🚩Chapter - 172
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 8 ]
_____
ညအချိန်ဖြစ်ပြီး လသာနေလျက်ရှိ၏။
စုဝမ်က သူမအတွက် ပိုင်မော့မော့မှ အထူးတလည်ပြင်ပေးထားသည့် သေးငယ်ပြီး လေဝင်လေထွက်ကောင်းသော အခန်းထဲတွင် ထိုင်နေသည်။ သူမက ပျင်းရိစွာနှင့် ပြတင်းပေါက်အပြင်ရှိ ကောင်းကင်ကြီးကိုကြည့်နေကာ ကြယ်များကို ရေတွက်နေ၏။
လေပြင်းတစ်ချက်ကြောင့် အခန်းတံခါးက ရုတ်တရက်ပွင့်သွားချိန်တွင် သူမရေတွက်နေသည်မှာ ကြယ်တစ်ရာ့တစ်လုံးသို့ရောက်နေပြီဖြစ်သည်။ ထို့နောက် ကျစ်လျစ်သည့်ပုံရိပ်တစ်ခုက စုဝမ်အရှေ့တွင် တစ္ဆေသရဲတစ်ကောင်နှယ်ပေါ်လာ၏။
ရုတ်တရက်ပေါ်လာသော စုရွေ့ကိုကြည့်ရင်း စုဝမ်ကမတ်တပ်ရပ်၍ သူ့ကိုပြုံးပြလိုက်သည်။
“ရောက်လာပြီလား”
“အင်း”
စုရွေ့က အခန်းကိုအကဲခတ်နေရင်း စုဝမ်ကိုကြည့်လိုက်၏။
“ဒီလိုနေရာမျိုးမှာ လူတွေဘယ်လိုတောင် နေကြတာလဲ”
သူ့မျက်ခုံးများက တွန့်ချိုးသွားပြီး အကြည့်များတွင် အေးစက်သည့်အလွှာတစ်လွှာ ဖုံးလွှမ်းသွားသည်။
“ဒါတွေက ယန်ယွီနော့ရဲ့ရှေ့မှာ ဟန်ပြဖို့လေ... ကျွန်မရော ဒီမှာနေချင်တယ်လို့ထင်လား”
စုဝမ်က စုရွေ့ကို မျက်ခုံးပင့်၍ ကြည့်လိုက်၏။
“ကျွန်မကို ရှင်နဲ့အတူမအိပ်စေချင်ဘူးလား ဒါမှမဟုတ်...ချန်ခွင်းနန်းဆောင်ကို ကိုယ်လုပ်တော်တချို့ခေါ်ပြီး ညကိုကုန်ဆုံးချင်လို့လား”
“မဟုတ်ရပါဘူး သေချာပေါက် ကိုယ့်ဇနီးလေးနဲ့အိပ်ချင်တာပေါ့ အင်း...အခုက သိပ်လည်းမစောတော့ဘူး...ကိုယ်..”
“ရှင်ဘာမှမစားရသေးဘူးမလား”
စုဝမ်က စုရွေ့စကားကို ဖြတ်ပြောလိုက်သည်။ မနက်က ဝမ်ရိထွက်သွားချိန်၌ သူမက ဘုရင်မင်းမြတ်အား ယနေ့ည ဒီကိုမလာခင်၌ ညစာမစားခဲ့သင့်ကြောင်း စကားပါးပေးလိုက်သည်။
စုရွေ့က စုဝမ်၏စကားများကို သေချာလိုက်နာသည်။ စုဝမ်၏မေးခွန်းကိုကြားသောအခါ သူက ဗိုက်ကို ပွတ်လိုက်သည်။
“ကိုယ်မစားရသေးဘူး ရှောင်ဝမ် ပြီးရင်ကိုယ်နဲ့အတူစားပေးမယ်မလား”
“အချိန်ရှိသေးတာပဲ အခု ကျွန်မကို ကူပေးဦး”
