🚩Chapter -179
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 15 ]
_____
ညအချိန်တွင် စုရွေ့က အချိန်ကိုက် ရှင်းကျဲခူသို့ရောက်လာခဲ့သည်။ သို့သော် ပထမဆုံးအကြိမ်အဖြစ် စုဝမ်က သူ့ကိုစောင့်မနေဘဲ အိပ်ပျော်နေလေသည်။ သူမက သေးငယ်သည့် ကုတင်လေးပေါ်တွင် လှပပြောင်မြောက်သည့် ပိုးသားစောင်ကိုခြုံ၍ ဘေးတစောင်းလေးအိပ်ပျော်နေ၏။
“ဇနီးလေး”
စုရွေ့က ကုတင်ပေါ်သို့ ကိုယ်ကိုကိုင်းလိုက်ရင်း စုဝမ်ကို ညင်သာစွာ ခေါ်လိုက်သည်။ ကုတင်ပေါ်မှလူက တုံ့ပြန်မလာချေ။
အရမ်းပင်ပန်းသွားလို့များ ဒီလောက်ထိအိပ်ပျော်နေတာလား...။
စုရွေ့က လက်မြှောက်၍ စုဝမ်၏ဆံပင်များကို သပ်တင်လိုက်သည်။ ထို့နောက် ညင်သာစွာဖြင့် ခေါင်းငုံံ့လိုက်ကာ စုဝမ်၏ပါးကို နမ်းလိုက်သည်။
“ကောင်းကောင်းအိပ်ပါ”
ပြောပြီးသည်နှင့် သူကလှည့်သွားကာ ဟောင်းနွမ်းနေသည့် တံခါးကိုဖွင့်၍ ခြေရာမချန်ဘဲ တိတ်တဆိတ်ထွက်သွားလေသည်။
စုရွေ့ထွက်သွားပြီးနောက် စုဝမ်က မျက်လုံးများကို ဖြေးညင်းစွာ ဖွင့်လာသည်။
သူမက သက်ပြင်းချလိုက်ပြီး စောင်ထဲမှ လက်ကိုထုတ်လိုက်၏။ သူမ၏အကြည့်များက လက်မောင်းရှိဒဏ်ရာပေါ်သို့ ရောက်ရှိသွားသည်။ ညနေတုန်းက စုဝမ်သည် ပိုင်မော့မော့ကို အခန်းထဲတွင် နံ့သာတိုင်အချို့ကို ထွန်းရန်စေခိုင်းခဲ့ပြီး ညစာစားပြီးနောက်ပိုင်းတွင်လည်း သူမ၏ဒဏ်ရာကို ဆေးထည့်မပေးရန် ပြောခဲ့သည်။
စုရွေ့ကအလွန်စူးရှသည့် သတိရှိသောကြောင့် သူမ၏ဒဏ်ရာအကြောင်းသိသွားမည်ကို စုဝမ်စိုးရိမ်မိသည်။ ထို့ကြောင့် ယခုလို လှည့်ကွက်များသုံးလိုက်ရခြင်းသာ။
သူမက သူ့ကိုစိတ်မပူစေချင်သလို၊ ဝမ်းလည်းမနည်းစေချင်ပေ။ ဤဒဏ်ရာသေးသေးလေးက သူမအတွက် ပမွှားလေးပင်။
နန်းတွင်းဆေးကုသဆောင်မှ ပိုင်မော့မော့ ယူလာပေးသည့် ဆေးမှုန့်ကို ခေါင်းအုံးအောက်မှ ထုတ်လိုက်ရင်း စုဝမ်က ဂရုတစိုက်နဲ့ ဝတ်ရုံကိုချွတ်ကာ လက်မောင်းမှ ဒဏ်ရာကိုဆေးထည့်ရန်ပြင်လိုက်သည်။ ယခုတွင် ဒဏ်ရာက သွေးမထွက်တော့ပေ။ ထို့အပြင် ဒဏ်ရာအတွက် ပတ်တီးကိုလည်း နေ့လည်တုန်းက တစ်ခါလဲထားခဲ့ပြီးဖြစ်သည်။
