Chapter 155
Viewers 8k

🚩Chapter -155

 Arc_7.နေရာလွဲမှားနေသောသမီး [ 21 ]


_____



ကပွဲညပြီးသွားသည့်အခါ ဖုန်းဟန်ကျောင်းက သုံးရက်ကျောင်းပိတ်လေ့ရှိ၏။ 


နောက်တစ်နေ့နေ့လည်တွင် စုဝမ်က စုရွေ့နှင့်အတူ စုမိသားစုအိမ်သို့ပြန်လာခဲ့သည်။ သူတို့တံခါးကိုဖွင့်၍ ဝင်လာသောအခါ စုဟိုင်ချန်းက ဝမ်ရှူးကျယ်နှင့်အတူ နေ့လည်စာစားနေသည့် ရှားပါးသောမြင်ကွင်းလေးကို မြင်လိုက်ရသည်။ 


ဝမ်ရှူးကျယ်၏ အသားအရေမှာ အတော်လေးတိုးတက်ကောင်းမွန်နေပြီဖြစ်၏။ သို့သော် စုရွေ့က သူမ၏ ခန္ဓာကိုယ်ထဲရှိ ကျန်ရှိနေသေးသော အဆိပ်များကို ဖယ်လိုက်လျှင်တောင် သူမ၏လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ အများဆုံးနှစ်နှစ်အထိသာ အသက်ရှင်နေနိုင်ကြောင်းကို သူမအား ပြောပြထားသည်။ 


သူမ မကြာခင်သေတော့မည်ကို သိထားသော ဝမ်ရှူးကျယ်က မျှော်လင့်ချက်တို့ ကုန်ဆုံးသွားသည့်ပုံပေါ်မနေပေ။ လက်ရှိတွင် သူမက ချစ်မြတ်နိုးရသည့်သူများနှင့် ကုန်ဆုံးရသည့်အချိန်များကိုသာ တန်ဖိုးထား၍နေထိုင်နေ၏။


“ရှောင်ဝမ် ရှောင်ချီ မင်းတို့ပြန်လာကြပြီ နေ့လည်စာနဲ့အချိန်မီလေးပဲ”


ဝမ်ရှူးကျယ်ကပြုံး၍ လူနှစ်ယောက်ကို ဆီးကြိုသာအခါ စုဝမ်ကလည်း သူမကို ပြန်ပြုံးပြလာသည်။


 “အမေ ရှောင်းချီနဲ့သမီးက အပြင်မှာစားလာပြီးပြီ အမေတို့ပဲစားကြပါ” 


စုဝမ်က ထမင်းစားခန်းထဲမှ ထိုင်ခုံအလွတ်ကိုကြည့်လိုက်၏။ “ကျန်းယို အခုထိ ပြန်မရောက်သေးဘူးလား”


“အစ်မကို ဂရုစိုက်နေတာ ရှားရှားပါးပါးပါလား”


စုဟိုင်ချန်းက တူကိုဖြေးညင်းစွာချ၍ စုဝမ်ကို ကြည့်လာသည်။ “မနေ့က မင်းတို့အတန်းပိုင်ဆရာက ဖုန်းခေါ်လာတယ် ကျန်းယိုကို ပညာရေးဆိုင်ရာလှုပ်ရှားမှုတစ်ခုမှာ ပါရအောင်ခေါ်သွားတယ်တဲ့ မင်းလည်း မင်းအစ်မလို စာကြိုးစားသင့်တယ် သေချာပေါက် အဖေနဲ့အမေက ထိပ်ဆုံးသုံးနေရာကို ရရမယ်လို့မပြောပါဘူး အောက်ဆုံးမှာရှိမနေရင် ရပြီ”


စုဝမ် : ……..


