🚩Chapter - 190
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 26 ]
_____
“ယန်ယွီနော့”
ရွှီပင်းယွဲ့က ရုတ်တရက် ရောက်ရှိလာသည့် ရိုက်ချက်ကြောင့် မူးဝေသွားသည်။ သူမက နီရဲသွားသည့်ပါးကို လက်ဖြင့်အုပ်ကာ အေးစက်သည့်အရိပ်အယောင်အချို့က မျက်လုံးထဲတွင်ဖြတ်ပြေးသွား၏။
“အစ်မယွီနော့…ဘာလုပ်လိုက်တာလဲ အစ်မစုဝမ်ရဲ့ကိုယ်စားဆိုတာကရော ဘာကိုဆိုလိုတာလဲ”
ရွှီပင်းယွဲ့က အပြစ်ကင်းသယောင်ဆောင်သည်ကိုတွေ့သောအခါ ယန်ယွီနော့က ဘေးတွင် သံသယအပြည့်၊ မည်းမှောင်နေသောအမူအရာတို့ဖြင့်ရှိနေသည့် ချန်ရှန့်ပေကို ကြည့်လိုက်သည်။
“ရှင်က ချန်ရှန့်ပေလား”
ယန်ယွီနော့၏ မေးခွန်းကိုကြားသောအခါ ချန်ရှန့်ပေက ခေါင်းညိတ်ပြ၏။ ယန်ယွီနော့ ရွှီပင်းယွဲ့ထံသို့ ပြေးဝင်လာပြီး ရိုက်လိုက်သည့်အချိန်၌ ချန်ရှန့်ပေတွင် တားရန်အချိန်ရှိခဲ့သည်။ သို့သော် သူမက စုဝမ်၏အမည်ကို ပြောလာသည့်အခါ ချန်ရှန့်ပေ တောင့်ခဲသွားကာ ဝင်မတားဘဲနေလိုက်သည်။
“ရွှီပင်းယွဲ့”
ချန်ရှန့်ပေက သူ၏ဖြစ်တည်မှုကို အတည်ပြုလိုက်သောအခါ ယန်ယွီနော့က ရွှီပင်းယွဲ့ကို လှည့်ကြည့်လိုက်သည်။
“အစ်ကိုကြီးချန်က စုဝမ်ရဲ့ သတို့သားလောင်း…နင်ကသူနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ်နေနေတာ စုဝမ်ကို အားမနာမိဘူးလား”
“ကျွန်မနဲ့ အစ်ကိုကြီးချန်က နှစ်ယောက်လုံး လူလွတ်တွေ…ဒီတော့ ဘာကိုကြောက်ရမှာလဲ အစ်မယွီနော့က ဒါကို မသင့်လျော်ဘူးလို့ထင်ရင် အစ်မစုဝမ်ကိုသာ သွားပြော…သူမက အစ်ကိုကြီးချန်ကို မလိုချင်တော့ဘူးလို့ ပြောလိုက်တယ်…အဲ့ဒါကို ကျွန်မကဘာလို့ အစ်ကိုကြီးချန်နဲ့ အတူမရှိနေနိုင်ရမှာလဲ”
ရွှီပင်းယွဲ့က ယန်ယွီနော့ကို စိတ်ရှုပ်ထွေးစေရန် ဒွိဟဖြစ်စရာဖြေလာ၏။
“ဟားဟား”
သူမပြောသည်ကိုကြားသောအခါ ယန်ယွီနော့က ရယ်လိုက်၏။ သူမက တမင်မေးလိုက်သော်လည်း ရွှီပင်းယွဲ့က ပြန်ဖြေလာရဲလိမ့်မည်ဟုထင်မထားခဲ့ပေ။
“စုဝမ်က ချန်ရှန့်ပေကို မလိုချင်တော့ဘူးလို့ နင့်ကိုဘယ်သူပြောလဲ”
ယန်ယွီနော့က စုဝမ်၏စာကို ဝတ်ရုံများကြားမှ ထုတ်လိုက်သည်။
