အပိုင်း ၃.၂
Viewers 11k

Chapter 3.2
ဤနေရာနှင့် ကီလိုမီတာနှစ်ထောင်ဝေးကွာသောနေရာမှ အပြည်ပြည်ဆိုင်ရာပြပွဲစင်တာရှိ ရွှေပန်းပွင့်ဆုချီးမြှင့်ပွဲ၏ စင်အနောက်ဘက်တွင်...
ရက်ပေါင်းများစွာ ပိတ်ထားခဲ့သောဖုန်းကို ဖွင့်လိုက်သည့်အခါ ရင်းနှီးနေသောမျက်နှာတစ်ခုကို မြင်လိုက်ရသည်။ အသားအရည်က ဖြူဖွေးနေပြီး မျက်လုံးကြီးကြီးများဖြစ်၍ သူ သဘောကျသည့်ပုံစံမျိုးဟု မှတ်ယူနိုင်ပေသည်။
ကျိုးကျင့်ဟမ်က နှုတ်ခမ်းကိုကွေးညွတ်လိုက်ပြီး မျက်နှာပြင်ပေါ်ရှိ ဆံပင်တိုတို မျက်ဆံအနက်ရောင်နှင့်ပုံရိပ်ကို လက်ချောင်းများဖြင့် တို့ထိနေလိုက်သည်။ Wallpaper အပေါ်တွင်လည်း 'အိမ်ပြန်လာတာကိုစောင့်နေမယ်' ဟူသည့်စာများ ရေးထားပေသည်။
သူ အိမ်မှထွက်သွားသည့်အကြိမ်ပေါင်းက မရေမတွက်နိုင်အောင်ဖြစ်ကာ ရှပ်အင်္ကျီအိတ်ထဲမှ ဖုန်းကို မေ့သွားခြင်း သို့မဟုတ် ဆိုဖာပေါ်တွင် ဖုန်းကို ကျန်ခဲ့ခြင်းတို့ဖြစ်လေ့ရှိ၍ နောက်တစ်နေ့မှသာ ထိုထူးဆန်းသောအရာများကို မြင်ရလေ့ရှိသည်။
Contactထဲမှာ နာမည်ကိုပင် ပြောင်းထားပေသည်။ အရူးလေးက တုံးအသည်ဟု ထင်ရသော်လည်း နာမည်ကို A to Zစီထားကြောင်းသိ၍ သူ့နာမည်ရှေ့တွင် ‌aတစ်လုံးထည့်ကာ "a ဟွေ့ဟွေ့" ဟု ပေးထားသည်။
သူ့ကို "ဟွေ့ဟွေ့" ဟု ခေါ်သည်က ဟာသလုပ်နေသည်ကိုပင်မသိအောင် တုံးအလွန်း‌နေခဲ့ပေသည်။
(T/N - ယီဟွေ့ နာမည်က ဟွေ့ရဲ့ အဓိပ္ပါယ်က "နေရောင်ခြည်" ဆိုပေမယ့် ဟွေ့ဟွေ့နာမည်က "ပြာမှုန်၊ မီးခိုးရောင် " ဆိုတဲ့ အဓိပ္ပါယ်ပါ )
ကျိုးကျင်ဟမ့်က အသုံးဝင်သည့် ဖုန်းနံပါတ်အချို့ကို ဖုန်းအသစ်ထဲထည့်သွင်းပြီးနောက်တွင် တွန့်ဆုတ်မနေတော့ပဲ ဖုန်းအဟောင်းကိုပိတ်ချလိုက်ပြီး လက်ထောက်ကို ပစ်ပေးလိုက်သည်။
" တစ်နေရာကို လွှင့်ပစ်လိုက်..."
လက်ထောက်ရှောင်လင်းက ဖုန်းကို အာလူးပူပူတစ်လုံးကဲ့သို့ ဖမ်းလိုက်သည်။
" ဘယ်ကို လွှင့်ပစ်လိုက်ရမလဲ..."
ကျိုးကျင်ဟမ့်က သူ့ကိုစွေကြည့်လိုက်သည်။
" ပါပါရာဇီတွေတော့ မကောက်သွားစေမယ့်နေရာပေါ့..."
