Chapter 60
Viewers 11k

💘Chapter 60 

အထက်လူ​ကြီးအသစ်တာဝန်ထမ်း​ဆောင်​ခြင်း



ကုမ္ပဏီအလုပ်အမူဆောင်များ၏​မနက်ခင်းအစည်းအဝေးက​ ဗြောင်းဆန်နေခဲ့ပေမဲ့ အနှီအစည်းအဝေး၏အဓိကဇာတ်ဆောင်ဖြစ်သော ဝေ့ချန်က ထိုအကြောင်းကို နည်းနည်းမှမသိပါချေ။


ထို့အတူ ကျူးကောဖုန်းက သူ့ဆန္ဒများကိုထည့်မစဥ်းစားဘဲ တခြားသူများ၏အမြင်မှာမဖြစ်နိုင်သောတာဝန်အတွက် သူ့ကိုထည့်သွင်းခဲ့ကြောင်းကိုလည်း သူမသိခဲ့ပေ။ 


အလုပ်အမှုဆောင်များ၏မနက်ခင်းအစည်းအဝေးနှင့် တပြိုင်တည်း နီးနီး ဝေ့ချန်က မားကတ်တင်းဌာန၏ဒါရိုက်တာအနေဖြင့် ဌာန၏ပထမဆုံးအစည်းအ​ဝေးကိုကျင်းပခဲ့လေသည်။


ကိုးနာရီတိတိမှာ မားကတ်တင်းဌာန၏မနက်ခင်းအစည်းအဝေးကိုစတင်ခဲ့၏။


ဌာန၏ဝန်ထမ်းများက ကိုးနာရီမတိုင်ခင်အရောက်လာခြင်းဖြင့် ဝေ့ချန်ကိုမျက်နှာပေးခဲ့ကြသည်၊ဌာနမန်နေဂျာ ဟဲခယ်ချမ်းမှလွဲ၍ပင်။


ဝေ့ချန်က အစည်းအဝေးကျင်းပသူနေရာမှာရပ်လိုက်ပြီး အစည်းအဝေးခန်းထဲမှ လူတိုင်းကို အေးစက်စက်မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။ဝေ့ချန်၏အရှိန်အဝါက ပြင်းထန်လွန်း၍ဖြစ်မည်၊ယင်းက မားကတ်တင်းဌာနကလူတိုင်းကို ဝေ့ချန်က သည်မှာရှိနေသည့်လူတိုင်းထက် ပိုငယ်သည့်အချက်ကို လျစ်လျူရှုမိသွားစေသည်။


သူ၏ခြိမ်းခြောက်နိုင်သောတည်ရှိမှုက တစ်ခန်းလုံးကိုတိတ်ကျသွားစေပြီး လူတိုင်းက မတ်မတ်ထိုင်ကာ ဝေ့ချန်အစည်းအဝေးစမည်အား စောင့်နေကြသည်။ 


ဝေ့ချန်က သူ၏လက်ထောက်ကို သူပြင်ဆင်ထားသည့်ဖိုင်များကို တစ်ယောက်တစ်ဖိုင်စီ ဝေခိုင်းလိုက်သည်။သူက မန်နေဂျာဟဲခယ်ချမ်းကိုပင်မစောင့်ဘဲ ကိုးနာရီအတိမှာ အစည်းအဝေးကိုစတင်ခဲ့လေသည်။


"အဓိပ္ပါယ်မရှိတာ​တွေပြောပြီး အချိန်မဖြုန်းတော့ဘူး...ဒါက ပြီးခဲ့တဲ့နှစ်လအတွက်အစီရင်ခံစာတွေနဲ့အရင်လအတွက် နှိုင်းယှဥ်ချက်ဇယားပါ"


