Chapter 168
Viewers 8k

🚩Chapter -168

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 4 ]


_____


သူ့အရှင်က နဂါးအိပ်ရာထက်၌ ငူငူငိုင်ငိုင်နှင့်ထိုင်နေသည်ကို တွေ့သောအခါ အထိန်းတော်ဝမ်ရိက သူ့အနောက်မှ မိန်းမစိုးအား ကိုယ်လုပ်တော်ယွီ၏အလောင်းကို သယ်သွားရန်ညွှန်ကြားလိုက်ပြီး ဘေးဘက်ရှိ နန်းတွင်းအစေခံလေးကိုတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းလိုက်သည်။ တိတ်တဆိတ်နှင့် ရှင်းလင်းလိုက်ပြီးနောက် ဝမ်ရိက ဦးညွှတ်လိုက် နဂါးအိပ်ရာနားသို့ ချဥ်းကပ်သွားကာ အဝါရောင်အတွင်းဝတ်ကို ကောက်ယူလိုက်၍ စုရွေ့၏ကိုယ်အား လွှမ်းခြုံပေးလိုက်သည်။ 


ထို့နောက် ခပ်နိမ့်နိမ့်အသံနှင့်မေးလာ၏။ 


“အရှင် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားများလဲချင်ပါသေးသလား ညီလာခံကိုသွားဖို့အချိန်နီးနေပါပြီ”


မင်းအစ်မကြီးကိုပဲ ညီလာခံသွားပါလား....။


စုရွေ့ကခေါင်းမော့ကာ ဝမ်ရိကိုကြည့်လိုက်သည်။ အကြည့်တစ်ချက်ပင်ဖြစ်သော်လည်း ဝမ်ရိ၏ကိုယ်က ချွေးအေးများ စိမ့်ထွက်လာသည်။


အေးစက်နေပြီး နက်ရှိုင်းကာ မှုန်မှိုင်းနေသည့်မျက်ဝန်းတစ်စုံက မျက်လုံးချင်းဆုံလိုက်သည်နှင့် လူများကို တုန်လှုပ်သွားစေသည်။ 


ဝမ်ရိက အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ဦးညွှတ်နေလိုက်သည်။


“ကိုယ်လက်သန့်စင်မယ်”


အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် စုရွေ့ကနောက်ဆုံး၌ တီးတိုးရေရွတ်လာသည်။ တစ်ဖက်တွင် ဝမ်ရိက သူ့အရှင်၏ အသံကိုကြားသည်နှင့် ချက်ချင်း လှည့်လိုက်၍ ချန်ခွင်းနန်းဆောင်မှ အစေခံများကို ပစ္စည်းများပြင်ဆင်ပေးရန် စေခိုင်းလေသည်။ စုရွေ့က နဂါးအိပ်ရာထက်တွင် ထိုင်နေ၍ ဘေးတွင်ကျနေသော တုန်းဖန်းယောင်၏ဘောင်းဘီကို ကြည့်လိုက်ပြီး မျက်ခုံးများတွန့်ချိုးသွားသည်။ သူမျက်လုံးပင့်လိုက်သောအခါ လှပသည့် နန်းတွင်းအစေခံတစ်စုက သူ့အရှေ့တွင်ရှိနေ၏။


“အကုန်လုံးထွက်သွားကြ”


စစ်သူကြီးစု ဒေါသထွက်သွားပြန်သည်။


ဒါ ငါ့ကိုအမှားတွေလုပ်အောင် တွန်းအားပေးနေတာမဟုတ်ဘူးလား....။


သူတို့၏ ဘုရင်မင်းမြတ်က ဒေါသထွက်နေသည်ကိုတွေ့သောအခါ ဘေးတွင်ရပ်နေသော နန်းတွင်းအစေခံလေးများက ချက်ချင်းတုန်လှုပ်သွားကာ ဒူးထောက်ချလိုက်ပြီး နောက်သို့ဆုတ်သွားကြသည်။ 


