👾Chapter 62
[ ဗိုလ်ချုပ်… ခင်များ ရယ်လိုက်တာလား ]
နယ်စပ်ဟုဆိုရသည့်အကြောင်းရင်းမှာ ၎င်းတို့သည် မြူခိုးများကြောင့် လမ်းပိတ်သွားခြင်းဖြစ်ကာ မက်ခါသည်လည်း စွမ်းအင်ကုန်သွားသောကြောင့် ကောင်းကောင်းမွန်မွန် မဆင်းသက်နိုင်ခဲ့ပေ။
စီးဆင်းနေသည့် မြူခိုးများသည် M2742 အား အချိန်မရွေး နောက်ပြန်ဆွဲသွားနိုင်သည်။ အကယ်၍ ထိုကဲ့သို့ဖြစ်လျှင် သူတို့၏မက်ခါသည် လက်နက်များနှင့်အတူ နှစ်မြုပ်သွားရင်း ဤထူးဆန်းသည့်မြူခိုးများကြား အဆုံးသတ်သွားနိုင်၏။
သို့သော် ပြဿနာမှာဟယ့်ယွင်ထင်တစ်ဦးကသာ လှုပ်ရှားနိုင်သူဖြစ်ပြီး သူတစ်ယောက်တည်းအားဖြင့် ဤသံမဏိခွံကြီးကို အနည်းငယ်လေးမျှ မရွှေ့နိုင်ပေ။ လင်းဟန်လည်း ကျောပေါ်တွင် လဲလျောင်းနေဆဲဖြစ်ပြီး နှစ်ယောက်သား တစ်ပြိုင်တည်း ရပ်တန့်လိုက်ကြသည်။ အခြေအနေကို နားလည်ပြီးနောက် လင်းဟန် စိတ်ရှုပ်ထွေးသွားရသည်။
ယခု သူတို့ရှိနေသည့်ပတ်ဝန်းကျင်သည် ယခင်ကနှင့် မတူညီချေ။ ဇီ၀မျိုးကွဲဂလက်စီသည် နေရာအလိုက် ကွဲပြားပြီး ဇီ၀မျိုးကွဲသတ္တဝါများက တူညီမှုမရှိသည့်အပြင် ဘူမိဗေဒဆိုင်ရာ ပတ်ဝန်းကျင်သည်လည်း အလွန်ကွဲပြားသည်။
ယခုမူ ၎င်းတို့သည် အဆုံးမရှိသောအဝါရောင်သဲများကို နှုတ်ဆက်လိုက်ကြပေပြီ။ ၎င်းတို့နောက်တွင် အရာအားလုံးကို မျိုချနိုင်သည့် မြူခိုးငွေ့များရှိနေသည်မှလွဲ၍ ဂေဟစနစ်သည် နယ်စပ်ဧရိယာထက် များစွာသာလွန်ကောင်းမွန်သည်။
အောက်ခံမြေပြင်သည် အလွန်ပြန့်ပြူးခြင်းမရှိသော်လည်း စိမ်းလန်းသောအပင်များနှင့် နိမ့်ချည်မြင့်ချည်တောင်တန်းများကို မြင်တွေ့နိုင်သည်။ ရေအရင်းအမြစ်ကို ရှာမတွေ့သေးသော်လည်း အပူချိန်သည် စိမ်းလန်းသောအပင်များကြောင့် ယခင်ကဲ့သို့ မွန်းကြပ်မှုမဖြစ်စေပေ။ အင်ပါယာ၏ ပင်မဂြိုလ်နှင့် မယှဉ်နိုင်သေးသော်လည်း ၎င်းတို့နှစ်ဦးအတွက်မူ အလွန်ကောင်းမွန်နေပြီဖြစ်သည်။
" ဒီဘက်က မြောက်ဘက် ဖြစ်ရမယ် "
ဟယ့်ယွင်ထင်က လင်းဟန်အား ရှင်းပြသည်။
" မြောက်ဘက်မှာ နေတဲ့သတ္တဝါတွေက အခြေခံအားဖြင့် ပိုသိမ်မွေ့ပြီး လူသားကို မထိခိုက်စေဘူး "
လင်းဟန်သည် အမှန်တကယ်ပင် အောက်ဆင်းကာ လမ်းလျှောက်ကြည့်လိုသော်လည်း သူ့ခန္ဓာကိုယ်တွင် ခွန်အားမရှိပေ။ အကယ်၍ အောက်ဆင်းကာ လမ်းလျှောက်လိုက်လျှင် အားနည်းသောခြေထောက်များဖြင့် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလိမ့်မည်ကို စိုးရိမ်မိသည်။ သူက ထပ်ခါတလဲလဲတွေးတောပြီးနောက် သူ့ ကံတရားကိုလက်ခံလိုက်ခြင်းကသာ ပိုကောင်းမွန်၍ ဟယ့်ယွင်ထင်ကို