🚩Chapter -152
Arc_7.နေရာလွဲမှားနေသောသမီး [ 18 ]
_____
ကျန်းယိုနှင့်လော့ယွီတို့ လမ်းခွဲလိုက်သည့် သတင်းက သိပ်မကြာခင်မှာပင် ဖုန်းဟန်တစ်ကျောင်းလုံးကို ပျံ့နှံ့သွားသည်။ သေချာပေါက် လော့ယွီ၏ရူးသွပ်နေသည့် ထောက်ခံသူများက ကျန်းယိုကိုပြဿနာသွားရှာကြသည့် ရူးနှမ်းနှမ်းအိုင်ဒေါဒရာမာအခြေအနေတော့ ဖြစ်မလာချေ။
ကျန်းယိုရဲ့ အရည်အချင်းတွေနဲ့ ဘယ်သူကသူမကို ပြဿနာရှာရဲမှာလဲ....။
ဖုန်းဟန်ကျောင်း၏ ဖိုရမ်တွင် ယွီယိုစုံတွဲ အဆုံးသတ်သွားခြင်းနှင့်ပတ်သက်၍ ထင်ကြေးအမျိုးမျိုးပေးနေကြသည်။ အများစုက ကျန်းယိုနှင့် လော့ယွီလမ်းခွဲရခြင်းတွင် စုဝမ်ပါဝင်ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းကြသည်။
အကျဥ်းချုပ်ရလျှင် အမြှောက်စာဇာတ်ကောင်ဟောင်းတစ်ယောက်အနေနှင့် စုဝမ်က နေရာတိုင်းတွင် ရန်ရှာခံရ၏။ ကံကောင်းစွာနှင့် ယခုတစ်ကြိမ်တွင် သူမ၏ လုံးလုံး “အပြစ်ကင်း” သည်တော့မဟုတ်ချေ။ အနည်းဆုံးတော့ ကျန်းယို၏နှလုံးသားထဲတွင် လော့ယွီနှင့် သူမအား လမ်းခွဲစေသည့် တရားခံမှာ စုဝမ်သာဖြစ်သည်။
ထို့ကြောင့်ကျောင်းဆင်းချိန်တွင် ကျန်းယိုက စုဝမ်၏လမ်းကိုပိတ်လာပြန်၏။ ထို့နောက် စုဝမ်အား နှိမ့်ချစွာကြည့်လာသည်။
စုဝမ်က ကျန်းယို၏တားဆီးခြင်းခံလိုက်ရသောကြောင့် မျက်မှောင်ကြုတ်သွားသည်။
“ကိစ္စရှိလို့လား”
ကျန်းယိုက သူမနှင့် “အစ်ကိုကြီးရှောင်း” အကြောင်း ပြောချင်နေသေးသည်ဟု စုဝမ်ထင်မိသည်။ သို့သော်ကျန်းယိုက ယခုတစ်ကြိမ်တွင် သူမမျက်နှာကိုသေချာစိုက်ကြည့်ပြီး ကျယ်လောင်စွာပြောလာလေသည်။
“စုဝမ် အခုငါနဲ့လော့ယွီ လမ်းခွဲတာကို မြင်လိုက်ရတော့ နင်ပျော်သွားပြီလား”
စုဝမ် : ……….
