Chapter 61
Viewers 11k

💘Chapter 61

 á€™á€źá€­á€Żá€ˇá€á€ąá€Źá€şá€€á€­á€Żá€žá€˝á€Źá€¸



ဝေ့ချန်နှင့်ချန်လီ အတူတူအချိန်ကြာကြာမကုန်ဆုံးရသေးခင်မှာပဲ အတွင်းပိုင်းလိုင်းဆီက ဖုန်းကောလ်တစ်ခုဝင်လာပြီး ဝေ့ချန်ကို အထွေထွေမန်နေဂျာရုံးခန်းဆီ ဆင့်ခေါ်လာသည်။


ဝေ့ချန် ရုံးခန်းထဲက ထွက်သွားပြီး အချိန်အတော်ကြာသည့်တိုင် ချန်လီ၏အကြည့်က စောစောက စာရွက်ပေါ်က မခွာဘဲ ရှိနေခဲ့လေသည်။ဝေ့ချန်၏လက်ရေးက သူ၏စရိုက်အတိုင်းပဲ အေးစက်ပြီး ခိုင်မာပြတ်သားကာ စုတ်ချက်များက အားမာန်အပြည့်ပါ၏။သို့ပေမဲ့ ဤအခိုက်အတန့်မှာ အနှီစာလုံးများ၏စုတ်ချက်တစ်ခုစီတိုင်းက နူးညံ့မှုများထုံလွှမ်း၍နေကာ ချန်လီ၏နှလုံးသားကိုတည့်တည့် ပြင်း​ပြင်းထန်ထန် ထိမှန်လေသည်။


ချန်လီက စာရွက်ကို ခေါက်ရာတစ်ခုလေးပင်မရှိရအောင် သေသေချာချာခေါက်ပြီး သူ့အိတ်ကပ်ထဲထည့်ထားလိုက်သည်။နှစ်ပေါင်းများစွာကြာပြီသည့်တိုင် ဤစာရွက် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားဆဲဖြစ်လိမ့်မည်ဖြစ်ကာ ချန်လီနှင့်ဝေ့ချန်တို့ကြား တိုးတိုး၍ခိုင်မာလာသောအိမ်ထောင်ရေးနှင့်ချစ်ခြင်းမေတ္တာကို သက်သေခံနေပေလိမ့်မည်။


မှန်ပေသည်၊ယင်းက နောက်ပိုင်းမှဖြစ်၏။ယခုအချိန်မှာ ဝေ့ချန်က ကျူးကောဖုန်း၏ဆင့်ခေါ်ခြင်းခံလိုက်ရပေမဲ့ ဓာတ်လှေကာထဲမှာ ချန်ဖုန်းအုပ်စု၏ ဒုဥက္ကဠကျိုးထုံဖမ်းနှင့် တွေ့ခဲ့လေသည်။


ဝေ့ချန်က ချန်ဖုန်းအုပ်စုမှာ အလုပ်လုပ်နေသည်ဆိုကတည်းက ကျိုးထုံဖမ်းကိုသိသည်မှာ သဘာဝဖြစ်ပေသည်။ကျိုးထုံဖမ်းကိုမြင်လျှင် ဝေ့ချန်က သူ့ကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်သည်။


"ဒုဥက္ကဋ္ဌကျိုး"

ကျိုးထုံဖမ်းကဒုဥက္ကဋ္ဌဖြစ်သည့်အတွက်နှင့် သူ့အသံက ခယဝပ်ယနိုင်နေမသလို မျက်နှာချိုသွေးသံလည်းမပါပေ။


ကျိုးထုံဖမ်းက ဝေ့ချန်ကိုမျက်လုံးထောင့်ကနေကြည့်လိုက်ပြီး ခေါင်းအစခြေအဆုံး အကဲခတ်ပြီးမှ ပြောလေသည်။

"မင်းက မားကတ်တင်းဌာနရဲ့ဒါရိုက်တာအသစ်ဝေ့ချန်လား"


"ဟုတ်ပါတယ်"

