အပိုင်း ၁
Viewers 11k

ယီဟွေ့ အိမ်မက်မက်ပြန်သည်။
၎င်းက ပြာမှုန်ကဲ့သို့ မီးခိုးရောင်မြူများ ရစ်ပတ်ထားသည့် ပြန့်ကျဲနေသောအပိုင်းအစများဖြစ်၍ လွန်လေပြီးခဲ့သော အချိန်တစ်ခုမှ အကြောင်းများဖြစ်ကြောင်း ပြန်လည်အမှတ်ရစေသည်။
အကယ်၍ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပါက ‌ဗလာကျင်းလုနီးနီးဖြစ်နေသော အခန်းတစ်ခုထဲရှိ အိပ်ရာပေါ်တွင် ခေါင်းအုံးနှစ်လုံးကို ဘေးချင်းယှဉ်လျက်ချထားပြီး ဘယ်ဘက်တွင်ထားထားသော ဒိုရေမွန်အရုပ်လေးကလည်း မီးအိမ်ဖျော့ဖျောအောက်တွင် ရယ်မောနေသည်။
သူ့အကြည့်က စားပွဲပေါ်ရှိ အငွေ့တလူလူထွက်နေသောရေခွက်ပေါ် အလိုလိုရောက်သွားသည်။ အိမ်မက်ထဲတွင် သူ့ခန္ဓာကိုယ်က စိတ်ထက်တစ်လှမ်းစောပြီး မတ်တပ်ရပ်လာကာ တဖြည်းဖြည်း လမ်းလျှောက်သွားသည်။ တံခါးကို ဘန်းခနဲဖွင့်လိုက်သည့်အခါ သူ့ကိုကြိုဆိုနေသောအရာက နေရောင်ခြည်ဖြာနေသည့် မနက်ခင်းမဟုတ်ပဲ မုန်တိုင်းထန်နေသော သန်းခေါင်ယံအချိန်ဖြစ်သည်။ အဝေးမှ မိုးမျှော်တိုက်များကလည်း ညကောင်းကင်ယံ၏ ထူထပ်လှသော အမှောင်ထုထဲကို တိုးဝင်ပျောက်ကွယ်သွားသည်။
တစ်ဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် တံခါးက မရှိတော့ပေ။ သူ သွားစရာ နေရာမရှိတော့သကဲ့သို့ မည်သည့်နေရာကို သွားရမည်လည်း မသိပေ။ သို့သော်လည်း ဤနေရာတွင် ထိုင်မနေရဲသောကြောင့်အဝေးမှ နီယွန်မီးလုံးများရှိရာသို့ လျှောက်သွားလိုက်သည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ရှေ့မှပုံရိပ်က စည်းချက်ကျကျ လှုပ်ခါနေသည်။ သူ မျက်တောင်မခတ်သည်မှာ သေချာသော်လည်း အလင်းရောင်လှိုင်းများက မြူအဖြစ်ပြောင်းသွားပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ သို့ရာတွင် သူ မရပ်တန့်နိုင်သေးပေ။ ထိုစဉ် သူ့နောက်မှ အသံတစ်သံ ကြားလိုက်ရသည်။ တစ်စုံတစ်ယောက်က သူ့နောက်ကိုလိုက်နေပြီး အရိပ်ပေါ်ကိုနင်းကာ သူ့ကျောရိုးများကို ချိုးပစ်ရန် ကြံရွယ်နေသည်။
သူ့ခြေထောက်အောက်မှ လမ်းမက မတ်စောက်လာပြီး လမ်းလျှောက်ရ ခက်ခဲလာသည်။ အနက်ရးရောင်အရိပ်က တစ်ခါတစ်ရံတွင် သူ့ဘေးမှ ပေါလောမျောလာပြီး တစ်ခါတစ်ရံ သူ့ခေါင်းပေါ် ရောက်လာသည်။ နွယ်ပင်များက သူ့ခန္ဓာကိုယ်ကို တင်းကြပ်စွာ ရစ်ပတ်ထားပြီး မြွေများက လျှာနှစ်ခွထုတ်ကာ သူ့ကျောပြင်ကို ထိတွေ့နေသကဲ့သို့ ဖြစ်နေသည်။
အသက်ရှုရ ခက်ခဲလာပြီး ရင်ဘတ်တွင်လည်း နာကျင်လာသည်။ သူ့ရှေ့မှ နောက်ဆုံးနေရောင်ခြည်ကို အမှောင်ထုက ဝါးမျိုသွားချိန်တွင် ခြေချော်ပြီး မြေပြင်ပေါ် လဲကျသွားသည်။
