Chapter 187
Viewers 20k

🚩Chapter - 187

Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 23]


_____


ပိုင်မော့မော့က လတ်တလောတွင် သူမ၏နေ့ရက်များကို စိုးရိမ်စိတ်များနှင့် ဖြတ်သန်းနေရသည်။ စုဝမ် ရှင်းကျဲခူမှထွက်သွားပြီးနောက် အထိန်းတော်ဝမ်က သူမအား ဆုလာဘ်များစွာတို့ ပေးအပ်ခဲ့သည်။ ပိုင်မော့မော့က သူမကို ရှင်းကျဲခူမှပြောင်းရွှေ့ပေးရန် နန်းတွင်းတော်ဝင်အမိန့်အား မစောင့်နိုင်ဖြစ်နေ၏။ 


ငှက်တွေတောင်ဖြတ်မပျံတဲ့ ဒီလိုနေရာမျိုးမှာ ဘယ်သူကသေတဲ့အထိ နေချင်မှာလဲ…။


နန်းတွင်းက ဆောင်းတွင်းဘက်ပင် အေးစိမ့်လာ၏။ သို့သော် ပိုင်မော့မော့၏ နှလုံးသားကတော့ မြောက်ပိုင်းဒေသများမှ လေများထက်ပင် ပို၍အေးစိမ့်နေသည်။ ပိုင်မော့မော့ ယုံကြည်မှုပျောက်ဆုံးလာချိန်တွင် ဝမ်ရိက နောက်ဆုံး၌ ဘုရင်မင်းမြတ်ထံမှ သူမကိုပေးအပ်လာသည့်အလုပ်နှင့်အတူ ရောက်ရှိလာခဲ့သည်။ 


တော်ဝင်အမိန့်က ပိုင်မော့မော့အား ရှင်းကျဲခူ၏ အထိန်းတော်တစ်ယောက်မှ နန်းတွင်းအကျဥ်းတိုက်၏ ဘယ်ဘက်အဆောင်အား ကြီးကြပ်သူအဖြစ် ရုတ်တရက်‌ ပြောင်းလဲသွားစေလိုက်သည်။


နေရာနှစ်လုံးက အပြစ်သားများကို ထားရှိသည့်နေရာများဖြစ်သော်လည်း ကွာခြားချက်ကြီးလေသည်။


နန်းတွင်းအကျဥ်းတိုက်က တော်ဝင်မိသားစုများအား ထိန်းသိမ်းရာနေရာဖြစ်သည်။ နန်းတွင်းမြို့တော်ထဲတွင် ကြီးလေးသည့် ပြစ်မှုများကို ကျူးလွန်ကြသည့်သူများမှလွဲ၍ နန်းတွင်းအကျဥ်းတိုက်ထဲတွင် ရှိနေသည့်သူများက အမှားလုပ်ကာ နာခံမှုမရှိကြသည့် တော်ဝင်မိသားစုကလေးများသာဖြစ်သည်။ ဤတော်ဝင်ကလေးများက သူတို့ကိုယ်သူတို့ မြင့်မြတ်သည့်အဆင့်အတန်းဖြင့်သာ နေလေ့ရှိကြသည်။ ထိုသို့ဖြစ်လာလျှင် နန်းတွင်းအကျဥ်းတိုက်က အခက်တွေ့ရသောကြောင့် ထိုနေရာအား ဘုရင်မင်းမြတ်၏ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်တွင်ထားလေသည်။ နန်းတွင်းအကျဥ်းတိုက်ရှိ ကြီးကြပ်သူအားလုံးက ဘုရင်မင်းမြတ်၏ အမိန့်ကို တိုက်ရိုက်နာခံရကာ ထိုတော်ဝင်ကလေးများကိုလည်း ကြောက်ရွံ့နေစရာမလိုချေ။ ထို့ကြောင့် နန်းတွင်းအကျဥ်းတိုက်သို့ ရောက်သွားသည်နှင့် လူတိုင်းက မဖြစ်မနေ နာနာခံခံရှိရသည်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစား၍ အခွင့်ထူးခံဖြစ်ချင်လျှင် ဖြစ်နိုင်သည်။ သို့သော် ငွေစများများပေးရမည်ပင်…။


