Chapter 178
Viewers 8k

🚩Chapter - 178

Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 14 ]


_____



နေ့လည်ဘက်တွင် ရာသီဥတုက ပူလောင်နေ၏။


ယန်ယွီနော့က အတူခေါ်လာရန် ကတိပေးထားသည့် ရွှီပင်းယွဲ့နှင့် ယန်ယွီချင်းတို့ကိုခေါ်၍ ချန့်ကျီးအနောက်မှ ရှင်းကျဲခူသို့လိုက်လာခဲ့သည်။ ပိုင်မော့မော့က ချန့်ကျီးနှင့် ကြို၍အချိန်ညှိထားသောကြောင့် ရှင်းကျဲခူနန်းဆောင်ဝန်းထဲတွင် စောင့်နေ၏။ သူမက အတော်လေးကြာအောင် ရပ်နေစောင့်ခဲ့သည်။


“မော့မော့”


ချန့်ကျီးက သူ၏မြင်းမြှီးကြာပွတ်ကို လွှဲယမ်း၍ ပိုင်မော့မော့ကို ပြုံးပြလိုက်သည်။ 


“ဒီမိန်းကလေးတွေက စုဝမ်ရဲ့ ညီအစ်မတွေပါ စုဝမ်ကိုသွားတွေ့ဖို့ သူမတို့ကိုလည်း အတူခေါ်သွားလို့ဖြစ်တယ်မလား”


“အိုင်း ဒါက ခွင့်ပြုလေ့ရှိတာတော့မဟုတ်ဘူး”


ပိုင်မော့မော့က ကသိကအောက်ဖြစ်စေသည့် အခြေအနေတစ်ခုအဖြစ် ဟန်ဆောင်လိုက်၏။ 


“ဒါပေမယ့် ချန့်ကုန်းကုန်းက တောင်းဆိုလာမှတော့ ဒီအစေခံက မျက်နှာသာပေးလိုက်ပါ့မယ် အခုလောလောဆယ် နန်းဆောင်ထဲမှာ လူသိပ်မရှိဘူး စုဝမ်လည်းအခုလေးတင်ပြန်ရောက်တာ ဝင်သွားလိုက်ပါ မြန်မြန်လေးလုပ်ဖို့တော့ သတိရကြပါနော်”


ထို့နောက် ပိုင်မော့မော့က ရှင်းကျဲခူမှ အစေခံတစ်ယောက်ကိုခေါ်လိုက်၏။ 


“ယွဲ့မေ သူတို့ကို စုဝမ်နဲ့တွေ့ဖို့ခေါ်သွားပေးလိုက်”


ယွဲ့မေက ပိုင်မော့မော့ လူယုံဖြစ်သည်။ ပိုင်မော့မော့၏စကားများကိုကြားသောအခါ သူမက ချက်ချင်း အရှေ့သို့တိုးလာလိုက်သည်။ 


“အစ်မတို့ ကျွန်မအနောက်ကလိုက်ခဲ့ပါ”


အသက်အရ ယွဲ့မေက ယန်ယွီနော့ထက် အသက်အများကြီးပိုကြီးသော်လည်း မောင်းမဆောင်က အဆင့်အလိုက် ဆက်ဆံသော နေရာတစ်ခုဖြစ်သည်။ အဆင့်မြင့်နန်းတွင်းအစေခံများအရှ့တွင် ရှင်းကျဲခူမှလူများက သူတို့ကို တရိုတသေနှင့် အစ်မတို့၊ အစ်မကြီးတို့ ဟူ၍သာသုံးနှုန်းနိုင်သည်။ 


စုဝမ်က အတွင်းကျဆုံးအခန်းတွင်နေသောကြောင့် ယွဲ့မေက လူသုံးယောက်ကို ရှင်းကျဲခူ၏အတွင်းဘက်သို့ ခေါ်လာလိုက်သည်။ ပင်ပန်းနွမ်းနယ်ကာ ညစ်ပေနေသော အစေခံများကိုကြည့်ရင်း ယန်ယွီချင်းနှင့် ရွှီပင်းယွဲ့တို့က မျက်မှောင်ကြုတ်လိုက်ကြ၏။ ယန်ယွီနော့ပင် မျက်နှာ၌ အဆင်မပြေသည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။ 


