Chapter 68
Viewers 11k

💘Chapter 68 

လေကိုကြိုဆိုပြီး ဖုန်မှုန့်များကိုဆေးကြောခြင်း



ဝေ့ချန် ချန်လီကိုခေါ်၍ ဓာတ်လှေကားထဲက ထွက်လာပြီးနောက် သူ့နာမည်ကို တစ်ယောက်ယောက်က ခေါ်နေသံကို ကြားလိုက်ရသည်။ အသံလာရာအတိုင်းကြည့်လိုက်သည့်အခါ ရင်းနှီးသူတစ်ဦးက သူ့ကို လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။


သို့သော်လည်း နောက်တစ်စက္ကန့်တွင် ထိုလူ၏မျက်နှာပေါ်၌ မယုံနိုင်စရာတစ်ခုကို တွေ့လိုက်ရသည့်အတိုင်း အံ့အားသင့်ဟန်အမူအရာတစ်ခုကို မြင်လိုက်ရသည် ။ ဝေ့ချန် သူ့အား အံ့အားသင့်စေသည့်အရာကို တွေးမိသောကြောင့် ချန်လီ၏လက်ကို ဆွဲကာ ထိုလူဆီသို့ လျှောက်သွားလိုက်သည်။


ထိုလူက သူ့မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး ဝေ့ချန်လာ​နေသည်ကို မြင်သောအခါတွင် သူက ချက်ချင်း နှုတ်ဆက်လိုက်၏။


"အားချန် ငါပြန်လာပြီ...ငါ့ကိုလွမ်းနေလား"


ဝေ့ချန်က ထိုလူကို ဂရုမစိုက်စွာ တစ်ချက် စိုက်ကြည့်ကာ ချန်လီ၏လက်ကို ဆွဲပြီး ရှေ့သို့ ဆက်လျှောက်သွားလေသည်။


"မင်းငါ့ကိုမလွမ်းရင် မလွမ်းဘူးလို့ တိုက်ရိုက်ပြောရုံပဲလေ...ဘာလို့ဒီလောက်အေးစက်နေတာလဲ"


ထိုလူက ဝေ့ချန်၏ အရှိန်ကို မီအောင်လိုက်ကာ တိုးတိုးလေး ညည်းညူလိုက်သည်။


"ဝေ့ဟွား"

ဝေ့ချန်က ရုတ်တရက်ရပ်သွားပြီး ထိုလူကိုလှည့်ကြည့်ကာ "ပြန်လာတာကြိုဆိုပါတယ်" ဟုပြောလိုက်သည်။ သူ့လေသံထဲမှာကား ဘာခံစားချက်မှမရှိဆဲဖြစ်လေသည်။


ထိုလူ မဟုတ်သေး၊Alistunစီးပွားရေးကျောင်းမှပြန်လာသော ဝေ့ဟွားက ခဏတန့်သွားပြီးနောက် ချက်ချင်းပြုံးကာ ဝေ့ဟန်၏ပုခုံးကို သဘာဝကျကျ သိုင်းဖက်လိုက်သည်။


"မင်းငါ့ကိုလွမ်းနေမယ်ဆိုတာ ငါသိတယ်"


သို့သော် သူ၏လက်က ဝေ့ချန်၏ပခုံးကို မထိမီတွင် ဝေ့ချန်က ၎င်းကို ရှောင်ပြီးနေပြီဖြစ်သည်။


"မင်းကအခုထိ ခင်စရာမကောင်းတုန်းပဲ" 


ဝေ့ဟွားက ထပ်ပြီး မကျေမနပ်ညည်းညူလိုက်ကာ ဝေ့ချန်နှင့် လက်ချင်းတွဲထားသည့် ချန်လီဆီကို သူ့အကြည့်က ရောက်သွားသည်။


ဝေ့ဟွားကမေးလိုက်၏။

"ဒါ မင်းရဲ့အိမ်ထောင်ဖက်လား"


ဝေ့ဟွား၏ စေ့စေ့စပ်စပ်စစ်ဆေးနေသော အကြည့်ကြာင့် ချန်လီက ဝေ့ချန်၏ ရင်ခွင်ဆီသို့ မဝံ့မရဲ တိုးကပ်လာလေသည်။