ဝေ့ချန်က ပြောလိုက်ပြီး သက်ဆိုင်ရာဒေတာများက သူ့နောက်က*PPTပေါ်မှာ ပေါ်လာသည်။ဤသည်က ဝေ့ချန် ညလုံးပေါက် ရွေးထုတ်ထားသည့်အရာများဖြစ်ကာ ချန်ဖုန်းအုပ်စု၏ဤလအတွက်စွမ်းဆောင်ရည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ဇယားပေါ်က အောက်သို့ထိုးဆင်းနေသောမျဥ်းဖြောင့်က တကယ်ကို စိတ်ပျက်အားလျော့စရာပင်။

(T/N—PowerPoint Presentation)


"ဒီရလဒ်တွေရဲ့နောက်ကွယ်က အကြောင်းပြချက်တွေကို တစ်ယောက်ယောက်ပြောပြနိုင်မလား"


ဝေ့ချန်က စားပွဲပေါ်မှာလက်ထောက်လိုက်ပြီး အေးစက်နေသောအကြည့်စူးစူးက သူ့အရှေ့ကို ကျရောက်သွားသည်။သူက အမှန်တကယ်တွင် အခန်းထဲက ဘယ်တစ်ဦးတစ်ယောက်ကိုမှ ကြည့်​နေခြင်းမဟုတ်ပေမဲ့ ရှိနေသည့်လူတိုင်း ဝေ့ချန်၏အကြည့်က သူတို့အပေါ်ကို​ရောက်နေသလို ခံစားရလေသည်။ထိုကဲ့သို့ ရန်လိုမှုများနှင့်ဖိနှိပ်မှုများဖြင့်ပြည့်နေသော မျက်လုံးတစ်စုံက သူတို့ကို ကျောရိုးတလျှောက်အေးစက်လာသလို ခံစားရစေ​ပြီး မြေအောက်ရေခဲတိုက်ထဲ ရောက်နေသည့်အတိုင်းပင်​ဖြစ်၏။သူတို့ နည်းနည်းမှ မလှုပ်ရဲကြပါချေ။


အစည်းအဝေးခန်းက လုံးလုံးလျားလျား တိတ်ကျသွားပြီး လူတိုင်းက ခေါင်းငုံ့ကာ အစီရင်ခံစာများဖတ်နေသယောင်ဆောင်နေကြသည်။သူတို့အကုန်လုံးက စိုးရိမ်ပူပန်နေသောအမူအရာများကိုဆင်မြန်းထားကြပြီး ပြောစရာ သင့်တော်သောစကားလုံးများကိုရှာမတွေ့ဖြစ်နေကြသည်။


"ဒါက တကယ်တော့ ခင်ဗျားတို့အမှားမဟုတ်ပါဘူး"


သူပေါက်ကွဲတော့မည်ဟုလူတိုင်းထင်လိုက်စဥ်မှာပဲ ဝေ့ချန်က ရုတ်တရတ်ထပြောလိုက်သည်။သို့သော်လည်း အစည်းအဝေးခန်းထဲကလူများ မျှော်လင့်နေသော စိတ်သက်သာရာရမှုမှာရောက်မလာသေးပေ။သူတို့အားလုံးမှာ သက်ပြင်းပင်မချရဲဘဲ အသက်အောင့်ထားကြသည်။ဘာမှန်းမသေချာမရေရာသောအခြေအနေက သူတို့ကို အလွန်အမင်း မသက်မသာခံစားရစေသည်။


PPTက နောက်ဆလိုက်(slide)တစ်ခုကိူပြောင်းသွားပြီး ယခင်ဒါရိုက်တာဖန်တီးခဲ့သော နှစ်စဥ်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကိုပြသလာသည်။

"ပြဿနာက ဒီမှာ"

ဝေ့ချန်က လေးတွဲ့တွဲ့ပြောလိုက်ပြီး ဆလိုက်ပေါ်မှာ အလင်းစက်တစ်ခုပေါ်လာသည်။


လူတိုင်းက ဝေ့ချန်၏စကားများကြောင့် အလွန်အမင်း အံ့ဩသွားကြပြီး မော့ကြည့်လိုက်​ကြ၏။အထက်လူ​ကြီးအသစ်တာဝန်ထမ်းဆောင်တဲ့မီးကသူတို့အပေါ်လောင်ရမှာမဟုတ်ဘူးလား...အဲဒီအစား အရင်ဒါရိုက်တာလုပ်ခဲ့တဲ့အစီအစဥ်တွေနဲ့မဟာဗျူဟာတွေအပေါ်မှာ လောင်နေတယ်...


