အပိုင်း ၂
Viewers 11k

သူ ဆံပင်တိုတို ညှပ်ပစ်ချင်ရသော အကြောင်းပြချက်က အလွန်ရိုးရှင်းပေသည်။ ဤဆံပင်ရှည်ကို သူ မပိုင်ဆိုင်သောကြောင့်ပင်။
ယီဟွေ့က ရိုးရှင်းဖြောင့်မတ်စွာ တွေးတောတတ်သူဖြစ်၍ ခဏအကြာမှသာ သူပြောလိုက်သည့်စကားက မည်မှ ကိုးရို့ကားယားနိုင်ကြောင်း သဘောပေါက်သွားသည်။
ဤခန္ဓာကိုယ်ကို ခေါင်းအစခြေအဆုံးအထိ သူမပိုင်ဆိုင်ပေ။
တခြား‌လူတွေဆီက သဘောတူညီချက်ယူဖို့ လိုအပ်နေလို့ပဲ...
အပြန်လမ်းတွင် ရုတ်တရက် မိုးရွာချလာသည်။ မူလက တိမ်မည်းများပေါ်မှ မိုးရေစက်အနည်းငယ်သာ ကျဆင်းလာသော်လည်း လေပြင်းများပါတိုက်ခတ်သည်အထိ မိုးသည်းထန်လာခဲ့သည်။ ပဲစေ့အရွယ်မိုးရေစက်များက အားပြင်းပြင်းဖြင့် ကျဆင်းလာသောကြောင့် အသံမလုံသောဗန်ကားလေးမှာ ဆူညံသံများဖြင့် ပြည့်နေသည်။
ယာဉ်မောင်းနေရာမှ အမျိုးသမီးက မီးပွိုင့်နီနေသည်ကို စောင့်ဆိုင်းနေစဉ် ပြောလိုက်သည်။
" ယီမန့် တံခါးပိတ်ထားလိုက်ဦး သမီးအစ်ကို အအေးမမိစေနဲ့..."
မိန်းကလေးက ပြတင်းပေါက်ဘောင်တွင် မှီထားသောလက်ကို ရုတ်လိုက်ပြီး တစ်စုံတစ်ခုကိုရေရွတ်ကာ အသည်းအသန် တံခါးထပိတ်လိုက်ရသည်။
ယီဟွေ့၏အကြည့်က အပြည့်အဝမပိတ်ရသေးသော တစ်ဖက်တံခါးမှတစ်ဆင့် သူ့ ဘေးရှိတံခါးဘက်သို့ ရောက်လာပြီး အပြင်ဘက်ကိုကြည့်လိုက်သည်။
ဤနေရာရှိ ဆောင်းဦးမိုးက မြို့တော်နှင့် အလွန်ကွာခြားပေသည်။ ကောင်းကင်ပေါ်မှ ရွာကျ‌လာသော မိုးပေါက်များက ငွေမျှင်ရောင်တန်းနေသည်နှင့်တူပြီး တောင်ပိုင်းကို စိုစွတ်နွေးထွေးမှုဖြင့် ပြည့်လာစေသည်။
‌ဤနေရာရှိ အဆောက်အဦးများကလည်း မြို့တော်နှင့် ကွဲပြားလှသည်။ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင် အပူပိုင်းဒေသသစ်သီးများရောင်းသော ဆိုင်ငယ်လေးများစွာရှိသည်။ မိုးသည်ထန်စွာရွာသွန်းနေခြင်းကြောင့် ဆိုင်ရှင်များက သူတို့ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းနေရသည်။
‌လွန်ခဲ့သောသုံးနှစ်ခန့်က မြို့တော်မှ ဤနေရာသို့ရောက်လာခဲ့သော ကျန်းယီဟွေ့က ဤအေးချမ်းဆိတ်ငြိမ်သော သုခဘုံသဖွယ်နေရာမျိုးကို သဘောမကျပဲမနေဟု တွေးနေမိသည်။