စုဝမ်က အံကြိတ်ရင်း အခြားလက်တစ်ဖက်ဖြင့် ဒဏ်ရာပေါ်မှ ပတ်တီးစကိုဖြေလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် သူမ၏ လက်ကောက်ဝတ်က ဖမ်းဆုပ်ခံလိုက်ရသည်။
စုဝမ် တုန်လှုပ်သွားပြီး ထိတ်လန့်နေသောမျက်လုံးများက စုရွေ့၏ အဆုံးမရှိနက်မှောင်နေသည့် အကြည့်များနှင့် တွေ့ဆုံသွားသည်။
“ကိုယ့်ကိုလှည့်စားချင်တယ်ပေါ့ စုဝမ်...မင်းအတွေ့အကြုံနုနေသေးတယ်”
အခန်းထဲတွင် နံ့သာနံ့များပျံ့လွင့်နေသော်လည်း သူမ၏ကိုယ်မှ သွေးနံ့ကို မဖုံးကွယ်နိုင်ပေ။ သူထွက်မသွားခင် ကုန်း၍ စုဝမ်ကိုနမ်းလိုက်ချိန်၌ ခေါင်းအုံးအောက်မှ ဆေးမှုန့်ထုပ်ကို စုရွေ့ချက်ချင်း သတိထားမိခဲ့သည်။ သူက သူမ၏ ဖုံးကွယ်ထားမှုများကို ဖမ်းရန် တမင် လျစ်လျူရှု၍ထွက်သွားခဲ့သည်။
သူမဒဏ်ရာအား စုရွေ့ထံမှ ဖုံးကွယ်ထား၍မရကြောင်းသိသွားသောအခါ စုဝမ်က ခါးသက်စွာပြုံးလိုက်သည်။
“ရှင်က သတိစူးရှလွန်းပါတယ် ကျွန်မရှင့်ကို အရူးမလုပ်နိုင်ဘူး”
စုရွေ့က ဘာမှပြောပေ။ သူကတိတ်ဆိတ်စွာနှင့် စုဝမ်ဘေးမှ ဆေးမှုန့်ကိုယူလိုက်ရင်း သူမကိုငုံ့ကြည့်လာသည်။ သူက ကျွမ်းကျင်စွာနှင့် ဆေးထည့်ပေးကာ ပတ်တီးလဲပေးလာ၏။
“နောက်တစ်ခေါက်ဆိုတာမျိုးမရှိစေနဲ့”
ပြီးစီးသွားသည့်အခါ စုရွေ့ကခေါင်းမော့၍ စုဝမ်ကို လေးလေးနက်နက်စိုက်ကြည့်လာ၏။
“ကိုယ်ရှိနေသရွေ့ ဘယ်သူမှ မင်းကိုမနာကျင်စေရဘူး ကိုယ်လည်းနာကျင်အောင်မလုပ်ဘူး မင်းလည်း ကိုယ့်ကိုကိုယ်ထိခိုက်အောင်မလုပ်ရဘူး ဘာလို့လဲဆိုတော့ မင်းကို မင်းတစ်ယောက်တည်းပိုင်တာမဟုတ်ဘူး ကိုယ်လည်းပိုင်တယ်”
စကားဆုံးသည်နှင့် စုရွေ့က ချက်ချင်း အရှေ့သို့တိုး၍ စုဝမ်၏နှုတ်ခမ်းများကို နမ်းရှိုက်လာသည်။ စုဝမ်က ငြိမ်ငြိမ်လေးနေကာ စုရွေ့၏ ရင်မောလောက်စရာအနမ်းကို ခံယူလိုက်၏။
စုရွေ့၏အနမ်းကသိပ်မကြာလိုက်ပေ။ တံခါးအပြင်ဘက်မှ ခြေသံနှင့် အသက်ရှူသံတို့ကို သူကြားလိုက်သည်။ စုရွေ့၏အကြည့်များက နက်မှောင်သွားကာ ဘေးမှဝတ်ရုံကိုယူ၍ စုဝမ်ကိုလွှမ်းခြုံပေးလိုက်သည်။
“ဘယ်သူလဲ... ဝင်လာခဲ့စမ်း”
“ချွမ်...”