ဆက်လက်သယ်ဆောင်ခွင့်ပြုလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ယခုတော့ သူ့စိတ်ထဲတွင် အခြားအတွေးများရှိလာနေသည်။ သူတို့နှစ်ယောက် ဘယ်အချိန် အမှန်တကယ် ပြန်သွားနိုင်မည်ကို သူ မသိပေမယ့် အနည်းဆုံးတော့ ဤနေရာ၌ တွယ်တာမှု အပြည့်ရှိနေပေသည်။ နှစ်ယောက်ထဲက မည်သူကမှ စကားမဆိုလျှင်တောင်မှ၊ စည်းမကျော်ရသေးလျှင်တောင်မှ သူတို့ဆက်ဆံရေးမှာ သာမန်ဆက်ဆံရေးထက် အနည်းငယ် ရှုပ်ထွေးနေဆဲပင်။
ထိုအတိုင်းလည်း ကောင်းလေသည်။လင်းဟန်က တွေးလိုက်သည်။ သူတို့နှစ်ယောက်လုံးက ယခု တမူထူးနေပေပြီ။
" ဒါဆို ကျွန်တော်တို့အောင်မြင်ခဲ့ပြီလား " လင်းဟန်က မေးသည်။
အနည်းဆုံးတော့ သူတို့ဟာ နယ်စပ်ဧရိယာ၏ ကျက်တီးမြေအဝါရောင်သဲသောင်ပြင်များ၌ မကျန်ရစ်ရတော့ဘဲ ထိုအစား ဂေဟစနစ်အရ အတော်လေး သာယာဖွယ်ရှိသည့် တစ်နေရာသို့ ရောက်ရှိလာခဲ့လေပြီ။
" အဲ့လိုပါပဲ "
ဟယ့်ယွင်ထင်က အေးစက်စွာပြောသည်။
" ဒါပေမယ့် မက်ခါက ပြဿနာရှိနေတယ် "
လင်းဟန်သည် စွမ်းအင်လုံးလုံး ကုန်သွားခဲ့သည့် M2742 ကိုကြည့်လိုက်သည် ။ ၎င်းတို့နောက်ရှိ မြူခိုးများ၏ ဝါးမြိုခြင်းကို ရှောင်ရှားရန် ရှေ့သို့ မီတာအနည်းငယ် သွားနိုင်ရန်သာ လိုအပ်သော်ငြား ဤမီတာဆယ်ဂဏန်းသည် ၎င်းတို့အတွက် ပြီးမြောက်ရန် မဖြစ်နိုင်သည့် အကွာအဝေးတစ်ခုဖြစ်နေသည်။
လင်းဟန် စိတ်ပျက်သွားရပြန်သည်။
" တခြားနည်းလမ်းမရှိတော့ဘူးမလား "
ဤနေရာ၌သာ ထားရစ်ခဲ့ရရုံသာရှိတော့သည်။
ဟယ့်ယွင်ထင်က ဘာမှ မပြောပေ။
ဟယ့်ယွင်ထင်၏လည်ပင်းပေါ်ရှိ လင်းဟန်၏လက်များသည် တင်းကြပ်သွားပြီး သူက စိတ်ခံစားမှုများကို ငြိမ်သက်စေကာ အေးဆေးသည့်လေသံဖြင့် ပြောရန်ကြိုးစားလိုက်သည်။
" ဒါဆိုလဲ အဲဒီကို အရင်သွားကြည့်ရအောင်။ ဖြေရှင်းဖို့ နည်းလမ်းတစ်ခု အမြဲရှိပါတယ် "
ဟယ့်ယွင်ထင်က မည်သည့်စကားမှပြန်မပြောသော်ငြား လင်းဟန် သူနားထောင်နေသည်ကို သိသည်။
မက်ခါရပ်တန့်သွားသောကြောင့် ကူးလုလုက နိုးလာခဲ့ရာ လင်းဟန် ၎င်း၏အမည်ကို ခေါ်၍ " မင်း အိမ်ပြန်ရောက်ပြီ " ဟု ပြောလိုက်သည်။
တစ်ဖက်က သူ့ကို ကနဦးတွင် နားမလည်ပုံရပြီး သူ၏မျက်လုံးလေးများက ရီဝေဝေသာ ပွင့်နေသည်။
ပထမဦးစွာ အကောင်လေးက အကျင့်အတိုင်း လင်းဟန်၏လည်ပင်းပေါ်သို့ ခိုလိုက်သည်။ သူ့ခေါင်းကို လှည့်ပတ်ကြည့်ပြီး ဟယ့်ယွင်ထင်က သူ့ နောက်ကျောပေါ် ၌သယ်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။
