Chapter 57
Viewers 11k

💘Chapter 57

 á€’ဍရိုက်တဏဥသစ်



'ချန်လီက ခေါင်းညိတ်ခေါင်းခါလုပ်တယ်'


ဤနှစ်ရက်အတွင်းမှာ ဝေ့ချန်၏စိတ်ထဲမှာ ဤဝါကျနှင့်ပဲဲပြည့်နေခဲ့သည်။ခဏပြီးခဏ သူက ချန်လီကိုမေးခွန်းများမေးတတ်သည်။တစ်ခါတလေ ချန်လီက တိတ်ဆိတ်စွာပဲ ဝေ့ချန်ကိုကြည့်နေတတ်ပြီး တစ်ခါတလေခေါင်းညိတ်ခေါင်းခါလုပ်တတ်သည်။ထိုသို့ဖြစ်လေတိုင်း ဝေ့ချန်က မထိန်းနိုင်ဘဲ ချန်လီကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်းလေးကို ညင်ညင်သာသာ ပွတ်ပေးလိမ့်မည်ဖြစ်သည်။


ခံစားချက်က သားဖြစ်သူလမ်းလျှောက်တတ်သွားသည်ကို သိရှိလိုက်ရသည့် ဖခင်တစ်ယောက်လိုပဲ အံ့ဩမှုများနှင့်ဂုဏ်ယူမှုများဖြင့်ပြည့်နေခဲ့သည်။သူ၏မျက်နှာကြွက်သားများက ခွင့်မပြု၍သာမဟုတ်လျှင်ဤရက်ပိုင်းမှာ ဝေ့ချန်၏မျက်နှာပေါ်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုရှိနေမှာသေချာလေသည်။


ဝေ့ချန် အဘယ်ကြောင့် ဤမျှပျော်နေရသည်ကို ချန်လီနားမလည်ပေမဲ့ ဝေ့ချန်၏စိတ်အခြေအနေက ချန်လီကိုပါကူးစက်သွားခဲ့လေသည်။သူ ငြိမ်နေသည့်အချိန်များတွင် ချန်လီက သူ့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ အချိန်ကုန်နေခြင်းမျိုးနည်းလာသည်။သူက အရူးလိုမျိုး ပျော်ရွှင်နေသည့်ဝေ့ချန်ကိုကြည့်လိမ့်မည့်ဖြစ်ပြီး ထို့နောက်မှာ ဝေ့ချန်က သူ့ကို မေးခွန်းများမေးကာ သူကခေါင်းညိတ်ခေါင်းခါလုပ်၍ တုံ့​ပြန်လိမ့်မည်ဖြစ်သည်။


သူ ခေါင်းညိတ်ခေါင်းခါလုပ်သရွေ့ ဝေ့ချန်ကအလွန်ပျော်သွားတတ်သည်ကို ချန်လီသတိထားမိလေသည်။


"လီလီ ကိုယ်ပျော်လိုက်တာကွာ"

ဝေ့ချန်က ထပ်ပြီး ချန်လီကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ နားနားမှာကပ်၍ တိုးဖွဖွပြောလိုက်၏။


"လီလီခေါင်းညိတ်ခေါင်းခါလုပ်ပြီး လီလီရဲ့ဆန္ဒတွေကို ဖော်ပြနိုင်လို့ ကိုယ်အရမ်းပျော်တယ်...ဒါပေမဲ့ လီလီသိရမှာက ဘဝက ဟုတ်တယ်မဟုတ်ဘူးဆိုတာလေးနဲ့ပြီးမသွားဘူး...ဆန္ဒရှိတယ်မရှိဘူးဆိုတာနဲ့ မဖော်ပြနိုင်တဲ့အရာတွေလည်း အများကြီးရှိတယ်...တစ်နေ့မှာ လီလီရဲ့အတွင်းစိတ်ထဲကအတွေးတွေကို  နှုတ်ကနေထုတ်​ပြီး ကိုယ့်ကိုပြောပြနိုင်မယ်လို့ ကိုယ်မျှော်လင့်တယ်"


