အခန်းထဲပြန်ရောက်သောအခါ ကျိုးကျင်ဟမ့်က အခန်းထောင့်မှ အရုပ်ကို တစ်ချက်ကြည့်လိုက်မိသည်။ ခဏတာစဉ်းစားပြီးနောက်တွင် ထိုအရုပ်ကို ကောက်လိုက်ပြီး ဖုန်များပေအောင်လုပ်ကာ အိပ်ရာပေါ် ပြန်တင်ထားလိုက်သည်။
အကယ်၍ အရူးလေးပြန်ရောက်လာပြီ မြင်သွားပါက ငိုယိုလိမ့်မည်ဖြစ်သည်။ သူ ငိုနေချိန်တွင် မျက်လုံးနှင့် နှာခေါင်းများက နီရဲလာပြီး အလွန်ကြည့်ရဆိုးပေသည်။ အခြားလူများမြင်ပါက ကျိုးကျင်ဟမ့်က သူ့ကိုအနိုင်ကျင့်နေသည်ဟု ထင်လိမ့်မည်။
အိမ်အကူတစ်ယောက်မရှိခြင်းက မသက်မသာဖြစ်စရာကောင်းလှပေသည်။ ညစ်ပတ်နေသောအဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်ပြီးနောက်တွင် ကျိုးကျင်ဟမ့်က ဗီရိုထဲမှ သာမန်အဝတ်အစားတစ်စုံကိုထုတ်ပြီး ဝတ်ဆင်လိုက်သည်။ ရုတ်တရက် ဖုန်းသံမြည်လာသည်ကို ကြားလိုက်ရသည်။
အချိန်အတန်ကြာ ရှာဖွေပြီးသည့်နောက်တွင်မီ သူအဝတ်လျှော်စက်ထဲထည့်လိုက်သည့် ဂျာကင်ထဲမှ ဖုန်းသံမြည်လာသည်ကိုမြင်၍ ထုတ်ယူလိုက်သည်။ "အဖိုးကြီး" ဟူသောစာလုံးများကို မြင်လိုက်ရသောအခါ ကျိုးကျင်ဟမ့်၏မျက်နှာက မည်းမှောင်သွားပြီးနောက် အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်။
သူ ဖုန်းပြန်ဖြေလိုက်ပုံက အလွန်မယဉ်ကျေးနေပေ။
" ဖုန်းနံပါတ်ပြောင်းလိုက်တာလား..."
ကျိုးကျင်ဟမ့်က ဘောင်းဘီဝတ်နေလက်စဖြစ်သည်။ ခါးပတ်ကို လက်တစ်ဖက်တည်းဖြင့် ပတ်မရသောကြောင့် တစ်ဖက်မှ အဝတ်လျှော်စက်ကို မှီနေလိုက်သည်။
" အင်း ပြောဖို့မေ့သွားတာ..."
အဖိုးကြီးက သူ့ဖုန်းနံပါတ်အသစ်ကို ရှာတွေ့သွားပြီဖြစ်သောကြောင့် ဤကိစ္စကို ဆက်ဆွေးနွေးနေရန် မလိုအပ်တော့ပေ။
" ရှောင်ဟွေ့ကို တနင်္ဂနွေနေ့ကျရင် အိမ်ခေါ်လာခဲ့..."
" နောက်ထပ် မိသားစုစည်းဝေးပွဲလား..."
ကျိုးကျင်ဟမ့်က သရော်လိုက်သည်။
" ခင်ဗျားမှာ အချိန်အဲ့လောက်အားနေရင် ကိုယ့်ရဲ့စီးပွားရေးစွမ်းရည်တွေကို ထူထောင်ပြီး ရိုးသားတဲ့စီးပွားရေးလုပ်ဖို့ ကြိုးစားပါလား... ဒါမှမဟုတ် ကျုပ် ညီမကိုလည်း ငွေကြောင့်လက်ထပ်ခိုင်းဖို့ တွေးနေတာလား..."
