🚩Chapter -176
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 12 ]
_____
ရှီနင်းနန်းဆောင်မှလူများက မြင့်မြတ်ကျော့ရှင်းသည့်ပုံစံများဖြင့်ဝင်လာကြသော်လည်း နောက်ဆုံးတွင် သူတို့၏ အမြှီးအား ခြေထောက်ကြားတွင်ညှပ်ကာ အလျင်စလိုနှင့် ပြေးထွက်သွားရလေသည်။
ရှီနင်းနန်းဆောင်မှလူများထွက်သွားပြီးသောအခါ စုရွေ့က အမိန့်ကို တိုက်ရိုက်ရေးလိုက်ပြီး ဝမ်ရိအား ထိုအမိန့်စာကို နန်းတွင်းအစောင့်တပ်ဆီသို့ ယူသွားစေလိုက်သည်။ ယနေ့မှစ၍ ရှီနင်းနန်းဆောင်သည် မယ်တော်ကြီး အသက်ကြီးကာ အိုမင်း၍သေရမည့်နေရာဖြစ်လာလိမ့်မည်ပင်။
သူမသာ ပြဿနာမရှာခဲ့ရင်ပေါ့….။
အိပ်ဆောင်ထဲတွင် စုဝမ်က ပိုးသားလိုက်ကာများကို တင်လိုက်သည်။ သူမက နဂါးကုတင်ထက်တွင် လှဲလျောင်းနေရင်း မျက်တောင်တဖျတ်ဖျတ်ခတ်၍ စုရွေ့၏မျက်နှာကို ကြည့်နေသည်။
“ဘာဖြစ်လို့လဲ”
စုရွေ့က စုဝမ်၏ စူးစူးစိုက်စိုက် စိုက်ကြည့်ခြင်းကိုခံနေရသည်။ သူက မသိစိတ်အရ သူ့မျက်နှာကို ထိကိုင်လိုက်မိ၏။
သူမုတ်ဆိတ်ရိတ်ခဲ့ပါတယ် ဟုတ်တယ်မလား…။
“အရှင်က ချောမောလွန်းလို့ ဒီအစေခံရဲ့ မျက်လုံးတွေ ကန်းရပါတော့မယ်”
စုဝမ်က စုရွေ့ကို ပြုံးပြလိုက်သည်။
ဘယ်သူကများ သူမရဲ့မိသားစုဝင်ဖြစ်တဲ့ စစ်သူကြီးစုကို ဒီလိုမျက်စိကျိန်းလောက်အောင် ချောမောစေခဲ့တာပါလိမ့်…။ သူမ ဘယ်လောက်ပဲကြည့်ကြည့် ကြည့်မဝနိုင်ဘူး…။
စုရွေ့ : အာ…လွယ်လွယ်ကူကူတော့ချီးကျူးခံရတာမဟုတ်ခဲ့ပေမယ့် နောက်ဆုံးတော့ သူ့ဇနီးလေးက သူဘယ်လောက်ကောင်းကြောင်း သိသွားခဲ့ပြီ…။
“အဟမ်း အဟမ်း”
စုရွေ့က ချောင်းနှစ်ချက်ဟန့်လိုက်ကာ ခန့်ညားပြီး ကျော့ရှင်းသည့်ပုံစံဖြင့် ကုတင်ဆီသို့ တစ်လှမ်းချင်းလှမ်းလာလိုက်၏။
“လာ လာ လာ ကိုယ်ဘာမှလုပ်စရာမရှိတော့ဘူး မင်းကိုနည်းနည်း ပေးကြည့်ပေးမယ် ကိုယ်ဒီနဂါးဝတ်ရုံကိုချွတ်လိုက်ပြီး မင်းကို ကိုယ့်ရဲ့ဗိုက်ကြွက်သားတွေပြရင်ရော…”
“မဖြစ်ဘူး မဖြစ်ဘူး”
စုဝမ်က စုရွေ့၏စကားများကိုကြားသောအခါ အပြင်းအထန် ခေါင်းကို ခါရမ်းလာသည်။