“နင်သူမကိုသွားတွေ့ပြီးနောက်မှာပဲ စုဝမ်က နန်းတွင်းအကျဥ်းတိုက်ထဲမှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့တယ် ဒါက သူမရဲ့သေတမ်းစာပဲ ရွှီပင်းယွဲ့ နင်နန်းတွင်းအကျဥ်းတိုက်မှာ စုဝမ်ကို ဘာတွေပြောခဲ့တယ်ဆိုတာ ချန်ရှန့်ပေကို ပြန်ပြောပြရဲလား”
“ဘာ”
စုဝမ်က အဆုံးစီရင်ရန်ကြိုးစားခဲ့ကြောင်း ကြားလိုက်ရသောအခါ ရွှီပင်းယွဲ့ အံ့ဩသွားသည်။ ချန်ရှန့်ပေက အရှေ့သို့တိုးလာကာ ယန်ယွီနော့၏ ပခုံးကို တင်းကြပ်စွာကိုင်လိုက်သည်။
“မင်းပြောတာ တကယ်ပဲလား စုဝမ်…အခု ရှောင်ဝမ် ဘယ်လိုနေသေးလဲ သူမကိုကယ်လိုက်နိုင်လား”
“ဒါဆို ရှင်က သူမကို ဂရုစိုက်သေးတယ်ပေါ့”
ယန်ယွီနော့က အမှောင်ထုထဲတွင် ထိန်းသိမ်းခံထားရသလို ခံစားချက်များပြင်းထန်နေသည့် ချန်ရှန့်ပေကို ပြန်ကြည့်လိုက်၏။
“ရွှီပင်းယွဲ့က စုဝမ်ကို ရှင်နဲ့သူမနဲ့က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်နေကြတယ်လို့ ပြောခဲ့တယ် စုဝမ်ပြန်လမ်းမရှိတဲ့လမ်းကိုရွေးချယ်သွားတာ ရှင်တို့နှစ်ယောက်ကြောင့်ပဲ”
“ပင်းယွဲ့”
ယန်ယွီနော့၏ စကားများကို ကြားသောအခါ ဓားသွားကဲ့သို့ ထက်ရှနေသည့် ချန်ရှန့်ပေ၏အကြည့်များက ရွှီပင်းယွဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားသည်။
“သူမပြောတာ တကယ်ပဲလား မင်းစုဝမ်ကို ဘာတွေပြောခဲ့တာလဲ”
“ကျွန်မ…ကျွန်မ”
ရွှီပင်းယွဲ့က ခဏတာလောက် တုန်လှုပ်သွား၏။ စုဝမ်၏သေတမ်းစာထဲတွင် ပါသည့်စာများနှင့် ပတ်သက်၍ ယန်ယွီနော့ မည်မျှအထိသိနေမှန်း သူမမသိပေ။ ဤအချိန်တိုလေးအတွင်းတွင် သူမက အခြားသူများကို သံသယမဖြစ်စေမည့် နောက်ထပ်ဆင်ခြေတစ်ခုကိုရှာရမည်။ ၎င်းက ခက်ခဲသည်ထက်ကျော်လွန်နေသည့် အခြေအနေပင်…။
ချန်ရှန့်ပေက ရွှီပင်းယွဲ့၏ တုံ့ပြန်မှုကိုမြင်လိုက်သည့်အချိန်တွင် အဖြေကိုသိလိုက်ရသည်။ သူမက သူ့အား စုဝမ်နှင့် လူချင်းမတွေ့ရန် ဆက်တိုက်ဟန့်တားနေသည်မှာ အံ့ဩစရာမကောင်းတော့ပေ။
သူ့ဆီကိုစာလာပေးတိုင်း တမင်အချိန်ကိုလေးဖင့်စေကာ သူနှင့်စကားပြောသည်မှာလည်း အံ့ဩစရာမကောင်းတော့ပေ။
