🚩Chapter -153
Arc_7.နေရာလွဲမှားနေသောသမီး [ 19 ]
_____
စုဝမ်၏နောက်ကြောင်းက ဖုန်းဟန်ကျောင်းတွင် လျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိမနေတော့ပေ။ သူမ၏ ဘဝအမှန်ကို အသုံးချ၍ သူမကို ထိုးနှက်ရန်ပြင်ဆင်ထားခဲ့သော အိုးယန်လော့သည်လည်း ယာယီလက်လျှော့၍ နောက်ထပ် အခွင့်အရေးကိုသာ ထိုင်စောင့်နေရုံသာတတ်နိုင်တော့သည်။
ထိုနေ့က လော့ယွီ စုဝမ်ကို အိမ်ပြန်ပို့ပြီးနောက် ကျောင်းတွင် လော့ယွီက သူ၏မီးတောက်ဟောင်းလေး စုဝမ်ဆီသို့ စိတ်ပြန်လည်သွားကြောင်း သတင်းများ တိတ်တဆိတ်ပျံ့နှံ့လာ၏။ သို့သော် ကံမကောင်းစွာနှင့် ထိုနေ့မှစ၍ လူနှစ်ယောက်၏လမ်းကြောင်းများက ဘယ်တော့မှပြန်မဆုံကြတော့ပေ။ လော့ယွီက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုသာ အာရုံစိုက်၍ ပြင်ဆင်နေခဲ့သည်။ တစ်ဖက်တွင်ကျန်းယို၏ နှောင့်ယှက်မှုကင်းမဲ့စွာဖြင့် စုဝမ်က အတန်းအပြင်သို့ မထွက်ဘဲ စာလုပ်ခြင်းအပေါ်တွင်သာ အာရုံစိုက်နိုင်နေခဲ့၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် ခရစ်စမတ်အချိန်သို့ ရောက်ရှိလာလေသည်။ ဖုန်းဟန်ကျောင်းတွင် နှစ်စဥ် ပွဲတော်ညများ၌ မျက်နှာဖုံးဆင်ကပွဲကို ကျင်းပလေ့ရှိသည်။ တစ်ကျောင်းလုံးရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားများအားလုံးကလည်း ထိုပွဲကို ဝင်ရောက်ဆင်နွှဲကြသည်။
တကယ်တမ်းတွင် စုဝမ်က ထိုကဲ့သို့ ကပွဲမျိုးကို စိတ်မဝင်စားချေ။ သို့သော် စုရွေ့စတူဒီယို၏ ဂိမ်းသည် အရေးအကြီးဆုံး စမ်းသပ်အဆင့်သို့ ရောက်နေသောကြောင့် ခရစ်စမတ်တွင် စုရွေ့က စုဝမ်နှင့် အတူ အချိန်မကုန်ပေးနိုင်ဖြစ်နေ၏။ ပျင်းရိစွာနှင့် စုဝမ်က အထူးဆိုင်မှ စုန်းမဝတ်စုံကို မှာ၍ ကျောင်းကပွဲ ဟောခန်းထဲသို့ စိတ်မဝင်စားမှုမရှိဘဲ ရောက်လာခဲ့တော့သည်။ သူမက အမျိုးသမီးဇာတ်လိုက်နှင့် ဝမ့်ဝမ်ဟောက်တို့၏ ဆရာတပည့်ဆက်ဆံရေး စတင်မည့်အချိန်ကို စောင့်ကြည့်ရန် ပြင်ဆင်လာခဲ့၏။
စုဝမ် သိထားသလောက် ကျန်းယိုလည်း ဤကပွဲအတွက် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်အတောအတွင်း သူမက တဖြည်းဖြည်းနှင့် လော့ယွီကို မေ့ပျောက်လာခဲ့၏။ တကယ်တမ်းတွင် ကျန်းယိုက သူမ၏ငယ်သူငယ်ချင်း အစ်ကိုကြီးရှောင်းကိုရှာ၍ စုဝမ်၏မျက်နှာအစစ်အား သူ့အရှေ့တွင် ချွတ်ပြမည်ဟု စီစဥ်ထားခဲ့သည်။ သို့သော်ငြား ကံမကောင်းစွာနှင့်ပင် ဗိုလ်ချုပ်ကြီးစုက သူမကို အခွင့်အရေးမပေးခဲ့ပေ။
