Chapter 173
Viewers 8k

🚩Chapter -173

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 9 ]


_____


နောက်တစ်နေ့ စုဝမ်မျက်လုံးများကို ဖွင့်လိုက်သည့်အခါ သူမက ရှင်းကျဲခူရှိ အခန်းကျဥ်းလေးထဲသို့ ပြန်ရောက်နေကြောင်း သတိထားမိသွားသည်။ ထို့အပြင် သူမကပူနွေးနေသည့်စောင်နှင့် ရစ်ပတ်ခံထားရဆဲဖြစ်သည်။ 


“သခင်မစု နိုးနေပါပြီလား”


ပိုင်မော့မော့၏အသံက အခန်းအပြင်မှ ထွက်လာသည်။ စုဝမ်၏အခန်းက ရှင်းကျဲခူနန်းဆောင်အတွင်းတွင် အတွင်ဘက်အကျဆုံးအခန်းဖြစ်ပြီး ဝေးလည်းဝေးသောကြောင့် ပိုင်မော့မော့က ဒီကိုလာသည်ကို အခြားသူများမြင်သွားမှာ မစိုးရိမ်ပေ။ 


“ဝင်လာပါ မော့မော့”


စုဝမ်က စောင်ကိုခေါက်ပြီး အခန်းထဲရှိ စောင်အဟောင်းလေးအောက်တွင် ထားလိုက်သည်။ ထို့နောက် ဖြေးညင်းစွာနှင့် အဝတ်အစားတို့လဲလိုက်၏။ ရှင်းကျဲခူ၏ ကျွန်အစေခံများသည် သူတို့၏ အသားအရေပေါ်တွင် ကြမ်းရှရှရှိသည့် အဆင့်အနိမ့်ဆုံးချည်သားကို ဝတ်ဆင်ရသည်။ ကံကောင်းစွာနှင့် ပိုင်မော့မော့က အဝတ်အစားများ၏ အတွင်းဘက်ကို ကြို၍ ပြုပြင်ပေးထားခဲ့သည်။ စုဝမ်၏အဝတ်အစားများက အပြင်ပန်းတွင် အခြားသူများနှင့် အတူတူပင်ဖြစ်သော်လည်း နူးညံ့သောဖဲသားက အောက်တစ်လွှာတွင် ကပ်၍ချုပ်လုပ်ထား၏။ ထိုကဲ့သို့ လူတွေကိုမျက်လုံးကို လှည့်စားခြင်းက နန်းတွင်းတွင် သာမန်ဖြစ်နေကျ အရာတစ်ခုဖြစ်ပြီး လှည့်စားရန်လည်း များများစားစား ပြင်ဆင်ရန်မလိုအပ်ချေ။


ပိုင်မော့မော့ဝင်လာချိန်တွင် စုဝမ်က အပြင်နန်းဆောင်၏ဝတ်ရုံကို မဝတ်ဆင်ရသေးပေ။


 “ကောင်းသော မနက်ခင်းပါ သခင်မစု မနေ့ညက ကောင်းကောင်းအိပ်ပျော်ပါရဲ့လား”


စုဝမ်ကိုမျက်နှာချင်းဆိုင်ရင်း ပိုင်မော့မော့က ကိုယ်ကိုကိုင်းညွှတ်ထားသည်။ 


“ဂရုစိုက်တဲ့အတွက် ကျေးဇူးပါ ပိုင်မော့မော့ ကောင်းကောင်းအိပ်ခဲ့ရပါတယ်”


စုဝမ်က နူးညံ့စွာပြန်ဖြေလိုက်သည်။ ပိုင်မော့မော့၏အကြည့်များက စုဝမ်၏ ကုတင်ပေါ်သို့ကျရောက်သွားပြီး စောင်အဟောင်းအောက်တွင် ရှိနေသည့် နောက်ထပ်စောင်တစ်ခု၏ အစွန်းကိုတွေ့သွားသည်။