လက်ထောက်ဒါရိုက်တာကာသူ့အခန်းတံခါးကို လာခေါက်ပြီး အပြင်ထွက်လာရန် အချိန်ကျပြီဖြစ်ကြောင်း လာသတိပေးသည်။ ကျိုးကျင်ဟမ့်က ကော်ဖီကို အေးအေးဆေးဆေးသောက်ပြီး ခြေတံရှည်များကို စားပွဲပေါ် ချိတ်တင်ထားကာ သီချင်းသံအတိုင်း စည်းချက်ကျကျလှုပ်ရှားနေသည်။ အချိန်က နီးကပ်လာမှသာ ခြေထောက်များကို အေးအေးလူလူပြန်ချထားပြီး မတ်တပ်ရပ်လိုက်သည်။
" အဝတ်အစားတွေ ဘယ်မှာလဲ..."
ရှောင်လင်းက ဘေးနားတွင်ချိတ်ထားသောဝတ်စုံကို လက်နှစ်ဖက်ဖြင့် ယူပေးလိုက်သည်။
ကံကောင်းသည်မှာ အဝတ်အစားလဲလှယ်ခြင်းက မြန်ဆန်လှပေသည်။ ကျိုးကျင်ဟမ့် အဝတ်လဲခန်းထဲမှ ခပ်သုတ်သုတ်ထွက်လာပြီး ရှောင်လင်းကိုပင် တိုက်သွားတော့မည်ဟု ထင်ရသည်။
ရှောင်လင်းက မှတ်စုစာအုပ်ကိုင်ပြီး သူ့နောက်မှ အမြန်လိုက်လာကာ ပြောလိုက်သည်။
" ပါတီက ဆယ်နာရီမှာ ပြီးပါ့မယ်... အက်စ်မြို့ကိုသွားဖို့ လေယာဉ်လက်မှတ်ကို ၁၁နာရီခွဲအချိန် ဘိုကင်လုပ်ထားပါတယ်..."
အက်စ်မြို့ဟူသည့်စကားကို ကြားသောအခါ ကျိုးကျင်ဟမ့်ရပ်တန့်သွားပြီး တစ်ဖက်ကိုလှည့်လာသည်။ သူ့မျက်လုံးနှစ်ဖက်ကို ထိစပ်လုမတတ် တွန့်ချိုးထားပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
" ငါ အက်စ်မြို့ကိုသွားမယ်လို့ မင်းကိုဘယ်သူပြောလဲ..."
ရှောင်လင်းက စိတ်ဂနာမငြိမ်ဖြစ်သွားသည်။
" လွန်ခဲ့တဲ့တစ်လက ခရီးစဉ်..."
သူ ခေါင်းငုံ့လိုက်ပြီး စာရွက်ကို လှန်လှောကြည့်နေသည်။
" ကြည့်ရတာ အဲဒါကို မစ္စတာယီ ရေးသွားတာထင်တယ်... ကျွန်တော် အိမ်မှာစောင့်နေမယ်ဆိုပြီး..."
ကျိုးကျင်ဟမ့် အေးအေးလူလူဖြင့် ရယ်မောလိုက်သည်။
" မစ္စတာယီတဲ့လား..."
သူ ရှောင်လင်းကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ့နောက်တည့်တည့်တွင်က စင်မြင့်ပေါ်သို့တက်ရမည့်အဝင်လမ်းဖြစ်သည်။ တံခါးဟရာအကြားမှ တောက်ပသောအလင်းတန်းအချို့ကိုပင် မြင်တွေ့နေရသည်။ အနောက်ဘက်မှ အလင်းရောင်များဖြာထွက်နေသာ့် အနေအထားကြောင့် သူ၏ ခက်ထန်သောမျက်နှာက ပို၍အေးစက်နေပုံရသည်။
ရှောင်လင်း တံတွေးမမျိုချပဲ မနေနိုင်တော့ပေ။ တူညီသော လူတစ်ယောက်တည်းက စင်မြင့်ထက်တွင်ရှိချိန်နှင့် စင်အောက်တွင်ရှိချိန် အမူအရာများ ဤမျှကွဲပြားနေရခြင်းကို သူ သဘောမပေါက်နိုင်ပေ။ သက်ရှိအရာအားလုံးကို အထက်စီးမှ အထင်အမြင်သေးစွာဖြင့် ကြည့်နေနိုင်သည့်စွမ်းရည်က အသက်နှစ်ဆယ်ကျော်လူတစ်ယောက် ပိုင်ဆိုင်ထားသင့်သည့် အရည်အချင်းမဟုတ်ပေ။
" နောက်ဆုံးလက်ထောက်တစ်ယောက် ဘာလို့ အလုပ်ဖြုတ်ခံလိုက်ရလဲ မင်းသိလား..."