ဝေ့ချန်က ချန်လီ၏လက်ကို ခပ်ဖွဖွညှစ်လိုက်ပြီး သူ့ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်၏။ပြီးမှသာ နောက်ဆုံးတွင် သူက ဝေ့ဟွား၏မေးခွန်းကို ဖြေလေသည်။


"ဟုတ်တယ် သူက ချန်လီ"


"ချန်မိသားစုကလား"

ဝေ့ဟွားက မျက်ခုံးပင့်လိုက်သည်။


"ဟုတ်မှာပေါ့"

ဝေချန်၏ လေသံက အနည်းငယ် အေးစက်နေသည်။


ဝေ့ချန်က ဤအကြောင်းအရာကို ဆက်လက်မဆွေးနွေးချင်တော့ကြောင်း အာရုံခံမိသလို ချန်လီက အာရုံစူးစိုက်မှုခံရသည်ကို နှစ်သက်ခြင်းမရှိသည့် အော်တစ်ဇင်တစ်ဦးဖြစ်ကြောင်း ဝေ့ဟွား သိသောကြောင့် ခေါင်းစဥ်ပြောင်းလိုက်၏။


"ငါ ဘလူးစ်မှာ စားပွဲတစ်ခု ဘွတ်ကင်ယူထားတယ်...ငါ့အတွက် လေကို ကြိုဆိုပြီး ဖုန်မှုန့်တွေကို ဆေးကြော ချင်လား"


သူတို့အတွက် လေကိုကြိုဆိုပြီး ဖုန်မှုန့်များကို ဆေးကြောပေးရန် သူတို့ဘက်ကနေစပြောသူများက များများစားစားမရှိပါချေ။


"ကောင်းပြီ"

ဝေ့ချန်က သဘောတူလိုက်သည်။


ဝေ့ဟွားက ဒရိုင်ဘာ၏ကားနှင့်လာပြီး ဒရိုင်ဘာကို ကားကို အရင်ပြန်မောင်းခိုင်းလိုက်အတွက် ဝေ့ချန်၏ကားကိုစီးပြီး အတူတူသွားရသည်က သဘာဝဖြစ်ပေသည်။


သို့သော်လည်း ဝေ့ချန်က ချန်လီအိမ်သို့ ဦးစွာပို့ပြီးမှ ဘလူးစ်သို့ အတူတူသွားလိမ့်မည်ဟု ဝေ့ဟွား ထင်ခဲ့သည်။ ကားဂိုဒေါင်ထဲက ကားကိုထုတ်ပြီး ဝေ့ချန်က ဘလူးစ်ကို တိုက်ရိုက်မောင်းလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


"မင်း ချန်လီကို အိမ်ပြန်မပို့ဘူးလား" ဝေ့ဟွား သူ၏ စိတ်ရှုပ်ထွေးမှုကို မဖော်ပြဘဲ မနေနိုင်ခဲ့ပေ။


"မလိုဘူး"


ခဏလေး...


ဝေ့ဟွား ရုတ်တရက် ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ချန်လီက အော်တစ်ဇင်တစ်ယောက်ဖြစ်သောကြောင့် ဝေ့ချန်၏ကုမ္ပဏီသို့ သူ့ဘာသာသူလာရောက်လာပြီ ဝေ့ချန်ကိုလာကြိုခြင်း မဖြစ်နိုင်ပေ။ သို့သော် ခုနက ဝေ့ချန်က ချန်လီနှင့်အတူ ကုမ္ပဏီအပေါ်ထပ်မှ ဆင်းလာခဲ့ခြင်းဖြစ်သည်။


ဟိုလီရှစ် ...ဝေ့ချန်က ချန်လီကို သူနဲ့အလုပ်ကိုခေါ်လာတာတော့မဖြစ်နိုင်ပါဘူးနော်...


ဝေ့ဟွားက ဤအကြောင်းကို တွေးနေရင်းနှင့် သူ့ပါးစပ်ထဲက မသိလိုက်ဘဲ မေးခွန်းထွက်သွား၏။


"အင်း"

ဝေ့ချန်က ချန်လီမှလွဲ၍ အခြားလူများရှေ့တွင် အမြဲတမ်း သီးသန့်ဆန်ခဲ့သည်။


ဝေ့ချန်ထံမှ အဖြေကို ရရှိပြီးနောက် ဝေ့ဟွား အတော်လေး အံ့သြသွားခဲ့သည်။ ဒါက သူသိတဲ့ဝေ့ချန်ရော ဟုတ်သေးလား...ဝေ့ချန်က တကယ်ပဲ တစ်ယောက်ယောက်ကို သူ့ဘေးနားမှာ အချိန်တိုင်းထားပြီး စောင့်ရှောက်ပေးမဲ့ သူမျိုးလား...