စောစောတည်းက နင်နဲ့သူနဲ့ ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးလို့ ပြောခဲ့တယ်လေ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်က အနာဂတ်မှာ ညားကြမှာပဲဟာ နင်တို့ဘာသာ တွဲတွဲ ၊ ပြတ်ပြတ် ဂရုစိုက်မနေဘူး....။
ကျန်းယို၏မေးခွန်းကို စုဝမ်က မျက်လုံးလှန်မိလိုက်၏။ သူမပြောစရာစကားပင် မရှိတော့ချေ။
“ဘာလို့ဘာမှမပြောတာလဲ အပြစ်ရှိသလိုခံစားနေရလို့လား”
စုဝမ်တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ကျန်းယိုက ပို၍ ဒေါသတကြီးဖြစ်လာတော့သည်။
“စုဝမ် ငါက ဘာအကြောင်းကြောင့် နင့်ကို အားနာပြီးတောင်းပန်နေရမှာလဲ နင်ကစုမိသားစုမှာ အဝတ်အစားတွေ၊ အစားအသောက်တွေအတွက်မပူမပင်ရဘဲ ကြီးပြင်းလာခဲ့တယ် ငါကရော ငါ့မှာ ငါ့ရဲ့မွေးစားအမေနဲ့ ဘယ်လောက်တောင် ဆင်းရဲဒုက္ခများခဲ့ရလဲ နင်သိလား နင်ကငါ့ရဲ့ဘဝကိုခိုးသွားတာ အဲ့ဒါနဲ့ပတ်သက်ပြီး ငါနင့်ကို ရန်ရှာခဲ့ဖူးလို့လား”
စာသင်ခန်းထဲရှိ အနီးအနားပတ်ဝန်းကျင်တွင်ရှိနေကြသောသူများက အများအားဖြင့် အတင်းအဖျင်းသဘောကျသူများ ဖြစ်ကြသည်။ ထိုအချိန်တွင် လူတိုင်းက ကျန်းယို၏စကားများကိုကြားသောအခါ တီးတိုးမဆိုဘဲမနေနိုင်ကြတော့ချေ။
“ခိုးသွားတယ်” ဆိုတဲ့စကားက ဘယ်ကနေပါလာတာလဲ...
တကယ်တမ်းတွင် လူအများစုက ကျန်းယိုနှင့် စုဝမ်၏ ဘဝအမှန်များကို မသိထားကြချေ။
ကျန်းယိုက နောက်ဆုံးတွင် သူတို့၏အခြေအနေများကို ထုတ်ဖော်ပြောဆိုလာသည်ကိုကြည့်ရင်း စုဝမ် မအံ့ဩမိပေ။ မူလဇာတ်ကြောင်းတွင် စုဝမ်၏အဆက်မပြတ် ရန်စမှုများအောက်တွင် ကျန်းယိုက သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲထွက်ခဲ့သည်။
“မရည်ရွယ်” ဘဲနှင့် သူတို့နှစ်ယောက်၏ ဘဝအမှန်များကို ဖွင့်ချမိခဲ့၏။ ထိုအချိန်မှစ၍ ဖုန်းဟန်ကျောင်းတွင် စုဝမ်က လူတိုင်းနှိမ်ချကြည့်ကြသည့် “အဆင့်နိမ့်လူတန်းစား”ဖြစ်လာခဲ့သည်။ ထို့အပြင် သူမက ထိုကဲ့သို့ထိုးနှက်မှုများကို သည်းမခံနိုင်သောကြောင့် ဖုန်းဟန်ကျောင်းမှ ထွက်ရန် တွန်းအားပေးခံခဲ့ရသည်။
“ငါ့ကိုတောင်းပန်ရမယ်လို့ မပြောခဲ့ပါဘူး ဘာတွေဒီလောက်တောင် စိတ်လှုပ်ရှားနေတာလဲ”
စုဝမ်က နောက်ဆုံးတွင် ဖြေးညင်းစွာ ပြောလာသည်။ တစ်ချိန်တည်းမှာပင် သူမက တံခါးဝရှိ စားပွဲခုံပေါ်သို့ လွယ်အိတ်ကိုတင်လိုက်၏။ ထို့နောက် သူမ၏မျက်လုံးများက တစ်တန်းလုံးမှ လူများထံ ဝေ့ဝဲသွားသည်။
“လူတိုင်းက ငါတို့ရဲ့ ဘဝအမှန်အကြောင်းကို စိတ်ဝင်စားနေကြတဲ့ပုံပဲ နင်တို့မသိသေးဘူးမလား ငါက စုမိသားစုရဲ့ သခင်မလေးမဟုတ်ဘူး ကျန်းယိုကသာ စုမိသားစုရဲ့ သခင်မလေးအစစ်.... ငါကဒီတိုင်း အဲ့နှစ်က စုမိသားစုခေါ်လာတဲ့ ကလေးတစ်ယောက်....မဟုတ်ဘူး တိတိကျကျပြောရမယ်ဆိုရင် သူ့သမီးကို ဘဝကောင်းကောင်း ပိုင်ဆိုင်စေချင်တဲ့ ငါ့အမေအရင်းရဲ့ တစ်ကိုယ်ကောင်းဆန်မှုလို့ပြောရမယ်.... အဲ့ဒါကြောင့် ငါမွေးလာတဲ့အချိန်မှာ သူမက ကျန်းယိုနဲ့ငါ့ကိုလဲထားခဲ့တယ်”
“ဘာဖြစ်တယ်”
“မြတ်စွာဘုရား...”