အေးစိမ့်မှုနှင့်အတူ နာကျင်မှုပါ ယှဉ်တွဲရောက်ရှိလာသည်။ အအေးဓာတ်က သူ့နှလုံးသားထဲ စိမ့်ဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများနှင့် ချွေးပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ကြီးမားကျယ်ပြန့်သော ကောင်းကင်နှင့် မြေပြင်အကြားတွင် သူကြားနေရသည့် တစ်ခုတည်းသောအရာက သူ၏နှလုံးခုန်သံဖြစ်သည်။
တိမ်မည်းများက သူ့ကိုအုပ်မိုးကာ အမှောင်ထုကြီးကလည်း လွှမ်းခြုံထားပေသည်။
သူ၏ နောက်ဆုံးလက်ကျန်ခွန်အားဖြင့် ခေါင်းမော့ပြီး‌ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။ သူ့အရှေ့မှ မည်သူမှ မလာနေသကဲ့သို့ အနောက်မှ လိုက်လာနေသူလည်း မရှိပေ။ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်က လေထုထဲ ရစ်ဝဲနေသည့် အောင်နိုင်သူကဲ့သို့ ရယ်သံကြီးဖြစ်သည်။
မည်သူမှ သူ့ကို လာရောက်မကယ်တင်ကြပေ။
မနက် ၄နာရီခွဲအချိန်တွင် ယီဟွေ့က စောင်ကိုတွန်းဖယ်လိုက်ပြီး အိပ်ရာပေါ်တွင် မိနစ်အနည်းငယ်ခန့် ထိုင်နေလိုက်ပြီးမှ ဦးနှောက်က ဖြစ်ပျက်နေသည့်အရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူ အိပ်ရာပေါ်မှ တဖြည်းဖြည်းထလာပြီး ခြေညှပ်ဖိနပ်ကို ဝတ်ဆင်ကာ အောက်ထပ်သို့ဆင်းလာပေသည်။
သူ့ခြေသံက အမြဲတမ်း တိုးညှင်းလှပေသည်။ သူက အိမ်ပြတင်းပေါက်အပြင်ဘက်ရှိ တံစက်မြိတ်တွင် နားနေသည့် ငှက်များကိုပင် လန့်မနိုးသွားစေပေ။ သူ မီးဖိုချောင်ထဲဝင်သွားပြီး ရေအေးအေးတစ်ခွက်ငှဲ့လိုက်သည်။ နှစ်ငုံခန့်သောက်ပြီးသောအခါ အစာအိမ်တွင် စူးခနဲနာကျင်သွားသည်။ ထိုအခါမှသာ ဤခန္ဓာကိုယ်တွင် ရုပ်ပိုင်းဆိုင်ရာပြဿနာများစွာရှိကြောင်း သတိရသွားသည်။ သူ၏ ကိုယ်ခံအားနည်းမှုကြောင့် နွေရာသီနှောင်းပိုင်းနှင့် ဆောင်းဦးအစတွင် စောင်တစ်ထည် အမြဲလိုအပ်ပေသည်။ အအေးမိသွားသည်နှင့် အဖျားနှင့် တုပ်ကွေးကပါ ကပ်ပါလာတော့သည်။
သူ ရေထပ်ထည့်ပြီး ကျိုချက်ထားလိုက်သည်။ ‌ကိုယ်လက်သန့်စင်ပြီးသည့်နောက်တွင် ယီဟွေ့ လုပ်စရာကိစ္စမရှိတော့၍ ထမင်းစားပွဲတွင်ထိုင်ပြီး မေးထောက်ထားကာ ရေနွေးအိုးဆူသံကို မှင်သက်ငေးငိုင်စွာ နားထောင်နေသည်။
ထိုအိမ်မက်ကို သူမက်ခဲ့သည်က ပထမဦးဆုံးအကြိမ် မဟုတ်တော့ပေ။ ယီဟွေ့က အိပ်ရာပေါ်တွင် အိပ်မရသည့် ပြဿနာရှိပေသည်။ သူ ဤနေရာသို့ ရောက်လာချိန်မှစ၍ တစ်ညမှ အိပ်မရခဲ့သော်လည်း ယမန်နေ့ညက အိပ်မောကျသွားခဲ့သော်လည်း အိမ်မက်ဆိုးကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့ရပြီး အေးအေးချမ်းချမ်း မအိပ်ခဲ့ရပေ။
ပါးပြင်ပေါ်မှ ဆံပင်များကို သပ်တင်လိုက်ပြီးနောက် မျက်ခုံးနှစ်ခုစပ်ကြားကို ဖိနေလိုက်သည်။