မူလပိုင်ရှင်ကိုခွင့်လွှတ်ပေးပါ သူမရဲ့ အသွင်အပြင်က ကျောင်းပန်းကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သူမရဲ့အဆင့်တွေက လုံးဝဟာသတစ်ခုပဲ…..။


ဆန့်ကျင်ဘက်တွင် ကျောင်းပြောင်းရင်း အလုပ်ရှုပ်နေခဲ့သော ကျန်းယိုက ယခင်စာသင်နှစ်က နောက်ဆုံးစာမေးပွဲတွင် အဆင့်၁ရခဲ့လေသည်။


ထို့ကြောင့် စုမိသားစု၏ ဇနီးမောင်နှံက မြေခွေးအိုကြီးဝမ့်၏ အလိမ်အညာများကို သံသယမဝင်ကြချေ။ သူတို့က လုံးဝ သံသယမဝင်ကြဘဲ သူတို့သမီးကို သူ့ထံ စိတ်ချလက်ချပင် ထည့်ပေးလိုက်သေးသည်။


“သမီးသိပါတယ် ဒီနှစ်တော့ ထိပ်ဆုံးသုံးနေရာကိုဝင်ဖို့ ကြိုးစားနေပါတယ်”


ထိုစကားကိုပြောပြီးနောက် စုဝမ်က စုရွေ့နှင့်အတူ အပေါ်ထပ်သို့ လျင်မြန်စွာ တက်သွားတော့သည်။ တကယ်တမ်းတွင် သူမက တစ်နှစ်လုံး၏ပထမနေရာကို မယူချင်ပေ။ သို့သော် စုဝမ်က မလိုလားအပ်သော ပြဿနာတို့ကိုလည်း ဖြစ်မလာစေချင်။ နှစ်သစ်ကူးပြီးသွားလျှင် သူမစောင့်မျှော်နေခဲ့သည့်သူက ပေါ်လာတော့မည်။


ကျင်းလျဲ့……


မြို့တော်ရှိ လျဲ့ဟော်အုပ်စု၏ခေါင်းဆောင်….


မူလဇာတ်ကြောင်းတွင် ကျင်းလျဲ့က ကျန်းယို၏ ကယ်ဆယ်ခြင်းကိုခံလိုက်ရသည်။ သူတို့နှစ်ယောက်လုံးက အလွန် စိတ်အားထက်သန်ကြသည့် သူများဖြစ်ကြသည်။ ဝမ့်ဝမ်ဟောက်၏ ကြင်နာမှုများ၊ ချစ်မြတ်နိုးမှုများနှင့် ယှဥ်ကြည့်လျှင် ကျင်းလျဲ့က အတည်မဟုတ်သည့်ပုံပေါ်၏။ ထိုအလွန်ကြမ်းတမ်းပြီး အညှာအတာမဲ့ကာ အစွဲအလမ်းကြီးနေသည့် ဘော့စ်က ကျန်းယိုကို အန္တရာယ်ပြုမည့်သူတိုင်းကို ရှင်းလင်းပေးလိမ့်မည်။ မူလပိုင်ရှင် စုဝမ်က ကျင်းလျဲ့ ရှင်းထုတ်ခဲ့သော အမြှောက်စာဇာတ်ကောင်များထဲမှ တစ်ယောက်ဖြစ်သည်။


စုရွေ့အတွက် အနားယူရန် တစ်ရက်ရသည်မှာ ရှားရှားပါးပါးပင်ဖြစ်သောကြောင့် သူ့ဇနီးလေးအား တစ်နေ့လုံး အဖော်ပြုပေးခဲ့သည်။ နောက်တစ်နေ့တွင် စုရွေ့က သွက်လက်တက်ကြွစွာနှင့် အလုပ်သို့ ရောက်လာသည့်အချိန်တွင် ကျန်းယိုက သူ့ကုမ္ပဏီတံခါးအရှေ့၌ စောင့်နေသည်ကို တွေ့လိုက်ရ၏။ သူမကို ကြည့်ရသည်မှာ အတော်လေးကြာအောင် စောင့်နေပုံပေါ်သည်။


“အစ်ကိုကြီးရှောင်း”