ချန်ရှန့်ပေက အရာအားလုံးကို ဆက်စပ်မိသွားကာ သိပ်မကြာခင်မှာပင် ရွှီပင်းယွဲ့၏ တစ်ကိုယ်ကောင်းဆန်သည့် လှုပ်ရှားမှုများအားလုံးကို နားလည်သွားတော့သည်။
အင်းလေ…အတွင်းဘက်နန်းဆောင်ထဲမှာ ခံစားချက်တွေနက်ရှိုင်းတဲ့ ညီအစ်မကောင်းတွေဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ…။
“မင်းကတကယ်ကို ယုတ်ညံ့တာပဲ”
ချန်ရှန့်ပေက ရွှီပင်းယွဲ့အား စူးရှစွာကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် အမုန်းတရားတို့အပြင် ရွံရှာမှုတို့လည်း ပြည့်နှက်နေသည်။ ချန်ရှန့်ပေက အမြဲလိုလို ဖြောင့်မတ်သည့်သူတစ်ယောက်အဖြစ် နေထိုင်ခဲ့သည်။ သူက လောဘကြီး၍ မရောင့်ရဲတတ်ဘဲ ကုန်းချောတတ်သည့်သူများကို မုန်းသည်။ ယခုတွင် ရှီပင်းယွဲ့၏ ပုံစံအစစ်ကို မြင်လိုက်ရပြီးနောက် ချန်ရှန့်ပေက သူမအပေါ်တွင် အချစ်ဆိုသည့်ခံစားချက်မပြောနှင့်၊ အထင်အမြင်ကောင်းများပင်မရှိတော့ပေ။
ချန်ရှန့်ပေက လှည့်ကာ စိတ်တို ဒေါသထွက်နေသည့် ယန်ယွီနော့ကို ကြည့်လိုက်သည်။
“မိန်းကလေးယန် အမှန်တရားကို လာပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စုဝမ်ဘယ်လိုနေသေးလဲ”
“စုဝမ်ကို ကယ်လိုက်နိုင်တယ် အသက်အန္တရာယ်တော့မရှိတော့ပါဘူး ဒါပေမယ့် သတိမေ့နေတုန်းပဲ”
စုဝမ်၏လက်ရှိအခြေအနေနှင့်ပတ်သက်၍ ပိုင်ဖေ့က ယန်ယွီနော့ကို ပြောပြထားပြီးသားဖြစ်သည်။ ထို့အပြင် ဤကိစ္စအား နန်းတွင်းအကျဥ်းတိုက်က ဘုရင်မင်းမြတ်အား တင်ပြရမည်ဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ရမည်ဖြစ်ရာ ယခုလောလောဆယ်တွင် နန်းတွင်းအကျဥ်းတိုက်၌ လာရောက်သူအားလုံးအား တားမြစ်ထားကြောင်းလည်း ပြောပြထားသည်။ သူတို့ စုဝမ်ကိုတွေ့ချင်ပါက ဤကိစ္စကို ဘုရင်မင်းမြတ်ဖြေရှင်းပြီးသည်အထိ စောင့်ရမည်သာဖြစ်သည်။
ယန်ယွီနော့၏ အချိန်မီရောက်ရှိလာမှုကြောင့် ချန်ရှန့်ပေက ရွှီပင်းယွဲ့၏ လှည့်စားမှုမှ အချိန်မီရှောင်ထွက်နိုင်ခဲ့သည်။ ဤကိစ္စက သဘာဝကျစွာဖြင့် ချန်ရှန့်ပေနှင့်ယန်ယွီနော့တို့ ရွှီပင်းယွဲ့ကိုကျောခိုင်းကာ ထွက်သွားခြင်းနှင့်ပြီးသွားခဲ့သည်။
သို့သော် ရွှီပင်းယွဲ့ကတော့ ထွက်ခွာသွားသည့် ယန်ယွီနော့၏နောက်ကျောကို ခါးသက်နေသည့် အမူအရာဖြင့်ကြည့်လိုက်သည်။
