Chapter 131
Viewers 18k

🐯Chapter 131



နှင်းကျားသစ်​လေးသည်လည်း အိပ်​ပျော်သွားသည်။ သို့​သော် ​သူက ကောင်း​ကောင်းအိပ်​ပျော်သည့်ပုံမ​ပေါ်​ပေ။ မျက်နှာ​သေး​သေး​လေးနှင့်အတူ သူ့လက်များက ကုယွီမြန်၏လည်ပင်း​ပေါ်တွင် တင်းကျပ်စွာ ဖိထားပြီး သူ့အား ဆုံးရှုံးသွားမည်ကို ​ကြောက်​နေသည့်ပုံပင်။


"ထွမ်ထွမ်…"

ကောင်စုတ်​ကလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေလား ​သေချာ​စေရန် ကုယွီမြန် နှစ်ကြိမ်မျှ​ခေါ်လိုက်သည်။ နှင်းကျားသစ်လေး အဘယ်​ကြောင့် မ​ပျော်မရွှင်ဖြစ်​နေသည်ကို သူ မသိ​ပေ။ ကုယွီမြန်က နှင်းကျားသစ်​လေး၏မေး​စေ့ကို ညင်သာစွာ ပွတ်​သပ်ပေးပြီး​နောက် ကျောပြင်​လေးကို ပုတ်​ပေးလိုက်သည်။


ထို့​နောက် စုန်းမဂျန်နီ သူ့ဆီသို့ ​ပေးပို့လာ​သောစာကို ထုတ်ကာဖွင့်ဖတ်လိုက်သည်။


[ဟဲလို မစ္စတာကု


ဒီ​နေ့​တော့ ရှင် သိကိုသိထားရမဲ့ အ​ကြောင်းအရာ​တွေကို ​ပြောပြ​ပေးဖို့ စာရေးလိုက်တာပါ။ ကျွန်မ ဒီစာကို​ရေးခဲ့တာ ကြာပြီဖြစ်​ပေမဲ့ ရှင် ဖတ်ကြည့်လိုက်တဲ့အခါကျရင် ​အောက်မှာ​ပြောထားတဲ့စာ​ကြောင်းတိုင်းက စစ်မှန်တယ်ဆိုတာ ​သေချာပါတယ်။


ကမ္ဘာကြီးရဲ့ကံကြမ္မာက ရှင်နဲ့အရမ်းနီးနီးကပ်ကပ်ကို ဆက်နွယ်​နေတယ်။ ရှင်က သန်မာပါတယ်။ ရှင် ထင်ထားတာထက်​တောင် သန်မာ​သေးတယ်။ ဒါ​ကြောင့် မ​ကြောက်ပါနဲ့။]


သန်မာတာလား...


အားနည်းရာမှ သန်မာလာခြင်း... 

ထိုစကားလုံးက သူကိုယ်တိုင်နှင့် ​ဘယ်​သောအခါကမှ ဆက်စပ်မှုမရှိခဲ့သည့် စကားပင်ဖြစ်၏။ သူ့အဖိုးအဖွားများ အပါအဝင် သူကိုယ်တိုင်၏ သူ့အ​ပေါ်အကဲဖြတ်မှုက နူးညံ့တည်ငြိမ်ပြီး စိတ်ရှည်ကာ နှစ်လိုဖွယ်​ကောင်း​ပေသည်။ ၎င်းတို့ထဲမှအများစက အ​ကောင်းမြင်တတ်ခြင်းဖြစ်ပြီး 'သန်မာခြင်း' ​က မပါဝင်ခဲ့​ပေ။


ထို့အပြင် ဂျန်နီက ​နောက်ထပ်အ​ကြောင်းအရာတစ်ခုကို ​ရေးသားထား​သေးသည်။ သူမ လုပ်ခဲ့သည့်အရာများနှင့် စာထဲတွင်​ရေးသားထား​သော အရာများကို သူမ ပြုလုပ်ခဲ့ပြီး​နောက် ဖြစ်ပျက်ခဲ့သည့်အရာများကို​ရေးသားထားသည်။ ထိုအရာများက ကုယွီမြန်၏စိတ်ကူးယဉ်ကြည့်နိုင်စွမ်းထက် ​ ကျော်လွန်သွားပြန်သည်။


"....."


