🚩Chapter -151
Arc_7.နေရာလွဲမှားနေသောသမီး [ 17 ]
_____
စုမိသားစုအိမ်သို့ ပြန်လာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကျန်းယိုအိပ်မပျော်နိုင်ဖြစ်နေ၏။
ကျန်းယိုမျက်လုံးပိတ်လိုက်သည်နှင့် စုဝမ်ကခြေဖျားထောက်၍ အစ်ကိုကြီးရှောင်းကို နံရံ၌ဖိကပ်ကာ နမ်းနေသည့် မြင်ကွင်းက ပေါ်လာသည်။ သူမမျက်လုံးဖွင့်ပြီး မျက်နှာကျက်ကို ကြည့်လိုက်သောအခါ အစ်ကိုကြီးရှောင်းက အကြမ်းပတမ်းလှည့်လာပြီး စုဝမ်ကို နံရံတွင်ပြန်ဖိကပ်ကာ ပို၍ပြင်းပြင်းရှရှ နမ်းရှိုက်လိုက်သည့်မြင်ကွင်းကို မြင်ရ၏။
အတိုချုပ်ပြောရလျှင် အမျိုးသမီးဇာတ်လိုက်အိပ်မပျော်သည့်ရောဂါရသည်အထိ ကဲကဲသဲသဲချစ်ပြသည့် အထူးစွမ်းရည်ကို အသုံးပြုလိုက်ခြင်းပင်ဖြစ်သည်။
တာဝန်ဆောင်ရွက်သူများကြားတွင် ထိုစုစုံတွဲက ပထမဖြစ်၏.......။
နောက်နေ့မနက်တွင် ကျန်းယိုက နှိုးစက်သံကြောင့်နိုးလာခဲ့သည်။ သူမက ပင်ပန်းနွမ်းနယ်စွာဖြင့် ကျောင်းယူနီဖောင်းတို့ကို ဝတ်ဆင်ပြီး မျက်လုံးတစ်ဝိုက် အမည်းရောင်ကွင်းများနှင့် အခန်းထဲမှ ထွက်လာသည်။ ရလဒ်အနေနှင့် သူမ စုဝမ်အခန်းရှေ့မှ ဖြတ်လျှောက်နေချိန်တွင် စုဝမ်ကလည်း တံခါးဖွင့်လာ၏။ တံခါးဝတွင် ညအိပ်ဝတ်စုံလေး လျော့တိလျော့ရဲဖြင့် စုဝမ်က အိပ်စုံမှုန်မွှားဖြစ်နေသည်။ သူမ အခုလေးတင်မှ နိုးလာသည်မှာ သိသာလှသည်။
စုဝမ်၏ ညှပ်ရိုးပေါ်မှ အနမ်းရာအချို့ကို သတိထားမိသွားသောကြောင့် ကျန်းယိုက ချက်ချင်း ရှက်ရွံ့သွား၏။
“ဇနီးလေး ကိုယ်ရေချိုးပြီးပြီ မြန်မြန်လာချိုးတော့”
စုရွေ့၏အသံက အိပ်ခန်းထဲမှ ထွက်လာသည်။ တစ်ညလုံးနီးပါး တစ်ယောက်နှင့်တစ်ယောက်က ချိုမြိန်မှုတို့ ပေးခဲ့ကြသောကြောင့် မနက်ဖက်တွင် နောက်ကျမှနိုးလာကာ ရေချိုးရန် အချိန်လုနေကြရ၏။ ရေချိုးခန်းတစ်ခန်းတည်းကို အတူသုံးရန်က ကြပ်သောကြောင့် စုဝမ်က စုရွေ့ကို အရင်ချိုးခိုင်းလိုက်သည်။ သူမက တံခါးဖွင့်ပြီး ဒုတိယထပ်ရှိ ရေချိုးခန်းဆီသို့သာ သွားရန် ပြင်လိုက်သည်။ သို့သော် ကျန်းယိုကို အခန်းပေါက်ဝ၌ တွေ့လိမ့်မည်ဟု ထင်ထားမိချေ။
“အစ်ကိုကြီးရှောင်း”
စုရွေ့အသံကိုကြားသောကြောင့် ကျန်းယိုက မသိလိုက်မသိဖာသာနှင့် စုဝမ်၏အနောက်ကို လှမ်းကြည့်မိသည်။ ရလဒ်အနေနှင့် ယောက်ျားတစ်ယောက်က အဖြူရောင်ရေချိုးဝတ်ရုံကိုဝတ်ထားပြီး ခေါင်းပေါ်မှရေစက်များကိုသုတ်ရင်း ဖြေညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရ၏။