သို့သော်လည်း နောက်အခိုက်အတန့်တွင် ဝေ့ဟွား ပိုမိုဆိုးရွားသောပြဿနာတစ်ခုကို သတိပြုမိခဲ့သည်။ပြီးလျှင် ရှုရူရူလည်း ဘလူးစ်သို့လာမည်ဖြစ်သည်။ ဝေချန်နဲ့ ချန်လီကို အတူတူတွဲတွေ့ဖို့က ရှုရူရူအတွက် အဆင်ပြေမှာလား...


ဝေ့ချန်က ဝေ့ဟွား၏ စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာကို နောက်ကြည့်မှန်မှတစ်ဆင့် သတိပြုမိပြီး ဝေ့ဟွားသည် သူ့ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ချက်ချင်းသိလိုက်သည်။ သို့သော် ဝေ့ချန်က မမေးခဲ့ပေ။ သူတို့သွားမည့်နေရာကို ရောက်လျှင် သူသိရမှာဖြစ်သည်။


ဝေ့ဟွားက သူ့ကို ဒုက္ခရောက်မည့်ကိစ္စဘာတစ်ခုမှလုပ်မှာ မဟုတ်ပေ။


မြို့တော်တွင် အလုပ်ဆင်းချိန်အတွင်းမှာ လမ်းများ အနည်းငယ် ပိတ်ဆို့နေခဲ့သည်။ ကံကောင်းထောက်မစွာ၊ ဘလူးစ်က မြို့၏အတော်လေးဝေးလံခေါင်သီသောနေရာတွင်တည်ရှိပြီး ထိုလမ်းတွင် ကားအနည်းငယ်သာရှိလေသည်။ ဒုတိယမြောက်လမ်း၏ အစည်ကားဆုံးအပိုင်းကို ဖြတ်ကျော်ပြီးနောက် လမ်းက ချောမွေ့လာသည်။


"အားချန် မင်း ချန်လီကို အိမ်အရင်ပြန်ပို့စရာ မလိုဘူးလား"


သူတို့ ဘလူးစ်နှင့်နီးလာသောအခါ ဝေ့ဟွားက မမေးဘဲ မနေနိုင်ခဲ့ပေ။ စကားပြောပြီးနောက် သူ့အကြည့်က ချန်လီဆီကို ရောက်သွား၏ ။


ထိုအခိုက်တွင် ချန်လီက သူ့ခြေချောင်းများသူ ငုံ့ကြည့်နေကာ တစ်ကိုယ်လုံး ကျုံ့ကျုံ့လေးရှိနေသည်။သူ အတော်လေး ကြောက်နေပုံရသည်။


ဝေ့ဟွားလို သူစိမ်းတစ်ယောက် ရှိနေတဲ့အတွက်လား ဒါမှမဟုတ် သူက အမြဲ ဒီလိုဖြစ်နေတာလား...


"သူ့ကို ငါနဲ့အတူ ခေါ်သွားမှာ"

ဝေ့ချန် စကားပြောနေစဉ် ကားက ဘလူးစ်နားသို့ ရောက်ရှိနေပြီဖြစ်ပြီး သူက ကားပါကင်မှာ ကားထိုးလိုက်သည်။


ဝေ့ဟွား ကားပေါ်မှ ဆင်းတော့မည်ပြုလိုက်သည်။သူ့လက်က တံခါးလက်ကိုင်ပေါ်ရှိနေချိန်မှာ ဝေ့ချန်က ကိုယ်ကိုကိုင်းကာ ချန်လီ၏ ထိုင်ခုံခါးပတ်ကို ဖြုတ်ပေးပြီး နားနားကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောနေသည်ကို သူမြင်လိုက်ရ၏။ နှစ်သိမ့်စကားသဲ့သဲ့ကို သူ ကြားလိုက်ရပြီးနောက် ချန်လီ၏ တင်းမာနေသော ခန္ဓာကိုယ်က ဖြည်းညှင်းစွာ ပြေလျော့သွားကာ ဝေ့ချန်ကို မော့ကြည့်လိုက်သည်ကို သူမြင်လေသည်။