သူတို့၏အံ့အားသင့်မှုများကို လျစ်လျူရှုကာ ဝေ့ချန်က ဆလိုက်များကို တစ်ခုပြီးတစ်ခု လှန်ကာ ယခင်ဒါရိုက်တာဖန်တီးခဲ့သော ဖွံ့ဖြိုးတိုးတက်​ရေးမဟာဗျူဟာထဲက အမှားများကို ထောက်ပြနေသည်။ဝေ့ချန်၏စကားများက လိုရင်းတိုရှင်းနှင့်ဖြစ်ကာ အဓိကအချက်ကိုတန်းသွာလေသည်။လူတိုင်း၏မျက်နှာပေါ်ကအမူအရာများက အံ့အားသင့်မှုကနေ လေးနက်တည်​ကြည်မှုအဖြစ်သို့ ပြောင်းသွား၏။ဝေ့ချန်၏စကားများက သူတို့ကိုဉာဏ်အလင်းပွင့်သွားသည့်ခံစားချက်ကိုပေးလေသည်။ပြီးခဲ့သည့်ခြောက်လမှာ သူတို့ယခင်ဒါရိုက်တာရေးဆွဲခဲ့သော ယေဘုယျ မဟာဗျူဟာအတိုင်းလိုက်ခဲ့ပြီး ကြိုးကြိုးစားစားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။သို့သော်လည်း ရလဒ်များက မစို့မပို့ဖြစ်ကာ သူတို့ဘယ်နေရာမှာမှားနေလဲဆိုသည်ကို အတိအကျရှာမတွေ့ခဲ့ပေ။ယခု ဒါရိုက်တာအသစ်၏ရှင်းပြချက်ကြောင့် သူတို့ နောက်ဆုံးမှာ နားလည်သွားပြီဖြစ်၏။


"ကောင်းပြီ ပြဿနာကအဲဒါပဲ...မနက်​ဖြန် တစ်ယောက်ကိုအစီအစဥ်တစ်ခုစီပြင်ဆင်ပြီး ကျွန်တော့်ကိုအီး​​မေးလ်က​နေပို့လိုက်ပါ"


နောက်ဆုံးဆလိုက်က ဝေ့ချန်၏အီးမေးလ်လိပ်စာကိုပြသလာသည်။လူတိုင်း အီးမေးလ်ကိုရေးမှတ်​လိုက်ကြချိန်မှာပဲ ဝေ့ချန်က လက်ဝှေ့ယမ်းပြီး အစည်းအဝေးကို အဆုံးသတ်လိုက်သည်။


လူတိုင်း ဝေ့ချန်ကိုကြည့်ပြီး မတုံ့ပြန်နိုင်ဖြစ်သွား​ကြသည်။အစည်းအဝေးက ဒီလိုနဲ့ပြီးသွားတာလား...ဒါရိုက်တာဝေ့က ဆက်မပြောတော့ဘူးလား...မိနစ်နှစ်ဆယ်ပဲရှိသေးတာလေ...​ကြာချိန်က ပုံမှန်အစည်းအဝေးတွေရဲ့ တစ်ဝက်တောင်မရှိဘူး...