ဒုဥက္ကဋ္ဌရှေ့မှာပင် ဝေ့ချန်က စကားများများစားစားမပြောပေ။


"ဟက်"

ကျိုးထုံဖမ်းက ဟိုလိုလိုသည်လိုလို ရယ်သံထုတ်ပြီးနောက် အရိပ်အမြွက်ပေးလိုက်လေသည်။


"အထက်လူကြီးရွေးရင် မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားရတယ်...ဝက်လိုအသင်းသားကိုမရွေးမိစေနဲ့"


ယခင်သုံးလပတ်နှင့်ယှဥ်၍ 30%တိုးအောင်လုပ်မည်တဲ့။ဝက်လိုအသင်းသားကသာ သူတို့၏အသင်းဖော်ကို ယခုလိုမျိုး ကျင်းတူး​ပေးလိမ့်မည်မဟုတ်ပါလော။


"ဒင်~"


ထိုအခိုက်အတန့်မှာပဲ ဓာတ်လှေကားက ဦးတည်ရာအလွှာကို ရောက်သွားပြီးတံခါးများ ပွင့်သွားသည်။ဝေ့ချန်က ခြေလှမ်းကျဲကြီးများဖြင့် အပြင်ကိုထွက်သွားပြီး ကျိုးထုံဖမ်း၏​နောက်ဆုံးစကားကို ကြားမကြား မသိရပေ။


ဓာတ်လှေကားတံခါးပိတ်သွားပြီး ဝေ့ချန်၏ပုံရိပ်ပျောက်ကွယ်သွားခါမှ ကျိုးထုံဖမ်းက သူ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။သူ့နောက်မှာ ရပ်နေသော သူ၏လက်ထောက်က မေးသလိုလိုနှင့် မသိမသာအရိပ်အမြွက်ပေးလာသည်။


"ဒုဥက္ကဋ္ဌ ဒါရိုက်တာဝေ့က ရှန်ဟိုင်းကဝေ့မိသားစုရဲ့မြေးလား"


ဝေ့မိသားစုက မြို့တော်မှု လွှမ်းမိုးနိုင်မှုအနည်းငယ်ပဲရှိပေမဲ့ ကျိုးထုံဖမ်းက ရှန်ဟိုင်းမှာလုပ်ငန်းတချို့ရှိသည်။ဝေ့မိသားစုက သခင်လေးကိုသွားဒုက္ခပေးလျှင် ကိုင်တွယ်ရ ထိုမျှလွယ်မှာမဟုတ်ပေ။


ကျိုးထုံဖမ်းက နည်းနည်းမှစိတ်ပူမနေပေ။

"ငါ ဝေ့သခင်ကြီးနဲ့ ဖုန်းစကားပြောပြီးပြီ...သူက ငါ့ကို သူ့ရဲ့ထိန်းမနိုင်တဲ့မြေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ပြောတယ်"


ကျိုးထုံဖမ်း၏နှုတ်ခမ်းထောင့်မှာ လှောင်ပြုံးတစ်ခုပေါ်လာပြီး သူ၏နှုတ်ခမ်းထူဝိုင်းဝိုင်းများက အနည်းငယ်တုန်သွားသည်။


ယင်းက ဝေ့သခင်​ကြီး၏အမိန့်အရဖြစ်ကြောင်းကြားသောအခါ လက်ထောက်က စကားပြောရပ်သွားလေသည်။သို့သော်လည်း သူ့စိတ်ထဲမှာ ပဟေဠိမဖြစ်ဘဲမနေနိုင်ခဲ့ပါချေ။ဘာလို့ ဝေ့သခင်ကြီးက သူ့မြေးကိုဒီလိုမျိုးဆက်ဆံရတာလဲ...ဝေ့ချန်က သူ့မြေးအရင်းမဟုတ်လို့များလား...