ထိုအချိန်အတောအတွင်း၌ စုရွေ့က စုမိသားစုအိမ်တွင်နေနေသော်လည်း ကျန်းယိုက သူနှင့်နှစ်ယောက်တည်း စကားပြောရန် အခွင့်မရေးမရခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် စုရွေ့က သူမကိုအလွန်ရွံမုန်းနေကြောင်း သိသွားရပြီး ထိုကိစ္စအား သူမ၏နှလုံးသားအောက်ခြေတွင်သာ မြှုပ်နှံလိုက်ရတော့သည်။
ယခုည၏ မျက်နှာဖုံးဆင်ကပွဲတွင် ကျန်းယိုက စနိုးဝှိုက်ဝတ်စုံလေးကို ရွေးချယ်လာခဲ့၏။ ထိုဝတ်စုံနှင့် သူမ၏ ကိုယ်လုံးကိုယ်ထည်လေး၊ ဖြူဖွေးသောအသားအရေ၊ မည်းနက်နေသော ဆံနွယ်များနှင့် တွဲစပ်လိုက်သောအခါ အိပ်မက်တစ်ခုအလား ထင်မှတ်ရသည်။
ယခုညတွင် လူတိုင်းသည် သူတို့၏မျက်နှာအမှန်ကို ဖုံးကွယ်ရန် မျက်နှာဖုံးများတပ်ထားရမည်ဖြစ်သည်။ ကျန်းယို၏ မျက်နှာဖုံးက အဖြူရောင်ပန်းများနှင့် အနားကွပ်ထားသော မျက်နှာတစ်ဝက်ဖုံးသည့် မျက်နှာဖုံးဖြစ်၏။ ထိုမျက်နှာဖုံးက စနိုးဝှိုက်၏ ပုံစံနှင့်လိုက်ဖက်နေရာ ချက်ချင်းပင် အားလုံး၏ အာရုံကိုဖမ်းစားနေတော့သည်။
ဆန့်ကျင်ဘက်တွင် စုဝမ်က အနက်ရောင်စုန်းမ ဝတ်ရုံကိုဝတ်ဆင်ထားပြီး အနက်ရောင်မျက်နှာဖုံးပေါ်၌ ရွှေရောင် ပုံစံအဆင်များပြည့်နှက်နေသည့် မျက်နှာဖုံးက သူမမျက်နှာထက်တွင် ရှိနေသည်။ သူမ၏တစ်ကိုယ်လုံးက အနက်ရောင်များ လွှမ်းခြုံနေပြီး အေးစက်နေသည့်မျက်ဝန်းတစ်စုံနှင့် ဖူးကြွနေသည့် အနီရောင် နှုတ်ခမ်းတစ်စုံကိုသာ လှစ်ဟပြသထားသည်။
ထိုဝတ်စုံက ကပွဲရှိ အခြားသော သွေးစုပ်ဖုတ်ကောင်များနှင့် ဆင်နေသော်လည်း ထိုရှေးကျသည့်ပုံစံက လူနည်းစုလေးသာ ဖြစ်သည်။ အဆုံးတွင်တော့ သူတို့က ၁၇နှစ်၊ ၁၈နှစ် အရွယ်လေးများသာဖြစ်ကြ၏။ လှပချင်သည့် မိန်းကလေးများရှိသလို အချစ်ကိုတောင့်တနေကြသည့် လူငယ်များလည်းရှိကြသည်။
ကပွဲဟောခန်းမက မင်းသားလေးများ၊ သူရဲကောင်းများနှင့်အတူ မင်းသမီးလေးများ၊ နတ်သူငယ်လေးများဖြင့် ပြည့်နှက်နေသည်။