နန်းတွင်းအကျဥ်းတိုက်အား အမြတ်အစွန်းကို မကောင်းသည့်နည်းလမ်းဖြင့် အရဆုံးနေရာဟု ဆိုနိုင်သည်။ နန်းတွင်းအကျဥ်းတိုက်၏ ကြီးကြပ်သူနေရာက အဆင့်ငါးရှိသော အရာရှိရာထူးဖြစ်ပြီး လစဥ်လုပ်အားခသာမက နန်းတွင်းအပြင်ဘက်ရှိ ကိုယ်ပိုင်အိမ်မြေနေရာတွင်လည်း သွားရောက်နေထိုင်နိုင်ကြသည်။ ၎င်းက နန်းတွင်းအကျဥ်းတိုက်တွင်ရှိနေသည့် အရာရှိ၊ကြီးကြပ်သူတိုင်းအတွက် အကျိုးခံစားခွင့်ဖြစ်၏။ 


နန်းတွင်းတော်ဝင်အမိန့်စာကို လက်ခံချိန်တွင် ပိုင်မော့မော့၏ လက်များက တုန်ယင်နေသည်။ 


“အထိန်းတော်ဝမ်…ပင်ပန်းသွားပါပြီ”


စိတ်ထဲတွင် ပျော်ပျော်ရွှင်ရွှင်နှင့် အောင်ပွဲခံပြီးနောက် ပိုင်မော့မော့က ဝတ်ရုံကြားမှ ပမာဏကြီးသည့် ငွေလက်မှတ်ကို ထုတ်ကာ ဝမ်ရိအား ပေးလိုက်သည်။ သို့သော် ဝမ်ရိက ခေါင်းခါပြကာ ပိုင်မော့မော့ကို အဓိပ္ပာယ်ပါသည့်အပြုံးမျိုးပြုံးပြလာသည်။ 


“မော့မော့…ဒါက လေစုန်ဆင်းသလို လွယ်လွယ်လေးမဟုတ်ဘူးနော် နန်းတွင်းအကျဥ်းတိုက်ကိုရောက်ရင်လည်း ဆက်ပြီး ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်ရလိမ့်မယ် အရှင်က စောင့်ကြည့်နေမှာ...”


ဝမ်ရိ၏စကားများကို သိပ်မနားလည်လိုက်သော်လည်း ပိုင်မော့မော့က ခေါင်းညိတ်ပြကာ သဘောပေါက်ကြောင်း ဖော်ပြလိုက်သည်။ ထို့နောက် မျက်နှာတွင်အပြုံးတစ်ခုဆင်မြန်းကာ ဝမ်ရိအနောက်မှလိုက်၍ ရှင်းကျဲခူမှ ထွက်လာခဲ့လေသည်။ 


ပိုင်မော့မော့ ရှင်းကျဲခူမှထွက်သွားပြီးနောက် သူမ၏နေရာကို ယွဲ့မေက ဆက်လက်တာဝန်ယူလေသည်။


အကျဥ်းချဆောင်သို့ရောက်လာပြီးနောက် ပိုင်မော့မော့က ထွက်သွားသည့် ကြီးကြပ်သူ၏ အဝတ်အစားများကို ဝတ်ဆင်လိုက်သည်။ ဝတ်စုံ၏ အနက်ရောင်ပိုးထည်အစပေါ်တွင် သာ့ရှန်းမင်းဆက် တော်ဝင်မိသားစု၏ အမှတ်အသားကို ရေးထိုးထား၏။


ပိုင်မော့မော့သည် ဤဝတ်စုံကိုဝတ်လိုက်ချိန်၌ တစ်ကမ္ဘာလုံးလှပသွားသလို ခံစားလိုက်ရသည်။ အလုပ်စလုပ်သည့် ပထမဆုံးနေ့တွင် သူမက လက်အောက်မှ အမျိုးသမီးများကိုခေါ်ကာ ဘယ်ဘက်အဆောင်မှအကျဥ်းခန်းများသို့ စစ်ဆေးရန် ထွက်လာလိုက်သည်။ ထို့နောက်တွင် ပိုင်မော့မော့က ကျောက်ခဲပမာ တောင့်ခဲသွားတော့သည်....။