ကျိုးကျင်ဟမ့်က အသံတိုးတိုးဖြင့်ပြောပြီး အသက်ပင်မရှုရဲတော့သည့်ရှောင်လင်းကို အထက်စီးမှ ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်အကြာတွင် နှုတ်ခမ်းများတွန့်ကွေးကာ ရယ်မောလိုက်ပြီး မျက်ဝန်းထဲမှ ခက်ထန်မှုများပျောက်ကွယ်သွားသည်မှာ အစောပိုင်းမှ ရက်စက်ကြမ်းကြုတ်သောလူက သူ မဟုတ်သကဲ့သို့ပင်။
" ငါက စလိုက်တာပါ စိတ်မလှုပ်ရှားပါနဲ့..."
ကျိုးကျင်ဟမ့်က လက်တစ်ဖက်မြှောက်ပြီး ရှောင်လင်း၏ပခုံးကိုပုတ်ကာ နူးညံ့သည့် အမူအရာဖြင့် ပြောလိုက်သည်။
" လက်ထောက်တစ်ယောက်အတွက် အလုပ်မှာအရည်အချင်းရှိဖို့က ပထမဦးစားပေးပဲ... ဒါပေမဲ့ မင်းက ငါ့လက်ထောက်နော် သူ့လက်ထောက်မဟုတ်ဘူး... ဘာ‌လုပ်ရမယ် မလုပ်ရဘူးဆိုတာ သိသင့်တယ်..."
အလုပ်ဆင်းသည်မှာ တစ်လပင် မပြည့်သေးသည့် ရှောင်လင်းက အလျင်အမြန်ခေါင်းငြိမ့်ပြလိုက်ပြီးသည့်နောက်တွင် တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
" ဒါ... ဒါဆိုရင် လက်မှတ်က..."
ကျိုးကျင်ဟမ့် လက်ကာပြလိုက်ပြီး စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။
" ထားလိုက်ပါ မဟုတ်ရင် ဟိုအဖိုးကြီးက ငါ့ကို စိတ်အနှောင့်အယှက်ပေးလိမ့်မယ်..."
ရှောင်လင်းက နှဖူးပေါ်မှ ဇောချွေးများကိုသုတ်လိုက်ပြီး စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချကာ တွေးလိုက်သည်။
ကံကောင်းတာ ဒီဘိုးဘေးလေးထက်ပိုပြီး စွမ်းအားကြီးတဲ့လူတွေ ရှိနေလို့ပေါ့ မဟုတ်ရင် အသက်ရှင်ဖို့တောင် မလွယ်ဘူး...
သီးသန့်လျှောက်လမ်းထဲတွင် ခြေသံများသာကျန်ရစ်ခဲ့ပြီး စင်မြင့်နှင့် နီးကပ်လာသည်နှင့်အမျှ ကျိုးကျင်ဟမ့်က လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အေးအေးလူလူလျှောက်လာသည်မှာ သူ့အိမ့်သူ့ရာသို့ ပြန်ရောင်လာသည်နှင့်ပင် တူနေသည်။
ရှောင်လင်းကာသူ့ဆံပင်ကို ဂရုစိုက်ပေးရန် အိတ်ထဲမှ မှန်တစ်ချပ်ကိုထုတ်ပြီး မော့ကြည့်လိုက်သည်။
တံခါး၏တစ်ဖက်ခြမ်းတွင်မူ တလက်လက်တောက်နေသည့် အလင်းရောင်များ တေးသီချင်းသံများဖြင့် ပြည့်နေသော လောကကြီးဖြစ်သည်။
ကျိုးကျင်ဟမ့် အတွင်းသို့ဝင်သွားသည်နှင့် စင်မြင့်၏အလယ်တည့်တည့်မှ လေဆာမီးရောင်က သူ့အပေါ် ဖြာကျလာ၍ စိတ်မသက်မသာဖြစ်စွာဖြင့် မျက်လုံးကို မှေးကျဉ်းလိုက်မိသည်။ သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးသူငယ်ထဲတွင် လူပေါင်းများစွာက ရောင်ပြန်ဟပ်နေသည်။