ဝမ်ရိ၏တည်ငြိမ်နေသောမျက်နှာတွင် ထိတ်လန့်နေသည့် အမူအရာများဖြစ်ပေါ်လာ၏။ 


အရှင် ဒီနေ့ဘာဖြစ်နေတာလဲ ကိုယ်လုပ်တော်ယွီက အရှင့်ကို ဘယ်လိုတောင်စော်ကားလိုက်လို့လဲ အခုလက်ရှိ အရှင်ရဲ့စိတ်အခြေအနေကိုကြည့်ဦး မျက်လုံးထဲမှာမြင်သမျှကို စိတ်မကြည်တော့ဘူး.....။ 


“ဝမ်ရိ”


ဝမ်ရိစိတ်ထဲတွင် တိတ်တဆိတ်ကဲ့ရဲ့ဝေဖန်နေချိန်၌ စုရွေ့က ဓားကိုကိုင်လျက် နဂါးအိပ်ရာထက်မှ ထလာနေပြီဖြစ်သည်။ သူက ပခုံးထက်မှ အတွင်းဝတ်ကို ရွံရှာမှုဖြင့် ဖယ်ရှားလိုက်သည်။ 


“ဒီနဂါးအိပ်ရာအပါအဝင် အကုန်လုံးကို ငါကိုယ်တော်အတွက် မီးရှို့ပေးစမ်း ပြီး‌တော့ ငါကိုယ်တော့်ကို ကိုယ်လက်သန့်စင်ပေးဖို့ အတွင်းဆောင် အစေခံတွေကိုခေါ်လိုက် နောက်ပိုင်း ဒီချန်ခွင်းနန်းဆောင်မှာ နန်းတွင်းအစေခံတွေ တစ်ယောက်မှမရှိစေနဲ့...”


ဝမ်ရိ : .........


သေပြီ သေပြီ မဟုတ်မှ ကိုယ်လုပ်တော်ယွီက အရှင့်ကို မိန်းမတွေကိုမုန်းသွားတဲ့အထိ လှုံ့ဆော်နိုင်လိုက်တာလား။ 


စုရွေ့၏ညွှန်ကြားချက်များကိုကြားပြီးနောက် ဝမ်ရိကချက်ချင်းလှည့်ထွက်သွားပြီး အမိန့်အတိုင်း ဆောင်ရွက်ရန်ပြင်လိုက်သည်။ သို့သော် သူ့နှလုံးသားထဲတွင်တော့ မျက်ရည်များကျဆင်းနေလေသည်။ 


နန်းတွင်းဆေးကုသဆောင် အတွင်း၌.....။


သန့်ရှင်းသပ်ရပ်နေသည့်အခန်းထဲတွင် ယန်ယွီနော့က အိပ်ရာပေါ်တွင် ဖျော့တော့စွာလှဲနေပြီး လုမုရွှင်က အိပ်ရာဘေးရှိ သစ်သားထိုင်ခုံပေါ်တွင်ထိုင်နေသည်။ သူ့လက်ထဲတွင်တော့ ငွေရောင်အပ်ကိုကိုင်ထားကာ သူမ၏ ဖြူဖျော့နေသော လက်ကောက်ဝတ်ပေါ်တွင် အပ်ပေါက်ရာများချန်ထားခဲ့လေသည်။


အသက်ဆယ့်ငါးနှစ်ပင်မပြည့်သေးသော ယန်ယွီနော့အတွက် ယောကျ်ားတစ်ယောက်နှင့် နီးနီးကပ်ကပ်ထိုင်ဖူးသည်မှာ ယခုအကြိမ်ကပထမဆုံးပင်။ ထို့အပြင် သူမ၏ လက်အင်္ကျီစကိုလည်း သူ့အရှေ့တွင် မြှောက်တင်ပေးထားရသေးကာ ဖြူဖျော့နေသော လက်ကောက်ဝတ်လေးကိုလည်း ပြသထားရသည်။ ထိုကဲ့သို့သော အထိအတွေ့မျိုးက သူမရင်ဘတ်ထဲတွင် သမင်တစ်ကောင်ကို ခုန်ပေါက်ပြေးလွှားစေပြီး မျက်နှာမှာ ပိုရဲလာ‌တော့သည်။


“အိုက်ယား အစ်မယွီနော့ရဲ့ မျက်နှာကိုကြည့်ရတာ ပိုနီလာသလိုပဲ”


ဘေးတွင်ရပ်နေသော ပင်းယွဲ့က ယန်ယွီနော့၏ အနီရောင်သမ်းနေသော ပါးများကိုမြင်သောအခါ မနေနိုင်ဘဲ ပြောလာလေသည်။ 


စုဝမ် : …….