သစ်သားတံခါးအပြင်ဘက်မှ မြေကြီးပေါ်သို့ ပစ္စည်းများပြုတ်ကျသွားသည့်အသံထွက်ပေါ်လာသည်။ ထို့နောက် ဖြူဖျော့နေသည့်မျက်နှာနှင့်အတူ ပိုင်မော့မော့ကဝင်လာသည်။
“အရှင် သက်တော်ရာကျော်ရှည်ပါစေ”
ပိုင်မော့မော့၏ သေးငယ်သည့် ခန္ဓာကိုယ်လေးက ကုတင်နားသို့ ရောက်လာ၏။ ကုတင်ပေါ်တွင် ထိုင်နေသည့် လူကိုကြည့်ရင်း သူမက တုန်လှုပ်စွာနှင့် နောက်သို့ပြန်ဆုတ်သွားကာ ကြောက်လန့်နေသည့်အသံဖြင့် စုရွေ့ကို အရိုအသေပေးလိုက်သည်။
ညမှောင်တရီ၌ ပိုင်မော့မော့က စုဝမ်ကို ဆေးကူလိမ်းပေးရန်ပြင်ဆင်ခဲ့သော်လည်း ကံမကောင်းစွာနှင့် စုဝမ်၏ ငြင်းဆိုခြင်းကို ခံလိုက်ရသည်။ သူမက ညအိပ်ရာမဝင်ခင်အချိန်မှ သူမဘာသာ လိမ်းလိုက်မည်ဟု ပြောခဲ့သည်။
လုပ်အားခကောင်းကောင်းရသည့်လူတစ်ယောက်က အပြန်အလှန်အနေနှင့် ကြီးလေးသည့် တာဝတ်ယူမှုများကို ယူရမည်ပင်။ ပိုင်မော့မော့က စုဝမ်ဆီမှ ငွေအများအပြားကို လက်ခံရရှိခဲ့သောကြောင့် သူမကိုယ်သူမ ကောင်းမွန်စွာ အသုံးဝင်ကြောင်းပြသချင်ခဲ့သည်။ ထို့ကြောင့် ညအချိန်ကိုအခွင့်ကောင်းယူ၍ စုဝမ်၏ ပတ်တီးများကို လဲပေးရန် ရောက်လာခြင်းခဲ့ဖြစ်၏။ သို့သော် သစ်သားတံခါး၏ အဟကြားမှ စုဝမ်က ယောက်ျားတစ်ယောက်နှင့် ချစ်ကြည်နူးနေသည်ကို မြင်ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။
ထိုအချိန်တွင် ပိုင်မော့မော့၏ အသက်ရှူသံက ကစဥ့်ကလျားဖြစ်လာခဲ့သည်။ ရုတ်တရက် အထိန်းတော်ဝမ်က သခင်မစုသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်းပြောခဲ့သည်ကို သတိရသွား၏။
ဒါဆို ဒီလိုညကြီးအချိန်မတော်မှ သူမဆီကို ရောက်လာတဲ့ ယောကျ်ားက ဘယ်သူများလဲ...။
ပိုင်မော့မော့က ဆက်မတွေးရဲတော့ဘဲ တိတ်တဆိတ်နှင့် လှည့်ထွက်ရန်ပြင်ခဲ့သည်။ သို့သော် ထိုအချိန်ကိုက်မှာပင် အခန်းထဲမှလူက ရုတ်တရက် အေးစက်စွာနှင့် သူမကို အမိန့်ပေးလာခဲ့သည်။
သူမ ထိုယောက်ျား၏မျက်နှာကိုမြင်လိုက်ချိန်တွင် အလွန်ကြောက်လန့်သွားသောကြောင့် ရှူးထွက်ကျမလိုပင်ဖြစ်သွားခဲ့သည်။
ဘုရင်မင်းမြတ်...အဲ့ဒါက ဘုရင်မင်းမြတ်ပဲ...။