သူက လင်းဟန်မျက်နှာကိုလည်း ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် နှစ်ကြိမ်လိမ့်ကာ လင်းဟန်၏ကော်လံကို သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
" မင်းအိမ်ပြန်ရောက်ပြီ "
လင်းဟန်က စိတ်ရှည်ရှည်နှင့် ထပ်မံ ပြောသည်။
" အိမ်ပြန်ဖို့လမ်းကို မှတ်မိလား "
ထိုမှသာလျှင် ကူးလုလု သည် လင်းဟန်၏ စကားကို နားလည်သွားပြီး ၎င်း၏ပဲစေ့ကဲ့သို့ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ့အရှေ့ရှိ အရာအားလုံးကို သေချာကြည့်ရှုလိုက်သည်။ မကြာခင်မှာပဲ သူ့အမွေးများသည် အရှေ့က မြင်ကွင်းများကြောင့် စိတ်လှုပ်ရှားစွာ ထောင်လာသည်။ ပထမဆုံးအကြိမ်အဖြစ် လင်းဟန်ကို တွယ်ကပ်နေမည့်အစား ကူးလုလု သည် သူ့အပေါ်မှ သွက်သွက်လက်လက် ခုန်ဆင်းကာ မြေပြင်ပေါ် လှည့်ပတ်သွားလာနေသည်။
ခဏအကြာတွင် သူက ရှေ့သို့ လိမ့်ကာ သွားသော်လည်း သူ့အနောက်မှ လူနှစ်ယောက်ကို ရံဖန်ရံခါ ပြန်ကြည့်နေဆဲဖြစ်သည်။ သူက မြန်ဆန်လွန်းသောကြောင့် သူတို့ လမ်းပျောက်သွားမည်ကို စိုးရိမ်နေပုံရလေသည်။ ဟယ့်ယွင်ထင်က ကူးလုလု ၏သွားနှုန်းကို အလွယ်တကူ လိုက်ပါနိုင်သည်။
ကူးလုလုက လူနှစ်ယောက်ကို မည်သည့်နေရာသို့ ခေါ်သွားချင်သည် သို့မဟုတ် ဘာလုပ်ချင်သည်ဟူသည့် ကိုယ်ပိုင်စိတ်ကူးများ ရှိပေသည်။
လင်းဟန်သည် ပိုဝေးသထက် ဝေးရာသို့ ရောက်လာသည်နှင့် မက်ခါကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသော်လည်း အဆုံးတွင် စကားတစ်ခွန်းမှ မပြောလိုက်ပေ။ မမျှော်လင့်စွာဖြင့် ကူးလုလုသည် သူတို့အား ဝေးဝေးလံလံသို့ ဦးဆောင်မသွားခဲ့ချေ။
ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီးနောက် ၎င်းက သူတို့နှစ်ယောက်အား တောင်ကုန်းတစ်ခုကို ကျော်ဖြတ် စေသည်။
ပြန့်ပြူးခြင်းမရှိသည့် လျှောစောက်များ၊ တောင်စောင်းဘက်ရှိ ချိုင့်၀ှမ်းများအပြင် နှစ်ပေါင်းများစွာ ရာသီဥတုတိုက်စားခြင်းများကြောင့် တောင်ကုန်းများသည် မြင့်မားခြင်းမရှိသော်လည်း ကြီးမားနေဆဲဖြစ်သည်။
ကူးလုလု ရပ်တန့်သွားသည်ကို တွေ့လိုက်ရပြီးနောက် ၎င်းက ခေါင်းလှည့်လာပြီး စောင့်ဆိုင်းစေလိုသည့်သဘောဖြင့် လင်းဟန်ကို ပွတ်သပ်လိုက်သည်။
ထို့နောက် ကူးလုလုသည် မြေနိမ့်တစ်နေရာဆီသို့ မြန်နိုင်သမျှ မြန်မြန်ပြေးလွှားသွားလေသည်။ လင်းဟန်သည်ပင် ၎င်း၏ လျင်မြန်သွက်လက်မှုကြောင့် အံ့သြသွားသော်လည်း ၎င်းက ဘာလုပ်လိုမှန်းကိုမူ မသိပေ။
