Chapter 156
Viewers 8k

🚩Chapter -156

 Arc_7.နေရာလွဲမှားနေသောသမီး [ 22 ]


_____



မနက်ခင်းလှုပ်ရှားသွားလာနေကြသည့်အချိန်ဖြစ်ရာ ဝန်ထမ်းအများစုမှာ ကုမ္ပဏီသို့ ဝင်ထွက်နေကြသည်။ ကျန်းယိုက အခြားသူများကို အနှောင့်အယှက်ပေးမည်စိုးသောကြောင့် စုရွေ့က သူမကို ရုံးခန်းသို့သာ ခေါ်လာလိုက်၏။


ဤအွန်လိုင်းဂိမ်းကုမ္ပဏီက လူသိမများသေးသော်လည်း စုရွေ့က နိုင်ငံပေါင်းစုံမှ လုပ်ငန်းစုများကို ဆက်သွယ်ထားနှင့်ပြီးဖြစ်သည်။ ယခုတွင် နှစ်ကုန်၌ နိုင်ငံတကာအွန်လိုင်းဂိမ်းအဖွဲ့အစည်းမှ ဂိမ်းကို တရားဝင်ချပြလာရန်ကိုသာ စောင့်ဆိုင်းနေရန် လိုအပ်တော့သည်။ 


“ထိုင်”


စုရွေ့က အကျင့်အတိုင်း ရုံးခန်းထဲသို့ ဝင်လာသည်နှင့် သူ၏အပေါ်ထပ်ဝတ်စုံကို ချွတ်လိုက်ပြီး ထိုင်ခုံပေါ်တွင် တင်ထားလိုက်သည်။ သူမဘက်သို့လှည့်လာချိန်တွင် သူက အေးအေးလူလူနှင့် လည်ပင်းတစ်ဝိုက်မှ နက်ခ်တိုင်ကို ဖြေလျှော့နေ၏။ 


ကျန်းယိုက စုရွေ့၏ လှုပ်ရှားမှုတစ်ခုစီတိုင်းကို အာရုံစိုက်ကြည့်နေရင်း လည်တိုင်မှ အနီရင့်ရောင်အမှတ်ကို တွေ့လိုက်သည်။ သူမအလျင်စလိုနှင့် ခေါင်းငုံ့လိုက်၏။ သို့သော် ထိုနေ့၌ ဒုတိယထပ် လျှောက်လှမ်းတွင် စုရွေ့နှင့် စုဝမ်တို့ နမ်းနေကြသည့်မြင်ကွင်းက သူမခေါင်းထဲတွင်ပေါ်လာသည်။


ခဏတာလောက် ကျန်းယို၏နှလုံးသားထဲတွင် ချဥ်စူးစူးလေးဖြစ်သွား၏။


“တစ်ခုခုဖြစ်လို့လား”


ထိုအချိန်တွင် စုရွေ့က သူ၏ထိုင်ခုံတွင် စိတ်မပါလက်မပါနှင့် ထိုင်နေသည်။ သူက ပျင်းရိစွာနှင့် မျက်လုံးများကို မှေးစင်းထားကာ ကျန်းယိုကို စိတ်မဝင်စားသည့်ဟန်ဖြင့်ကြည့်နေ၏။


“အစ်ကိုကြီးရှောင်း….ညီမ…”


ကျန်းယိုက အသက်ပြင်းပြင်းရှူလိုက်ပြီး စုရွေ့ကိုအကုန်လုံးပြောပြရန် ပြင်ဆင်လိုက်သည်။ သူမ အကုန် ပြောပြီးသည်နှင့် ထွက်သွားမှာဖြစ်သည်။ 


“အစ်ကိုကြီးရှောင်း စုဝမ်နဲ့လော့ယွီအကြောင်းသိလား”


“ဟင်”


စုရွေ့က မျက်ခုံးပင့်လိုက်သည်။ 


ဒီစကားက ဘာလို့ဒီလောက်တောင် ရင်းနှီးနေရတာလဲ…..။


ဟုတ်သားပဲ တခြားကမ္ဘာက အမျိုးသမီးဇာတ်လိုက်တစ်ယောက်ကလည်း သူ့ကိုဒီလိုပဲ ပြောခဲ့ဖူးသလားလို့…။


စုရွေ့က မျက်မှောင်ကြုတ်ထားပြီး အချိန်အတော်ကြာအောင်စဥ်းစားနေလိုက်သည်။ နောက်ဆုံးတွင် အွန်လိုင်းဂိမ်းကမ္ဘာမှ အမျိုးသမီးဇာတ်လိုက်တစ်ယောက်က သူ့ကို ထပ်တူညီသည့်စကားများ ပြောခဲ့ဖူးသည်ကို မှတ်မိသွား၏။