စုဝမ်၏စကားများကိုကြားသောအခါ လူအုပ်ကြီးကချက်ချင်း မှင်သက်သွားကြ၏။
ဒါက ရာဇဝင်တွင်တဲ့ မင်းသမီးလေးနဲ့ တောသူမလေးကို လဲခဲ့တာမျိုးလား....။
“စုဝမ် နင်....”
စုဝမ်က အရာအားလုံးကို ဖော်ထုတ်လိုက်ရာ ကျန်းယိုမျက်နှာက ပြောင်းလဲသွားလေသည်။
“နင်ဘာလို့...”
ကျန်းယို၏စိတ်ထဲတွင် စုဝမ်က သူမ၏ဘဝအမှန်ကို ဖုံးကွယ်ထားသည်ဟု တွေးထားသော်လည်း ယခုတွင် စုဝမ်က လူတိုင်း၏အရှေ့၌ သူမ၏ ဘဝအမှန်ကိုချပြလာသည်။
ဘာတွေဖြစ်ကုန်တာလဲ...။
ကျန်းယိုက တောင့်ခဲနေရင်း စုဝမ်ကို နားမလည်နိုင်စွာ ကြည့်နေမိ၏။
“ကျန်းယို ဟိုးအရင်တည်းက နင့်ရဲ့ဦးနှောက်ကို သေချာအသုံးချလို့ ငါပြောခဲ့တယ် ဒါပေမယ့် နင့်ရဲ့မျက်လုံးတွေက တခြားသူတွေရဲ့ ကိစ္စတွေအပေါ်မှာပဲ အမြဲရှိနေခဲ့တယ် နင့်မျက်လုံးထဲမှာ ကြီးမားမြင့်မြတ်တယ်လို့ မြင်နေတဲ့ အရာတွေကို ငါ့မျက်လုံးထဲမှာတော့ ပမွှားလေးတွေလို့ပဲမြင်တယ် စုမိသားစုရဲ့ တကယ့်သမီးအရင်းဆိုတဲ့ ဘဝကို ငါဂရုမစိုက်ဘူး ပြီးတော့ နင့်ဘာသာ လော့ယွီနဲ့မကလို့ ဘယ်သူနဲ့ရှိနေတယ်ဆိုတာကိုလည်း ငါဂရုမစိုက်ဘူး နင်ကသာ အမြဲအတွေးတွေများပြီး ငါ့ဘဝထဲကိုလာလာရှုပ်နေတာ အခုကနင့်ကိုနောက်ဆုံးသတိပေးခြင်းပဲ ငါ့ကိုရော ရှောင်းချီကိုရော မနှောင့်ယှက်နဲ့ သူကငါ့လို သဘောထားကြီးပေးမှာမဟုတ်ဘူး”
စုဝမ်က ယုံကြည်ချက်အပြည့်နှင့် လွယ်အိတ်ကိုနောက်ကျောတွင် လွယ်၍ လူအုပ်ကြီးထဲသို့ တိုးဝင်သွားလိုက်သည်။
“တဆိတ်လောက် ဖြတ်သွားပါရစေ”
ပတ်ဝန်းကျင်တွင်ရှိနေသောသူများက စုဝမ်စကားကိုကြားသောအခါ သူမအတွက် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြ၏။ သို့သော်လည်း နောက်ဆုံး၌ အရပ်ရှည်ရှည် ကိုယ်ထည်တစ်ခုက စုဝမ်၏လမ်းကို ပိတ်လာသည်။