“အရှင့်ရဲ့ ခန္ဓာကိုယ်က ပြီးပြည့်စုံလွန်းတယ် ဒီအစေခံကြည့်မယ်ဆိုရင် နှာခေါင်းသွေးလျှံသွားရပါလိမ့်မယ်…”
စစ်သူကြီးစု : ……
စုရှောင်ဝမ် မင်းလေးက အပြောင်းအလဲသိပ်မြန်တာပဲ ဒီစစ်သူကြီးက အခုလိုနဲ့ နည်းနည်းလေးတောင် အသားကျမနေသေးဘူး ဟား……
“ဟားဟား”
စုရွေ့က ကုတင်ဘေးတွင် မှင်သက်နေလျက် တုပ်တုပ်မလှုပ်ဘဲ ရပ်နေသည်ကို တွေ့သောအခါ စုဝမ်က အသာရယ်မောလိုက်ပြီး စုရွေ့ကို ကုတင်ပေါ်သို့ ဆွဲ၍ သူမကိုယ်သူမ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်သည်။
“အရှင်…အရှင်က တကယ်အကြည့်တွေကိုဖမ်းစားနိုင်တာပဲ မောင်းမဆောင်ထဲက မိန်းမတွေက တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်နေပြီး အသက်ပေးနေကြတာ အံ့ဩစရာမရှိတော့ပါဘူး ဒီအစေခံ အရမ်းသဝန်တိုတာပဲ”
“အရူးလေး…ကိုယ်က မင်းတစ်ယောက်တည်းကိုပဲချစ်တာ မောင်းမဆောင်ထဲက မိန်းမတွေကို မကြိုက်ဘူးဆိုရင် မင်းအတွက် ကိုယ်သူတို့အားလုံးကို သတ်လိုက်မယ် အဲ့လိုဆို မင်းပျော်မှာလား…”
စုရွေ့က လက်မြှောက်၍ သူ့ကိုယ်ပေါ်တွင် လှဲနေသည့်စုဝမ်၏ကိုယ်ကို ပွေ့ဖက်လိုက်ကာ မျက်လုံးများကမူ သူမကို နူးညံ့စွာစိုက်ကြည့်နေသည်။
“အဲ့ဒါမကောင်းဘူး လုံးဝကိုမကောင်းဘူး ရှင်အဲ့လိုလုပ်ရင် အာဏာရှင်ဆန်သွားလိမ့်မယ် ပြီးတော့ ကျွန်မက တိုင်းပြည်ကို ကပ်ဆိုးတွေယူဆောင်လာတဲ့ အလှလေးဖြစ်သွားလိမ့်မယ်”
စုဝမ်က စုရွေ့၏ရင်ဘတ်ကို ပါးလေးနှင့် ပွတ်သပ်လိုက်သည်။
“ရှင့်နှလုံးသားထဲမှာ ကျွန်မတစ်ယောက်တည်းရှိတယ်ဆိုတာ သိရရုံနဲ့တင် လုံလောက်ပါပြီ မောင်းမဆောင်ထဲကမိန်းမတွေကတော့… သူတို့တွေသာ သေစေလောက်တဲ့အထိ ကျူးလွန်မလာဘူးဆိုရင် ရှင်သူတို့ကို လူကြီးလူကောင်းပီပီ လွှတ်ပေးလိုက်သင့်တယ်”
“ကောင်းပြီ မင်းပြောတဲ့အတိုင်းပဲပေါ့”
စုရွေ့က ကိုယ်ကိုလှိမ့်လိုက်ပြီး စုဝမ်ကို သူ့အောက်တွင် ဖိထားလိုက်သည်။ သူက ခေါင်းငုံ့ကာ စုဝမ်၏ နဖူးကို နမ်းလိုက်၏။
“လိမ္မာတယ် တစ်နေ့လုံးပင်ပန်းထားတာ စောစောအိပ်တော့”