၎င်းက တိုက်ဆိုင်ခြင်း သို့မဟုတ် ကောင်းကင်ဘုံ၏ နောက်ပြောင်ကျီစယ်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်နာမည်ကလည်း "ဟွေ့" ဖြစ်ခဲ့သည်။ အကယ်၍ မိသားစုနာမည်ကို ဖြုတ်လိုက်လျှင် သူ့နာမည်သည်လည်း "ယီဟွေ့" နှင့် ဆင်တူပေသည်။
အကယ်၍ ကျန်းယီဟွေ့ အသက်ရှင်နေဆဲဖြစ်ပါက ၂၄နှစ်အရွယ် လူငယ်လေးတစ်ယောက် ဖြစ်နေပေလိမ့်မည်။ သူ့မိခင် ကျန်းရွှယ်မေ့က ရှေ့ခုံတွင် ကားမောင်းနေပြီး သူ့ညီမလေး ကျန်းယီမန့်က ‌သူ့ဘေးတွင် ထိုင်နေသည်။
မိခင်တစ်ယောက်တည်းကသာ ဦးစီးသောမိသားစုမျိုးဖြစ်ပြီး စိတ်ရောဂါခံစားနေရသော အကြီးဆုံးသားနှင့် အထက်တန်းသာရောက်သေးသည့် သမီးငယ်တစ်ယောက်ရှိကာ မိခင်က ထိုကလေးနှစ်ယောက်ကို ပျိုးထောင်ရန် ရုန်းကန်နေရပေသည်။
အကယ်၍ မူမမှန်သည့်အရာတစ်ခုကို ပြောရမည်ဆိုလျှင် ဤခန္ဓာကိုယ်ကိုရယူပြီး ဆယ်ရက်ကြာပြီးနောက်တွင် ကျန်းရွှယ်မေ့၏ သူမသားအပေါ် ဘက်လိုက်မှုက တစ်သမတ်တည်းဟု သတ်မှတ်နိုင်ပေသည်။
အဘယ့်ကြောင့်ဆိုသော် သူမသား သက်တောင့်သက်သာရှိရန်အတွက် မြို့တော်တွင် နေထိုင်နေရာမှ တစ်မိသားစုလုံး ချောင်ကျသော တောင်ပိုင်းမှကျွန်းလေးတစ်ကျွန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ယီဟွေ့ကို အလွန်ချစ်သော ယခင်ဘဝကမိခင်ပင်လျှင် ထိုသို့ပြုလုပ်ပေးမည် မဟုတ်ပေ။
ရလဒ်အနေဖြင့် ကျန်းယီမန့်က အစ်ကိုဖြစ်သူကို မကျေမနပ်ဖြစ်ပြီး အချိန်တိုင်းအပြစ်ရှာနေတော့သည်။ ယီဟွေ့က ဤရှုပ်ထွေးလှသော မိသားစုဆက်ဆံရေးအကြောင်း သိရှိပြီးမှသာ ထိုမိန်းကလေး၏ အကျင့်စရိုက်ကို အပြည့်အဝ နားလည်လာနိုင်ခဲ့သည်။
" ယီဟွေ့ ဒီနေ့ရော ဒေါက်တာလျှိုနဲ့ စကားကောင်းကောင်းပြောခဲ့ရဲ့လား..."
ကျန်းရွှယ်မေ့၏စကားများက သူ့အတွေးများကို ဖြတ်တောက်လိုက်၍ ယီဟွေ့ အပြင်ကိုကြည့်နေရာမှ ပြန်လှည့်လိုက်သည်။
" ဟုတ် ပြောခဲ့ပါတယ်..."
ကျန်းရွှယ်မေ့က ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ကောင်းတာပေါ့... အမေ ပုစွန်ဝယ်လာတယ်... ကြော်စားချင်လား ချိုချဉ်ကြော် လုပ်စားချင်လား..."