*

ဝေ့ချန်က တံခါးခေါက်ပြီး အထွေထွေမန်နေဂျာရုံးခန်းထဲကို ဝင်သွားလိုက်သည်။ကျူးကောဖုန်းကသူဝင်လာသည်ကိုမြင်လျှင် ကောင်းရှန့်ကိုဝေ့ချန်အတွက်လက်ဖက်ရည်တစ်ခွက်ငှဲ့ခိုင်းလိုက်ပြီး သူ့ကို ဆိုဖာပေါ်မှာထိုင်ရန် ညွှန်ကြားလာသည်။


"ဝေ့ချန် အထက်ကလူတွေက မင်းကိုတာဝန်တစ်ခုပေးလိုက်တယ်"


ကျူးကောဖုန်းက ဝေ့ဝိုက်မနေဘဲ လိုရင်းကိုတန်းပြောလိုက်၏။


"စိတ်ကို ပြင်ဆင်ထားပါ...ဒီတာဝန်က အတော်လေးမြင့်​လောက်တယ်"


ကောင်းရှန့်က လက်ဖက်ရည်ပူပူတစ်ခွက်ဖြင့်ဝင်လာပြီး ဝေ့ချန်၏ရှေ့မှာ ချ​ပေးလိုက်သည်။ကျူးကောဖုန်း၏ အပြစ်ရှိစိတ်အရိပ်အယောင်တစ်ခုမှမရှိသော စကားများကိုကြားသော် ကောင်းရှန့်၏မျက်ခွံများတွန့်သွားပြီး မပြောပြတတ်လောက်အောင် ဝေ့ချန်ကို အတော်လေးကိုယ်ချင်းစာသွားမိလေသည်။


"ဘယ်လောက်မြင့်လို့လဲ"

ဝေ့ချန်ကမေးလိုက်၏။


"အရင်သုံးလပတ်နဲ့ယှဥ်ရင် စွမ်းဆောင်ရည်30%တိုးအောင်လုပ်ရမှာ"


ကျူးကောဖုန်းက ပြောလိုက်သည်။ဝေ့ချန် မတုံ့ပြန်နိုင်ခင်မှာပဲ သူကထပ်ဖြည့်လိုက်၏။


"တာဝန်ကနည်းနည်းခက်ခဲတယ်ဆိုပေမဲ့ အဲဒါက မင်းကို အထက်ကလူတွေက စစ်ဆေးတဲ့နည်းလမ်းတစ်ခုလည်းဖြစ်—"


ကျူးကောဖုန်း စကားကို ဆုံးအောင်မပြောရသေးခင်မှာ ဝေ့ချန်က တုံ့ပြန်ပြီးနေပြီဖြစ်သည်။


"ပြဿနာမရှိဘူး"


ကောင်းရှန့်၏မျက်လုံးများ ပြူးကျယ်သွားပြီး ဝေ့ချန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။သူ့နားကို သူ မယုံနိုင်ဖြစ်နေသည်။ဝေ့ချန်က"ပြဿနာမရှိဘူး"လို့ပြောလိုက်တာလား...


အရင်သုံးလပတ်နဲ့ယှဥ်ရင် စွမ်းဆောင်ရည်30%တိုးအောင် လုပ်ရမှာလေ 3%မဟုတ်ဘူး...ပြီးတော့ အနုတ်ပြနေတဲ့အခြေအနေနဲ့ဖြစ်သေးတယ်...ဘယ်လိုများ ဝေ့ချန်က ဒီလောက် တည်တည်ငြိမ်ငြိမ်နဲ့"ပြဿနာမရှိဘူး"လို့ပြောနိုင်ရတာလဲ...


အခိုက်အတန့်တစ်ခုလောက် ကောင်းရှန့် ဝေ့ချန်၏အကြောက်အလန့်ကင်းမဲ့မှုကိုပဲ လေးစားရမလား ဝေ့ချန်၏ မသိနားမလည်မှုကိုပဲ လှောင်ပြောင်ရမလားမသိဖြစ်သွား၏။