သူ မျက်လုံးမှိတ်ပြီး ခဏတာစိတ်အေးလက်အေးနေလိုက်ပြီးနောက်တွင် ရေက ဆူပွက်လာသည်။ ရေကို ခွက်ထဲလောင်းထည့်လိုက်စဉ် လက်ကောက်ဝတ်ကို ခါလိုက်မိ၍ ရေပူများက စားပွဲအစွန်းနှင့် ကြမ်းပြင်ပေါ် စင်ကုန်သည်။ ရေက သူ့ခြေဖမိုးကို လာထိချိန်တွင် မပူတော့သော်လည်း အလိုလိုတုံ့ပြန်မှုကြောင့် ဆတ်ခနဲ ကျုံ့လိုက်မိသည်။ နာကျင်မှုက ဗဟိုအာရုံကြောအဖွဲ့အစည်းကိုရောက်သွားမှသာ သူ အသိစိတ်ပြန်ကပ်သွားသည်။
ရေတစ်ခွက်သောက်ပြီးသည့်နောက်တွင် နှလုံးခုန်သံက မြန်ဆန်လာပြီး ရင်ခေါင်းထဲတွင် လှုပ်ခတ်နေသည်။ ယီဟွေ့က သူ့ရင်ဘတ်ကို အကြိမ်အနည်းငယ်ခန့် ပုတ်လိုက်ပြီးသည့်နောက်တွင် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ထဲ ပြောင်းခဲ့သင့်သည်ဟု ကူကယ်ရာမဲ့စွာ တွေးလိုက်မိသည်။ သို့ရာတွင် သူ၏စိတ်ခွန်အားက ယခင်ကဲ့သို့ မကောင်းတော့ပေ။
ဤမိသားစုက မည်သူမှ သူ့လောက်စောစောမနိုးကြ၍ ခြံဝင်းထဲမှ ပန်းပင်များကို ရေလောင်းနေလိုက်သည်။ သူ ပထမဆုံး ရောက်လာစဉ်က အပြည့်အဝ ပွင့်လန့်နေခဲ့သည့် စံပယ်ပန်းများက ယခုအခါ အရွက်များ ကြွေကျလာသော်လည်း သစ်ကိုင်းများက ယခင်ကဲ့သို့ စိမ်းလန်းနေဆဲဖြစ်သည်။
ယီဟွေ့က ပန်းအိုးရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အချိန်အတန်ကြာအောင် ကြည့်နေခဲ့ပြီးမှ ပြတင်းပေါက်အနားတွင် သူတစ်ခါစိုက်ခဲ့ဖူးသော အဖြူရောင်ဆီးနှင်းပန်းများကို အမှတ်ရသွားမိသည်။ သူတို့ကလည်း အဖြူရောင်ဖြစ်သော်လည်း စံပယ်ပွင့်ထက်ပို၍ ပွင့်ချပ်ကြီးပြီးပိုဝိုင်းကာ နွေရာသီကာလတွင် ဖူးပွင့်လေ့ရှိသည်။
သူက ဤနွေရာသီကို မျှော်လင့်နေမှုများဖြင့် ပြည့်နေခဲ့သော်လည်း ထိုမျှော်လင့်ချက်များက ဆီးနှင်းပန်းအိုးများဖြင့် ဆက်နွယ်နေခဲ့သည်။
သို့သော်လည်း အဆုံးတွင် ၎င်းတို့ ဖူးပွင့်ခဲ့သည်ကို သု မမြင်ခဲ့ရပေ။
အိမ်မပြန်မီတွင် တစ်ညလုံးအပြင်ဘက်၌ လှမ်းထားခဲ့သည့် အဝတ်များကို ရုတ်လိုက်ပြီး တစ်နေရာတွင် စုထားလိုက်သည်။ ဤအချိန်မျိုးတွင် တောင်ပိုင်းမှလေထုက ပူနွေးနေဆဲဖြစ်သော်လည်း စိုထိုင်းဆရှိပြီး အပြင်ဘက်တွင် လေမတိုက်လုနီးပါးဖြစ်သည်။ အဝတ်အစားများက ခြောက်သွေ့သွားရမည့်အစား အဝတ်စများက လေးလံပြီး ရေထဲတွင် စိမ်ထားသကဲ့သို့ တွန့်ကြေနေသည်။
တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် စကတ်တိုတိုနှင့် မိန်းကလေးတစ်ယောက်ကို ဝင်တိုက်မိသည်။ တံခါးရုတ်တရက် ပွင့်လာသောကြောင့် ထိုမိန်းကလေး လန့်သွားရခြင်းဖြစ်သည်။
" အသံမပါပဲ လျှောက်သွားနေတဲ့သရဲလား... ဘာလဲဟ..."