ချန်လီက သူ့ခေါင်းကို ဝေ့ချန်၏ရင်ခွင်ထဲမှာ မြုပ်ထားပြီး ဤတစ်ခေါက်မှာ ဘာတုံ့ပြန်မှုမှပေးမလာပေ။


ထို့နောက်မှာ ဝေ့ချန်က စကားပြောနေခြင်းအားရပ်လိုက်ပြီး ချန်လီကိုပဲဆက်ဖက်ထား၏။ဤအရာများက အလျင်လို၍မရမှန်းသူသိသည်။ရောမကို တစ်နေ့ထဲဖြင့် တည်ဆောက်ခဲ့ခြင်းမဟုတ်ပေ။ချန်လီဆီမှာပြောင်းလဲမှုများကို သူမြင်နေရပြီဖြစ်သည်။တစ်လလေးအတွင်းမှာ ဤကဲ့သို့သောပြောင်းလဲမှုများရှိနေသည်နှင့်ပင် သူအလွန်ကိုအံ့ဩဝမ်းသာနေပြီဖြစ်၏။


နောက်ရက်များမှာ နှစ်ယောက်သား အလွန်ကိုသဟဇာတဖြစ်စွာ အပေါက်အလမ်းတည့်နေခဲ့ကြသည်။ဝေ့ချန်၏လမ်းညွှန်မှုအောက်မှာ ချန်လီက မည်သည့်အချိန်မှာ ခေါင်းညိတ်​ပြီး မည်သည့်အချိန်မှာခေါင်းခါရမည်ဆိုသည်ကို အတော်လေးကောင်းကောင်းဖမ်းဆုပ်မိလာ၏။ချန်လီ တစ်နေ့ပြီးတစ်နေ့တိုးတက်လာသည်ကိုကြည့်ပြီး ဝေ့ချန်၏စိတ်အခြေအနေက တစ်နေ့ပြီးတစ်နေ့ ပိုပိုပျော်လာသည်။ဤပျော်ရွှင်မှု၏ခံစားချက်က ဝေ့ချန်မှာသာတောင်ပံများရှိလျှင် ချက်ချင်းပျံတက်နိုင်သည့်အတိုင်းဖြစ်၏။


သို့ပေမဲ့ ဝေ့ချန်၏စိတ်အခြေအနေကောင်းလေးက တာရှည်မခံလိုက်ဘဲ ဖုန်းတစ်ကောလ်က သူတို့၏အချိန်ကောင်းလေးကို ဝင်နှောက်ယှက်လိုက်လေသည်။


ဖုန်းက ချန်ဖုန်းအုပ်စု၏အထွေထွေမန်နေဂျာဆီမှဖုန်းဖြစ်သည်။မန်နေဂျာက သူ၏တောင်းဆိုချက် ပါးနပ်စွာဖော်ပြလာပြီး သူက ဝေ့ချန်ကို လာမည့်တနင်္လါနေ့မှာ အလုပ်လာရန်မျှော်လင့်နေလေသည်။အလုပ်ကစပင်မစရသေးခင်မှာ ခွင့်ယူသည်က အတော်လေးလွန်မှန်း ဝေ့ချန်လည်းသိသဖြင့် သဘောတူလိုက်၏။


ဝေ့ချန် အလုပ်သွားရတော့မည့်အချိန်မှာ သူအစိုးရိမ်ဆုံးကချန်လီဖြစ်သည်မှာ သဘာဝဖြစ်ပေသည်။ဖုန်းချပြီးသည်နှင့် ဝေ့ချန်က ချန်လီကို ထိုအကြောင်းပြော​ပြလိုက်၏။ပထမတွင် ဝေ့ချန်အလုပ်သွားရမည့်ကိစ္စနှင့် သူနှင့်ကြားက သက်ဆိုင်မှုကို ချန်လီသတိမပြုမိခဲ့ပေ။သို့ပေမဲ့ သူနားလည်သွားချိန်မှာ ချန်လီက ဝေ့ချန်ကို သည်အတိုင်းကြည့်​လိုက်ပြီး ဘာတစ်ခွန်းမှမပြောခဲ့ပေ။


"လီလီ ကိုယ့်ကိုအလုပ်မသွားစေချင်ဘူးလား"