ဘေးနားမှ ကျန်းယီမန့်က နှာနှုတ်လိုက်၍ ယီဟွေ့က ထိုမေးခွန်းကို သူ့ညီမလေးဘက်သို့ တွန်းပို့လိုက်သည်။
" ယီမန့်ကြိုက်သလိုစားမယ်လေ..."
သူက စိတ်ကို အဆင်သင့်မပြင်ဆင်ရသေး၍ သူ့အကြိုက်နှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာကိစ္စများကို တတ်နိုင်သမျှရှောင်ရှားပြီး ပြောရမည်ဖြစ်သည်။
သူက အမှန်တရားကို ဖုံးကွယ်ထားလိုခြင်း မဟုတ်သော်လည်း ကျန်းရွှယ်မေ့၏ စိုးရိမ်တကြီးဖြစ်နေသည့် အကြည့်များကို မြင်ရချိန်တိုင်း စကားလုံးများက လျှာဖျားတွင် တစ်ဆို့သွားခဲ့ရသည်။
သူ့ကို သူရဲဘောကြောင်သူ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သူဟု ခေါ်နိုင်ပေသည်။ သူက မည်မျှပင် တုံးအသူဖြစ်ခဲ့ပါစေ ချစ်ရသူတစ်ယောက် ကွယ်လွန်သွားခြင်းက မည်မျှရင်ကွဲပက်လက်ဖြစ်စရာကောင်းသည့် နာကျင်မှုဖြစ်ကြောင်း သိပေသည်။
ဤခန္ဓာကိုယ်မှ ကျန်းယီဟွေ့က သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။ သူ မသေဆုံးမီ ပြောခဲ့သည့် စကားအချို့အရ ဘဝတွင် ရှင်သန်နေထိုင်ရခြင်း၏ အဓိပ္ပါယ်ကို ရှာမတွေ့တော့သည့်အပြင် ဆက်လက် အသက်မရှင်နိုင်သောကြောင့် ဟူ၍ပင်။
( T/N - အရင်တုန်းက ခန္ဓာကိုယ်ပိုင်ရှင်ကိုတော့ ကျန်းယီဟွေ့လို့သုံးနှုန်းပြီး အခု ဒီခန္ဓာကိုယ်ထဲရောက်နေတဲ့သူကိုတော့ ယီဟွေ့လို့ သုံးနှုန်းပါတယ်၊ ယီဟွေ့နှစ်ယောက်ဆိုတော့ ရောကုန်မှာစိုးလို့ပါ )
ယီဟွေ့က ၎င်းကို ကရုဏာမသက်နိုင်ပေ။ ယီဟွေ့က အခြားလူများဖြင့် ကွဲပြားပြီး မည်သည့်ကိစ္စကိုမဆို လက်လျှော့ပဲ အကောင်းဆုံးလုပ်ဆောင်ကာ သူ ကြုံတွေ့သမျှ အခက်အခဲများကို အကောင်းမြင်စိတ်ဖြင့် ကြိုဆိုသည်။ သို့ရာတွင် ကျန်းယီဟွေ့ကမူ သု့အရည်အချင်းကို အသိအမှတ်ပြုမခံရခြင်းကြောင့် စိတ်ပျက်သွားခဲ့ပြီး ယုံကြည်မှုကိုရှာဖွေရာတွင် အခက်အခဲဖြစ်ခဲ့သည်။
သို့ရာတွင် တစ်စုံတစ်ရာကို မျက်မြင်ကိုယ်တွေ့ မသိရသေးပဲ ကြိုတင်မှန်းဆပြီး မေးခွန်းထုတ်နေခြင်း မဖြစ်သင့်ပေ။