ကူးလုလု ပျောက်သွားပြီးနောက် ငါးမိနစ်အကြာတွင် မြေပြင်တွင် ရုတ်တရက် ပြင်းပြင်းထန်ထန်တုန်ခါမှု တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ လင်းဟန်သည် ကနဦးတွင် မြေငလျင်လှုပ်ခြင်းဟု ထင်ခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းသည် ခပ်စိပ်စိပ် ဖြစ်လာကာ ၎င်းတို့နှစ်ဦးနှင့် ပိုမိုနီးကပ်လာလေသည်။
မကြာခင်တွင် သူတို့ ခန့်မှန်းစရာပင် မလိုတော့ချေ။
အသံ၏အရင်းအမြစ်က သူတို့ရှေ့၌ တဖြည်းဖြည်း ပေါ်ထွက်လာတော့သည်။ ရောက်ရှိလာသောသတ္တဝါသည် သူ့အား နာကျင်စေမည်ကို ကြောက်ရွံ့ကာ မသိစိတ်ဖြင့် ကာကွယ်ပေးလိုသကဲ့သို့ ဟယ့်ယွင်ထင်၏ နောက်ကျောက ချက်ချင်း တင်းမာသွားသည်ကို လင်းဟန် ခံစားလိုက်ရသည်။
" မကြောက်နဲ့ "
သူ ပြောလာသည့်စကားကို ကြားလိုက်ရသည်။
ချဥ်းကပ်လာသည့်သတ္တဝါသည် တစ်ကောင်ထက်ပို၍ ရှိနေသည်။
အလွန်အမင်းကြီးမားသော ဇီ၀မျိုးကွဲသတ္တဝါများဖြစ်ကြပြီး ဦးခေါင်းတစ်ခုသည် အဆောက်အဦးတစ်ထပ်စာ မြင့်မားသည်။ အမွှေးများက အလွန်တိုပြီး ၎င်းတို့သည် ကောင်းကောင်းလမ်းမလျှောက်နိုင်ကြချေ။ ခန္ဓာကိုယ်အရေပြားမှာ ပန်းရောင်ဖြစ်ကာ ခြေလက်များက တုတ်ခိုင်ပြီး ခြေသည်းမာမာများရှိကြသည်။ ခြေလှမ်းတိုင်းက မြေပြင်အား တုန်ခါသွားစေပြီး ၎င်းတို့၏ အသားအရောင်နှင့် ရှည်လျားသောကိုယ်ထည်မရှိခြင်းမှလွဲ၍ လင်းဟန်သည် ၎င်းတို့အား ကမ္ဘာပေါ်ရှိ ဆင်ဟုခေါ်သော သတ္တဝါများနှင့် ဆက်စပ်လုနီးပါးပင်။
ထို့အပြင် သူတို့နှစ်ယောက် စိတ်အေးလက်အေးဖြစ်သွားရသည့်အကြောင်းရင်းမှာမူ ရင်းနှီးနေသည့်ပုံသဏ္ဍာန်ရှိသောအနက်ရောင်အလုံးလေးကို ခေါင်းဆောင်သတ္တဝါတစ်ကောင်၏ ဦးခေါင်းပေါ်မှာ မြင်လိုက်ရသောကြောင့်ပင် ဖြစ်လေသည်။
"…ရွေ့အန်းမျိုးနွယ် "
ဟယ့်ယွင်ထင်သည် ဇီ၀မျိုးကွဲသတ္တဝါများ၏စွယ်စုံကျမ်းတစ်ခုကဲ့သို့ လင်းဟန်အတွက် ထိုသတ္တဝါအမည်အား ပြောလာသည်။
လင်းဟန်က ငေးကြောင်ကြောင်ဖြင့် ခေါင်းညိတ်လိုက်သည်။
" ဒါပေမယ့် ဘာလို့ ကူးလုလု…"
" ရွေ့အန်းတွေက ပင်ကိုအားဖြင့် အသန်မာဆုံးဖြစ်ပေမဲ့ သူတို့က ဂလက်စီမှာ စိတ်ထားအကောင်းဆုံးလို့ဆိုနိုင်တဲ့မျိုးနွယ်တစ်ခုပဲ... "
ဟယ့်ယွင်ထင်က သိပ္ပံပညာကို ရှင်းပြရန် အလွန်လေးနက်သော ဤအသံအနေအထားကို အသုံးပြုသည့်အချိန်တိုင်း သူ ငယ်စဉ် ကလေးဘ၀က ဖတ်လေ့ရှိသော စက်ပိုင်းဆိုင်ရာစွယ်စုံကျမ်းအကြောင်း အမှတ်ရမိစေသည်။
" ဒါ့အပြင် ခုကောမျိုးနွယ်စုက သူတို့နဲ့ ထူးထူးခြားခြား သူငယ်ချင်းကောင်းတွေ "
လင်းဟန် သဘောပေါက်သွားသည်။ ဆိုလိုသည်မှာ ဤ ရွေ့အန်းသည် ကြောက်စရာကောင်းသည့်ပုံရှိသော်လည်း ဤအမွေးပွသတ္တဝါလေးများ၏ အနိုင်ကျင့်ခြင်းကို ခံရနိုင်ဆဲဖြစ်သည်။