ယီဟွေ့က တိတ်ဆိတ်‌သည့်နေရာတွင် အချိန်အတန်ကြာနေခဲ့ရပြီးနောက်တွင် စူးရှရှလူသံတစ်သံက မမျှော်လင့်ပဲ သူ့နားထဲ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သူ ခဏတာ အံ့အားသင့်သွားပြီးသည့်နောက် မျက်လွှာချပြီး ‌လမ်း‌ဖယ်ပေးလိုက်သည်။
" တောင်းပန်ပါတယ်..."
ထိုမိန်းကလေးက အိပ်ရာထခါစတွင် မည်မျှ စိတ်တိုနေစေကာမူ သူက ဝါဂွမ်းကို လက်သီးဖြင့်ထိုးရသည်အထိ ခက်ထန်မနေပေ။ ယီဟွေ့ကိုင်ထားသည့် အဝတ်အစားများကိုကြည့်ပြီး လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။
" ဒီမှာလန့်သေမတတ် ဖြစ်သွားတာလေ တောင်းပန်တော့ရော ဘာလုပ်ရမှာလဲ..."
သူမ စကားများက ခွင့်မလွှတ်နိုင်ပုံဖြစ်နေသော်လည်း သူမ အမူအရာက အေးအေးချမ်းချမ်းသာဖြစ်သည်။ ကိုယ်လက်သန့်စင်ပြီးသည့်နောက်တွင် ဧည့်ခန်းထဲသွားပြီး ယွီဟွေ့နှင့်အတူ အဝတ်များခေါက်နေသည်။
အပေါ်ထပ်မှဆင်းလာသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ထိုမြင်ကွင်းကိုတွေ့သောအခါ စိတ်ချမ်းသာသွားသည်။
" မောင်နှမနှစ်ယောက် အဲ့လိုလေး နေသင့်တာပေါ့... ဒီနေရာက နေရာကောင်းလေးလို့ ပြောတယ်မလား... နေရောင်လေးကလည်း နွေးနေတာပဲ ပင်လယ်လေကလည်း ခံစားလို့ကောင်းတယ်..."
ထိုမိန်းကလေးက နှုတ်ခမ်းမဲ့လိုက်သည်။
" သူက သမီးစကတ်တွေကိုတွန့်အောင်လုပ်တယ်လေ ကူ‌မခေါက်ပေးလို့ ရမလား..."
ထိုမိန်းကလေး ခေါက်လိုက်သည့်စကတ်ကိုကြည့်ကာ ယီဟွေ့ မပြုံးပဲမနေနိုင်တော့ပေ။
.....
ယနေ့က တနင်္ဂနွေနေ့ဖြစ်၍ ဒေသခံလူများက နောက်ကျမှ အိပ်ရာထကြပြီး ယခုချိန်၌ ဤတိတ်ဆိတ်နေသောမြို့ငယ်လေးတွင် ကားမော်တာသံများကိုသာ ကြားနေရသည်။
" ယီမန့် လေကောင်းလေသန့်တွေဝင်အောင် အနောက်ခန်းတံခါးကို ဖွင့်လိုက်လေ..."
အမျိုးသမီးကြီးက ကားစတီယာရင်ကိုကိုင်ကာ ပြောလိုက်သည်။
ယီမန့်ဟူသောမိန်းကလေးက ဗန်ကားနောက်ခန်းတံခါးကို မနည်းဖွင့်လိုက်ရပြီး စိတ်ညစ်ညူးဟန်ဖြင့် ပြောလိုက်သည်။
" ဒီကားက တစ်စစီတောင် ဖြုတ်သင့်နေပြီ..."
