Chapter 51+52
Viewers 11k

💘Chapter 51 

မနက်ခင်းလေ့ကျင့်ခန်း



နောက်တစ်နေ့မနက်ခင်းမှာ နေရောင်ခြည်နွေးနွေးက ဖြာကျ​နေပြီး တစ်ညလုံးတိတ်ဆိတ်နေခဲ့သောလောကကြီးက တဖြည်းဖြည်း နိုးထလာခဲ့လေသည်။


ဝေ့ချန်က အစောကြီး နိုးနေ၏။မျက်လုံးမဖွင့်ခင်မှာ သူ့ခါးနှင့်ခြေထောက်များပေါ်မှာ ဖိအားအနည်းငယ်ကိုခံစားလိုက်ရသည်။မျက်လုံးဖွင့်လိုက်ချိန်မှာ ချန်လီက သူ့လက်ကို သူ့(ဝေ့ချန်)ခါးပေါ်တင်ထားပြီး သူ့ခြေဖဝါးကို သူ့(ဝေ့ချန်)ခြေထောက်များပေါ်တင်ကာ သူ့(ဝေ့ချန်)ရင်ခွင်ထဲမှာကွေးကွေးလေးရှိနေသည်ကိုတွေ့လိုက်ရ၏။

‘

'အအိပ်ပိုပိုကြမ်းလာတာပဲ'


ဝေ့ချန် စိတ်ထဲမှာသက်ပြင်းချလိုက်၏။နှစ်ယောက်အိပ်ကုတင်ဖြစ်သော်ငြား သူတို့က ဘာကြောင့်မှန်းမသိ တစ်ယောက်အိပ်စာနေရာလေးမှာဖျစ်ညစ်ပူးကပ်အိပ်သည့်အဖြစ်နှင့်အဆုံးသတ်သွားခဲ့သည်။နွေရာသီအတွင်းမှာ အခန်းထဲကအဲကွန်းကြောင့်သာမဟုတ်လျှင် ဝေ့ချန် ညခင်းမှာ ပူအိုက်၍ခဏခဏနိုးလာလောက်သည်။


သို့သော်လည်း ဤအရာအားလုံးက ချိုမြိန်သောဝန်ထုပ်ဝန်ပိုးလေးသာဖြစ်၏။ဝေ့ချန် ချန်လီ၏ငြိမ်ငြိမ်းချမ်းချမ်းအိပ်ပျော်နေသော မျက်နှာလေးကို နူးညံ့စွာကြည့်လိုက်သည်။သူ့မျက်ဝန်းများက နူးညံ့မှုများဖြင့်ပြည့်နေပြီး အပြုံးရေးရေးလေးထင်နေ၏။


ဝေ့ချန်နိုးပြီး မကြာခင်မှာပဲ ချန်လီလည်းနိုးလာသည်။သူက တည်ငြိမ်စွာဖြင့် သူ့လက်နှင့်ခြေထောက်ကိုဝေ့ချန်၏ကိုယ်ပေါ်ကနေ ပြန်ရုတ်လိုက်ပြီး

အူတူတူလေးထထိုင်လိုက်လေသည်။သူ၏ရှုပ်ပွနေသောဆံပင်များက ထိုးထိုးထောင်ထောင်ဖြစ်နေပြီး သူ၏မျက်လုံးဝိုင်းကြီးထဲမှာ ပုံမှန်ရှိနေကျအသက်မဲ့နေသောအကြည့်တို့ပျောက်ဆုံး၍နေကာ ရှုပ်​ထွေးမှုများဖြင့်အစားထိုးခြင်းခံလိုက်ရသည်။ယင်းက အလွန်ချစ်စရာကောင်းလေသည်။ဝေ့ချန်က မထိန်းနိုင်ဘဲ ​ချန်လီ၏ရှုပ်ပွနေသောခေါင်းကိုပို၍ပင်ရှုပ်ပွအောင်ပွတ်လိုက်ပြီး ပြုံးပြကာပြောလိုက်၏။


"မောနင်း"


ချန်လီက ဝေ့ချန်ကိုကြည့်လာပြီး သူ၏ရှုပ်ထွေးနေသောမျက်လုံးများက တဖြည်းဖြည်းရှင်းလင်းလာပြီး ဝေ့ချန်၏ပုံရိပ်က ၎င်းတို့ထဲမှာ ကြည်လင်ပြတ်သားစွာပုံနှိပ်ထားလေသည်၊ခံစားချက်များကင်းမဲ့နေပေငြါးပင်။