ချန်ဖုန်းလို ကုမ္ပဏီကြီးတစ်ခုအတွက် သုံးလပတ်တစ်ခုချင်းစီမှာ စွမ်းဆောင်ရည် 30%တိုးအောင်လုပ်ရန်နေနေသာသာ၊ 1%တိုးအောင်လုပ်နိုင်ရန်ကပင် အလွန်အမင်းခက်ခဲနေပြီဖြစ်သည်ကိုသိရ​ပေမည်။မနက်ခင်းအစည်းအဝေးအတွင်းမှာ ကျူးကောဖုန်း အနှီတောင်းဆိုချက်ကို သဘောတူလိုက်စဥ်က ကောင်းရှန့်သည် ကျူးကောဖုန်းရူးသွားပြီဟုထင်ခဲ့သည်။သို့ပေမဲ့ ယခုကြည့်ရသည်မှာ ဝေ့ချန်က ပို၍ရူး​နေပုံရသည်။


ဒါကြောင့် ဒီလိုကြီး အလွယ်တကူ သဘောတူလိုက်တာပေါ့...


"ဝေ့ချန် ကောင်းကောင်းလုပ်"


ကျူးကောဖုန်းက ဝေ့ချန်၏ ရိုးရိုးစင်းစင်းလက်ခံလိုက်မှုကြောင့် အံ့ဩမသွားဘဲ ပြောလိုက်၏။သူက ဝေ့ချန်၏ပခုံးကို လှမ်းပုတ်ပြီး ပြုံးလိုက်သည်။


"ငါမင်းကိုအမြင့်ကြီးမျှော်မှန်းထားတာ"


ဝေ့ချန်က ကျူးကောဖုန်း၏လက်ကို မသိမသာရှောင်ပြီး မေးလိုက်လေသည်။

"တခြားတစ်ခုခုရှိသေးလားအထွေထွေမန်နေဂျာ"


"မရှိတော့ဘူး...မင်းရဲ့အလုပ်အပေါ်မှာပဲ အာရုံစိုက်ထား တခြားကိစ္စ​တွေကိုစိတ်မပူနဲ့"


ကျူးကောဖုန်းက "တခြားကိစ္စ"ဆိုသည်က ဘာကိုရည်ညွှန်းသည်ကို အတိအလင်းထည့်မပြောဘဲ ​ပြန်ဖြေလိုက်သည်။ဝေ့ချန် နားလည်လိမ့်မည်ဟု သူယုံကြည်သည်။


"ကောင်းပါပြီ"


ဝေ့ချန်က ထရပ်ပြီး​​ပြန်သည်။တံခါးနားကို ရောက်ချိန်မှာ သူက ခဏတန့်သွားပြီး နောက်မလှည့်ဘဲ စကားတစ်ခွန်းချန်ထားခဲ့လေသည်။


"အပေါ်ကိုတက်လာတုန်းက ဒုဥက္ကဋ္ဌကျိုးနဲ့တိုးခဲ့တယ်"

ထို့နောက်သူက ဆက်လျှောက်သွား၏။


ရုံးခန်းတံခါးပိတ်သွားချိန်မှာပဲ ကျူးကောဖုန်း ပါးစပ်ထဲဝင်ခါစလက်ရည်ဖက်ရည်များကို ဖူးခနဲမှုတ်ထုတ်မိသွားသည်။သူ့အမူအရာကလည်း အတော်လေး ထူးဆန်းနေပြီး ဝေ့ချန်၏နှုတ်ဆက်စကားများနောက်ကွယ်ကအဓိပ္ပါယ်ကို သူ ချက်ချင်း မဖမ်းဆုပ်နိုင်ဖြစ်နေသည်။


ဝေ့ချန်​ရဲ့စကားတွေက 30%တိုးအောင်လုပ်ရမယ်ဆိုတဲ့တာဝန်က အထက်ကလူတွေချပေးတာ လုံးဝ မဟုတ်ဘူးဆိုတာ သူသိပြီးသားလို့ စောင်းပါးရိပ်ခြည်ပြောချင်တာလား...အဲဒါက သူနဲ့ကျိုးထုံဖမ်း တစ်ပွဲတစ်လမ်းချပြီးတဲ့နောက် သူလုပ်ခဲ့တဲ့လိုက်​လျောချက်မှန်း သိတယ်ဆိုတဲ့အဓိပ္ပါယ်လား... သူက ဝေ့ချန်အတွက် ပြဿနာရှာခဲ့တယ်လို့ဆိုလိုချင်တာလား ...ဒါမှမဟုတ် ကျိုးထုံဖမ်းက သူနဲ့ဝေ့ချန်ကြားမှာသွေးခွဲဖို့ သူမသိအောင် ဝေ့ချန်ရှေ့မှာ တစ်ခုခုစီစဥ်နေတာများလား...