သက်လတ်ပိုင်းအမျိုးသမီးကြီးက ခေါင်းစောင်းကြည့်ပြီး ပြောလိုက်သည်။
" ခဏတော့သည်းခံပါဦး သိပ်မကြာခင် အသစ်တစ်စီးရတော့မှာ..."
ထိုမိန်းကလေးက မျက်ဆံလှန်ပြီး ပြောလိုက်သည်။
" သမီး အလယ်တန်းကျောင်း တတိယနှစ်တည်းက သိပ်မကြာခင် ကားအသစ်တစ်စီးရတော့မယ်လို့ ပြောခဲ့တာပဲ... အခု အထက်တန်းဒုတိယနှစ်ရောက်နေတာတောင် အသစ်မဝယ်ရသေးဘူး... ‌သေချာသာမသိရင် အိမ်က Maseratiကားဝယ်ဖို့ စုနေတယ် ထက်နေဦးမယ်..."
( T/N - Maseratiက အီတလီနိုင်ငံထုတ် ဇိမ်ခံကားပါ )
ထိုအမျိုးသမီးက သူမစကားပြောဟန်ကို အသားကျနေပုံဖြင့် ပြောလိုက်သည်။
" ‌ဒါဆိုရင်တော့ အမေ့သမီးငယ်လေးပြောသလို Maseratiဝယ်တာပေါ့လေ..."
သူတို့နေထိုင်ရာက မြို့လယ်နှင့် နှစ်ဆယ် သုံးဆယ် ကီလိုမီတာခန့် ကွာဝေးသည်။ မြို့လယ်နားရောက်လာသည်နှင့် ကားလမ်းပိုပိတ်လာသည်။ ပင်မလမ်းမကြီးပေါ်ရောက်သောအခါ သုံးကြိမ်တိတိ လမ်းပိတ်သေးသည်။ ဆေးရုံအဝင်ဝကိုရောက်ရန် လွယ်ကူသော်လည်း ကားပါကင်က ပြည့်နေပြီ‌ဟူသော ဆိုင်းဘုတ်ကို မြင်လိုက်ရသည်။ ဗန်ကားလေးမှာ ရွေးချယ်စရာမရှိတော့၍ လမ်းတစ်ဖက်ခြမ်းတွင် ယာယီရပ်တန့်လိုက်ရတော့သည်။
ယီဟွေ့ ကားထဲမှ ထွက်လာသောအခါ အမျိုးသမီးကြီးက ပြတင်းပေါက်ဖွင့်ပြီး သတိပေးလိုက်သည်။
" အမေတို့ စူပါမားကတ်ကို သွားလိုက်ဦးမယ်... တကယ်လို့ စောစောပြီးမယ်ဆိုရင် ဝင်ပေါက်မှာပဲစောင့်နေနော် ဘယ်မှလျှောက်မသွားပဲ အမေတို့လာကြိုတာ စောင့်နေ..."
ယီဟွေ့ ဘာမှမတုံ့ပြန်နိုင်မီ အနောက်ခန်းမှ မိန်းကလေးက ဒရိုင်ဘာခုံကိုရိုက်ပြီး စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။
" သူက ကလေးမဟုတ်တော့ပါဘူး... မြန်မြန်သွားရအောင်..."
ဗန်ကားက ကားများကြားထဲ ရောနှောဝင်ရောက်သွားပြီး လမ်းအဆုံးတွင် ပျောက်ကွယ်သွားသည်။ ယီဟွေ့က လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ပြီး လူကူးမျဉ်းကြားကို ဖြတ်ကူးလိုက်သည်။
ဆေးရုံအဆောက်အဦးထဲ လျှောက်လာသည့်အခါ အေးစက်သောလေပြည်လေညင်းက သူ့မျက်နှာကို ဖြတ်သန်းတိုက်ခတ်လာ၍ လည်ပင်းပေါ်သို့ ဆံပင်များက လာထိနေသည်။ သူ တစ်ဖက်သို့လှည့်ပြီး လှုပ်ရှားသွားလာနေကြသည့် လူအုပ်ကြီးကို ကြည့်လိုက်ပြီးနောက် မည်သည့်နေရာရောက်နေသည်မသိ ဖြစ်သွားမိပြန်သည်။
ယခုက သူ ဒေါက်တာလျှိုကို ဒုတိယအကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။ နောက်ဆုံးအကြိမ်တွေ့ခဲ့သည်က တစ်ပတ်အကြာကဖြစ်ပြီး သူဤနေရာသို့ ရောက်ပြီးနောက်တစ်နေ့ဖြစ်သည်။
လူနာစမ်းသပ်ခန်းထဲရှိ ခုံတွင်ထိုင်ပြီး စောင့်ဆိုင်းနေစဉ် ယီဟွေ့က သူ့အကျင့်အတိုင်း ခေါင်းစောင်းပြီး စားပွဲပေါ်မှ သစ်သားဖြင့်ပြုလုပ်ထားသည့်လက်ရာများကို ကြည့်နေသည်။ မျက်မှန်တပ်ထားသည့် အမျိုးသားဆရာဝန်တစ်ယောက်က လက်ဖက်ရည်ခွက်ကိုချပေးပြီး မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ စားပွဲကို သူ့ဘောပင်ဖြင့် နှစ်ချက်ထောက်လိုက်ပြီးမှ ယီဟွေ့ အသိစိတ်ပြန်ဝင်လာပြီး ခေါင်းမော့လိုက်သည်။
" ဒီနေ့ တော်တော် သာယာတယ်နော်... မင်းရဲ့ အသားအရောင်ကလည်း အရင်ထက် ပိုကောင်းလာပြီ..."