ရလဒ်အနေနှင့် သနားစရာပိုင်မော့မော့မှာ ကြောက်ရွံ့လွန်းသောကြောင့် နာနာခံခံနှင့် အခန်းထဲသို့ ဝင်လာလိုက်သည်။
ယခုတွင် ပိုင်မော့မော့က ဒူးထောက်ရင်း ခံစားချက်တို့ ရှုပ်ထွေးနေသည်။
အထိန်းတော်ဝမ်က သခင်မစုကို ဒီလောက်ယဥ်ကျေးနေတာ မအံ့ဩတော့ပါဘူး...။
သူမရဲ့ လျှို့ဝှက်ချစ်သူက ဘုရင်မင်းမြတ်ဖြစ်နေတာပဲ...။
ကံကောင်းစွာနှင့် သူမက ဒီအချိန်အတောအတွင်း၌ အမိန့်ကိုနာနာခံခံနှင့် အသိဉာဏ်ရှိရှိထမ်းဆောင်ခဲ့ကာ ဤသခင်မကို လျစ်လျူမရှုခဲ့ချေ။
သို့သော်လည်း သူမက မမြင်အပ်သည့်အရာကို မြင်ခဲ့သည်။
သူတို့တွေ သူမကို မြင်းငါးကောင်နဲ့ဆွဲသတ်ပြီး နှုတ်ပိတ်ပစ်တော့မှာလား...။
ပိုင်မော့မော့က ဒူးထောက်ရင်း ဘုရင်မင်းမြတ်ကြောင့် ဖြူဖျော့ပြီးကြောက်ရွံ့နေသည်ကို မြင်သောအခါ စုဝမ်က စုရွေ့၏ဝတ်ရုံစကိုဆွဲလိုက်သည်။
“အရှင်...ဒါက ရှင်းကျဲခူက ပိုင်မော့မော့ပါ လွန်ခဲ့တဲ့ရက်တွေမှာ ဒီအစေခံက သူမရဲ့ ဂရုစိုက်မှုတွေအောက်မှာ ရှိနေခဲ့တာပါ”
“အိုး တကယ်လား”
စုရွေ့က မျက်ခုံးပင့်လိုက်၏။ စုဝမ်က ပိုင်မော့မော့၏သရုပ်မှန်အား ပြောဆိုလာသည်ကို ကြားသည့်အခါ သူ့မျက်လုံးထဲမှ အေးစက်မှုများက အားပျော့သွားသည်။
“နောက်ကျနေပြီ ဒီကိုဘာလာလုပ်တာလဲ”
“အရှင့်ကိုလျှောက်တင်ပါတယ် ဒီအစေခံက သခင်မစုရဲ့ ဒဏ်ရာကိုကြည့်ပေးဖို့ ရောက်လာတာပါ”
ပိုင်မော့မော့၏အသံက ကြောက်ရွံ့မှုတို့နှင့် ပြည့်နှက်နေ၏။
ဒဏ်ရာကို သန့်ရှင်းပေးရန် အဝတ်ဖြူစလေးအား သူမလက်ထဲတွင်ကိုင်ထားသည်ကို ကြည့်ရင်း နောက်ဆုံး၌ စုရွေ့က သူမ၏စကားများကို ယုံလိုက်သည်။
“မော့မော့ ခင်ဗျားက တွေးတတ်တာပဲ ဒါပေမယ့်ငါကိုယ်တော်က အခုလေးတင် စုဝမ်ရဲ့ ဒဏ်ရာကို ကူပြီး ပတ်တီးစည်းပေးပြီးပြီဆိုတော့ ခင်ဗျားသွားနားလို့ရပြီ ပြီးတော့ ဒီနေ့ကစပြီး ညဘက်ရောက်တာနဲ့ ရှင်းကျဲခူကဘယ်သူမဆို ခွင့်ပြုချက်မရှိဘဲ ဒီနေရာအနီးအနားကို ကပ်လာခွင့်မရှိဘူး မောမော့ သဘောပေါက်ရဲ့လား”
“မှန်လှပါ မှန်လှပါ ဒီအစေခံက အရှင်ရဲ့အမိန့်ကို သေချာလိုက်နာပါ့မယ် စိတ်ချပါ…အရှင် ဒီအစေခံ ဘာလုပ်ရမလဲ သိပါပြီ ဒီအစေခံအခုပဲသွားပါတော့မယ်”