သူက ဤဆုကိုရရန် ဆုံးဖြတ်ထားပြီးသားဖြစ်၍ နိမ့်ချပြီး မိမိကိုယ်ကို ထိန်းချုပ်နေရန် မလိုအပ်ပေ။ ဧည့်သည်စားပွဲရှိရာသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်ပြီး မိတ်ဆွေအနည်းငယ်ကို ပြုံးပြလိုက်ကာ အလယ်ခုံတွင် ဝင်ထိုင်လိုက်ပြီး အခြားလူများ၏ အံ့အားသင့်မှု၊ မနာလိုအကြည့်များနှင့် နောက်ကွယ်တွင် အတင်းအဖျင်းပြောနေကြသည်ကို လျစ်လျူရှု့လိုက်သည်။
ကျိုးကျင်ဟမ့်က မိသားစုနောက်ခံတောင့်တင်းသည့်အပြင် ဤနယ်ပယ်ထဲ ဝင်ရောက်လာချိန်တည်းက ဤအသက်မွေးဝမ်းကြောင်းနှင့် ပက်သက်ပါက ကံကောင်းခဲ့သည်။ ပွင့်လင်းသူများကမူ သူက ရွှေဇွန်းကိုက်၍ မွေးဖွားလာသူဟုပြောကြပြီး မနာလိုသူများကမူ သူ၏ကျော်ကြားမှုက သူ့အရည်အချင်းနှင့် မထိုက်တန်ဟု ပြောကြသည်။ အောင်မြင်မှုအနည်းငယ်ရပြီး ဘဝင်မြင့်နေပါက ကျရှုံးမည်မှာ အနှေးနှင့်အမြန်ဟုလည်း ထင်ကြေးပေးနေကြသည်။
ကျိုးကျင်ဟမ့်က သူ၏ ရုပ်ပိုင်းဆိုင်ရာအရည်အချင်းများနှင့်ပတ်သက်၍ ဤနှစ်နှစ်အတွင်းတွင် ဤနယ်ပယ်၌ ဝေဖန်ခံရဖူးခြင်း မရှိခဲ့ပေ။
သူက မော်‌ဒယ်တစ်ယောက်၏ အချိုးအစားနှင့်တူညီသော ရင်အုပ်ကျယ်ကျယ် ခန္ဓာကိုယ်တောင့်တောင့်ကို ပိုင်ဆိုင်ထားပြီး ၁.၉မီတာဖြစ်လုနီးပါးဖြစ်သောအရပ်ကြောင့် ထိုင်နေချိန်တွင်ပင် အရပ်မြင့်နေကြောင်းသိသာလှသည်။ သူ့မျက်နှာကိုလည်း " အမျိုးသားဇာတ်ဆောင်များစွာ၏ ပြစ်မျိုးမှဲ့မထင် ခံ့ညားမှုမျိုးကို ပေါင်းစပ်ထားသောမျက်နှာ" ဟု မီဒီယာများက ညွှန်းဆိုကြပေသည်။ သူက မျက်နှာသေကြီးဖြင့်ဆိုလျှင်လည်း တည်ကြည်ငြိမ်သက်နေပြီး အပြုံးက မကောင်းဆိုးဝါးဆန်လှသည်။ သူ့မျက်ဝန်းများက တစ်မူထူးခြားပြီး ပရိသတ်များက "သူတို့ခြေထောက်များ ပျော့ခွေလဲသွားစေနိုင်သည့်အကြည့်မျိုး" ဟု ပြောကြပေသည်။
သို့ရာတွင် ကျိုးကျင်ဟမ့်က ယခုချိန်၌ အခြားလူများပြောနေသည်ကို ဂရုမစိုက်တော့ပေ။ လှောင်ပြောင်သရော်မှုများ အတုအယောင်ကတိပေးမှုများဖြင့် ပြည့်နေတတ်သည့် ဤပွဲမျိုးကို သူ သဘောမကျပေ။ ဤနေရာသို့ သူရောက်ရှိလာရခြင်းမှာ သူ၏ သရုပ်ဆောင်အလုပ်အကိုင်အတွက် ညှိနှိုင်းမှုတစ်ခုဟုသာ ဆိုရပေမည်။
လူအများရှေ့တွင် မျက်လုံးပေါင်းများစွာဖြင့် အကြည့်ခံနေရခြင်းက ဆိုးဝါးလှသည့်အတွက် တစ်ချက်မလှုပ်ရှားမီတွင် နှစ်ကြိမ်တွေးတောနေရသည်။ ကျိုးကျင်ဟမ့်က ခါးမတ်မတ်ထိုင်နေပြီးပျင်းရိစွာဖြင့် ရှေ့ကိုကြည့်နေလိုက်သည်။ ဆုပေးပွဲကျင်းပတော့မည်ဖြစ်ရာ အပြင်ဘက်မှ အခြေအနေကို ဖန်သားပြင်ပေါ်တွင် ထုတ်လွှင့်နေသည်။ ဝင်ပေါက်တွင် လူပြည့်နေပြီး
သတင်းထောက်ပေါင်းများစွာကလည်း ကော်ဇောနီမှစ၍ ဝင်ပေါက်ရောက်သည်အထိ တန်းစီရိုက်ကူးနေကြသည်။
