အပိုင်း ၄.၁
Viewers 11k

Chapter 4.1
ပါတီပွဲက မျှော်မှန်းထားသည်ထက် စောစီးစွာ ပြီးဆုံးခဲ့သော်လည်း လေယာဉ်က နောက်ကျခဲ့သည်။
ကျိုးကျင်ဟမ့်က စောင့်ဆိုင်းခန်းထဲတွင် တစ်ရေးတစ်မော အနားယူနေခဲ့သည်။ သူ နိုးလာချိန်တွင်လည်း လေယာဉ်ပေါ်မတက်ရသေးပေ။ နက်ကတိုင်ကို အနည်းငယ် ဖြေလျော့လိုက်ပြီးနောက် စားပွဲကိုခြေထောက်ဖြင့်ဆောင့်ကန်ကာ သူ၏လက်ထောက်ရှောင်လင်းကို လက်မှတ်သွားလဲခိုင်းလိုက်သည်။
ရှောင်လင်းက ကောင်ဝာာရှိရာသို့ပြေးသွားပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်လာသည်။
" လေ‌ယာဉ်တွေအားလုံး နောက်ကျနေပါတယ် လက်‌မှတ်ပြောင်းရင်လည်း ဘာမှမထူးတော့ပါဘူး..."
ကျိုးကျင်ဟမ့်၏မျက်နှာက ချက်ချင်းမည်းမှောင်သွားတော့သည်။
" ကျည်ဆန်ရထားဆိုရင်ရော..."
ရှောင်လင်းက သူ့ဖုန်းတွင် ရှာဖွေလိုက်ပြီးနောက် ပို၍တုန်ယင်လာသည်။
" ကျည်ဆန်ရထားတော့ရှိပေမယ့် အဲဒါစီးဖို့ဆို တောင်ပိုင်းရထားဘူတာရုံကို သွားရမှာ... အဲဒါနဲ့ဆို အက်စ်မြို့ကိုရောက်ဖို့ ၆နာရီလောက်ကြာမှာ ဒီမှာပဲ လေယာဉ်စောင့်နေတာ ပိုကောင်းမယ်ထင်တယ်..."
ကျိုးကျင်ဟမ့်က သူ့ကိုဖြတ်ပြောလိုက်သည်။
" ကောင်းပြီလေ မင်းသွားတော့... ငါ့ဘာသာငါစောင့်နေလိုက်မယ်..."
ရှောင်လင်း စိတ်အေးသွားသည်။
" တစ်ခုခုလိုအပ်ရင် ဖုန်းဆက်လိုက်ပါ..."
ထို့နောက် တစ်ချိုးတည်းထွက်ပြေးတော့သည်။
ကျိုးကျင်ဟမ့် နောက်ထပ်တစ်နာရီခန့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးသောအခါ လေယာဉ်ကနောက်ဆုံးတွင် ထွက်ခွာသွားဝော့သည်။
သူ အက်စ်မြို့သို့ရောက်သည့်အခါ မိုးရွာနေဆဲဖြစ်ပြီး မြူဆိုင်းနေပေသည်။ မြို့ရှေ့ပိုင်းမှ ဗီလာသို့သွားရန် တက်စီငှားလိုက်သည်။ အချိန်အတန်ကြာ တံခါးခေါက်နေသော်လည်း မည်သူမှ လာမဖွင့်ပေ။ ထိုအခါမှသာ ဤအိမ်စောင့်ကို မကြာသေးမီအချိန်က သူ အလုပ်ဖြုတ်ခဲ့ကြောင့် ဝိုးတဝါးသတိရသွားသည်။ ထို့အပြင် အရူးလေးက ဤအချိန်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမည်ဖြစ်သည်။
သူ တံခါးမှpasswordကိုနှိပ်ကာ ဖွင့်လိုက်ပြီး အတွင်းသို့ဝင်လိုက်ချိန်တွင် ခြောက်ကပ်နေသောလေထုကြီးကာသူ့ကိုဆီးကြိုနှုတ်ဆက်နေသည်။