အမွေးအရောင်တူကြသည့် ငှက်များက အတူတကွစုဝေးကြသည်။ အမျိုးသမီးဇာတ်လိုက်အချို့သည်လည်း တူညီမှု အတော်များများရှိကြသည့်ပုံပင်….။


“စုဝမ်နဲ့ လော့ယွီက အတွဲတွေဖြစ်ခဲ့ဖူးတယ်”


ဆိုဖာပေါ်တွင်ထိုင်ရင်း ကျန်းယိုက ဖြေးညင်းစွာ ပြောလာသည်။ “နောက်ပိုင်းတော့ လော့ယွီက စုဝမ်နဲ့ လမ်းခွဲပြီး ညီမကိုပိုးပန်းလာခဲ့တယ် အဲ့အချိန်တုန်းက သူ့ကိုညီမငြင်းခဲ့ပါတယ် ဒါပေမယ့် စုဝမ်က ညီမကို ဆက်တိုက် အထင်လွဲနေပြီး သူမချစ်တဲ့အရာအားလုံးကို လုယူသွားတယ်လို့ပဲ ထင်နေတယ်လေ အဲ့ဒါကြောင့် သူမက…သူမက..”


“သူမက မင်းကိုလက်စားချေချင်လို့ ငါနဲ့အတူရှိနေတာလို့ပြောချင်တာလား”


စုရွေ့က ဘေးဘက်သို့မှီလိုက်ရင်း စားပွဲပေါ်သို့ လက်တစ်ဖက်တည်းနှင့် ထောက်ကန်ထားကာ ကျန်းယို ပြောချင်သည့် စကားများကို အဆုံးသတ်ပေးလိုက်သည်။ 


“အစ်ကိုကြီးသိနေတာလား”


ကျန်းယိုက စုရွေ့၏စကားများကိုကြားသောအခါ ချက်ချင်းခေါင်းမော့၍ သူ့ကိုကြည့်လာ၏။


‘သိနေတာလား’တဲ့….။


“ကျန်းယို အခုထိ မနိုးထသေးဘူးလား”


စုရွေ့က သူမ၏မျက်လုံးများကို တည့်တည့်ကြည့်လာသည်။


“စုဝမ်က လက်စားချေဖို့အတွက် ငါနဲ့အတူရှိနေတယ်လို့ မင်းဘယ်လိုမျက်လုံးတွေနဲ့ကြည့်လိုက်တာလဲ သူမက တကယ်ပဲ မင်းကို လက်တုံ့ပြန်ချင်ရင်တောင်မှ မင်းဆီကနေ လော့ယွီကိုပြန်ယူဖို့ ဦးနှောက်ကို အသုံးချမှာပေါ့ ဘာလို့ ငါ့ကိုလိုနေဦးမှာလဲ ငါကမှမင်းကိုမကြိုက်တာ အမ် မဟုတ်မှ မင်းငါ့ကို…ကြိုက်နေတာလား”


“ညီမ…မဟုတ်ပါဘူး…အဲ့လို…”


ကျန်းယို၏မှင်သက်နေသော မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းသွားတော့သည်။ ရှောင်းချီအပေါ် သူမ၏ ခံစားချက်များကို သတိမထားမိခင်က ထိုစကားလုံးများကို ကျန်းယိုက တည်ငြိမ်စွာရင်ဆိုင်နိုင်သော်လည်း ယခုတွင်တော့…….။


ကျန်းယိုတောင့်ခဲနေချိန်တွင် စုရွေ့က သူမထိုင်နေသည့် ဆိုဖာဆီသို့ဖြေးညင်းစွာ လျှောက်လာလေသည်။ 


“မင်းငါ့ကို….ကြိုက်နေတာမဟုတ်ဘူးလား”


စုရွေ့က ရုတ်တရက် ကိုင်းညွှတ်လာပြီး လက်နှစ်ဖက်က ဆိုဖာနောက်မှီကို ထောက်လိုက်ကာ ကျန်းယိုကို သူနှင့် ဆိုဖာကြားတွင် ညှပ်ထားလိုက်သည်။ 


ကျန်းယိုက သတိပြန်ကပ်လာပြီး သူမအရှေ့မှ ယောက်ျားကိုကြည့်လာ၏။ သူ၏အငွေ့အသက်ကြောင့် သူမ တစ်ကိုယ်လုံး အရည်ပျော်တော့မလို ခံစားနေရသည်။ ကျန်းယို၏နှလုံးက ရုတ်တရက် အခုန်မြန်လာ၏။ ယခုတွင် သူမမျက်နှာသာမက လည်ပင်းများတစ်လျှောက်အထိ နီမြန်းနေလေသည်။