စာ၏အဆုံးသတ်တွင် သူမ ​ရေးသားထားသည်မှာー


[မစ္စတာကု၊ ကျွန်မ ခန့်မှန်းတာမှန်မယ်ဆိုရင် ရှင်ရဲ့အနီးတဝိုက်မှာ ဖုံးကွယ်ထားတဲ့ မုသားတစ်ခုနဲ့ လွန်ခဲ့တဲ့နှစ်​ပေါင်းများစွာထဲက မပြည့်ဝခဲ့တဲ့ဆု​တောင်းတစ်ခုရှိတယ်။ ​နောက်ပြီး က​လေးနှစ်​ယောက်က အကူအညီလိုအပ်​နေတယ်။


​နောက်ဆုံးအ​နေနဲ့ ကျွန်မ ရှင့်အတွက် ကြိုပြီးဂုဏ်ပြုစကား ဆိုထားချင်တယ်။ မကြာခင် မုသား​တွေက ​ပေါ်​ပေါက်လာပြီး ဆု​တောင်းက အမှန်တကယ် ဖြစ်လာလိမ့်မယ်။ ​နောက်ပြီး က​လေး​တွေလည်း ​ဘေးကင်းသွားလိမ့်မယ်။]


ကုယွီမြန် "ဘယ်လို..."


မုသားတစ်ခု၊ ဆု​တောင်းတစ်ခုနဲ့ အကူအညီလိုအပ်တဲ့ က​လေးနှစ်​ယောက်တဲ့လား...


'အကူအညီလိုအပ်တဲ့က​လေးများ' ဆိုသည်မှာ ​မြေ​ခွေး​လေးနှင့် ဟက်စကီ​လေးကို ရည်ညွှန်းခြင်းဖြစ်လိမ့်မည်။


​မြေ​ခွေး​လေးက သိပ္ပံအကယ်ဒမီ​ကျောင်း၏ အကြီးအကဲဖြစ်​ကြောင်း ကုယွီမြန် သိထားသည်မှာ ကြာပြီဖြစ်၏။ သိပ္ပံအကယ်ဒမီ​ကျောင်းကို သွား​ရောက်လည်ပတ်ပြီး​ နောက်တစ်​နေ့တွင် အထက်တန်းစားနယ်​မြေတွင် သူ​ပေါ်လာခဲ့ခြင်း​ကြောင်း ၎င်းကို မှန်းဆရန်မခက်ခဲလှ​ပေ။


သို့​သော် အ​ခြေအ​နေကို ကုယွီမြန် စစ်​ဆေးစုံစမ်းပြီး​နောက် ​မြေ​ခွေး​လေး၏အကျိုးအတွက် စဉ်းစားကာ မ​ဖော်ထုတ်ခဲ့​ပေ။


​မြေ​ခွေး​လေး၏စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာပြဿနာများ၊ ဟက်စကီ​လေး၏ စာရေးရန်စိတ်ကူးစိတ်သန်းများ အတားအဆီးဖြစ်​နေခြင်းများ၊ ၎င်းတို့က စုန်းမ ရည်ညွှန်း​ပြောဆို​သော 'အကူအညီလိုအပ်တဲ့က​လေးများ' ဖြစ်နိုင်သည်။ ထိုသ​ဘောထားအတိုင်းဆိုလျှင် နှင်းကျားသစ်​လေးနှင့် ထန်ယွမ်​လေးတို့က 'မုသားနှင့်ဆု​တောင်း' ဖြစ်​ပေလိမ့်မည်။


ကုယွီမြန်၏ဦး​နှောက်​က အနည်းငယ် ရှုပ်​ထွေးသွားရ၏။ ရှုပ်​ထွေးမှုများထဲတွင် သဲလွန်စချည်မျှင်အချို့ကို ရရှိခဲ့​သော်လည်း သူ ၎င်းတို့ကို ဖမ်းဆုပ်မထားနိုင်ခဲ့​ပေ။


အဘယ်​ကြောင့်ဆို​သော် တစ်စုံတစ်​ယောက်က သူ့အား ​မေ့သွား​စေချင်သည့် ​အ​ကြောင်းအရာများရှိ​နေခြင်း​ကြောင့်ပင်။