ယီဟွေ့ ခေါင်းခါလိုက်ပြီးနောက် သူ့အတွေးများက လိုအပ်သည်ထက် ပိုမိုနေသည်ဟု တွေးလိုက်မိသည်။ ယခုအချိန်တွင် သူ့ကိစ္စများကိုသူ မနည်းကိုင်တွယ်နေရခြင်းဖြစ်သည်။ ယခုမှစ၍ မည်သို့ပြုမူလုပ်ဆောင်သင့်သည်ကို သူ မသိပေ။ ယခု‌လက်ရှိတွင် အဆောတလျင် ဆုံးဖြတ်ရမည့်အရာက ဘာမှမဖြစ်ခဲ့သည့်သဖွယ် ကျန်းယီဟွေ့၏နေရာကို ဝင်ယူလိုက်ခြင်း သို့မဟုတ် သူက ဤနေရာကို မသိလိုက်ပဲရောက်လာကြောင်း အခွင့်အရေးရပါက ပြောပြရန် ဖြစ်သည်။
အိမ်ပြန်ရောက်သောအခါ ကျန်းရွှယ်မေ့က မီးဖိုချောင်ထဲဝင်သွားပြီး နေ့လယ်စာပြင်ဆင်သည်။ ကျန်းယီမန့်က သူမအခန်းထဲပြန်ဝင်သွားပြီး တံခါးလော့ချထားသည်။ ယီဟွေ့က လုပ်စရာမရှိ၍ အောက်ထပ်မှ စတူ‌ဒီယိုခန်းထဲဝင်သွားပြီး ထိုနေရာတွင် ခဏနေလိုက်သည်။
ကျန်းမိသားစု၏ဖခင်က စောစီးစွာ ကွယ်လွန်သွားခဲ့၍ ကျန်းရွှယ်မေ့က အလုပ်ပေါင်းစုံလုပ်ပြီး သူတို့ကို ပျိုးထောင်ခဲ့ရသည်။ သူတို့က ဆင်းရဲမွဲတေနေခြင်း မဟုတ်သော်လည်း ချမ်းသာသည့် အနေအထားလည်း မဟုတ်ကြပေ။ ကျန်းယီမန့်က သူမအဝတ်အစားများကို ထပ်ခါတလဲလဲဝတ်နေသည်ကိုကြည့်ခြင်းအားဖြင့် ပြောနိုင်ပေသည်။
ထိုသို့သောအခြေအနေများအကြားတွင် ကျန်းရွှယ်မေ့က အိမ်နှင့် စတူဒီယိုတွဲထားသည့် အိမ်တစ်လုံးကိုရှာဖွေငှားရမ်းခဲ့ပြီး သူမသားအပေါ် အလိုလိုက်ကြောင်းကို အခြားရှု့ထောင့်မှ ပြသခဲ့သည်။
စတူဒီယိုက အောက်ထပ်တွင်ရှိပြီး တောင်ဘက်ကိုမျက်နှာမူထားသောအခန်းဖြစ်သည်။ မိုးရွာပြီး တိမ်မည်းများက နေကိုဖုံးလွှမ်းထားလျှင်ပင် အခန်းက မှိန်မနေပေ။
ထောင့်တစ်နေရာမှ သစ်သားဗီရိုက ညစ်ထေးနေသော်လည်း အနီးကပ်ကြည့်မည်ဆိုပါက မျက်နှာပြင်ကို အရောင်တင်ထားပြီး ဆုနှင့်တံဆိပ်အချို့က ‌အရောင်တောက်ပနေသည်ကို တွေ့နိုင်ပေသည်။
ယီဟွေ့က ဆုပေါ်မှ မှုန်ဝါးဝါးဖြစ်နေသည့်စာလုံးများကို လက်ဖြင့် တို့ထိကြည့်လိုက်သည်။ အကယ်၍ ကျန်းယီဟွေ့က ဖျားနာခြင်းမရှိပဲ ပန်းချီအနည်းငယ်ဖြင့် သူ့မိသားစုကို ထောက်ပံ့ပေးနိုင်ခဲ့ပါက သူ့မိသားစုဘဝက ပို၍ကောင်းမွန်လာပေလိမ့်မည်။