စုဝမ်မော့ကြည့်လိုက်ရာ လော့ယွီ၏ ချောမောလှသည့် မျက်နှာလေးနှင့် မျက်နှာချင်းဆိုင်မိသွားသည်။
“ဘာလဲ”
စုဝမ်က သူမအရှေ့ရှိ ဆယ်ကျော်သက်လေးအား မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး သူမ၏အသံက ယခင်ကလို အေးစက်နေဆဲပင်။
“ငါဒီနေ့ကားပါလာတယ် ပြန်လိုက်ပို့ပေးမယ်”
လော့ယွီကလည်း အေးစက်စွာပြောလိုက်၏။ ထို့နောက် ပြောနေရင်းနှင့်ပင် စုဝမ်၏လွယ်အိတ်ကို ဆွဲယူ၍ နောက်ကျောသို့တင်လိုက်ကာ စုဝမ်သဘောတူသည် မတူသည်ကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားလေ၏။
စုဝမ် : ………
ထိပ်တန်းကျောင်းသားလေး ဒီလိုလုပ်တာက မမှန်ဘူးလေ...
ထိပ်တန်းကျောင်းသား အမျိုးသားဇာတ်လိုက်၏ ပိုင်စိုးပိုင်နင်း အပြုအမူအတွက် စုဝမ်က မကောင်းသည့် ထင်မြင်ချက်သာပေးနိုင်သည်။
သို့သော်လည်း စုဝမ်က ကျန်းယိုနှင့်အတူမပြန်ချင်သည့်အကြောင်းတွေးလိုက်ရင်း နောက်ဆုံးတွင် လော့ယွီ၏ ခြေလှမ်းများကိုသာ အမှီလိုက်သွားလိုက်သည်။ သူတို့နှစ်ယောက်က ဘေးချင်းယှဥ်၍ ထွက်သွားကြသည်။ တစ်ယောက်က အရပ်ရှည်ကာ တစ်ယောက်က အရပ်ပုနေသော်လည်း သူတို့က ယခင်ကထက်ပို၍ လိုက်ဖက်ညီနေသည့်ပုံပေါ်နေ၏......။
ဆက်လက်ကြည့်ရန် စိတ်လှုပ်ရှားစရာတစ်စုံတစ်ရာမရှိတော့သောကြောင့် လျှောက်လမ်းတွင် ရှိနေသာ လူများက တဖြည်းဖြည်းနှင့် လူစုကွဲသွားကြသည်။ ကျန်းယိုတစ်ယောက်သာ စာသင်ခန်းအပေါက်ဝတွင်ရပ်နေဆဲဖြစ်ပြီး လူမရှိတော့သည့် လျှောက်လမ်းကိုသာ ကြည့်နေမိသည်။ သူမစိတ်ထဲတွင် လော့ယွီနှင့် စုဝမ် ဘေးချင်းယှဥ်ရပ်၍ ထွက်သွားသည့်မြင်ကွင်းက အဆက်မပြတ်ပေါ်နေလေသည်။
သေချာတယ် စုဝမ်က လော့ယွီကို ဂရုစိုက်နေသေးတယ်....
သူမလုပ်ခဲ့သမျှအရာအားလုံးက လော့ယွီစိတ်ပြောင်းသွားအောင်ပဲ...