" မျိုးနွယ်စုနှစ်ခုကြားက ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့် အင်ပါယာမှာရှိတဲ့ လူတော်တော်များများက သူတို့ကို ပေးခဲ့တဲ့ နာမည်ပြောင်လဲရှိတယ် "
ဟယ့်ယွင်ထင်၏အသံက အေးစက်နေသေးသော်လည်း လင်းဟန်သည် ၎င်းအသံထဲမှ ရယ်ချင်နေမှုကို ဒုတိယအကြိမ် ကြားလိုက်ရသည်။
ပထမအကြိမ်မှာ တင်းမာသောမျက်နှာဖြင့် " ကူးလုလု " ဟု စာလုံးသုံးလုံး ပြောခဲ့စဉ်အချိန်က ဖြစ်သည်။
သူသည် ဟယ့်ယွင်ထင်၏ကျောပြင်ပေါ်တွင် လဲလျောင်းနေလျက်ရှိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
လင်းဟန်၏အသံက ပေါ့ပါးမှုရှိနေပြီး သူက ဆက်၍မေးလိုက်သည်။
" သူတို့ရဲ့ အခြားနာမည်က ဘာလဲ "
ဟယ့်ယွင်ထင်က ထူးထူးခြားခြား တိတ်ဆိတ်နေသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့လေသံမှာ ပို၍ အေးစက်လာသော်လည်း လင်းဟန်၏မေးခွန်းကိုမူ ဖြေဆိုပေးလာသည်။
"…ကူးသုန်းသုန်း "
လင်းဟန်သည် ဤအချိန်တွင်မူ ထိန်းမထားနိုင်ဖြစ်ကာ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်တော့သည်။
" တောင်းပန်ပါတယ် ဗိုလ်ချုပ် "
ထုံးစံအတိုင်း ဟယ့်ယွင်ထင်က ဘာမှပြန်မပြောချေ။
ကူးလုလု သည် ကူးသုန်းသုန်းဟုလည်းလူသိများသော ရွေ့အန်းများ၏ ဦးခေါင်းပေါ်တွင်စီးနင်းလိုက်ပါလာကာ ၎င်းတို့နှစ်ဦးရှေ့ရောက်လုနီးပါးအချိန်တွင် သတ္တဝါ၏နှာခေါင်းမှတဆင့် လင်းဟန်၏ပခုံးပေါ်သို့ အသာအယာခုန်လျှောဆင်းပြီးနောက် ရွေ့အန်းအား တကျွီကျွီအော်လိုက်သည်။
မကြာခင်မှာပဲ အခြားတစ်ဖက်မှ ကြင်နာစွာဖြင့် " မူး... " ဟု ပြန်တုံ့ပြန်လေသည်။
အရွယ်အစားကွာခြားသည့်အကောင်များမှ ပြုလုပ်သည့် အသံများသည်လည်း ကွာခြားမှုရှိကြသည်။ ရွေ့အန်း၏အသံမှာ အလွန်ကျယ်လောင်သောကြောင့် လင်းဟန်သည် သူ့နားစည်များ တုန်ခါသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ ဟယ့်ယွင်ထင်က နောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ပြီး သတ္တဝါနှစ်ကောင်အား ထူးဆန်းသောပုံစံဖြင့် ဆက်သွယ်ခွင့်ပေးလိုက်သည်။
နောက်ဆုံးတွင် သတ္တဝါနှစ်ကောင်၏ဆက်သွယ်မှု ပြီးဆုံးသွားပုံရသည်။ ကူးလုလု သည် လင်းဟန်၏ ပခုံးကို ခြေကုပ်လိုက်ပြီးနောက် မြေပေါ်သို့ ပြန်ခုန်ဆင်းကာ သူတို့လာခဲ့သည့် လမ်းကြောင်းအတိုင်း လိမ့်ကာ သွားတော့သည်။
ဦးဆောင်သူ ရွေ့အန်းသည် " မူးးး " ဟု အသံပြုကာ ကူးလုလု အနောက်သို့ လိုက်သွားလေသည်။
လင်းဟန်က ခဏလောက်စဉ်းစားပြီးနောက် " အဲ့ဒါက မဟုတ်လောက်...."