"​နောက်ကျမှ အဲဒီအ​ကြောင်းကို ဆက်စဉ်းစားလိုက်​တော့မယ်…"


စုန်းမဂျန်နီမှာ ကုယွီမြန်က 'သန်မာတယ်' ဟူသောအချက်ကို ​မေးခွန်းထုတ်လိမ့်မည့်ဆိုသည်အား ခန့်မှန်းမိသည်။ ထို​ကြောင့် စာထဲတွင် စစ်​ဆေးနိုင်မည့်နည်းလမ်းကို ကုယွီမြန်အား ​ပြောပြ​ပေးခဲ့သည်။


နှင်းကျားသစ်​လေးက အိပ်မက်ဆိုးများ မက်​နေသည်။ သူ့လက်ကလေးများဖြင့် ကုယွီမြန်၏လက်ဖဝါးကို စိတ်​သောက​ရောက်စွာ ဖျစ်ညှစ်လိုက်ပြီး​နောက် လည်ပင်းနှင့်နားရွက်များကို ဖျစ်ညှစ်လိုက်သည်။ ကုယွီမြန်၏တည်ရှိမှုကို အတည်ပြုပြီးမှသာ နှင်းကျားသစ်​လေးက အနည်းငယ် စိတ်သက်သာရာရသွားသည့်ပုံပေါ်​သော်လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးက တောင့်တင်း​နေကာ ကုယွီမြန်၏ရင်ခွင်ထဲတွင် ​ခွေအိပ်​နေသည်။


ထို့​နောက် ကုယွီမြန် သူ့ကိုချီထားရင်း အိပ်ရာမှထကာ ပြတင်း​ပေါက်အပြင်ဘက်သို့ ​လျှောက်သွားလိုက်သည်။ ရှုခင်းကြည့်သည့်စင်္ကြန်လမ်းမှ သင်္ဘောကုန်းပတ်​ပေါ်သို့ ​ခြေချလိုက်ပြီး​ သူ့​နောက်ရှိသစ်သားတံခါးကို ညင်သာစွာပိတ်လိုက်သည်။


နှင်းကျားသစ်​လေး၏​နောက်​ကျောတစ်​လျှောက် ပွတ်​ပေးပြီး ကုယွီမြန် နူးညံ့စွာ ​ချော့မြူ​နေလိုက်ပြီး တစ်ချိန်တည်းမှာပင် စုန်းမဂျန်နီ၏​ပြောစကားအရー


[ရှင့်ရဲ့မျက်လုံး​တွေကို မှိတ်ထားပြီး ရှင်က အနက်ရှိုင်းဆုံးသမုဒ္ဓရာကြမ်းပြင်မှာ လုံးဝနစ်မြုပ်​နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်...]


အရင်က ထိုကဲ့သို့မြင်ကွင်းမျိုးကို စိတ်ကူးယဉ်ကြည့်ရန်မှာ ကုယွီမြန်အတွက် ခက်ခဲခဲ့​သော်လည်း ယ​နေ့တွင် အများကြီးအားထုတ်စရာမလိုဘဲ 'ပင်လယ်ထဲသို့နစ်မြုပ်ခြင်း' ဖြစ်စဉ်ကို ​အောင်မြင်စွာလုပ်​ဆောင်နိုင်ခဲ့သည်။ ကုယွီမြန် သူ့ကိုယ်သူ စိတ်ကူးယဉ်မှုထဲသို့ လုံးဝပြီးပြည့်စုံစွာ အစားထိုးနိုင်ခဲ့သည်။ လှိုင်းများ၊ ​ရေပူ​ဖောင်းများ၏အသံများက နားစည်ကိုရိုက်ခတ်လာပြီး အ​ရေပြားက ရေဖိအားနှင့်စိုစွတ်မှုကို ခံစားမိကာ ကမ္ဘာကြီးတစ်ခုလုံးက မည်း​မှောင်သည်ထက် မည်း​မှောင်လာပြီး ထို့​နောက်ー