စုဝမ်က ကျဥ်းမြောင်းသည့်သစ်သားကုတင်ပေါ်တွင်ထိုင်ရင်း ဟောင်းနွမ်းနေသည့် အစေခံဝတ်စုံကို ကောက်ယူလိုက်သည်။
“ဒီဝတ်စုံတွေအရင်လဲလိုက် ပြီးရင် ကျွန်မကို အလုပ်တွေကူပေး ပြီးသွားတဲ့အခါကျရင် ရှင့်ဖို့ ကျွန်မချက်ပေးမယ်”
ဒီလိုမျိုး ဂရုစိုက်ပေးတဲ့အထိတောင်လား...။
စုဝမ်၏စကားများကိုကြားပြီးနောက် စုရွေ့ကချက်ချင်း တောက်ပနေသည့်အပြုံးတစ်ခုနှင့်အတူ အဝတ်လဲလိုက်ပြီး သူ့ဇနီးလေးကို ညင်သာစွာကြည့်လာသည်။
“ရှောင်ဝမ် ကိုယ့်ကိုဘာလုပ်စေချင်လဲ ခြံဝန်းကို တံမြက်စည်းလှဲပေးရမလား ထင်းခွဲပေးရမလား”
“အိုး သိပ်မများပါဘူး နန်းဆောင်ထဲက အိမ်သာတွေကို တံမြက်စည်းလှဲပေးရုံပဲ”
စုဝမ်က မျက်ဝန်းနက်လေးတစ်စုံကို တဖျတ်ဖျတ်ခတ်လိုက်ကာ စုရွေ့ကို တလေးတနက်နှင့် ကြည့်လာ၏။ သူမ၏ အသံကလည်း ယခင်အတိုင်းပင် တည်ငြိမ်အေးမြနေသည်။
အိမ်သာ...အိမ်သာတွေကို တံမြက်စည်းလှဲရမယ်...?
“ဇနီးလေး ကိုယ့်ကိုနောက်နေတာလား”
“ကျွန်မမျက်လုံးတွေကိုသေချာကြည့် တကယ်ပြောနေတာ”
စုဝမ်က စုရွေ့ကို အလေးနက်ဆုံးစိုက်ကြည့်လိုက်သည်။
“သရုပ်ဆောင်မယ်ဆိုလည်း အစအဆုံးပီပြင်အောင် လုပ်ရမှာပေါ့ အခု ရှင်းကျဲခူတစ်ဆောင်လုံးက ကျွန်မက ပိုင်မော့မော့ကိုစော်ကားထားတယ်လို့ သိထားကြတာ ဒါကြောင့် ကျွန်မက အညစ်ပတ်ဆုံးနဲ့ အပင်ပန်းဆုံးအလုပ်ကို လုပ်ရမှာ သဘာဝပဲလေ”
၎င်းက ကျိုးကြောင်းဆီလျော်နေသော်လည်း စုရွေ့က သူ့ဇနီးလေး သူ့ကိုကြည့်နေသည့် အကြည့်များက အနည်းငယ် ထူးဆန်းနေကြောင်း ခံစားနေရသည်။
သူ့ကိုလှည့်စားနေတာလား......။
အင်း...အိမ်သာတွေကို သန့်ရှင်းရေးလုပ်ရုံပဲမလား....မစင်တွေကိုကျုံးရတာထက်စာရင် အများကြီးကောင်းပါတယ်...။
စစ်သူကြီးစုကို အနိုင်ယူတဲ့အရာ ဒီကမ္ဘာကြီးထဲမှာ မရှိဘူးကွ...။
သူ့ဇနီးလေးနဲ့ သူ့ဇနီးလေးချက်ကျွေးမယ့် အရသာရှိတဲ့ဟင်းလျာလေးတွေအတွက် စစ်သူကြီးစုက သူ့ဘဝကို စွန့်စားဖို့အသင့်ပဲ...။
