👾Chapter 82
(ငါမင်းကို စောင့်နေမယ်)
လင်းဟန်က ထိုသတင်းကို နေ့လည်ခင်းမှသာ သိခဲ့ရသည်။
မနေ့ညက ဟယ့်ယွင်ထင် ထွက်ခွာမသွားခင်အထိ သူ၏ ယူဆချက်သည် အကြမ်းဖျဉ်းသာ ရှိခဲ့၏။ သူက သုတေသန အဖွဲ့အစည်းသို့ ပြန်သွား၍ စောစော အိပ်ခဲ့သည်။ နောက်တစ်နေ့၌ မနက်ပိုင်း လုပ်ရမည့် ကိစ္စအဝဝကို ကိုင်တွယ်ပြီးချိန်မှသာ ဗွီပရိုတွန်ဂြိုဟ်၏ ထိန်းချုပ်မှု လွတ်ကင်းသွားသည့် သတင်းကို အခြားလူများထံမှ လင်းဟန် ကြားသိခဲ့ရခြင်းပင်။ ၎င်းက တိုက်ဆိုင်မှုတစ်ခု ဖြစ်ရန်အတွက် မယုံနိုင်စရာ ကောင်းလှသည်။
၎င်းအမိန့်သည် တိုက်ရိုက်အမိန့် ဖြစ်သည့်အလျောက် ဝမ်ထျန်းယောင်နှင့် ကောင်စီကိုပင် အကြောင်းမကြားခဲ့ပဲ ဟယ့်ယွင်ထင်ထံသို့သာ တိုက်ရိုက် ရောက်ရှိသွားခဲ့၏။ ဗွီ ပရိုတွန်၏ အစိုးရသည် အခက်အခဲများကို တိုက်ရိုက်တင်ပြခဲ့ပြီး ဧကရာဇ်က သူတို့၏ ကြယ်တာရာအပေါ် အလေးထားမှုကို သိရှိစေရန် တောင်းဆိုမှုအား လက်ခံခဲ့သည်။
အားလုံးက ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည့် အလျောက် သတင်းများမှာလည်း ပျံ့နှံ့လျှက်ရှိသည်။ အဖွဲ့အစည်းရှိ လူများသည်လည်း ၎င်းကိစ္စအား ဆွေးနွေးနေခဲ့ကြ၏။ အဆုံးသတ်တွင် ထိုမီးသည် သူတို့၏ အိမ်အား လောင်ကျွမ်းလာခြင်း မဟုတ်လေရာ သူတို့၏ စကားများထဲ၌ အခြားအဓိပ္ပာယ်များပင် ပါရှိနေခဲ့သေး၏။
လင်းဟန်က နားနေခန်းသို့ လျှောက်လာရင်း ဌာနအသီးသီးမှ ထိုကိစ္စအကြောင်း ဆွေးနွေးနေသည်ကို ကြားသိခဲ့ရသည်။ အဆုံးသတ်၌ အဖွဲ့အစည်းထံသို့ လာရောက်သူအားလုံးသည် အထပ်ထပ်အခါခါ စစ်ဆေးမှုများကို ဖြတ်ကျော်လာခဲ့သူများသာ ရှိ၏။ ထို့ကြောင့် တစ်စုံတစ်ဦးက မရည်ရွယ်သည့်တိုင် စကားထဲတွင် သိမ်မွေ့သော အဓိပ္ပာယ်များ ပါဝင်လျှက်ရှိသည်။
“ကျွန်တော် ဗွီ ပရိုတွန်ဂြိုဟ်ကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သွားဖူးတယ် … သိပ်ထူးထူးခြားခြားမရှိပါဘူး … ယာဉ်ကြောပိတ်ဆို့တာကအစ အဆင်မပြေတာတွေ အများကြီး ရှိနေတုန်းပဲ …” ယူနီဖောင်း ဝတ်ဆင်ထားသူ တစ်ဦးက ပြော၏။ “အဓိကနယ်မြေရဲ့ အကာအကွယ်က ငါးခုမြောက်မျိုးဆက်ပဲ …ဗွီပရိုတွန်က မူလဗားရှင်း အကာအကွယ်ကိုပဲ ဝယ်နိုင်လိမ့်မယ် …”
တစ်ဦးက သူ့ပခုံးကိုပုတ်ကာ ရှင်းပြလိုက်သည်။ “သူတို့က ဘီတာတွေပဲဆိုတော့ ခေတ်နောက်ကျနေတာ ပုံမှန်ပါပဲ …”