“ညီမလေးယွဲ့မေ စုဝမ်က ရှင်းကျဲခူမှ ဘာတွေလုပ်ရလဲ အရမ်းပင်ပန်းရလား”


ယန်ယွီနော့က မနေနိုင်ဘဲ စုဝမ်၏လက်ရှိအခြေအနေကို မေးမြန်းလိုက်သည်။ ဤနေရာတွင် စုဝမ်က သူမ၏ နေ့ရက်များကို မည်သို့ဖြတ်သန်းနေရကြောင်း ယန်ယွီနော့အလွန် စိုးရိမ်တကြီးဖြစ်မိ၏။ ယန်ယွီနော့၏မေးခွန်းကိုကြားသောအခါ ယွဲ့မေက ခါးသက်စွာပြုံးလိုက်၏။ 


“ဒီကအစ်မတို့ ကျွန်မတို့ ရှင်းကျဲခူက လူတွေက အနိမ့်ကျဆုံးနဲ့ အပင်ပန်းဆုံးအလုပ်တွေကိုလုပ်ရတာပါ အသစ်ရောက်လာတဲ့သူတွေက ပုံမှန်အားဖြင့် ညဘက်ကို နံ့သာတွေထွန်းရတယ် အဆောင်သုံးခုက အိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတယ် နောက် အဆောင်ခြောက်ခုက ပေါင်းပင်တွေကို ရှင်းလင်းပေးရတယ် အတိုချုပ်ရရင် ကျွန်မတို့ရဲ့အသက်တွေက အရေးမပါဘူးလေ အဲ့တော့ ခက်ခဲတယ်၊ ပင်ပန်းတယ်လို့ ညည်းညူနိုင်ခွင့်ဘယ်လိုလုပ်ရှိပါ့မလဲ”


ယွဲ့မေ၏စကားများကိုကြားပြီးနောက် ယန်ယွီနော့၏မျက်နှာက ဖြူဖျော့သွားသည်။ ယန်ယွီချင်းနှင့် ရွှီပင်းယွဲ့တို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြပြီး မသိစိတ်အရ ကြက်သီးထသွားကြသည်။ ဤရှင်းကျဲခူက သေချာပေါက် လူနေလို့ရသည့် နေရာမဟုတ်ပေ။


“ကျွန်မတို့ရောက်ပြီ”


ယွဲ့မေ၏ခြေလှမ်းများက အိုဟောင်း၍ပျက်စီးနေသော အဆောင်အရှေ့တွင် ရပ်သွား၏။ 


“ဒီနေရာက စုဝမ်နေတဲ့နေရာပါ သူမက နောက်ဆုံးရောက်လာသူမို့လို့ ဒီလိုအဝေးဆုံးနှင့် အညစ်ပေဆုံးနေရာမှာသာ နေနိုင်ပါတယ် မဝင်ခင် စိတ်ကိုပြင်ဆင်ထားတာကောင်းပါလိမ့်မယ်”


ယွဲ့မေက သူတို့သုံးယောက်ကို လေးနက်သည့် အကြည့်တစ်ချက်ပေးလိုက်ကာ ခေါင်းခါ၍ ထွက်သွားတော့သည်။ 


“မမ”


ပျက်စီးနေသော သစ်သားတံခါးကိုကြည့်ရင်း ယန်ယွီချင်းက ယန်ယွီနော့၏ အင်္ကျီစကို လှမ်းဆွဲလိုက်သည်။ 


ယန်ယွီနော့က အသက်ပြင်းပြင်းရှူလိုက်ကာ အရှေ့သို့တိုး၍ သစ်သားတံခါးကို တွန်းဖွင့်လိုက်၏။ 