ကျန်းယိုက နှုတ်ခမ်းများကို ကိုက်ထားမိ၏။ သတိမထားမိသည့်အချိန်မှာပဲ သူမ၏ နီရဲနေသောနှုတ်ခမ်းမှ သွေးများ ထွက်လာလေသည်။
“ရှောင်ယို လော့ယွီလိုယောက်ျားတစ်ယောက်အတွက်နဲ့ မတန်ပါဘူး”
အိုးယန်လော့၏အသံက သူမအနောက်မှ ထွက်လာ၏။ ယနေ့တွင် သခင်လေးအိုးယန်လော့က အဖြူဝမ်းဆက် ဝတ်စုံလေးကိုဝတ်ထားသည်။ ထိုအချိန်တွင် သူက သူ၏ကောင်းမွန်သည့်အခြမ်းကိုပြသရန် စတိုင်ထုတ်နေလေသည်။ သူက ကျန်းယိုအနောက်ဘက်ရှိ ပြတင်းပေါက်ကိုမှီ၍ရပ်နေ၏။ ထို့အပြင် ကျန်းယိုကို ချစ်ခင်ကြင်နာသော မျက်လုံးများဖြင့် ကြည့်နေသေးသည်။
“ငါ အဆင်ပြေပါတယ်”
အိုးယန်လော့၏အသံကိုကြားသောအခါ ကျန်းယိုကချက်ချင်း နှုတ်ခမ်းပေါ်မှ သွေးတို့ကို သုတ်လိုက်ပြီး လှည့်၍ ပျော်ရွှင်နေသည့်မျက်နှာလေးဖြင့် သူ့ကိုပြုံးပြလိုက်သည်။
အိုးယန်လော့က သူမကို မြင်မြင်ချင်းသဘောကျသွားမှန်း ကျန်းယိုမသိပေ။ သူမက အိုးယန်လော့ကို လွန်ခဲ့သည့် တစ်ပတ်အကြာကမှ သိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က အိုးယန်လော့၏ ချူးနိရောဂါထနေချိန်ဖြစ်ရာ နွေရာသီကုန်သွားပြီး ဆောင်းဦးသို့ကူးပြောင်းနေသည့်အလယ်တွင် ကျောင်းခေါင်မိုးထပ်ပေါ်၌ တစ်ယောက်တည်း လွမ်းဆွေးနေခဲ့၏၊ ထိုအချိန်တွင် အပေါ်ထပ်သို့ သန့်ရှင်းရေးလာလုပ်သည့် ကျန်းယိုနှင့် တွေ့ဆုံခဲ့လေသည်။
ကျောင်းယူနီဖောင်းဝတ်မထားသည့် အိုးယန်လော့ကို ကျန်းယိုက အပြင်လူအဖြစ် ထင်မှတ်မိသည်။ ထို့အပြင် သူကကျောင်းခေါင်မိုးအစွန်တွင်ရှိနေရာ သေကြောင်းကြံစည်နေသည်ဟု ကျန်းယိုတွေးမိသွားသည်။ ထို့ကြောင့် သူမက “ဘဝတွင် ခြေလှမ်းမှားသွားသော ရူးမိုက်သည့်လူငယ်လေး” ကို သူမ၏အားကောင်းသည့် အရည်အချင်းများဖြင့် ကယ်လိုက်သည်။ တိတိကျကျပြောရလျှင် ကျန်းယို၏ ရုတ်တရက်ဆန်စွာ ရောက်ရှိလာမှုကြောင့် အိုးယန်လော့က “ဘဝတွင် ခြေလှမ်းမှား” ကာ ခေါင်မိုးစွန်းမှ တကယ်ပြုတ်ကျမလိုပင် ဖြစ်သွားခဲ့သည်။
သို့သော် ကျန်းယို၏ ဂရုစိုက်နေသည့်မျက်လုံးများနှင့် နှလုံးသားထဲမှ နှစ်သိမ့်စကားများကို ကြုံတွေ့လိုက်ရသောအခါ သူမအပေါ် အထင်အမြင်ကောင်းများရှိနေသည့် အိုးယန်လော့၏ နှလုံးသားလေးမှာ သူ့အရှေ့က နတ်သမီးလေးထံတွင် ထပ်မံဖမ်းစားခံလိုက်ရလေသည်။