ဆရာဝန်က စိတ်သက်တောင့်သက်သာဖြစ်စေမည့်စကားမျိုး စပြောလိုက်သည်။
မူလက မရင်းမနှီးဖြစ်နေခဲ့သောသော်လည်း ခဏအကြာတွင် အသားကျလာခဲ့သည်။ ယီဟွေ့က သူ့ဘးသဘာဝအတိုင်း ဆရာဝန်ကို ရိုသေလေးစားစွာဖြင့် ယဉ်ကျေးစွာဆက်ဆံသည်။ သူ ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
" အမ် ဟုတ်... တော်တော်လေး ကောင်းလာပါပြီ..."
နောက်လုပ်ငန်းစဉ်များက ယခင်တစ်ကြိမ်ကအတိုင်းဖြစ်သည်။ဆရာဝန်က သူနှင့် စကားစမြည် ပြောနေစဉ် ကျိုးကြောင်းဆက်စပ်မှုမရှိသည့်ကိစ္စများကို ရံဖန်ရံခါ မေးမြန်းပေသည်။
ယီဟွေ့၏စိတ်အာရုံထဲ တင်းကြပ်လာသကဲ့သို့ ခံစားရပြီး မေးခွန်းတစ်ခုကို မဖြေမီတိုင်း ခဏတာ စဉ်းစားနေရသည်။
မေးခွန်းအနည်းငယ် မေးမြန်းပြီးသောအခါ ဆရာဝန်က သူ့အခြေအနေကို သတိပြုမိသွားသည်။ မှတ်စုစာအုပ်နှင့် ဘောပင်ကို စားပွဲပေါ် ချထားလိုက်ပြီး ဟာသနှောကာ ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ... သူနာပြုဆရာမကို လှမ်းခေါ်ပြီးတော့ မင်းကိုဆေးထိုးခိုင်းမှာ ကြောက်နေလို့လား..."
သူ့စကားများမှာ ယခင်တစ်ပတ်က ယီဟွေ့ ဆေးရုံသို့ အတင်းအဓမ္မခေါ်ဆောင်ခံရသည့်အချိန်ကို ဆိုလိုခြင်းဖြစ်သည်။ အစိမ်းသက်သက်ပတ်ဝန်းကျင်တွင် မရင်းနှီးသောလူများက ပတ်လည်ဝိုင်းနေသောကြောင့် ယီဟွေ့ ဆေးရုံကိုကြောက်စိတ်ဖြစ်သွားခဲ့သည်။ ထိုအချိန်က ဆရာဝန်က သူ့ကိုစကားတစ်ခွန်းတည်းသာ ထပ်ခါထပ်ခါ ပြောခဲ့သည်။
" ဟွေ့ဟွေ့ ဆေးထိုးမခံရပါဘူး‌..."
ထိုအကြောင်းကို တွေးမိသောအခါ ယီဟွေ့ ရှက်ရွံ့သွားပြီး ခေါင်းခါလိုက်သည်။
" ကျွန်တော် မကြောက်တော့ပါဘူး..."