ကျိုးကျင်ဟမ့်က ဤနေရာသို့ မကြာခဏလာနေကျမဟုတ်သော်လည်း ဤအိမ်၏အငွေ့အသက်နှင့် ရင်းနှီးနေပေသည်။ အရူးလေးက အချိုကြိုက်သူဖြစ်သည်။ ရေခဲသေတ္တာထဲတွင်လည်း ‌သကြားလုံးများ အချိုပွဲများဖြင့် ပြည့်နေတတ်၍ အိမ်ထဲတွင်လည်း ရံဖန်ရံခါ၌ အစားအစာများ၏ ချိုမြသောရနံ့များဖြင့် ပြည့်နေလေ့ရှိသည်ကို ပြောစရာပင် မလိုချေ။ သို့ရာတွင် ယခုချိန်၌ အရောင်မဲ့၊ အနံ့ကင်းမဲ့နေပြီး သူဝင်လာချိန်က ခန္ဓာကိုယ်တွင် လွှမ်းခြုံနေသော မိုးရနံ့နှင့် မြေသင်းရနံ့တို့ကိုသာ ခံစားနေရသည်။
သူ မျှော်လင့်ထားသည့် ပန်းစည်းမရှိသကဲ့သို့ ကိတ်မုန့်လည်း ရှိမနေပေ။ အပေါ်ထပ်ရှိ အိပ်ခန်းပေါ် သွားကြည့်ပြီးမှသာ အရူးလေးက အိမ်တွင် ရှိမနေကြောင်း ကျိုးကျင်ဟမ့် အတည်ပြုလိုက်ရသည်။
လေယာဉ်နောက်ကျမှုကြောင့် ဖိနှိပ်ထားရသည့်ဒေါသများက တစ်ခဏတွင်းချင်း ပေါက်ကွဲထွက်လာသည်။ ကျိုးကျင်ဟမ့်က အိမ်ရာပေါ်တွင် သပ်သပ်ရပ်ရပ်ခေါက်ထားသည့်စောင်ကိုဆွဲယူပြီး ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်သည်။ ခေါင်းအုံးအောက်မှ ဒိုရေမွန်အရုပ်လေးကလည်း ကြမ်းပြင်ပေါ် လိမ့်ကျသွားပြီး ကျိုးကျင့်ဟမ်ကို ရူးနှမ်းစွာ ပြုံးပြနေသည်။
၎င်းက အရူးလေး အနှစ်သက်ဆုံးအရုပ်ဖြစ်ပြီး ညအိပ်ရာဝင်တိုင်း ၎င်းကို ဖက်ထားလေ့ရှိသည်။
သူ စိတ်အနှောင့်အယှက်ဖြစ်နေချိန်၌ မျက်စိထဲမြင်တွေ့သမျှ အရာအားလုံးက ဒေါသထွက်စရာဖြစ်နေသည်။ အရုပ်၏မျက်နှာက သူဤနေရာသို့တစ်ဟုန်ထိုးပြေးလာခဲ့ခြင်းကို လှောင်ပြောင်နေသည်ဟု ခံစားလိုက်ရ၍ ၎င်းကို ကိုင်ပေါက်လိုက်ပြီး မီတာအနည်းငယ်ရောက်သွားအောင် ကန်ထုတ်လိုက်သည်။ အရုပ်က နံရံကိုထိပြီး ပြန်ကန်ထွက်လာသည်။ အကြိမ်အနည်းငယ်ခန့်လှိမ့်သွားပြီးနောက် ကြမ်းပြင်ပေါ်တွင် ‌ဖင်ထောင်လျက် လှဲလျောင်းနေသည်။
ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်ပြီးသည့်အခါ ကျိုးကျင့်ဟမ်က သူ့ဖုန်းအသစ်ထဲမှ contact များကို ကြည့်လိုက်သည်။ သူ့လက်မက "ဟွေ့ဟွေ့" ဟူသော နာမည်ရှိရာသို့ ရောက်သွားသည့်အခါ ခဏတာရပ်တန့်သွားသည်။ နောက်ဆုံးတွင် သူ မနှိပ်လိုက်ပေ။ အခြားဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ပြီး အေးအေးလူလူပင်ပြောလိုက်သည်။
" ဟေး ငါ အက်စ်မြို့ကို ပြန်ရောက်နေပြီ မင်းတို့ ဒီနေ့ ဘယ်မှာလဲ..."