ဤခန္ဓာကိုယ်ကို ကိုးရက်ခန့်ရယူထားပြီးနောက်တွင် ယီဟွေ့က မူလပိုင်ရှင်အကြောင်း ယျေဘုယျအချက်အလက်များကို သဘောပေါက်သွားခဲ့သည်။
အသက် ၂၄နှစ်အရွယ် ကျန်းယီဟွေ့က အပြည်ပြည်ဆိုင်ရာပန်းချီပြိုင်ပွဲတွင် နှစ်နှစ်ဆက်တိုက် ပထမဆုရခဲ့ပြီး မြို့တော်အနုပညာအကယ်ဒမီမှ နှုတ်ထုတ်ခဲ့သည်။
သူတို့နှစ်ယောက်အကြားတွင် အမည်အပြင် မမျှော်လင့်ပဲ တူညီသည့်အရာတစ်ခု ရှိနေသေးသည်။ ယီဟွေ့သည်လည်း ပန်းချီဆွဲရခြင်းကိုနှစ်သက်ပေသည်။
ကွာခြားချက်တစ်ခုမှာ သူက ပန်းချီဆွဲခြင်းတွင် စိတ်ကို မြှုပ်နှံထားသူမဟုတ်သည့်အပြင် ပန်းချီရေးဆွဲရသည့် အရင်းခံအကြောင်းရင်းလည်း မရှိပေ။ သို့ဖြစ်၍ ကျန်းယီဟွေ့က ကျေနပ်နိုင်လောက်သည့် ပန်းချီလက်ရာများကို မရေးဆွဲနိုင်သောကြောင့် စိတ်ကျရောဂါဖြစ်သွားခဲ့ပြီး သတ်သေသည်အထိ ဖြစ်ခဲ့ရခြင်းကို သူ နားမလည်နိုင်ပေ။
ယီဟွေ့က သူ ချန်ထားရစ်ခဲ့သော ပန်းချီလက်ရာများကို လေ့လာနေမိသည်။ ကောက်ကြောင်းဆွဲခြင်း၊ အရောင်ရွေးချယ်မှု၊ စိတ်အားထက်သန်မှု မည်သည့်ရှု့ထောင့်မှကြည့်သည်ဖြစ်စေ ကျန်းယီဟွေ့က အရည်အချင်းရှိသော ပန်းချီပညာရှင်တစ်ယောက်ဖြစ်သည်မှာ ငြင်းဆိုစရာအကြောင်း မရှိပေ။ အရည်အချင်းရှိလွန်း‌သောလူများမှာ အများနှင့်မတူပဲ တသီးတခြားဖြစ်နေတတ်ကာ ချီးကျူးခံလူတန်းစားများဖြစ်နေတတ်သော်လည်း ရံဖန်ရံခါတွင် သူတို့၏ခေါင်းမာမှုက သူတို့ကို ပြန်ထိုးစိုက်မိသည့် ဓားတစ်ချောင်း ဖြစ်နေတတ်သည်။
ပန်းချီဆရာတစ်ယောက်ဖြစ်သော ယီဟွေ့ကလည်း ကျန်းယီဟွေ့ထားခဲ့သောလက်ရာများအနက် ဆုရရှိထားသော ပန်းချီများမဟုတ်သည့် ဗီရိုအောက်မှ ပုံကြမ်းစာရွက်များနှင့် အတူထည့်ထားမိသော ရှု့ခင်းပုံတစ်ပုံကို သဘောကျနေမိသည်။
ပန်းချီထဲတွင် အဓိကပုံဖော်ထားသည်က ရှင်းလင်းနေသောကောင်းကင်ကြီး၊ မြက်ခင်းပြင်နှင့် သစ်သားခြံစည်းရိုးတို့ ဝန်းရံနေသော အိမ်တစ်လုံးဖြစ်သည်။ တစ်ချက်ကြည့်လိုက်လျှင် သာမန်ကာလျှံကာ ပုံတစ်ပုံဟု ယူဆရသော်လည်း အနီးကပ်ကြည့်မည်ဆိုပါက အိမ်က အဖြူရောင်နံရံနှင့် အနီရောင်အုပ်ကြွပ်မိုးများရှိပြီး ကောင်းကင်ကြီးက ကြည်လင်တောက်ပနေကာ တိမ်များက လွင့်မျောနေပြီး