 သူမ၏မျက်လုံးများက ပြောင်းလဲသွားကာ မျက်နှာပေါ်မှ အပြုံးက ပို၍ထင်ရှားလာတော့သည်။


 “သခင်မ ဒီရှင်းကျဲခူက ရိုးရှင်းပြီး ညစ်ပတ်ပါတယ် သခင်မကိုကိုယ်လက်သန့်စင်ပေးဖို့ ဒီအစေခံအိုကြီးကို ခွင့်ပြုပေးပါ”


“ကောင်းပါပြီ”


အဖွားပိုင်က အလွန်သဘောထားကြီးစွာ စိတ်ရင်းမှန်နှင့်ပြောနေသည်ကို တွေ့သောအခါ စုဝမ်က သဘာဝကျစွာပင် ခေါင်းညိမ့်လိုက်သည်။ 


မောင်းမဆောင်ထဲတွင် တစ်စုံတစ်ယောက်က သင့်ကို အလိုလိုက်အကြိုက်ဆောင်လာပါက သင့်တွင် တန်ဖိုးတစ်ခုရှိကြောင်းပြသနေခြင်းဖြစ်သည်။ ထိုအချိန်တွင် အခြားသူများ၏ ကောင်းမွန်သည့်သဘောထားအား ငြင်းဆန်ခြင်းမပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် အခြားတစ်ဖက်ကို မည်သည့်အကြောင်းပြချက်ပေး၍ ငြင်းဆန်လိုက်ပါစေ၊ သူတို့ကို “အထင်သေး” သည်ဟုအထင်မှားသွားစေတတ်သောကြောင့်ပင်။ ၎င်းက မောင်းမဆောင်အတွင်းတွင် မလုပ်သင့်သည့်အရာဖြစ်သည်။ 


ကြီးမြတ်ခြင်းမှသည် ဘယ်အချိန် ကျဆင်းသွားမလဲ မည်သူမှမသိကြချေ။ ထို့အပြင် နောက်အခိုက်အတန့်တွင်လည်း ဘယ်သူက ဟိုးအမြင့်ထိ မြင့်တက်သွားမည်ကိုလည်း မသိကြချေ။ နန်းတွင်း၌ မိတ်ဆွေများကို များများဖွဲ့သင့်ပြီး ရန်သူတော့ မများသင့်ပေ။


တကယ်တမ်းတွင် စုဝမ်က နန်းတွင်းကမ္ဘာ၌ တာဝန်တော်တော်များများ ထမ်းဆောင်ဖူးသည်။ သူမက မောင်းမဆောင်အတွင်း နေထိုင်ရမည့်နည်းလမ်းများကို နားလည်နေပြီးသားဖြစ်သည်။ ပိုင်မော့မော့၏ သူမအပေါ် ဂရုစိုက်စောင့်ရှောက်မှုများက ဝမ်ရိ အမိန့်ပေးထားမှုများသာဖြစ်ကြောင်း သူမသိသည်။ အကယ်၍ သူမသာ ဤအခွင့်အရေးကို မပေးလိုက်ပါက ပိုင်မော့မော့ တစ်ယောက်နေမထိထိုင်မသာဖြစ်နေ‌ပေလိမ့်မည်။


ပိုင်မော့မော့၏ ပြုစုပေးမှုများအောက်တွင် စုဝမ်က သက်တောင့်သက်သာနှင့် မျက်နှာသစ်၍ ခံတွင်းကိုလည်း သန့်ရှင်းရေးလုပ်လိုက်သည်။ 


အလုပ်အချို့ပြီးသွားပြီးနောက် ပိုင်မော့မော့က ပစ္စည်းများကို သိမ်းလိုက်ကာ စုဝမ်ကို ပြုံးလျက်ကြည့်လာ၏။ 