အမှန်တွင် ဝေ့ချန်က ဤကိစ္စအတွက်စီစဥ်ထားပြီးသားဖြစ်ပြီး ချန်လီကို သူ့ကိုယ်ပိုင်အတွေးများကိုဖော်ပြအောင်ဆွပေးလို၍ သူ့အစီအစဥ်ကိုထုတ်မပြောခြင်းဖြစ်၏။


ချန်လီက ခေါင်းညိတ်လိုက်ပြီး ၎င်းနောက် ခေါင်းခါလိုက်ပြန်သည်။သူဘာကိုဖော်​ပြချင်မှန်း သူမသိပေ။သူက အော်တစ်ဇင်ဖြစ်နေသည့်တိုင် ဝေ့ချန်က သူနှင့်တစ်ချိန်လုံးအတူတူရှိမနေနိုင်မှန်းကိုမူ သူသိလေသည်။သို့ပေမဲ့ တစ်စုံတစ်ခုကို သိခြင်းနှင့်လက်ခံခြင်းက မတူညီသောကိစ္စများဖြစ်၏။

(သိ​တိုင်းလည်း လက်ခံနိုင်ဟုမဆိုလို)

 

ချန်လီက ဘာလုပ်ရမှန်းမသိ​ဖြစ်နေသည့်အ​ခြေအနေမှာရှိနေသည်ကိုမြင်လျှင် ဝေ့ချန်၏နှလုံးသားပျော့ပြောင်းသွားသည်။သူက ချန်လီ၏ခေါင်းလေးကိုပွတ်​ပေးလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။


"ကိုယ် ကုမ္ပဏီကိုတင်ပြပြီးပါပြီ...သူတို့က မင်းကိုအလုပ်ကိုခေါ်လာခွင့်ပြုဖို့ သဘောတူကြတယ်"


ချန်လီ၏မျက်လုံးများ ပြူးကျယ်သွားပြီး ဝေ့ချန်ကိုကြည့်လာသည်။ထိုမျက်ဝန်းများထဲမှာ မီးပွားလေးတစ်ခု ရုတ်တရုတ်လင်းလက်လာ၏။


"တကယ်...တနင်္လာနေ့ကျရင် ကိုယ်မင်းကို အလုပ်ကိုခေါ်သွားမှာ"


ဝေ့ချန် ဤသို့ပြောလိုက်သည်နှင့် သူ့အမြင်က မှောင်မည်းသွားသလိုဖြစ်သွားပြီး သူ့နဖူးထက်မှာ နွေးထွေးသောအထိအတွေ့တစ်ခုကို ခံစားလိုက်ရလေသည်။တဒင်္ဂအထိအတွေ့လေးဖြစ်ပေမဲ့

ကျန်ရှိနေသောအနွေးဓာတ်က ဝေ့ချန်၏နှလုံးသားထဲအထိ စိမ့်ဝင်လာခဲ့ပြီး သူ၏နှလုံးခုန်သံအား အထိန်းအကွပ်မဲ့သွား​စေခဲ့ကာ သူ့နှလုံးသားက တဒုတ်ဒုတ်နှင့် ရင်ဘက်ကိုဆောင့်ကာ ခုန်နေခဲ့တော့သည်။


ခုနက...


လီလီက သူ့ကိုနမ်းလိုက်တယ်...


တကယ်ကြီး သူ့ကိုနမ်းလိုက်တယ်...


ဝေ့ချန်က ချန်လီကိုကြောင်တောင်တောင်စိုက်ကြည့်ရင်း ပြောလိုက်၏။


"လီလီ ကိုယ့်ကိုထပ်နမ်းလို့ရမလား"


ချန်လီက လိမ်လိမ်မာမာဖြင့် ဝေ့ချန်၏ နဖူးကို ကုန်းနမ်းလာသည်။ထို့နောက် သူက ဝေ့ချန်ကို မျက်ရည်များဝေ့သီနေသော မျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်သည်။


"ထပ်နမ်းပါဦး"


ဝေ့ချန်က အနှီကောင်းမွန်လွန်းလှသောခံစားချက်ထဲမှာ နှစ်မြုပ်နေဆဲဖြစ်ကာ ချန်လီ၏မျက်လုံးများထဲကို ကြည့်ကာ နောက်တစ်ခါထပ်နမ်းရန် တောင်းဆိုလိုက်၏။


