Chapter 188
Viewers 20k

🚩Chapter - 188

Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 24]


_____



ချန်ရှန့်ပေ၏ နန်းတွင်းအကျဥ်းတိုက်သို့ သွားရောက်သည့်လမ်းခရီးက ယန်ယွီ‌နော့ကဲ့သို့ ချောချောမွေ့မွေ့မဖြစ်ခဲ့ချေ။ အကျဥ်းတိုက်ထဲသို့ ယောက်ျားများကို အဝင်မခံရန် စုဝမ်က ပိုင်ဖေ့အား အမိန့်ပေးထားလေသည်။ 


လှည့်ပြန်ထွက်ခဲ့ရသော ချန်ရှန့်ပေက နန်းတွင်းအကျဥ်းတိုက်၏ ဝင်ပေါက်အရှေ့တွင် တိတ်တဆိတ်ရပ်နေကာ သူ့အရှေ့ရှိ နံရံမြင့်များကိုသာ ငေးမောကြည့်နေနိုင်သည်။ 


စုဝမ်...ကိုယ်နဲ့ဘာလို့မတွေ့တာလဲ...။


သူက စိတ်ပျက်အားငယ်စွာဖြင့် နန်းတွင်းအကျဥ်းတိုက်မှ ထွက်လာခဲ့သည်။ ချန်ရှန့်ပေ အစောင့်စစ်တန်းလျားသို့ ပြန်ရောက်သောအခါ သူ့အခန်းထဲတွင် ထိုင်စောင့်နေသာ ရွှီပင်းယွဲ့ကို တွေ့လိုက်ရ၏။ 


“အစ်ကိုကြီးချန်...အပြင်သွားနေတာလား”


ချန်ရှန့်ပေ၏ အမူအရာမကောင်းသည်ကို တွေ့သောအခါ ရွှီပင်းယွဲ့က စိုးရိမ်တကြီးနှင့် မေးလိုက်သည်။ 


“ငါ...ငါနန်းတွင်းအကျဥ်းတိုက်ကိုသွားခဲ့တာ”


ချန်ရှန့်ပေက စိတ်မပါစွာနှင့်ပြန်ဖြေ၏။ သူ့စကားကိုကြားသောအခါ ရွှီပင်းယွဲ့ စိတ်လှုပ်ရှားသွားသည်။ 


“အစ်ကိုကြီးချန်...ဒါဆို အစ်မစုဝမ်နဲ့တွေ့ခဲ့လား”


ချန်ရှန့်ပေက ခေါင်းခါလိုက်ကာ သစ်သားခုံပေါ်သို့ ထိုင်ချလိုက်သည်။ 


“သူမက တွေ့ဖို့ငြင်းလိုက်တယ် ပင်းယွဲ့...သူမငါ့ကို မယုံဘူးလို့ထင်လား တကယ်တမ်းဆို ငါက အမြဲတမ်း သူမအပြစ်ကင်းတယ်လို့ ယုံကြည်ခဲ့တာ”


“အစ်ကိုကြီးချန်”


ချန်ရှန့်ပေ၏စကားများကြောင့် ရွှီပင်းယွဲ့၏ မျက်လုံးများလက်သွားကာ မျက်နှာ‌ပေါ်တွင် ပူပန်နေသည့် အမူအရာအချို့ပေါ်လာသည်။ 


“အစ်ကိုကြီးချန်...အစ်မစုဝမ်ကို အထင်လွဲနေတာဖြစ်ပါလိမ့်မယ် သူမက အခုဖြစ်နေတဲ့ကိစ္စထဲမှာ ရှင့်ကိုပါ မငြိစွန်းစေချင်လို့များလား”


“ဟုတ်တယ်”


ချန်ရှန့်ပေ၏မျက်လုံးများက တောက်ပသွား၏။ 


“ပင်းယွဲ့ မင်းပြောတာဖြစ်နိုင်တယ် ရှောင်ဝမ်က သေချာပေါက် ငါ့ကို ဒီကိစ္စထဲငြိစွန်းမှာစိုးနေတာဖြစ်ရမယ် သူမကကြင်နာလွန်းတယ် ဒါပေမယ့် အခုသူမက ငါ့ကိုတွေ့ဖို့ ငြင်းဆန်နေတာဆိုတော့ ငါ့ရဲ့ခံစားချက်တွေကို ဘယ်လိုဖော်ပြသင့်လဲ”