ဖုန်းတစ်ဖက်မှ သက်လတ်ပိုင်းအရွယ်လူကြီးက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။
" မင်း ယီမိသားစုဝင်တစ်ယောက်နဲ့ လက်ထပ်ပြီးရင် အပြန်အလှန်အနေနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးရမယ်ဆိုပြီး သဘောတူထားခဲ့တာလေ အခု ကိစ္စတွေကို ကလန်ကဆန်လုပ်နေပြီး အကြွေးတွေကိုပစ်ထားဖို့ တွေးနေတာပေါ့ ဟုတ်လား..."
" ကိုယ်ပိုင်လွတ်လပ်ခွင့်တဲ့ ဟုတ်လား... ကျုပ်ကို သုံးရက်တစ်ခါ စစ်ဆေးဖို့ ခေါ်တာမျိုးလား... သားဖြစ်သူနဲ့ ချွေးမနဲ့ လက်ထပ်ပြီးတာတောင်မှ အရမ်းစိတ်ပူနေတဲ့ ယောက္ခမမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး..."
သူ ပြောချင်ရာပြောပြီးသည့်အခါ မိုက်ခရိုဖုန်း၏တစ်ဖက်မှ အသက်ရှုသံပြင်းပြင်းများ ကြားလိုက်ရ၍ အဖိုးကြီး ဒေါသထွက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ကျိုးကျင်ဟမ့်က သူ့လေသံကို ပြောင်းလိုက်သည်။
" တနင်္ဂနွေနေ့မလား... သူ အချိန်ရှိလားလို့ မေးလိုက်ပါဦးမယ်... အဲဒီပန်းချီဆရာလေးက အလုပ်များတယ်လေ ခင်ဗျားကျွန်တော့်ကို စိတ်တိုင်းကျသောက်လုပ်လာရှုပ်နေတာ ဘာမှမဖြစ်ပေမယ့် သူ့ကို အဲ့လိုလုပ်ရင်တော့ မသင့်တော်ဘူးပေါ့ ဟုတ်တယ်မလား..."
ဖုန်းချလိုက်ပြီးသည့်အခါ ကျိုးကျင်ဟမ့် စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး အဝတ်အစားများ ဝတ်ဆင်ပြီး အောက်ထပ်သို့ဆင်းလာသည့်အခါ ပထမထပ်၏ထောင့်မှ အခန်းတစ်ခန်းကို ဖြတ်လာသည်။ သူ ခဏတာရပ်တန့်သွားကာ တွန့်ဆုတ်နေပြီးမှ အခန်းတံခါးကို ဖွင့်လိုက်သည်။
၎င်းက ယီဟွေ့၏ စတူဒီယိုဖြစ်သည်။ နေရာက ကျဉ်းမြောင်းသော်လည်း အခန်းကို သေသပ်စွာဖွဲ့စည်းထားသည်။ ပန်းချီကားဘုတ်ပြားပေါ်တွင် အမျိုးသားတစ်ယောက်၏ပုံကို ရေးဆွဲလက်စဖြစ်ပြီး ဘေးနားတွင် ခုံအသေးတစ်လုံး အကြီးတစ်လုံး ရှိနေသည်။ ယီဟွေ့က ဤနေရာတွင် ကိုးရို့ကားယားဖြင့် ဒူးတစ်ဖက်ထောက်ထိုက်ပြီး ပန်းချီဆွဲရန် အဆင် ပြေသည့်အမြင့်ကို ရှာဖွေလေ့ရှိသည်ကို အမှတ်ရသွားသည်။
အက်စ်မြို့က ယန်ဇီမြစ်တောင်ပိုင်းတွင်ရှိ၍ အုံ့မှိုင်းမှိုင်းအခန်းထဲမှ စိုထိုင်းထိုင်းရာသီဥတုက သတိပြုဖွယ်ရာဖြစ်သည်။ အခန်းထောင့်ရှိ ဗီရိုထဲမှ ပန်းချီစာရွက်အပုံလိုက်ကြီးက အပူချိန်ကြောင့် ကွေးညွတ်ကာ စာရွက်မျက်နှာပြင်က မညီမညာဖြစ်နေပေသည်။ သူရေးဆွဲသောပန်းချီများက ပိုအရုပ်ဆိုးလာသည်ဟု စောဒကတက်ခဲ့ဖူးပေသည်။