စုရွေ့က ကိုယ်ကိုရွှေ့ကာ စုဝမ်ဘေးတွင် ဝင်နေရာယူလိုက်သည်။ ထို့နောက် စောင်ကိုလည်း သူမအပေါ် လွှမ်းခြုံပေးလိုက်သည်။
“ကောင်းသောညပါ…”
စုရွေ့လက်တို့ကို ဝှေ့ရမ်းလိုက်သောအခါ အတွင်းဆောင်ထဲတွင် လေအချို့တိုက်ခတ်သွားကာ မီးများငြိမ်းသွားလေသည်။ မှောင်နေသော အိပ်ဆောင်ထဲတွင် စုဝမ်က စုရွေ့ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ သူတို့နှစ်ယောက်က အမှောင်ထဲတွင် တင်းတင်းကြပ်ကြပ်ဖက်ကာ အိပ်ပျော်သွားကြသည်……။
စုဝမ်က စုရွေ့၏ထွေးပွေ့မှုများကြားတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေစဥ်၌ ယန်ယွီနော့က နန်းတွင်းတစ်လျှောက် ပြေးလွှားနေပြီး စုဝမ်အတွက် ငွေတိုးပေးရန်လိုက်လံရှာဖွေနေ၏။
“ယွီချင်း…ငါ့ကို ငွေစနည်းနည်းလောက် ထပ်ချေးနိုင်မလား”
ဝမ်ဟွားနန်းဆောင်အပြင်ဘက်တွင် ယန်ယွီနော့က မီးအိမ်ကိုကိုင်ထားကာ ယန်ယွီချင်းအား စိတ်ပူပန်နေမှုအပြည့်ဖြင့် ကြည့်နေသည်။ နေ့လည်ခင်းတွင် ချန့်ကျီးက ပိုင်မော့မော့၏စကားများကို ယန်ယွီနော့အား ပြန်ပြောပြလာခဲ့သည်။ ငွေစငါးရာဆိုသည်က တစ်လတွင်ငွေဆယ်စသာရသည့် ယန်ယွီနော့အဖို့ အလွန်များပြားလွန်းသည့် ပမာဏဖြစ်သည်။
ရှန့်ဖူနန်းဆောင်တစ်လျှောက် လိုက်လံချေးငှားခဲ့ပြီးနောက် ယန်ယွီနော့တွင် ငွေစလေးဆယ်သာရသေး၏။ ၎င်းက လိုအပ်သည့် ငွေစ၏ ဆယ်ပုံတစ်ပုံတောင်မရှိသေးချေ။ လက်ရှိတွင် သူမက ယန်ယွီချင်းကိုသာ အားကိုးနိုင်တော့မည်။
“မမ ငါတကယ်ကို အကောင်းဆုံးကြိုးစားပေးခဲ့ပြီးပြီ”
ယခုအချိန်တွင် ယန်ယွီချင်း၏ မျက်နှာ၌ ကူကယ်ရာမဲ့သည့် အမူအရာဖြစ်နေသည်။
“မမ နင်လည်း ငါတို့ရဲ့ နန်းဆောင် အခြေအနေကိုသိသင့်တယ် ဘုရင်မင်းမြတ်က ငါတို့ရဲ့ သခင်မကို မဆင့်ခေါ်တာကြာပြီ ဆုလာဘ်တွေလည်း မချီးမြှင့်တော့ဘူး သခင်မလည်း စိတ်အခြေအနေမကောင်းဖြစ်နေတယ် ငါတို့လို အစေခံတွေရဲ့ နေ့ရက်တွေက ချောချောမွေ့မွေ့နဲ့ ရွက်လွှင့်မနေဘူး…”
ယန်ယွီချင်းက ယန်ယွီနော့အား ပိုးထည်နှင့်ထုတ်ပိုးထားသည့် သေတ္တာလေးကိုပေးလိုက်၏။