ခဏအတွင်းမှာပင် အရာအားလုံး ရုတ်တရက် လင်းထိန်သွား၏။


နွားနို့အိုးနှင့်နွားနို့ပုလင်းများ တိုက်မိကုန်ကြပြီး 'ဒင်း​ဒေါင်' ဟူ​သော အသံကိုဖြစ်​စေသည်။ စားပွဲ​ပေါ်တွင်တင်ထား​သောစာရွက်က လေမတိုက်ဘဲ အလိုလိုလှုပ်ရှားသွားသည်။ ပြတင်း​ပေါက်အပြင်ဘက်ရှိ ပင်လယ်​ရေက အဆက်မပြတ်​သောလှိုင်းလုံးများကို ဖြစ်​ပေါ်​စေသည်။ ပင်လယ်​ရေ​အောက်မြို့​တော်ရှိ လူများအားလုံး ရပ်တန့်ကုန်ကြပြီး အ​ပေါ်သို့​မော့ကြည့်လာကြသည်။


အား​ကောင်းပြီး အံ့အားသင့်ဖွယ်​လေထုက ​နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။


၎င်းက အား​ကောင်းပြီး သာမန်မျက်လုံးဖြင့် မြင်​တွေ့နိုင်​သော်လည်း အလွန်နူးညံ့ကာ အန္တရာယ်မ​ပေးတတ်သည့်ပုံ​ပေါ်၏။ ​မြေ​ခွေး​လေး၊ ထန်ယွမ်​လေးနှင့် ဟက်စကီ​လေးတို့က ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိပ်ရာ​ပေါ်တွင် အိပ်​ပျော်​နေဆဲပင်။


ကုယွီမြန်၏ရင်ခွင်ထဲတွင် ​ခွေအိပ်​နေ​သော နှင်းကျားသစ်​လေးက ပို၍တင်းကျပ်စွာ မျက်​မှောင်ကြုတ်လိုက်သည်။


သူ အိပ်မက်မက်​နေခဲ့သည်ပင်။


၎င်းက အိပ်မက်ဆိုးလည်း မဟုတ်သလို၊ အိပ်မက်​ကောင်းလည်း မဟုတ်​ပေ။


"....."


လွန်ခဲ့​သောနှစ်​ပေါင်းများစွာက ​တော်ဝင်မိသားစုတွင် အချိန်အ​တော်ကြာသည်အထိ လွတ်လပ်စွာလက်ထပ်ခွင့်မရှိ​ပေ။ အဘယ်​ကြောင့်ဆို​သော် အင်ပါယာက ဇာ့ဂ်များနှင့် နှစ်​ပေါင်းများစွာကြာသည့်တိုင်​အောင် တိုက်ပွဲဖြစ်​နေ​သော​ကြောင့်ပင်။ စွမ်းအားအကြီးဆုံး​တော်ဝင်မိသားစုဆိုသည်မှာ အင်ပါယာ၏အနာဂတ်ပင်ဖြစ်၏။ အကယ်၍ ​တော်ဝင်မိသားစုသာ ၁၀၀ ရာခိုင်နှုန်း လိုက်ဖက်ညီနှုန်းရှိသည့် လူများနှင့်​ပေါင်းစပ်နိုင်လျှင် သူတို့၏ခွန်အားက ပို၍ကြီးထွားလာ​ပေလိမ့်မည်။


​တော်ဝင်မိသားစုနှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီသည့် လက်တွဲ​ဖော်များက မကြာခဏဆိုသလို အထက်တန်းလွှာအသိုင်းအဝိုင်းတွင် ​ပေါ်ထွက်လာတတ်သည်။ လိုက်ဖက်ညီနှုန်းသာ ၁၀၀ ရာခိုင်နှုန်းဆိုလျှင် သူတို့အချင်းချင်း ချစ်မြတ်နိုးသည်ဖြစ်​စေ၊ မမြတ်နိုးသည်ဖြစ်​စေ ​အ​ကြောင်းမဟုတ်​တော့​ပေ။ ၎င်းက ​​​မြောက်မြားစွာ​သော ရည်ရွယ်ချက်ရှိရှိလက်ထပ်ပွဲများကို ဦးတည်ဖြစ်​ပေါ်​စေခဲ့သည်။ ရှို့ဟန်၏မိဘများသည်လည်း ထိုကဲသို့လုံးဝလိုက်ဖက်ညီပြီး သနားစရာ​ကောင်းသည့်စုံတွဲတစ်တွဲဖြစ်ပြီး သူသည်လည်း ထိုသို့​သောလက်ထပ်ပွဲ၏ သား​ကောင်ဖြစ်လာခဲ့ရ၏။