ကခြင်းက ကျန်းယို၏အားနည်းချက်ဖြစ်သည်။ ထို့ကြောင့် သူမက အတူတွဲကရန် မကြာခဏ ဖိတ်ခေါ်ခံနေရသော်ငြား ငွေဖြူရောင် သင်းအုပ်ဆရာဝတ်ရုံကိုဝတ်ဆင်ထားသည့် လူတစ်ယောက် သူမအရှေ့သို့ ရောက်မလာခင်အထိ အကုန်လုံးကို ငြင်းလွှတ်နေခဲ့သည်။ ထိုသူက ကျန်းယိုကို ဘာပြောလိုက်သည်မသိချေ။ ကျန်းယိုက ခေတ္တ တွန့်ဆုတ်သွားပြီးနောက် သူနှင့်အတူ ကပွဲနေရာသို့ ဖြေးညင်းစွာဝင်သွားလေသည်။
ထိုသင်းအုပ်ဆရာဝတ်စုံနှင့်လူက ဝမ့်ဝမ်ဟောက်မှန်း စုဝမ်သိ၏။ “စာတတ်ပေတတ် ဆန်ကုန်မြေလေး” ဆိုသည်မှာ ထိုလူ့ကို ရည်ညွှန်းနေသည့် စကားပင်......။
“ဒီမှာထိုင်လို့ရမလား”
အားဖျော့နေသည့် မိန်းကလေးအသံက စုဝမ်နဘေးမှ ထွက်ပေါ်လာသည်။ စုဝမ်လှည့်ကြည့်လိုက်သောအခါ ငွေရောင် မျက်နှာဖုံးကိုတပ်ဆင်ထားပြီး မီးခိုးရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားသော မိန်းကလေးက သူမဘေးနားတွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
“ဒီမှာ ဘယ်သူမှမရှိဘူး လွတ်လွတ်လပ်လပ်ထိုင်လို့ရတယ် စင်ဒရဲလားလေး”
စုဝမ်က တစ်ဖက်လူ၏ ကြမ်းတမ်းနေသည့် ပိတ်စနှင့် ဝတ်စုံကို အနည်းငယ်ရင်းနှီးနေဟန် ခံစားမိ၏။ ၎င်းက ပုံပြင်ထဲမှ စင်ဒရဲလား၏ ပထမဆုံး ဝတ်စုံဖြစ်သည်။ စုဝမ်ပြန်ပြောလာသည်ကို ကြားသောအခါ ထိုမိန်းကလေးက ညင်သာစွာပြုံးလာ၏။
“ငါက စင်ဒရဲလား မဟုတ်ပါဘူး ကပွဲမှာ မင်းသားလေးနဲ့ ကနေတဲ့တစ်ယောက်က ဖန်ဖိနပ်လေးတွေစီးထားတယ်လေ ငါကဒီတိုင်း စင်ဒရဲလားရဲ့ အစ်မပါ”
စင်ဒရဲလားလို ကံကောင်းခြင်းတွေမရှိဘဲ မင်းသားလေးရဲ့ ချစ်ခြင်းကိုလည်းမခံခဲ့ရတဲ့ စင်ဒရဲလားရဲ့ အစ်မကို မနာလိုဖြစ်မိတယ်.....။
သူမမှာ မှော်ပညာတွေလည်းမရှိဘူး ဖန်ဖိနပ်လေးလည်းမရှိဘူး.....။
စင်ဒရဲလားက အစပိုင်းတွင် သူမ၏မိထွေးနှင့် အစ်မတို့၏ အနိုင်ကျင့်ခြင်းခံရတာကို လူတိုင်းသိကြသည်။ သို့သော် စင်ဒရဲလားနှင့် မင်းသားလေးတို့ ပျော်ရွှင်စွာ နေထိုင်သွားကြပြီးနောက် သူမ၏အစ်မမှာ မည်သို့သော ဘဝမျိုးကို ဖြတ်သန်းရကြောင်း မည်သူမှမသိကြချေ။
ကောင်းကင်ဘုံ၏ချီးမြှောက်ခြင်းခံရပြီး မင်းသားလေး၏ချစ်ခင်နှစ်သက်ခြင်းခံရသော စင်ဒရဲလားနှင့် ယှဥ်လျှင် သူမ၏အစ်မကို အမြှောက်စာဇာတ်ကောင်အဖြစ်သာ မှတ်ယူနိုင်၏။
“စင်ဒရဲလားရဲ့ အစ်မလား”
စုဝမ်က တစ်ဖက်လူ၏စကားများကိုကြားသောအခါ ချက်ချင်းထရပ်လိုက်ပြီး မျက်နှာချင်းဆိုင်မှ မိန်းကလေးကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