“ဒါက အရင်လက သခင်မ ငါ့ကိုပေးထားတဲ့ ဆံထိုးပဲ မမ ဒါကို နန်းတွင်းအလုပ်သမားဆောင်ကို ယူသွားပြီး ကုန်းကုန်းဆီမှာ ရောင်းလိုက် ငွေစတချို့တလေတော့ရမှာပါ”
“ဒါက…ကောင်းပြီ”
ယန်ယွီနော့က တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် သေတ္တာလေးကို လက်ခံလိုက်သည်။
သူမလက်ခံလိုက်သည်ကို တွေ့သောအခါ ယန်ယွီချင်း၏မျက်လုံးများ လက်သွား၏။
“မမ တကယ်လို့ ငွေစလုံလုံလောက်လောက်ရသွားပြီး ရှင်းကျဲခူမှာ ရှောင်ဝမ်ကို သွားတွေ့တဲ့အချိန်ကျရင် ငါ့ကိုရောခေါ်နိုင်မလား ငါလည်းသူမကို စိတ်ပူတယ်”
“ကောင်းပြီ”
ယန်ယွီချင်းကလည်း စုဝမ်အပေါ် စိတ်ပူနေကြောင်းတွေ့သောအခါ ယန်ယွီနော့ ပျော်ရွှင်မိသည်။ သူတို့သုံးယောက်သားက သွေးသားမတော်စပ်သည့် ညီအစ်မသုံးယောက်ဖြစ်သော်ငြား ဤညှာတာမှုကင်းမဲ့သည့် မောင်းမဆောင်ထဲတွင် အခက်အခဲများကို တစ်ယောက်နှင့်တစ်ယောက် မှီခိုအားထားကာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြသည်။ ၎င်းက ယန်ယွီနော့အလိုချင်ဆုံးအရာဖြစ်သည်။
“မမ ငါဝင်တော့မယ် ငါအပြင်ထွက်တာကြာရင် သခင်မ ဒေါသထွက်သွားလိမ့်မယ်”
သူမ၏ရည်မှန်းချက်ပြည်သွားသည်ကို တွေ့သောကြောင့် ယန်ယွီချင်းက ယန်ယွီနော့ကို နှစ်သိမ့်သည့်သဘောဖြင့် ကျောကိုပုတ်ပေးကာ နန်းဆောင်အတွင်းသို့ ဖြေးညင်းစွာ ပြန်ဝင်သွားတော့သည်။
ယန်ယွီနော့က ယန်ယွီချင်း၏ပုံရိပ်လေးပျောက်သွားသည်အထိ ကြည့်နေပြီးမှ သူမလည်းရှန့်ဖူနန်းဆောင်ဆီသို့ ပြန်လာလိုက်သည်။
အထီးကျန်နေသည့်ပုံရိပ်လေးတစ်ခုက အေးစက်နေသည့် လမ်းတစ်လျှောက် လျှောက်လာနေသည်။ ယန်ယွီနော့က စုဝမ်အကြောင်းကိုသာ တွေးနေမိ၏။ စုဝမ်က ရှင်းကျဲခူတွင် နေ့တိုင်း ပင်ပန်းဆင်းရဲစွာ နေထိုင်နေရသည်ကို တွေးမိလိုက်သောကြောင့် သေတ္တာပေါ်မှ သူမ၏လက်များက တင်းကြပ်သွားသည်။
“အစ်မယွီနော့”
ကြည်လင်နေသောအသံက ယန်ယွီနော့၏အတွေးများကို နှောင့်ယှက်လိုက်သည်။ ယန်ယွီနော့က ရှန့်ဖူနန်းဆောင်သို့ ပြန်ရောက်လာကြောင်းနှင့် သူမကိုခေါ်လိုက်သည့် အသံပိုင်ရှင်က ရှန့်ဖူနန်းဆောင်သို့ နေ့လည်ကမှ ရောက်လာသည့် ရွှီပင်းယွဲ့ဖြစ်နေကြောင်း သတိထားမိသွား၏။