စုရွေ့က ပစ္စည်းများကိုကောက်ယူပြီး ခြံဝန်းထဲသို့ ထွက်သွားသည်ကိုကြည့်ရင်း စုဝမ်က သူ့အနောက်သို့ လိုက်မသွားချေ။ စုရွေ့က ဆုံးဖြတ်ချက်ချပြီးသည်နှင့် ထိုအတိုင်းလုပ်တတ်သည့်သူဖြစ်ကြောင်း သူမသိသည်။ သူက ယခုကိစ္စကိုလုပ်ရန် အခြားသူများကို လှည့်စားပြီး အစားထိုးလုပ်ခိုင်းလိမ့်မည်မဟုတ်ပေ။
သိပ်မကြာခင်တွင် စုရွေ့က အေးစက်နေသည့် မျက်နှာထားနှင့်အတူပြန်လာ၏။ သူအခန်းထဲသို့ဝင်လိုက်သည်နှင့် ဆိုးဝါးသော အနံ့တစ်ခုကလည်း အဖော်ပြုဝင်ရောက်လာသည်။ သူ့ကိုယ်သူရွံ့ရှာနေသည့် စုရွေ့ကိုကြည့်ရင်း စုဝမ်က ပါးစပ်ကိုလက်ဖြင့်ပိတ်၍ ရယ်တော့သည်။
“အဲ့လိုမျက်နှာကြီးလုပ်မနေပါနဲ့ အဝတ်အစားတွေ ကူလဲပေးမယ် ချန်ခွင်းနန်းဆောင်ကိုပြန်ကြမလား”
“ကောင်းပြီ”
စုရွေ့က စိတ်ပျက်စွာနှင့် ပြန်ဖြေလာသည်။
ပြန်ရောက်တာနဲ့ ရေသေချာချိုးပစ်ရမယ်...။
မှောင်မိုက်နေသည့်ညအလယ်တွင် လရောင်က ဖြာကျနေကာ ၎င်း၏မှိန်ပျပျအလင်းရောင်က ချန်ခွင်းနန်းဆောင် တစ်ဝိုက်တွင် မြူများဆိုင်းနေသယောင်ထင်မှတ်ရသည်။ စုရွေ့က စုဝမ်ကိုခေါ်လာပြီးနောက် လူတိုင်းကို ထွက်သွားစေခဲ့သည်။ ဝမ်ရိအပြင် ဘုရင်မင်းမြတ်၏နန်းဆောင်ထဲ၌ အခြားလူတစ်ယောက်ရှိနေသေးကြောင်း မည်သူမှမသိကြချေ။
ရေနွေးထဲတွင် အချိန်အတော်ကြာအောင်စိမ်နေပြီး ရေထဲသို့ထည့်ထားသည့် အမွှေးနံ့သာများ၏ ရနံ့များကိုယ်၌စွဲသွားတော့မှ စုရွေ့ သက်ပြင်းချနိုင်တော့သည်။
“ရေချိုးလို့ပြီးပြီလား”
ထိုအချိန်တွင် ရုတ်တရက် စုဝမ်၏အသံကထွက်လာသည်။ စုရွေ့မော့ကြည့်လိုက်ရာ အတွင်းဝတ်ဝတ်ရုံလေးသာ ဝတ်ထားသည့် စုဝမ်က ပြုံးလျက် စွပ်ပြုတ်ပန်းကန်ကိုင်လာသည်ကို တွေ့လိုက်ရသည်။
ယခုအချိန်တွင် စုဝမ်၏ယခုကိုယ်က အသက်ဆယ့်ငါးနှစ်ပင်မပြည့်သေးပေ။ တာ့ရှန်းမင်းဆက်တွင် သူမက လက်ထပ်ထိမ်းမြား၍ရသည့် အသက်အရွယ်သို့ရောက်နေပြီဖြစ်သော်လည်း မျက်နှာက ငယ်ရွယ်နေဆဲဖြစ်ကာ ခန္ဓာကိုယ်ကလည်း အပြည့်အဝ မဖွံ့ဖြိုးသေးပေ။ အဖြူရောင်အတွင်းဝတ်အောက်မှ လှပသည့်ခန္ဓာကိုယ်လေးက စစ်သူကြီးစုကို မျက်နှာလွှဲသွားစေသည်။
မင်းအမေ...ဆက်ကြည့်နေလို့မဖြစ်ဘူး...ဆက်ကြည့်နေရင် ပြစ်မှုကျူးလွန်မိလိမ့်မယ်...။
“ဗိုက်ဆာနေပြီလား”