“ငါ့မှာ မှော်ကြေးမုံရှိတယ်... နင့်ရဲ့ဖူးစာရှင်က ဘယ်သူလဲဆိုတာ မှော်ကြေးမုံကို မေးကြည့်ချင်လား”
ဖူးစာရှင်.....။
ထိုမိန်းကလေးက စုဝမ်၏စကားကိုကြားသောအခါ ကပွဲခန်းမထဲမှ တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။ ခဏကြာပြီးနောက် သူမက သတိပြန်ကပ်သွားပြီး ပြုံး၍ စုဝမ်ကို ခေါင်းခါပြလာသည်။
“နင့်ရဲ့ မှော်ကြေးမုံက ကမ္ဘာပေါ်မှာ ဘယ်သူအလှဆုံးလဲဆိုတာကိုပဲ ပြောနိုင်တာမဟုတ်ဘူးလား ဘယ်တုန်းက ဗားရှင်းအသစ်ကို အဆင့်မြှင့်လိုက်တာလဲ”
“ဒါက အမျိုးမျိုးသုံးလို့ရတယ် နင်ပေါ်လာကတည်းက နင်ဘယ်သူလဲဆိုတာ သူငါ့ကိုပြောပြပြီးပြီ”
စုဝမ်က အရှေ့သို့အနည်းငယ်တိုးလာသည်။ မျက်နှာဖုံးအောက်မှ ထိုမည်းနက်နေသည့် မျက်ဝန်းများက တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေ၏။
“ငါဘယ်သူလဲ နင်သိတယ်လား”
စုဝမ်၏စကားများကို ကြားပြီးနောက် စင်ဒရဲလား၏အစ်မဆိုသည့် မိန်းကလေးက စိတ်ဝင်စားသည့်ပုံပေါ်သွားပြီး စုဝမ်အား မျှော်လင့်ချက်များဖြင့် ကြည့်လာသည်။
တကယ်တမ်းတွင် စုဝမ်က သူမကို မှတ်မိလိမ့်မည်ဟု သူမမယုံပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူမ၏ယခုပုံစံက သူမဂရုတစိုက်နှင့် ဖုံးကွယ်ထားခဲ့သည့် သူမ၏တစ်ဖက်ခြမ်းဖြစ်နေသောကြောင့်ပင်....။
“နင်က.....ရွှီနော့လေ”
စုဝမ်က တစ်ဖက်တွင်ရှိနေသောမိန်းကလေးကို ပြုံးပြလိုက်ပြီး သူမအမည်ကို ညင်သာစွာခေါ်လိုက်သည်။
ရွှီနော့က ဆိုဖာပေါ်တွင် တောင့်ခဲသွားပြီး စုဝမ်ကို စိုက်ကြည့်နေမိ၏။
“နင်....ဘယ်လိုသိသွားတာလဲ”
“ခန့်မှန်းလိုက်တာ”
စုဝမ်က ရွှီနော့ကို ပြုံးပြလိုက်သည်။ တကယ်တမ်းတွင် သူမကရွှီနော့မှန်း စုဝမ်မသိခဲ့ချေ။ သို့သော် သူမက တစ်နေရာတည်းကိုသာ ခဏခဏ ငေးငိုင်ကြည့်နေမှန်း စုဝမ်သတိထားမိခဲ့သည်။ ထိုလားရာတွင် အလွန်ဝေးကွာပြီး အထီးကျန်နေသည့် ပုံရိပ်လေးတစ်ခုသာရှိနေသည်။
ထိုလူက ညကဲ့သို့ မှောင်မိုက်နေသည့် သူရဲကောင်းဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာတစ်ခုလုံးကို မျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည်။ သူက လူအုပ်ကြီး၏အပြင်တွင် တစ်ယောက်တည်းရပ်နေ၏။ သူ၏အရှိန်အဝါက အလွန်အားကောင်းနေသောကြောင့်ဖြစ်နိုင်သည်။ မည်သူကမှ အရှေ့သို့တိုးလာ၍ သူ့ကို နှုတ်မဆက်ရဲကြချေ။