ဝေ့ချန်က လက်လှမ်း၍ ချန်လီ၏ဆံပင်များကို  ဆွဲဖွလိုက်၏။တယုတယ ကြင်ကြင်နာနာနှင့်။


ဝေ့ချန်က ပြုံးမ​နေသော်လည်း၊ ဤအခိုက်အတန့်တွင်  သူ ပြုံးနေသည်ကို ဝေ့ဟွား ခံစားနိုင်သည်။ ထိုအပြုံးသည် ဝေ့ချန်၏ မျက်ခုံးများနှင့် မျက်လုံးများ၌ ပြည့်​နေကာ ဝေ့ချန်၏ တင်းမာသောအသွင်အပြင်ကို ပျော့ပျောင်းစေသည်။


ဒါက မယုံနိုင်စရာပဲ... သူမရှိတဲ့ နှစ်တွေမှာ ဘာတွေဖြစ်ခဲ့တာလဲ...


ဝေ့ချန် နှင့် ချန်လီကားထဲက ထွက်လာပြီးနောက် ဝေ့ဟွားက အတွေးထဲမှာနစ်မြုပ်ရင်း ထိုင်နေဆဲဖြစ်သည် တွေ့သောအခါ ဝေ့ချန်က ကားတံခါးကို ခေါက်ပြီး ပြောလိုက်၏။

"မဆင်းဘူးလား"


ဝေ့ဟွားက သတိပြန်ဝင်လာသည်။

"ဆင်းမှာ"

သူက ကားတံခါးကိုဖွင့်ပြီး ထွက်လိုက်သည်။


သူတို့သုံးယောက် မြေအောက်ကားပါကင် ဓာတ်လှေကားမှ ​တောက်လျှောက် တက်သွားခဲ့သည်။ဓါတ်လှေကားတံခါးများ ပွင့်လာသောအခါ ဘလူးစ်ကိုမြင်လိုက်ရ၏။


ဘလူးစ်က ​ကော်ဖီဆိုင်တစ်ခုဖြစ်သည်။ဝေ့ချန် သည်ကို ခဏခဏ မရောက်ဖြစ်ပေမဲ့ ဝေ့ဟွား မြို့တော်မှာ ကျောင်းတက်နေတုန်းက သူက ဝေ့ချန်၏ အေးစက်စက်အမူအရာကိုအမှုမထားဘဲ ဝေချန်ကို အတူတူဆုံရန် ဤ​နေရာကိုဆွဲခေါ်လာရသည်အားကြိုက်လေသည်။


ဝင်ပေါက်သို့ရောက်သောအခါ သာယာသောဂီတသံများ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံး အပြာရောင်မီး​ရောင်များဖြင့် ပြည့်နေသည်။ အဝင်ဝတွင် ရေအောက်သက်ရှိလောကthemeဖြင့် သံစုံလေခေါင်းလောင်းများ တွဲလောင်းကျနေသည်။ သုံးယောက်သား ဝင်သွားသောအခါတွင် လေခေါင်းလောင်းများက တချွင်ချွင်မြည်ကာ ဖောက်သည်များ ရောက်လာကြောင်း ပိုင်ရှင်ကို သတိပေး​လေသည်။


"ကြိုဆိုပါတယ်"

ဘားမှာ ကော်ဖီပြင်ဆင်နေသော ဆိုင်မန်နေဂျာက အသံကြားသောအခါ လှည့်ပြီး နှုတ်ဆက်လာ၏။


ဝေ့ချန် နှင့် ဝေ့ဟွားတို့ နောက်ဆုံးလာရောက်လည်ပတ်ခဲ့သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်ပြီး မန်နေဂျာက သူတို့ကို မေ့သွားလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း မန်နေဂျာက ချက်ချင်းပင် သူတို့ကို အံ့အားသင့်စေခဲ့သည်။


"လူကြီးမင်းဝေ့ အရင်နေရာပဲလား" မန်နေဂျာ၏အကြည့်က ဝေချန်အပေါ်သို့ ​ရောက်​နေသည်။


"ဝိုး သူဌေး ခင်ဗျားက မှတ်ဉာဏ်ကောင်းတာပဲ... ကျွန်​တော်တို့ကို မှတ်မိသေးတာလား" 