နောက်ထပ် စိုစိုစွတ်စွတ်အနမ်းတစ်ပွင့်က ဝေ့ချန်၏နဖူးပေါ်ကျရောက်လာသည်။ဤတစ်ခါတွင် တဒင်္ဂအထိအတွေ့ မဟုတ်တော့ပေ။ချန်လီက သူ့နှုတ်ခမ်းကို ဝေ့ချန်၏နဖူးပေါ်မှာဖိကပ်ထားပြီး မခွာတော့ပေ။


ဝေ့ချန် သူ့ကိုယ်သူနှိပ်စက်နေသလို ခံစားရသည်။ရာသီဥတုကပူ​​နေပြီး သူကိုယ်တိုင်လည်းပူလာသလိုခံစားရသည်။သူက ချန်လီကို အမြန်တွန်းထုတ်လိုက်ပြီး အလောသုံးဆယ်ပြောလိုက်ရသည်။


"ရ ရပြီ လီလီ"

သူ့အသံက အနည်းငယ်အက်ရှနေခဲ့ပြီဖြစ်၏။

 

ချန်လီက ဝေ့ချန်ကို အူတူတူလေး ကြည့်လာပြီး သူ့မျက်လုံးများက ဘာတစ်ခုမှနားမလည်သော ကလေးတစ်ယောက်ကဲ့သို့ ကြည်လင်သန့်စင်နေခဲ့သည်။


"လီလီ အခုကနေစပြီး တခြားဘယ်သူ့ကိုမှမနမ်းပါဘူးလို့ ကိုယ့်ကိုကတိပေးပါ အိုကေ..."


ဝေ့ချန် သူ့ကိုယ်တွင်းကအပူကို ဖိနှိပ်ပြီး ချက်ချင်းကတိတောင်းလိုက်သည်။ချန်လီက အနမ်းပေးခြင်းကို ချီးကျူးမှုပုံစံတစ်မျိုးဟု နားလည်မှုလွဲသွားမှာသူစိုးသည်။ချန်လီသာ တခြားတစ်ယောက်ယောက်ကို သွားနမ်းလျှင်သူနောင်တရ၍ သေလိမ့်မည်။ 


ချန်လီက ခေါင်းညိတ်ပြီး ဝေ့ချန်၏နဖူးကိုထပ်ပြီး ကုန်းနမ်းလာပြန်သည်။သူ့ကြည့်ရသည်မှာ ၎င်းကို စွဲလမ်းသွားပုံရသည်။


ချန်လီ၏ကြည်စင်နေသောအကြည့်များနှင့် ဆုံလိုက်ရသည့်အခါ ဝေ့ချန်မှာ အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။အနှီချိုမြိန်သောနှိပ်စက်မှုက ကာလ ကြာရှည်ဦးမည်ထင်ပါသည်။


<< >>


အချိန်က လျှင်မြန်စွာကုန်ဆုံးသွားပြီး တနင်္လာနေ့–ဝေ့ချန် ချန်ဖုန်းအုပ်စုကိုသွားရမည့်နေ့ကိုရောက်လာလေပြီ။


ကုမ္ပဏီမှာ ပထမဆုံးအလုပ်ဝင်ရမည့်နေ့ဖြစ်သော်လည်း ဝေ့ချန်က နည်းနည်းလေးမှ စိတ်လှုပ်ရှားမနေပါချေ။သူက မနက်စောစောထ ကိုယ်လက်သန့်စင်ပြီး သူ့ကိုယ်သူ အဆင်သင့်​ဖြစ်​အောင် ပြင်ဆင်လိုက်သည်။ပြီးလျှင် ကြက်သွန်မြိတ်ဆီချက်ခေါက်ဆွဲချက်ပြီး ချန်လီကိုအိပ်ရာထဲမှ ဆွဲထုတ်လိုက်သည်။