ထိုအနက်ရောင်သူရဲကောင်းက လော့ယွီဖြစ်သည်။
လော့ယွီကိုတစ်ချက်ကြည့်ရုံနှင့်တင်မှတ်မိပြီး သူ့အပေါ်တွင် အမြဲဂရုတစိုက် အာရုံစိုက်တတ်သည့် စင်ဒရဲလား၏ အစ်မဖြစ်နေသည့်မိန်းကလေးမှာ ရွှီနော့သာဖြစ်နိုင်သည်ဟု စုဝမ်တွေးမိ၏။
တကယ်တမ်းတွင် ရွှီနော့က လော့ယွီကို တိတ်တခိုးချစ်နေခဲ့သော်လည်း သူမက ခံစားချက်များကို သေချာ ကွယ်ဝှက်နိုင်သူဖြစ်သည်။ ထိုအကြောင်းများက စုဝမ်သိထားသည့် မူလဇာတ်ကြောင်းတွင် မပါချေ။ ၎င်းမှာ ရွှီနော့ သူမကိုယ်သူမ မည်မျှသိုဝှက်ထားနိုင်ကြောင်း သိသာလေသည်။
သို့သော် တစ်စုံတစ်ယောက်ကို ချစ်မိပြီး ဂရုစိုက်မိပါက အခြားသူများကိုကြည့်သည့်အကြည့်နှင့်မတူဘဲ ထိုလူ့အပေါ်တွင်ရှိသည့် အကြည့်များက ကွာခြားသည်။ ထို့အပြင် ထိုလူ၏ လှုပ်ရှားမှု သေးသေးလေးကိုတောင်မှ လက်လွှတ်မခံဘဲ လိုက်ကြည့်နေမိတတ်သည်။
ထို့ကြောင့် ရွှီနော့၏ လော့ယွီကို “စိတ်ဝင်စားနေမှု” များကို စုဝမ်ကမတော်တဆဖြင့် သိရှိသွားခဲ့သည်။
စုဝမ်က သူမ၏သရုပ်မှန်ကို ခန့်မှန်းလိုက်ပြီးနောက် ရွှီနော့က ခဏလောက် ဗလာဖြစ်သွားကာ နောက်ဆုံးတွင် စုဝမ်ကို ပြုံးပြလာသည်။
“စုဝမ် နင်ကတကယ်ကို အရင်နဲ့မတူတော့ဘူးဘဲ အရင်က....ငါနင့်ကိုမုန်းခဲ့တယ်... ဒါပေမယ့် အခုတော့ နင့်ကိုနည်းနည်းလေး သဘောကျလာတယ်....။”
ရွှီနော့က ရုတ်တရက် မတ်တပ်ရပ်လိုက်၍ လက်မြှောက်ကာ စုဝမ်ကို ဆိုဖာပေါ်မှ ဆွဲထူလိုက်၏။
“အရှင်စုန်းမကြီး ဒီအခွင့်အရေးကိုယူလို့ဖြစ်ရဲ့လားမသိပေမယ့် ကျွန်မနဲ့အတူ တွဲကနိုင်ပေးနိုင်မလား”
စုဝမ်က ရွှီနော့ကိုင်ထားသည့် သူမ၏ညာဘက်လက်ကို ကြည့်လိုက်သည်။
“ငြင်းလို့ရပါဦးမလား စင်ဒရဲလားရဲ့အစ်မကဖိတ်ခေါ်နေတာကို...”
“ဟီးဟီး”
ရွှီနော့က လျှာလေးထုတ်လိုက်ကာ စုဝမ်ကို ကပွဲအလယ်သို့ ဆွဲခေါ်သွားလေသည်။
ထိုအချိန်တွင် ကပွဲအလယ်၌ လူတော်တော်များများ ကနေကြသည်။ ကျန်းယိုနှင့် ဝမ့်ဝမ်ဟောက်တို့လည်း ကနေကြဆဲဖြစ်ကြောင်း စုဝမ်သတိထားမိသည်။ သူတို့နှစ်ယောက်က အလွန်နီးကပ်စွာရှိနေကြ၏။ ကနေရင်းနှင့် ဝမ့်ဝမ်ဟောက်က ကျန်းယိုကို သူ့ရင်ခွင်ထဲထည့်၍ ဖက်ထားမတတ်ပင်ဖြစ်နေသည်။ သူက သူမကို မည်သို့ကရန် သေချာသင်ပေးနေသည့်ပုံပေါ်နေသော်လည်း တကယ်တမ်းတွင် ယခုတစ်ကြိမ်၌ သူတို့နှစ်ယောက်၏ ကိုယ်နေဟန်ထားက အတော်လေး ရှင်းရှင်းလင်းလင်းဖြစ်နေသည်။