ယန်ယွီနော့…အရူးမ…။
ငါနင့်ကို ခွင့်မလွှတ်ဘူး ငါ့ကိုကောင်းကောင်းမနေစေချင်မှတော့ ငါလည်းနင့်ကို ကောင်းကောင်းနေခွင့်မပြုနိုင်ဘူး
အခုအစ်ကိုကြီးချန်က ငါ့ကိုမုန်းသွားပြီဆိုတော့ နင်လည်း နန်းတွင်းသမားတော်လုနဲ့ ဘယ်လိုလုပ်စုံတွဲတွေ ဆက်ဖြစ်နိုင်တော့မှာလဲ…။
ရွှီပင်းယွဲ့က ထိုကဲ့သို့လူစားမျိုးပင်…။ ပြဿနာတစ်ခုကြုံလိုက်သည်နှင့် ၎င်းက အခြားတစ်ယောက်၏ အမှားသာဖြစ်သည်။ သူမကသာ ပြဿနာအရင်းခံဖြစ်ကြောင်း ဘယ်သောအခါမှမတွေးပေ။ သူမသိသည်က သူမလည်း ကောင်းကောင်းမနေရလျှင် အခြားသူများကိုလည်းလိုက်လံနှောင့်ယှက်ရန်သာဖြစ်၏။
ယန်ယွီနော့…နင်စောင့်နေ…။
ယန်ယွီနော့အား နှလုံးသားထဲမှပြင်းထန်သည့်မုန်းတီးမှုတို့နှင့်အတူ ရွှီပင်းယွဲ့က ရှန့်ဖူနန်းဆောင်သို့မပြန်ဘဲ အနောက်ဘက်နန်းဆောင်မှ အခြားနန်းဆောင်တစ်ခုဆီသို့သွားလိုက်သည်။
ထိုည၌…။
အေးစိမ့်နေသည့် ဆောင်းညတွင် လုမုရွှင်က သူနှင့်အတူ မီးအိမ်ကိုယူမလာခဲ့ချေ။ သူက မှတ်ဉာဏ်ထဲမှ လမ်းကြောင်းအတိုင်း အနောက်ဘက်နန်းဆောင်၏ လူမရှိသည့်ဟောခန်းလေးတစ်ခုဆီသို့ လျှောက်လာလိုက်သည်။
ပတ်ဝန်းကျင်တွင် လူမရှိကာ ညလေးအေးကလည်း တိုက်ခတ်နေ၏။
လုမုရွှင်က ကိုယ်ပေါ်မှ ဝတ်ရုံစကို တင်းတင်းဆွဲလိုက်ကာ လှည့်ပတ်ကြည့်လိုက်သည်။ သိပ်မကြာခင်မှာပင် သေးငယ်သည့် ပုံရိပ်လေးတစ်ခုက သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
ထိုပုံရိပ်လေးက ညအမှောင်ထုထဲတွင် အလျင်စလိုနှင့်လျှောက်လာသည်ကို အဝေးမှ ဝေဝေဝါးဝါးသာမြင်ရသည်။ ထိုပုံရိပ်လေးနီးကပ်လာသည့်အမျှ လုမုရွှင်သည် ထိုလူက ထူထဲသည့်အနက်ရောင်ဝတ်ရုံဖြင့် ကိုယ်ကိုအပြည့်အဝလွှမ်းခြုံထားကြောင်း သိလိုက်ရသည်။
“ယွီနော့”
လုမုရွှင်က အသံနိမ့်နိမ့်ဖြင့်ခေါ်လိုက်သည်။ ထိုပုံရိပ်က သူ့အသံကိုကြားသွားကာ ချက်ချင်းအရှိန်မြှင့်လိုက်ပြီး သူ့အသံလားရာနောက်သို့ လျှောက်လာသည်။
“ယွီနော့…မင်း…”
လုမုရွှင်က ယန်ယွီနော့အား သူနှင့်ဤနေရာတွင်ဘာကြောင့်တွေ့ချင်ကြောင်း မေးရန်ပြင်လိုက်သော်လည်း သူ့အရှေ့မှလူက ခေါင်းစွပ်ကိုဖယ်လိုက်သည့်အခါ ထိုလူက ယန်ယွီချင်းဖြစ်နေလေသည်။