နှစ်ယောက်သား အတူတူအိပ်ရာထခဲ့ကြသည်။


ဝေ့ချန်က အခန်းပြတင်းပေါက်ကိုဖွင့်လိုက်ချိန်မှာ အတော်လေးမှောင်နေသောအခန်းက ချက်ချင်းလက်ငင်း နေရောင်များဖြင့်ပြည့်သွား၏။ကောင်းကင်ကြီးက တောက်ပနေကာ နေ့သစ်တစ်နေ့စတင်ခဲ့ပြီဖြစ်သည်။


ချန်လီက အခန်းထဲကထွက်သည်နှင့် ဝေ့ချန်၏နောက်က ကပ်ပါလာ၏။ဝေ့ချန်ဘယ်ကိုသွားသွား ချန်လီက​နောက်ကလိုက်လာပြီး သူ့မျက်လုံးများက ဝေ့ချန်အပေါ်မှာပဲအမြဲစွဲမြဲ​နေသည်။ဝေ့ချန်အစပိုင်းမှာ ပဟေဠိဖြစ်သွားပြီး ချန်လီက ပတ်ဝန်းကျင်အသစ်ကြောင့်စိတ်မလုံမခြုံဖြစ်နေသည့်အတွက် သူ့ကို ယခုလိုမျိုး ကပ်တွယ်နေခြင်းလားဟု တွေးမိသွားသည်။နောက်ပိုင်းမှာ သူယနေ့ချန်လီကို စာရေးစာဖတ်သင်ပေးမည်ဟုကတိပေးခဲ့သည်ကိုအမှတ်ရသွား၏။ထို့ကြောင့် ချန်လီက ယခုအနည်းငယ်စိတ်စောနေခြင်းဖြစ်မည်။


"အရင်ဆုံးတစ်ခေါက်လောက်ပြေးရအောင်လေ...ပြီးမှ ကိုယ်မင်းကို သင်ပေးမယ်"


ဝေ့ချန်က ဆောင့်ကြောင့်ထိုင်ကာ အားကစားဖိနပ်ကိုစီးရင်းပြောလိုက်၏။


ချန်လီက လိမ်လိမ်မာမာဖြင့် သူ့အတွက်ဝေ့ချန်ပြင်ပေးထားသည့် အားကစားဖိနပ်များကိုစီးပြီး ဝေ့ချန်နှင့်အတူတူ ပြေးရန်အပြင်ထွက်လာ​လေသည်။ဝေ့ချန်က သူသူ့ကိုပေးခဲ့သောကတိကိုတည်လိမ့်မည်မှန်း သူယုံကြည်သည်။


ရက်ကွက်ဧရိယာနားမှာ ဦးလေးကြီးများနှင့်အဒေါ်ကြီးများ အရုဏ်တက်လျှင်အတူတူစုကကြသည့် ပန်းခြံတစ်ခုရှိသည်။ဝေ့ချန်နှင့်ချန်လီ ပန်းခြံကိုရောက်ချိန်မှာ အနှီဦးလေးကြီးများနှင့်အဒေါ်ကြီးများက သီချင်းအပုဒ်​ရေတချို့လောက်ကပြီးနေပြီဖြစ်ကာ အနားယူနေကြသည်။သို့သော်လည်း သူတို့ကြည့်ရသည်မှာ သည်ကနေ့အတွက်လုံးဝ​ကြီးမနားခင် အပုဒ်ရေအနည်းငယ်လောက် ထပ်ကဦးမည့်ပုံပေါ်သည်။


ပန်းခြံထဲက လမ်းများပေါ်မှာ 

တရွရွပြေးနေကြဖြစ်သည့်လူများရှိနေပြီဖြစ်​ပြီး ငှက်များက သစ်ပင်များကြားမှာ တကျီကျီတကျာကျာအော်နေကြသည်။ယင်းက မနက်စောစောမှာ ကြည်လင်အေးချမ်းပြီး ပျော်စရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်လေသည်။ပျားပန်းခပ်လှုပ်ရှား​နေသည့်ရှန်ဟိုင်းမြို့ထဲမှာ ချန်လီမမြင်ဖူးသည့်အရာလည်းဖြစ်သည်။သူ မထိန်းနိုင်ဘဲ  အကြိမ်ရေအနည်းငယ်ထပ်ပြီး လျှောက်ကြည့်မိ၏။