“ဟုတ်တယ် …” ပထမလူက ခေါင်းညှိတ်ကာ သက်ပြင်းချလိုက်သည်။ “ဒီတစ်ခါ ပြဿနာက ကြီးမားတဲ့ပုံပဲ … သူတို့က ဗိုလ်ချုပ်ကိုယ်တိုင်လာဖို့တောင် တောင်းဆိုခဲ့ကြတာ …”
“ဒီလောက်ဟုတ်ပါ့မလား … ဒါပေမယ့် သူတို့ မက်ခါအများကြီး မသုံးသင့်ဘူးနော် … ပြောရရင် အဲဒီ့မှာ ဇာ့ဂ်တစ်ကောင်မှ မရှိဘူးလေ … ပူးပေါင်းကြံစည်တာမျိုးတောင် ဖြစ်နေနိုင်တယ် … လတ်တလောမှာ ဗွီပရိုတွန်ဂြိုဟ်က အာရုံစိုက်မှု အနည်းအကျဉ်းပဲ ရတယ်မဟုတ်လား … ဒီကိစ္စကနေ အကျိုးအမြတ်ရချင်တာ ဖြစ်လိမ့်မှာပေါ့ …”
“ဟုတ်တယ် … ပြီးတော့ ဒီတစ်ခါ ဗိုလ်ချုပ်ကိုတောင် စေလွှတ်ပေးလိုက်တယ်ဆိုတော့ သူတို့က တကယ့်ကို အလေးအနက်ဖြစ်နေကြတာပဲ … သူ့ရဲ့ခွန်အားက သံသယဝင်စရာမရှိဘူး … ဒီလိုဆိုတော့ M ကြယ်တာရာတစ်ခုလုံးက ပြဿနာကို ဖြေရှင်းပေးတဲ့အပြင် ဂရုစိုက်ကြောင်းပြရာလည်း ကျသွားတယ် …”
“ဟုတ်တယ် … ဒီလိုဆိုရင်တောင် ဗိုလ်ချုပ်ကို စေလွှတ်တာက ကြီးမားတဲ့ အပေးအယူဖြစ်နေတယ်လို့ ငါထင်တုန်းပဲ … သူက ငါးယောက်တစ်ယောက် တိုက်နိုင်စွမ်းရှိတဲ့အပြင် နယ်နိမိတ်ကနေ ပြန်လာနိုင်တဲ့ ဗိုလ်ချုပ်လေ …”
စစ်သင်္ဘောနှင့် ပတ်သက်၍ သတင်းတစ်ဝက်သာ ထုတ်ပြန်ခဲ့၏။ ထို့ကြောင့် လူများသည် ဟယ့်ယွင်ထျန် မည်မျှ ရဲစွမ်းသတ္တိ ကြီးမားကြောင်းကိုသာ သိရှိကြသည်။ ထိုသူက သူနှင့်အတူ တစ်စုံတစ်ဦးကို ခေါ်ဆောင်လာခဲ့ကြောင်းနှင့် သူတို့နှစ်ဦး အတူတကွ ရင်ဆိုင်ဖြတ်သန်းခဲ့သည့် အန္တရာယ်များကိုမူ မည်သူမှ မသိကြချေ။
သူတို့က အာဟာရဓာတ်စာများ လာယူသည့် လင်းဟန်ကို တွေ့ချိန်၌ နှုတ်ဆက်လိုက်ကြ၏။ “လင်းဟန် … ခုမှ စခန်းကပြန်လာတာမဟုတ်လား … လက်တွေ့ကွင်းဆင်းတာက ဘယ်လိုနေလဲ … ဗိုလ်ချုပ်က သီးသန့်ဆန်ပြီး ကြောက်ဖို့ကောင်းလား …”
လင်းဟန်သည် မူလက ဒီအတိုင်း လှည့်ပြန်သွားလိုခဲ့၏။ သို့သော် သူက ခြေလှမ်းများကို ရပ်လိုက်သည်။ သူ့အကြည့်က သူသေချာမသိသည့် လုပ်ဖော်ကိုင်ဖက် နှစ်ဦးထံသို့ ကျရောက်သွား၏။ သူတို့က ဗွီ ပရိုတွန်၏ အရင်းအမြစ်များသည် အဓိကဂြိုဟ်ကဲ့သို့ ကောင်းမွန်ခြင်းမရှိကြောင်း၊ ဘီတာများဖြင့် ပြည့်နှက်နေကြောင်း၊ ဟယ့်ယွင်ထင်သည် ကျောက်တုံးတစ်တုံးကဲ့သို့ အေးစက်ပြီး သီးသန့်ဆန်ကြောင်းကိုသာ သိကြ၏။