ကျန်းယိုမှာ သူ့ကိုကယ်ရန် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော နတ်သမီးလေးဖြစ်ရမည်ဟု ခံစားမိ၏။
နောက်ဆုံးတွင် သူ၏နှလုံးခုန်သံကို အတည်ပြုပြီးသွားသည့် အိုးယန်လော့က သူ၏အဆုံးမရှိသည့် ဆွဲဆောင်မှုများကို သုံး၍ အသည်းသက်ညှာလေးကို ပိုင်စိုးရန် ပြင်ဆင်ခဲ့၏။ သို့သော် တစ်နေ့၌ ကျောင်းအတွင်းတွင် လော့ယွီနှင့် ကျန်းယိုတို့ လက်ချင်းတွဲ၍ လျှောက်သွားသည်ကို မတော်တဆတွေ့လိုက်ရသည်။
နတ်ဘုရားမလေးတွင် ပိုင်ရှင်ရှိနေသည်ဖြစ်ရာ ချူးနိကောင်လေး၏ အထိအခိုက်လွယ်သည့်ဖန်နှလုံးသားလေးက ချက်ချင်း တစ်စစီ ကွဲကြေသွားခဲ့သည်။
အိုးယန်လော့က သစ်စိမ်းချိုးအချိုးခံလိုက်ရသည်ဟုခံစားလိုက်ရပြီး ထိုခံစားချက်က စုဝမ်အား ပြဿနာပေးရန် ကြံစည်ထားသည်များကို မေ့သွားစေ၏။
ယနေ့တွင် အိုးယန်လော့က ပျင်းရိမှုကြောင့် ကျောင်းဖိုရမ်ကိုကြည့်လိုက်ရာ ရုတ်တရက် ကျန်းယိုနှင့် လော့ယွီတို့ လမ်းခွဲလိုက်သည့်သတင်းကို တွေ့လိုက်သည်။ သူ၏ပထမဆုံးခံစားချက်က ပျော်ရွှင်ကျေနပ်မှုတို့မဟုတ်ဘဲ ဒေါသများသာဖြစ်သည်။
ငါ့ရဲ့နတ်သမီးလေးကျန်းယိုက အရမ်းလန်း၊ အရမ်းကြင်နာတတ်ပြီး အရမ်းချစ်ဖို့ကောင်းတာ လော့ယွီက သူမကို နောက်ကျောခိုင်းသွားရဲတယ်ပေါ့လေ
ခွင့်မလွှတ်နိုင်စရာဘဲ.....
ခွင့်မလွှတ်နိုင်ဘူး.....
“ဟတ်ချိုး”
ထိုအချိန်တွင် ခွင့်လွှတ်၍မရနိုင်သည့် “ယောက်ျားပျက်” က ကားဆီသို့ရောက်သည့်အချိန်မှာပင် နှာချေတော့သည်။
လော့ယွီ၏ကားက အဆင့်နိမ့်သည့် အော်ဒီကားဖြစ်သည်။ အဆုံးတွင် အစိုးရနှင့် ပုဂ္ဂလိအခန်းကဏ္ဍများက ကွဲပြားသော်လည်း လော့မိသားစုက နှိမ့်ချ၍သာ နေထိုင်လေ့ရှိ၏။
“ဝင်လေ”
လော့ယွီက ကားကိုလော့ဖြည်လိုက်၍ ကားတစ်ဖက်ခြမ်းသို့သွားကာ ခရီးသည်ထိုင်ခုံမှ တံခါးကိုဖွင့်ပေးလာသည်။ ထို့နောက် လက်မြှောက်၍ စုဝမ်၏လွယ်အိတ်ကို ကားထဲသို့ပစ်ထည့်လိုက်သည်။
စုဝမ်က လော့ယွီကို တစ်ချက်ကြည့်၏။
“ငါတို့တွဲနေတုန်းက နင်ငါ့ကိုအဲ့လိုတံခါးဖွင့်ပေးတာမျိုး မမြင်မိဘူးလားလို့”
စုဝမ်၏သရော်ခြင်းကိုကြားလိုက်သောအခါ လော့ယွီ၏ အမူအရာများက လေးနက်သွားသည်။