စုရွေ့၏ပုံရိပ်လေးကို မျက်လုံးထောင့်တစ်နေရာမှ ဖမ်းယူမိသည်နှင့် ကျန်းယိုက ချက်ချင်းမတ်တပ်ရပ်၍ သူ့ကိုခေါ်လာသည်။ သူမကဘာမှမပြောရသေးခင်မှာပဲ မျက်လုံးများက နီရဲလာလေသည်။


လွန်ခဲ့သည့်နှစ်ရက်က အိပ်မက်မက်နေသလိုပင်ဟု ကျန်းယိုခံစားမိ၏။ ပထမတွင် လော့ယွီနှင့် လမ်းခွဲခဲ့ပြီး နောက်တွင် ဆရာဝမ့်နှင့်…….။


သူမက ဝမ့်ဝမ်ဟောက်၏ အိမ်မှ ထွက်ပြေးလာခဲ့ပြီး မရင်းနှီးသည့်လမ်းများထက်တွင် လျှောက်သွားနေမိသည်။ ရုတ်တရက် ကျန်းယိုက မြို့ငယ်လေးရှိ သူမ၏ဇာတိမြေနှင့် ငယ်ရွယ်စဥ်က သူမ၏ကစားဖော်ကို လွမ်းလာမိသည်။ သူမက မသိစိတ်အရ ရှောင်းချီကို ဖုန်းခေါ်ချင်ခဲ့၏။ သို့သော် ကံမကောင်းစွာနှင့် သူမ၏နံပါတ်ကို စုရွေ့က ဘလော့ထားလေသည်။


ကံကောင်းသည်က ကျန်းယိုတွင် ရှောင်းယွင်ရိ၏ ဖုန်းနံပါတ်ရှိနေသေးသည်။ သူမကချက်ချင်း ရိုက်ကွင်းတွင်ရှိနေမည့် သူ့ကို လှမ်းဆက်လိုက်သည်။ ရိုက်ကူးရေးအလယ်တွင်ရှိနေသော ရှောင်းယွင်ရိက သူ့အစ်ကိုနှင့် အမြဲအဆက်အသွယ်ရှိ၏။ သူ့အတွေးများက အလွန်ရိုးရှင်းပြီး ကျန်းယိုက သူ့အစ်ကို၏ အလုပ်လိပ်စာကိုလိုချင်နေသည်ကိုသိသောအခါ နှစ်ခါမစဥ်းစားဘဲ ကျန်းယို၏ဖုန်းထဲသို့ လိပ်စာကိုပို့ပေးလိုက်သည်။


ရလဒ်အနေနှင့် စုရွေ့က သူမနှင့် တန်းတိုးလေသည်။


စုရွေ့က ကျန်းယိုကိုတွေ့သောအခါ ခေါင်းကိုက်စရာလာပြီဟု တွေးလိုက်၏။ ဤအမျိုးသမီးဇာတ်လိုက်ကို သတ်ပစ်၍လည်း မရချေ။ သူမကိုရိုက်လျှင်လည်း သူ့ဂုဏ်သိက္ခာကျဦးမည်။ သူမက သူ့ကို အဆုံးမရှိအောင် အနှောင့်အယှက်ပေးလွန်းလေသည်။


ဗိုလ်ချုပ်ကြီးစုက တီဗီ၊ ကွန်ပျူတာများနှင့် စတင်ထိတွေ့ပြီး ခွေးသွေးတီဗီဇာတ်လမ်းတွဲများတွင် ပါဝင်သည့် ပိုးဟပ်များကဲ့သို့ ဇွဲကြီးကြသော အမျိုးသမီးဇာတ်လိုက်များကို ကြည့်မိချိန်တွင် သူတို့က စိတ်ရှုပ်စရာကောင်းသည်ဟု စုရွေ့တွေးမိသည်။ သို့သော် ကျန်းယိုကို တွေ့ပြီးနောက်တွင်တော့ ဗိုလ်ချုပ်ကြီးစုက ကောင်းကင်ထက်အလွန်တွင် ကောင်းကင်ထပ်ရှိသေးကြောင်း သိလိုက်ရ၏။