အချိန်ခဏကြာအောင် မျက်မှောင်ကြုတ်နေပြီးနောက် ချန်ရှန့်ပေက ရုတ်တရက် ခေါင်း‌မေ့လာကာ ရွှီပင်းယွဲ့ကို ကြည့်လာ၏။ 


“ပင်းယွဲ့...ငါ့ကိုကူပြီး နန်းတွင်းအကျဥ်းတိုက်မှာ စုဝမ်နဲ့ သွားတွေ့ပေးပါ မင်းဆိုရင် သူမသေချာပေါက် တွေ့မှာပဲ မင်းသူမကို ငါ့ရဲ့ခံစားချက်တွေပြောပြပြီး ငါနဲ့တွေ့အောင် ပြောပြပေးရင်ရော”


“ဒါက...”


ချန်ရှန့်ပေ၏ တောင်းဆိုချက်ကိုကြားသောအခါ ရွှီပင်းယွဲ့၏မျက်နှာတွင် တွ့န်ဆုတ်နေသည့် အမူအရာအချို့ပေါ်လာ၏။


“အစ်ကိုကြီးချန်...ရှင်မသိလောက်ပေမယ့် အစ်မရှောင်ဝမ်က ခေါင်းမာပြီး ဆုံးဖြတ်ပြီးသားအရာတွေအပေါ်မှာ လွယ်လွယ်နဲ့မပြောင်းလဲတတ်ဘူး ကျွန်မသာ လက်ဗလာနဲ့ ရောက်သွားရင် သူမ ကျွန်မကို မယုံကြည်မှာစိုးရိမ်မိတယ်...ဒါပေမယ့်...”


ရွှီပင်းယွဲ့၏အကြည့်များက ချန်ရှန့်ပေ၏ ခါးအပေါ်သို့ ကျ‌ရောက်သွားသည်။ ခါးတွင်ချိတ်ဆွဲထားသောဓား၌ သူနှင့် စုဝမ်၏ စေ့စပ်လမ်း‌ကြောင်းထားသည့် အမှတ်အသားဖြစ်သည့် ကျောက်စိမ်းဆွဲသီးလေးရှိနေ၏။ 


“အစ်ကိုကြီးချန်...ရှင်နဲ့ အစ်မစုဝမ်ရဲ့ စေ့စပ်အမှတ်အသားကို ကျွန်မနဲ့ထည့်ပေးလိုက်ပါ အဲ့ဒါကို သက်သေအထောက်အထားအနေနဲ့ အစ်မစုဝမ်ကိုပြလိုက်မယ် အဲ့ဒါဆိုရင် ရှင်စိတ်ရင်းမှန်ကြောင်း သူမယုံလိမ့်မယ်”


ထိုအခိုက်အတန့်တွင် ရွှီပင်းယွဲ့က အလွန်လေးလေးနက်နက်ဖြစ်နေသောကြောင့် ချန်ရှန့်ပေက သူမ၏ စကားများကို သံသယမဝင်မိပေ။ သူက ခဏလောက်တွန့်ဆုတ်သွားကာ အနည်းငယ်တော့ ရှုပ်ထွေးသွား၏။


 “ဒါဆိုလည်း...မင်းကိုပဲ ဒုက္ခပေးရတော့မယ် ပင်းယွဲ့”


ချန်ရှန့်ပေက ခါးမှ‌ကျောက်စိမ်းဆွဲသီးလေးကိုဖြုတ်ကာ ရွှီပင်းယွဲ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ 


ကျောက်စိမ်းဆွဲသီလေး လက်ထဲသို့ ရောက်လာသောအခါ ရွှီပင်းယွဲ့စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားနေသော်လည်း အပြင်ဘက်တွင်တော့ လေးနက်နေသည့် အမူအရာကိုသာ ချိတ်ဆွဲထားဆဲဖြစ်သည်။ 