.....
ဘားမှ အလင်းရောင်စုံများက သူ့အာရုံကို ထုံကျဉ်သွားစေပြီး ခံစားချက်များကို ထိန်းချုပ်သွားနိုင်လိမ့်မည်ဟု ကျိုးကျင်ဟမ့် ထင်လိုက်သော်လည်း ဝိုင်အနည်းငယ်သောက်ပြီးသည့်နောက်တွင် သူ့ဘေးမှသူငယ်ချင်းများ၏ စကားပြောဆိုရယ်မောသံများနှင့် ရေမွှေးနံ့ပြင်းရှရှများကြောင့် ကျိုးကျင့်ဟမ်၏ စိတ်အခြေအနေက ကောင်းလာရမည့်အစား ပိုဆိုးရွားလာသည်။
တစ်စုံတစ်ယောက်က သူ့နားရောက်လာပြီး စကားလာပြောသည်။
" သခင်လေးကျိုး ဘာဖြစ်လို့လဲ... ငါတို့နဲ့ မကစားတော့ဘူးလား... ဝိုင်က မပြင်းလို့များလား ဒါမှမဟုတ် ဒီကကောင်မလေးတွေက တက်တက်ကြွကြွ မရှိလို့လား..."
ကျိုးကျင်ဟမ့်က မျက်ခုံးတစ်ချက်ပင့်ပြီး သူ့ကိုတွန်းလွှတ်လိုက်သည်။
" ဝေးဝေးနေ ငါ့ကိုလာမရှုပ်နဲ့..."
သူ့ကိုယ်သူ ဘာမှားနေမှန်း မသိပေ။ သူက မြို့တော်မှ ဂုဏ်ပြုသည့်ပါတီပွဲကို မသွားပဲ ညလယ်ခေါင်တွင် ဤနေရာသို့ရောက်လာပြီး စိတ်ဓာတ်ကျနေရသည်။
အားလုံးက သခင်လေးကျိုး ဒေါသထွက်လွယ်သည်ကို အသားကျနေကြပြီးဖြစ်သည်။ တွန်းလွှတ်ခံလိုက်ရသည့်လူက စိတ်မဆိုးသည့်အပြင် ပြုံးရယ်စွာဖြင့် ပြောလိုက်သည်။
" သခင်လေးကျိုးရဲ့ အမြင်အာရုံက အဆင့်မြင့်လွန်းနေလို့ ဒီလိုပရိသတ်တွေကို ဂရုစိုက်ချိန်မရှိတာများလား..."
ဘေးနားမှ အခြားယောကျာ်းတစ်ယောက်ကလည်း သူတို့စကားဝိုင်းထဲ ဝင်လာသည်။
" အဲဒါက ပြဿနာမဟုတ်ပါဘူး... ငါတို့သခင်လေးကျိုးက နာမည်ကြီးမိသားစုထဲက ဇနီးချောချောလေး ရှိနေတာပဲ... မြင့်မြတ်ပြီး ကျက်‌သရေရှိတာလေးတွေကို မြည်းကြည့်ပြီးရင် ဒီလိုမျိုးအရည်အသွေးနိမ့်နဲ့ အရသာပြင်းပြင်းတွေကို ထပ်မမြည်းကြည့်ချင်တော့ဘူးလို့ ပြောကြတယ်လေ ဟုတ်တယ်မလား သခင်လေးကျိုး..."
ကျိုးမိသားစုနှင့် ယီမိသားစုအကြားမှ လက်ထပ်ထိမ်းမြားမှုက အပြင်လောကတွင် လျှို့ဝှက်ချက်ကြီးဖြစ်သော်လည်း ဒေသခံသာမန်မိသားစုများအကြားတွင်မူ ဖုံးကွယ်မရနိုင်သောအကြောင်းများဖြစ်သည်။ မည်သူမှ ပေါ်တင်မပြောကြသော်လည်း ယီမိသားစု၏သခင်လေးယီဟွေ့က ဦးနှောက်နှင့်ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိသည်ကို မသိသူ မရှိကြပေ။
ထိုလူ၏စကားများထဲတွင် လှောင်ပြောင်သရော်မှု ပမာဏများစွာပါဝင်နေသည်။ အခြားအချိန်မျိုးတွင်မူ ကျိုးကျင်ဟမ့် စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲသွားမည်ဖြစ်သော်လည်း ယခုလက်ရှိအချိန်၌ သူ့စိတ်က ဤနေရာတွင် ရှိမနေသောကြောင့် လျစ်လျူရှု့ထားလိုက်သည်။ သောက်လက်စဝိုင်ခွက်ကို ချထားလိုက်ပြီး ကုတ်အင်္ကျီကိုယူပြီး ပခုံးပေါ်တင်ကာ ထွက်သွားရန်ပြင်လိုက်သည်။
" သခင်လေးကျိုး ပြန်တော့မှာလား..."