ဝေ့ဟွားက သူဌေးက သူ့ကိုကြည့်သည်မကြည့်သည် ဂရုမစိုက်ဘဲ ပြောလိုက်သည်။နှစ်အတော်ကြာ မတွေ့ရသော သူဌေးက သူတို့ကို မှတ်မိ​နေသဖြင့် သူ အံ့သြ​နေသည်။


"လူချောလေးတွေက အမြဲတမ်း မှတ်မိလွယ်တယ်လေ"

မန်နေဂျာက ပြုံးပြသော်လည်း အံကြိတ်ထားသကဲ့သို့ ထူးဆန်းသောခံစားချက်ကို ပေးစွမ်းနေသည်။


"သူဌေးက စကားပြောကောင်းတုန်းပဲဗျာ"

ဝေ့ဟွားက ရယ်မောပြီး သူဌေးနှင့် စကားစမြည်ပြောနေကာ လွဲမှားနေ​သောအရာများကို သတိမထားမိ​ပေ။ သူက လွန်ခဲ့သော နှစ်အနည်းငယ်က သူတို့၏ ပုံမှန်နေရာသို့ လျှောက်သွားခဲ့သည်။


ကျောမီမြင့်သော ဆိုဖာက အပိုင်းအကန့်အဖြစ် လုပ်ဆောင်ပြီး ကျန်နေရာများနှင့် ပိုင်းခြားထားသည်။မျက်နှာကျက်မှာ ချိတ်ဆွဲထားသော အလှဆင်ဖန်တုံးဆီကအလင်းရောင်က စားပွဲပေါ်မှာ အပြာရောင် ရောင်ခြည်ကွင်းတစ်ခု အရိပ်ထင်နေသည်။မီးစလောင်းပေါ်ရှိ ခေတ်ဟောင်းပုံစံကွက်က ကခုန်နေသယောင်ရှိကာ နောက်ဆုံးတွင် စားပွဲပေါ်၌ ကျရောက်လျက် ပွင့်လန်းနေလေသည်။


ခဏအကြာတွင် မန်နေဂျာက လက်ထဲတွင် မီနူးမပါဘဲ အနား​ရောက်လာသည်။

"ဘာမှာမလဲခင်ဗျ"


"လက်တေးနှစ်ခွက်နဲ့..."

ဝေ့ဟွားက ချန်လီအတွက်မှာမည်​ပြု​သောအခါတွင် သူ့အတွက် ဘာပေးရမှန်း မသိသဖြင့် တုံ့ဆိုင်းသွားသည်။


"လိမ္မော်ရည်တစ်ခွက်"

ဝေ့ချန်က ဝင်ပြောလိုက်သည်။


"ကောင်းပြီ ခဏစောင့်​ပေးပါ"

မန်နေဂျာက ပြောပြီး လှည့်ထွက်သွားသည်။


ဤဆိုင်က အမြတ်အစွန်းရသော လုပ်ငန်းထက် မန်နေဂျာအတွက် ဝါသနာပါ၍ဖွင့်သောလုပ်ငန်းဟုဆိုရပေမည်။မန်နေဂျာ ကိုယ်တိုင်ကလွဲ၍ တခြား စားပွဲထိုးများ မရှိပါ​​ချေ။ထို့ကြောင့် တစ်ယောက်ယောက်က ကော်ဖီသောက်ရန် ဘလူးစ်ကိုရောက်လာလျှင် ကော်ဖီဝန်ဆောင်မှုက အတော်လေးနှေးသည့်အတွက် စိတ်ရှည်မှရလေသည်။


"ငါပြန်မရောက်တာ တော်တော်ကြာပြီ... အိမ်လိုမျိုး ခံစားရတုန်းပဲ"

ဝေ့ဟွားက ပျင်းရိစွာ အကျောဆန့်ပြီးဆိုသည်။

"နိုင်ငံရပ်ခြားသွားဖို့ မရွေးချယ်တာ မင်းတကယ်ကို အမြော်အမြင်ရှိခဲ့တာပဲ... ငါ နိုင်ငံခြားမှာနေတာ နှစ်အတော်ကြာနေပေမဲ့ အဲဒီနေရာက အစားအသောက်ကို ကျင့်သားမရသေးဘူး"