[ T/N ကျယ်ပြောလှသော ကမ္ဘာကြီးတွင် ထိုလူတစ်ယောက်ထက် ပိုသာသော လူများရှိသေးကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ ]



“အစ်ကိုကြီးရှောင်း”


စုရွေ့က သူမကို လျစ်လျူရှုနေသည်ကိုတွေ့သောကြောင့် ကျန်းယိုက တီးတိုးလေးထပ်ခေါ်လိုက်ကာ မျက်လုံးထဲမှ မျက်ရည်များကျလာတော့၏။


လော့ယွီ၏ ဂရုစိုက်မှုများမရှိခင်က တစ်ခုခုဖြစ်လျှင် သူမ ပထမဆုံး တွေးမိသူမှာ ရှောင်းချီသာဖြစ်သည်။ 


သူတို့ငယ်ငယ်က ထိုအမှတ်တရများက ယခုတွင် သူမအတွက် အသယ်ကယ် ကောက်ရိုးမျှင်လေးလိုပင်။ တစ်လောကလုံးက သူမကို စွန့်ပစ်သွားလျှင်တောင် အစ်ကိုကြီးရှောင်းကတော့ စွ့န်လွှတ်လိမ့်မည်မဟုတ်ဟု တွေးထင်မိသည်။ 


တကယ်တမ်းတွင် ရှောင်းချီက ဤကမ္ဘာတွင် အချစ်တတ်ဆုံး အရံအမျိုးသားဇာတ်ကောင်ဖြစ်၏။


သူကနှစ်ပေါင်းများစွာကြာအောင် ကျန်းယိုကို တိတ်တဆိတ်လေး စောင့်ရှောက်ခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် ကျန်းယိုက ထိုခံစားချက်များကို နားမလည်ဘဲ ထိုလူကိုလည်း မည်သို့ တန်ဖိုးထားရမည်ကို မသိခဲ့ချေ။ ဖုန်းဟန်ကျောင်းသို့ ဝင်လာပြီးနောက် သူမက တဖြည်းဖြည်းနှင့် လော့ယွီကို သဘောကျလာခဲ့သည်။ လော့ယွီနှင့် အတူရှိလာပြီးနောက် ကျန်းယိုနှင့် လော့ယွီ၏ဆက်ဆံရေးက သူမ၏ နှလုံးသားနူးညံ့မှုကြောင့်ရှုပ်ထွေးလာပြီး လော့ယွီ၏ အသေခံပရိသတ်များကလည်း သူမကို ပြစ်တင်ရှုံ့ချလာကြတော့သည်။ နောက်ပိုင်းတွင်တော့ သူမက ဝမ့်ဝမ်ဟောက်၏ မြိန်ရေရှက်ရေစားခြင်းကို ခံလိုက်ရသည်။ 


နောက်ဆုံးတော့ အချစ်ဆိုတာဘာလဲ……။


ငယ်ရွယ်ကာ နှလုံးသားနူးညံ့သော ကျန်းယိုတွင် သန်မာသော ခွန်အားများရှိသော်လည်း အချစ်ရေးတွင် သူမက အမြဲဆုံးဖြတ်ချက် မပြတ်မသားဖြစ်ကာ လှည့်ပတ်နေတတ်သည်။


အမျိုးမျိုးသော ယောက်ျားများ၏ ပျူငှာရက်ရောမှုကို သူမ ဘယ်တုန်းကမှ မငြင်းခဲ့ပေ။ သူမ နှလုံးသားထဲတွင် အခြားသူများကို မနာကျင်စေချင်၍ဟု တွေးသော်လည်း တကယ်တမ်းတွင် အခြားသူများအား ရှေ့ဆက်တိုးရန် မရှင်းမလင်းသော အချက်ပြမှုများကို ပေးနေသလိုသာဖြစ်နေသည်။