ထိုသူများသည် မကောင်းသည့် စရိုက် ရှိချင်မှ ရှိပေလိမ့်မည်။ သို့သော် သူတို့က လိင်သတ်မှတ်ချက်နှင့် အဓိကနယ်မြေတို့ဖြင့် ကန့်သတ်ခံထားရပြီး သူတို့ကိုယ်သူတို့သာ ဂရုစိုက်တတ်သည့် သတ္တဝါများ ဖြစ်သွားခဲ့ကြသည်။
သူတို့က သာလွန်မြင့်မြတ်ခြင်းတို့ဖြင့် မွေးဖွားလာခဲ့သည်ဖြစ်ရာ အဘယ့်ကြောင့် အခြားအယ်လ်ဖာများသည် အဓိကနယ်မြေအစား အရင်းအမြစ်များ ရှားပါးသည့်နေရာ၌ နေလိုကြောင်း နားမလည်နိုင်ကြချေ။ သူတို့က အလိုလိုက်ခံရသည့် ကလေးများကဲ့သို့ပင် သူတို့၏ ကံကြမ္မာက ပို၍သေးငယ်သည့် ရှင်သန်မှုသွေဖယ်ခြင်းအတွင်း ကန့်သတ်ခံလိုက်ရကြောင်း မသိကြချေ။
(T/N - Survivor deviation - လူများသို့မဟုတ် အရာဝတ္ထုများကို အာရုံစိုက်ရာမှ အချို့ကိစ္စများအား မြင်နိုင်စွမ်း မရှိတော့ခြင်းကို ဆိုလိုသည်။ )
လင်းဟန်က အာဟာရဓာတ်စာ၏ အဖုံးပေါ်သို့ လက်တင်ရင်း နားထောင်နေမိသည်။ သူက အနောက်သို့လှည့်ကြည့်ကာ ဟယ့်ယွင်ထင်သည် အေးစက်သောသူ မဟုတ်ကြောင်းနှင့် အလွန်နူးညံ့ကြောင်း ပြောလိုခဲ့၏။ သူ၏ ပွေ့ဖက်မှုတိုင်းသည် နွေးထွေးလှပြီး သူ၏အနမ်းကို မဆိုထားနှင့်၊ သူတို့ကြားရှိ အမှတ်အသားများကိုပင် နူးညံ့စွာဖြင့် ဂရုတစိုက်ပြုမူလေ့ရှိ၏။
သို့သော် အမျိုးသားနှစ်ဦးက လင်းဟန် တိတ်ဆိတ်နေသည်ကို တွေ့ချိန်၌ နားလည်ဟန်ဖြင့် ပြောလာကြ၏။ “အေးလေ … ခင်ဗျားဒီလောက် တိတ်ဆိတ်နေမှတော့ ကျွန်တော်တို့ မှန်းကြည့်လို့ရပါပြီ …”
“ဗိုလ်ချုပ်က ငါတို့ ခပ်ဝေးဝေးကပဲ ငေးကြည့်နိုင်မယ့် သူရဲကောင်းဆိုတာ အမှန်ပဲထင်တယ် …”
“စခန်းမှာ အလုပ်လုပ်ရတာ လွယ်ကူတယ်လို့ ကျွန်တော်ကြားတယ် … ကျွန်တော်က ဗိုလ်ချုပ်ကို လေးစားပေမယ့် သူနဲ့သာ အလုပ်လုပ်ရရင် ကျွန်တော်တော့ အေးလွန်းလို့ သေသွားမလားပဲ …” အခြားလုပ်ဖော်ကိုင်ဖက်သည်လည်း စကားဝင်ထောက်လိုက်၏။ “မနှစ်က လက်တွေ့ကွင်းဆင်းခဲ့တဲ့ လူတွေလည်း အဲဒီ့လိုပြောကြတယ် …”
လင်းဟန်သည် အိုမီဂါဖြစ်သဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့အား အလိုအလျောက် ဂရုစိုက်ပေးကြလေ့ရှိသည်။ သို့သော် သူကမူ ထိုဂရုစိုက်မှုများကို မလိုအပ်ချေ။
“ခင်ဗျားအတွက် အသားကျဖို့ ခက်ခဲမှာပဲ … ပြန်လာတာကောင်းတယ် …” ပထမ လုပ်ဖော်ကိုင်ဖက်က လင်းဟန်၏ လက်ထဲရှိ အာဟာရဓာတ်စာဘူးကို ကြည့်ကာ ကြင်နာစွာ လက်ဆန်တန်းလိုက်သည်။ “ကျွန်တော် ခင်ဗျားအတွက် အဖုံးဖွင့်ပေးရမလား ….”