“ပင်းယွဲ့ မအိပ်သေးဘူးလား”
“နည်းနည်းလေးပျော်နေလို့ အိပ်မပျော်ဘူးဖြစ်နေတာ”
ရွှီပင်းယွဲ့က ယန်ယွီနော့ကိုပြုံးပြလာ၏။
"ကျွန်မ ရှန့်ဖူနန်းဆောင်ကိုဝင်လာနိုင်တာ အစ်မယွီနော့ရဲ့ ကျေးဇူးကြောင့်ပါ အနာဂတ်မှာ အစ်မယွီနော့က ကျွန်မရဲ့ အစ်မပဲ”
ပြောနေရင်းနှင့် ပင်းယွဲ့က ယန်ယွီနော့၏ လက်ကို ပွေ့ဖက်လာသည်။
ရှန့်ဖူနန်းဆောင်တွင် လူများစွာရှိသော်လည်း လျောင်စီးရီက ယန်ယွီနော့အပေါ်တွင်သာ အမြင့်ဆုံးမှန်းထားသည်။ အထူးသဖြင့် စုရွေ့က စုဝမ်နှင့် ယန်ယွီနော့တို့ကို ဆန့်ကျင်နေသည့် လူလေးယောက်ကို သတ်လိုက်ပြီးနောက်ပိုင်းတွင် သိသိသာသာနှင့် သူမကို အရေးပေးလာ၏။ ဤသို့နှင့် ရှန့်ဖူနန်းဆောင်တွင် ယန်ယွီနော့၏ အဆင့်အတန်းက မြင့်တက်သွားလေသည်။
ရွှီပင်းယွဲ့က ယခုလေးတင်မှ ရောက်လာသူဖြစ်သော်လည်း အစေခံငယ်လေး၏ စူးစမ်းနိုင်စွမ်းတို့က နိမ့်ကျမနေပေ။ ယခုတွင်ပင် သူမက စိတ်ထဲ၌ အစီအစဥ်များချမှတ်ထားလိုက်ပြီဖြစ်သည်။ ပထမဆုံး သူမ ယန်ယွီနော့၏ ပေါင်ကို ဖက်တွယ်ထားရမည်...။
“ငါဘာမှမလုပ်ခဲ့ရပါဘူး ဒါပေမယ့် အနာဂတ်မှာ အခက်အခဲ တစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ငါ့ကိုလာပြောလေနော်”
ယန်ယွီနော့က ရွှီပင်းယွဲ့ကို အားတင်း၍ ပြုံးပြလိုက်သော်လည်း သူမ၏အသံက ယခင်ကကဲ့သို့ပင် စိတ်ရင်းမှန်နေဆဲဖြစ်၏။
သိပ်မကြာခင်တွင် ရွှီပင်းယွဲ့က ယန်ယွီနော့မှာ တစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။ သူမက ခေတ္တနှုတ်ဆိတ်နေကာ အကြောင်းအရင်းကို စဥ်းစားလိုက်၏။
“အစ်မ...အစ်မစုဝမ်ကို စိတ်ပူနေတာလား”
“အင်း”
ယန်ယွီနော့သက်ပြင်းချလိုက်ကာ လက်ထဲမှ သေတ္တာလေးကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်သည်။
“ငါစုဝမ်ကို ကူညီချင်တယ် ဒါပေမယ့် ငွေစလိုနေတုန်းပဲ ငါ...”
“အစ်မ...ဒါက ကျွန်မမိသားစုပိုင်တာအားလုံးပါ”
ယန်ယွီနော့စကားဆုံးအောင်ပင်မစောင့်ဘဲ ရွှီပင်းယွဲ့က သူမ၏ငွေအိတ်လေးကို ပေးလာသည်။
“ပင်းယွဲ့ ဒါက...”