ထိုအချိန်တွင် စုဝမ်က ရေချိုးကန်အနား၌ ထိုင်ပြီးနေပြီဖြစ်သည်။ နှင်းကဲ့သို့ ဖွေးစွတ်နေသည့် ခြေထောက်တစ်စုံက ညင်သာစွာနှင့် ရေကစားနေသေး၏။
“ဒီကိုလာ စွပ်ပြုတ်ပြုတ်လာတယ် ခွံ့ကျွေးမယ်”
“အိုး”
စုရွေ့က ကိုယ်ဗလာနှင့်ပင် စုဝမ်ဆီသို့ ကူးလာလိုက်သည်။ သူကခေါင်းမော့ပြီး မျက်ဝန်းနက်ကြီးများဖြင့် သူမကိုစိုက်ကြည့်နေသည်ကို တွေ့သောအခါ စုဝမ်စိတ်အခြေအနေကောင်းလာလေသည်။ သူမက စွပ်ပြုတ်ကို ဇွန်းအပြည့်ခပ်လိုက်ပြီး ညင်သာစွာဖြင့် စုရွေ့၏အရှေ့သို့တိုးပေးလိုက်သည်။
စုရွေ့က အကုန်သောက်လိုက်သည်ကိုကြည့်ရင်း စုဝမ်က သူ့ကိုပြုံးပြလိုက်သည်။
“ကောင်းလား”
“အင်း...ကောင်းတယ်”
စုရွေ့ခေါင်းညိတ်လိုက်သည်။ သူ့ဇနီးလေးချက်သည့် စွပ်ပြုတ်က ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်။
“ကောင်းမှတော့ ကုန်အောင်သောက်လိုက်”
စုဝမ်ကပြောရင်းနှင့် စုရွေ့အားနောက်ထပ်ဇွန်းအပြည့်ခပ်၍ တိုက်လိုက်ပြန်သည်။ ရေချိုးကန်၏ သိပ်သည်းနေသည့် စိုထိုင်းမှုများကြားတွင် လိုက်ကာများက လှုပ်ခတ်နေသည်။ နှစ်ယောက်ကြားမှ လေထုက အတော်လေးနွေးထွေးနေ၏။ သို့သော် တစ်နာရီကျော်ကျော်ကြာပြီးနောက်....။
“ဇနီးလေး”
စုရွေ့၏အသံက အနည်းငယ်ကြမ်းရှရှဖြစ်လာပြီး စုဝမ်ကိုကြည့်သည့် သူ့အကြည့်များက မှုန်မှိုင်းမှိုင်းဖြစ်လာသည်။
“စွပ်ပြုတ်ထဲမှာ ဘာတွေထည့်ထားလဲ”
“ဟင်...အရသာမခံမိဘူးလား”
စုဝမ်က ငုံံ့၍ ရေချိုးကန်ထဲမှ စုရွေ့၏ ခန္ဓာကိုယ်ကိုကြည့်လိုက်သည်။
“ဆေးမြစ်တချို့ရယ်...အင်း ဂျင်ဆင်းရယ်၊ သမင်ရဲ့လိင်အင်္ဂါရယ်၊ တခြားဟာတွေရယ်ထည့်ထားတာ ရှင်မကြိုက်လို့လား”
စုဝမ်က “မကြိုက်လို့လား” ဆိုသည့်စကားကို ဖိပြောလိုက်သည်။ စုဝမ်၏စကားများကိုကြားသောအခါ စုရွေ့၏ မျက်နှာက ချက်ချင်းပြောင်းလဲသွားလေသည်။
ညင်သာပြီး အကျင့်စရိုက်ကောင်းမွန်တဲ့ဇနီးလေး၊ သူများတွေကို နားလည်ပေးတတ်တဲ့ဇနီးလေးက ဘယ်ရောက်သွားတာလဲ...။
စုရှောင်ဝမ် ဒါရည်ရွယ်ချက်ရှိရှိလုပ်တာ....ဒါတမင်သက်သက်ကို လုပ်တာပဲ...။
“ဇနီးလေး......”