“သခင်မစု မနက်စာအတွက် ဘာစားချင်ပါလဲ ဒီအစေခံအိုကြီးရဲ့ အခန်းမှာ စားဖိုဆောင်အသေးလေးရှိပါတယ် သခင်မမကြိုက်ဘူးဆိုရင် ဒီအစေခံအိုကြီးက မနက်စာပြင်ဆင်ပေးပါ့မယ်”


“ကျွန်မက အစားမရွေးပါဘူး မော့မော့ ဒီနေ့တစ်ယောက်ယောက်က ကျွန်မအကြောင်းလာစုံစမ်းပြီဆို ဘာပြောရမလဲ သိပါတယ်နော်...”


စုဝမ်က သစ်သားကုတင်ပေါ်တွင် ထိုင်နေရင်း ပိုင်မော့မော့ကိုကြည့်လိုက်သည်။ ပိုင်မော့မော့က စုဝမ်၏ အကြည့်ကြောင့် အနည်းငယ်ကြောက်လန့်သွားမိသည်။ 


ဒီလို နူးညံ့တဲ့ မိန်းမငယ်လေးတစ်ယောက်မှ ဘယ်လိုလုပ် စူးရှတဲ့ မျက်လုံးတွေရှိနေရတာလဲ….။


“ဒီအစေခံဘာပြောရမလဲသိပါတယ် သခင်မ စိတ်မပူပါနဲ့” ပိုင်မော့မော့က ရင်ဘတ်ကိုပုတ်၍ စုဝမ်ကို စိတ်ချထားနိုင်ကြောင်း ပြောလိုက်သည်။ 


“အင်း အဲ့ဒါဆိုကောင်းတယ် ပြီးတော့…”


စုဝမ်ကမျက်လုံးများကို ကျဥ်းမြောင်းလိုက်ကာ ပြောလာ၏။ “တကယ်လို့ တစ်ယောက်ယောက်က ကျွန်မအတွက် အသနားခံလာရင် ဒီပမာဏကိုမှမတတ်နိုင်ရင် လုံးဝကူညီမပေးပါနဲ့”


စုဝမ်ထောင်ပြလာသည့် လက်ကိုကြည့်ရင်း ပိုင်မော့မော့ မှင်သက်သွားတော့သည်။ 


“ငါး…ငါးရာတောင်”


သူမရှင်းကျဲခူတွင် အလုပ်လုပ်လာသည့် နှစ်များအတွင်း ထိုကဲ့သို့ ငွေအများကြီး လက်မခံခဲ့ဖူးပေ။


ငွေစငါးရာဆိုသည်က သာမန်နန်းတွင်းအစေခံတစ်ယောက်အတွက် အလွန်များပြားသော ပမာဏဖြစ်ကြောင်း စုဝမ်သိသည်။ ထို့အပြင် ယန်ယွီနော့က လစဥ်ရရှိသည့် ငွေစများကို မွေးရပ်မြေမှ အိမ်သို့ ပြန်ပို့ရသေးသည်ကိုလည်း သိ၏။ 


သူမမိသားစုထဲမှ ကလေးများက ခက်ခဲကြမ်းတမ်းသည့်ဘဝကို ရုန်းကန်ရှင်သန်နေရသည်။ သို့မဟုတ်လျှင် သူတို့က သူမကို နန်းတွင်းသို့ အစေခံတစ်ယောက်အဖြစ် ရောင်းချလိုက်လိမ့်မည်မဟုတ်ချေ။ 


ငွေစငါးရာဆိုသည်က ယန်ယွီနော့အတွက် အလွန့်အလွန်များပြားသော ပမာဏဖြစ်ပြီး စုဝမ်ကိုကယ်ရန် နတ်ဘုရားမယန်က ထိုငွေပမာဏနှင့် လာမှရမည်ဖြစ်သည်။