စုရွေ့၏မျက်နှာ နီးကပ်လာသည်ကိုကြည့်ရင်း ကျန်းယို၏မျက်တောင်များက တုန်ယင်သွားကာ မျက်လုံးများကို ပိတ်ချလိုက်သည်။ 


“ဟက်”


အေးစက်နေသည့်ရယ်သံတစ်ခုက ကျန်းယို၏ နားထဲသို့ ဝင်ရောက်လာသည်။


“မင်းကအရမ်းဈေးပေါတာပဲ အဲ့ဒါကို ဝမ့်ဝမ်ဟောက်သိရဲ့လား”


ကျန်းယိုက မျက်လုံးဖွင့်လိုက်ရာ စုရွေ့၏ မည်းနက်ပြီး စူးရှနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွား၏။


“ဘယ်လို….”


ကျန်းယိုက စုရွေ့အား မယုံနိုင်မှုများစွာနှင့် ကြည့်လိုက်သည်။


သူဘယ်လိုလုပ်သိတာလဲ……။


“ကျန်းယို ငါမင်းကိုကြည့်လေ စိတ်ပျက်လာလေပဲ သိလား”


စုရွေ့က ရွံရှာမှုဖြင့် ခေါင်းခါလိုက်ပြီး တစ်ချိန်တည်းမှာပင် သူနှင့်အတူသယ်ဆောင်သွားနေကျ လက်ကိုင်ပဝါလေးကို ထုတ်၍ သူ့လက်များကို သုတ်လိုက်သည်။ ၎င်းက တကယ်ကို စိတ်ညစ်ဖို့ကောင်းလေသည်။ သူက ယခုလေးတင် အတော်လေးနီးအောင်ကပ်မိသွား၏။ ယခုတွင် သူတစ်ကိုယ်လုံး မသက်မသာဖြစ်နေတော့သည်။


စုရွေ့၏မျက်နှာက စိတ်ပျက်ရွံရှာမှုများနှင့် ပြည့်နေသောအခါ ကျန်းယို၏ မျက်နှာက ဖြူဖျော့သွားလေသည်။ 


ရွံတယ်တဲ့လား…..။


ကျန်းယို မျက်ရည်များကျလာတော့၏။ သူမ၏အစ်ကိုကြီးရှောင်းက သူမကို ရွံဖို့ကောင်းသည်ဟု ပြောလာသည်။ 


ဒါပေမယ့် သူမဘာအမှားလုပ်မိလို့လဲ….။


စုဝမ်က သူမရဲ့ဘဝကိုခိုးယူသွားပေမယ့် အဲ့ဒါနဲ့ပတ်သက်ပြီး ရန်ရှာခဲ့လို့လား သူမကအမြဲ အဲ့ဒီညီမလေးအတွက် အနစ်နာခံပေးပြီး နေ့တိုင်းအပြုံးနဲ့ကြိုဆိုခဲ့ပေမယ့် သူမကိုငြင်းပယ်ခဲ့တယ်လေ….။


အခုတော့ စုဝမ်က သူမရဲ့ အစ်ကိုကြီးရှောင်းကိုတောင် လုယူလာခဲ့တယ်…။


“အစ်ကိုကြီးရှောင်း စုဝမ်ကဘာတွေများကောင်းနေလို့လဲ သူမကအစ်ကိုကြီးကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်သလို ညီမ…ညီမလည်း လုပ်ပေးနိုင်ပါတယ်”


ကျန်းယိုက တုန်တုန်ယင်ယင်နှင့်ထလာပြီး စုရွေ့၏ အင်္ကျီစကိုဆွဲလာသော်လည်း စုယွေ့က တွန်းထုတ်လိုက်သည်။ 


“ထွက်သွားစမ်း”


ပြင်းထန်သည့်အားက ကျန်းယိုကို ကြမ်းပြင်ပေါ်သို့ လဲကျသွားစေသည်။ သူမ၏နဖူးက ဆိုဖာထောင့်နှင့် ဆောင့်မိသွားကာ နဖူးမှ သွေးများထွက်လာပြီး မျက်နှာပေါ်တွင် သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။


နာလိုက်တာ….


သူမရဲ့ခန္ဓာကိုယ်ကနာတယ် နှလုံးသားကလည်းနာတယ်….