​တော်ဝင်မိသားစုထဲတွင် မကြာခဏဆိုသလို "မျိုးရိုးလိုက်ခြင်း" က ၁၀၀ ရာခိုင်နှုန်း လိုက်ဖက်ညီသည့်လူနှင့် ​တွေ့ဆုံလျှင် ခန္ဓာကိုယ်အရွယ်အစား ​သေးငယ်သွားခြင်းနှင့် စိတ်ခွန်အားက မွေးကင်းစက​လေးတစ်​ယောက်အ​ခြေအ​နေသို့ ​ပြောင်းလဲသွားခြင်းကိုဆိုလိုသည်။ သူက လက်ထပ်ခြင်းနှင့်အချစ်ကို အလွန်ငြင်းဆန်​လေ့ရှိ​ပြီး "လိုက်ဖက်ညီနှုန်း"၊ "ကံကြမ္မာကကြိုတင်သတ်မှတ်ထား​သော လက်တွဲ​ဖော်" နှင့် "မျိုးရိုးလိုက်ခြင်း" ဟူသည့်အရာများအား ပို၍ပင် လက်မခံခဲ့​ပေ။


လွန်ခဲ့သည့်လအနည်းငယ်က ကြယ်တာရာမြို့​တော်မှ ကြယ်သင်္ဘောတစ်စီးက တာ့ခ်ဂြိုဟ်​ပေါ်သို့ ဆင်းသက်လာခဲ့သည်။


သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် မျိုးရိုးလိုက်ခြင်းဖြစ်စဉ်ကို ကြုံ​တွေ့ခဲ့ရသည်။


သူ က​လေးတစ်​ယောက်အဖြစ်သို့ ​ပြောင်းလဲသွားခဲ့သည်။


ရှို့ဟန်က စွမ်းအားအလုံအ​လောက်မရှိသည့် ခံစားချက်ကို အလွန်မုန်းတီး​ပေ၏။ သို့​သော် သူ့ကို ပိုပြီးစိတ်အ​နှောင့်အယှက်ဖြစ်​စေ​သောအရာမှာ သူအလိုရှိသည့် တစ်ခုတည်း​သောအရာက သူ့အနားတွင်ရှိမ​နေခြင်းပင်ဖြစ်၏။ ထို့အပြင် စိတ်ဝိညာဉ်၏ဆွဲငင်မှုနှင့် နှာ​ခေါင်းတစ်ဝိုက်ရှိ အသက်ရှူသံနှင့် ကိုယ်အပူချိန်တို့က ထိုလူကိုရှာ​ဖွေရန်နှင့် လွှမ်းမိုးချုပ်ကိုင်ကာ အပိုင်သိမ်းရန် ဆွဲ​ဆောင်​နေ​ပေသည်။ 


မလွတ်​စေနဲ့... သူ့ကို အလွတ် မပေးနိုင်ဘူး…

စိတ်​သောက​ရောက်ကာ အနားမရဘဲ ပိုင်ဆိုင်လို​သောစိတ်ဆန္ဒများက ​အသက်ရှူ​နေသကဲ့သို့ သွေး​ကြောထဲသို့ဝင်​ရောက်သွားပြီး တိုးပွားပျံ့နှံ့လာကာ ​လေပြင်းနှင့်လှိုင်းလုံးများ ဖြစ်​ပေါ်လာခဲ့သည်။


"....."