ကျွီ…


တံခါးကိုတွန်းဖွင့်ရာမှ ထွက်လာသည့်ဖုန်မှုန့်များကြောင့် သုံးယောက်လုံး ချောင်းဆိုးကြတော့သည်။


အဟွတ် အဟွတ်…။


သူတို့၏ချောင်းဆိုးသံများက အခန်းထဲမှလူကို သတိပေးလိုက်သလိုဖြစ်သွားလေသည်။


“အစ်မယွီနော့…ဘယ်လိုလုပ်အကုန်လုံးရောက်လာတာလဲ”


အခန်းက အတော်လေး ကျဥ်းမြောင်းသည်။ အခန်းထဲတွင် ရှိနေသည့် ပရိဘောဂများမှာ နံရံကိုကပ်ထားသည့် သေးငယ်သော သစ်သားကုတင်အဟောင်းလေးတစ်ခု၊ ခြေတစ်ချောင်းမရှိသည့် စားပွဲခုံနှင့် သစ်သားထိုင်ခုံတို့သာ ဖြစ်သည်။ 


ထိုအချိန်တွင် စုဝမ်က သစ်သားကုတင်ပေါ်တွင်ထိုင်နေကာ ခေါင်းငုံ့၍ သူမကိုယ်သူမ ဆေးလိမ်းနေသည်။ တံခါးမှ လှုပ်ရှားသံတို့ကို ကြားသောအခါ သူမက ခေါင်းမော့လာပြီး လူသုံးယောက်ကို အံ့ဩတကြီးနှင့် ကြည့်လာသည်။ 


“ရှောင်ဝမ်”


စုဝမ်၏အကြည့်များနှင့် ဆန့်ကျင်ဘက်တွင် ယန်ယွီနော့၏မျက်လုံးများက ချက်ချင်းနီရဲလာတော့သည်…။


လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျန်းမာပြီး လှလှပပရှိနေတဲ့ စုဝမ် ဘယ်ရောက်သွားတာလဲ…။


လက်ရှိတွင် သူမက ပါးလွှာပြီးကြမ်းတမ်းသော အစေခံဝတ်စုံကိုဝတ်ဆင်ထားကာ ဆံပင်ရှည်များကလည်း ကြမ်းခြောက်ပြီး ရှုပ်ပွနေသည်။ ယခင်က ဖြူဖွေးနူးညံ့နေခဲ့သော သူမ၏မျက်နှာသည်လည်း ယခုတွင် ညစ်ပတ်ပေရေနေသည်။ 


“ရှောင်ဝမ် လက်မောင်းကဘယ်လိုဖြစ်တာလဲ”


ယန်ယွီနော့၏အကြည့်များက စုဝမ်၏မျက်နှာဆီမှ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ထိုအခါမှသာ လက်မောင်းနေရာတွင် ရှည်လျားသည့် သွေးကွက်ကြီးရှိနေကြောင်း သတိထားမိသွားသည်။ ထိုအချိန်တွင် ဒဏ်ရာမှသွေးများက ခဲနေသည့်ပုံပင်ပေါ်နေသည်။ ထိုကဲ့သို့ ကြီးမားသည့်ဒဏ်ရာကိုမြင်လိုက်ရသောကြောင့် ယန်ယွီနော့မှာ ငိုရန်အသံပင်မထွက်နိုင်တော့‌ချေ။ သူမအနောက်ရှိ ရွှီပင်းယွဲ့ပင် ကြောက်လန့်မှုကြောင့် မျက်နှာလွှဲလိုက်ရသည်။ 


“စိတ်မပူပါနဲ့”


စုဝမ်က ယန်ယွီနော့၏အမူအရာကြောင့် အလွန်စိတ်ကျေနပ်နေမိသည်။ သူမက ယန်ယွီနော့ကို ဖျော့တော့စွာ ပြုံးပြလိုက်၏။ 