“အစ်ကိုကြီးချန်...စိတ်မပူပါနဲ့ ကျွန်မ ဒီကျောက်စိမ်းဆွဲသီးလေးကို အစ်မစုဝမ်ဆီ သေချာပေးလိုက်ပါ့မယ်” 


လက်ထဲတွင်ရှိနေသည့် ကျောက်စိမ်းဆွဲသီးလေးကို တင်းကြပ်စွာကိုင်လိုက်ရင်း ရွှီပင်းယွဲ့၏မျက်လုံးထဲတွင် ယုတ်မာသည့် အရိပ်အယောင်များပေါ်လာသည်။ 


စုဝမ်လို အပြစ်သားတစ်ယာက်က ချန်မိသားစုရဲ့ ကျောက်စိမ်းဆွဲသီးနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ...။


ဒီကျောက်စိမ်းဆွဲသီးက ငါ့အတွက်ပဲ...အနှေးနဲ့အမြန် ငါ့အတွက်ဖြစ်လာလိမ့်မယ်...။


..........


နောက်တစ်နေ့တွင် နန်းတွင်းအကျဥ်းတိုက်၌...။


ရွှီပင်းယွဲ့က မနက်စောစောတွင် လျောင်စီးရီအား အနောက်ဘက်နန်းဆောင်မှ ထွက်ရန် ခွင့်တောင်း၍ နန်းတွင်းအကျဥ်းတိုက်ဆီသို့ ထွက်လာလိုက်သည်။ 


စုဝမ်က ယခုလေးတင်မှ နိုးလာသည်။ ဤနေရာမှ နေ့ရက်များက အလွန်သက်သက်သာသာရှိ၏။ အကျဥ်းခန်းထဲတွင် မနက်လား၊ညလား သေချာမပြောနိုင်ချေ။ မနေ့ညက သူမအလွန်ပျင်းသောကြောင့် အကျဥ်းခန်းထဲတွင် စုရွေ့နှင့်အတူ စစ်တုရင်ကစားခဲ့သည်။ ထိုသို့ကစားနေသောကြောင့် အချိန်ကိုမေ့သွားခဲ့ကြ၏။ ဝမ်ရိ၏ သတိပေးမှုကြောင့်သာမဟုတ်လျှင် သူတို့နှစ်ယောက်က မနက်မိုးလင်းသည်အထိကစားမိကြလိမ့်မည်ပင်...။


စုရွေ့ မနက်ခင်းညီလာခံသို့တက်ရောက်ရန် သွားသည့်နောက် စုဝမ်က မနက်စာမစားပေ။ ထိုအစား သက်တောင့်သက်သာဖြင့် အနားယူလိုက်သည်။ ထို့ကြောင့် ရွှီပင်းယွဲ့ ဝင်လာချိန်၌ စုဝမ်က အိပ်မှုန်စုံမွှားဖြစ်နေကာ ပင်ပန်းနွမ်းခွေနေသယောင်ဖြစ်နေသည်။


“အစ်မစုဝမ်”


ရွှီပင်းယွဲ့က စုဝမ်ကို စောင့်ကြည်နေသည့် အမျိုးသမီးကြီးကြပ်သူအား ငွေစအနည်းငယ်ပေးလိုက်၏။ ထိုအမျိုးသမီးက ချက်ချင်း သူမအတွက် စုဝမ်၏အကျဥ်းခန်းကိုဖွင့်ပေးလာသည်။ စုဝမ်၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုတစ်လေမှမတွေ့သောအခါ ရွှီပင်းယွဲ့၏အကြည့်များက ကျဥ်းမြောင်းသွားသည်။ သို့သော် ခေါင်းမော့လာချိန်၌ သူမ၏မျက်လုံးများက စိုစွတ်နေလေသည်။ 


“အစ်မ ဒီအချိန်အတွင်းမှာ တော်တော်လေးခံစားခဲ့ရမှာပဲ...”