“မိန်းမလှလေးယန်”
လုမုရွှင်က အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကာ ယန်ယွီချင်းအား အံ့အားသင့်စွာကြည့်လိုက်၏။
“မင်းဘယ်လိုလုပ်…”
“ကျွန်မရဲ့အစ်မက ဒီမှာတွေ့မယ်လို့ပြောလို့”
ယန်ယွီချင်းသည်လည်း လုမုရွှင်အား မရေမရာဖြင့်ကြည့်လာသည်။
“နန်းတွင်းသမားတော်လုကရော ဘာလို့တစ်ယောက်တည်းလဲ ကျွန်မရဲ့အစ်မရော”
“သေစမ်း”
ယန်ယွီချင်း၏စကားများကိုကြားသောအခါ လုမုရွှင်၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင် ယန်ယွီချင်းလည်း တစ်ခုခုကိုတွေးမိသွားသည်။ သို့သော် ကံမကောင်းစွာနှင့် အရာအားလုံးက နောက်ကျသွားလေသည်။ အတွင်းဆောင်အစေခံများ ကိုင်ဆောင်ထားသည့် မီးအိမ်မှ မီးရောင်များက အနက်ရောင်ကောင်းကင်သို့ ထင်ဟပ်နေပြီး ဝမ်ရိ၏ဦးဆောင်မှုနောက်တွင် လူနှစ်ယောက်အား ဝန်းရံ၍လျှောက်လာနေကြသည်။ ဝမ်ရိဘေးတွင် ရပ်နေသူက ရွှီပင်းယွဲ့သာဖြစ်သည်။
ယန်ယွီချင်းက ပုံမှန်တွင် သတိကြီးသည့်သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် သူမက ရွှီပင်းယွဲ့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့သည်။ အရာအားလုံးမှာ သူမတို့ကို ရွှီပင်းယွဲ့က သေချာသိနေသောကြောင့်သာ…။
သူမက ယန်ယွီနော့၏လက်ရေးကိုတုပရေးကာ လုမုရွှင်ကိုချိန်းဆိုခဲ့ပြီး ညရောက်သည့်အခါ စုဝမ်၏ကိစ္စကိုဆွေးနွေးရန်လာခိုင်းထားသည့်စာကိုလည်း ယန်ယွီချင်းအတွက်ပေးခဲ့သည်။
ယခုလက်ရှိတွင် ယန်ယွီချင်းက ဘာလုပ်ရမလဲ မသိဖြစ်နေဆဲပင်…။ ယန်ယွီနော့က နောက်ဆုံးတွင် သူမနှင့်တွေ့ချင်လာသောကြောင့် ယန်ယွီနော့က သူမကိုကူညီချင်၍သာဖြစ်မည်ဟု တွေးထင်ခဲ့ကာ သံသယမဝင်ခဲ့ချေ။ ထို့ကြောင့်ပဲ သူမက ရွှီပင်းယွဲ့၏ ထောင်ချောက်အတွင်းသို့ မထင်မှတ်ဘဲ ကျရောက်သွားရသည်။
တစ်ခါတစ်ရံတွင် သင့်ကို အန္တရာယ်ပြုနိုင်သည့်သူက ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်နေတတ်သည်။
ထိုလူက သင်နှင့်ပိုနီးကပ်လေ၊ သူတို့လှုပ်ရှားသည့်အခါ ပို၍လျင်မြန်ပြီး တိကျကာ အညှာအတာမဲ့လေဖြစ်၏။
_____🚩