အစည်းအဝေးပြီးသွားပြီးနောက် ဝေ့ချန်က အစည်းအဝေးခန်းထဲမှာ ဝေလေလေ လုပ်မနေပါချေ။သူက သူ့ပစ္စည်းများကိုသိမ်းပြီးရုံးခန်းထဲကထွက်မည်ပြုလိုက်၏။သူတံခါးနားရောက်ချိန်မှာပဲ နောက်ကျမှရောက်လာသည့် မန်နေဂျာဟဲခယ်ချမ်းနှင့် တည့်တည့်တိုးလေသည်။


"တောင်းပန်ပါတယ် နောက်ကျသွားတယ်"


ဟဲခယ်ချမ်းကတောင်းပန်လိုက်ပေမဲ့ သူ့မျက်နှာပေါ်မှာ နောက်ကျနေသူတစ်ယောက်ထံမှာရှိသင့်သည့် အပြစ်ရှိစိတ်အရိပ်အယောင်တစ်ခုမှ ရှိမနေပါချေ။


ဝေ့ချန်က ဘာတစ်ခွန်းမှ မ​ပြောသလိုဟဲခယ်ချမ်းကို အကြည့်လေးတစ်ချက်ပင်မစွန့်ကြဲချေ။သူက သည်အတိုင်းသူ့ကိုဖြတ်ကျော်ပြီး ခြေလှမ်းကျဲကြီးများဖြင့်ထွက်သွား၏။


ကြိုတင်မျှော်မှန်းထားသည့်မြင်ကွင်းမဖြစ်လာခဲ့သဖြင့် ဟဲခယ်ချမ်းအတော်လေး ပဟဠိဖြစ်စွာ ကျန်ရစ်ခဲ့လေသည်။သူက အစည်းအဝေးခန်းကိုကြည့်လိုက်ချိန်မှာ သူ၏လုပ်ဖော်ကိုင်ဖက်များက ပစ္စည်းများသိမ်းနေကြပြီဆိုသည်ကို သတိပြုမိလိုက်သည်။သူက မေးလိုက်၏။


"အစည်းအဝေးကပြီးသွာပြီလား"


"ပြီးသွားပြီ"

ဟဲခယ်ချမ်းနှင့်ပိုနီးသောလုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဖြေလာသည်။


"မန်မေဂျာဟဲ တခြားကိစ္စမရှိရင် ကျွန်တော်တို့အလုပ်သွားလုပ်လိုက်ဦးမယ်"


ထိုသို့ပြောပြီးနောက် ထိုသူက ဟဲခယ်ချမ်းကို ဖြတ်ကျော်ပြီး ထွက်သွားလေသည်။


ကျန်သည့်လူများကလည်း သူတို့၏ပစ္စည်းများကို သိမ်းကာတစ်ယောက်ပြီးတစ်ယောက် ထွက်သွားကုန်ကြ၏။


ဟဲခယ်ချမ်း သူတို့၏ထွက်ခွာသွားသောပုံရိပ်များကိူကြည့်ပြီး အနှီဝန်ထမ်းများ၏စိတ်အားထက်သန်မှုက ရုတ်ချည်းတောက်လောင်လာ​သလိုခံစားလိုက်ရသည်။


ဒါဆို သူနောက်ကျနေချိန်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ...သူမနေနိုင်ဘဲ အဘယ်ကြောင့် သူ၏လုပ်ဖော်ကိုင်ဖက်များဆီမှာ စိတ်အားတက်ကြွမှုများ ချက်ချင်းကြီး ပြန်လည်ရှင်သန်လာသည်ကိုသိချင်သွားသည်။


ချန်ဖုန်းအုပ်စုထဲကို ဝင်နိုင်သည့်ဝန်ထမ်းများက အဆက်အသွယ်ဖြင့်ဝင်လာသည့် (လူတချို့မှလွဲ၍) စိတ်ကူးယဥ်မှုများနှင့်ရည်မှန်းချက်များဖြင့်ပြည့်နေကြပြီး သူတို့က သူတို့၏အလုပ်မှာ လုပ်နိုင်စွမ်း/ကျွမ်းကျင်ပိုင်နိုင်မှုလည်း ရှိကြသည်။


