေ့သောအခါ ပြန်၍ မျက်မှောင်ကြုတ်မိသွား၏။ 


လော့ယွီက ငါးမစားပေ။ ၎င်းကို ဖုန်းဟန်ကျောင်းတစ်ကျောင်းလုံးသိ၏။


လူအကုန်လုံး သိသော်ငြား ကျန်းယိုမသိပေ။ 


“ဇနီး‌လေး မင်းလည်းငါးစားလေ မင်းအကြိုက်မလား”


ထိုအချိန်၌ စုရွေ့ကပြုံး၍ စုဝမ်ဆီသို့ သူကိုယ်တိုင်အရိုးနွှင်ထားသော ငါးတုံးလေးများထည့်ပေးလာသည်။ 


စုဝမ်က စုရွေ့၏ ဂရုစိုက်မှုများကို ကျင့်သားရနေပြီဖြစ်သော်လည်း တစ်ဖက်လူကြီးခုံတွင် ထိုင်နေသည့် ဝမ်ရှူးကျယ်က စုရွေ့တစ်ယောက် စုဝမ်အပေါ် နူးညံ့ညင်သာသည်ကိုတွေ့သောအခါ ပြုံးလိုက်ပြီး နူးညံ့စွာ ဆိုလာ၏။ 


“အန်တီတို့ရဲ့ရှောင်ဝမ်က ငယ်ငယ်လေးတည်းက ငါးကြိုက်တယ်လေ သူမခြောက်နှစ်တုန်းက အရိုးစူးတာကိုတောင် ခုထိအန်တီမှတ်မိနေသေးတယ် အဲ့တုန်းက ဒီကလေးလေးပေါ့ ဆေးရုံကထွက်လာရော မျက်ရည်တွေနဲ့ ဖက်ငိုပါလေရောလား သူမကပြောခဲ့သေးတယ် ကြီးလာရင် ငါးရိုးကူနွှင်ပေးတဲ့ ယောက်ျားပဲ ရှာယူမယ်တဲ့ သူမရဲ့ဆုတောင်းက အခုလိုမြန်မြန်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားမိခဲ့ဘူး” 


ဝမ်ရှူးကျယ်၏စကားများကိုကြားသောအခါ စုရွေ့အပေါ် စုဟိုင်ချန်း၏အကြည့်များကပင် နူးညံ့သွားလေသည်။ တကယ်တမ်းတွင် စုရွေ့က ဝမ်ရှူးကျယ်အား ကယ်ပြီးနောက် စုဟိုင်ချန်းက သူ့ကို “သားမက်” အဖြစ် စိတ်ထဲတွင် အသိအမှတ်ပြုပေးခဲ့ပြီးဖြစ်သည်။ ယခုတွင် သူက သားမက်ကိုကြည့်နေသော ယောက္ခမဖြစ်၏။ သူကြည့်လေလေ စုရွေ့ကို ပိုသဘောကျလာလေလေဖြစ်နေသည်။ 


သူမ၏မိဘများက ရှောင်းချီကို အတော်ချီးကျူးနေကြသည်ကို ကြားသောအခါ ကျန်းယိုအနည်းငယ် အံ့ဩမိသွား၏။


ကျောက်မေလည်း ငါးစားရသည်ကိုကြိုက်သည်။ ကျန်းယိုက သူမ၏မွေးစားအမေနှင့် ငယ်ငယ်လေးကတည်းက အတူကြီးပြင်းလာခဲ့သောကြောင့် သူမတွင်လည်း ထိုအကျင့်ရှိလာခဲ့သည်။ သူမငယ်ငယ်က ရှောင်းညီအစ်ကိုများသည် အရိုးနွှင်ပြီးသားငါးကို သူမထံ လျှို့ဝှက်စွာဖြင့် မကြာခဏပေးလေ့ရှိသည်ကို ကျန်းယိုသတိရမိသွား၏။ 


ထိုအချိန်တုန်းက ကျန်းယို မခံစားမိခဲ့ချေ။ ယခုတွင် သူမ၏အစ်ကိုကြီးရှောင်းက စုဝမ်အပေါ် နူးညံ့ပြီး သိတတ်နေသည်ကို တွေ့သောအခါ ကျန်းယို၏နှလုံးသားထဲတွင် ခဏတာ ရှုပ်ထွေးသွားလေသည်။ 