ဝါး...မျက်ရည်တွေချက်ချင်း ကျလာတာပါလား...။


ရွှီပင်းယွဲ့၏ ပြောင်မြောက်လှသည့် သရုပ်ဆောင်စွမ်းရည်များကိုကြည့်ရင်း စုဝမ်ကလည်း သူမနှင့် အလိုက်အထိုက်နေကာ အားတင်း၍ အပြုံးလေးတစ်ခုပြုံးပြလိုက်၏။ 


“အခုကိစ္စကို ခုံရုံးမတင်ရသေးဘူး ငါ့ရဲ့ အခုအခြေအနေက သက်သက်သာသာရှိသေးတယ်လို့ပြောလို့ရတယ်”


“နောက်ပိုင်း...အစ်မစုဝမ်...တကယ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရရင်ရော”


နန်းတွင်းအစေခံတစ်ယောက်အဖို့ အခြားသူများနှင့် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးရှိနေခြင်း၊ အထူးသဖြင့် ထိုလူက ရွေ့ဝမ် ဖြစ်နေခြင်းသည် နန်းတွင်းကို ‌စော်ကားလိုက်ခြင်းသာဖြစ်၏။ 


တကယ်တမ်းတွင် ရွှီပင်းယွဲ့က စုဝမ်သည် ရွေ့ဝမ်ဆိုသည့်လူနှင့် လိင်ပိုင်းဆိုင်ရာဆက်ဆံရေးရှိလိမ့်မည်ဟု မယုံကြည်ချေ။ စုဝမ်မဟုတ်ဘဲ ပိုင်ဆိုင်သမျှအရာများနှင့်တင် မရောင့်ရဲနိုင်သည့် ယန်ယွီချင်းဆိုလျှင်‌တောင်မှ သူမယုံကြည်ဦးမည်။ 


ဒါပေမယ့် ဘာအရေးလဲ...။သူမ ယုံယုံ၊မယုံယုံ အဓိကက ဒီကိစ္စကိုဘုရင်မင်းမြတ်ယုံတယ် ပိုအရေးကြီးတာက ချန်ရှန့်ပေကိုလည်း ယုံစေချင်တယ်...။


“မလွဲမသွေသေဒဏ်ကျခဲ့ရင်တော့ လက်ခံရုံသာရှိတာပေါ့”


စုဝမ် သက်ပြင်းချလိုက်၏။


 “အကုန်လုံးကို စိတ်ပူအောင်လုပ်မိလို့ စိတ်မကောင်းပါဘူး”


“အစ်မစုဝမ် ဘာတွေပြောနေတာလဲ ကျွန်မတို့က ညီအစ်မတွေလေ အကောင်းအဆိုးအတူဝေမျှရမှာပေါ့ ပြီးတော့ အစ်ကိုကြီးချန်...”


ရွှီပင်းယွဲ့၏ အကြည့်များ တောက်ပသွား၏။


“အစ်မ...အစ်ကိုကြီးချန်နဲ့ ဘာလို့မတွေ့တာလဲ ကျွန်မတို့နှစ်ယောက်လုံးက အစ်မကိုကူညီချင်တာ လွန်ခဲ့တဲ့နှစ်ရက်က သူ...အစ်မက သူ့ကိုမတွေ့လို့ အရမ်းစိတ်ပူနေတာ”


ရွှီပင်းယွဲ့က စုဝမ်၏အာရုံစိုက်မှုကိုရရန် ရည်ရွယ်ချက်ရှိရှိ “ကျွန်မတို့နှစ်ယောက်လုံး” ဆိုသည့်စကားကို ဖိပြောလိုက်သည်။ 


စုဝမ် သူမ၏စကားများကိုကြားသည့်အခါ ခဏလောက်တွ့န်ဆုတ်သွားပြီး မျက်နှာထက်တွင် စူးစမ်းနေသည့် အမူအရာနှင့် သူမကိုကြည့်လာသည်။ ထိုအချိန်၌ ရွှီပင်းယွဲ့က အရှေ့သို့တိုးလာကာ သူမ၏ နန်းတွင်းဝတ်စုံကို မလိုက်သည်။ 