ဝေ့ချန်က ချန်လီသူ့ပတ်ပတ်လည်ရှိအရာရာတိုင်းကို စူးစမ်းလေ့လာနေမှန်း သတိပြုမိပြီး သွားမနှောက်ယှက်ခဲ့ပေ။သူက ချန်လီ၏ဘေးမှာတိတ်တိတ်လေးရပ်ကာ အနှီစိတ်လက်ပေါ့ပါးစရာမနက်ခင်းအတွေ့အကြုံကို ချန်လီကိုအဖော်ပြုပြီး ခံစားပေးနေခဲ့သည်။


အချိန်တစ်ခုအကြာ စူးစမ်းလေ့လာပြီးနောက်မှာ ချန်လီကသူ့အကြည့်ကိုပြန်ရုတ်သိမ်းပြီး ဝေ့ချန်ကိုပြန်ကြည့်လာသည်။သူ့မျက်လုံးများက တလက်လက်တောက်ပနေပြီး သူ့ဘာတွေးနေလဲဆိုသည်ကမသိရပေ။ဝေ့ချန် ချန်လီ၏ခေါင်းလေးကိုဆွဲဖွလိုက်ပြီး သူနှင့်အတူတူ စပြေး​လိုက်သည်။


ထပ်ခိုးငယ်လေးထဲမှာ အချိန်အကြာကြီး ပိတ်လှောင်နေခဲ့၍ ချန်လီ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေက မကောင်းပေ။သူက လှုပ်ရှားမှုနည်းပြီး အာဟာရချို့တဲ့နေပုံပေါ်လေသည်။ဝေ့ချန် ချန်လီ၏ကျန်းမာရေးကို  တဖြည်းဖြည်းချင်းတိုးတက်အောင်လုပ်ရန် စီစဥ်ထားသည်။ဓာတ်စာကုထုံးဖြင့်သာမက လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့်ပါ


သူ၏ကိုယ်ခန္ဓာကြံ့ခိုင်မှုကိုတိုးမြင့်ပေးနိုင်ရန်မျှော်လင့်ထားသည်။ဤရည်ရွယ်ချက်အတွက် သူ အစီအစဥ်များတသီကြီးချထားပြီး ယနေ့ကထိုအစီအစဥ်၏အစ ဖြစ်လေသည်။


<< >>


💘Chapter 52 

အတူတူရင်ဆိုင်ကြမယ်



ချန်လီ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုသိပေမဲ့ ဝေ့ချန် ချက်ချင်းလက်ငင်းရလဒ်များထွက်ရန်အတွက် အလျင်လိုမနေပါချေ။သူက ချန်လီကိုခေါ်ပြီး လမ်းတစ်လျှောက် ဖြေးဖြေးမှန်မှန်ပြေးခဲ့ပြီး သူတို့၏အရှိန်ကတကယ်ကိုနှေးလေသည်။တခြားပြေးသူများက သူတို့ကိုအကြိမ်ကြိမ် ကျော်တက်သွားကြပေမဲ့ ဝေ့ချန်ကစိတ်မရှည်မဖြစ်ပါချေ။ချန်လီ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို့လေ့လာရင်း ချန်လီနှင့်အတူတူ အေးအေးဆေးဆေးပြေးနေခဲ့သည်။ချန်လီ၏အသက်ရှူသံ​ပြင်းလာသည်ကိုမြင်လျှင် သူကချက်ချင်းအရှိန်ကိုလျော့လိုက်၏။


သူတို့ နာရီဝက်နီးနီးလောက်ပြေးခဲ့ကြသည်။ဝေ့ချန်က ချန်လီကိုခေါ်ပြီး ပန်းခြံထဲကလမ်းမှာ အပတ်ငယ်လေး တစ်ပတ်ပတ်ပြေးခဲ့သည်။သူတို့ရပ်လိုက်သည့်အချိန်မှာ ချန်လီက ချွေးများ ရွှဲနစ်နေပြီး အနည်းငယ် ဟောဟဲလိုက်နေ၏။


"တော်လိုက်တာ"


ဝေ့ချန်က ချန်လီ၏မျက်နှာပေါ်ကချွေးများကိုသုတ်ပေးရင်း ချီးကျူးလိုက်၏။ချန်လီက နားရန်မပြော၊ မောပန်းသည့်အရိပ်အယောင်မပြဘဲ တစ်လမ်းလုံး တောင့်ခံခဲ့သည်အား သူ