“အရင်က နင့်ရဲ့ ခံစားချက်တွေကို ဂရုမစိုက်ခဲ့မိတာ အမှန်ပါပဲ စုဝမ် ငါနင့်ကို တောင်းပန်ဖို့အကြွေးတင်နေတယ်”
“အိုး”
စုဝမ်က လော့ယွီကို မျက်လုံးပင့်၍ကြည့်လိုက်သည်။
“နင်ကတော့ ဟိုဦးနှောက်မဲ့နေတဲ့ ကျန်းယိုလို မဟုတ်ဘူးမလား ငါကတကယ်ပဲနင်နဲ့ပြန်တွဲမယ်လို့ထင်လား”
“ဟက်”
စုဝမ်၏စကားများကိုကြားသောအခါ လော့ယွီက မရယ်ဘဲမနေနိုင်တော့ချေ။
“စုဝမ် ငါဒီနေ့မှ နင့်ကို သေချာသိလိုက်ရတယ်လို့ ခံစားရတယ်”
တကယ်တမ်းတွင် ယနေ့၌ လော့ယွီက စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေခဲ့သည်။ သူက တစ်နေ့လုံး သူနှင့် ကျန်းယိုအကြောင်း တွေးနေခဲ့၏။ ညနေဘက်ကျောင်းဆင်းချိန်တွင်တောင်မှ သူကိုယ်တိုင်သတိမထားမိဘဲ သူမ စာသင်ခန်းဆီသို့ လျှောက်လာခဲ့မိသေးသည်။
ထို့ကြောင့်ပဲ လော့ယွီက ကျန်းယိုနှင့် စုဝမ်ကြားမှ ပဋိပက္ခများကို ကြားသိခဲ့ရခြင်းဖြစ်သည်။
နောက်ဆုံးတော့ သူ ကျန်းယိုနဲ့ပတ်သက်ပြီး ဘာကိုကြိုက်တာလဲ….
ကြာင်နာပြီး အပြစ်ကင်းတာကိုလား ဒါမှမဟုတ် ဖြူစင်ပြီး စိတ်အားထက်သန်တာကိုလား
တကယ်တမ်းတွင် လော့ယွီက ကျန်းယိုကို သူမ၏အလှကြောင့်ရော၊ သူမ၏ထူးချွန်လှသည့် အရည်အချင်းများကြောင့်ပါ သဘောကျခဲ့မိသည်မဟုတ်ချေ။ ဒီတိုင်း သူမ၏ ပုံစံကိုသာ သဘောကျမိခြင်းဖြစ်သည်။ စုဝမ်က သူ့အရှေ့တွင် ကျန်းယို၏အပြစ်များကို မကြာခဏပြောလေ့ရှိရာ လော့ယွီက စုဝမ်၏ စကားများအတိုင်း ကျန်းယိုကိုထင်မြင်မိခဲ့၏။ အဆုံးတွင်တော့ ထိုမိန်းကလေးက စုဝမ်ပြောသည်ထက် ပို၍ ကောင်းနေကြောင်း သူသိရှိခဲ့သည်။
ထိုအချိန်မှစ၍ ကျန်းယိုကို သူသတိထားမိခဲ့သည်။ စုဝမ်ကို အကြိမ်ကြိမ်ပြုံးပြနှုတ်ဆက်ခြင်း၊ သူမ ခံစားနေရလျှင်တောင်မှ အကြိမ်ကြိမ်ပြုံး၍ သည်းခံခြင်းတို့ကို သူကြည့်နေခဲ့သည်။
ထိုအပြုံးက လော့ယွီကို နှလုံးခုန်မြန်စေခဲ့၏။
သို့သော် ယနေ့တွင် ကျန်းယိုက စုဝမ်အနောက်သို့ ပြေးလိုက်ပြီး မေးလိုက်သည့်မေးခွန်းကြောင့် ထိုနှလုံးခုန်သံများက မှေးမှိန်သွားသည်။
တကယ်တမ်း ကျန်းယိုက တခြားမိန်းကလေးတွေနဲ့ ဘာကွာလို့လဲ….
သူမကလည်း ဒီတိုင်း သာမန်မိန်းကလေးတစ်ယောက်ပဲ…..