အရူးလေး၏ မခံမရပ်နိုင်လေသံလေးများက သူ့နားထဲ ပဲ့တင်ထပ်လာသည်။ ကျိုးကျင်ဟမ့်၏ နှလုံးသားထဲ နူးညံ့ပျော့ပျောင်းသွားရသည်။ ဤနေရာသို့ ဧည့်သည် များများစားစားလာလေ့မရှိသည်ဖြစ်ကာ ဒုတိယထပ်မှ အိပ်ခန်းတစ်ခန်းကိုရှင်းပြီး စတူဒီယို လုပ်ပေးလိမ့်မည်ဟု တွေးလိုက်မိသည်။ ထိုအခန်းထဲတွင်ဆိုပါက ပန်းချီစာရွက်များက စိုထိုင်းမှုကို လွယ်ကူစွာ စုပ်ယူသွားလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူထိုင်ရန်အဆင်ပြေသောခုံလည်း ဝယ်ပေးရဦးပေမည်။ ထိုအရူးလေးက ပျာယာခတ်လွန်း၍ အိမ်တွင် လူမရှိချိန် ချော်လဲနိုင်ပေသည်။
ထိုအကြောင်းကို တွေးတောနေစဉ်မှာပင် အိတ်ထဲမှဖုန်းက နောက်တစ်ကြိမ်မြည်လာပြန်သည်။ ကျိုးကျင်ဟမ့်က ဖုန်းကိုမကြည့်ပဲ ပြန်ဖြေလိုက်သည်။
" နောက်ထပ် ဘာအမိန့်တွေများ ပေးဖို့ကျန်သေးလို့လဲ..."
တစ်ဖက်က နှစ်စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် စကားစပြောလာသည်။
" ကျင်ဟမ့်ရေ ဖန်ယွီချင်း ပြန်ရောက်လာပြီ..."
ကျိုးကျင်ဟမ့်က ဖုန်းခေါ်ဆိုသူ၏အမည်ကိုပြန်ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ယန်ချန့်ရွှမ် ငါမင်းကို ဖုန်းနံပါတ်အသစ်ပေးထားတာ ဒီလို စနောက်နေဖို့ မဟုတ်ဘူးနော်... အရင်တစ်ခေါက်က ဘာဖြစ်ခဲ့လဲ မင်းမြင်တယ်မလား..."
" ဒီတစ်ခေါက်က တကယ်ပါ... ငါ လေယာဉ်ချိန်ကိုပါ တွေ့ခဲ့တယ် သူက အမ်မ်နိုင်ငံကနေ ပြန်လာပြီးတော့ မြို့တော်လေဆိပ်ကို နောက်ငါးနာရီနေရင် ရောက်လိမ့်မယ်..."
သူ့မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသော်လည်း မျက်လုံးများ အရောင်လက်လာသည်။ ကျိုးကျင်ဟမ့်က ကုတ်အင်္ကျီကိုပင် မဝတ်ဆင်တော့ပေ။ သူ ဖိနပ်စီးပြီး အပြင်ထွက်လာစဉ် ရှောင်လင်းကို ဖုန်းခေါ်ကာ အမြန်ပြောလိုက်သည်။
" ငါ့ကို အက်စ်မြို့ကနေ မြို့တော်ကို လေယာဉ်လက်မှတ်မှာပေး မင်းမှာ အချိန်တစ်နာရီရမယ် မြန်မြန်လုပ်..."
တစ်ချိန်တည်းမှာပင် နိုင်ငံ၏အခြားတစ်ဖက် ချောင်ကျသော တောင်ပိုင်းမြို့လေးတစ်မြို့၌ ယီဟွေ့မှာ မြို့တော်သို့သွားရန် ရထားလက်မှတ်ပြောင်းလိုက်ရခြင်းကြောင့် ခေါင်းကိုက်နေသည်။
ကျန်းယီမန့်က အလွန်အမင်းစိတ်လှုပ်ရှားနေသည်။
" ဆရာ့ကို စောစောသွားတွေ့မှာမလား နှစ်ရက်လောက် စောသွားကြမယ်လေ... ညီမလေးလည်း ခွင့်ယူပြီးပြီဆိုတော့ ဘယ်နေ့သွားသွားရပြီ..."