အမျိုးသမီးတစ်ယောက်၏ ဆုံးဖြတ်ချက်မပြတ်သားမှုက အမျိုးသားများကို မျှော်လင့်ချက်အတုများ ပေးနေသလိုသာ ဖြစ်သည်။


မူလကမ္ဘာတွင် လော့ယွီက ကျန်းယို၏ ပထမဆုံးလူဖြစ်ပြီး သူ၏တာဝန်ယူတတ်သည့်အကျင့်စရိုက်နှင့်ညီစွာ ကျန်းယိုဘေးတွင် အမြဲရှိပေးခဲ့၏။ ကျန်းယိုနှင့် ဝမ့်ဝမ်ဟောက်တို့ မရှင်းမလင်းဆက်ဆံရေးမျိုးရှိနေသည်ကို သူသတိထားမိသောအခါ လော့ယွီက ကျန်းယိုကို နက်နက်ရှိုင်းရှိုင်းချစ်သောကြောင့် လမ်းခွဲရန်အကြောင်းကို စဥ်းစားခဲ့သော်ငြား အချစ်စစ်က အရာအားလုံးကို ပိုင်စိုးနိုင်လေသည်ဟု သူ့ကိုယ်သူလိမ်ညာခဲ့၏…….။


‘ငါနင့်ကိုချစ်လို့ ငါ့အပြင် နင်တခြားသူတွေကိုချစ်ရင်တောင်မှ ကိစ္စမရှိဘူး’ ဆိုတဲ့ ခံစားချက်အတွေးကို ဗိုလ်ချုပ်ကြီးစု လုံးဝနားမလည်နိုင်ဘူး…..။


ငါမင်းကိုချစ်တယ် မင်းလည်းငါ့ကိုချစ်တယ်….။


ငါတို့တစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြပြီး အချင်းချင်းကိုပဲကြည့်ကြမယ်….။


စုရွေ့က အချစ်စစ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိလျှင်တောင်မှ ထိုကဲ့သို့သာဖြစ်သင့်သည်ဟု တွေးမိ၏။


အချစ်စစ်ဖြစ်သောကြောင့် အခြားယောက်ျားများနှင့်ပတ်သက်လျှင်လည်း ကိစ္စမရှိဟု တွေးတတ်သည့်သူများနှင့် အချစ်စစ်ဖြစ်သောကြောင့် သူမ၏လူတွင် မိန်းကလေးအများကြီးရှိနေသည်ကို လက်ခံနိုင်သောအမျိုးသမီးများအနေနှင့် ဗိုလ်ချုပ်ကြီးစုအတွေးအမြင်ထဲတွင် ထိုလူများက “ဦးနှောက်မဲ့”နေပြီး ကုသမှုခံယူရန်လိုအပ်နေသည်ဟုသာ မြင်မိသည်။ 


ယခုအခိုက်အတန့်တွင် ထိုကဲ့သို့သော လူတစ်ယောက်က စုရွေ့အရှေ့တွင် ရပ်နေ၏။ 


“ဆရာဝမ့်ရော အတူပါမလာဘူးလား”


စုရွေ့က ငိုချင်နေသည့် ကျန်းယိုကို တွေ့သောအခါ အဖြေကိုသိနေသော်ငြား သူမကိုမေးလိုက်သည်။


“တစ်ယောက်တည်း ထွက်လာတာလား ဘာလို့အိမ်ကိုမပြန်တာလဲ”


“အစ်ကိုကြီးရှောင်း”


စုရွေ့က ဝမ့်ဝမ်ဟောက်အမည်ကိုပြောလာသည့်အခါ ကျန်းယို၏မျက်နှာကချက်ချင်း ပြောင်းလဲသွား၏။ မနေ့ညက မြင်ကွင်းများက သူမစိတ်ထဲတွင် ရှင်းရှင်းလင်းလင်းပေါ်လာသည်။ သူမ ဆန္ဒမရှိသော်လည်း စိတ်မပါစွာနှင့် လိုက်လျောပေးပြီးနောက်တွင် ဝမ့်ဝမ်ဟောက်နှင့် ဆက်ဆံရေးရှိသွားခဲ့သည်။