“လာ...အစ်မက အားနည်းနေတာ ကူတွဲပေးမယ်”


သူမ၏လှုပ်ရှားမှုကြောင့် သူမ၏ခါးမှ ကျောက်စိမ်းဆွဲသီးလေးက ပေါ်လာလေသည်။ 


ကျောက်စိမ်းဆွဲသီးလေးက ရွှီပင်းယွဲ့နှင့်အတူရှိနေသည်ကိုကြည့်ရင်း စုဝမ်၏မျက်နှာက ဖြူဖျော့သွားသည်။ သူမက ရွှီပင်းယွဲ့၏၏ခါးရှိ ကျောက်စိမ်းဆွဲသီးလေးကို ‌ဖြေးညင်းစွာ ထိကိုင်လိုက်သည်။ 


“ပင်းယွဲ့...ဒီကျောက်စိမ်းဆွဲသီး...ကျောက်စိမ်းဆွဲသီးက...”


“အာ...ဒီကျောက်စိမ်းဆွဲသီးလား”


ရွှီပင်းယွဲ့က ရုတ်တရက် စုဝမ်ကို တွဲထားသည့် သူမ၏လက်များကို ရုတ်လိုက်ကာ မျက်နှာသည်လည်း ပျာယာခတ်သွားသည်။ 


“အစ်မစုဝမ်...ဒါက အစ်ကိုကြီးချန်ပေးတာမဟုတ်ပါဘူး ကျွန်မ...ကျွန်မဘာသာ ဝယ်ထားတာပါ အစ်မရဲ့ဆွဲသီးလေးက လှတယ်လို့ ကျွန်မပြောခဲ့ဖူးတယ်မလား အဲ့ဒါနဲ့ ကျွန်မ...”


“ငါ့ကိုမလိမ်နဲ့”


စုဝမ်၏အမူအရာများက ရှုပ်ထွေးနေသည်။ 


“ဒီကျောက်စိမ်းဆွဲသီးရဲ့အောက်ခြေမှာ ချန်ဆိုတဲ့ စာလုံးထွင်းထားတာရှိတယ် ဒါက သူတို့မိသားစုထဲမှာ လက်ဆင့်ကမ်းလာခဲ့တဲ့အရာပဲ ငါလုံးဝမှားမှာမဟုတ်ဘူး”


စုဝမ်က ယုံကြည်ချက်ရှိရှိနှင့် ပြောလာသောအခါ ရွှီပင်းယွဲ့ချက်ချင်း ဒူးထောက်ချလိုက်သည်။ 


“အစ်မစုဝမ်...အစ်မကို စိတ်ပျက်စေမိပါပြီ ဒါပေမယ့် ရှန့်ပေနဲ့ကျွန်မက တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြတာပါ အစ်မကို ပြောပြချင်ခဲ့တာ ဒါပေမယ့်...အစ်မ ထိတ်လန့်သွားမှာစိုးရိမ်တာနဲ့...အခုအစ်မမှာ အခုလိုကိစ္စတွေဖြစ်လာတော့လည်း ရှန့်ပေနဲ့ကျွန်မ အစ်မကို ဒီအကြောင်းမပြောနိုင်ခဲ့ဘူး... အစ်မစုဝမ် အရာအားလုံးက ကျွန်မအပြစ်တွေပါ ကျွန်မရဲ့ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး အစ်ကိုရှန့်ပေကို အပြစ်မတင်ပါနဲ့ သူက တမင်ဖုံးကွယ်ခဲ့တာမဟုတ်ပါဘူး သူ့ကိုအပြစ်မတင်ပါနဲ့ အစ်မအပြစ်တင်ချင်ရင် ကျွန်မကိုသာတင်လိုက်ပါ”


ရွှီပင်းယွဲ့က မျက်နှာ၌ မျက်ရည်များနှင့်အတူ ခေါင်းမော့လာကာ စုဝမ်က အဖြူရောင်အပြစ်သားဝတ်စုံကို ဆွဲလိုက်သည်။ 


“အစ်မ ရိုက်ချင်ရိုက်၊ ဆူချင်ဆူလိုက်ပါ ပင်းယွဲ့ ခံပါ့မယ်”