ချန်လီက အတွေးထဲမှာနစ်မြုပ်နေချိန်တွင် ဝေ့ချန်က တိတ်ဆိတ်နေခဲ့သည်။ 


ဝေ့ဟွားကချည်း စကားပြော​ကာ... ဝေ့ဟွားကချည်း ဘဝအကြောင်းကို စားမြုံ့ပြန်ပြီး... ​ဝေ့ဟွားကချည်း လွမ်းဆွတ်တမ်းတမှုကို ဖော်​ပြနေခဲ့သည်။သူက မနားမနေ ပြောဆိုနေကာ စကားတစ်ခွန်းနောက်တွင် နောက်တစ်ခွန်းက တန်းကပ်ပါလာသည်။


ဝေ့ချန်က စိတ်မရှည်သည့် အရိပ်အယောင်ကို မပြဘဲ အာရုံစိုက် နားထောင်နေလေသည်။


ဝေ့ဟွား သူ့နားထဲကို တောင်စဥ်ရေမရ စကားအူပေါက်အောင်မပြောသည်မှာ အတော်ကြာနေပြီဟု သူ ခံစားရသည်။ အမှန်တွင်လည်း အချိန်အတော်ကြာခဲ့ပြီဖြစ်ကာ အတိတ်ဘဝတစ်ခုတုန်းကလိုပင်။ထိုခံစားချက်က ဘယ်လိုမျိုးလဲဆိုသည်ကို သူ မေ့လုနီးပါးဖြစ်၏။


ဆယ့်ငါးမိနစ်လောက်ကြာသောအခါ မန်နေဂျာက သူတို့ မှာထားသည့် ကော်ဖီနှင့်လိမ္မော်ရည်တွေ ယူလာပေး​လေသည်။ဝေ့ဟွားက စကားအများ​ကြီးပြောထားသဖြင့် အာခြောက်နေပြီဖြစ်၏။ကော်ဖီသောက်လိုက်သည်နှင့် ခါးသက်မှုက သူ့မျက်နှာကို ရှုံ့မဲ့သွားစေသော်လည်း သူ ထပ်ခါထပ်ခါ သောက်နေမိသည်။


မန်နေဂျာက သူ့၏ မသက်မသာအမူအရာကို မြင်နိုင်ပြီး မနေနိုင်ဘဲပြောလိုက်၏။

"လူကြီးမင်းဝေ့ ခါးလွန်းရင် သကြားထည့်လို့ရတယ်နော်"


ဒီလိုမျိုး ကိုယ့်ကိုယ်ကို ညှဉ်းပန်းနှိပ်စက်နေစရာ မလိုဘူးလေ...

နောက်ကစကားကိုတော့ ဆိုင်မန်နေဂျာက မပြောလိုက်ပေ။


​ဝေ့ဟွားက သူ့လက်ကို ဝှေ့ယမ်းပြီးဆိုသည်။

"ဒီခါးသက်သက်အရသာကိုပဲ ကြိုက်တာ"


ယခုအချိန်တွင် သူ၏လျှာပေါ်ရှိ ကနဦးခါးသက်မှု လျော့ပါးသွားကာ မွှေးထုံကြိုင်လှိုင်ပြီး နှစ်သက်ဖွယ်ကောင်းသော အရသာဖြင့် အစားထိုး​ခြင်းခံ​လိုက်ရသည်။


"ခင်ဗျားရဲ့ ကော်ဖီက ကျွန်တော့်အကြိုက်နဲ့ ကိုက်ညီ​နေတုန်းပဲဗျာ"


အချိန်ဘယ်​လောက်မှမရှိခင်မှာပဲ ဝေ့ဟွားက ခွက်တစ်ဝက်ကျော်ကုန်သွားပြီဖြစ်သည်။


၎င်းကိုကြားသောအခါ မန်နေဂျာက ကျေနပ်သွားပုံမပေါ်​ပေ။ ဝေ့ဟွား၏ ကော်ဖီသောက်ပုံမှာ အပြစ်ရှာ​တွေ့သွားသလိုမျိုး သူ့အမူအရာတွင် အထင်အမြင်သေးမှုအရိပ်အယောင် အနည်းငယ်ရှိနေသည်။


ဝေ့ဟွားက ၎င်းကို သတိထားမိသည်။

"သူဌေး ခင်ဗျားရဲ့ ကော်ဖီကို ကျွန်တော်မသောက်ရတာ တော်တော်ကြာနေပြီလေဗျာ... ခဏလောက် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူးဖြစ်သွားတယ်...ကျွန်​​တော့်​အတွက်နောက်တစ်ခွက်ဖျော်ပေးရင်ရော"