“ပိုင်မော့မော့....တိုက်ဆိုင်လိုက်တာ ဒီမှာလည်းလာတွေ့ပြန်ပြီနော်”


သန့်ရှင်းသပ်ရပ်နေသည့် အကျဥ်းခန်းထဲတွင် စုဝမ်က ထိုင်ကာ လက်ရေးလှလေ့ကျင့်နေသည်။ အဝေးမှသည် သူမက ပိုင်မော့မော့၏အသံကို ကြားလိုက်၏။ ပိုင်မော့မော့က နောက်လိုက်အမျိုးသမီးများနှင့် ရောက်လာသည်ကို တွေ့သောအခါ စုဝမ်က ဦးဆောင်၍ နှုတ်ဆက်လိုက်သည်။ 


“အိုး ဟုတ်သားပဲ မှတ်ဉာဏ်တွေ မကောင်းလိုက်တာကို ကြည့်ပါဦး ပိုင်မော့မော့က အခု ပိုင်ကျုံးရှစ်ဖြစ်နေပြီပဲ...” 


[ T/N ကျုံးရှစ် - နန်းတွင်းအကျဥ်းတိုက်အား ကြီးကြပ်‌သောသူ ]


ထိုအခိုက်အတန့်တွင် ပိုင်မော့မော့၏ နှလုံးသားထဲ၌ ရှုပ်ထွေးသွား၏။ သူမကချက်ချင်း တော်ဝင်အမိန့်စာကို ပေးအပ်စဥ်က အထိန်းတော်ဝမ်၏ အဓိပ္ပာယ်ပါနေသည့် စကားများကို သတိရသွားသည်။


ဘုရင်မင်းမြတ်က သူမအား နန်းတွင်းအကျဥ်းတိုက်သို့ ပို့လိုက်သည်မှာ မထူးဆန်းတော့ပေ။ သူက သူမကို စုဝမ်အားဆက်၍ ခစားစေချင်သည်ပင်...။


ကောင်းပါတယ် အဲ့ဒါက အရင်တစ်ခေါက်က သူမ စုဝမ်ကို ကောင်းကောင်းပြုစုခဲ့တယ်လို့ ဆိုလိုတာပဲမလား...။


ပိုင်မော့မော့က ခဏလောက်တောင့်ခဲသွားပြီးနောက် ချက်ချင်း သူမ၏လက်အောက်ခံများကို စုဝမ်၏ အကျဥ်းခန်းတံခါအား ဖွင့်ရန် ခိုင်းစေလိုက်သည်။ ထို့နောက် သူမက အားလုံးအား အဝေးသို့သွားစေလိုက်ကာ စုဝမ်အနားသို့ အပြုံးလေးနှင့် တိုးကပ်လာလိုက်၏။ 


“သခင်မစု...ဒီအစေခံကို ပိုင်ဖေ့လို့ပဲခေါ်ပါ... ဒါက ဒီအစေခံအိုကြီးရဲ့ နာမည်ဖြစ်ပါတယ် ဒီနေရာကသာ နန်းတွင်းအကျဥ်းတိုက်မဟုတ်ဘူးဆိုရင် ဒီအစေခံက သခင်မအရှေ့မှာ မောက်မောက်ကြွားကြွား ပြုမူဝံ့မှာမဟုတ်ပါဘူး”


ပိုင်ဖေ့က ဤထူးဆန်းသည့်နေရာတွင် စုဝမ်ဘာကြောင့်နေနေသည်ကို မစိုးရိမ်မိပေ။ သူမသိသည်က ဤသခင်မကိုသာ ကောင်းကောင်းခစားနေသရွေ့ အဆက်မပြတ် ရာထူးတိုးနိုင်သည်ဆိုတာပင်...။


“အင်း...” 