ချန်လီက အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်သည်။သို့ပေမဲ့ သူနှင့်ပတ်သက်ပြီး ကောင်းသည့်အရာတစ်ခုက သူက အိပ်ရာထ​ပြီးသည်နှင့် ဘယ်တော့မှပြန််မအိပ်ခြင်းဖြစ်၏၊အတော်လေး ပင်ပန်းနေသည်ဆိုလျှင်ပင် ပြန်မအိပ်​တတ်ပေ။


ရေချိုးခန်းထဲတွန်းပို့ခံရပြီးနောက် ချန်လီက လိမ်လိမ်မာမာဖြင့် မျက်နှာသစ်လိုက်ပြီး အပြည့်အဝနိုးလာခဲ့သည်။​ယနေ့ ဝေ့ချန်နှင့်ကုမ္ပဏီကိုလိုက်သွားရမည်ဆိုသည်ကို အမှတ်ရသွားပြီး ပြီးသည်နှင့် ဝေ့ချန်ကို အဝတ်ဗီရိုဆီဆွဲ​ခေါ်သွားကာ သူ့ကိုအဝတ်အစားကူရွေးခိုင်း​တော့သည်။


ဝေ့ချန်က ပေါ့ပေါ့ပါးပါး အရောင်ဖျော့​ဖျော့ဝတ်စုံတစ်ထည်ကို ချန်လီအတွက်ရွေးပေးလိုက်ပေမဲ့ ချန်လီကမကျေနပ်ပေ။သူက ဝေ့ချန်ဝတ်ထားသော suitနှင့်နက်ကတိုင်ကို လက်ညှိုးထိုးပြပြီး သူလည်း ဝေ့ချန်နှင့် အတူတူဝတ်ချင်ကြောင်း ပြသလာသည်။


"ဘာလဲ...လီလီက ကိုယ်နဲ့ကာပယ်ဝတ်ချင်လို့လား"

ဝေ့ချန်က ဟာသလုပ်လိုက်၏။


ချန်လီ၏မျက်လုံးများ တောက်ပလာပြီး အားတက်သရော ခေါင်းညိတ်​လေသည်။


ဝေ့ချန်က ယခုလိုတုံ့ပြန်မှုမျိုးကိုမမျှော်လင့်ထားပေ။သူက ခဏလောက် ဘယ်လိုတုံ့ပြန်ရမှန်းမသိဖြစ်သွားပေမဲ့ချန်လီ၏ခေါင်းလေးကိုဆွဲဖွခြင်းဖြင့် အဆုံးသတ်သွားရသည်။


အမြဲတမ်းသူ့ကို ကျီစယ်နေတော့တာပါ့လားနော်...အရေးကြီးဆုံးက ကျီစယ်နေတဲ့သူကိုယ်တိုင်က ကျီစယ်လို့ကျီစယ်မိနေမှန်းမသိတာပဲ...


"ဒီဝတ်စုံက ပူလွန်းတယ်...ဒါလေးပဲဝတ်"


ဝေ့ချန်က ပေါ့ပေါ့ပါးပါး ဝတ်စုံကို ချန်လီ၏လက်ထဲကိုထည့်ပေးလိုက်ပြီး သူ၏ပ​ရောပရည်နိုင်သောနှလုံးသားကိုဖုံးကွယ်ရန် ဟန်လုပ်ကာ ခပ်တည်တည်ဖြင့်ပြောလိုက်သည်။

 

အဆုံးမှာ ချန်လီက  ဝေ့ချန်ကမ်းပေးသောဝတ်စုံကို လိမ်လိမ်မာမာ ဝတ်ပြီး ဝေ့ချန်၏လက်ကိုကိုင်ကာ ထွက်လာခဲ့လေသည်...

