အပိုင်း ၃.၁
Viewers 11k

Chapter 3.1
နောက်တစ်နေ့မနက်တွင် ယီဟွေ့က ပန်းချီပြိုင်ပွဲဝင်လိုသည်ဟု ကျန်းရွှယ်မေ့ကို ပြောခဲ့သည်။ ကျန်းရွှယ်မေ့က ဝမ်းသာသွားပြီး မနက်စာချက်ပြုတ်နေလက်စကို ပစ်ထားလိုက်ကာ အထုပ်အပိုးများ စတင်ပြင်ဆင်တော့သည်။
" ဟိုမှာ တော်တော်အေးနေပြီ အဝတ်အစားထူထူတွေ ထည့်သွားရမယ်... ပြီးတော့ မက်စ်တွေလည်း ပြင်သွားရမယ်..."
မနက်စာမစားရသေးသော ကျန်းယီမန့်က မပျော်မရွှင်ဖြင့် စားပွဲကိုရိုက်ချလိုက်ပြီး သတိပေးလိုက်သည်။
" ရက် နည်းနည်းလိုသေးတာပဲကို ဘာတွေလောနေတာလဲ..."
နေ့လယ်ခင်း နေထွက်လာချိန်တွင် ယီဟွေ့က စတူဒီယိုထဲရောက်နေပြီး ပန်းချီကားများ စီနေသည်။ ကျန်းရွှယ်မေ့က အပြင်ဘက်မှ အိမ်နီးနားချင်းများကို အသံကျယ်ကျယ်ဖြင့် ပြောနေသည်ကို သူကြားလိုက်ရသည်။
" ယီဟွေ့က မြို့မှာ ပန်းချီပြိုင်ပွဲသွားပြိုင်မယ်တဲ့ ကျွန်မတို့ ရက်နည်းနည်းလောက်တော့ သွားရဦးမယ် အဲ့အချိန်အတွင်း ကျေးဇူးပြုပြီး ယီမန့်ကို ဂရုစိုက်ပေးပါဦး... အာ... ချီးကျူးတာ ကျေးဇူးပါပဲ ကျွန်မတို့ပြန်လာမှ လက်ဆောင်တွေ ဝယ်ခဲ့မယ်နော်..."
သူမ စကားလုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။
ဤမိသားစုက မြို့တော်သို့မပြန်သည်က အချိန်အတန်ကြာပြီဖြစ်ကြောင်း ယီဟွေ့မှန်းဆလိုက်မိသည်။ ဤတစ်ကြိမ် ပြိုင်ပွဲတွင်ပါဝင်ရန် သဘောတူလိုက်ခြင်းက သူ၏ကုသခြင်းလုပ်ငန်းစဉ်များကို ရှေ့ဆက်တိုးနိုင်ပြီး အကောင်းဘက်သို့ရောက်လာသည်ဟု မှတ်ယူနိုင်ပေသည်။ သူမက မိခင်တစ်ယောက်ဖြစ်၍ ပျော်ရွှင်နေမည်မှာ သဘာဝပင်။
သူတို့ နောက်တစ်ပတ်သွားမည့်ခရီးအတွက် ယခုချိန်တည်းက လက်မှတ်ကြိုမှာထားခဲ့သည်။
မြို့က ခေါင်ဖျားသောနေရာတွင်ရှိသောကြောင့် ရထားများက ဤနေရာအထိ ရောက်မလာကြ၍ မြို့သို့ ကားဖြင့်သာ သွားနိုင်ပေသည်။ ကျန်းရွှယ်မေ့နှင့် သဘောတူညီချက်ယူပြီးသည့်အခါ ယီဟွေ့က ရထားလက်မှတ်ကို လိုင်းပေါ်မှမှာယူရန်အတွက် ကွန်ပျူတာ ငှားရမ်းရမည်ဖြစ်သောကြောင့် ယီမန့်၏ အခန်းတံခါးကို ခေါက်လိုက်သည်။
သူ့ကို တစ်မိနစ်ခန့် စောင့်ဆိုင်းစေပြီးမှ ယီမန့်က အခန်းတံခါးပွင့်လာသည်။ သူ ကွန်ပျူတာငှားမည့်အကြောင်း ရှင်းပြလိုက်သောအခါ သူမက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။
" အစ်ကိုကြီး ဘာလို့စမတ်ဖုန်းမလဲသေးတာလဲ... အမေ့ကိုပြောပြီး အသစ်တစ်လုံး ဝယ်ခိုင်းပါလား..."