ကောင်းရှန့်က ဘေးမှာရပ်ပြီး ကြားနေအမူအရာဖြင့်လေ့လာနေသည်။အဘယ်ကြောင့် ဝေ့ချန်က ထွက်မသွားခင် စကားတစ်ခွန်း ချန်ထားခဲ့သည်ကို သူ နားမလည်ပေမဲ့ ကျူးကောဖုန်း ခေါင်းခြောက်အောင်စဥ်းစားနေသည်ကို မြင်ရသည်အား အနည်းငယ်ဝမ်းသာနေလေသည်။


ချန်ဖုန်းအုပ်စု၏အထွေအထွေမန်နေဂျာဖြစ်သည့် ကျူးကောဖုန်းမှာ တချို့သော အထူးအခွင့်အရေးများကိုပိုင်ဆိုင်ထားလေသည်။ဝန်ထမ်းတစ်ယောက်ကို အလုပ်သို့အဖော်ခေါ်လာခွင့်ပြုခြင်းက ဥက္ကဋ္ဌပင် မငြင်းနိုင်သောတစ်စုံတစ်ခုဖြစ်၏။ထို့ကြောင့် မနက်ခင်း အစည်းအဝေးတွင် အစပိုင်းမှာ ဥက္ကဋ္ဌက သဘောတူခဲ့ခြင်းဖြစ်သည်။


ကျိုးထုံဖမ်းက လုံးဝသဘောမတူဘူးဆိုလျှင်ပင် ကျူးကောဖုန်းက သူ့ကို သည်အတိုင်း လျစ်လျူရှုထား၍ရလေသည်။ကျိုးထုံဖမ်းက ဒုဥက္ကဋ္ဌဖြစ်သော်လည်း ဘုတ်အဖွဲ့အစည်းအဝေးခန်းထဲမှာ ကျူးကောဖုန်းက ပြောရေးဆိုပိုင်ခွင့်တစ်ခုရှိပြီး သူ၏အဆင့်အတန်းက ကျိုးထုံဖမ်းနှင့်ယှဥ်နိုင်၏။


သို့သော်လည်း အမြဲတမ်းတခြားသူများ၏အတွေးအမြင်များ၊အထူးသဖြင့်ကျိုးထုံဖမ်း၏အတွေးအမြင်များကို ဂရုမစိုက်ခဲ့သော ကျူးကောဖုန်းက ရုတ်တရတ်ကြီး ကျိုးထုံဖမ်း၏အမြင်များကို ဂရုစိုက်လာပြီး သူ၏ထောင်ချောက်ထဲကျသွားကာ တရားလွန်သောတောင်းဆိုမှုများကိုသဘောတူခဲ့သည်။ဤသည်က ကောင်းရှန့် ဘယ်လောက်တွေးတွေး နားမလည်သောကိစ္စဖြစ်၏။


ကျူးကောဖုန်း ဒီလိုမျိုးလုပ်ရခြင်းရဲ့အကြောင်းအရင်းကဘာလဲ...​အစည်းအဝေးအဆုံးမှာ လက်ထောက်မန်နေဂျာရာထူးကိုအသုံးချပြီး ကျိုးထုံဖမ်းကို တစ်ကြိမ်တစ်ခါလောက် တန်ပြန်တိုက်ခိုက်ဖို့အတွက်ပဲလား..ဒီလုပ်ရပ်က လုံးဝကိုအဓိပ္ပါယ်မရှိသလိုပဲ...