သူမကို လှပတယ်လို့သတ်မှတ်နိုင်ပြီး ကောင်းမွန်တဲ့ ကွန်ဖူးအရည်အချင်းလဲရှိတယ် ဒါပေမယ့်….အဲ့လောက်ပဲ…။
လော့ယွီက သူကလေးအရွယ်တည်းက သိခဲ့သည့်မိန်းကလေးများနှင့် ထိတွေ့ဆက်ဆံခဲ့သည့် မိန်းကလေးများအားလုံးကို မှတ်မိသည်။ သူတို့က တကယ်တော့ ကျန်းယိုထက်မဆိုးကြပေ။
မည်သူမှမပြည့်စုံပေ။ ဤကမ္ဘာပေါ်ရှိ လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်အမူအကျင့်များနှင့် ချို့ယွင်းချက်များရှိသည်။
စုဝမ်ကဲ့သို့ပင်…….။
အရင်က သူ့မျက်လုံးထဲတွင် သူမက ချို့ယွင်းချက်များနှင့်သာ ပြည့်နေခဲ့သည်။ တကယ်တမ်းတွင် သေချာစူးစမ်း လေ့လာကြည့်ပါက သူမ၏ကောင်းမွန်သည့်တစ်ဖက်ခြမ်းကို ရှာတွေ့နိုင်သေး၏။
ထိပ်တန်းကျောင်းသားတစ်ယောက်အနေနှင့် လော့ယွီ၏ ပြဿနာကိုချဥ်းကပ်သည့်နည်းက လျင်မြန်သည်။
အတိတ်တွင် စုဝမ်က သူ့အပေါ် တိတ်တဆိတ်ပေးဆပ်ခဲ့သည်များကို ပြန်တွေးရင်း လော့ယွီက သူမအပေါ် တောင်းပန်ရန်ကြွေးတင်နေသည်ဟုခံစားမိသည်။ ထိုတောင်းပန်မှုကလည်း သူမ ရသင့်သည့် သူမနှင့် ထိုက်တန်သောအရာဖြစ်၏။
ပြန်တွဲဖို့ကတော့…….
လော့ယွီက ဘယ်တုန်းကမှ စုဝမ်နှင့် ပြန်တွဲရန် မတွေးခဲ့ဖူးပေ။ ယခုတွင်လည်း ကျန်းယိုကို လုံးဝလက်လွှတ်နိုင်သွားပြီဖြစ်သည်။ ထို့အပြင် စုဝမ်အပေါ်၌ ခံစားချက်များမရှိကြောင်းကိုလည်း သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် သူက ယနေ့တွင် စုဝမ်ကို အိမ်ပြန်ပို့ရန်ကြိုးစား၍ စကားတစ်ခွန်းကိုပြောရန် စီစဥ်ထားခဲ့သည်။
“ငါတောင်းပန်ပါတယ်”
လော့ယွီက စကားဝိုင်းထဲသို့ အခြားအရာများကို ယူမလာသည်ကိုတွေ့သောအခါ စုဝမ်လည်း စိတ်သက်သာရာရသွားမိသည်။ သူမက မညီမျှသည့်ချစ်ခြင်း၌ ခံစား၍နေနေသည့်သူများကို မကြိုက်ပေ။ ယခုတွင် ကျန်းယိုက သူမကို ခွင့်မလွှတ်နိုင်သည်ကို သူမသိ၏။ အကယ်၍ လော့ယွီသာ ဤပျော်စရာထဲကို ပါလာပါက ကျန်းယိုကသူမကို ပိုဒေါသထွက်ပြီး ပူပူညံညံလုပ်လိမ့်မည်ဟု စုဝမ်ခံစားမိသည်။
တကယ်လို့ အဲ့ဒီ့အချိန်ရောက်လာရင် ငါ မထိန်းနိုင်ဘဲ သူမကို အသေသတ်ပစ်ချင်လာမှာကို စိုးရိမ်မိတယ်…….
_~__
Translated By IQ-Team.🚩