အကယ်၍ ကျိုးကျင်ဟမ့် ယနေ့ညတွင် အက်စ်မြို့သို့ ပြန်သွားပါက တောက်ပသောပန်းစည်းတစ်စည်းက သူ့ကို ကြိုဆိုနေပေလိမ့်မည်။
ထိုပန်းများကို သူ့အတွက် အထူးတလည်ပြင်ဆင်ထားခြင်းဖြစ်ပြီး လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော ကိတ်မုန့်တစ်လုံးလည်း ရှိနေပေလိမ့်မည်။
ထိုအရူးလေးက တုံးအသော်လည်း ရံဖန်ရံခါတွင် ဉာဏ်ကောင်းတတ်ပေသည်။ ကျိုးကျင်ဟမ့် ‌ယခင်တစ်ခေါက် နာမည်ကြီးဒါရိုက်တာတစ်ယောက်၏ရုပ်ရှင်တွင် ပါဝင်ခဲ့ရစဉ်က စိတ်ကောင်းဝင်နေသည့်အတွက် ထိုအရူးလေးပို့ပေးသောပန်းစည်းကို မငြင်းဆန်ခဲ့ပေ။ သူက အဖြစ်အပျက်ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ ပန်းစည်းတစ်စည်းပို့ပြီး ဂုဏ်ပြုပေးလေ့ရှိသည်။
" ဂုဏ်ပြုပါတယ် မစ္စတာကျိုးကျင်ဟမ့် " ဟူသော လက်ရေးစာကတ်လေးတစ်ကတ်ပါဝင်လေ့ရှိပြီး မမြင်ရသော အနောက်နေရာတွင် စာလုံးသေးလေးများဖြင့် " ကျွန်တော့်အမျိုးသားကိုချစ်တယ် " ဟု ရေးထားလေ့ရှိသည်။
ထိုအကြောင်းကိုတွေးမိသောအခါ ကျိုးကျင်ဟမ့်က တိုးညှင်းစွာဖြင့် သရော်လိုက်ပြီး ထိုအရူးလေး၏ အကြံအစည်များက စိတ်အနှောင့်အယှက်ပေးသည်သာမက သဘောကျစရာကောင်းသည်ဟုလည်း တွေးနေမိသည်။
ကျိုးကျင်ဟမ့်နှင့် နောက်ဆုံးအကြိမ် ပြဿနာဖြစ်ပြီးနောက်ပိုင်းတွင် မမျှော်လင့်စွာဖြင့် ထိုအရူးလေးက ရက်ပေါင်းများစွာတိုင်အောင် မဆက်သွယ်ခဲ့ပဲ တောင့်ခံနေခဲ့သည်။
ကျိုးကျင်ဟမ့် မျက်မှောင်ကြုတ်ထားလိုက်မိပြီး ယနေ့ညတွင် မည်သည့်နေရာသို့သွားမည်ကို ဆုံးဖြတ်လိုက်သည်။ မည်သို့‌ပင်ဖြစ်စေ လေယာဉ်လက်မှတ်ဖိုးက ပြန်မရနိုင်တော့သည့်အပြင် အက်စ်မြို့တွင်လည်း အခြားသွားစရာနေရာ မရှိပေ။ သို့ဖြစ်၍ ထိုအရူးလေးရှိရာသို့သာ သွားရပေတော့မည်။ ထိုသို့မဟုတ်ပါက အဖိုးအိုကြီးက ငိုယိုပြီး စောဒကတက်နေလိမ့်မည်။
ဒါပေမဲ့ အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ... သူ့လက်လေးတစ်ချောင်းကွေးလိုက်ရုံနဲ့ အဲ့အရူးလေးက "ယောက်ျား" လို့အော်ခေါ်ပြီး သူ့ဆီပြေးလာမှာပဲလေ...
ပတ်ဝန်းကျင်မှ အလင်းတန်းများက တဖြည်းဖြည်းမှိန်ကျသွားပြီး ဆုပေးပွဲစတင်ရန် အချိန်စတင်ရေတွက်နေသည်။
ကျိုးကျင်ဟမ့်က စိတ်မရှည်လက်မရှည်ဖြစ်လာသော်လည်း အမှောင်ထုထဲမှ နှုတ်ခမ်းအစုံက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်ကို သူကိုယ်တိုင်ပင် သတိမပြုမိပေ။
စာရေးသူမှာ ပြောစရာရှိပါတယ်...
ဟုတ်ပါတယ် ငါတို့ရှောင်ကျိုးမသိတာတစ်ခုက အဲ့အရူးလေး သေသွားပြီဆိုတာပါပဲ...
Xxxxxxx