အရင်က သူမကို ဂရုစိုက်ခဲ့တဲ့ အစ်ကိုကြီးရှောင်းကို ဘယ်လိုမှ ပြန်ရှာလို့မရနိုင်တော့ဘူး….။


သူမအရှေ့မှာရှိနေတဲ့လူက သူမကို စက်ဆုပ်ရွံရှာစရာတစ်ခုလို မြင်နေပြီပဲ….။


“ရှောင်းချီ ရှောင်းချီ…”


ကျန်းယိုက နှလုံးသားကြေကွဲပြီး သူ့အမည်ကိုခေါ်မိသည်။ သို့သော် သူမအရှေ့ရှိလူက သူမ၏ဒဏ်ရာနှင့် သွေးများကို မြင်သည့်ပုံမပေါ်ပေ။


သူက စားပွဲဆီသို့ စိတ်မပါဘဲလျှောက်သွားလိုက်ပြီး ကုမ္ပဏီ၏ အတွင်းလိုင်းနှင့် ချိတ်ဆက်လိုက်သည်။ 


“လုံခြုံရေးနှစ်ယောက်ကိုလွှတ်လိုက် အခုချက်ချင်း”


ကျန်းယိုကို တစ်စက္ကန့်လောက်ကြာအောင်ပိုကြည့်မိလျှင် စုရွေ့က သူမကို နုပ်နုပ်စဥ်း၍ ခွေးများကို ကျွေးပစ်သွားမိချေမည်။ 


ကုမ္ပဏီ၏လုံခြုံရေးဝန်ထမ်းနှစ်ယောက်က ရုံးခန်းထဲသို့ရောက်လာသောအခါ သူတို့က မျက်နှာပေါ်တွင် မျက်ရည်များ၊ သွေးများနှင့် ပေပွနေသည့် မိန်းမတစ်ယောက်က ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ 


ဒါက ဘယ်လိုအခြေအနေလဲ….။


“ဒီရူးနေတဲ့မိန်းမကို ခေါ်ထုတ်သွား နောက်နောင် သူမကို ကုမ္ပဏီအရိပ်တောင် မနင်းစေနဲ့”


စုရွေ့၏အေးစက်သည့် ညွှန်ကြားချက်များကိုကြားသောအခါ တံခါးဝမှာ လုံခြုံရေးဝန်ထမ်းနှစ်ယောက်က ချက်ချင်းပင် နာနာခံခံနှင့် အရှေ့သို့တိုးလာပြီး ကျန်းယိုကို ဆွဲထူလိုက်သည်။ ကျန်းယိုက သူမ၏ စိတ်ဝိညာဥ်ကို ဆုံးရှုံးလိုက်ရသည့်ပုံ ပေါ်နေသည်။ လူနှစ်ယောက်က သူမကို စုရွေ့၏ကုမ္ပဏီမှ ဆွဲထုတ်သွားသည်ကို အကူအညီမဲ့စွာနှင့် ခွင့်ပြုလိုက်ရသည်။ သူမ၏တစ်ကိုယ်လုံးက အားအင်မဲ့စွာနှင့် ထောင့်တစ်ထောင့်တွင် မှီနေပြီး ကုမ္ပဏီ၏ အရှေ့တံခါးကို ငူငူငိုင်ငိုင်နှင့် ကြည့်နေမိ၏။


စုချန်းဝမ်ယွဲ့…။


၎င်းက စုရွေ့ကုမ္ပဏီ၏အမည်ဖြစ်သည်။


စုချန်းဝမ်ယွဲ့….စုဝမ်…။


စုဝမ်…ဟား ဟား ဟား…။


ကျန်းယို၏မျက်လုံးများက တဖြည်းဖြည်းနှင့် အေးစက်လာသည်။ သူမက ယခုအတောအတွင်းတွင် ကြင်နာလွန်းပြီး အားနည်းနေခဲ့သည်ဟု ခံစားမိ၏။ ထို့ကြောင့်သာလျှင် စုဝမ်က တစ်လက်မလောက်ရလိုက်ပြီးနောက် ယခုလိုအကွာအဝေးထိရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ 


သူမ ပြန်တိုက်ခိုက်ရမယ်….စုဝမ်က ဘယ်လောက်တောင် စက်ဆုပ်ဖို့ကောင်းတယ်ဆိုတာ လူတိုင်းမြင်စေရမယ်…။


အစ်ကိုကြီးရှောင်းနားလည်သဘောပေါက်သွားပြီး သူမကိုစိတ်ရင်းနဲ့ ပြန်ဆက်ဆံလာတဲ့ နေ့တစ်နေ့ကို သေချာပေါက် ရောက်လာစေရမယ်…..။



___


Translated By IQ-Team.🚩