ပြောပြီးသည်နှင့် သူမက လှည့်ထွက်ပြီး အခန်းထဲပြန်ဝင်ကာ ယီဟွေ့ကိုကျောပေးပြီး အိပ်ရာပေါ်လှဲနေလိုက်သည်။
ယီဟွေ့ မိန်းမကလေးတစ်ယောက်၏ အခန်းထဲဝင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သည်။
"ခွင့်ပြုပါဦး" ဟု တီးတိုးပြောလိုက်ကာ‌ ဘေးဘယ်ညာကိုကြည့်မနေတော့ပဲ စားပွဲရှိရာသို့ တည့်တည့်လျှောက်သွားပြီး မောက်စ်ကို ကိုင်ကာ တစ်ချက်နှိပ်လိုက်သည်။
သူက ကွန်ပျုတာအသုံးပြုနည်းကို ကောင်းကောင်းမသိပေ။ သူ ဖျင်းယင်းစာလုံးများကို တဖြည်းဖြည်းရေရွတ်နေပြီး ကီးဘုတ်ကို တစ်လုံးစီရိုက်ပြီးသည့်အခါတွင်မှ လက်မှတ်ကြိုတင်မှာယူရမည့် website သို့ ရောက်သွားသည်။ သို့ရာတွင် မရင်းမနှီးဖြစ်နေသည့် စာမျက်နှာဖြစ်သောကြောင့် မည်သည့်နေရာနိပ်ရမည်ကို မသ်ိချေ။
" လုပ်မှာလား မလုပ်ဘူးလား..."
ကျန်းယီမန့်က ထပ်ကြည့်မနေနိုင်တော့ပေ။ သူမ အိပ်ရာပေါ်မှထလာပြီး ယီဟွေ့လက်ထဲမှ မောက်စ်ကိုယူပြီး ထွက်ခွာမည့်အချိန်ကို မေးလိုက်သည်။ သူမ တတောက်တောက်ဖြင့် နှိပ်လိုက်ပြီးနောက် နှစ်မိနစ်အတွင်း လက်မှတ်ဝယ်ပြီးသွားခဲ့သည်။
ကွန်ပျူတာစာမျက်နှာက homepageသို့ ပြန်ရောက်လာပြီးနောက် ယီဟွေ့ကို သူမေးလိုက်သည်။
" အပြန်အတွက်ရော လက်မှတ်ဝယ်ဦးမှာလား..."
ယီဟွေ့ ခေါင်းခါလိုက်သည်။
" မဝယ်တော့ဘူး... သူပြောတာ အမ်... အမေပြောတာတော့‌ ဟိုရောက်မှ ဝယ်မယ်တဲ့..."
ကျန်းရွှယ်မေ့က သူမသားကို မြို့တွင် ရက်အနည်းငယ်ခန့် ပျော်ပျော်ရွှင်ရွှင်နေခိုင်းဦးမည်ကို တွေးမိသည့်အခါ ကျန်းယီမန့်၏မျက်နှာက မသာမယာထပ်ဖြစ်သွားသည်။
ယီဟွေ့က မတ်တပ်ရပ်လိုက်ပြီးနောက် အိပ်ရာပေါ်ပြန်တက်ကာ ဖုန်းကလိတော့မည့် မိန်းကလေးကိုမေးလိုက်သည်။
" အတူတူသွားချင်လား..."
ကျန်းယီမန့်က သူ့အသံကြားသည်နှင့် ခေါင်းလှည့်လာသည်။ သူမ မျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသော်လည်း စိတ်ဓာတ်ကျသွားပုံဖြင့် ပြောလိုက်သည်။
" ထားလိုက်ပါတော့... ညီမလေးက ကျောင်းတက်ရဦးမှာ အမေကလည်းသွားခိုင်းမှာ မဟုတ်ပါဘူး..."
ယီဟွေ့ ခဏတာတွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
" ခွင့်ယူလို့ရမယ်ဆိုရင် အစ်ကိုကြီး အမေ့ကို ပြောပေးမယ်လေ..."
" အစ်ကိုကြီးက ပြောပေးမယ်တဲ့လား..."