ပင်းယွဲ့ နင်ကဖော်ဖော်ရွေရွေနေတတ်တာသိပေမယ့် ဒါကို တကယ် ရည်ရွယ်ချက်ရှိရှိမဟုတ်ဘဲ အော်လိုက်တာလား....။


ပင်းယွဲ့၏ စကားများကိုကြားသောအခါ ယန်ယွီနော့က ချက်ချင်းရှက်သွားကာ သူမ၏လက်ကိုလှုပ်လိုက်သည်။


“မလှုပ်နဲ့”


လုမုရွှင်၏မျက်လုံးများက အနည်းငယ်လက်သွားကာ သူ၏ရှည်လျားပြီး သန့်ရှင်နေသည့် လက်ချောင်းများက သူမ၏လက်ကို ဖိကိုင်လာသည်။ သူ့လက်ချောင်းထိပ်များမှ အပူစီးကြောင်းလေးတစ်ခုက ဖြတ်သန်းစီးဆင်းလာရာ ယန်ယွီနော့၏ ခန္ဓာကိုယ်တစ်ခုလုံးက နေရာ၌ပင် ‌တောင့်ခဲသွားလေသည်။ သူမ လုံးဝမလှုပ်ရဲပေ။ 


လုမုရွှင်၏ မျက်နှာပေါ်မှ မသိမသာလေးဖြစ်တည်သွားသော အပြုံးတစ်ခုကို ဖမ်းယူလိုက်ရင်း စုဝမ်၏နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွား၏။


ကြည့်ရတာ သူမ မတော်တဆနဲ့ နန်းတွင်းသမားတော်လုကို အမျိုးသမီးဇာတ်လိုက်နဲ့ အောင်အောင်မြင်မြင် တွဲပေးနိုင်လိုက်ပြီထင်တယ်....။ 


အင်း အဲ့လိုပြောမှ “စောစောထတဲ့ငှက်က စောစောအစာရှာတွေ့တယ်” ဆိုတဲ့စကားကတကယ်မှန်တာပဲ မူလဇာတ်ကြောင်းမှာ နန်းတွင်းသမားတော်လုပေါ်လာတာ နောက်ကျသွားလို့ ရှုံးသွားခဲ့တာ....။


ခဏကြာပြီးနောက်.....။


“အားလုံးပြီးပြီ”


လုမုရွှင်က ငွေအပ်‌လေးကိုချလိုက်ကာ ညင်ညင်သာသာနှင့် ယန်ယွီနော့၏ အင်္ကျီစကို ဂရုတစိုက် ပြန်ချပေးလိုက်သည်။ 


“မင်းအတွက် ဆေးရေးပေးလိုက်မယ် ပြန်သွားရင် အချိန်မှန်သောက်ပေး အဲ့ဒါဆို အဖျားက လုံးဝပျောက်သွားလိမ့်မယ်”


လုမုရွှင်က တစ်ဖက်စားပွဲသို့လှည့်သွားပြီး ဆေးအညွှန်းကိုရေးနေသည်။ ယန်ယွီနော့က နှုတ်ခမ်းကိုကိုက်၍ လုမုရွှင်၏ပါးလျနေသောနောက်ကျောကို ပထမဆုံးမျက်နှာမူလိုက်ကာ ဖျော့တော့စွာ ပြောလာသည်။ 


“နန်းတွင်းသမားတော်လု ကုသစရိတ်.... ကုသစရိတ်ဘယ်လောက်ကျလဲဟင်”


ကုသစရိတ်အကြောင်းပြောလာသည့်အချိန်တွင် ယန်ယွီနော့က သိသိသာသာကို အသက်မရှူနိုင်ဖြစ်နေသည်။ မသိစိတ်အရ သူမက ဒီလအတွက်ရရှိထားသော ငွေစများပါသည့် ခါးရှိငွေအိတ်လေးကိုထိကိုင်လိုက်သည်။ 


“ကုသစရိတ်လား”