ယခုအချိန်တွင် စုရွေ့က အတော်လေးဆွဲဆောင်မှုရှိနေသည်။ အမွေးပွအဖြူရောင် ရေချိုးဝတ်ရုံက သူ၏ သန်မာကျစ်လျစ်သည့် ရင်ဘတ်ကို လှစ်ဟပြထားလေသည်။ ကြံ့ခိုင်ပြီး ဆွဲဆောင်မှုရှိသည့်ကြွက်သားများအပေါ်၌ ရေစက်အချို့နှင့် အနမ်းရာအချို့က လူတစ်ယောက်၏ အတွေးများကို ရိုင်းသွားအောင် လုပ်ဆောင်နေ၏။
ကျန်းယိုကတစ်ချက်ကြည့်လိုက်ပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။
“နင်တို့...နင်တို့ကိုကြည့်ရတာ အလုပ်များနေတဲ့ပုံပဲ ငါအရင်ဆင်းနှင့်မယ်”
ပြောပြီးသည်နှင့် သူမက လှည့်ပြေးသွား၏။
ထိုအချိန်တွင် စုဝမ်က အနောက်သို့လှည့်၍ မျက်ခုံးပင့်ကာ စုရွေ့ကို အပေါ်အောက် ကြည့်လာသည်။
“ဇနီးလေး ကိုယ့်ကိုဘာလို့ အဲ့လိုကြည့်နေတာလဲ”
ဗိုလ်ချုပ်ကြီးစုက သူ့ဇနီးလေးထံမှ နားမလည်နိုင်သောအကြည့်ဖြင့် အကြည့်ခံလိုက်ရသောအခါ နှလုံးသားထဲမှ ဆိုးရွားသောခံစားချက်က မြင့်တက်လာ၏။
“ဟမ့်...ဟမ့်”
စုဝမ်က အရှေ့သို့တစ်လှမ်းတိုးလာပြီး လက်မြှောက်ကာ စုရွေ့၏ ရေချိုးဝတ်ရုံစကိုဆွဲ၍ သူ့ကို သူမ၏မျက်လုံးနှင့် ညီအောင်ဆွဲချလိုက်သည်။ ထို့နောက် နောက်တစ်လက်ဖက်က သူ့ခါးပေါ်မှ နူးညံ့သည့် အသားလေးကို အားပြင်းပြင်းနှင့် လိမ်ဆွဲလိုက်၏။
“ရှင်ဒါကို တမင်သက်သက်လုပ်တာမလား”
စုရွေ့ : ……….
ဒီဗိုလ်ချုပ်ကြီးက အပြစ်ကင်းပါတယ်....
အာ....
ဇနီးလေး ဘာလို့ ဒီလောက်တောင် ထိုးထွင်းသိမြင်နိုင်တဲ့ မျက်လုံးလေးရှိနေရတာလဲ ကိုယ်က အမျိုူသမီးဇာတ်လိုက်ကို ရည်ရွယ်ချက်ရှိရှိ “သွေးဆောင်ဖျားယောင်း” နေတာကိုတောင် သိနိုင်တယ်ပေါ့
ဗိုလ်ချုပ်ကြီးက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာကို ဝန်ခံသည်။ သို့သော် ၎င်းကအမျိုးသမီးဇာတ်လိုက်အတွက် မဟုတ်ချေ။ သူက သူ့ဇနီးလေး၏ မနာလိုဖြစ်သည့်ပုံလေးကို ကြည့်ချင်ရုံသာဖြစ်သည်။ မနေ့ညက သူ့ဇနီးလေးကမနာလိုဖြစ်ပြီး စိတ်အားထက်သန်ခဲ့သည်ကို တွေ့လိုက်ရပြီးနောက် ဗိုလ်ချုပ်ကြီးစုမှာ ပညာရှင်များ၏ပြောကြားချက်များနှင့်ပတ်သတ်၍ ထိုတစ်ခုက မှန်ကန်ကြောင်း ခံစားမိ၏။
မနာလိုဖြစ်တာက ကျန်းမာရေးအတွက် အတော်ကောင်းတာပဲ.......။
..........