ကျန်းယီမန့်က သူ့ကို မယုံမကြည်ဖြစ်သွားသကဲ့သို့ သင်္ကာမကင်းဖြင့် ကြည့်လိုက်သည်။
" ကျွန်မကို ရှုပ်တယ်လို့ အမြဲတမ်းထင်နေတာမလား... ဘာလို့ ရုတ်တရက်ကြီး ကောင်းပြနေတာလဲ..."
ထိုသို့ပြောလာမည်ဟု ယီဟွေ့ မထင်ထားခဲ့ပေ။ တစ်ချိန်ကမူ သူက မိသားစု၏ တစ်ဦးတည်းသောသားဖြစ်ခဲ့သည်။ အခြားလူများက ညီ၊ ညီမရှိသည်ကို မြင်သောအခါ အမြဲ မနာလိုဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ယီဟွေ့ထံ၌ အစ်ကိုတစ်ယောက်ရှိလာခဲ့သည်။ သူတို့က သွေးတစ်ဝက်သာရောသည့် ညီအစ်ကိုများဖြစ်ကြသော်လည်း မိသားစုထဲတွင် သူနှင့်စကားပြောနိုင်သည့် အသက်အရွယ် မတိမ်းမယိမ်းလူတစ်ယောက် ရှိလာခဲ့၍ စိတ်လှုပ်ရှားခဲ့ရသည်။
ကျန်းယီဟွေ့က အမှန်တကယ်ပင် သီးသန့်ဆန်စွာနေလွန်းပြီး နှုတ်ဆိတ်လွန်းသူဖြစ်သောကြောင့် ညီမအရင်းနှင့်ပင် ဆက်ဆံရေးအလွန်ဆိုးရွားနေသည်က မဆန်းတော့ပေ။
ယီဟွေ့က ခွန်းတုံ့ပြန်ခြင်းမရှိပဲ တိတ်ဆိတ်စွာရပ်နေသည်ကို မြင်သောအခါ ကျန်းယီမန့်က သူမပြောလိုက်သည်က လွန်သွားသည်ဟု ထင်လိုက်၍ အိပ်ရာပေါ်မှ ထလာပြီး ရှက်စရာကောင်းသောအခြေအနေမှ ရုန်းထွက်ရန်ပြင်လိုက်သည်။
" အစ်ကိုကြီးက ကိုယ့်ကိစ္စကိုယ်လုပ်ပါ... ဆံပင်တောင် သေချာမဖြီးတတ်ပဲနဲ့... ဟိုသွားရင်လည်း အမေက အစ်ကိုကြီးဖို့ပဲ စိတ်ပူနေရမှာပဲ...
သူမက ပြောပြောဆိုဆိုဖြင့် အိပ်ရာဘေးရှိစားပွဲပေါ်မှ ရော်ဘာဘီးကုတ်လေးကိုထုတ်ပြီး ယီဟွေ့ကိုထိုင်ခိုင်းပြီး ဆံပင်ဖြီးပေးလိုက်သည်။ သူမက လျှာသွက်အာသွက်ရှိသူတစ်ယောက်ဖြစ်သည်။
" ဘယ်လောက်တောင် အစားကောင်းတွေစားရလို့လဲမသိဘူး အစ်ကိုကြီးဆံပင်တွေက ညီမလေးထက်တောင် ပိုထူပြီးတော့ ပိုရှည်နေတယ်..."
အကယ်၍ အတိတ်တွင်ဆိုပါက ယီဟွေ့က သူမ သူ့ကို ချီးမွမ်းနေသည်ဟုသာ ထင်လိုက်မည်ဖြစ်ပြီး သူမစကားထဲမှ ထစ်ငေါ့မှုများကို နားလည်မည်မဟုတ်ပေ။ ယခုအခါ သူက ဦး‌နှောက်အသစ်တစ်ခုကို ရရှိသွားပြီဖြစ်ရာ သူ နားမလည်ပဲ မနေတော့ပေ။
သူက ခြောက်ကပ်ကပ်ပြုံးပြပြီး မေးလိုက်သည်။
" ဒီနားမှာ ဆံပင်ညှပ်ဆိုင်ရှိလား..."
" အိမ်တွင်းပုန်းနေတာ အဲ့လောက်တောင် များသွားတာလား အိမ်နားမှာ ဘာတွေရှိမှန်းတောင် မသိဘူးပေါ့..."
ကျန်းယီမန့်က ပွစိပွစိ ရေရွတ်ပြီးသည့်အခါ အဓိကအချက်ကို သဘောပေါက်သွားပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။
" ဆံပင်ညှပ်ချင်လို့လား..."