စုဝမ်က မျက်နှာတွင် ဆိုးဝါးနှင့် အမူအရာနှင့်အတူ တုန်လှုပ်စွာနှင့် အနောက်သို့ ဆုတ်လိုက်သည်။ 


သူမတိတ်ဆိတ်နေသည်ကို တွေ့သောအခါ ရွှီပင်းယွဲ့က ပို၍ငိုလာသည်။ 


“ထားလိုက်တော့”


စုဝမ်က ညင်သာစွာနှင့် သူမ၏ဝတ်စုံကို ဆွဲထားသည့် ရွှီပင်းယွဲ့၏လက်များကို ဖယ်ထုတ်လိုက်သည်။


“ဒါက ကံကြမ္မာပဲနေမှာပါလေ ငါမရှိတော့ရင် နင်သူ့ကိုဆက်ပြီးဂရုစိုက်ပေးလို့ရတာပဲ ငါစိတ်ချပါတယ်”


“အစ်မစုဝမ်”


စုဝမ်၏စကားများကိုကြားသောအခါ ရွှီပင်းယွဲ့က လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စုဝမ်၏လက်ကို ဆွဲလာ၏။ 


“ကျွန်မတို့ကို ခွင့်လွှတ်လိုက်တာလား”


“ခံစားချက်တွေက တွန်းအားပေးလို့မရဘူး နင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်မှတော့ သူနဲ့ငါ့ကြားက လက်ထပ်ဖို့စီစဥ်ထားတာက အကျုံးမဝင်တော့ဘူး”


ပြောပြီးသည်နှင့် စုဝမ်က ကုတင်ဆီသို့ လျှောက်သွားကာ ကျောက်စိမ်းဆွဲသီးကို ယူလိုက်သည်။


 “ဒါကို သူ့ဆီပြန်ပေးလိုက်... ပိုင်သင့်တဲ့သူဆီပြန်ပေးတယ်လို့ သဘောထားလိုက်တော့”


“ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်”


ရွှီပင်းယွဲ့က စုဝမ်ပေးလာသည့်‌ ကျောက်စိမ်းဆွဲသီးကို လက်ထဲတွင် မြဲမြံစွာ ကိုင်ထားလိုက်သည်။ ဤတစ်ခေါက်တွင်တော့ သူမက စိတ်သက်သာစွာခံစားနေရသည်။ 


ဤသို့ဖြင့် ချန်ရှန့်ပေအပေါ်ရှိနေသည့် စုဝမ်၏ခံစားချက်များမှာ အဆုံးသတ်သွားပြီဖြစ်သည်။ ချန်ရှန့်ပေ မည်မျှအသနားခံပါစေ၊ စုဝမ်က သူ့ကိုလှည့်ကြည့်‌တော့မည်မဟုတ်ချေ။


ဤကျောက်စိမ်းဆွဲသီးကိုတော့ သူမပြန်သည့်အခါ ချန်ရှန့်ပေအတွက် ဆင်ခြင်ပေးရန်ပြင်ဆင်ပြီးသားဖြစ်သည်။ 


ရည်မှန်းချက်အောင်မြင်သွားသည့် ရွှီပင်းယွဲ့က စုဝမ်နှင့် စကားအနည်းငယ်ပြောပြီးသည့်အခါ အလျင်စလိုနှင့် ပြန်သွားလေသည်။ ထွက်သွားသည့် သူမ၏နောက်ကျောကိုကြည့်ရင်း မျက်နှာထက်တွင်တော့ ပျော်ရွှင်နေသည့် အမူအရာရှိနေလိမ့်မည်ဟု စုဝမ်ခန့်မှန်းလိုက်သည်။ 


ရွှီပင်းယွဲ့...အခုလောလောဆယ်တော့ ဂုဏ်ယူပြီးပျော်ရွှင်ခွင့်ပေးထားလိုက်မယ်...။


သိပ်မကြာခင် နင်ပျော်နိုင်တော့မှာမဟုတ်ဘူး...။



--------🚩