“မနက်ကအလုပ်လုပ်ရင်း မတော်တတဆထိခိုက်မိတာပါ ဘာမှမဟုတ်ပါဘူး ဒီရက်တွေမှာ ခဏခဏ ထိခိုက်မိတယ်လေ တဖြည်းဖြည်းနေသားကျသွားရင် အဆင်ပြေသွားမှာပါ”


စုဝမ်က ကျင်းချွမ်ဆေးအမှုန့်များကို သူမ၏ဒဏ်ရာပေါ်သို့ အုပ်လိုက်သည်။ ထိုတခဏတွင် သူမခံစားရသည့် နာကျင်မှုက မျက်နှာတစ်ခုလုံးကို ဖြူဖျော့သွားစေပြီး သူမနဖူးတွင် ချွေးအလွှာလေးတစ်ခု ဖြစ်ပေါ်လာစေသည်။ 


“ရှောင်ဝမ် ငါဆေးကူလိမ်းပေးမယ်”


စုဝမ်တစ်ယောက် သူမကိုယ်သူမဆေးလိမ်းရန် အဆင်မပြေဖြစ်နေသည်ကို တွေ့သောကြောင့် ယန်ယွီနော့က ဆေးကူလိမ်းပေးရန် အနားသို့ တိုးသွားလိုက်သည်။ သူမအနောက်မှ ယန်ယွီချင်းနှင့် ရွှီပင်းယွဲ့တို့လည်း တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကာ ကုတင်ဆီသို့ သွားလိုက်ကြသည်။ သူတို့သုံးယောက်က စုဝမ်၏ ဒဏ်ရာကို ဆေးထည့်ပေးရန် သေးငယ်သော ကုတင်ဘေးတွင် နေရာယူလိုက်ကြ၏။ ယန်ယွီချင်းက သူမဝတ်ရုံထဲမှ သန့်ရှင်းသော ပုဝါတစ်ခုထုတ်လိုက်ပြီး စုဝမ်၏လက်မောင်းကို စည်းနှောင်ပေးလိုက်သည်။


အားလုံးပြီးစီးသွားပြီးနောက် ယန်ယွီနော့က ကုတင်ပေါ်တွင်ထိုင်ကာ စုဝမ်၏လက်ကို ဆွဲယူလိုက်သည်။ 


“ရှောင်ဝမ် ငါတောင်းပန်ပါတယ် ငါ့ကြောင့်နဲ့ တော်တော်လေးခံစားနေရပြီ နင့်ကိုဒီကထုတ်ပေးဖို့ ငါနည်းလမ်းရှာပါ့မယ် ငါနင့်ကို သေချာပေါက်ကယ်ပေးမယ်” 


“အစ်မယွီနော့ ကျွန်မ အစ်မကိုယုံပါတယ် အစ်မက ကျွန်မရဲ့အစ်မအရင်းလိုပဲလေ မောင်းမဆောင်ထဲမှာ အစ်မက ကျွန်မ အချစ်ဆုံးလူပဲ ယွီချင်းလည်းအတူတူပဲ”


စုဝမ်၏အကြည့်များက ယန်ယွီနော့နှင့် ရွှီပင်းယွဲ့ တို့အပေါ်သို့ ကျရောက်သွားသည်။ 


“ယွီချင်းနဲ့ ပင်းယွဲ့တို့ကလည်း လူကောင်းတွေပါပဲ သူတို့နဲ့ဆုံခွင့်ရပြီး ညီအစ်မတွေဖြစ်လာလို့ တကယ်ပျော်ရွှင်မိတယ်”


“အစ်မရှောင်ဝမ် ဒါတွေအားလုံးက ကျွန်မတို့ လုပ်ပေးရမှာတွေပါ”


ယွီချင်းပြောလာမည်ကိုမစောင့်ဘဲ ရွှီပင်းယွဲ့က အရှေ့သို့တိုးကာ စုဝမ်၏အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်၏။ 