စုရွေ့က ရေချိုးကန်ထဲမှ တက်လာကာ ကိုယ်တွင် ဘာမှမပါသည်ကိုလည်း ဂရုမစိုက်နိုင်ဘဲ စုဝမ်၏ အနည်းငယ်အေးနေသည့် ကိုယ်လေးကို ဖက်လိုက်သည်။
“ကိုယ်နေရတာအဆင်မပြေဘူး”
“ရှင်အဆင်မပြေဖြစ်နေတာ ကျွန်မသိတယ်”
စုဝမ်က စုရွေ့၏လက်မောင်းများကြားမှ ရုန်းထွက်လိုက်ကာ အနားတွင်ရှိနေပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေသည့် ဝမ်ရိကိုကြည့်လိုက်သည်။
“အထိန်းတော်ဝမ် မိဖုရားတွေနဲ့ ကိုယ်လုပ်တော်တွေနဲ့ နာမည်တံဆိပ်ပြားတွေယူလာခဲ့ပါ”
ဝမ်ရိ : ……
ကိုယ့်ဘာသာနေနေလည်း အထိခိုက်ခံရတော့မယ့် ဒီခံစားချက်ကြီးက ဘာကြီးလဲ...။
“ဝမ်ရိ ထွက်သွား”
ဝမ်ရိလှုပ်ရှားသည်ကို မစောင့်ဘဲ စုရွေ့က ဝတ်ရုံကိုကိုယ်တွင်ပတ်၍ စုဝမ်အား နဂါးအိပ်ရာဆီသို့ အေးစက်စွာ အသက်ပြင်းပြင်းရှူရင်း ဆွဲခေါ်သွားတော့သည်။
“အမိန့်အတိုင်းပါ”
ဝမ်ရိက နဖူးပေါ်မှချွေးစက်များကို သုတ်လိုက်ပြီး ထွက်သွားတော့၏။
စုရွေ့က စုဝမ်အား နဂါးအိပ်ရာထက်သို့ တွန်းတင်လိုက်သည်။
“ပြော...နောက်ထပ်ဘာတွေလှည့်စားထားသေးလဲ”
“မရှိတော့ဘူး”
စုဝမ်က အပြစ်ကင်းသည့်ပုံလေးဖြင့် လက်တို့ကိုဖြန့်ကားပြလိုက်သည်။ သူမ၏လူအပေါ် အညှာအတာမဲ့သည်အထိတော့ လုပ်မည်မဟုတ်ချေ။
အခုလို ခံစားစေရတာလည်း ဒီတိုင်း....သူမနှလုံးသားထဲမှာ ချဥ်စူးစူးလေးခံစားနေရလို့...။
သူမလူကို အခြားသူများအား ထိခွင့်မပေးနိုင်ပေ။
“လှည့်ကွက်တွေမရှိတော့ဘူးပေါ့”
စုဝမ်၏အဖြေကိုကြားပြီး အိပ်ရာထက်တွင် အပြစ်ကင်းစင်စွာနှင့် လှဲလျောင်းနေသည့် ပုံစံလေးကိုကြည့်ရင်း စုရွေ့ အသက်ရှူပြင်းလာတော့သည်။
“ကိုယ့်ကိုထပ်ပြီး မနှိပ်စက်တော့ဘူးဆိုမှတော့....အိပ်တော့”
ပြောပြီးသည်နှင့် သူက ထောင့်ဘက်ရှိ ပိုးသားစောင်ကို ယူလိုက်ကာ စုဝမ်ကို ကျွမ်းကျွမ်းကျင်ကျင်နှင့် ရစ်ပတ်ပေးလိုက်ပြီး အိပ်ရာ၏အတွင်းဘက်ဆုံးနေရာသို့ တွန်းပို့ထားလိုက်သည်။
“ကိုယ် အတွင်းအားလေ့ကျင့်လိုက်ဦးမယ် အရင်အိပ်နှင့်...”
စုရွေ့က အိပ်ရာထက်တွင် ထိုင်ရင်း အတွင်းအားလှည့်ပတ်ရန် ပြင်ဆင်နေသည်ကိုတွေ့သောအခါ စုဝမ်က စောင်ကြားမှ လှိမ့်ထွက်လာပြီး စုရွေ့အရှေ့သို့ရောက်လာသည်။
ထို့နောက် ပက်လက်လေးနှင့်မော့ကြည့်ရင်း “စုရွေ့...ရှင်...ကျွန်မနဲ့မအိပ်တော့ဘူးလား”
သူ့ဇနီးလေး၏ သနားစဖွယ်ဖိတ်ခေါ်မှုကိုကြားပြီးနောက် စုရွေ့၏ အသက်ရှူသံများက ပို၍လေးလံလာ၏။ သူက လက်မြှောက်ကာ သူမကို စောင်ဖြင့် ပြန်လည်ရစ်ပတ်ပေးပြီး အိပ်ရာ၏အတွင်းဘက်ဆုံးနေရာကို ပြန်တွန်းပို့လိုက်၏။