ပိုင်ဖေ့၏ စကားများကိုကြားပြီးနောက် စုဝမ်က အသာလေးခေါင်းညိတ်လိုက်၏။


 “ရှင်ဒီမှာရှိနေတာ ကျွန်မကို သက်သက်သာသာဖြစ်စေတယ် နောက်ရက်တွေမှာ ကျွန်မဆီကို လာတွေ့တဲ့သူရှိရင် ယောက်ျားတွေကို ခွင့်မပြုဘဲ မိန်းမတွေကိုပဲ ခွင့်ပြုပေးပါ”


ယောက်ျားတွေကို ဝင်ခွင့်မပြုရဘူးလား။


ပိုင်ဖေ့၏မျက်နှာက မသိမသာလေးပြောင်းလဲသွားသည်။


 “ဒါဆို...ဘုရင်...မဟုတ်...ဟိုသခင်ကြီးကိုရော”


“သူ့ကိုလား”


စုဝမ် ပြုံးလိုက်၏။ 


“အဲ့အကြောင်းကို ဂရုမစိုက်လည်းရတယ်”


ရှင်းကျဲခူသာမက နန်းတွင်းအကျဥ်းတိုက်ပဲဖြစ်နေပါစေ၊ စုရွေ့ကို တားဆီးနိုင်သည့်နေရာမရှိချေ။ 


“အိုး...ဒီအစေခံနားလည်ပါပြီ...နားလည်ပါပြီ”


ပိုင်ဖေ့က ခေါင်းညိတ်လိုက်သည်။ သူမကဦးညွှတ်လိုက်ကာ စုဝမ်နေနေသည့် အကျဥ်းခန်းကို လှည့်ပတ်စစ်ဆေးလိုက်၏။ သေချာသလောက်တော့ သူမတွင် နေ့စဥ်လိုအပ်သည့် ပစ္စည်းများ လုံလုံလောက်လောက်ရှိနေသည်။ 


ဘုရင်မင်းမြတ်က ဒီကိုရော ညတိုင်းလာနေတာများဖြစ်နိုင်လား...။


ယခင်တစ်ခေါက်က ဘုရင်မင်းမြတ်နှင့် မတော်တဆ မည်သို့ တွေ့ဆုံခဲ့သည်ကို ပြန်တွေးရင်း ပိုင်ဖေ့တစ်ကိုယ်လုံး တုန်လှုပ်သွား၏။ ပိုင်ဖေ့က နှလုံးသားထဲတွင် ညရောက်လာသည်နှင့် သခင်မစုဆီသို့ လက်လွတ်စပယ်မလာသင့်ကြောင်း သူမကိုယ်သူမ သတိပေးလိုက်သည်။ 


နန်းတွင်းအကျဥ်းတိုက်မှ နေ့ရက်များက ရှင်းကျဲခူမှနေ့ရက်များနှင့် ယှဥ်လျှင် ပို၍ သက်တောင့်သက်သာရှိသည်။ ယခုတစ်ကြိမ်တွင်လည်း အခန်းကျဥ်းထဲတွင် အဖမ်းခံထားရသော်ငြား စုဝမ်က ကုတင်ကျယ်ကြီးပေါ်တွင် သက်တောင့်သက်သာနှင့် အနားယူနိုင်သည်။ 


သို့သော် နန်းတွင်းအကျဥ်းတိုက်၏ ညာဘက်အဆောင်တွင် အကျဥ်းချခံထားရသော တုန်းဖန်းလီကတော့ ကံမကောင်းပေ။ ထိုနေ့က စုဝမ်ကိုနမ်းရန် ကြိုးစားအားထုတ်ခြင်းက မအောင်မြင်သွားသော်လည်း သူမကို ဖက်တွယ်ရန် လက်များကိုအသုံးပြုခဲ့သည်။ ထို့ကြောင့် နန်းတွင်းအကျဥ်းတိုက်သို့ ရောက်လာသည့် ပထမ‌နေ့မှာပင် တုန်းဖန်းလီး၏လက်များက စုရွေ့၏ချိုးခြင်းကိုခံလိုက်ရ၏။ နာကျင်လွန်းသောကြောင့် သတိမေ့မတတ် ဖြစ်နေသော တုန်းဖန်းလီက ကျုံးကျန့်နှင့် ကျုံးလင်းအား သူ့အတွက်တရားမျှတမှုပေးရန် အော်ဟစ်လေသည်။ ထိုအချိန်တွင် တုန်းဖန်းလီ မသိခဲ့သည်က စုရွေ့မှာဤအကျဥ်းခန်းသို့ ရောက်မလာခင်တွင် နန်းတွင်းအကျဥ်းတိုက်၏ ကျုံးလင်းနှင့် ရင်ဆိုင်ခဲ့ပြီးဖြစ်၏။ 