"ဘာတွေ ဒီလောက် အတွေးနက်နေတာလဲ"


ကျူးကောဖုန်းက သူ့ ဝတ်စုံပေါ်မှာပေနေသော လက်ဖက်ရည်များကိုတစ်ရှူးတစ်ရွက်နှင့်သုတ်လိုက်ပြီး အတွေးထဲမှာ နစ်မြုပ်နေသော ကောင်းရှန့်ကို လှည့်ကြည့်လာ၏။ 


"ဘာမှမဟုတ်ပါဘူး"

ကောင်းရှန့်က သတိပြန်ဝင်လာပြီး သူ၏သံသယများကို ဖုံးကွယ်လိုက်သည်။


"ဘာမှတွေးမနေဘူးဆိုရင်လည်း ငါ့ရဲ့နားနေခန်းကိုသွားပြီး အပေါ်အင်္ကျီ ​တစ်ထည်သွားယူ...ဒီအဖြူရောင်က ကရိကထများတယ်...နည်းနည်းလေးပေသွားတာနဲ့ ညစ်ပေတဲ့ပုံပေါ်သွားရော"


ကျူးကောဖုန်းက ထိုသို့ပြောလိုက်ပြီး သူ့ဝတ်စုံပေါ်က လက်ဖက်ရည်အစွန်းကွက်ကို သုတ်လေလေ ပိုပေလာလေလေရှိသလို ခံစား​နေရသည်။ယင်းက ဝတ်ရန်မသင့်တော်တော့ပေ။


"ချက်ချင်း သွားယူလိုက်ပါ့မယ်"

ကောင်းရှန့်က နားနေခန်းဆီကိုချက်ချင်းလျှောက်သွားလိုက်ပြီး မနေနိုင်ဘဲ ကျိတ်ပြီး​ညည်းလိုက်သည်။


"ဒီပေလွယ်တဲ့အဖြူရောင်suitကိုပဲဝတ်ရတာကို ခင်ဗျား အမြဲတမ်းကြိုက်နေတာမဟုတ်ဘူးလား"

*


ရှန်ဟိုင်း။


ဝေ့မိသားစု၏စာကြည့်ခန်းထဲမှာ ဝေ့သခင်ကြီးနှင့် ဝေ့ကျန်းရှုန်းတို့ မျက်နှာချင်းဆိုင်ထိုင်နေကြပြီး သူတို့ကြားမှာ စစ်တုရင်ခုံတစ်ခုရှိနေသည်။


"အားချန် မြို့တော်ကိုရောက်တာ လဝက်ကျော်ပြီမလား"

ဝေ့သခင်ကြီးက စစ်တုရင်ခုံကိုကြည့်ပြီးမေးလိုက်သည်။


"​​ကျော်ပြီထင်ပါတယ်"

ဝေ့ကျန်းရှုန်းက ပြန်ဖြေလာပြီး သိပ်အာရုံမစိုက်မှန်းသိသာလေသည်။


ဝေ့သခင်ကြီးက ဝေ့ကျန်းရှုန်း၏စစ်တုရင်ရုပ်များထဲက တစ်ရုပ်ကိုသိမ်းလိုက်သည်။

"ပြီးခဲ့တဲ့လဝက်လုံးလုံး သူမင်းကိုမဆက်သွယ်ဘူးပေါ့"


ဝေ့ကျန်းရှုန်းကပြန်ဖြန်မလာပေ၊အကြောင်းမှာ စစ်တုရင်ခုံပေါ်မှာ သူ

ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် ချောင်ပိတ်မိနေပြီ ဖြစ်သည့်အတွက်ဖြစ်လေသည်။လူအိုကြီး၏မေးခွန်းအပေါ် သူ၏တုံ့ပြန်မှုအတိုင်း သူအဖြေရှာမတွေ့ခဲ့ပေ။ဝေ့ချန်က သူ့ကို ဆက်သွယ်ခဲ့သလား မဆက်သွယ်ခဲ့သလားသူမသိပေ၊ဆက်သွယ်ခဲ့ချင်လျှင်လည်းဆက်သွယ်ခဲ့နိုင်သည်။