“ကျွန်မက ရှန့်ဖူနန်းဆောင်ရဲ့ သာမန်အစေခံလေးတစ်ယောက်ပါ ဒါပေမယ့် အစ်မရှောင်ဝမ်... ကျွန်မနဲ့ အစ်မယွီနော့လည်း အစ်မကိုကယ်ဖို့ သေချာပေါက် နည်းလမ်းရှာပါ့မယ် ကျွန်မတို့ကို စောင့်နေရမယ်နော်”


“အင်း”


ရွှီပင်းယွဲ့၏စကားများကိုကြားပြီးနောက် စုဝမ်၏မျက်လုံးများက အရောင်တောက်သွားပြီး ခေါင်းညိတ်လိုက်သည်။


တချိန်လုံး တိတ်ဆိတ်နေခဲ့သော ယန်ယွီချင်းက စကားပြောချင်သော်လည်း ရွှီပင်းယွဲ့က ခဏခဏဖြတ်၍ ပြောနေသောကြောင့် သူမကအနောက်တွင် စူပုတ်ပုတ်နှင့် ရပ်နေကာ ရွှီပင်းယွဲ့ကို မှန်းဆ၍မရနိုင်သည့် အကြည့်များနှင့် ကြည့်နေလိုက်သည်။ 


ပိုင်မော့မော့က လူတစ်ယောက်ကိုလွှတ်၍ စုဝမ်ကိုအလုပ်ပြန်လုပ်ရန်စေခိုင်းလိုက်သောကြောင့် ညီအစ်မလေးယောက်က စကားကြာကြာမပြောလိုက်ရချေ။ 


စုဝမ်၏သေးသွယ်ပြီး ပိန်ပါးသည့် ခန္ဓာကိုယ်လေးက လေးလံသည့်သစ်သားစည်ကိုသယ်၍ လှုပ်လီလှုပ်လဲ့နှင့် ထွက်သွားသည်ကိုကြည့်ရင်း သူမ၏နောက်ကျောပုံရိပ်လေးက ယန်ယွီနော့၏ နှလုံးသားထဲတွင် စွဲထင်ကျန်ရစ်နေတော့သည်။ 


၎င်းက ညီအစ်မကောင်းဆိုသည်ပင်။ သူတို့က မင်းအတွက် အသက်ကိုတောင်စတေးနိုင်ပြီး အမြဲလည်း သစ္စာရှိသည်။


ရှောင်ဝမ်…ငါ၊ယန်ယွီနော့ နင့်ရဲ့ကျေးဇူးတွေကို ငါ့ရဲ့ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးအမှတ်ရသွားပါ့မယ် ပြီးတော့ နင်ကငါ့ရဲ့ ညီမဆိုတာကိုလည်း အမြဲသတိရပါ့မယ်…။


သူမ၏နှလုံးသားအောက်ခြေမှ စုဝမ်အတွက်ပြန်ပေးဆပ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယန်ယွီနော့၏မျက်လုံးများက ထွက်သွားသည့်အချိန်တွင် လုံးဝဆုံးဖြတ်ချက်ပြတ်သားနေသည်။ သူမနည်းလမ်းရှာရမည်။ သူမသေချာပေါက် နည်းလမ်းတစ်ခုခုရှာရမည်။


ယန်ယွီနော့နှင့်အခြားလူများထွက်သွားပြီးနောက် စုဝမ်က သူမ၏အခန်းသို့ ပြန်လာလိုက်သည်။ လေးလံသည့် သစ်သားစည်က ယွဲ့မေ၏သယ်ဆောင်ခြင်းခံလိုက်ရ၏။ ပိုင်မော့မော့က စုဝမ်၏သွေးထွက်နေဆဲဖြစ်သည့် ဒဏ်ရာကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ 


“သခင်မစု… အထိန်းတော်ဝမ်ကို ခေါ်ဖို့ ဘာလို့ ခွင့်မပြုပေးရတာပါလဲ”