အစ်ကိုကြီး‌‌ရှောင်းက အမြဲတမ်း သူမကို နူးနူးညံ့ညံ့ဆက်ဆံပေးခဲ့သော်လည်း သူမက ဘယ်တုန်းကမှ မမြင်ခဲ့ချေ။ 


ယခုတွင်တော့ သူက သူမကို တည့်တည့်ပင်မကြည့်တော့ပေ။ 


ကျန်းယိုကဲ့သို့ပင် လော့ယွီ၏ နှလုံးသားတွင်လည်း ထူးဆန်းစွာခံစားနေရသည်။ 


စုဝမ်သူနှင့်တွဲခဲ့စဥ်၌ သူက ငါးမစားသည့်အတွက် သူတို့အတူရှိနေချိန်တွင် စုဝမ်က ဘယ်တော့မှ ငါးမစားခဲ့‌ပေ။ ထိုအချိန်တုန်းက လော့ယွီက သူမကလည်း သူ့လိုပင် ငါးမကြိုက်တတ်သူဟု တွေးထင်ခဲ့သည်။ 


သူ မထင်မှတ်ထားခဲ့ပေ.....။


၎င်းက ချစ်ပေးခြင်းနှင့် အချစ်ခံရခြင်းတို့ကြား ကွာခြားချက်ဖြစ်လိမ့်မည်။


ယခင်က စုဝမ်၏အချစ်ခံရသည့်လော့ယွီက တစ်ဖက်လူ၏ချို့ယွင်းချက်များကိုသာ မြင်ပြီး ထိုသခင်မလေး သူ့ကိုချစ်ပေးပြီး သူ့အပေါ် လုပ်ပေးခဲ့သည့်အရာများကို အာရုံမစိုက်ခဲ့ချေ။


ယခုတွင် လော့ယွီက ကျန်းယိုကိုချစ်သည်။ သူက ကျန်းယိုအတွက် အရာအားလုံး ပေးဆပ်ရန် ဆန္ဒရှိသော်လည်း သူသိပ်ချစ်ရသည့် ကျန်းယိုက လော့ယွီ လိုအပ်နေသည်များကို သတိပင်မထားမိပေ။ 


လူတိုင်းအတွက် မဟုတ်သော်ငြား အချစ်ရေးတွင် ပထမဆုံး ဂရုစိုက်မိသူက အရင်ရှုံးနိမ့်သည်ပင်။


ပေးဆပ်ခဲ့သည့်အရာများက ပြန်လည်လက်ခံရရှိမှုများနှင့် အချိုးမကျသည့်အခါ ထိုလူက ရှုံးနိမ့်သူဖြစ်သွားသည်။ အရင်လှုပ်ရှားတတ်သည့်သူများမဟုတ်လျှင်လည်း နှလုံးသားကလှုပ်ရှားသွားလျှင်တော့ သူတို့သည်သာ အပေးဆပ်ချင်ဆုံး လူသားများဖြစ်လာလိမ့်မည်။ 


စိတ်မချမ်းမြေ့မှုများနှင့်အတူ ညစာစားပြီးနောက် လော့ယွီက စုမိသားစုကို နှုတ်ဆက်ပြီးပြန်လိုက်သည်။ ကျန်းယိုက သိတတ်စွာနှင့် သူ့ကိုတံခါးဝအထိ လိုက်ပို့၏။


ဗိုလ်ချုပ်ကြီးစုအတွက်ကတော့ စုဟိုင်ချန်းက သူ၏ “ဆေးပညာအရည်အချင်းများ” ဖြင့်ဆွဲဆောင်ခံလိုက်ရခြင်းကြောင့် စုရွေ့အား ခဏနေရန်ခေါ်ထားပြီး ဝမ်ရှူးကျယ်၏ ကျန်းမာရေးကို မကြာခဏ စစ်ဆေးပေးရန် တောင်းဆိုလာသည်။ 