ဆေးအညွှန်း၏နောက်ဆုံးအကြောင်းကိုရေးပြီးနောက် လုမုရွှင်က လှည့်၍ မနီးမဝေးတွင်ရပ်နေသည့် စုဝမ်ကိုကြည့်လိုက်သည်။ 


“မင်းရဲ့ဒီညီမ‌လေးက မင်းအတွက်ပေးပြီးသွားပြီ”


“ရှောင်ဝမ်”


ယန်ယွီနော့၏အကြည့်များက စုဝမ်အပေါ်သို့ ကျရောက်လာသည်။ သူမက စုမိသားစု၏ အခြေအနေကို သိသည်။ စုဝမ်၏အဖေက ငွေအများကြီးအကြွေးတင်နေသေးကာ သူမက သူမကိုယ်တိုင်အတွက် နေ့ရက်များကို ခက်ခက်ခဲခဲဖြတ်သန်းနေရတာဖြစ်သည်။


“ရပါတယ် အစ်မယွီနော့ရဲ့ နန်းတွင်းသမားတော်လုက လူသိများတဲ့ သဘောကောင်းတဲ့သူတစ်‌ယောက်ပါ သူကအမြဲ ကုသစရိတ်အတွက် အများကြီးယူလေ့မရှိဘူး သူ့ကိုပေးပြီးတာတောင် ညီမမှာ ငွေကျန်သေးတယ်”


ယန်ယွီနော့က သူမကိုကြည့်နေသောကြောင့် စုဝမ်က ပြုံး၍ တီးတိုးပြောလိုက်သည်။ ပြောပြီးသည်နှင့် စုဝမ်က အရှေ့သို့တိုးလာကာ သူမ၏လက်သေးသေးလေးကို လုမုရွှင်၏မျက်နှာအရှေ့တွင် လှုပ်ရမ်းပြလိုက်သည်။


“နန်းတွင်းသမားတော်လု ပြန်အမ်းငွေပေးဦး”


“အာ”


လုမုရွှင်က ညင်သာစွာပြုံးလိုက်ကာ တံခါးဘက်ကိုကြည့်လိုက်သည်။ 


“ဖုလု လူနာအတွက် ငွေပြန်အမ်းလိုက်ပါဦး”


ဖုလုအမည်ရှိသည့် အစေခံလေးက လုမုရွှင်၏ခေါ်သံကိုကြားသောအခါ ချက်ချင်း စုဝမ်ဆီသို့ နီရဲနေသော မျက်နှာလေးနှင့်လျှောက်သွားကာ သူ့ခေါင်းကိုငုံ့၍ဆိုလာသည်။ 


“အစ်မ အစ်မအတွက်ပြန်အမ်းငွေ”


ပြောပြီးသည်နှင့် မကြာသေးခင်က စုဝမ်သူ့ကိုပေးထားသည့် ငွေအကုန်လုံးကို သူမလက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ 


“များလွန်းတယ်”


စုဝမ်က မျက်လုံးများကို ကျုံ့လိုက်ကာ ငွေစအချို့ကို ဖုလုလက်ထဲသို့ပြန်ထည့်ပေးလိုက်သည်။ 


“ဖုလုလို့ခေါ်တယ်မလား မင်း နန်းတွင်းသမားတော်လုဆီကနေ များများသင်ယူသင့်တယ် ကောင်းတဲ့အရာတွေလုပ်ရင် ဆုချခံရလိမ့်မယ်”


လူကောင်းတစ်ယောက်ဖြစ်အောင်နေ ကောင်းတဲ့အရာတွေကိုလုပ် အဲ့ဒါဆို သေချာပေါက် ဆုလာဘ်တွေရလိမ့်မယ်....။


စုဝမ်၏စကားများကိုကြားပြီးနောက် ဖုလုကချက်ချင်း သူမကို အရောင်တောက်နေသော မျက်လုံးများဖြင့်‌ ‌မော့ကြည့်လာသည်။ 


စုဝမ် : ………


ဒီအစ်မကြီးကိုကျေးဇူးမတင်ပါနဲ့ ကျေးဇူးပြုပြီး ဒီအစ်မကြီးကို နတ်ဘုရားမစုလို့ပဲခေါ်ပေး...။