「 T/N နန်းတွင်းအကျဥ်းတိုက်တွင် ကျုံးလင်းအား ကူညီရသော ညာဘက်ကျုံးကျန့်နှင့် ဘယ်ဘက်ကျုံးကျန့်ဟူ၍ရှိသည်။ ရာထူးအဆင့် - ကျုံးလင်း > ကျုံးကျန့် > ကျုံးရှစ် 」


စစ်မှန်သည့် အာဏာနှင့်ခွန်အားအရှေ့တွင် အရာအားလုံးက အဓိပ္ပာယ်မရှိဖြစ်သွားလေသည်။ 


ဆောင်းတွင်းဘက်၏ အထူထဲဆုံး နှင်းကျချိန်သို့ ရောက်ရှိလာချိန်၌ နန်းတွင်းတစ်ခုလုံး နှင်းများဖြင့်ဖုံးလွှမ်းနေကာ ဖြူဖွေးနေတော့သည်။ 


နောက်ဆုံးတွင် ယန်ယွီနော့က ပိုက်ဆံသုံး၍ နန်းတွင်းအကျဥ်းတိုက်သို့ ခိုးဝင်ကာ စုဝမ်ကို တွေ့နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် စုဝမ်က သရုပ်ဆောင်ရာ၌ အများကြီးအားစိုက်ထုတ်စရာမလိုတော့ပေ။ 


သူမက ပိုင်ဖေ့အား သာမန်အကျဥ်းခန်းထဲသို့ ပြောင်းရွှေ့ပေးရန် ကြိုတင်ပြောထားခဲ့သည်။ 


အကျဥ်းခန်းထဲတွင် နေရောင်ကိုမမြင်ရဘဲ မှိန်ပျပျ ဖယောင်းတိုင်လေးတစ်တိုင်သာရှိနေသည်။ ယန်ယွီနော့ စုဝမ်ကို တွေ့သည့်အချိန်တွင် သူမက အကျဥ်းခန်းထဲတွင် ထိုင်နေကာ တစ်စုံတစ်ခုရေးနေသည်။ 


“ရှောင်ဝမ်”


“အစ်မယွီနော့...ရောက်လာတာလား”


ယန်ယွီနော့ကို တွေ့သောအခါ စုဝမ်က သူမအား ဖျော့တော့သောအပြုံးလေး ပြုံးပြလာသည်။ 


ယန်ယွီနော့က စုဝမ်၏အပြုံးနှင့်အတူ အဖြူရောင်အကျဥ်းသားဝတ်စုံအောက်မှ ဒဏ်ရာ၏အမာရွတ်အား တစ်စွန်းတစ်စ မြင်လိုက်သည်။ ယန်ယွီနော့က ဆက်မကြည့်နိုင်တော့ဘဲ မျက်နှာလွှဲလိုက်မိသည်။ 


“ရှောင်ဝမ် ငါဒီကိစ္စနဲ့ပတ်သက်ပြီး အမှန်ကို သိပြီးပြီ နင်အပြစ်ကင်းမှန်းလည်းသိတယ် ယွီချင်း...သူမ...”