သူ့တောင်းဆိုချက်ကို စုရွေ့က သဘာဝကျစွာပင် လက်ခံလိုက်သည်။ 


သို့သော်လည်း စုဟိုင်ချန်းက အစေခံများအား အခန်းတစ်ခန်းရှင်းပေးရန် စေခိုင်းလိုက်သောအခါ ဗိုလ်ချုပ်ကြီးစု၏ မျက်နှာက ချက်ချင်းအေးစက်သွားလေသည်။ 


“ဦးလေး ဒုက္ခခံစရာမလိုပါဘူး”


စုရွေ့က အကျင့်အတိုင်း စုဝမ်၏ ပခုံးကိုဖက်လိုက်သည်။ “ကျွန်တော်ရှောင်ဝမ်နဲ့ တစ်ခန်းတည်းအတူနေပါ့မယ်... ကျွန်တော်သူမ မရှိဘဲ မအိပ်တတ်ဘူး” 


စုဟိုင်ချန်း : .......


ယောက္ခမအရှေ့မှာ ဒီလိုမျိုးတွေပြောတာ မရှက်ဘူးလား...


“ကောင်းပြီလေ ဒါဆိုလည်း ရှောင်ဝမ်ကိုအပ်ခဲ့မယ်နော်”


စုဟိုင်ချန်းပြန်အဖြေကိုတောင်စောင့်မနေတော့ဘဲ ဝမ်ရှူးကျယ်ကပြုံး၍ စုရွေ့၏တောင်းဆိုချက်ကို လက်ခံလိုက်၏။ 


“မိန်းမ”


စုဟိုင်ချန်း ဝမ်ရှူးကျယ်ကို အံ့ဩတကြီးကြည့်လိုက်သည်။ ဝမ်ရှူးကျယ်က စုဟိုင်ချန်း၏ နားနားကပ်ကာ တီးတိုးဆိုလာ၏။ ထို့နောက် ဝမ်ရှူးကျယ်က သူ့ကို အပေါ်ထပ်သို့ ဆွဲခေါ်သွားတော့သည်။ ၎င်းက စုရွေ့၏ “ကျိုးကြောင်းဆီလျော်မှုမရှိသည့် တောင်းဆိုချက်” ကို လိုက်လျောလိုက်သည်ဟု ယူဆနိုင်သည်။ 


“ဝမ်ရှူးကျယ်က စုဟိုင်ချန်းကို ဘာပြောလိုက်တယ်လို့ထင်လဲ”


စုရွေ့က စုဝမ်၏ ပခုံးသေးသေးလေးပေါ်သို့ မေးတင်ရင်း မေးလာသည်။ 


“ကျွန်မ မခန့်မှန်းနိုင်ဘူး”


စုဝမ်က ကိုယ်ခံပညာမတတ်ပေ။ ထို့အပြင် စုရွေ့ကဲ့သို့ အကြားအာရုံလည်း မစူးရှချေ။


“သူမ စုဟိုင်ချန်းကိုပြောလိုက်တာက….”


စုရွေ့က ဖြေးညင်းစွာ ခေါင်းမော့လာရင်း နှုတ်ခမ်းများက စုဝမ်၏ နားရွက်နားသို့ကပ်သွားသည်။ သူဆက်ပြောတော့မည့်အချိန်မှာပဲ ရွံရှာဖွယ် အသံတစ်သံက ရုတ်တရက် ပေါ်ထွက်လာလေသည်။ 


“အစ်ကိုကြီးရှောင်း”


ကျန်းယိုက တံခါးအပြင်ဘက်မှ ဝင်လာသည့်အချိန်တွင် စုရွေ့က စုဝမ်ကို ဖက်တွယ်နေသည်ကို တွေ့လိုက်ရ၏။ သူက သူမ၏နားသန်သီးလေးကို နမ်းနေသည့်ပုံပေါ်သည်။ 


ထိုအချိန်တွင် ကျန်းယိုခေါင်းထဲ၌ ဗလာဖြစ်သွားကာ သူမကိုယ်တိုင်တောင် သတိမထားမိဘဲ “အစ်ကိုကြီးရှောင်း” ဟုအော်ခေါ်၍ စုရွေ့၏ လှုပ်ရှားများကို နှောင့်ယှက်လိုက်သည်။ 


“တကယ်ကို အနှောင့်အယှက်ပဲ”