အခြေအနေများက ဤအဆင့်ထိရောက်သွားပြီး ရှောင်းချီကို မည်သို့ ရှင်းပြရမည်ကို သူမ မသိတော့ပေ။ ၎င်းက ပြောပြရန် အလွန်ခက်ခဲလှသည်။ သို့သော်………။


သူမနှလုံးသားထဲတွင် အတော်လေးဝမ်းနည်းနေမိသည်။ ယခင်က အစ်ကိုကြီးရှောင်း၏ ပခုံးကျယ်ကြီးများနှင့် နွေးထွေးသော ရင်ခွင်ကို လွမ်းမိသည်။


မနေ့ညက ဝမ့်ဝမ်ဟောက်သည် သူမကို ဖက်၍ ကပွဲမှ ခေါ်ထုတ်သွားခဲ့ပြီး သူမက သူ့ရင်ခွင်ထဲတွင် တိုးဝှေ့နေခဲ့သည်။ တကယ်တမ်းတွင် သူမနှလုံးသားထဲ၌ ထိုလူက ရှောင်းချီဟုသာ အမြဲတမ်း တွေးနေခဲ့သည်။


ထိုထွေးပွေ့မှုက ရှောင်းချီကဲ့သို့ပင် နွေးထွေးသည်ဟု ခံစားမိပြီး သူမအခက်အခဲတွေ့နေချိန်၊ သူမအကူအညီလိုအပ်နေချိန်တွင် အချိန်တိုင်း ရှောင်းချီပေါ်လာတတ်စမြဲပင်။


ဝမ်းနည်းစရာကောင်းသည်က ထိုအရာများက အတိတ်တွင်သာ ကျန်နေခဲ့သည်…….။


ဤကမ္ဘာ၏ မူလဇာတ်ကြောင်းတွင် ကျန်းယိုကို ကာကွယ်ရန် လော့ယွီက အမြဲအသင့်ရှိနေခဲ့သည်။ သူမက တစ်ဘဝလုံးတွင် မရေမတွက်နိုင်သော ယောက်ျားများကို ချစ်ခဲ့သော်လည်း အဆုံးတွင်တော့ ရှောင်းချီ၏ ကောင်းမွန်သည့် တစ်ဖက်ခြမ်းကို မတွေ့ခဲ့ပေ။


ယခုတွင် အဆင်မပြေမှုများကို ဆက်တိုက်ခံစားလာရသော ကျန်းယိုသည် ရှောင်းချီအပေါ် သူမ၏ခံစားချက်များမှာ ယခင်နှင့်မတူညီတော့ကြောင်း ရုတ်တရက် သဘောပေါက်သွား၏။


ဤဇာတ်ကြောင်းသာ ပြန်လည်မွေးဖွားလာသည့်ဇာတ်ကြောင်းဆိုလျှင် အမျိုးသမီးဇာတ်လိုက်က ချက်ချင်း ပြန်လည်မွေးဖွားလိမ့်မည်။ ထို့အပြင် ငယ်ရွယ်သည့်ဘဝသို့ပြန်သွားပြီး ကွဲကြေသွားသော မှန်တစ်ချပ်ကို ပြန်ဆက်သကဲ့သို့ သူမ၏ငယ်သူငယ်ချင်းနှင့် နက်နက်ရှိုင်းရှိုင်းချစ်ကျွမ်းဝင်မိလိမ့်မည်။


ကံမကောင်းစွာနှင့် ဇာတ်ကြောင်းအသွားအလာက ထိုကဲ့သို့မဟုတ်ခဲ့ပေ။


__~~~__


Translated By IQ-Team.🚩