မှန်သည်။ စုဝမ် ဤတာဝန်ကျကမ္ဘာထဲသို့ ဝင်ရောက်လာပြီးနောက် သူမက နတ်ဘုရားမယန်အတွက် အလွန်ကောင်းမွန်သည့်အကြံကို စဥ်းစားလာခဲ့သည်။ 


ငိုကြွေးနေသော ကြာပန်းဖြူလေးနဲ့တွေ့တဲ့အခါ သတိလက်လွတ်နဲ့ သူမထက် ပိုသနားစရာကောင်းမပြပါနှင့်....။


ဆိုးသည့်အရာများအား ကောင်းသောအရာများဖြစ်အောင် စွမ်းဆောင်နိုင်သည့် နတ်ဘုရားမနှင့် တွေ့ပါက သင်၏အကောင်းမြင်တတ်သည့်စိတ်နှင့် ခန္ဓာကိုယ်ထဲမှ ကောင်းမွန်သည့်အငွေ့အသက်တို့ကိုသာ ထုတ်လွှတ်ပေးလိုက်။ 


စုဝမ်ကအဆိုးနှင့်အဆိုးတွေ့ပါက ကောင်းမွန်သည့်အရာများဖြစ်လာနိုင်သည်ဟု ယုံကြည်သည်။ နတ်ဘုရားမနှစ်‌ယောက်တွေ့ဆုံပါက တစ်နှင့်တစ်ပေါင်းခြင်းက နှစ်နှင့်ညီမျှသည်ဟူ၍ မရိုးရှင်းတော့ချေ။ 


အတိုချုပ်ပြောရလျှင် ဤမစ်ရှင်အတွက် စုဝမ်က ပြန်တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။


“အိုက်ယား အိုက်ယား အိုက်ယား သေပါပြီ”


စုဝမ်က ယန်ယွီနော့ကို ကူညီ၍ ပြန်ထွက်လာတော့မည့်အချိန်မှာပင် ပုံရိပ်လေးတစ်ခုက အမောတကောနှင့် အော်ဟစ်လာကာ လုမုရွှင်အခန်းထဲသို့ ဝင်လာသည်။ သူအခန်းထဲသို့ ဝင်လာသည့်အခါ ထိုလူက ရင်ဘတ်ကို ပုတ်ကာ မျက်လုံးပင့်ကြည့်လာသည်။ သူ့အကြည့်များက အခန်းထဲအနှံ့လှည့်ပတ်ကြည့်လိုက်သေး၏။ 


“ယန်ယွီနော့ စုဝမ် မင်းတို့နှစ်ယောက်...မင်းတို့နှစ်ယောက်...တကယ်...ငါ့ကိုသေအောင်လုပ်နေကြတာပဲ”


“ချန့်ကုန်းကုန်း”


ထိုလူက အခြားလူမဟုတ်ဘဲ ရှန့်ဖူနန်းဆောင်၏ အတွင်းဝန် ချန့်ကျီးကုန်းကုန်းဖြစ်သည်။ ချန့်ကျီးက စုဝမ်နှင့် ယန်ယွီ‌နော့တို့ ဦးညွှတ်၍ ဂါရဝပြုတော့မည်ကိုတွေ့သောအခါ လက်တို့ဝှေ့ရမ်းပြ၍ အရှေ့သို့တိုးလာကာ သူတို့၏လက်များကို ဆွဲယူလိုက်သည်။


”မင်းတို့နှစ်ယောက် ငါနဲ့ ရှန့်ဖူနန်းဆောင်ကို မြန်မြန်ပြန်လိုက်ခဲ့ မင်းတို့နှစ်ယောက် ဒီတစ်ခေါက်တော့ ဒုက္ခရောက်ပြီ ပြဿနာအကြီးကြီးနော်”


“ဘာဖြစ်လို့လဲ”


ချန့်ကျီး၏စကားများကိုကြားသောအခါ ယန်ယွီနော့၏မျက်နှာကပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်၏ အနောက်တွင်ရပ်နေသော ပင်းယွဲ့က တိတ်တဆိတ်နှင့် နောက်ဆုတ်လိုက်ကာ သူတို့နှစ်ယောက်နှင့် အကွာအဝေးတစ်ခုခြားနေလိုက်သည်။


အခန်းထဲမှ လေထုက ခဏကြာအောင် တင်းမာသွားသည်။ လုမုရွှင်က မျက်လွှာချ၍သာနေနေ၏။ သူနှင့်မဆိုင်သလိုပင်နေနေသော်လည်း တကယ်တမ်းတွင် ချန့်ကျီးဆက်ပြောမည့်စကားကို စောင့်နေခြင်းသာဖြစ်သည်။ 


“ဘုရင်မင်းမြတ်ရယ်...သူ...”