ညနေခင်း နေဝင်ခါနီးတွင် ကျန်းမိသားစုဝင်သုံးယောက်က သူတို့၏အိမ်နီးချင်းအန်တီချိုးနှင့် သူမ၏ ကလေးပေါက်စနှစ်ယောက်ဖြင့်အတူ လမ်းလျှောက်ထွက်ပြီး ဆံပင်ညှပ်ဆိုင်လေးတစ်ခုထဲ ဝင်လာခဲ့သည်။
မြို့ငယ်လေးက လူဦးရေနည်းပါးလှသော်လည်း ဤနေရာမှလူများက ရင်းနှီးကြပေသည်။ မီးခိုးရောင်ဆံပင်နှင့်ဆံသဆရာက ကတ်ကြေးနှင့် သင်တုန်းဓားကို ပြင်ဆင်နေစဉ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
" အားဟွေ့... ဆံပင်ညှပ်ချင်တယ်ဆို‌တာ သေချာရဲ့လား..."
ယီဟွေ့က ခုံတွင်ထိုင်နေပြီးဖြစ်ကာ မှန်ထဲမှ သူ့ပုံသူကြည့်ပြီး ဆံပင်ရှည်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်ကိုမြင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
" ဟုတ်..."
ဆံသဆရာက ဆံပင်ကိုကိုင်ကြည့်လိုက်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ သူ ပထမဆုံးတစ်ဖြတ် ညှပ်တော့မည့်အချိန်တွင် ဘေးနားမှ စောင့်ကြည့်နေသော ကျန်းရွှယ်မေ့က ရုတ်ချည်းထပြောလိုက်သည်။
" ခဏလေးနေပါဦး..."
သူမက ယီဟွေ့ကိုလှည့်ကြည့်ပြီး သူ့ကိုလိမ္မာပါးနပ်စွာ ဖျောင်းဖျရန် တွေးလိုက်သည်။
" ယီဟွေ့ ထပ်စဉ်းစားပါဦး... ဆံပင်ညှပ်လိုက်ရင် ထပ်ရှည်လာတော့မှာ မဟုတ်ဘူး... သား ဆံပင်အရမ်းရှည်နေလို့ ပန်းချီဆွဲတိုင်း ပေကုန်မှာစိုးရိမ်ရင် အမေ နေ့တိုင်း ဖြီးပေးမှာပေါ့..."
" အမေ... အစ်ကိုကြီးက ဆုံးဖြတ်ပြီးသားလေ ဘာလို့ မလိုတာတွေ ထပ်ပြောနေတာလဲ..."
ကျန်းယီမန့်က လောလိုက်သည်။
အန်တီချိုးကလည်း သူမပြောသည်ကို ထောက်ခံလိုက်သည်။
" ကောင်လေးတွေက အသက်ငယ်ငယ် အသက်ကြီးကြီး ဆံပင်တိုနဲ့က အကောင်းဆုံးပဲ... ' စိုးရိမ်မှုဆံချည်မျှင်သုံးထောင်ကို ညှပ်ပစ်တယ် 'ဆိုတဲ့ ဆိုရိုးတောင် ရှိတယ်လေ... ဆံပင်ညှပ်လိုက်ရင် အားဟွေ့ နေမကောင်းတာလည်း လုံးဝပျောက်ရင်ပျောက်သွားမှာပေါ့..."
ကျန်းမိသားစုက ဤမြို့ငယ်လေးတွင် နေထိုင်ခဲ့သည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်ရာ အိမ်နီးနားချင်းများက ကျန်းယီဟွေ့ စိတ်ရောဂါရှိကြောင်း သိကြသည်။
ကျန်းရွှယ်မေ့က အန်တီချိုးကို တံတောင်ဖြင့်တွတ်လိုက်ပြီး ကလေးရှေ့တွင် ထိုအကြောင်းမပြောရန် အရိပ်အမြွက်ပြလိုက်သည်။ အန်တီချိုးက သဘောပေါက်သွားပြီး အသံတိုးသွားသည်။
" ဟုတ်သားပဲ ငါတို့တွေပြောနေတော့ရော ဘာလုပ်ရမှာလဲ ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ခိုင်းလိုက်လေ..."