“စုရှောင်ဝမ် အိပ်တော့”
“အိုး...ဒါဆိုလည်း အရမ်းကြီးနောက်ကျတဲ့အထိ မနေနဲ့နော် ကိုယ့်ကိုကိုယ်လည်း မပင်ပန်းစေနဲ့”
စုရွေ့က ဆုံးဖြတ်ချက်အလွန်ပြတ်သားနေသည်ကို တွေ့သောအခါ သူမလည်း ရွေးချယ်စရာမရှိတော့ဘဲ နာနာခံခံနှင့် အိပ်ရာအတွင်းဘက်သို့ ပြန်တိုးလိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ မနေ့ညက ပြစ်ဒဏ်ကြောင့် ခန္ဓာကိုယ်က အတော်လေး ပင်ပန်းနွမ်းနယ်နေသည်။ ယနေ့တွင်တော့ ကောင်းကောင်းအိပ်စက်နိုင်တော့မည်။ သိပ်မကြာခင်မှာပင် စုဝမ်က အိပ်မက်နယ်မြေသို့ ထွက်ခွာသွားတော့သည်။
စုဝမ်အိပ်ပျော်သွားသည်ကိုကြည့်ရင်း စုရွေ့နောက်ဆုံး စိတ်သက်သာစွာဖြင့် မျက်လုံးမှိတ်ချလိုက်ပြီး အတွင်းအားကို လှည့်ပတ်နေလိုက်သည်။ သိပ်မကြာခင် သူ့ကိုယ်က ချွေးများစိုရွှဲလာ၏။
စုရှောင်ဝမ်...စွပ်ပြုတ်ထဲကို ဘယ်လောက်တွေတောင် ထည့်လိုက်တာလဲ...။
စစ်သူကြီးစုက ယခုလေးတင် စုဝမ်ကို ငြင်းဆန်လိုက်ခြင်းအား နောင်တရမိသည်။ သို့သော် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် အိပ်ရာထက်၌ တိတ်တဆိတ်နှင့် အေးချမ်းစွာအိပ်စက်နေသည့် မျက်နှာလေးကို တွေ့သောအခါ စုရွေ့၏အကြည့်များက နူးညံ့သွားလေသည်။
မေ့လိုက်တော့ မေ့လိုက်တော့ ဒါကတစ်ညတာ တရားထိုင်ရုံလေးပဲလေ ကြီးကြီးမားမားမှမဟုတ်ဘဲ... သူမ အနာဂတ်မှာ နာမည်တံဆိပ်ပြားတွေ လှန်တဲ့ကိစ္စကို စိတ်မရှိတော့သရွေ့အဆင်ပြေတယ်....။
တွေးတောလိုက်ရင်း စုရွေ့က မျက်လုံးမှိတ်၍ တရားထိုင်လိုက်သည်။
ညအလယ်တွင် အိပ်ဆောင်ထဲမှ မီးများ ရုတ်တရက်ငြိမ်းသွားသည်။ စုရွေ့က တရားထိုင်ကျင့်အပေါ်တွင်သာ အာရုံစိုက်ထားသောကြောင့် စုဝမ်နိုးလာသည်ကို သတိမထားမိချေ။
မှိန်ပျပျမျက်ဝန်းတစ်စုံက စုရွေ့၏နောက်ကျောကို စိုက်ကြည့်နေ၏။ သူမက စိုက်ကြည့်ရင်း စိုက်ကြည့်နေသည်။ ထို့နောက် နှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားကာ မျက်လုံးများကိုမှိတ်၍ ပြန်လည်အိပ်စက်လိုက်သည်။
ဒီကမ္ဘာကြီးမှာ ရှင်နဲ့အတူရှိနေရတာကောင်းလိုက်တာ....။
သူမစုရွေ့နှင့် မတွေ့ဆုံခင်က တစ်ယောက်တည်းဆိုလည်း အဆင်ပြေသည်ဟု တွေးထင်ခဲ့သည်။
သို့သော် စုရွေ့နှင့် တွေ့ဆုံပြီးနောက်ပိုင်းတွင် စုဝမ်က သူနှင့်ခွဲမနေနိုင်ကြောင်း တဖြည်းဖြည်းခံစားမိလာသည်။
စုရွေ့မရှိသည့် သူမ၏ကမ္ဘာကို လုံးဝမစဥ်းစားရဲပေ။
သူမ၏လူကို သူမကိုယ်တိုင်သာ နှိပ်စက်နိုင်သည်။ သို့သော်အခြားလူများက သူ့ကို ထိရန် စိတ်ပင်မကူးသင့်ချေ။
_____🚩