ပြောပြီးသည်နှင့် ပိုင်မော့မော့သည် တုန်လှုပ်စွာနှင့် လှည့်၍ ပြေးထွက်သွားတော့သည်။
ပိုင်မော့မော့ပြေးထွက်သွားသည်ကိုကြည့်ရင်း စုရွေ့က စုဝမ်ကိုလှည့်၍ လေးနက်စွာ ကြည့်လိုက်ပြန်သည်။
“မင်းရဲ့ဒဏ်ရာနဲ့ ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်သေချာအနားယူနိုင်မှာလဲ မင်းကိုချန်ခွင်းနန်းဆောင်ဆီ ခေါ်သွားပေးမယ် အဲ့ဒီက တော်ရုံလူလာလေ့မရှိဘူး အဲ့ဒီမှာ ရက်နည်းနည်းလောက်သွားနားပြီး ဒဏ်ရာကို ဂရုစိုက်လိုက် ရှင်းကျဲခူကိုစောင့်ကြည့်ဖို့ ကိုယ်ဝမ်ရိကို ခိုင်းထားလိုက်မယ် မင်းရဲ့အစီအစဥ်တွေကို မနှောင့်နှေးစေရဘူး ဟုတ်ပြီလား”
စုဝမ်က ခဏကြာအောင် တွေးလိုက်ပြီးနောက်ခေါင်းညိတ်လိုက်သည်။ တစ်လက်စတည်း ဝမ်ရိအား ရွှီပင်းယွဲ့၏ နောက်ကြောင်းကို အသေးစိတ်စုံစမ်းပေးရန် အကူအညီတောင်းရမည်။
အဲ့ဒီ ရွှီပင်းယွဲ့ဆိုတဲ့ ကလေးမလေးက မရိုးရှင်းဘူး…။
“သွားရအောင်”
စုဝမ်ခေါင်းညိတ်လိုက်သည်ကိုကြည့်ရင်း စုရွေ့ကဖျော့တော့စွာပြုံးလိုက်၏။ ထို့နောက် ကုတင်ပေါ်မှ ပိုးသားစောင်နှင့် စုဝမ်ကို ရစ်ပတ်လိုက်သည်။
“ကိုယ်မင်းကို ချီသွားမယ် ကောင်းကောင်းအနားယူပြီးလိုက်ခဲ့”
“အမိန့်အတိုင်းပါ အရှင်”
စုဝမ်က စုရွေ့၏ရင်ခွင်ထဲ၌ ပိုးသားစောင်နှင့်လွှမ်းခြုံကာ ထွေးပွေ့ခြင်းခံလိုက်ရ၏။ သူမခေါင်းမော့လိုက်သောအခါ စုရွေ့၏ ပြတ်သားထင်ရှားသည့် မေးရိုးကိုသာတွေ့ရသည်။
ညအမှောင်ထဲတွင် စုရွေ့၏ပုံရိပ်က တစ္ဆေသရဲတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားလာနေသည်။ နန်းတွင်းတစ်ခုလုံးမှ အစောင့်များသည် သူနှင့်ယှဥ်လျှင် အချည်းနှီးသာ…။
စောင်နှင့်ရစ်ပတ်ခံထားရသောကြောင့် စုဝမ်က ဆောင်ဦးည၏ အေးစိမ့်မှုကိုမခံစားရဘဲ စုရွေ့၏ရင်ခွင်ထဲတွင် မှီ၍နေနေသည်။ သူက ကောင်းကောင်းအနားယူရန်အမိန့်ပေးခဲ့သည်ကို တွေးတောမိကာ နောက်ဆုံးတွင် စုဝမ်က စိတ်သက်သာစွာဖြင့် မျက်လုံးတို့ကိုပိတ်ချလိုက်တော့သည်…။
***
ချန်ခွင်းနန်းဆောင်တွင်…။