ယီဟွေ့က ဖန်သားပြင်ပေါ်မှ အချိန်နှင့် ထိုင်ခုံနေရာလွတ်ကို ရှာဖွေနေသည်။
" ဒါပေမဲ့ အမေက အလုပ်ရှိသေးတော့ အချိန်သေချာစီစဥ်ရဦးမယ်လေ..."
ကျန်းယီမန့်က လူယုတ်မာဆန်ဆန် ပြုံးလိုက်သည်။
ယီဟွေ့က သူမကို သင်္ကာမကင်းစွာ ကြည့်လိုက်မိသည်။
" အစ်ကိုကြီး အခုနောက်ပိုင်း တော်တော်ပြောင်းလဲသွားသလိုပဲ..."
ကျန်းယီမန့်က စိတ်ချမ်းသာသွားသည့် အမူအရာဖြစ်နေသည်။
" လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကအထိ ညစာစားလိုက်၊ ရေချိုးလိုက် အဲ့အလုပ်ပဲရှိနေတာ အခုတော့ အချိန်ကိုပါ သေချာစီစဉ်နေပြီပေါ့..."
ယီဟွေ့က သူ့အကြောင်းသိသွားမည်စိုး၍ စိတ်ဂနာမငြိမ်ဖြစ်သွားသည်။
" အ... အ အမေပြောတာ ကြားလိုက်မိလို့ပါ..."
" ညီမလေးက ဒီတိုင်းပြောလိုက်တာပါ ဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ... ဒေါက်တာလျှိုက အစ်ကိုကြီးဒီလောက်ထိ တိုးတက်လာတာ အံ့ဩစရာမဟုတ်ပါဘူးတဲ့ ညီမလေးနဲ့ အမေကလည်း အစ်ကိုကြီးရဲ့ ခံစားချက်တွေကိုလည်း ဂရုစိုက်ပေးပါ့မယ်..."
ယီဟွေ့ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
" အိုး... အမ်... ကျေးဇူးတင်ပါတယ်..."
ယီမန့်က ရယ်ရယ်မောမောဖြင့် ခေါင်းခါလိုက်သည်။
" အစ်ကိုကြီး ဒီလောက်ချစ်ဖို့ကောင်းတာကို အရင်က ဘာလို့မသိခဲ့ပါလိမ့်..."
ယီဟွေ့ တိတ်တဆိတ်ဖြင့် လေးနက်စွာတွေးတောနေပြီး ဤစကားက သူ့ကို စိတ်ရင်းအမှန်ဖြင့် ချီးကျူးနေကြောင်းသိ၍ မျက်နှာနီရဲသွားသောကြောင့် ကျန်းယီမန့်ရယ်လိုက်ပြန်သည်။
အဘယ့်ကြောင့်ဆိုသော် မြို့တော်သို့သွားမည့်ခရီးတွင် သူမကိုခေါ်လာရန် ကျန်းရွှယ်မေ့ကို ပြောပေးခဲ့သောကြောင့်နှင့် ဆံပင်ညှပ်လိုက်ခြင်းကြောင့် မောင်နှမနှစ်ယောက်အကြားမှ ဆက်ဆံရေးက ဤနှစ်ရက်အတွင်း ပိုမိုကောင်းမွန်လာခဲ့သည်။ ကျန်းယီမန့်က မျက်စောင်းထိုးခြင်း၊ ဆိုးဆိုးရွားရွားများပြောခြင်း မပြုလုပ်တော့သည့်အပြင် ကိစ္စကောင်းများ ရှိလာပါက သူမအစ်ကိုနှင့် ဝေမျှပေသည်။
သူ နောက်ဆုံးတွင် လက်မှတ်များဝယ်လိုက်နိုင်သောအခါ ကျန်းယီမန့်က ယီဟွေ့ကို ဟန့်တားလိုက်သည်။
" ကိုကြီး မသွားနဲ့ဦး ဒါလေးကိုကြည့်ဦး..."
သူမက လျှိုဝှက်စွာဖြင့် တံခါးကိုပိတ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ကင်မရာကိုထုတ်လိုက်သည်။
ယီဟွေ့မေးလိုက်သည်။
" အသစ် ဝယ်ထားတာလား..."