စုဝမ်က လူအုပ်ကြီးထဲသို့ ဝေ့ဝဲကြည့်နေသည်ကိုကြည့်ရင်း ရွှီနော့က ပါးစပ်ဖွင့်၍ စုဝမ်ကိုတစ်ခုခုပြောလိုက်ချင်သော်လည်း ရုတ်တရက် ပြင်းပြင်းထန်ထန်အတွန်းခံလိုက်ရပြီး ကပွဲအလယ်တွင် လဲကျတော့မလိုဖြစ်သွားလေသည်။
ထိုအဖြစ်အပျက်က မြန်ဆန်လွန်းလှသည်။ စုဝမ်ကို ရွှီနော့ကို လှမ်းဆွဲတော့မည့်အချိန်၌ သူမ၏ခါးသွယ်သွယ်လေးအား ကြီးမားသောလက်တစ်ဖက်က ရစ်နွယ်လာသည်။
“မလှုပ်နဲ့....မင်းကအခု ဒီဘုရင်ရဲ့ သားကောင်ဖြစ်သွားပြီ”
ရှုပ်ပွနေသည့် ငွေရောင်ဆံပင်များနှင့် ကျော့ရှင်းလှသည့် အနက်ရောင်ပုံရိပ်တစ်ခု.....။
စုဝမ်မော့ကြည့်လိုက်ရာ အနီရင့်ရောင်မျက်နှာဖုံးကိုတွေ့လိုက်သည်။ မျက်နှာဖုံးပိုင်ရှင်က သူမကိုပြုံးပြလျက်ရှိပြီး သွေးစုပ်ဖုတ်ကောင်၏အစွယ်များကို လှစ်ဟပြနေသည်။
“ရှင်ဘယ်လိုလုပ်ရောက်လာတာလဲ”
စုဝမ်၏အသံက အံ့ဩမှုများပြည့်နေပြီး သူမအရှေ့မှ ချောမောသည့် သွေးစုပ်ဖုတ်ကောင်မှာ ဗိုလ်ချုပ်ကြီးစု ဖြစ်နေကြောင်း ချက်ချင်းမှတ်မိလိုက်သည်။
“ဇနီးလေး ကိုယ့်ကိုတစ်ချက်ကြည့်ရုံနဲ့ မှတ်မိတယ်ပေါ့ အံ့ဩစရာပဲ”
စုရွေ့က စုဝမ်သူ့ကိုမှတ်မိသွားသည့်အခါ ရုတ်တရက်သူမကို လက်မှဆွဲယူလိုက်ပြီး ရင်ခွင်အတွင်းသို့ ဝင်ရောက်စေလိုက်သည်။
“ကိုယ်မင်းကို အံ့ဩစေချင်လို့လေ အတူကရအောင်”
စုရွေ့နဲ့ အတူတွဲကရမယ်....?
စုဝမ်က ယခင်ကအတွေ့အကြုံရှိခဲ့ရာ သူမ မျက်လုံးများပြောင်းလဲသွားပြီး ဆင်ခြင်တစ်ခုကို ချက်ချင်းစဥ်းစားလိုက်သည်။
“ခဏနေဦး ရွှီနော့ကို အရင်ရှာလိုက်ဦးမယ်”
“မလိုတော့ဘူး”
စုရွေ့က အားပြင်းပြင်းနှင့် စုဝမ်၏လက်လေးကို ဆွဲညှစ်လာပြီး သူမကိုလှည့်မသွားနိုင်ရန် လုပ်လိုက်သည်။
“ကိုယ်ခုဏတည်းက နေရာကိုလှည့်ပတ်ကြည့်ခဲ့ပြီးပြီ သူမကိုလော့ယွီရင်ခွင်ထဲဆီ တည့်တည့် တွန်းပေးလိုက်တာ အင်း အဲ့အတွက် ကိုယ့်ကိုကျေးဇူးတင်ဖို့မလိုပါဘူး”
သူမလေး၏ မေးခွန်းများအားလုံးကိုဖြေကာ သူ၏ပြိုင်ဘက်ဟောင်းကို ဆွဲချပြီးနောက် ဗိုလ်ချုပ်ကြီးစုက သူ့ကိုယ်သူ ပို၍ဉာဏ်ရည်ထက်မြက်လာသည်ဟု ခံစားလိုက်ရ၏။
___
Translated By IQ-Team.🚩