ပိုင်မော့မော့၏မျက်လုံးထဲတွင် ဤသခင်မစုက တော်ဝင်ဆန်သည်သာမက တော်ဝင်ဆန်သည်ထက် ပို၍ပင် အဖိုးတန်လေသည်။ ထိုကဲ့သို့ အဆင့်အတန်းနှင့် သူမက သူမကိုယ်သူမ ဒဏ်ရာဖြစ်အောင်လုပ်ရမည်ဟု ပြောပြီးသည်နှင့် ချက်ချင်း ဤမျှလောက် ကြီးသည့် ဒဏ်ရာကို ဖြစ်စေလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကိုယ်သူ ဤကဲ့သို့ အညှာအတာမရှိ ဆက်ဆံသည်ကို မြင်ဖူးသည်မှာ ပိုင်မော့မော့အတွက် ယခုက ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ 


မောင်းမဆောင်ထဲတွင် လှည့်ကွက်များစွာနှင့် မိန်းမများစွာရှိသော်လည်း အများစုက ဒေါသတကြီးပြုမူကြပြီး အခြားသူများကို အကွက်ချကြံစည်ရန် စဥ်းစားနေကြသူများသာဖြစ်သည်။


ကိစ္စတွေကိုလိုသလိုဖြစ်စေဖို့ လူဘယ်နှယောက်ကများ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သုံးဖို့ စဥ်းစားဖူးကြလို့လဲ...။


သူတို့ရဲ့ ခန္ဓာကိုယ်တွေက အဖိုးတန်တာကိုး...။ 


“ဝမ်ရိကို မခေါ်ပါနဲ့ ပိုင်‌မော့မော့သာ နန်းတွင်းဆေးကုသဆောင်ကိုသွားပြီး ကျွန်မအတွက် အနာသက်သာစေတဲ့ ဆေးလေးတွေ သွားယူပေးရင်ကောင်းမှာပဲ”


စုဝမ်က လက်မောင်းရှိ ဒဏ်ရာကို ငုံ့ကြည့်လိုက်၏။ ဒဏ်ရာကအလွန်ရှည်ပြီး သွေးများထွက်နေသောကြောင့် အတော်လေး ကြည့်ရဆိုးနေသည်။ တကယ်တမ်းတွင် စုဝမ်က ထိုကဲ့သို့ဖြစ်ရန် တိတိကျကျချိန်ရွယ်ခဲ့သောကြောင့် ဒဏ်ရာကအရမ်းမနက်ချေ။ သွေးထွက်ခြင်းနှင့် အမြင်ဆိုးသည်မှလွဲ၍ ထိုကဲ့သို့သော ဒဏ်ရာမျိုးက မထင်မရှားအမာရွတ်လေးသာ ကျန်ခဲ့လိမ့်မည်။ 


စုဝမ်က ထိုအမာရွတ်ကိုသုံး၍ ယန်ယွီနော့အား သူမမည်မျှပင်ပန်းဆင်းရဲခဲ့ကြောင်း အမှတ်ရနေစေလိုသည်။ ထိုကဲ့သို့ ယန်ယွီနော့၏ ဖြူစင်သည့်အကျင့်စရိုက်နှင့်ဆိုလျှင် သူမကဘယ်တော့မှ စုဝမ်လက်ဖဝါးထဲမှ တစ်သက်လုံး ရုန်းထွက်၍ ရတော့မည်မဟုတ်ချေ။ 


သေချာပေါက် စုဝမ်၏ရည်ရွယ်ချက်က ယန်ယွီနော့အား ကျန်ရှိနေသည့်တစ်ဘဝလုံး သူမကို နာခံလာအောင် ပြုလုပ်ရန်ဖြစ်သည်။ သူမက ယန်ယွီနော့အား လူတွေပြောကြသည့် “ခင်မင်မှု” အတွက် အခက်အခဲများကို ခံစားရကာ သူမ၏ဘဝကို စတေးခံစေချင်၏။


_____


🚩