" ညီမလေးက အဲဒါဝယ်ဖို့ပိုက်ဆံ ဘယ်ကရမှာလဲ... အတန်းဖော်တစ်ယောက်ဆီက ငှားလာတာပေါ့..."
ကျန်းယီမန့်က ကင်မရာကိုပွတ်သပ်နေပြိီး လက်မှမချနိုင်အောင် ဖြစ်နေသည်။
" အချိန်ကျလာလို့ အစ်ကိုကြီးဆုယူရင် ညီမလေး ဓာတ်ပုံရိုက်ပေးမယ်..."
ယီဟွေ့ ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။
" ဆုရဖို့အထိတော့ မမှန်းထားမိဘူး..."
ကျန်းယီမန့်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
" အစ်ကိုကြီးက ပန်းချီဆွဲတော်တာပဲလေ ယုံကြည်ချက်လေးရှိပါ..."
ယီဟွေ့က သူမစိတ်ကြည်နေသည်ကို မဖျက်ဆီးချင်ပေ။
" အင်းပါ အစ်ကို အကောင်းဆုံးကြိုးစားပါ့မယ်..."
" ဒါပေမဲ့ ဒီတစ်ကြိမ်ပြိုင်ပွဲအချိန်က တွေ့ဆုံပွံနဲ့ တိုက်မနေဖို့တော့ ဆုတောင်းရမယ်... အချိန်တိုက်နေရင်တော့ ညီမလေးက ဟမ့်ဟမ့်ကိုပဲ သေချာပေါက်ရွေးမှာ..."
ယီဟွေ့ မျက်တောင်ခတ်လိုက်သည်။
" ဟမ့်... ဘာလဲ..."
" ကျိုးကျင်ဟမ့်လေ... ညီမလေးတို့မိသားစုရဲ့ဟမ့်ဟမ့်..."
ကျန်းယီမန့်က သူမ ကျောပိုးအိတ်ထဲမှ ပိုစတာအထပ်လိုက်ကို ထုတ်ပြလိုက်သည်။
" ညီမလေးကြိုက်တဲ့သရုပ်ဆောင်ကိုတော့ မမေ့သေးဘူးမလား... သူ့ကြောင့်သာမဟုတ်ရင် မြို့တော်ကို လိုက်လာမှာမဟုတ်ဘူး..."
ထိုနာမည်သုံးလုံးကို ကြားသည့်အခါ ယီဟွေ့နားထဲ တဝီဝီဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
သူ နားကြားလွဲပါစေဟု မျှော်လင့်လိုက်ပြီး ခေါင်းငုံ့၍ ကျန်းယီမန့်၏လက်ထဲမှအရာများကိုကြည့်လိုက်သည်။ "ကျိုးကျင်ဟမ့်" ဟူသောအမည်က အသိပေးခြင်းမရှိပဲ သူ့မျက်လုံးထဲ ဝင်ရောက်လာသည်။ သူ့စိတ်ထဲမှ ဖျောက်ဖျက်မရနိုင်သည့် မျက်နှာက သူနှင့် နီးစပ်နေသည်ဟု ထင်ရသော်လည်း အမှန်တွင် ဝေးကွာလွန်းနေသည်။
အချိန်တစ်ခုကြာပြီးသည့်အခါ ကျန်းယီမန့်က ယီဟွေ့က်ု တွန်းလိုက်သည်။
" ဘာလဲ ညီမလေးရဲ့ဟမ့်ဟမ့်ကို မချောဘူး ထင်နေတာလား..."
ယီဟွေ့က ရင်းနှီးနေသောအမည်တစ်ခုကို မှင်သက်ငေးငိုင်စွာ ကြည့်ရှု့နေပြီး သူ့နားထဲ ပဲ့တင်ထပ်နေသည်ကို ထပ်ခါထပ်ခါ နားထောင်နေမိသည်။ သွေးရောင်ကင်းမဲ့နေသည့်နှုတ်ခမ်းများကို အကြိမ်အနည်းငယ်ခန့် ဖိကိုက်လိုက်ပြီး ခေါင်းမော့ကာ မနည်းအားတင်းပြီး ပြုံးပြလိုက်သည်။
" ချောပါတယ်... သူက အခံ့ညားဆုံးပဲ..."