ခြံဝင်းထောင့်တွင် အဖြူရောင်ပန်းပွင့်များက ပွင့်လန်းနေသည်။
၎င်းက တောင်ပိုင်းမြို့ငယ်လေးတွင် ကျန်းမိသားစုငှားရမ်းထားသော အိမ်လေးဖြစ်သည်။
နေ့လယ်စာစားနေစဉ်တွင် ကျန်းရွှယ်မေ့က ဤနှစ်ပန်းချီပြိုင်ပွဲအကြောင်း ပြောလာသည်။
" သား တကယ်လို့ ပြိုင်ချင်တယ်ဆိုရင် သားနဲ့အဖော်လုပ်ပေးဖို့ အမေကုမ္ပဏိီက ခွင့်ယူလိုက်မယ်... ပထမရတာဖြစ်ဖြစ် မရတာဖြစ်ဖြစ် ပြိုင်ပွဲဝင်ဖို့က ပိုအရေးကြီးတယ်... သား မပြိုင်ချင်ဘူးဆိုရင်လည်းရပါတယ်... ကီလိုမီတာ နှစ်ထောင်လောက်ဝေးတာကို အသွားအပြန်လုပ်နေရမှာလည်း ပင်ပန်းတယ်... အိမ်မှာ ပန်းချီဆွဲတာလည်း အတူတူပါပဲ..."
ကျန်းရွှယ်မေ့၏ သတိထားပြောဆိုနေပုံကြည့်ခြင်းအားဖြင့် ကျန်းယီဟွေ့၏ စိတ်အခြေအနေက မတည်မငြိမ်ဖြစ်လွယ်ပြီး မိသားစုအပေါ် ဒေါသထွက်လွယ်ကြောင်းလည်း သိနိုင်ရန် မခက်ခဲပေ။
ယီဟွေ့က နာကျင်ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။
" သား စဉ်းစားလိုက်ပါဦးမယ်..."
ဤမိသားစုက နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်သည့် အလေ့အကျင့်ရှိသည်။ ယီဟွေ့က လုပ်စရာမရှိပဲ ထိုင်နေပါက အတွေးများနေမည်စိုး၍ အနားယူရန်အတွက် သူ့အခန်းထဲ ဝင်လာသည်။
ဤမနက်ပိုင်းတွင် စိတ်ရောဂါအထူးကုဆရာဝန်နှင့် တွေ့ခဲ့ရပြီး ယမန်နေ့ညကလည်း အိပ်ရေးပျက်ခဲ့သောကြောင့် အိပ်ရာပေါ် လှဲချလိုက်သည်နှင့် အိမ်တံစက်မြိတ်မှ မိုးသံခပ်အုပ်အုပ်အကြားတွင် ယီဟွေ့အိပ်ပျော်သွားခဲ့သည်။
ခဏအိပ်ရုံသာ‌ဖြစ်သော်လည်း အိမ်မက်ပြန်မက်ရန် အချိန်အလုံအလောက် ရသွားခဲ့သည်။
အိမ်မက်က ညအချိန်တွင်သာဖြစ်သည်။ ဖယောင်းတိုင်မီးကြောင့် ပုံရိပ်အချို့က တွန့်လိမ်လှုပ်ရှားနေသည်။ လေးလံသောခြေသံများနှင့်အတူ ပုံဆွဲစာရွက်များကို ဆွဲဖြဲထားသည့် အစအနများက ကောင်းကင်တစ်ခုလုံးတွင် ပျံသန်းနေသည်။