စုရွေ့က မကျေနပ်မှုဖြင့် ရေရွတ်လိုက်ကာ အနောက်သို့လှည့်၍ တံခါးမှဝင်လာသည့် ကျန်းယိုကို ပျင်းရိပျင်းတွဲဖြင့် ကြည့်လိုက်သည်။


 “တစ်ခုခုလိုတာရှိလို့လား”


“အစ်ကိုကြီးရှောင်း ညီမအမေကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တကယ်…ဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲ မသိတော့ဘူး” 


ထိုအခိုက်တွင် ကျန်းယိုက သူမအရှေ့ရှိ စုရွေ့ကို စိတ်ရင်းနှင့်လေးလေးနက်နက် စိုက်ကြည့်နေ၏။ အတိတ်မှ ဖြစ်ရပ်များစွာက သူမစိတ်ထဲတွင် ပြန်ပေါ်လာသည်။ မနှစ်က ကျောက်မေဆေးရုံတက်နေရချိန်နှင့် ကျောက်မေဆုံးသွားချိန်တွင် ကျန်းယိုကတစ်ယောက်တည်း လုံးဝအကူအညီမဲ့နေခဲ့ကာ မှီခိုစရာလူမရှိဖြစ်နေခဲ့သည်။ နောက်ဆုံးသူမဘာလုပ်ရမလဲမသိတော့သည်အထိဖြစ်ခဲ့၏။ အချိန်တိုင်းတွင် ရှောင်းချီက သူမကိုကူညီရန် အမြဲတမ်း ခြေတစ်လှမ်းအသာတွင်ရှိနေခဲ့သည်။ ထို့အပြင် သူက သူမကို အမြဲအားပေးနှစ်သိမ့်ပေးခဲ့သည်။ 


ထိုအရာများက ကျန်းယိုဘဝသစ်စတင်သည့်အချိန်မှစ၍ တဖြည်းဖြည်းမေ့လျော့ခံခဲ့ရသည်။ သို့သော် ယနေ့တွင် အစ်ကိုကြီးရှောင်းက သူမ၏အမေအရင်းအား ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားမှ ကယ်တင်ပေးလာသည်ကို တွေ့သောအခါ ကျန်းယို၏ကျေးဇူးတင်ပြီး မှိခိုအားထားချင်သည့်စိတ်များက တဖန်ပြန်ပေါ်လာခဲ့သည်။ 


“တစ်ချိန်လုံး အစ်ကိုကြီးရှောင်းကပဲ ညီမကိုကူညီပေးခဲ့တာ….အစ်ကိုကြီးနဲ့တွေ့ဆုံခဲ့တာက ညီမဘဝမှာ ကံအကောင်းဆုံးပဲလို့ခံစားမိတယ်”


ကျန်းယိုက သူမ၏ကျေးဇူးတင်သည့်စိတ်ကို ဖော်ပြချင်ရုံသာဖြစ်သည်။ သူမ၏တည်ရှိနေမှုအား အစ်ကိုကြီးရှောင်း၏ချစ်သူအရှေ့တွင် ပြသဖို့ရန် သူမ မရည်ရွယ်ပေ။


သို့သော်လည်း ထိုကဲ့သို့ အထင်လွဲစေနိုင်သည့် အပြုအမူမျိုးက မကောင်းပေ။ စုဝမ်လည်းပဲ ၎င်းကိုမကြိုက်။ 


စုရွေ့ကို အခြားမိန်းမများက လေးစားအားကျသည့်မျက်လုံးများ၊ မှီခိုအားထားချင်သည့်မျက်လုံးများဖြင့် ကြည့်လာသည်ကို မုန်းသည်။


ဘာတွေဒီလောက်တောင်ကြည့်နေတာလဲ ယောက်ျားမမြင်ဖူးလို့လား….