ခုနကအစည်းအဝေးမှာ ဝေ့ချန်က သူတို့အတွက် ခပ်ရေးရေး အနာဂတ်စီမံချက်တစ်ခုကို ရေးဆွဲမပေးခဲ့သလို ဘာကတိမှလည်းမပေးခဲ့ပေ။သို့ပေမဲ့ သူ၏ ယခင်ဒါရိုက်တာ၏မဟာဗျူဟာအပေါ် ခွဲခြမ်းစိတ်ဖြာပြမှုက သူတို့ကို ဝေ့ချန်၏အရည်အချင်းများကိုမြင်နိုင်စေခဲ့ပြီ ထိုကနေလည်း အကျိုးအမြတ်များကြီးစွာရ​စေခဲ့သည်။သူတို့၏စိတ်ထဲမှာ အတွေးတစ်ခုစတင်အမြစ်တွယ်လာသည်–အနှီဒါရိုက်တာ၏နောက်ကိုလိုက်ခြင်းက အောင်မြင်မှုဆီသို့ ဦးတည်လိမ့်မည်ဟူ၍။


ဤအတွက်ကြောင့် ဝန်ထမ်းများ၏စိတ်အားတက်ကြွမှုများ ထိုးတက်လာခြင်းဖြစ်လေသည်။


ခေါင်းဆောင်ကောင်းတစ်ယောက်က များများစားစား ပြောစရာမလိုပေ၊၎င်းတို့၏အရည်အချင်းများနှင့် ကိုယ်ပိုင်ဩဇာအရှိန်အဝါက လူတို့အား အလွယ်တကူ စိတ်အားတက်ကြွစေနိုင်ပြီး ၎င်းတို့နောက်ကို လိုလိုလားလားလိုက်ပါအောင်လုပ်နိုင်၏။


ဝေ့ချန်မှာ အနှီ​ကြန်အင်လက္ခဏာများပိုင်ဆိုင်ထားလေသည်။


ဝေ့ချန် သူ့ရုံးခန်းကို ပြန်ရောက်ချိန်မှာ ချန်လီက ဝေ့ချန်သူ့အတွက် အထူးတလည်ပြင်ဆင်ထားသောစာရေးခုံပေါ်မှာ စာရေးနေသည်။သူအမူအရာက အနည်းငယ်အသက်မဲ့နေပုံပေါ်နေဆဲဖြစ်သော်ငြား သူက တကယ့်ကို အရေးကြီးသည့်အရာတစ်ခုကိုလုပ်နေသည့်အတိုင်း အလုပ်ထဲမှာအာရုံစိုက်ပြီး စိတ်နှစ်ထား၏။


ဝေ့ချန်ရောက်လာသည်ကိုပင် သတိမပြုမိခဲ့ပေ။


ချန်လီကို မနှောက်ယှက်မိစေရန်အတွက် ဝေ့ချန်က သူ့ဘေးကို ခြေဖွ၍ လျှောက်သွားလိုက်သည်။ချန်လီရေးနေသည့်အရာကို မြင်ရချိန်မှာ ဝေ့ချန်၏အကြည့်က ပျော့ပြောင်းသွား၏။


စာမျက်နှာတစ်ခုလုံး "ဝေ့ချန်"ဟူသောစာလုံးများဖြင့် ပြည့်နေခဲ့သည်။


နောက်ဆုံးသော"ဝေ့ချန်"ကို ရေးပြီးသည့်နောက် ချန်လီ သူ့လက်ထဲက ​ဘောပင်ကို အောက်ချလိုက်ချိန်မှာ သူ့နောက်မှ ရင်းနှီးနေသောအသက်ရှူသံကို ခံစားလိုက်ရသည်။ချန်လီ နောက်လှည့်ပြီး မော့ကြည့်လိုက်သည့်အခါ ဝေ့ချန်၏ နူးညံ့သောအကြည့်များနှင့်ဆုံသွားခဲ့၏။ချန်လီ၏မျက်လုံးများတောက်ပသွားပြီး "ဝေ့ချန်"ဟူသောစာလုံးများရေးထားသည့်စာရွက်ကို ကောက်ယူပြီး ဝေ့ချန်ကို ကမ်းပေးလာသည်။