ချန့်ကျီးက ဘုရင်မင်းမြတ်အ‌ကြောင်းပြောလာချိန်တွင် သူ့မျက်နှာကချက်ချင်းဖြူဖျော့သွားသည်။


 “ဘုရင်မင်းမြတ်က အခုရှန့်ဖူနန်းဆောင်မှာရောက်နေတယ် လူတွေအများကြီးကိုလည်း သတ်ပစ်နေတယ်”


သွေးချောင်းစီးနေသည့် မြင်ကွင်းက ခေါင်းထဲသို့ပြန်ရောက်လာသောအခါ ချန့်ကျီးက သူ့ဗိုက်ကလေး တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ ဤနေရာသို့လာသည့်လမ်းတစ်လျှောက်မှာလည်း ဖျာများနှင့် လိပ်ထားသည့် အလောင်းများစွာက ကျင်းယွမ်နန်းဆောင်သို့ ဝင်ထွက်နေကြောင်းကိုလည်းတွေ့ခဲ့သည်။ 


အဲ့ဒီသွေးတွေ....အနီရင့်ရောင်သွေးတွေကကြောက်ဖို့ကောင်းလိုက်တာ...။


အတိုချုပ်ပြောရလျှင် ဘုရင်မင်းမြတ်ကဘာကြောင့် ဒီမနက်တွင် ဒီလောက်ဒေါသထွက်နေရလည်း မသိရပေ။ ပထမတွင် ကိုယ်လုပ်တော်ယွီကို သတ်ခဲ့သည်။ ထို့နောက် သူက ရှုဖေးကို ကိုယ့်ကိုကိုယ်သတ်သေရန် အမိန့်ပေးခဲ့ကာ ကျင်းယွမ်နန်းဆောင်ထဲမှ လူအားလုံးကိုသတ်ပစ်ခဲ့သည်။ 


အခုတော့ ရှန့်ဖူနန်းဆောင်ကိုပါရောက်လာပြီလား....။ 


တိုက်ဆိုင်စွာနှင့် ရှန့်ဖူနန်းဆောင်၌ စုဝမ်နှင့် ယန်ယွီနော့မှလွဲ၍ အကုန်ရှိနေကြသည်။


ချန့်ကျီးကဆက်မတွေးရဲတော့ပေ။ ထိုကလေးမလေးနှစ်ယောက်က ယနေ့တွင် ကံဆိုးမိုးမှောင်ကျတော့မည်။ 


ဘုရင်မင်းမြတ်က ရှန့်ဖူနန်းဆောင်မှာ လူတွေသတ်နေတယ်တဲ့လား....။


ချန့်ကျီး၏စကားများကိုကြားပြီးနောက် ယန်ယွီနော့၏ ခြေထောက်များ ညွှတ်ကျသွားသည်။ 


“လျောင်စီးရီရော လျောင်စီးရီအဆင်ပြေရဲ့လား” 


(T/N စီးရီ- အခမ်းအနားပြင်ဆင်ရေးအကြီးအကဲ)


နတ်ဘုရားမလေးက တကယ်ကို ကိုယ်ကျိုးမဖက်ဘူးဘဲ...။ စုဝမ်တောင်လိုက်မမီနိုင်တော့ဘူး... ကြည့်ရတာ နတ်ဘုရားမအတုလေးက ပိုကြိုးစားရတော့မယ့်ပုံပဲ...။


ဒါပေမယ့်.....


ဘုရင်မင်းမြတ်...အဲ့ဒါ စစ်သူကြီးစုမလား..။


သေချာတယ် သူကဘုရင်မင်းမြတ်ပဲ ဟမ့် ဟမ့် ဟမ့်...။


____🚩