ဤသတ္တဝါအကောင်လေးများသည် ဤမျှ လူသားဆန်သည်လား။ ကူးလုလု သည် ၎င်း၏အကူသမားများကို M2742 တည်ရှိသည့်နေရာသို့ တစ်လျှောက်လုံး ခေါ်ဆောင်သွားသောကြောင့် ထိုအရာအား သက်သေပြလိုက်သည်။
သတ္တဝါနှစ်ကောင်သည် ခဏကြာမျှ တကျွီကျွီအော်ကာ စကားစမြည်ပြောဆိုကြပြီးနောက် အကောင်ကြီးသည် နားလည်ပုံရပြီး လင်းဟန်ကို ကျောပိုးထားသော ဟယ့်ယွင်ထင်အား ယဉ်ကျေးစွာဖြင့်' မူး ' သံပြုသည်။ ထို့နောက် မြူခိုးများလွှမ်းခြုံခံရတော့မည်ဖြစ်သည့်မက်ခါရှိရာသို့ လျှောက်လှမ်းသွားလေသည်။
ကူးလုလု သည်လည်း ကျေးဇူးတင်ခံရန် လင်းဟန်၏ပခုံးဆီသို့ ပြန်လာခဲ့သည်။
လင်းဟန်က သူ့ခေါင်းလေးကို ပုတ်ပေးကာ ပြုံး၍ပြောလိုက်သည်။
" မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ် "
ကူးလုလုက သူ့လက်ကို ညင်သာစွာ ပွတ်သပ်လာသည်။ သို့သော် သူက ဟယ့်ယွင်ထင်ကိုမူ ဂရုမစိုက်ဆဲပင်။
ဗိုလ်ချုပ်က ထိုသတ္တဝါလေးကို ဂရုမစိုက်သကဲ့သို့ ထိုအကောင်လေးအား ထူးမခြားနား ကြည့်လိုက်သည်။ သို့သော် ယခုလေးတင် လင်းဟန်၏ စစ်မှန်သည့်ကျေးဇူးတင်စကားကြောင့် သူလည်း မပြောလျှင် စိတ်သဘောထားကျဉ်းမြောင်းသည့်ပုံ ပေါ်လေမည်။
ထို့ကြောင့် နှစ်စက္ကန့်မျှကြာပြီးသည့်နောက် နောက်ဆုံးတွင် သူသည်လည်း နှုတ်ခမ်းများကို ဖြေလျော့ကာ အေးစက်စွာဖြင့် ပြောလာလေသည်။
" ကျေးဇူးတင်တယ် "
ကူးလုလုသည် ထိုစကားကို ဂရုမစိုက်သည့်အပြင် သူ့မျက်နှာကို တစ်ဖက်သို့ပင် လှည့်ကာ ဟယ့်ယွင်ထင်အား မကြည့်ချေ။
ဟယ့်ယွင်ထင် "....."
တစ်ဖက်တွင် ရွေ့အန်းသည် အနည်းငယ် ကိုးယိုးကားယားနိုင်သော်လည်း ၎င်းတို့၏ သဘာဝအလျောက် အကြမ်းပတမ်းဖြစ်မှုက လျင်မြန်စွာ ဖြေရှင်းနိုင်စေသည်။
၎င်းတို့က တွန်းခြင်း နှင့် အခြားကိုင်တွယ်ရမည့် အလုပ်တာ၀န်များကို ပိုင်းခြားလိုက်ကြပြီး ဒါဇင်အနည်းငယ်မျှ ကွာဝေးမည်ဟု လင်းဟန်ထင်ခဲ့သည့် အကွာအဝေးကို လွယ်ကူစွာ ဖြတ်ကျော်လိုက်ကြသည် ။
M2742 သည် နောက်ဆုံးတွင် မြူခိုးများထဲမှ လွတ်လွတ်ကျွတ်ကျွတ် ကင်းဝေးသွားခဲ့သည်။ ၎င်းသည် စွမ်းအားမရှိသောသံမဏိခွံတစ်ခုသာဖြစ်နေသော်လည်း ဖုံးလွှမ်းခံရတော့မည်မဟုတ်ပေ။
၎င်းတို့၏မစ်ရှင်ကို အောင်မြင်စွာပြီးမြောက်ပြီးသည့်နောက် အနည်းငယ်သော ရွေ့အန်းသည် ၎င်းတို့ရှေ့ရှိ ထူးဆန်းသောမျိုးစိတ်အသစ်များကို စတင်စူးစမ်းလေ့လာကြတော့သည်။
ဇီ၀မျိုးကွဲဂလက်စီတွင် လူသားများက မရှိသလောက်နည်းပါးလှသည်။ထို့အပြင် ကူးလုလု သည် လင်းဟန်၏ ပုခုံးပေါ်၌ အဘယ်ကြောင့် ဤမျှ ချစ်ခင်ဖွယ်အနေအထားဖြင့် ဤမျှရဲဝံ့စွာ နေလျက်ရှိသည်ကို အလွန် သိချင်နေပုံရလေသည်။