ယန်ယွီနော့က ရွှီပင်းယွဲ့ကို တအံ့တဩနှင့်ကြည့်လိုက်မိသည်။
“အစ်မက လူကောင်းတစ်ယောက်ပါ အစ်မစုဝမ်လည်းလူကောင်းတစ်ယောက်ပဲ ကျွန်မလည်း သူမကိုကူညီချင်တယ် ကျွန်မမှာလည်း ငွေစအများကြီးမရှိပါဘူး ဒါပေမယ့် သူမကိုကူညီဖို့တော့ လုပ်ပေးချင်တယ်”
ရွှီပင်းယွဲ့က လေးလေးနက်နက်နှင့် ပြောလာရာ ယန်ယွီနော့အား ရွှီပင်းယွဲ့က လရောင်အောက်တွင် ဖြူစင်စွာ တည်ရှိနေသည့် ကလေးတစ်ယောက်အဖြစ် ခံစားမိလိုက်သည်။
ရွှီပင်းယွဲ့၏ငွေစများကို လက်ခံပြီးနောက် ယန်ယွီနော့က ရွှီပင်းယွဲ့အား ညီမတစ်ယောက်ကဲ့သို့ဆက်ဆံကာ အကြောင်းအရာတို့ကို ချွင်းချက်မရှိ အလုံးစုံပြောပြလေသည်။
ငွေစငါးရာလိုအပ်ကြောင်းကိုကြားသောအခါ ရွှီပင်းယွဲ့ပင် မှင်သက်မိသွားသည်။
ဒါပေမယ့်...နန်းတွင်းအစေခံတွေမှာ ဒီလောက်ငွေပမာဏမရှိဘူးဆိုပေမယ့် တခြားလူတွေမှာမရှိဘူးလို့ မဆိုလိုဘူးမလား...။
“အစ်မယွီနော့ ဒီငွေပမာဏကိုထုတ်ပေးနိုင်တဲ့လူတစ်ယောက်ကို ကျွန်မသိတယ် ဒါပေမယ့် သူချေးမချေးတော့ မသေချာဘူး”
“ဘယ်သူလဲ”
ရွှီပင်းယွဲ့ပြောလာသောအခါ ယန်ယွီနော့က ခေါင်းကိုငုံ့၍ သူမ၏အဖြေကို စောင့်နေမိသည်။
“လုမုရွှင်...နန်းတွင်းသမားတော်လု”
ရွှီပင်းယွဲ့က လုမုရွှင်အမည်ကို တိုးတိုးလေးပြောလာသည်။ သူမစကားများကိုကြားပြီးနောက် ယန်ယွီနော့က လုမုရွှင်၏ ချောမောသည့်မျက်နှာကိုတွေးမိသွားသည်။ သူ....။
သူနဲ့တစ်ခါပဲတွေ့ဖူးပေမယ့် နန်းတွင်းအစေခံတော်တော်များများက သူ့ကို လူကောင်းတစ်ယောက်လို့ ပြောကြတယ် ဒီလောက်ငွေပမာဏကို သူမကို ချေးပါ့မလား...။
“အစ်မယွီနော့ ကျွန်မကတော့ သမားတော်လုက လူကောင်းတစ်ယောက်လို့ထင်တယ် ပြီးတော့ အစ်မနေမကောင်းဖြစ်တုန်းက သူပဲ ကုပေးခဲ့တာလေ သူအစ်မကို ခုတစ်ခေါက် ကူညီ၊မကူညီကိုတော့ မနက်ဖြန် နန်းတွင်းဆေးကုသဆောင်ကို သွားပြီး သူ့ကိုတွေ့ကြရင်ရော...”
ရွှီပင်းယွဲ့က ယန်ယွီနော့တစ်ယောက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကိုတွေ့သောအခါ သူမကို စည်းရုံးရန် အခွင့်အရေးယူလိုက်လေသည်။ တကယ်တမ်းတွင် လုမုရွှင်အား ထိုနေ့က နန်းတွင်းဆေးကုသဆောင်တွင် တွေ့လိုက်သည့်အချိန်မှစ၍ ရွှီပင်းယွဲ့က သူ့ကိုသဘောကျမိခဲ့တာဖြစ်သည်။
ရွှီပင်းယွဲ့က ဘုရင်မင်းမြတ်ကိုမမြင်ဖူးပေ။ သို့သော် နန်းတွင်းသမားတော်လုက ချောမောခန့်ညားကာ ပြောင်မြောက်သည့် ဆေးပညာအရည်အချင်းများလည်းရှိသည်။ သူ့အဆင့်အတန်းမြင့်သည်ကိုတော့ ထည့်မပြောလေနှင့်။ သူမသာ သူ့ကိုလက်ထပ်နိုင်ပါက ဤအေးစက်သည့် မောင်းမဆောင်မှ ထွက်သွားနိုင်ရုံသာမက သူမ၏ ကျန်ရှိနေသည့် ဘဝတစ်လျှောက်ကိုလည်း စိုးရိမ်ပူပန်စရာမလိုဘဲ နေနိုင်လိမ့်မည်ပင်။
____🚩