ပထမဆုံးစကားပြောလိုက်သူက ကျိုးကျင့်ဟမ်နောက်ကို လိုက်လာပြီး သူ့ကိုတားရန်ကြိုးစားကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အဲ့ကောင်ရဲ့ပါးစပ်က မဟုတ်တာတွေ လျှောက်ပြောတတ်တယ်ဆိုတာ မင်းသိသားနဲ့ ဒေါသမထွက်ပါနဲ့ကွာ..."
ကျိုးကျင်ဟမ့် မူးဝေလာသည်ဟု ခံစားလိုက်ရ၍ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှုချင်နေမိသည်။ သူ မျက်ခုံးများထိစပ်အောင် ကွေးညွတ်လိုက်ပြီးနောက် ပြောလိုက်သည်။
" ငါ ဒေါသမထွက်ပါဘူး..."
သူ့နောက်ကိုလိုက်လာသောအမျိုးသား၏ မိသားစုက အက်စ်မြို့တွင် မီးသတ်ပစ္စည်းကိရိယာများထုတ်လုပ်သောလုပ်ငန်းလုပ်ကိုင်ကြသည်။ ယခုနောက်ပိုင်းတွင် သူက ကျိုးမိသားစုနှင့် ရင်းနှီးအောင် ကြိုးစားနေပြီး ထိုမှ တစ်ဆင့် ယိီမိသားစု၏ဟိုတယ်လုပ်ငန်းနှင့်ပါ အဆင်အသွယ်ရအောင် ပြုလုပ်လိုခြင်းဖြစ်၍ ကျိုးကျင့်ဟမ်နှင့် အဆင်ပြေအောင် ကြိုးစားနေသည်။
" ဟုတ်ပါတယ် ဒေါသမထွက်ပါနဲ့ သခင်လေးကျိုး... အဲ့ကောင်က သူ့မိသားစုငွေတွေဖြုန်းနေတဲ့ ငပျင်းတစ်ကောင်ပဲ... သခင်လေးယီ မင်းနောက်ကိုလိုက်နေတုန်းက သူဘယ်လောက် မနာလိုဖြစ်နေလဲ မသ်ိလို့ပါ... အရင်တစ်ခေါက် သခင်လေးယီကို ဒီခေါ်လာတုန်းက သူ..."
ကျိုးကျင်ဟမ့်က သူ့စကား၏ပထမတစ်ပိုင်းကိုသာ ‌နားထောင်လိုက်ပြီး စကားဆုံးအောင် မစောင့်တော့ပဲ ခေါင်းစောင်းကာ မျက်လုံးများမှေးကျဉ်းပြီး ကြည့်လိုက်သည်။
" ငါက အမြင့်ကိုရောက်အောင် သူ့ကို အသုံးချနေတယ်လို့ မင်းလည်းထင်တယ်ပေါ့လေ..."
ထိုလူ ထိတ်လန့်သွားရသည်။
" အဲ့လိုပြောချင်တာ မဟုတ်ပါဘူး မင်းနဲ့ သခင်လေးယီက အရမ်းလိုက်ဖက်ကြတာပါ ကောင်းကင်ဘုံက ကောင်းချီးပေးထားတဲ့ စုံတွဲလိုပဲ..."