လင်းဟန်မှာ ဟယ့်ယွင်ထင်၏ကျောပေါ်တွင် ကျောပိုးခံထားရဆဲဖြစ်ပြီး အလွန်အားနည်းနေပုံရသည်။ သို့သော် ယင်းသတ္တဝါများသည် အားနည်းချက်အား မသိရှိကြချေ။ ထိုမျှမကသေးဘဲ ဤသတ္တဝါများတွင် အတုယူခြင်းဟူသည့် ထူးကဲသည့်ထူးခြားချက်တစ်ခုလည်း ရှိနေပေသည်။
လူသားများသည် ၎င်းတို့အတွက် အလွန်အသစ်အဆန်းဖြစ်နေပြီး စူးစမ်းမှုကို သူတို့၏လှုပ်ရှားမှု သို့မဟုတ် အလေ့အထများကို သင်ယူခြင်းဖြင့် စတင်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် ကြီးမားသော ရွေ့အန်းက ၎င်း၏ လေးလံသော ရှေ့ခြေထောက်များကို ဆန့်ထုတ်ကာ ' မူး ' ဟု အသံပြု၍ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးကို သူ့အရှေ့ရှိ အခြား ရွေ့အန်း၏ ကျောပေါ်သို့ တင်လိုက်သည်ကို တွေ့လိုက်ကြရတော့သည်။
၎င်းသည် အခြားအကောင်အား သူ့အား ' သယ်ဆောင် ' စေရန် အမှန်တကယ်ကြိုးစားနေပုံရလေသည်။
သို့သော် ပြဿနာသည် ၎င်းတို့နှစ်ကောင်သည် သူတို့အကြားရှိ အရွယ်အစားနှင့် အလေးချိန် ကွာခြားမှုကို ထည့်သွင်းမစဉ်းစားခဲ့ကြခြင်းဖြစ်သည်။ အသယ်ခံရမည့်အကောင်က အလေးချိန်များပုံရသော်လည်း သယ်ပေးရမည့် အကောင်ကမူ ပို၍သေးငယ်နေသည်။ တစ်ဖက်သတ္တ၀ါကမူ ဤပြဿနာကို ဂရုမစိုက်ဘဲ ၎င်း၏ လှုပ်ရှားမှုများနှင့်ပူးပေါင်းနေသည်။ သူက ခါးကိုင်းလိုက်ပြီး အခြားသတ္တ၀ါ၏အလေးချိန်ကို ထိန်းထားရန် ကြိုးစားနေသည်။
ထို့ကြောင့် အဆောက်အဦးနှစ်ထပ်စာမြင့်သည့် ကြီးမားသောသတ္တဝါကြီးနှစ်ကောင်သည် အထပ်ထပ်ဖြစ်ကာ တုန်ယင်နေကြပြီး ကိုရို့ကားယားနိုင်၍ ရယ်စရာကောင်းကာ ချစ်စရာလည်းကောင်းနေသည်။
အကောင်းဆုံးအပိုင်းကမူ ယင်းလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ပြီးသည့်နောက် သူတို့က လင်းဟန်ဘက်ကို မသိမသာကြည့်ကာ ' ကြည့်၊ ငါတို့အတုယူတာ မှန်တယ်မလား' ဟု ပြောသကဲ့သို့ပင် ဖြစ်နေသည်။
လင်းဟန် "..…"
သတ္တဝါနှစ်ကောင်က သူတို့၏အပြုအမူကို အတုယူပြီးနောက် သူ့မျက်နှာသည် တဖြည်းဖြည်း နီရဲလာကာ ဤမြင်ကွင်းအား မကြည့်စေနိုင်သည်အထိ အရှက်ရစေသည်။ ကူးလုလု သည် ထိုမြင်ကွင်းကို စိတ်ကျေနပ်စွာ ကြည့်နေခဲ့ပြီး မြေပြင်ပေါ်တွင် နှစ်ကြိမ်တိုင်တိုင် လူးလိမ့်နေသည်။
လင်းဟန်သည် ဟယ့်ယွင်ထင်၏နောက်ကျောတွင် နီမြန်းနေသော မျက်နှာကို နစ်မြှုပ်လိုက်ပြီး နောက်ထပ်မကြည့်ဝံ့တော့ချေ။
"…."