ဝေ့ချန်က ချန်လီဆီကစာရွက်ကိုအလေးအနက် လက်ခံပြီး ထိုပေါ်မှာရေးထားသည့်စာလုံးများကို သေသေချာချာ ကြည့်လိုက်၏။


ချန်လီက အဘိဓာန်ထဲကစာလုံးများအတိုင်းလိုက်ရေးထားမှန်း သိသာပြီး သူ့မှာ ကိုယ်ပိုင်လက်ရေးမရှိသေးပေ။စုတ်ချက်တိုင်းက သပ်ရပ်သေသပ်ပြီး တညီတညာတည်းဖြစ်ကာ စာလုံးအရွယ်အစားက ပုံနှိပ်စာလုံးများနှင့် တစ်ထပ်တည်းနီးနီးဖြစ်၏။သို့ပေမဲ့ စုတ်ချက်တစ်ခုစီရှိ ချန်လီ၏စူးစိုက်နစ်မြုပ်ထားမှုက အထင်းသားဖြစ်ကာ ဝေ့ချန်၏နှလုံးသားကို အနည်းငယ်နွေးထွေးသွားစေခဲ့သည်။


"လီလီက တော်လိုက်တာ"


ဝေ့ချန်က စာရွက်လွှာပါးပါးကို လက်တစ်ဖက်မှာကိုင်ပြီး ချန်လီ၏ခေါင်းလေးကို ညင်ညင်သာသာ ဆွဲဖွကာချီးကျူးလိုက်၏။


တုံ့ပြန်မှုအနေဖြင့် ချန်လီ၏မျက်ဝန်းများက ပို၍ပင် စူးစူးစိုက်စိုက် ကြည့်လာသည်။ဝေ့ချန်က ချန်လီဘာကိုဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်၏။သူက ကိုယ်ကိုကိုင်းပြီး ချန်လီ၏နဖူးကို ဖွဖွလေးနမ်းလိုက်သည်။


ချီးကျူးသည့်အနမ်းတစ်ပွင့်ရသွားသောအခါ ချန်လီက ပြန်လှည့်ပြီး ဘောပင်ကို​ ပြန်ကောက်ကိုင်လိုက်ကာ စာရေးရန်အဆင်သင့်ဖြစ်နေ၏။ဝေ့ချန်က သူ့နောက်မှာရပ်ပြီး စာရွက်ပေါ်မှာအလွန်အမင်း လေးနက်စွာဖြင့် ရေး​နေသည့်ချန်လီ၏စုတ်ချက်တစ်ခုစီတိုင်းကို သေချာကြည့်နေခဲ့သည်။


ဤတစ်ခေါက်မှာ ချန်လီက "ဝေ့ချန်"ဟူသည့် ရိုးရှင်းသောစာလုံးများကိုပဲရေးခြင်းမဟုတ်ဘဲ ဝါကျတစ်ကြောင်းရေးလိုက်ခြင်းဖြစ်၏။ဝါကျကိုမှ ဘာအပြစ်အနာအဆာ/သဒ္ဒါအမှားမှ မရှိသောဝါကျဖြစ်လေသည်—"ချန်လီက ဝေ့ချန်နဲ့အတူရှိရတာကိုကြိုက်တယ်"။


ရိုးရှင်းသော စာလုံးလေး ဆယ်လုံးမျှသာဖြစ်ပေမဲ့ ၎င်းတို့ကဝေ့ချန်၏နှလုံးသားထဲမှာ နျူးကလီးယားဗုံးတစ်လုံးလို ပေါက်ကွဲသွားခဲ့လေသည်။သူ၏ရင်ဘတ်တစ်ခုလုံး ပွင့်ထွက်သွားပြီး မှိုသဏ္ဍာန်ပီတိတိမ်အုပ်တစ်ခုပွင့်လန်းလာကာ သူ့တစ်ကိုယ်လုံးက အာရုံကြောများထဲကိုစိမ့်ဝင်သွား​၏။ရုတ်တရတ်ရောက်ရှိလာသည့်ပျော်ရွှင်မှု၏လွှမ်းခြုံခြင်းခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင်တုန်ရီလာသည်။ဝေ့ချန် သူ့မျက်လုံးများထဲက တစ်ခုခုလျှံထွက်လာတော့မလိုခံစားလိုက်ရသည်။


"လီလီ..."