သူက တုံးအပြီး သာမန်အသိဉာဏ်မရှိလျှင်ပင် ယခုက စိတ်ပိုင်းဆိုင်ရာအရ တိုင်ပင်အကြံရယူပြီး ကုသခြင်းဖြစ်ကြောင်း သိပေသည်။ သူက နှလုံးသားတံခါးကို မဖွင့်ပေးပဲ မိမိကိုယ်ကို သတိကြီးကြီးထားကာ သူ၏ တားမြစ်ဧရိယာအတွင်းဝင်ရောက်ရန် ကြိုးပမ်းနေသူ မှန်သမျှကို တားဆီးရန် ကြိုးစားနေသည်။
ခဏတာ စကားပြောဆိုပြီးသည့်အခါ ဆရာဝန်က သူ စိတ်ကို မလွှတ်ထားသည်ကို သတိပြုမိသွား၍ မှတ်စုစာအုပ်ကိုပိတ်ပြီး ယနေ့အတွက် ဤမျှသာဟု ပြောလိုက်သည်။
ယီဟွေ့ စိတ်အေးသွားကာ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးမှ မတ်တပ်ထရပ်တော့မည့်အချိန်တွင် တရာဝန်ပြောသည်ကို ကြားလိုက်ရသည်။
" အခုဆို သုံးနှစ်ရှိပြီမလား..."
ယီဟွေ့က ဘာအကြောင်းကိုမှမသိသဖြင့် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။
" ဟုတ်... ဟုတ်ပါတယ်..."
ဆရာဝန်က သူ မူမမှန်ဖြစ်နေသည်ကို သတိမပြုမိသကဲ့သို့ ပြုံးလိုက်သည်။
" ဆရာတို့သိလာတာ တော်တော်ကြာပြီဆိုပေမယ့် ဆရာတစ်ယောက်တည်းကပဲ မင်းကို မေးခွန်းတွေအမြဲမေးရတယ်နော်... မင်းရော ဆရာ့ကို မေးချင်တာ မရှိဘူးလား... ဆေးကုသမယ့်အကြောင်း၊ ဘဝအကြောင်း၊ မင်းဘေးနားက လူတွေနဲ့ပတ်သက်တဲ့ ထင်မြင်ချက် ... အဲဒါတွေနဲ့ဆိုင်တာ တစ်ခုခု‌အကြောင်းပြောရင် ဆရာလည်း မင်းကို အကြံပေးလို့ရတာပေါ့... စကားမစပ် အရင်က မင်းရဲ့ ပန်းချီကားတွေ ယူလာပြဖူးတယ်လေ...
ဒီရက်ပိုင်း ပန်းချီမဆွဲဖြစ်တော့ဘူးလား..."
ယီဟွေ့ ထိတ်လန့်သွားပြီးနောက် ခေါင်းငုံ့ကာ ပြောလိုက်သည်။
" ဆွဲပါတယ်... ကျွန်တော်အခုထိ ပန်းချီဆွဲသေးတယ်..."
ဆရာဝန်က တိတ်ဆိတ်စွာဖြင့် ခဏတာစောင့်ဆိုင်းနေပြီး ယီဟွေ့က စကားပြောလိုစိတ် မရှိသည်ကို မြင်သောအခါ စားပွဲပေါ်မှ စာရွက်စာတန်းများကိုယူပြီး သူ့အနောက်မှ ဗီရိုအံဆွဲထဲ ထည့်လိုက်သည်။ သူ ပြန်လှည့်လာသောအခါ ယီဟွေ့၏ ခပ်တိုးတိုးအသံကို ‌ကြားလိုက်ရသည်။
" ဘာဖြစ်ဖြစ် မေးလို့ အဆင်ပြေလား..."
ဆရာဝန်က သူ့ဘက်လှည့်လာပြီး သူ့ကို အားပေးဟန်ဖြင့် ငြင်သာစွာကြည့်လိုက်သည်။
" ဘာမဆို မေးလို့ရပါတယ်... ဆရာ လျှို့ဝှက်ထားပေးမယ်လေ..."
ယီဟွေ့ နှုတ်ခမ်းသပ်လိုက်ကာ တွန့်ဆုတ်နေပြီးမှ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းမော့လိုက်သည်။ သူ့ရင်ဘတ်ပေါ်အထိရောက်နေသည့် ဆံပင်ရှည်ကို လက်ဖြင့် ဆော့ကစားနေကာ မေးလိုက်ပေသည်။
" ကျွန်တော့်ဆံပင်ကို ညှပ်လို့ရမလား..."
Xxxxxxxx