သဘောကျသည်။


ချန်လီကဟောဟဲလိုက်ရင်း ဝေ့ချန်အား သူ့မျက်နှာပေါ်ကချွေးများကိုသုတ်ပေးခွင့်ပြုထား၏။


ထိုစဥ်ကျောင်းဝတ်စုံနှင့်ကျောင်းသူအနည်းငယ်က အနားမှ ဖြတ်သွားကြသည်။သူမတို့က သူ့တိုနှစ်ယောက်ကြားက အပြန်အလှန်ပြောဆိုဆက်ဆံပုံကိုကြည့်ပြီး ရယ်မောကာမှတ်ချက်များပေးသွားကြသည်။ချန်လီ၏အကြည့်များက ထိုကျောင်းသူလေးများပေါ်ကိုရောက်သွား၏။ဝေ့ချန်ကလည်း ချန်လီ အာရုံစိုက်​နေသည့်နေရာကို သတိပြုပြီပြီး ခေါင်းထဲမှတ်ထားလိုက်သည်။


ထို့နောက်မှာ သူတို့မြစ်ဘေးကပျဥ်ခင်းလမ်းပေါ်မှာ လမ်းလျှောက်ခဲ့ကြပြီး ဆိုင်ငယ်လေးတစ်ခုမှာ မနက်စာစားပြီးနောက် လက်ချင်းတွဲကာ အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြသည်။


အိမ်ရောက်သည်နှင့် ချန်လီ၏အကြည့်က ဝေ့ချန်ပေါ်ကိုရောက်လာပြီး သူ၏ရည်ရွယ်ချက်များကို ရှင်းရှင်းလင်းလင်းပြသလိုက်၏။


ချန်လီ၏စိတ်စောနေမှုကိုမြင်လျှင် ဝေ့ချန် ချန်လီကို စာအုပ်သွားယူခိုင်းလိုက်သည်။ယင်းက အရိုးရှင်းဆုံး ဖျင်ယင်းကိုသင်ထားသည့် ပထမတန်းတရုတ်ဘာသာစကား ဖတ်စာအုပ်ဖြစ်၏။ဝေ့ချန်က ချန်လီ၏အခြေခံကို မသိသဖြင့် 

အခြေခံကစရုံတတ်နိုင်လေသည်။


သို့သော်ငြား များမကြာမီဝေ့ချန်ပြဿနာတစ်ခုကို ကြုံတွေ့လိုက်ရ၏။ချန်လီက အသံတိတ်နေသဖြင့် ဝေ့ချန်သူရလားမရလားဆိုသည်ကို မသိရပေ။ချန်လီကိုနားလည်လားဟုမေးသည့်အခါ ချန်လီကသူ့ကိုစကားတစ်ခွန်းမှမပြောဘဲ သည်အတိုင်းကြည့်နေသည်။


အရင်ဘဝတုန်းက သေရေးရှင်ရေးအခြေအနေမှာ ချန်လီစကားပြောခဲ့သည်ကို မျက်မြင်ကြုံခဲ့၍သာမဟုတ်လျှင် ဝေ့ချန်ချန်လီစကားမပြောတတ်ဘူးဟုထင်မိမှာဖြစ်သည်။အရင်ဘဝတုန်းက ထိုနေ့ကိုကြုံပြီးမှသာ ချန်လီက စကားပြောတတ်ပေမဲ့ မပြောချင်ခြင်းဖြစ်မှန်း ဝေ့ချန်သိသွားခဲ့သည်။


ဝေ့ချန်က ယခုပြဿနာကိုသတိပြုမိပြိဖြစ်သည်။သူကစာအုပ်ကိုပိတ်ပြီး ချန်လီကိုလေးနက်သောအမူအရာနှင့်ကြည့်ကာ ပြောလိုက်၏။

"လီလီ စကားပြောတတ်တယ်မလား"


​သူ့စကားများကို ချန်လီကြားချိန်မှာ ဝေ့ချန်၏အကြည့်ကိုရှောင်သွားပြီး ဤမေးခွန်းကိုရင်မဆိုင်ချင်မှန်း သိသာလေသည်။


ဝေ့ချန် ချန်လီက တကယ်ကိုစကားမ​ပြောချင်မှန်း နောက်ဆုံးမှာ အတည်ပြုနိုင်သွားသည်။သို့ပေမဲ့ သူက သူ့ကိုဖိအားမပေးခဲ့ပေ။သူကစာအုပ်ကိုပြန်ဖွင့်လိုက်ပြီး "aoe"ကနေ ပြန်စသင်လိုက်၏။

(T/N–အခြေခံသရများ)