"တစ်ခွက်လို့ ကန့်သတ်ထားပါတယ်" သူဌေးက ချက်ချင်း ငြင်းဆိုသည်။သူ့ ပရီမီယံ ကော်ဖီစေ့များကို ဖြုန်းတီးပစ်ရာကျလိမ့်မည်။


"နောက်တစ်ခွက် မရဘူးလား"

ဝေ့ဟွားက သူဌေးကို စိုက်ကြည့်နေသည်။


သူဌေးက ရိုးရိုးရှင်းရှင်းပဲ လှည့်ထွက်သွားသည်။။


ဝေ့ဟွား သက်ပြင်းချလိုက်သော်လည်း သူ့မျက်လုံးများတွင် အပြုံးမပျက်​ပေ။


ဝေ့ချန်က ဝေ့ဟွားကို ကြည့်ပြီးနောက် ဘားကောင်တာအား ပေါ့ပေါ့ပါးပါး တစ်ချက်​ဝေ့ကြည့်ရင်း အတွေးထဲမှာနစ်​မြုပ်သွားသည်။


"သူဌေးက ပိုက်ဆံရှိပေမဲ့ ငွေရှာနည်းကို နားမလည်ဘူးဆိုတာ မင်းယုံနိုင်လား"

ဝေ့ဟွားက လက်ပေါ် ခေါင်းတင်ကာ သက်ပြင်းချလိုက်သည်။


ဝေ့ချန်က ပြန်မဖြေသေးဘဲ သူ့ကော်ဖီကိုသောက်လိုက်သည်။ထိုထဲမှာသကြားပါပြီးသားဖြစ်ပေမဲ့ အခါးဓာတ် အနည်းငယ်ပါနေဆဲဖြစ်ကာ  အနေတော်ဖြစ်၏။


ဤမျှနှစ်များကြာသွားသော်လည်း သူဌေးက မမေးဘဲ သူတို၏ အကြိုက်များကို မှတ်မိနေသေးသည်။ဤသည်က ဝေ့ချန်ကို အံ့သြသွားစေသည်။


"ချွင် ချွင် ~"


တံခါးဝမှ လေခေါင်းလောင်းသံက တစ်ဖန် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက် ဝင်လာကြောင်း ညွှန်ပြ​​နေသည်။


"ကြိုဆိုပါတယ်"

ဘော့စ်၏ ပျင်းရိသောအသံက ဘားကောင်တာမှ ထွက်ပေါ်လာသည်။ဝင်လာသူကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် သူဌေးက ဆိုလိုက်၏။


"ဟိုမှာ တစ်ယောက်ယောက်က မင်းကိုစောင့်နေတယ်...တိုက်ရိုက် ဝင်သွားလို့ရတယ်"


လူသစ်က သူဌေးကို အံ့အားသင့်စွာကြည့်ကာ သူမတစ်စုံတစ်ဦးနှင့် ချိန်းထားသည်ကို သူမည်သို့သိနေသနည်းဟု တွေးမိသွားသည်။


သူဌေးက သူမနှင့်အကြည့်ချင်းဆုံကာ ဖြူဖွေးနေသော သွားတန်းများ ပေါ်လာသည်အထိ ပြုံးပြလိုက်လေသည် ။


(ETN—

လေကိုကြိုဆိုပြီး ဖုန်မှုန့်များကို ဆေးကြောရန် >>ဒကာခံရန်၊  ကြိုဆိုညစာစားပွဲ သို့မဟုတ် ဧည့်ခံပွဲကျင်းပရန်။ ယခင်က အဝေးတစ်နေရာကနေ သွားရလာရသည်က တကယ်ခက်ခဲပင်ပန်းသည်။ ခရီးရှည်ထွက်ပြီးလျှင် ပင်ပန်းပြီး ဖုန်များ ပေလူးနေကြမှာဖြစ်သည့်အတွက် ရေချိုးပြီးနောက် အလွန်ပျော်ပြီးသက်တောင့်သက်သာအနားယူတတ်ကြသည်။ယခုနောက်ပိုင်း ခရီးသွားရသည်က ပိုလွယ်ကူလာသည့်အတွက် ဤရေချိုးခြင်းကို ထူးရှယ်ထမင်းတစ်နပ်ဖြင့် အစားထိုးခဲ့ကြသည်။)


<< >>


💘