ဘုန်း...။
မျှော်လင့်ထားသည့်အတိုင်း သတ္တဝါနှစ်ကောင်၏အရွယ်အစား ကွာခြားချက်မှာ သိသာလွန်း သောကြောင့် အောက်မှ အကောင်သည် အချိန်ကြာမြင့်စွာ ထိန်းမနိုင်သဖြင့် နောက်ဆုံးတွင် ခြေလက်များက မတည်ငြိမ်တော့ဘဲ နှစ်ကောင်သား မြေပြင်ပေါ်သို့ ရှေ့စိုက်ကာ ဘုတ်ခနဲ လဲကျသွားကြတော့သည်။
သူတို့၏ ခန္ဓာကိုယ် အရွယ်အစားမှာ အလွန်ကြီးမားသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားသည့်အခါ ပြင်းထန်သည့်တုန်ခါမှုက သိသိသာသာ ထွက်ပေါ်လာပြီး အနီးနားပတ်ဝန်းကျင်အား တုန်ခါသွားစေသည်။
လင်းဟန်သည် လေထဲသို့ ပျောက်ကွယ်သွားနိုင်သည့်အသက်ရှုသံနှင့်အတူ ဟယ့်ယွင်ထင်၏ နောက်ကျောသည် အလွန်ညင်သာစွာ လှုပ်ယမ်းသွားသည်ကို ခံစားလိုက်မိသည်။ ထိုအသံ၏ အဓိပ္ပါယ်ကို နားလည်ပြီးနောက် လင်းဟန် မရှက်ရွံ့ဘဲ မနေနိုင်တော့ပေ။ သူက လက်တစ်ဖက်ကို ဟယ့်ယွင်ထင်၏လည်ပင်းပေါ်၌ မိန်းမောတွေဝေစွာ တင်လိုက်သည်။ သူက သူ့အကျင့်အတိုင်း အတွင်းစိတ်ကို ဖတ်ရန် ကြိုးစားသော်လည်း ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိတော့သောကြောင့် ပြန်ရုတ်လိုက်ရသည်။
သို့သော် စပ်စုစွာ သိချင်ဆဲဖြစ်ပြီး ရဲဝံ့စွာဖြင့် သူ့လက်တစ်ဖက်ကို ဟယ့်ယွင်ထင်ထံသို့ လှမ်းလိုက်ရင်း သူ့လက်ချောင်းထိပ်များက ဟယ့်ယွင်ထင်၏ ပါးပြင်တစ်လျှောက်ပွတ်သပ်သွားကာ နှုတ်ခမ်းထောင့်များကို ထိ တွေ့လိုက်သည်။
သူ့အရှေ့ရှိ သတ္တဝါအုပ်စုသည် နားမလည်နိုင်သောအော်ဟစ်သံများဖြင့် ဆက်သွယ်နေကြဆဲဖြစ်သော်လည်း လင်းဟန်တွင် ဂရုစိုက်ရန် အချိန်မရှိပေ။ ဟယ့်ယွင်ထင်၏ မျက်နှာသည် အမြဲလိုလိုတင်းမာကာ သူ့နှုတ်ခမ်းထောင့်များသည်လည်း အမြဲတစေဖြောင့်တန်းနေကြောင်း သူ သတိရမိသွားသည်။
သူက ကြုံတွေ့ရသမျှကို တူညီစွာ တုံ့ပြန်တတ်ပုံရလေသည်။ သူ့အတွက် ပျော်ရွှင်မှုဟူသည် လွန်ကဲသောစိတ်ခံစားမှုတစ်ခုမျှသာဖြစ်သည်။ ယခုမူ သူ့ နှုတ်ခမ်းထောင့်များမှာ အေးစက်မာကြောသော မျဉ်းဖြောင့်တစ်ခုမဟုတ်တော့ဘဲ
အနည်းငယ်ကွေးညွတ်နေသည်။
လင်းဟန် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဤအခိုက်အတန့်တွင် သူ့စိတ်အခြေအနေကို မထိန်းနိုင်သဖြင့် မဝံ့မရဲ မေးလိုက်မိသည်။
" ဗိုလ်ချုပ်… ခင်များ ရယ်လိုက်တာလား "
👾