စုဝမ်က ခေါင်းခါလိုက်ကာ ယန်ယွီနော့အား နံရံထက်တွင် နားများရှိကြောင်း အချက်ပြလိုက်သည်။


“အစ်မယွီနော့... အစ်မဘာပြောချင်လဲဆိုတာကျွန်မသိပါတယ် ကျူးလွန်တဲ့လူကတစ်ယောက်၊ ခံရတဲ့သူကတစ်ယောက်လိုမျိုးဖြစ်နေတာ...မိန်းမလှလေးယန်က ကျွန်မအပေါ်မှာ ကြင်နာခဲ့တယ် ကျွန်မ သူမကို ဒီအတိုင်းကြည့်မနေနိုင်ဘူးလေ”


ပြောပြီးသည်နှင့် စုဝမ်က စားပွဲတိုလေးအပေါ်ရှိ ဆန်စာရွက်ထိပ်လေးတွင် စကားလုံးအချို့ကိုရေးလိုက်သည်။ 


‘ကြင်နာမှုကို ပြန်လည်ပေးဆပ်ပါ၊ ကောင်းမွန်သည့်လုပ်ရပ်များတွင် ကောင်းမွန်သည့် အကျိုးဆက်များရှိ၏။’


စုဝမ်က အလွန်အကောင်းမြင်တတ်သည်ကိုတွေ့သောအခါ ယန်ယွီနော့က မသိစိတ်အရ နှုတ်ခမ်းကိုက်လိုက်မိ၏။ ယန်ယွီနော့က သူမ၏ညီမအတွက် သူမကိုယ်သူမ ထိုကဲ့သို့ လုပ်ပေးနိုင်လားဟု မေးခွန်းထုတ်မိသည်။ သို့သော် ယခုတွင် သူမ၏မျက်စိအရှေ့၌ ရပ်နေရသည့်အခါ စုဝမ်အတွက် ဝမ်းနည်းမိသည်။ 


စုဝမ်က ယခုအချိန်အထိ သက်သက်သာသာနေနိုင်သည်မှာ နန်းတွင်းအကျဥ်းတိုက်ထဲမှ လူများက သူမ၏ ကိစ္စအား မစစ်ဆေးရ‌သေးတာကြောင့်မှန်း ယန်ယွီနော့ သိသည်။ စစ်ဆေးခြင်းစတင်သည်နှင့် သူမက သေချာ‌ပေါက် နှိပ်စက်ခံရမည်ဖြစ်ပြီး သွေးလွှမ်းသည့်အခြေအနေများဖြစ်လာလိမ့်မည်။ 


ယန်ယွီနော့က နန်းတွင်းအကျဥ်းတိုက်သို့လာ၍ စုဝမ်အား လာတွေ့နေချိန်တွင် နန်းတွင်းအစောင့်စစ်တန်းလျားတွင် ရှိနေသည့် ချန်ရှန့်ပေက အခန်းထဲတွင် တစ်ယောက်တည်းနေနေကာ သူ၏ဝမ်းနည်းမှုများကို သေရည်နှင့်ဖြေသိမ့်နေလေသည်။ ရွှီပင်းယွဲ့က သူ့အား စုဝမ်တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလာခဲ့သည်။ သို့သော် ယခုအချိန်အထိ ချန်ရှန့်ပေက စုဝမ်ကရွေ့ဝမ်နှင့် ကိစ္စတို့ကို ကျူးလွန်ခဲ့လိမ့်မည်ဟု မယုံကြည်သေးပေ။ 


ရွေ့ဝမ်ဆိုတာ ဘယ်သူမို့လို့လဲ...။ သူသာနန်းတွင်းအစေခံတစ်‌ယောက်လိုချင်တယ်ဆိုရင် ဘုရင်မင်းမြတ်ကို တောင်းဆိုလိုက်တာနဲ့ လိုချင်တဲ့သူကို ရနိုင်တာပဲ...။


ချန်ရှန့်ပေက စုဝမ်သည် အကွက်ချကြံစည်ခံရခြင်းဖြစ်ကြောင်း ခိုင်မြဲစွာ ယုံကြည်၏။ 


စုဝမ်ကိုကယ်ရန် သူကြိုးစားရမည်။ ဟုတ်သည်။ သူသေချာ‌ပေါက် စုဝမ်ကို ကယ်ရမည်။ 


ချန်ရှန့်ပေ၏မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားသွား၏။ မနက်ဖြန်တွင် သူက နန်းတွင်းအကျဥ်းတိုက်သို့ သွားရမည်။ စုဝမ်နှင့် လူကိုယ်တိုင်တွေ့ကာ အဖြစ်အပျက်များကို သေချာနားထောင်ရမည်။


___🚩