သူ အပြင်အမြန်ထွက်လာပြီး ၎င်းတို့ကိုလိုက်ဖမ်းသော်လည်း စာရွက်စများက တဖျတ်ဖျတ်လွင့်နေပြီး သူ့ကို ဖြတ်သန်းသွားကာ မြေပေါ်ကျကုန်သည်။
သူ ၎င်းတို့က်ု မဖမ်းနိုင်၍ ဆောင့်ကြောင့်ထိုင်ချပြီး ကောက်ယူတော့မည့်အချိန်တွင် သူ့လက်ချောင်းများက စာရွက်တစ်ရွက်အပေါ် ရောက်သွားသည်။ ၎င်းက မျက်လုံးတစ်ဝက်ခန့်ကို ဆံနွယ်များဖြင့် ဖုံးအုပ်နေသည့်ပုံဖြစ်သည်။
ထိုမျက်ဝန်းများက ယီဟွေ့၏မှတ်ဉာဏ်ထဲ တည်ရှိနေခဲ့သည်။ ၎င်းတို့က တောက်ပ နက်ရှိုင်းပြီး ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နေသည်။ ကမ္ဘာပေါ်တွင် အရည်အချင်းအရှိဆုံး ပန်းချီပညာရှင်သည်ပင် ထိုမျက်ဝန်း၏အလှကို မရေးဆွဲနိုင်ပေ။ ယီဟွေ့က ထိုမျက်ဝန်းများကို ပထမဆုံးအကြိမ် မြင်တွေ့စဉ်တည်းက ညှို့ယူဖမ်းစားခံလိုက်ရသည်။
ရုတ်တရက် ထူထဲသောမျက်တောင်များ တုန်ယင်သွားပြီး မျက်လုံးသူငယ်အိမ် အနည်းငယ် ကျုံ့ဝင်သွားသည်။ မျက်လုံးများ မှေးကျဉ်းသွားပြီး မျက်ဝန်းထဲတွင် အေးစက်စက်အလင်းရောင် တောက်ပလာကာ ကျန်ရှိနေသောနွေးထွေးမှုကလည်း ပုံရိပ်ယောင်သဖွယ်ဖြစ်လာသည်။
တစ်စုံတစ်ယောက်က လည်ပင်းညှစ်လိုက်သကဲ့သို့ သူ့ခန္ဓာကိုယ်က လေထဲတွင် ရစ်ဝဲနေပြီး တောင်စောင်းမှ ပြုတ်ကျတော့မည့်ဟန်ဖြင့် နှလုံးခုန်သံ မြန်ဆန်လာသည်။
ဤတစ်ကြိမ်တွင်မူ ဤမျက်ဝန်းများ၏ ပိုင်ရှင်က သူ့ကို ပြုံးပြနေခြင်းမဟုတ်ပဲ သူ တုံးအသည်ကို လှောင်ပြောင်ရယ်မောနေခြင်းဖြစ်ကြောင်း ရှင်းလင်းစွာသိလိုက်ရသည်။
အိမ်မက်မှ လန့်နိုးလာပြီးသည့်နောက်တွင် ယီဟွေ့ အိပ်ရာမှထလာပြီး စတူဒီယိုခန်းထဲ တစ်ဟုန်ထိုးပြေးသွားကာ တံခါးလော့ချလိုက်သည်။ သူ၏ ပန်းချီများက်ို မည်သူကမှ မဖျက်ဆီးထားသည့်အပြင် သူ့ကိုလှောင်ပြောင်နေသူလည်း မရှိကြောင်းကို သိပြီးသောအခါမှ စည်းချက်မကျဖြစ်နေသောနှလုံးခုန်သံနှင့်အတူ မြန်ဆန်နေသော အသက်ရှုသံများလည်း နှေးကွေးသွားသည်။