ချန်လီက သေသေချာချာနားထောင်နေပြီး သူရသွားလျှင် စာအုပ်ပေါ်မှာလက်ထောက်ပြီး ဝေ့ချန်ကိုနောက်တစ်မျက်နှာလှန်ခိုင်းတတ်သည်။


စကားမပြောသည်ကလွဲ၍ ချန်လီက အလွန်ကိုနာခံသောကျောင်းသားကောင်းတစ်ယောက်ဖြစ်ပြီး သင်သမျှကို မြန်မြန်ဆန်ဆန် ဖမ်းဆုပ်နိုင်လေသည်။နေ့တစ်ဝက်အကြာမှာ ချန်လီက ဖျင်ယင်းအများစုကိုရသွားပြီဖြစ်၏။


အချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီး နေမင်းကြီးက ကောင်းကင်အထက်ခပ်မြင့်မြင့်မှာတွဲလွဲခိုနေသည်။နေ့လယ်ကိုရောက်လာပြီး နေ့တစ်ပိုင်းကုန်သွားလေပြီ။ဝေ့ချန်က တရုတ်ဘာသာစကားစာအုပ်ကိုပိတ်ပြီး ပြောလိုက်၏။


"ကောင်းပြီ မနက်ခင်းအတွက်ကဒီနေရာမှာရပ်ရအောင်...ထမင်းသွားစားကြမယ်"


ချန်လီက အင်တင်တင်ဖြင့် သူ့အကြည့်ကို ဖတ်စာအုပ်ဆီကပြန်ရုတ်သိမ်းလိုက်ပြီး ဝေ့ချန်နှင့်အတူအပြင်ထွက်လာခဲ့လေသည်။


ချန်လီကားထဲကိုဝင်ပြီးချိန်မှာ ဝေ့ချန်က ချန်လီအပေါ်မှာအုပ်မိုးကာ သူ၏ထိုင်ခုံခါးပတ်ကိုပတ်ပေးရင်း ချန်လီ၏နားထဲမှာတိုးတိုးလေးပြောလိုက်၏။

"မကြောက်ပါနဲ့လီလီ...မင်းအနားမှာကိုယ်ရှိတယ်...ဘယ်လိုစိန်ခေါ်မှုတွေကိုကိုယ်တို့ရင်ဆိုင်ရသည့်ဖြစ်စေ အတူတူရင်ဆိုင်ကြမယ်"


ချန်လီက တုံ့ပြန်မလာပေ၊သူ့အကြည့်များက သူ့ခြေထောက်ပေါ်က​နေမခွာဘဲ မလှုပ်မယက်ရှိနေသည်။


ဝေ့ချန်က ချန်လီ၏မျက်နှာကိုဆွဲမော့လိုက်ပြီး နူးဖူးပြင်ပြေပြေလေးပေါ်မှာ အနမ်းဖွဖွတစ်ပွင့်ဖိကပ်လိုက်၏။သူ့နှုတ်ခမ်းများ ချန်လီ၏အသားနှင့်ထိကပ်သွားသည့်အခိုက်မှာ ဝေ့ချန် သူ့နှလုံးသားက လည်ချောင်းထဲကနေခုန်ထွက်တော့မလိုခံစားလိုက်ရလေသည်။

(သူရင်တွေမတရားခုန်နေလို့)


"လီလီ ကိုယ်မင်းကိုစောင့်​နေပါ့မယ်"


'ကိုယ့်အပေါ်မှာထားတဲ့ မင်းရဲ့အကာအကွယ်ကို လုံးလုံးလျားလျား လွှတ်ချလိုက်မဲ့တစ်နေ့ကို ကိုယ်စောင့်စောင့်နေပါ့မယ်'


ချန်လီက ဝေ့ချန်ကို ငေးကြောင်ကြောင်ကြည့်လာ၏။သူနှုတ်ခမ်းများဟသွားပေမဲ့ ဘာစကားမှထွက်မလာခဲ့ပါချေ။


တချို့သောအကာအကွယ်များက တပ်ဆင်ပြီးသည်နှင့် ပြန်ဖွင့်ရန်မလွယ်ကူတော့ပေ။ဝေ့ချန်က ဤသည်ကိုကောင်းကောင်းနားလည်၏။သို့ပေမဲ့ သူစိတ်ရှည်ရှည်နှင့်စောင့်သရွေ့ တစ်နေ့မှာ ချန်လီက သူ့နှလုံးသားကို သူ့ထံ လုံးလုံးလျားလျားဖွင့်ဟပေးလာလိမ့်မည်ဟုဝေ့ချန်ယုံကြည်သည်။


<< >>


💘