လင်းဟန်က မသိစိတ်ဖြင့် အခြားလူမထိနိုင်ခင် အလိုလို ရှောင်လိုက်မိ၏။ “မလိုပါဘူး … ကျေးဇူးပါ …”
အခြားနှစ်ဦးက ထိုအချင်းအရာအား စိတ်ထဲမထားပဲ ပြောလက်စစကားကိုသာ ဆက်ပြောနေကြ၏။
တစ်ဦးက ပြောလိုက်သည်။ “ဗိုလ်ချုပ်ဟယ့် ဒီတစ်ခါ V ပရိုတွန်က ပြန်လာဖို့ ဘယ်လောက်ကြာမလဲ မသိဘူး …”
လင်းဟန်က မနေနိုင်ပဲ ဝင်မေးလိုက်၏။ “သူ ထွက်သွားရမယ့်သတင်းက ဘယ်တုန်းက ထွက်လာတာလဲ …”
လုပ်ဖော်ကိုင်ဖက်က “သူ” ဟူသည့် နာမ်စားသည် မည်သူ့ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း နားမလည်နိုင်ခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဟယ့်ယွင်ထင်ကဲ့သို့ အဆင့်မြင့်အရာရှိများအား ထိုကဲ့သို့ နာမ်စားသုံးခေါ်ဆိုလေ့မရှိကြ၍ဖြစ်၏။
“ဘယ်သူလဲ …”
“ဗိုလ်ချုပ်လေ …” လင်းဟန်က ပြောလိုက်သည်။
“အိုး … သူတို့ချက်ချင်းထွက်သွားမယ်လို့ပဲ စာထဲမှာပါတာ …” လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကာကွယ်ရေးဝတ်စုံနှင့် မက်ခါလုပ်ငန်းသုံး မျက်မှန်အား ချွတ်လိုက်သော လင်းဟန်ကို ကြည့်ကာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ …”
အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းထဲ၌ အားလုံးက လင်းဟန်အား အလုပ်ကြမ်းပိုးအဖြစ် သိကြ၏။ သူ့အတွက် ရုံးထဲ၌ ညလုံးပေါက်အလုပ်လုပ်ခြင်းမှာလည်း မဆန်းချေ။
“ကျွန်တော့်ကို ခွင့်တိုင်ပေးပါဦး … နှစ်စဉ်ခွင့်ရက်ထဲကို ထည့်ပေးဖို့ ပြောပေးပါ …” လင်းဟန်က အလုပ်ထဲမှ လျှောက်ထွက်သွားလိုက်၏။ “ကျွန်တော် ပြန်သွားမှ ဖြစ်မယ့် ကိစ္စလေးပေါ်လာလို့ပါ …”
လင်းဟန်သည် လျင်မြန်စွာ သိမ်းဆည်းလိုက်၏။ သူက ယူနီဖောင်းကိုပင် မလဲတော့ပဲ ရုံးခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သို့သော် သူ တံခါးထံသို့ ရောက်သည်နှင့် စောစောကကဲ့သို့ တက်ကြွမနေတော့ချေ။
ဟယ့်ယွင်ထင်က သွားပြီလေ … သူကအခုဘယ်မှာလဲ … ငါကဘာလို့ သူ့ကိုသွားရှာရမှာလဲ … ဒါက သူ့အပေါ်သက်ရောက်မှု ရှိနိုင်လား ….