ခြေဗလာဖြင့် ပန်းချီဆွဲသည့်နေရာသို့ တဖြည်းဖြည်း။လျှောက်လာခဲ့သည်။
ရှုခင်းပုံပန်းချီကို ကောက်ယူလိုက်ချိန်တွင် ယီဟွေ့၏လက်များက ထိန်းမရနိုင်အောင် တုန်ယင်နေပြီး ပန်းချီကို တစ်ဖက်သို့ လှန်ကြည့်လိုက်သည်။ စာရွက်၏ညာဘက်ထောင့်မှ မထင်ရှားသော နေရာတစ်ခုတွင် 'ကူညီပါ' ဟူသောစာလုံးကို ရေးလိုက်သည်။
ပန်းချီ၏ အရှေ့ဘက်က တောက်ပပြီး နေရောင်ခြည်ဖြာကျနေသော်လည်း အနောက်ဘက်က မီးခိုးရောင်ဖြစ်ပြီး အထီးကျန်ဆန်နေပုံရသည်။
ယီဟွေ့ ရုတ်တရက် ကျန်းယီဟွေ့ကို အနည်းငယ် နားလည်စပြုသွားသည်။ သူက ဤကမ္ဘာပေါ်မှ အရာများကို ဂရုစိုက်ခြင်းမရှိပဲ သူ့မိသားစုကို ချစ်မြတ်နိုးခြင်းမရှိသည်မဟုတ်ပဲ သူ အလွန်စိတ်ပင်ပန်းနေခဲ့ပြီး ဝင်္ကပါထဲတွင် ပိတ်မိနေခဲ့ကာ ပြန်ထွက်လာရန်နည်းလမ်း ရှာမတွေ့ခဲ့သောကြောင့် သေခြင်းတရားဖြင့် လွတ်မြောက်ရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။
ကြိုးစားအားထုတ်မှုက်ို လောကကြီးက အသိအမှတ်မပြုသည့်အတွက် သေချင်နေသည့်လူများ၊ အသက်ဆက်ရှင်လိုစိတ်မရှိသည့်လူများ အမြဲတစေ ရှိနေတတ်ပေသည်။
ယီဟွေ့ မျက်လုံးမှိတ်ထားလိုက်ပြီး စာရွက်ထောင့်ကိုထိကြည့်နေကာ သူ၏ အဓိပ္ပါယ်မရှိသော ဘဝအဆုံးသတ်အကြောင်းကို တွေးတောနေလိုက်မိသည်။ သူ့လက်ချောင်းများက တဖြည်းဖြည်း ဆက်လှုပ်ရှားနေပြီး စာရွက်ပေါ်မှ ခြောက်သွေ့သွားသော ဆေးရောင်များကို တို့ထိနေလိုက်မိသည်။ သူ့လက်ချောင်းများက အခြားဘဝတစ်ခုနှင့် ဆက်နွယ်သွားသည့်နှယ် နွေးထွေးလာပေသည်။
ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ပထမဆုံးနေ့ကတည်းက သူ့ထံတွင် အခြားရွေးချယ်စရာမရှိကြောင်းကို ယီဟွေ့သိသည်။ သို့ရာတွင် ယခုလက်ရှိအချိန်မှသာ ကျန်းယီဟွေ့အဖြစ် ဆက်လက်နေထိုင်သွားရတော့မည်ဖြစ်ကြောင်း သူ့ကိုယ်သူ အမှန်တကယ် ဖြေသိမ့်လိုက်ရသည်။
အတိတ်ကို ပြန်လည်မရရှိနိုင်တော့သည့်အပြင် သူက အစမှအဆုံးဘာမှမဟုတ်ခဲ့သော ယီဟွေ့ဟူသည့် ငတုံးတစ်ယောက်ဖြစ်သည်ကလည်း ငြင်းဆိုဖွယ်ရာပင် မလိုတော့ချေ။
Xxxxxx