၎င်းက မြှောက်ပင့်ပြောဆိုခြင်းဖြစ်နေကြောင်းကို သိသော်လည်း ကျိုးကျင်ဟမ့်က ထိုစကားများကြားသည့်အခါ စိတ်အေးသွားခဲ့ရသည်။ သူ အပြင်ဘက်တွင် ရစ်သီရစ်သီ မလုပ်နေတော့ပဲ မြို့အရှေ့ခြမ်းမှ သူ့အိမ်သို့ ပြန်လာခဲ့သည်။
သူ အိမ်ပြန်ရောက်သည်နှင့် အိမ်ပျော်သွားခဲ့သည်။ နိုးလာသည့်အခါ ပြတင်းပေါက်အပြင်ဘက်မှကောင်းကင်ကြီးက အာရုဏ်တက်ချိန်ရောက်နေသည်ကို မြင်လိုက်ရ၍ သူ့ဘေးတွင်အိပ်နေသူကို စမ်းကြည့်လိုက်သည်။ ဘေးနားတွင် လူမရှိနေပေ။ ထိတ်လန့်စွာဖြင့် အိပ်ရာမှ ထထိုင်လိုက်သောအခါ အိပ်ခန်းကြမ်းပြင်မှ ဒိုရေမွန်အရုပ်က နေရာပြောင်းလဲခြင်း မရှိသည်ကို မြင်လိုက်မှ အရူးလေး အိမ်တွင် မရှိကြောင်း သတိရသွားသည်။
ရေချိုးခန်းထဲရောက်သောအခါ ကျိုးကျင်ဟမ့်က စင်ပေါ်ရှိ ကာတွန်းပုံတာဝါလေးကို ထိကြည့်လိုက်သည်။ ၎င်းက ခြောက်သွေ့နေ၍ ရက်ပေါင်းများစွာ အသုံးမပြုထားကြောင်း သိသာပေသည်။
သွားတိုက်နေစဉ်တွင် ကျိုးကျင်ဟမ့်က ထောင့်တွင်တင်ထားသော ကာတွန်းပုံသွားတိုက်တံလေးကို မတော်တဆတိုက်မိသွားခဲ့၍ မျက်ခုံးပင့်ပြီး လှောင်ပြောင်သရော်စွာဖြင့် တွေးလိုက်သည်။
" မင်း ဒီတစ်ခါ ဘယ်လောက်ကြာကြာနေနိုင်မလဲ ကြည့်ရသေးတာပေါ့..."
ယီမိသားစုနှင့် ကျိုးမိသားစုအကြားတွင် လက်ထပ်ထိမ်းမြားမှုတစ်ခု ရှိခဲ့ပေသည်။ ကျိုးကျင်ဟမ့်က တရားဝင်လက်ထပ်ရမည့်အရွယ်မရောက်သေး၍ ထိုအချိန်က လက်ထပ်ပွဲကို အကျဉ်းချုံးကျင်းပပေးခဲ့ပြီး သူတို့နှစ်ယောက်ကို အိမ်တစ်အိမ်တည်းတွင် နေစေခဲ့ပြီး ဆက်ဆံရေးတစ်ခု တည်ဆောက်စေခဲ့သည်။
( T/N - တရုတ်မှာ အမျိုးသားတွေက ၂၂နှစ်ရောက်မှ တရားဝင်လက်ထပ်လို့ ရပါတယ် )
ကျိုးကျင်ဟမ့်က သူ့အလုပ်ကြောင့် လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဤအိမ်တွင် နေခဲ့သည့်အချိန်ကိုပေါင်းကြည့်ပါက နှစ်လပင် မပြည့်ပေ။ ထိုမျှ လာနေသည်ကလည်း အဖိုးအိုကြီးက သူ၏ခရက်ဒစ်ကတ်ကိုပိတ်ပြီး ပြိုင်ကားများကို သိမ်းပစ်မည်ဟု ခြိမ်းခြောက်သောကြောင့်ဖြစ်သည်။ ယခုအခါ ကျိုးကျင်ဟမ့်၏ သရုပ်ဆောင်လုပ်ငန်းက လမ်းကြောင်းတစ်ခုအပေါ်ရောက်ရှိလာပြီဖြစ်ရာ သူ၏စီးပွားရေးအခြေအနေက ပိုမိုတည်ငြိမ်လာ၍ လူကြီးများထံမှဖိအားက ပို၍ပို၍နည်းသွားခဲ့သည်။ ဤနှစ် နွေဦးရာသီမှစ၍ ဤနေရာတွင် လာနေခဲ့သည့်အကြိမ်ကိုရေတွက်မည်ဆိုပါက လက်တစ်ဖက်ပင်မပြည့်ပေ။