 

ဝေ့ချန် ချန်လီ၏နာမည်ကိုခေါ်ချင်ပေမဲ့ ပါးစပ်ဖွင့်လိုက်သည့်အချိန်မှာပဲ သူစိတ်လှုပ်ရှားလွန်း၍ စကားပင်မပြောနိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။"လီလီ"ဟူသောစကားလုံးများက 

အသက်ရှူသံတစ်ခုအဖြစ်သို့ပြောင်းသွားပြီး အတော်လေးချိုမြိန်နေသောလေထုထဲမှာ ပျောက်ကွယ်သွားခဲ့၏။


"လီလီ"


"လီလီ"


"လီလီ"


ဝေ့ချန်က ချန်လီ၏နာမည်ကိုအထပ်ထပ်အခါခါ ခေါ်နေသည်မှာ ထိုသို့လုပ်ခြင်းဖြင့်သာ သူ့မှာ သူ၏လျှံထွက်နေသောပျော်ရွှင်မှုများကို ကျောက်ချရန် နေရာတစ်ခုကို ရှာတွေ့နိုင်သည့်အတိုင်း ဖြစ်လေသည်။


ချန်လီက ဝေ့ချန်၏အသံကိုကြားလျှင် ခေါင်းလှည့်ကာ သူ့ကိုထပ်၍ကြည့်လာ​၏။ဝေ့ချန်ကိုမြင်လိုက်ချိန်မှာ သူ၏အသက်မဲ့​​​နေသောမျက်ဝန်းများက နက်​မှောင်သွားပြီး စိုးရိမ်တကြီး ထရပ်ကာ ဝေ့ချန်၏မျက်နှာကို သူ့လက်နှင့် ညင်ညင်သာသာသုတ်ပေးလာ၏။


ထိုမှသာ ဝေ့ချန် ဘယ်ချိန်ကမှန်းမသိ  သူ၏မျက်ရည်များ ထိန်းချုပ်၍မရနိုင်အောင် စီးကျနေခဲ့သည်ကိုသိလိုက်ရလေသည်။

 

ဝေ့ချန်က ချန်လီကို လက်ကနေဆွဲ၍ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်၏။သူတို့နှစ်ဦးက အချင်းချင်း တင်းတင်းကြပ်ကြပ်ဖိကပ်နေကာ ဤအခိုက်အတန့်မှာ သူတို့၏ရင်ခုန်သံများကလည်း ထပ်တူကျသွားသယောင်ရှိလေပြီး တဒုတ်ဒုတ်နှင့် တစ်ယောက်၏ရင်ဘတ်ကိုတစ်ယောက်ရိုက်ခတ်ကာ ခုန်နေကြသည်။


"လီလီ"


ဝေ့ချန်က ချန်လီ၏နာမည်ကိုထပ်ပြီးခေါ်လိုက်ပြန်သည်။ဤနာမည်က သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထွင်းထုထားပြီးနေပြီ​ဖြစ်ကာ သူ့ဖြစ်တည်မှု၏အနူးညံ့ဆုံးနေရာမှာ အမြစ်တွယ်၍ အစို့အညှောက်များပေါက်နေလေပြီ။


ချန်လီက အမူအရာမဲ့စွာဖြင့် ဝေ့ချန်အား သူ့ကိုဖက်ခွင့်ပြုထားခဲ့သည်။သူ့အား အဆုံးမဲ့သောလုံခြုံမှုများကိုယူဆောင်လာပေးသော ဤရင်ခွင်ကိုသူသဘောကျသည်။