တစ်ယောက်ယောက်ကိုချစ်မိပြီး ထိုအချစ်က အရိုးထဲထိ ခိုအောင်းဝင်ရောက်သွားကာ နှလုံးသားထဲ၌ အမြစ်တွယ်သွားလျှင် သေးငယ်လှသည့် ရှာလကာရည်ပုလင်းလေးအဖြစ် ပြောင်းလဲသွားသည်က လုံးဝသာမန်ပင်ဖြစ်သည်…


“အားချီ ကျွန်မ ပင်ပန်းနေပြီ အပေါ်ထပ်ကိုချီပြီးခေါ်သွားပေး ကိုယ်လက်ဆေးကြောပြီး အိပ်ကြရအောင်”


စု၀မ်က ကျန်းယိုကို တိုက်ရိုက်နှင်မထုတ်လိုက်ပေ။ အမျိုးသမီးဇာတ်လိုက်၏ ဦးနှောက်မဲ့သည့်အဆင့်အား စုဝမ်နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်၏။ စုဝမ်က အတွေ့အကြုံများမှ သင်ယူခဲ့ပြီးဖြစ်ရာ သူမ၏ အဓိပ္ပာယ်မရှိသည့်အရာများအတွက် အချိန်မဖြုန်းချင်ပေ။


ယခုတွင် စုဝမ်က စုရွေ့၏ လက်ချောင်းများကို ဆွဲကိုင်ရင်း နူးနူးညံ့ညံ့လေးပြောလိုက်ခြင်းဖြစ်၏။ 


“ကောင်းပါပြီ ဇနီးလေး”


စုဝမ်၏ စကားကိုကြားပြီးနောက် စုရွေ့က ချက်ချင်းသူ့ဇနီးလေးကို မင်းသမီးတစ်ပါးသဖွယ်ချီလိုက်ကာ ပြုံး၍ အပေါ်ထပ်သို့တက်သွားတော့သည်။ အမျိုးသမီးဇာတ်လိုက်၏ ကျေးဇူးတင်သည့်စိတ်ကိုတော့………။


အိပ်ခန်းတံခါးဆီသို့ လျှောက်လာနေစဥ်တွင် စုဝမ်က စုရွေ့ရင်ခွင်ထဲမှ ရုတ်တရက် လှုပ်ရှားလာသောကြောင့် စုရွေ့က တွန့်ဆုတ်နေပြီးမှ သူမကိုအသာလွှတ်၍ ကြမ်းပြင်ပေါ်သို့ချပေးလိုက်သည်။ 


“ဇနီးလေး….မင်း”


စုရွေ့စကားမဆုံးသေးခင်မှာပင် အရှေ့ရှိ အိပ်ခန်းတံခါးဘေးနံရံသို့ စုဝမ်၏ တွန်းကပ်ခြင်းခံလိုက်ရ၏။


“နံရံကိုကပ်နေ မလှုပ်နဲ့”


စုဝမ်၏မျက်နှာကအေးစက်နေကာ စုရွေ့ကို ဖောက်ထွက်မတတ်ကြည့်နေသည်။ 


ဘာပြစ်မှုကိုကျူးလွန်မိမှန်းမသိသည့် ဗိုလ်ချုပ်ကြီးစုက ပထမဆုံးအကြိမ်အဖြစ် သူ့ဇနီးလေး၏ အေးစက်စက် ဆက်ဆံခြင်းကိုခံလိုက်ရသည်။ သူက စုဝမ်ကို ဗလာဖြစ်နေသော မျက်လုံးများဖြင့် ကြည့်နေမိ၏။


ထို့နောက် ဗိုလ်ချုပ်ကြီးစု၏ နှလုံးခုန်နှုန်းကိုမြန်စေသည့် မြင်ကွင်းလေးကို မြင်လိုက်ရသည်။ 


အရပ်မရှည်သော စုဝမ်က လက်မြှောက်၍ နံရံကို လက်တစ်ဖက်တည်းနှင့် ထောက်လာသည်။ သူမ၏လက်က စုရွေ့၏ ပခုံးအထိပင် မှီသော်လည်း စုဝမ်က သူမ၏အခြားလက်တစ်ဖက်ကိုမြှောက်၍ စုရွေ့၏လည်ပင်းကို ဖက်တွယ်လိုက်သည်။ ထို့နောက် ခြေဖျားထောက်ကာ သူ့ကို ပြင်းပြင်းထန်ထန် နမ်းလိုက်လေသည်။


သူတို့နှစ်ယောက်နောက်သို့ လိုက်လာသည့် ကျန်းယိုမှာ လှေကားထိပ်တွင် ရပ်ရင်း လုံး၀အံ့ဩမှင်သက်သွားတော့၏။


__


🚩