 

ချန်ဖုန်းအုပ်စုက မြို့တော်၏မြို့လည်ခေါင်မှာ တည်ရှိသည်။အလွန်ကိုခမ်းနားထည်ဝါသော ဧရာမအဆောက်အဦးကြီးဖြစ်ကာ suitနှင့်နက်ကတိုင်ကိုယ်စီဝတ်ထားသည့် နေရာအသီးသီးမှ လက်ရွေးစင်များက ခက်သွက်သွက်ဝင်ထွက်သွားလာနေကြသည်။အနှီလူများက အမြဲ သတ်မှတ်ရက်မီရန်အတွက် ကိုယ့်ကိုကိုယ်နှစ်ကိုယ်ခွဲချင်နေကြသောလူများဖြစ်လေသည်။


မားကတ်တင်းဌာနထဲရှိလေထုက ယနေ့မှာ အတော်လေးပူနွေးနေခဲ့သည်။သူတို့အကုန်လုံး သူတို့၏ဌာနကိုဒါရိုက်တာအသစ်ရောက်လိမ့်မည့်ဆိုသည့် အကြောင်းကြားချက်ကို လက်ခံရရှိထားကြသည်။


ဒါရိုက်တာအသစ်၏အချက်အလက်များက ဌာနအတွင်းမှာပျံ့နှံ့နေပြီဖြစ်ကာ အမှန်ရောအမှားပါရောထွေးနေ၏။


ဒါရိုက်တာက အရွယ်နှင့်မလိုက်အောင်ထူးချွန်သူဖြစ်ပြ Qတက္ကသိုလ်မှ စျေးကွက်စီမံခန့်ခွဲမှုပညာ ဒေါက်တာဘွဲ့ နှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုပညာဒေါက်တာဘွဲ့ဆိုပြီး ဒေါက်တာဘွဲ့နှစ်ခုရထားသည်ဟု လူအများကပြော​နေကြသည်...


ဒါရိုက်တာက 24နှစ်ပဲရှိသေးပြီး သူတို့ထက်ပင်ပိုငယ်သည်ဟုဆိုသည်။သို့ပေမဲ့ သူ၏အလုပ်စွမ်းရည်က သိသာထင်ရှားလေသည်။ကုမ္ပဏီက သူ့ကိုခေါ်သွင်းရန် ကြီးကြီးမားမားရင်းနှီးခဲ့ရသည်။


သူက ချောပြီး အရပ်ရှည်ကာ ကျောင်းမှာတုန်းက ကျောင်း၏ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်ဖြစ်ခဲ့သည်ဟု ဆိုကြသည်။


အခုမှရောက်လာခါစ ဒါရိုက်တာအသစ်က စင်ဂယ်ခွေးလေးဖြစ်ကာ ကုမ္ပဏီ၏အတွင်းပိုင်းအတင်းအဖျင်းအုပ်စုဆီကနေ ဤနှစ်အတွက်ချန်ဖုန်းအုပ်စု၏ အလားအလာအရှိဆုံး ​ရွှေလူပျိုဟု သတ်မှတ်ခြင်းခံရပြီးပြီဟုလည်းဆိုကြသည်။


ချန်ဖုန်းအုပ်စုလို *Fortune Global 500စာရင်းဝင် ကုမ္ပဏီတစ်ခုထဲမှာပင် အနှီကောလဟာလများက လျင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။များစွာသောစင်ဂယ်အမျိုးသမီးဝန်ထမ်းများက အနှီကောလဟာလများကိုကြားသည်နှင့် ချက်ချင်းလက်ငင်း ဓားသွေးသည့်အခြေအနေထဲကိုဝင်ရောက်သွားပြီး အနှီဒါရိုက်တာအသစ်ကို သိမ်းပိုက်ရန် ဆန္ဒစောနေကြလေသည်။

(T/N–Fortuneမဂ္ဂဇင်းက ပြုစုသော နှစ်စဥ်အမြတ်ပမာဏ အများဆုံးထိပ်တန်းကုမ္ပဏီ500စာရင်း)


ဘာရယ်...သူတို့က ဒါရိုက်တာထက်အသက်ကြီးတယ်ဟုတ်လား...ကိစ္စမရှိဘူး ယောကျာ်းဖြစ်သူထက် သုံးနှစ်ပိုကြီးတဲ့မိန်းမတစ်ယောက်က ကြွယ်ဝချမ်းသာမှုကိုယူဆောင်လာပေးတယ်လို့ ပြောကြတယ်မဟုတ်ဘူးလား...သူတို့ရဲ့ ရင့်ကျက်တည်ငြိမ်တဲ့ဆွဲဆောင်မှုက ဒါရိုက်တာအသစ်ကို သေချာပေါက်ညှို့ယူနိုင်လိမ့်မယ်လို့သူတို့ယုံကြည်တယ်...


အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များ၏ စိတ်အားထက်သန်မှုနှင့်ယှဥ်လျှင် အမျိုးသားလုပ်ဖော်ကိုင်ဖက်များမှာ စိတ်ဝင်စားမှုများ အနည်းငယ် ပျောက်ဆုံးနေကြလေသည်။နဂိုကမှ ကုမ္ပဏီမှာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်အရေအတွက်က အကန့်အသတ်နှင့်ရှိသည်ဖြစ်ရာ ယခု ထူးချွန်ထက်မြက်သော ဒါရိုက်တာအသစ်တစ်ယောက်ရောက်လာသည့်အခါ နောင်အနာဂတ်မှာ သူတို့၏ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များက သူတို့အပေါ်မည်သို့အာရုံစိုက်ပါတော့မည်နည်း။


လုပ်ဖော်ကိုင်ဖက်များမည်သို့ပင်တွေးနေပါစေ ဝေ့ချန်၏ကားက ချန်ဖုန်းတာဝါ၏မြေအောက်ကားပါကင်ထဲကို ​မောင်းဝင်လာပြီဖြစ်သည်။သူက ကုမ္ပဏီ၏အကြီးတန်းအရာရှိများကို အသိမပေးဘဲ သိုသိုသိပ်သိပ်ရောက်လာခဲ့သည်။သူက ကုမ္ပဏီကိုရောက်ပြီဖြစ်ကြောင်းပဲ အထွေထွေမန်နေဂျာဆီမက်ဆေ့ချ်ပို့ပြီး မားကတ်တင်းဌာနဆီကို တိုက်ရိုက် ဦးတည်ခဲ့သည်။


ထိုစဥ် မားကတ်တင်းဌာနအတွင်းမှာ ခေါင်းချင်းဆိုင်ပြီး သတင်းအချက်အလက်များဖလှယ်နေကြသည်။


"ငါကြားတာတော့ ငါတို့ရဲ့ဒါရိုက်တာအသစ်က တစ်ခါမှရည်းစားမထားဖူးဘူးတဲ့"


အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ယောက်က ပြောလိုက်ပြီး သူမဘေးကအမျိုးသမီးကို မျက်ခုံးပင့်ကာတံတောင်ဖြင့်တို့လိုက်၏။


"မဖြစ်နိုင်တာနော်...ဒီခေတ်မှာ အဲလိုမျိုးဖြူစင်တဲ့ယောကျာ်းတွေရှိသေးလို့လား"

​နောက်အမျိုးသမီးလုပ်ဖော်ကိုင်ဖတ်တစ်ယောက်က သရော်လိုက်၏။


"ငါ့ညီမက Qတက္ကသိုလ်က...ငါတို့ဒါရိုက်တာက အဲဒီမှာ ဒဏ္ဍာရီတစ်ခုလိုပဲလို့သူကပြောတယ်...လူတွေအများကြီးက သူ့ကိုပိုးပန်းကြပေမဲ့ သူကတစ်ယောက်မှလက်မခံဘူးတဲ့"


သူမက အလေးအနက်ပြောလိုက်၏။


"တကယ်ကြီးလား"

အမျိုးသမီးလုပ်ဖော်ကိုင်ဖက်က အံ့အားသင့်သွားပြီး ယခုလိုယောကျာ်းများမျိူး ဤကမ္ဘာပေါ်မှာရှိနေသေးသည်ဆိုသည်ကို မယုံနိုင်ဖြစ်နေမှန်းသိသာလေသည်။


"တော်​ကြပါတော့...ဒါရိုက်တာက တစ်ခါမှ ရည်းစားမထားဘူးဖူးဆိုရင်တောင် နင်တို့​ကိုစိတ်ဝင်စားမှာမဟုတ်ဘူး...နင်တို့အတွေးတွေကို စွန့်လွှတ်လိုက်ကြစမ်းပါ"


တိုက်တိုက်ဆိုင်ဆိုင် ရေနွေးတစ်ခွက်ဖြင့် အနားကဖြတ်သွားသောအမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်​ယောက်က မနေနိုင်ဘဲ ငေါ့တော့တော့မှတ်ချက်​ပေးလိုက်သည်။


အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များက အမျိုးသားလုပ်ဖော်ကိုင်ဖက်ကို တပြိုင်နက် မျက်စောင်းဝိုင်းထိုးပြီးပြောကြလေသည်။


"ထွက်သွားစမ်း"


ဝေ့ချန် ချန်လီနှင့်အတူ မားကတ်တင်းဌာနကိုရောက်ချိန်မှာ ဝန်ထမ်းများက ဒါရိုက်တာအသစ်အကြောင်းဆွေးနွေးနေကြဆဲဖြစ်သည်။သူတို့လှည့်​ကြည့်လိုက်ချိန်မှာ အရပ်ရှည်ရှည် ရုပ်ချောချောနှင့် ယောကျာ်းတစ်ယောက်က တံခါးနားမှာ အေးစက်သောအမူအရာဖြင့်ရပ်နေသည်ကိုတွေ့လိုက်ရသည်။သူ့ဘေးမှာကား သူတို့အား မဝံ့မရဲလေ့လာနေသည့် အတော်လေးပိန်ပါးသော လူငယ်တစ်ယောက် ရပ်နေလေသည်။


ဒါကဘယ်သူလဲ...ဘယ်လိုလုပ် ဘာသံမှမထွက်ဘဲပေါ်လာတာလဲ...


မားကတ်တင်းဌာနရှိ လုပ်ဖော်ကိုင်ဖက်များ၏ ခေါင်းထဲမှာ ဤမေးခွန်းက တစ်ချိန်တည်းပေါ်လာ၏။သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ ဓာတ်လှေကားကပွင့်လာပြီး အဖြူရောင်ဝတ်စုံပြည့်ဝတ်ထားသော အထွေထွေမန်နေဂျာက ဓာတ်လှေကားထဲကထွက်လာသည်ကိုမြင်လိုက်ရသည်။လုပ်ဖော်ကိုင်ဖက်များက အလျင်အမြန် ခေါင်းလှည့်ပြီး ကိုယ့်အလုပ်နှင့်ကိုယ် အလုပ်ရှုပ်​နေဟန်ဆောင်လိုက်ကြလေသည်။


အထွေထွေမန်နေဂျာကလည်း သူဘာမှသတိမထားမိသလိုပြုမူပြီး ဝေ့ချန်ဆီကိုလျှောက်သွားကာ လက်ဆန့်ပေးပြီးပြောလိုက်၏။


"ဒါရိုက်တာဝေ့ ချန်ဖုန်းအုပ်စုကနေကြိုဆိုပါတယ်" 


"ကျေးဇူးတင်ပါတယ် အထွေထွေမန်နေဂျာကျူးကော"


ဝေ့ချန်က အထွေထွေမန်နေဂျာနှင့်လက်ဆွဲနှုတ်ဆက်ပြီးပြန်ဖြေလိုက်သည်။


ရုံးခန်းထဲက လူများက သူတို့အလုပ်နှင့်သူတို့အလုပ်ရှုပ်နေကြသော်လည်း နားများက တံခါးဝကအခြေအနေကိုအာရုံစိုက်​နေကြဆဲဖြစ်သည်။ထိုနှစ်ယောက်ကြားက စကားဝိုင်းကိုကြားချိန်မှာ သူတို့ အံ့ဩလွန်း၍ပါးစပ်ဟောင်းလောင်းဖြစ်ကုန်ကြလေသည်။


ခုနကအေးစက်စက်မျက်နှာနဲ့လူက သူတို့ရဲ့ဒါရိုက်တာလား...ဒါဆို သူတို့ခုနကဆွေးနွေးနေတဲ့အကြောင်းအရာတွေကိုသူကြားသွားတာပေါ့...သွားပါပြီ ပထမဆုံးနေ့မှာပဲ ဒါရိုက်တာဆီမှာ အတင်းတုပ်သမားတွေဆိုတဲ့အမြင်ကိုချန်ထားခဲ့မိလိုက်ပြီ...ဘဝကြီးက အမြဲတမ်း သူတို့ကိုကျီစားနေတာပဲ...



<< >>


💘