ကိုမာမှနိုးလာသည့် ဝမ်ရှူးကျယ်က အောက်ထပ်သို့ဆင်းမလာပေ။ နှစ်ဆယ့်လေးနာရီ ခင်ပွန်းတာဝန်အပြည့်ယူထားသော စုဟိုင်ချန်းက အပေါ်ထပ်တွင်သာ သူ့မိန်းမကို အဖော်ပြုပေးနေလေသည်။
ထို့ကြောင့် စုမိသားစုအိမ်၏ ပထမထပ်တွင် စုဝမ်၊ စုရွေ့နှင့် အမျိုးသမီးဇာတ်လိုက်တို့သာ ရှိနေ၏။
မနေ့ညက သေချာအနားမယူခဲ့ရသော ကျန်းယိုက ရွေးချယ်စရာမရှိဘဲ စားပွဲတွင်ထိုင်၍ ဗိုလ်ချုပ်ကြီးစုကိုကြည့်ရင်း သူ၏ လူသိရှင်ကြားကဲကဲသဲသဲချစ်ပြနေမှုဒဏ်ကို နောက်တစ်ကြိမ်ခံရပြန်သည်။ သူတို့ထွက်သွားတော့မည့်အချိန်တွင် စုရွေ့က စုဝမ်ကို သူ့ဆီသို့ ဆွဲယူလိုက်သည်။ “ပြွတ်စ်” သူကကျယ်လောင်သည့် အနမ်းတစ်ခုကိုပြီးပေးခါမှ
စိတ်ကျေနပ်မှုအပြည့်ဖြင့် စတူဒီယိုသို့ ထွက်သွားလေသည်။
တစ်မနက်လုံး ကျန်းယို၏ ခါးသီးနေသည့်မျက်နှာကိုသာ မြင်နေရသောကြောင့် စုဝမ် တကယ်ကို သက်တောင့်သက်သာရှိသလို ခံစားနေရသည်။
ယခုတစ်ကြိမ်တွင် သူတို့နှစ်ယောက်က ကားနောက်ခုံတွင် ထိုင်လိုက်ကြသည်။ လမ်းတစ်လျှောက် စုဝမ်က အချစ်သီချင်းလေးတစ်ပုဒ်ကို ညည်းနေ၏။ ထိုစိတ်ကျေနပ်နေသည့် သူမ၏မျက်နှာက ကျန်းယို၏မျက်ခုံးများကို တွန့်ချိုးစေသည်။
ကျောင်းဂိတ်ပေါက်ဝသို့ရောက်ချိန်တွင် စုဝမ်က လွယ်အိတ်လွယ်၍ ကားထဲမှဆင်းသွားသည်ကို ကြည့်ရင်း ကျန်းယိုက သူမအနောက်မှ ပြေးလိုက်လာ၏။
“ရှောင်ဝမ် ငါနင့်ကိုပြောစရာရှိတယ်”
“ပြော”
စုဝမ်က အရှေ့သို့သာ ဆက်သွားနေပြီး သူမကိုရပ်စောင့်မနေပေ။ ကံကောင်းစွာနှင့် ကျန်းယိုက သူမ၏ အေးစက်သည့် အပြုအမူများကို ကျင့်သားရနေပြီဖြစ်သည်။ သူမက စုဝမ်၏ခြေလှမ်းများနောက်သို့ မြန်မြန်လေး လိုက်သွားပြီး နှုတ်ခမ်းကိုကိုက်ရင်း အတွေးတို့ကို ပြင်ဆင်နေသည့်ပုံပေါ်သည်။ ထို့နောက် သူကမ ညင်သာစွာ ပြောလာ၏။
“ရှောင်ဝမ် နင်နဲ့အစ်ကိုကြီးရှောင်း....နင်...သူ့အပေါ် တကယ်အတည်လား”
“အဲ့ဒါနင်နဲ့ဘာဆိုင်လို့လဲ ငါနဲ့ရှောင်းချီကြားကကိစ္စလေ နင့်ဘာသာ နင်နဲ့လော့ယွီကြားက ဆက်ဆံရေးကိုပဲ အာရုံစိုက်စမ်းပါ”
ကျန်းယို၏စကားများကိုကြားသောအခါ စုဝမ်ခြေလှမ်းများရပ်သွားပြီး သူမအသံက ယခင်ကကဲ့သို့ပင် အေးစက်နေဆဲဖြစ်သည်။
စုဝမ်က လော့ယွီ၏အမည်အား ထုတ်ပြောလာသည်ကိုကြားသောအခါ ကျန်းယို၏မျက်နှာက ချက်ချင်း ရှုပ်ထွေးသည့် အမူအရာဖြစ်သွား၏။
“ရှောင်ဝမ် နင်လော့ယွီကိုကြိုက်နေတုန်းမလား အဲ့ဒါကြောင့် တမင်သက်သက် အစ်ကိုကြီးရှောင်းနဲ့တွဲပြီး လော့ယွီကို ဒေါသထွက်အောင်လုပ်နေတာမလား အဲ့လိုမလုပ်ပါနဲ့ ရှောင်ဝမ်ရယ် အစ်ကိုကြီးရှောင်းက လူကောင်းတစ်ယောက်ပါ နင် ငါနဲ့လော့ယွီကို မကျေနပ်ဘူးဆိုရင်တောင်မှ နင့်ရဲ့ဒေါသတွေကို တခြားအပြစ်ကင်းတဲ့သူမပါစေဘဲ ငါတို့အပေါ်ကိုပဲ ပုံချသင့်တယ်လေ”
စုဝမ် : ……….