ဝေ့ကျန်းရှုန်း၏ဘုရင်ရုပ်ကိုသိမ်းပြီးနောက် ဝေ့သခင်ကြီးက ပွဲကိုအဆုံးသတ်လိုက်သည်။


"ငါနဲ့လိုက်ခဲ့"

သူက ထိုသို့ပြောပြီး အရင်ဆုံးမတ်တပ်ထရပ်ကာ စာအုပ်စင်ဆီသို့လျှောက်သွားလေသည်။သူက ထိုထဲက ပရောဂျက်အဆိုပြုချက်တစ်ခုကို ဆွဲထုတ်ပြီး ဝေ့ကျန်းရှုန်းဆီ ကမ်းပေးလိုက်၏။


ဝေ့ကျန်းရှုန်းက ပရောဂျက်အဆိုပြုချက်ကိုယူပြီး သေသေချာချာလှန်ကြည့်ပြီးနောက် ဝေ့သခင်ကြီးကို ရှုပ်ထွေးမှုများဖြင့် မော့ကြည့်လာသည်။


"အဖေ ဒါက"


"ဒါက အားချန် အရင်က ငါ့ကိုပေးခဲ့တဲ့ဟာ...မြို့တော်ကိုသွားရင် ဒီပရောဂျက်ကို သူအကောင်အထည်ဖော်လိမ့်မယ်လို့ ငါထင်ခဲ့တယ်...ဒါပေမဲ့သူက အဲဒီအစားချန်ဖုန်းအုပ်စုကို သွားခဲ့တယ်"


ဝေ့သခင်ကြီးက ပျော်ရွှင်မှုရော ဒေါသပါကင်းမဲ့နေသောလေသံဖြင့် ပြောလိုက်သည်။

"နောက်ဆုံးမှာ ချန်မိသားစုနဲ့သူ့ရဲ့လက်ထပ်ပွဲကို သဘောတူခဲ့တဲ့အတွက်သူ ငါ့ကို စိတ်ဆိုးနေတုန်းပဲ"


"သူက ငယ်ပါသေးတယ်"


ဝေ့ကျန်းရှုန်းက ခဏလောက်စဥ်းစားကြည့်ပေမဲ့ ဘာပြောရမှန်းမသိဖြစ်နေ၏။အတန်ကြာမှာ သူက စကားလုံးလေးလုံးကိုညစ်ထုတ်နိုင်သွားသည်။သူက ငယ်ပါသေးတယ် ကိစ္စတွေရဲ့အရေးပါမှုကို မသိနားမလည်ဘူး...


"ရှိစေတော့ ရှိစေတော့...ချန်လီကိုလက်ထပ်ရတာက အားချန်အတွက်တကယ်လည်းဝန်ထုပ်ဝန်ပိုးပဲလေ"

ဝေ့သခင်ကြီးက လက်ကိုဝှေ့ယမ်းပြီး ခေါင်းစဥ်ပြောင်းလိုက်သည်။


"ဒီပရောဂျက်အဆိုပြုချက်ကိုဖတ်ပြီးသွားတော့ မင်းမှာပြောစရာတစ်ခုခုမရှိဘူးလား"


"ကျွန်တော့်မှာ မယ်မယ်ရရပြောစရာမရှိပါဘူး"


ဝေ့ကျန်းရှုန်းက ပရောဂျက်အဆိုပြုချက်ကိုအောက်ချလိုက်သည်။ဤအဆိုပြုချက်က အသေးစိတ်ကျလွန်းပြီး ပြီးပြည့်စုံကာ သူ့အတွက် အမှားတစ်ခုမှ ရှာမတွေ့နိုင် ဖြစ်​စေသည်။သူဝန်မခံချင်​ပေငြားလည်းပေါ့။


"အားချန်ရဲ့အရည်အချင်းကိုငါယုံတယ်"

ဝေ့သခင်ကြီးက ပြောလိုက်သည်။

"အနာဂတ်မှာ အားချန် ဝေ့မိသားစုကိုအမွေဆက်ခံနိုင်ဖို့လည်း ငါမျှော်လင့်တယ်"