ဒီတော့ အခုမေးခွန်းက ငွေစငါးရာကိုချေးဖို့ သူမဘာလုပ်မလဲ…။


ကံကောင်းပါစေ နတ်ဘုရားမယန် အားပေးနေတယ်နော်…။


စုဝမ် မျှော်လင့်ထားသည့်အတိုင်း မနက်ခင်းမှာပင် ရှင်းကျဲခူသို့ ချန့်ကျီးက မျက်နှာတွင် အပြုံးတစ်ခုချိတ်ဆွဲလျက် ရောက်ရှိလာသည်။ 


“ဒါက ချန့်ကုန်းကုန်းမလား ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာပါလဲ”


သူတို့နှစ်ယောက်က ကြီးကြပ်သူများဖြစ်ကြသော်လည်း ရှန့်ဖူနန်းဆောင်သည် ဆဌမမြောက်နန်းဆောင်၏ နန်းဆောင်ခွဲ၂၄ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်မှန်သည့် အခွင့်အာဏာရှိသည့် နန်းဆောင်တစ်ခုဖြစ်သည်။ လူတိုင်းမကြိုက်သည့် ရှင်းကျဲခူနှင့် ယှဥ်ကြည့်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလေသည်။ 


ထို့ကြောင့် ပိုင်မော့မော့က ချန့်ကျီးကိုမြင်သည်နှင့် ချက်ချင်းအရိုအသေပေး၍ နှုတ်ဆက်လိုက်သည်။ 


“ပိုင်မော့မော့ ခင်ဗျားအတွက် မွေးရပ်မြေက အထူးထွက်အစားအစာတွေကိုယူလာတာပါ”


ချန့်ကျီး၏မျက်လုံးများက အလွန်ကြည့်ကောင်းစွာပြုံးနေသည်။ ပိုင်မော့မော့က ချန့်ကျီး၏ပြုံးနေသော မျက်နှာကိုကြည့်ကာ သူမအကြည့်များက ထူးဆန်းသွားရသည်။ 


ချန့်ကုန်းကုန်းကလည်း အံ့ဩစရာကောင်းသည့်သူတစ်ယောက်ဟု ဆို၍ရသည်။ သူက ကလေးအရွယ်ကပင် မိန်းကလေးနှင့်အလွန်တူသည့် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ သူ ကလေးအရွယ်တုန်းက သူမိသားစုက အကြွေးများစွာတင်နေခဲ့သည်။ ထို့နောက်တွင် အကြွေးရှင်က သူ့ကိုသဘောကျသွားကာ သူ့ဇနီးဖြစ်လာရန်ပင် အိမ်သို့ ခေါ်သွားချင်ခဲ့သည်။ 


နောက်ပိုင်းတွင် သူက ယောက်ျားလေးဖြစ်ကြောင်းသိသွားသည့်တိုင် အကြွေးရှင်က လက်မလျှော့ချင်ခဲ့ချေ။ သူက ချန့်ကျီးအား အမျိုးသားအစေခံအဖြစ် ခေါ်သွားရန် တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် ချန့်ကျီးကငယ်သေးသော်လည်း အလွန်ထက်မြက်သည့်ကလေးဖြစ်သည်။ 


“ပူနွေးနေသည့်ည မင်္ဂလာအိပ်ခန်း” တွင် သူက ထိုလူကို တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် သူက တစ်ယောက်တည်းလွတ်မြောက်သွားခဲ့ပြီး နန်းတွင်း၏ အတွင်းဆောင် အစေခံများရွေးချယ်ခြင်းနှင့် သွားတိုးခဲ့သည်။ ထိုလူမှ သူ့ကိုအမိန့်ထုတ်ပြီး အကျဥ်းထောင်ထဲသို့ပို့ပစ်မည်ကို စိုးရိမ်သောကြောင့် ချန့်ကျီးက တုံ့ဆိုင်းမှုမရှိဘဲ နန်းတွင်းသို့ အတွင်းဆောင် အစေခံအဖြစ်ဝင်ရောက်လာခဲ့တော့သည်။