အချိန်က ဤအခိုက်အတန့်မှာပဲရပ်တန့်နေပုံရပြီး ရာစုနှစ်တစ်ခုလောက်ကုန်သွားသလိုပင်။သူ့ရင်ဘတ်ထဲမှာ ထိုးတက်လာသောခံစားချက်များ တဖြည်ဖြည်း လျော့ကျသွားချိန်မှာ ဝေ့ချန်ကချန်လီကိုလွှတ်ပေးလိုက်ပြီး ချန်လီ၏မျက်ဝန်းများထဲကိုတည့်တည့်စိုက်ကြည့်လိုက်သည်။သူ့မျက်ဝန်းများထဲရှိ နူးညံ့မှုက ပိုက်ကွန်ရှည်ကြီးတစ်ခုသဖွယ်ပြောင်းလဲသွားပြီး ချန်လီကိုလွှမ်းခြုံထားကာ ဘယ်သောအခါမှ ချန်လီကို လွတ်မြောက်ရန်အခွင့်အရေးမပေးခဲ့ပေ။


ချန်လီက ဝေ့ချန်ကို သူ့အားကြည့်ခွင့်ပြုထား၏။သူ၏မျက်လုံးဝိုင်းကြီးများထဲမှာ ယ​နေ့​မှန်ပြတင်းအပြင်ဘက်တွင်တောက်ပနေသောနေရောင်ခြည်များကို သယ်ဆောင်ထားသယောင်ရှိလေသည်။သူက ဝေ့ချန်ကိုယ်တိုင်နူးညံ့မှုများဖြင့်ရက်လုပ်ထားသော ပိုက်ကွန်ကြီးထဲမှာ လိုလိုလားလား အညံ့ခံနေခဲ့ခြင်းဖြစ်ကာ ဘယ်သောအခါမှ မလွတ်မြောက်ချင်ခဲ့ပေ။


ချန်လီကို သူ့နှလုံးသားထဲမှာ ခိုင်မြဲစွာထွင်းထုပြီးနောက် ဝေ့ချန်က ချန်လီခုနက ချလိုက်သည့်ဘောပင်ကို ကုန်းကောက်လိုက်သည်။ချန်လီရေးထားသောစာကြောင်း၏အောက်မှာ သူကစာကြောင်းတစ်ကြောင်းထပ်ဖြည့်လိုက်ပြီး စုတ်ချက်တစ်ခုစီတိုင်းကိုလည်း ကတိတစ်ခု​ပေးနေသည့်အတိုင်း အဆုံးစွန်ဆုံးသောရိုးသားမှုများဖြင့် အလေးအနက် ရေးသားခဲ့လေသည်။


ထိုအခိုက်အတန့်တွင် နေရောင်ခြည်က မှန်ပြတင်းများကနေဖြတ်၍ထိုးဖောက်ဝင်ရောက်လာပြီး ၎င်း၏အလင်းရောင်ကို စာရေးခုံပေါ်မှာ အရိပ်ထင်စေကာ စာရွက်ကိုအလင်းပေးလိုက်လေသည်။အနက်ရောင်မှင်ဖြင့်ရေးသားထားသောစာလုံးများက အလင်းတစ်လွှာအုပ်ထားသယောင်ရှိပြီး လာမည့်နေ့ရက်များနှင့် သူတို့၏ဘဝခရီးစဥ်တစ်လျှောက်လုံးကို အလင်း​ပြနေခဲ့၏။


一ချန်လီက ဝေ့ချန်နဲ့အတူရှိရတာကိုကြိုက်တယ်


一ဝေ့ချန်ကလည်း ချန်လီနဲ့အတူရှိရတာကိုကြိုက်တယ်



<< >>

💘

ခွေးစာတွေ ရမယ် ခွေးစာတွေ...