ထိုအချိန်တွင် ကုယွီမြန်၏ခံစားချက်ကို ​​ဖော်ပြရန် ခက်ခဲလှသည်။


ကမ္ဘာကြီးတစ်ခုလုံးက သူ့မျက်လုံးထဲတွင် အလွန်ရှင်းလင်းလာပြီး တိကျပြတ်သားလာသည်။ ​ထောင်​ပေါင်းများစွာ​သော အကွာအ​ဝေးမှ ​ရေလှိုင်းဂယက်​လေးများကို မြင်နိုင်ပြီး ​ရေပြင်​ပေါ်ရှိလှိုင်းလုံးများကို အလွယ်တကူ လိပ်နိုင်ကာ သူ စိတ်ကူးယဉ်ကြည့်သည့် ဘယ်အရာမဆို ပြုလုပ်နိုင်သည်။


သူမျက်လုံးများ မှိတ်ထား​သော်လည်း ​မြေ​ခွေး​လေးက အိပ်ချင်မူးတူးဖြင့် အိပ်ရာအစွန်းသို့ လှိမ့်သွားသည်ကို မြင်​နေရသည်။ သူ ​​မြေ​ခွေး​လေးကို လွယ်လင့်တကူပင် '​ကောက်ယူ' လိုက်ပြီး အိပ်ရာ​ပေါ်တွင် ပြန်ချ​ပေးထားလိုက်သည်။


အလွန်ဆန်းသစ်လွန်းလှ၏။


ကုယွီမြန်က ပထမဆုံးအကြိမ် လမ်း​လျှောက်သင်​နေသည့် က​လေးတစ်​ယောက်ကဲ့သို့ပင်။ အံ့အားသင့်သွား​သော်လည်း ကြောက်ရွံ့​ခြင်းကို မခံစားရပေ။ သူ လုပ်နိုင်မည့်အရာများကိုပင် စမ်းသပ်ချင်လာပြီး သိချင်လာမိသည်။


ထိုအချိန်တွင် သူ့အ​ပေါ်ဘက် ခပ်​ဝေး​ဝေးမှ ဖိအားလှိုင်းတစ်ခုက အရပ်မျက်နှာ​ပေါင်းစုံသို့ ​ကင်းစင်သွားခဲ့သည်။ ပြတင်း​ပေါက်ကိုဖြတ်ကာ ဝင်​ရောက်လာ​သော အလင်း​ရောင်နှင့် ပင်လယ်ကြမ်းပြင်၏အရိပ်က ​တောက်ပစွာဖြာကျ​နေပြီး သူတို့၏​ခြေ​ထောက်နား၌ ဘယ်ညာယိမ်း​နေသည်။


​နောက်တစ်စက္ကန့်တွင် သွယ်လျကာ​အေးစက်​သော လက်တစ်စုံက ကုယွီမြန်၏လက်ကို ဆုပ်ကိုင်ထားကာ သူ့ကိုရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီး ကုယွီမြန်၏ညှပ်ရိုးနှင့် ​မေး​စေ့ကို ပုံမှန်နှင့်မတူ​သောအနမ်းတစ်ခုဖြင့် တံဆိပ်ခတ်နှိပ်လာသည်။


သူ့ညှပ်ရိုး​ပေါ်ရှိ နှင်းဆီနှင့်ဓားတို့က ပူ​လောင်လာပြီး အနီရင့်ရောင်အဖြစ်​ လောင်ကျွမ်းသွားသည်။


ကုယွီမြန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့​ရှေ့မှလူကို ​မော့ကြည့်လိုက်သည်။


ထိုလူက အရပ်ရှည်ပြီး ငွေ​ရောင်ဆံပင်များရှိကာ ခဲပြာ​ရောင်မျက်လုံးများ၊ နှာတံမြင့်မြင့်နှင့်အတူ မျက်​မှောင်ကြုတ်ထားသည်။


"....."


အလင်းတန်းတစ်ခု ဖျတ်ခနဲလင်းလက်သွားပြီး တစ်ချိန်တည်းမှာပင် အတင်းအကျပ် လျစ်လျူရှုထားရန် ဖိအား​ပေးခံထားရ​သော သဲလွန်စများအားလုံးက အတွဲလိုက်ဆက်စပ်မိသွားသည်။ ကုယွီမြန် အံ့ဩလွန်း၍ ပါးစပ်ကိုဟကာ နှစ်ကြိမ်မျှ အသက်ရှူလိုက်သည်။ သူ့ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားပြီး တီးတိုး​ရေရွတ်လိုက်သည်။

"မင်းက ထွမ်ထွမ်လား…"



🐯🐯🐯