ဒီအမျိုးသမီးဇာတ်လိုက်ရဲ့ ထူးခြားတဲ့ ကောက်ချက်ချမှုက တကယ်ကို ပြောစရာစကားမဲ့သွားစေတာပဲ...
စုဝမ်ကတည်ငြိမ်နေပြီး စကားမပြောဘဲနေသည်ကိုတွေ့သောအခါ ကျန်းယိုက သူမမှန်သည်ဟုတွေးထင်ပြီး စုဝမ်ကို ပို၍ လေးလေးနက်နက်ကြည့်လာသည်။
“ရှောင်ဝမ် ငါတို့ကညီအစ်မတွေလေ ငါတို့မှာ ဖျက်ဆီးမရနိုင်တဲ့ ဆက်နွှယ်မှုတစ်ခုရှိတယ် နင်လော့ယွီနဲ့လမ်းခွဲပြီးနောက်မှာ ငါသူနဲ့တွဲခဲ့တယ် ငါ... တကယ်လို့ နင်အဲ့ဒါကို မကြိုက်ဘူးဆိုရင်...ငါ...ငါလော့ယွီနဲ့ လမ်းခွဲပေးပါ့မယ်”
“အိုး”
နောက်ဆုံးတော့ စုဝမ်၏အေးစက်နေသည့်မျက်နှာတွင် အမူအရာတစ်ခုပေါ်လာသည်။
“နင်က လော့ယွီနဲ့ လမ်းခွဲမယ် ရှောင်းချီအတွက်နဲ့လေ”
စုဝမ်၏မေးခွန်းက စိတ်ကူးယဥ်ဆန်သည့်အတွေးများဆီသို့ ဆွဲဆောင်မိနိုင်သော်လည်း ကျန်းယိုပြောသွားသည့် စကားများအရ ထိုကဲ့သို့ရည်ညွှန်းနေသည်ပင်မဟုတ်လော...။
စုဝမ်က သူမကိုပြင်းထန်သည့်တုံ့ပြန်ချက်အချို့ပေးလာသည်ကို တွေ့သောအခါ ကျန်းယိုက သူမကိုခန့်မှန်းချက်တို့ကို ပို၍ယုံကြည်မှုရှိလာ၏။ သူမက ခဏလောက်တွန့်ဆုတ်သွားသော်လည်း ချက်ချင်းခေါင်းညိတ်လာသည်။
“အင်း ငါဆန္ဒရှိတယ်...နင်သာ....”
“မလိုဘူး”
ရုတ်တရက် တိုးညင်းပြီး အေးစက်နေသည့်အသံက အနောက်မှ ထွက်ပေါ်လာသည်။
ကျန်းယိုက အေးခဲသွားပြီး သူမတို့အနောက်တွင် တိတ်တဆိတ်ရပ်နေသည့် မနက်ခင်းနေရောင်ခြည်ကို မျက်နှာမူနေသော လော့ယွီကို ကြည့်လိုက်သည်။
“ငါတို့အခုပဲ လမ်းခွဲကြတာပေါ့”
လော့ယွီက ကျန်းယိုကိုတစ်ချက်ကြည့်လိုက်၏။ လော့မိသားစု၏မာနများက သူ့အချစ်များ ထိုကဲ့သို့ကစားခံရသည်ကို သည်းမခံနိုင်အောင် လုပ်ဆောင်နေ၏။
တကယ်တမ်းတွင် မနေ့ည ညစာစားပွဲကတည်းက ကျန်းယိုက ရှောင်းချီအား ခဏခဏငေးကြည့်နေသည်ကို လော့ယွီမြင်သည်။ ထိုအချိန်တည်းက သူကြိုတင်နိမိတ်များ ရရှိခဲ့၏။ ယနေ့ ကျန်းယို၏စကားများကို သူ့နားနှင့် ကိုယ်တိုင်ကြားလိုက်ရသောအခါ လော့ယွီက သူမည်သို့သောလူဆိုတာ ဖော်ပြရန်လိုအပ်လာသည်။
ထိုမိန်းကလေးကို သူတကယ်ချစ်မြတ်နိုးသော်ငြား သူ့တွင်လည်း ကိုယ်ပိုင်စည်းမျဥ်းများနှင့် မာနရှိ၏။
ဤဘဝမှလော့ယွီက မူလဇာတ်ကြောင်းလောက် စုဝမ်ကိုမမုန်းပေ။ ထို့အပြင် စုဝမ်၏ဆိုးသွမ်းသည့်တစ်ဖက်ခြမ်းကိုလည်း ဆန့်ကျင်ခြင်းမရှိဘဲ မူလဇာတ်ကြောင်းလောက် ကျန်းယိုကို လေးလေးနက်နက်မချစ်ပေ၊
ထို့ကြောင့် သူက ယခု လမ်းခွဲကြောင်း ပြောလိုက်ချိန်တွင် အနည်းငယ်မသက်မသာဖြစ်မိသော်လည်း နှလုံးသားထဲတွင်တော့ ဝမ်းနည်းခြင်းတစ်စုံတစ်ရာမခံစားရချေ။
“လော့ယွီ....”