နန်းတွင်းသို့ ပထမဆုံးရောက်လာချိန်၌ ချန့်ကျီးက သူ၏နူးညံ့ပြီးလှပသည့် အသွင်အပြင်ကြောင့် မကြာခဏ အနိုင်ကျင့်ခံခဲ့ရသည်။ သို့သော် သူက အဆုံးထိရှင်သန်နေခဲ့ပြီး သူတို့အား နောက်ကျောကိုဓားနှင့်ထိုးခဲ့သည်။ အဆက်မပြတ် နောက်ကျောဓားနှင့်ထိုးပြီးနောက် သူက အထိန်းတော်ဝမ်၏ မျက်လုံးထဲသို့ ဝင်သွားခဲ့သည်။ နောက်ပိုင်းတွင် သူက ရှန့်ဖူနန်းဆောင်၏ကြီးကြပ်သူအဖြစ် ရာထူးတိုးခံခဲ့ရသည်။ 


“ပိုင်မော့မော့ ဒီဟယ့်ထျန်းဆီးသီးတွေကိုကြည့်ပါဦး ဒီနှစ်သီးတဲ့အသီးတွေက သိပ်ချိုတာ”


ချန့်ကျီးက ပိုင်မော့မော့၏မျက်နှာပေါ်မှ ထူးဆန်းသည့်အမူအရာများကိုသတိမထားမိဘဲ ရိုးရှင်းစွာနှင့် ဆီးသီးခြင်းကို သူမထက်ထဲသို့ ထည့်ပေးလာသည်။ ပိုင်မော့မော့က ပြုံးလိုက်ပြီး ဆီးသီးခြင်းထဲမှ ငွေအိတ်၏အလေးချိန်ကို ခံစားမိလိုက်သည်။ 


“အိုက်ယား ချန့်ကုန်းကုန်း ကျွန်မကအခုအသက်ကြီးနေပါပြီ သွားတွေလည်းမကောင်းတော့ဘူး အခုခြောက်သွေ့ပြီး မာတဲ့ အချိုတွေကိုမစားနိုင်တော့ဘူး စေတနာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမယ့်ပြန်ယူသွားပေးပါ”


“ဟင်”


ပိုင်မော့မော့၏စကားများကိုကြားပြီးနောက် ချန့်ကျီးမှင်သက်သွားသည်။ သူဘာလိုချင်သည်ကို မပြောရသေးခင်မှာပင် သူမကကြိုပြီးငြင်းလိုက်လေသည်။ 


ဒါက ဘာကိုဆိုလိုတာလဲ…။


“ပိုင်မော့မော့ ဒီလိုလုပ်တာက ဒီအကြီးအကဲရဲ့မျက်နှာကိုစော်ကားလိုက်တာလား”


ချ့န်ကျီး၏အမူအရာက ချက်ချင်းအေးစက်သွားသည်။ 


“အိုက်ယား ချန့်ကုန်းကုန်း ဒေါသမဖြစ်ပါနဲ့ ဟိုးနားမှာ သွားပြောရအောင်လေ”


အဖွားပိုင်က ချန့်ကျီးကို တံခါးအပြင်ဘက်ရှိ ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။ 


“စုဝမ်ဆိုတဲ့ မိန်းကလေးအတွက် ရောက်လာတာပါလား”


“အတိအကျပဲ” ချန့်ကျီးကခေါင်းညိတ်လိုက်ပြီး ပိုင်မော့မော့ကို ကြည့်လိုက်သည်။


 “တစ်ယောက်ယောက် လာသွားလို့လား”