အရူးလေးယီဟွေ့ကသာ ဤနေရာကို သူ့အိမ်ဟု သတ်မှတ်ထားပြီး အားလုံးကို ဂရုတစိုက်ဖြင့် သပ်သပ်ရပ်ရပ်ထားကာ သူအိမ်ပြန်လာချိန်ကိုစောင့်ဆိုင်းနေခဲ့သည်။ ဤနေရာတွင် မနေပဲ မကြာခဏထွက်ပြေးမှသာ ကျိုးကျင့်ဟမ်က သူ့ကိုစိတ်ပူပြီးလာကြည့်လိမ့်မည်ဟုထင်ခဲ့မိသည်။ သို့ရာတွင် ကျိုးကျင်ဟမ့်က သူ့အကြံအစည်များကို ကြိုသိထားကြောင်း သူမသိခဲ့ပေ။
အကယ်၍ ထိုအကြံက အလုပ်မဖြစ်ပါက သူနှင့် သွေးသားတစ်ဝက်တော်စပ်သော အစ်ကိုတစ်ယောက် ရှိနေသေးသည်။ ယီဟွေ့က လွန်ခဲ့သည့်နှစ်အတွင်း နှစ်ကြိမ်သုံးကြိမ်ခန့် လေယာဉ်လက်မှတ်ဝယ်ပြီး မြို့တော်မှ သူ့အစ်ကိုရှိရာသို့ သွားခဲ့သည်။
ဒါလည်း အိမ်ကထွက်ပြေးတာပဲ မဟုတ်ဘူးလား... ကလေးအကွက်လေးတွေ...
ယီမိသားစုက အက်စ်မြို့တွင် ပိုင်ဆိုင်မှုများစွာရှိခဲ့ပြီး ယီဟွေ့အမေက သူမသက်ရှိထင်ရှားရှိစဉ်အချိန်တည်းက သူ့နာမည်နှင့် လွှဲထားပေးခဲ့၍ သူသွားစရာနေရာပေါင်းများစွာ ရှိပေသည်။
ကျိုးကျင်ဟမ့်က စိုးရိမ်ပူပန်နေခြင်းမရှိခဲ့ပေ။ အကယ်၍ ကိစ္စတစ်ခုခုဖြစ်ခဲ့ပါကာသူ၏ဈေးပေါပေါယောက်ဖက သူ့ကိုလက်ချာခေါ်ရိုက်မည်က ကြာလှပြီဖြစ်သည်။
သူ ဘယ်လောက်ကြာကြာ ထွက်ပြေးနိုင်ဦးမယ်တဲ့လဲ...
ထိုအကြောင်းကိုတွေးမိသောအခါ ကျိုးကျင်ဟမ့် စိတ်အနှောင့်အယှက်ဖြစ်လာမိပြီး သူ့ခြေလက်များကို တုပ်နှောင်ပြီး အချိန်မည်မျှကြာအောင်နေရမည်ကို တွေးလာမိသည်။
ကိုယ်လက်သန့်စင်ပြီးသောအခါ ရေခဲသေတ္တာထဲမှ အေးသက်နေသည့်ပေါင်မုန့်မီးကင်ကိုထုတ်ပြီး ရေအေးအေး သောက်လိုက်သည်။ ကျိုးကျင်ဟမ့်က ဝါးနေစဉ်တွင် မျက်မှောင်ကြုတ်နေပြီး အိမ်တွင်ရှိနေလျှင်လည်း ကောင်းကျိုးမပေးသော အရူးလေးကို တွေးနေမိသည်။ အနည်းဆုံး သူရှိနေပါက ကော်ဖီနှင့် ရေနွေးက တစ်ရက်တွင် ၂၄နာရီရပြီး မည်သည့်အချိန်တွင် သောက်ချင်သည်ဖြစ်စေ လက်တစ်ဖက်လှမ်းလိုက်ရုံဖြင့် ရနိုင်ပေသည်။