ကျန်းယိုကနေရာ၌ပင် အေးခဲနေဆဲဖြစ်ပြီး လော့ယွီကသူမဘဝထဲသို့ နောက်ထပ် ဝင်မလာတော့မည့်အတိုင်း တစ်လှမ်းချင်းဝေးကွာသွားသည်ကို ရပ်ကြည့်နေမိသည်။ ထိုအချိန်တွင် ကျန်းယို၏နှလုံးသားက ရုတ်တရက် နာကျင်လာ၏။
ထိုအခါမှ သူမက လော့ယွီ၏ အကူအညီများနှင့် စဥ်းစားပေးတတ်မှုများကြောင့် သူ့ကိုချစ်မိသွားကြောင်း သဘောပေါက်သွားမိသည်။
သို့သော်.....
အချစ်နှင့် ကြင်နာမှုများက နှစ်ဦးနှစ်ဖက်ကို စိတ်ကျေနပ်မှုမပေးနိုင်လျှင်.......။ အစ်ကိုကြီးရှောင်းက သူမကိုမည်မျှ ကူညီပေးခဲ့ကြောင်း တွေးတောလိုက်ရင်း ကျန်းယို၏နှလုံးသားက ခက်ထန်သွားကာ “အဓိကတရားခံ” စုဝမ်အား စိုက်ကြည့်လိုက်သည်။
“အခု ငါနဲ့လော့ယွီ လမ်းခွဲလိုက်ပြီ နင်လည်းနင့်ကတိကိုတည်ပြီး အစ်ကိုကြီးရှောင်းကို လွှတ်ပေးလိုက်တော့...”
အမျိုးသမီးဇာတ်လိုက်၏ မျက်နှာပေါ်မှ ဖြောင့်မတ်မှန်ကန်မှုများနှင့် သဘောထားကြီးနေသည့် အမူအရာများကို တွေ့သောအခါ စုဝမ်က မရယ်ဘဲမနေနိုင်နေတာ့ချေ။
“ကျန်းယို ဒီမနက်အိမ်ကနေ ထွက်မလာခင် နင့်ဦးနှောက်ကို အိမ်မှာများချန်ထားခဲ့တာလား နင်နဲ့လော့ယွီ လမ်းခွဲခွဲ မခွဲခွဲ ငါနဲ့ဘာဆိုင်လဲ ရှောင်းချီနဲ့ငါ့ရဲ့ဆက်ဆံရေးက အဆင်ပြေတယ် ငါသူနဲ့တစ်ဘဝလုံးကို အတူကုန်ဆုံးဖို့ ဆန္ဒရှိတယ်”
ပြောပြီးသည်နှင့် စုဝမ်က လွယ်အိတ်ကိုလွယ်၍ လှည့်ထွက်လာလိုက်သည်။
စုဝမ်......။
ကျန်းယိုက နေရာတွင်ရပ်နေရင်း စုဝမ်၏ နောက်ကျောကိုကြည့်၍ သူမ၏ မျက်လုံးများက အနည်းငယ် ရှုပ်ထွေးသွား၏။
ငါ့ကိုဘာလို့ အခုလို လုပ်နိုင်ရတာလဲ....။
ဒီလိုလုပ်ရလောက်အောင် ငါနင့်အပေါ် ဘာတွေမှားခဲ့မိလို့လဲ....။
___
🚩