စုရွေ့ ဤကမ္ဘာသို့ရောက်လာသည့်အချိန်မှစ၍ ချန်ခွင်းနန်းဆောင်တွင် နန်းတွင်းအစေခံများမရှိတော့ပေ။ ချန်ခွင်းနန်းဆောင်မှ ကိစ္စအဝဝကို ဝမ်ရိ၏လက်အောက်မှ အတွင်းဆောင်အစေခံများသာ ဆောင်ရွက်လေ့ရှိသည်။
စုဝမ်ကို နဂါးကုတင်ပေါ်သို့တင်ပေးလိုက်ပြီး သူမအိပ်ပျော်နေသည်ကိုကြည့်ကာ စုဝမ်က ဝမ်ရိကိုခေါ်လိုက်သည်။ သူက ဝမ်ရိအား နောက်ရက်အနည်းငယ်အတွင်း အပူပေးအဆောင်နှင့် အိပ်ဆောင်များသို့ အတွင်းဆောင်အစေခံများ တစ်ယောက်မှ လာခွင့်မပြုရန် ပြောလိုက်သည်။ ဝမ်ရိတစ်ယောက်ကိုသာလျှင် ထိုအဆောင်နှစ်ခုကို ဝင်ရောက်ရန် ခွင့်ပြုထားလိုက်သည်။
နန်းတွင်း၏ အတွင်းဆောင်အစေခံများက တစ်ရာရာခိုင်နှုန်း ယုံကြည်စိတ်ချနိုင်ပြီး သူ့ဘက်တွင်သာအမြဲရှိသော်လည်း စုရွေ့က သူနှင့်စုဝမ်နှစ်ယောက်တည်းရှိနေသည့် ကမ္ဘာလေးကို ဝင်ရောက်မနှောင့်ယှက်စေချင်ပေ။ ဝမ်ရိတစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည့် ရည်ရွယ်ချက်က သတင်းစကားပါးရန် လူတစ်ယောက်သာလိုအပ်သောကြောင့်ဖြစ်သည်။
စုရွေ့၏အမိန့်များကို ကြားပြီးနောက် ဝမ်ရိက ခေါင်းညိတ်ကာ တာဝန်ထမ်းဆောင်ရန်ပြင်တော့၏။
“အရှင်… နောက်ရက်အနည်းငယ်ကို သခင်မစုက…”
ဝမ်ရိက နောက်ရက်အနည်းငယ်အတွင်း သခင်မစုကို ဂရုစိုက်ပေးရန် တစ်ယောက်ယောက်ကို ရှာပေးရမလားဟု မေးရန်ပြင်လိုက်သော်လည်း စုရွေ့၏ ဝင်ရောက်နှောင့်ယှက်ခြင်းကိုခံလိုက်ရသည်။
“အိုး ဟုတ်သားပဲ ဝမ်ရိ မနက်ဖြန်မနက်ကျရင် နန်းတွင်းဆေးကုသဆောင်ကိုသွားပြီး ထိခိုက်ဒဏ်ရာအတွက် အကောင်းဆုံးဆေးတွေ သွားယူလာခဲ့…ဂရုတစိုက်နဲ့ သတိထားလုပ် တခြားသူတွေ သံသယမဝင်စေနဲ့…”
“ဒီအစေခံ နားလည်ပါပြီ”
ဝမ်ရိက နာခံစွာနှင့် ခေါင်းညိတ်လိုက်သည်။ မောင်းမဆောင်ထဲတွင် ဘယ်လောက်များသော မျက်လုံးအစုံများက ချန်ခွင်းနန်းဆောင်ပေါ်သို့ ကျရောက်နေကြောင်းမသိနိုင်ချေ။ နန်းတွင်းဆေးကုသဆောင်တွင်တောင် သတင်းယူသည့် လူများရှိတတ်သည်။ ရည်မှန်းချက်ရှိသည့်လူတစ်ယောက်သာ ဘုရင်မင်းမြတ် “ထိခိုက်ဒဏ်ရာ” ရနေသည်ကိုသာ သိသွားပါက မည်သို့ယုတ်ညံ့သည့် လှည့်ကွက်များ ထုတ်လာမည်ကို မသိနိုင်ပေ။
_____
🚩