ယီဟွေ့က ဆံပင်ညှပ်တော့မည်ဖြစ်ရာ တံခါးနားတွင် စီးကရက်သောက်ပြီး ရှိုးပွဲကြည့်နေသည့် ဦးလေးကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
" အဲ့ပုံအတိုင်းလေး ညှပ်ပေးလို့ရမလား..."
အဆုံးတွင် သူ့ဆံပင်အားလုံးကို မညှပ်ချပဲ တစ်ဝက်ခန့်သာညှပ်လိုက်ရပေသည်။ ဆံသဆရာက လှိုင်းတွန့်ပုံစံဖြင့် ပိုလိုက်ဖက်ကြောင်း ဖျောင်းဖျကြည့်ရန် ကြိုးစားခဲ့သည်။
ယီဟွေ့က ခုံတွင်ထိုင်ကာ မျက်လုံးမှိတ်ထားပြီး ခေါင်းငြိမ့်ခေါင်းခါလုပ်ပြီးသာ ပြန်ဖြေခဲ့သည်။ အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီးချိန်မှသာ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး မျက်လုံးဖွင့်လိုက်သည်။
ကျန်းယီဟွေ့၏အခန်းထဲတွင် မှန်တစ်ချပ်မှ မရှိသည့်အပြင် ရေချိုးခန်းထဲမှ မှန်ကကွဲနေပြီး အသစ်မဝယ်ရသေးပေ။ ယီဟွေ့က ဤတစ်ပတ်ကျော်ကာလအတွင်းတွင် အပြင်ထွက်တိုင်း ဖရိုဖရဲပုံစံသာဖြစ်နေခဲ့ပြီး သူ့မျက်နှာကို ရှင်းလင်းစွာမြင်ခွင့်ရရန် အခွင့်အရေးမရှိခဲ့ပေ။
ယခုအခါတွင် ဆံပင်များအုပ်မနေသည့် သူ့မျက်နှာက ရှေ့တည့်တည့်မှ မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေပေသည်။ သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ တဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။
" ပြောသားပဲ အစ်ကိုကြီးက ဆံပင်တိုနဲ့ ပိုလိုက်ပါတယ်ဆို..."
ကျန်းယီမန့်က သူ့ကို ရှားရှားပါးပါးပြုံးပြလိုက်ပြီး ရှေ့တိုးလာကာ သူ့ပခုံးပေါ်မှ ဆံပင်မွေးများကို ပုတ်ပေးလိုက်ပြီး မှန်ထဲမှ သူ့ပုံကိုကြည့်နေသည်။
ယီဟွေ့က လှုပ်ရှားခြင်းမရှိပဲ ထိုင်နေပြီး သူ့အကြည့်များက မှန်ထဲမှ ပုံစံကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။ ကျန်းယီဟွေ့က မေးရိုးချွန်ချွန်၊ အချိန်အတန်ကြာ နေရောင်မထိထားခဲ့သည့် ဖြူဖျော့သောအသားအရည်နှင့် နှာခေါင်းချွန်ချွန်ရှိပေသည်။ မှန်ထဲမှလူကို ကြည့်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။
ကျန်းယီမန့်က သူမလက်နှစ်ဖက်လုံးကို သူ့ပခုံးပေါ် တင်ထားလိုက်ပြီး သူ တုန်ယင်နေသည်ကိုကြည့်ကာ စနောက်ကျီစယ်လိုက်သည်။
" ဘာလို့လဲ ကိုယ့်ကိုကိုယ် အရမ်းချော‌တယ်လို့ တွေးနေတာလား..."
ယီဟွေ့ ပါးစပ်ဟလိုက်သော်လည်း သူ စကားမပြောနိုင်မီတွင် အဓိပ္ပါယ်မရှိသော စကားလုံးအချို့ ထွက်ကျလာပေသည်။
လွန်ခဲ့သော ဆယ်ရက်အတွင်းက သူ့စိတ်ကို ပြင်ဆင်ထားခဲ့ပြီး ဤကမ္ဘာတွင် ကျန်းယီဟွေ့အဖြစ် အသက်ဆက်ရှင်မည်ဟု ဖျောင်းဖျခဲ့သော်လည်း သူ့မျက်စိရှေ့တည့်တည့်မှ မျက်နှာက ယခင်ယီဟွေ့နှင့် အတော်အတန်တူနေသည်ကို မြင်သောအခါ အတော်ပင် ထိတ်လန့်သွားရသည်။
.....