ဝေ့ကျန်းရှုန်းက ခဏလောက်တုံ့ဆိုင်းနေပြီးနောက် ဂရုတစိုက် ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အဖေကိုယ်တိုင် ပျိုးထောင်ခဲ့တာလေ...သူ ကိုယ်တွယ်နိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်"


ဝေ့သခင်ကြီးက ဝေ့ကျန်းရှုန်းကိုစိုက်ကြည့်လိုက်ပြီး သူ၏အတွင်းအကျဆုံးအတွေးများကို ချောင်းကြည့်နေပုံရလေသည်။


"မင်းအမှန်တကယ်တွေးတာနဲ့ မင်းစကားတွေနဲ့ကိုက်ညီဖို့ ငါမျှော်လင့်တယ်"


ဝေ့ကျန်းရှုန်းက ခေါင်းငုံ့ကာ နှုတ်ဆိတ်နေ၏။ 


ဝေ့သခင်ကြီးက ဝေ့ကျန်းရှုန်းကို နက်ရှိုင်းသောအကြည့်တစ်ချက်ပေးလိုက်ပေမဲ့ ထိုခေါင်းစဥ်ကို ဆက်မ​သွားပေ။ထိုအစား သူက စကားဝိုင်းကို ပ​ရောဂျက်အဆိုပြုချက်ဆီ ပြန်ပြောင်းလိုက်၏။


"အားချန်ရဲ့အစီအစဥ်က အလုပ်ဖြစ်နိုင်တယ်လို့ငါထင်တယ်...အားချန်အပြင်ကို တခြားဘယ်သူက ဒီအဆိုပြုချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ထင်လဲ"


ဝေ့ကျန်းရှုန်းက အချိန်အ​​တော်​ကြာ စဥ်းစားပြီးနောက် သင့်လျော်မည့်သူတစ်ယောက်ကိုတွေးမိသွားသည်။


"ဝေ့ဟွားက လာမဲ့ရက်အနည်းငယ်မှာ ပြန်လာလောက်တယ်...သူတို့ လုပ်ခိုင်းသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်"


ဝေ့ဟွား၏အဖေက ဝေ့ကျန်းရှုန်း၏ဝမ်းကွဲဖြစ်ပေမဲ့ အစောကြီးကတည်းက ဆုံးပါးသွားခဲ့သည်။ဝေ့ဟွားကို ငယ်ငယ်ကတည်းက ဝေ့ကျန်းရှုန်း၏နာမည်အောက်မှာ ပျိုးထောင်ခဲ့ခြင်းဖြစ်၏။သူက ကမ္ဘာ့ထိပ်တန်း စီးပွားရေးကျောင်းဖြစ်သည့် Alistunစီးပွားရေးကျောင်းကိုတက်ရောက်ခဲ့ပြီး ယခုဘွဲရပြီး၍အိမ်ပြန်လာနေပြီဖြစ်သည်။သူက ဝေ့မိသားစု၏စီးပွား​​ရေးလုပ်ငန်းထဲကိုဝင်ဖို့များသည်။


ဝေ့သခင်ကြီးက ခေါင်းညိတ်ကာ သူ့အစီအစဥ်ကိုထုတ်ပြောလိုက်သည်။


"ငါဝေ့ဟွားကိုဆက်သွယ်ပြီးပြီ...သူ့ကို ပြည်တွင်းကိုပြန်လာပြီးရင် မြို့တော်ကုမ္ပဏီကို တိုက်ရိုက် သတင်းပို့ဖို့ ပြောထားတယ်...ဒါပေမဲ့ သူကအရည်အချင်းရှိပေမဲ့ အတွေ့အကြုံမရှိဘူး...ငါ မင်းကိုမြို့တော်ကိုလွှတ်ပြီး သူ့ကိုလမ်းညွှန်ပြသပေးခိုင်းဖို့ စီစဥ်ထားတယ်...သူ ဘယ်လိုစီမံခန့်ခွဲရမလဲသင်ယူပြီးတာနဲ့ မင်းပြန်လာလို့ရပြီ"


<< >>


💘