“ဒါက…ချန့်ကုန်းကုန်း စိတ်ပူစရာကိစ္စတော့မဟုတ်ပါဘူး သူမက အထိန်းတော်ဝမ်ကိုယ်တိုင် ခေါ်လာတဲ့သူလေ ပြီးတော့ အထိန်းတော်ဝမ်က သူမကို ကောင်းကောင်းဂရုစိုက်ပေးဖို့ အသေအချာမှာသွားခဲ့တယ် ကျွန်မ လက်လွတ်စပယ် ဆုံးဖြတ်ချက်မချရဲဘူး…ဒါပေမယ့်…”


ပိုင်မော့မော့၏ မျက်နှာပေါ်က အပြုံးက အဓိပ္ပာယ်များပါဝင်နေ၏။


သူမ၏အပြုံးကိုကြည့်လျက် ချန့်ကျီးချက်ချင်းနားလည်သွားသည်။ 


“ဒီအကြီးအကဲကို လှည့်ပတ်မနေနဲ့ ဘယ်လောက်လဲဆိုတာသာပြောလိုက်”


အခြားသူများအတွက် ချန့်ကျီးက ငွေကိုဂရုစိုက်မနေပေ။ ထိုအချိန်တွင် သူကအလောတကြီးနှင့်ဖြစ်နေမိသည်။ 


“ဒီလောက်ဆိုရင်ရော…ဟီးဟီး”


ပိုင်မော့မော့ကပြုံး၍ လက်ငါးချောင်ထောင်ပြကာ သူမကိုယ်သူမ ယပ်ခတ်သလိုလုပ်ပြလိုက်သည်။


သူမ၏လှုပ်ရှားမှုများကိုကြည့်ပြီး ချန့်ကျီးက အသံနိမ့်နိမ့်နှင့်ပြောလာသည်။ 


“ပိုင်မော့မော့ အများကြီးတောင်းနေတာပဲ အစားကြီးတဲ့နောက်ဆက်တွဲတွေကိုမကြောက်ဘူးလား”


“ဟီးဟီး”


ပိုင်မော့မော့က တောက်ပစွာပြုံးပြလာသည်။ 


သူမကရောလိုလိုလားလားရှိနေတယ်ထင်လို့လား ဒါကသခင်မအမိန့်ပေးထားတာမို့လို့လေ…။


ပိုင်မော့မော့က ပြုံးရုံပြုံးနေပြီး စကားမပြောသည်ကိုတွေ့သောအခါ ချန့်ကျီး၏မျက်ခုံးများကို တွန့်ချိုးသွားသည်။ 


“အဲ့ပမာဏမှရမှာလား လျှော့လို့မရတော့ဘူးလား”


“ငွေစတစ်စလေးတောင် လျှော့လို့မရပါဘူး”


ပိုင်မော့မော့က လေးနက်နေသည့်မျက်နှာနှင့် ဆက်ပြောလာသည်။ 


“ဒီတစ်ကြိမ်တော့ စွန့်စားရတာကြီးပါတယ် ငွေစတွေရလာခဲ့ရင်တောင်မှ အဆင်ပြေအောင်လုပ်ပေးဖို့ အရမ်းခက်ပါတယ်”


ပိုင်မော့မော့ပြောသည်က မှန်သောကြောင့် ချန့်ကျီးမှာ ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ 


“ကောင်းပြီ ပြန်ပြီး စဥ်းစားလိုက်မယ်”


ချန့်ကျီးက ဆီးသီးခြင်းကို တင်းကြပ်စွာကိုင်ပြီး ထွက်သွားတော့သည်။ 


သူ့နောက်ကျောကိုကြည့်၍ ပိုင်မော့မော့ ငိုရမလို၊ ရယ်ရမလိုဖြစ်နေ၏။ 


ဒီလူနှယ် ဆီးသီးတွေနဲ့ဒီထိရောက်လာပြီးမှ ငါ့အတွက် နှစ်လုံးသုံးလုံးလောက်တောင် ချန်မထားနိုင်ဘူးလား...။


____🚩

ဘာလို့ပေးရမှာလဲ 😅😅