လင်းဟန်က လက်ရှိအချိန်၌ ဟယ့်ယွင်ထင်အား စိတ်ရူးပေါက်တိုင်း ခေါ်ရန် သင့်မသင့်ကိုပင် မသိတော့ချေ။ အဆုံးသတ်တွင် အခြေစိုက်စခန်းမှ ပြန်လာခဲ့ပြီးသည့်နောက် သူတို့၏ အလုပ်များက ကြုံကြိုက်ခြင်းမရှိတော့ချေ။
သို့သော် သူ အဖွဲ့အစည်းထဲမှ ထွက်လိုက်သည်နှင့် ဝင်ပေါက်၌ ရုတ်ရုတ်သဲသဲဖြစ်နေသံကို ကြားလိုက်ရ၏။
“မစ္စတာလင်း … မစ္စတာလင်း ရှိပါသလား …” အကြောင်းကြားရာ၌ တာဝန်ကျသည့် အလုပ်သင်က သူ့အမည်ကို ခေါ်လာ၏။ ထိုသူက တံခါးထံသို့ ဦးတည်နေသော လင်းဟန်ကို တွေ့သွားကာ ခေါ်လိုက်သည်။ “မစ္စတာလင်း … ခင်ဗျားကို အဖွဲ့အစည်းရဲ့ ဝင်ပေါက်မှာ ယူနီဖောင်းဝတ် လူတစ်ယောက် စောင့်နေပါတယ် … သူက ခင်ဗျားကို တွေ့ရမယ့်ကိစ္စရှိနေပုံပဲ … သူခင်ဗျားကို ရှာနေတယ် …”
လင်းဟန်၏ နှလုံးသားက ခုန်ပေါက်သွားကာ တံခါးထံသို့ ပြေးသွားလိုက်၏။
အလုပ်သင်က ယူနီဖောင်းဝတ်အမျိုးသားဟု ပြောခဲ့သည်။ သို့သော် အမည်တပ်မပြောခဲ့ရာ ဟယ့်ယွင်ထင် မဖြစ်နိုင်သလို လုအန်းဟယ်လည်း မဖြစ်နိုင်ချေ။ မည်သို့ပင်ဖြစ်စေ၊ လင်းဟန်၌ ထိုအချက်ကို တွေးတောနေချိန်ပင် မရခဲ့ပဲ ဝင်ပေါက်ထံသို့သာ ခပ်သွက်သွက် ဦးတည်လိုက်၏။
သူက ဟယ့်ယွင်ထင်၏ ယာဉ်ပျံကို မမြင်ခဲ့ရချေ။ ထို့ကြောင့် သူ့နှလုံးသားထဲ၌ တစ်စုံတစ်ခုအား ဆုံးရှုံးသွားသလို ခံစားလိုက်ရ၏။ သို့သော် မက်ခါတစ်စီး၏ နံဘေး၌ ရပ်နေသည့် ချီကျားမူက သူ့အား ဖြေရှင်းချက်ပေးသကဲ့သို့ ဖြစ်ခဲ့၏။
ဟယ့်ယွင်ထင်သည် စစ်သင်္ဘောအား ကြီးကျပ်ရစဉ်ကကဲ့သို့ သပ်ရပ်စွာ ဝတ်ဆင်ထားသည်။ သူက ခေါင်းငုံ့ထားပြီး သူ၏ စစ်ဦးထုပ်ကမူ သူ့မျက်ခုံးတန်းများကို ဖုံးအုပ်လျှက်ရှိ၏။ မက်ခါအခန်းထဲရှိ စနစ်၏ လုပ်ဆောင်ချက်အရ ခပ်ဖျော့ဖျော့လင်းနေသည့် အလေးရောင်အောက်၌ သူ့အမူအရာမှာ အေးစက်နေပြီး သတင်းများတွင် မြင်ရသကဲ့သို့ပင် လူများကို ငြင်းဆန်လျှက်ရှိ၏။
သို့သော် တံခါးမှ အသံကို ကြားချိန်၌ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
လင်းဟန်က အမြန်လျှောက်လာသည်။ သူက အသက်ရှူနှုန်းကိုပင် မထိန်းချုပ်နိုင်ပဲ စိုးရိမ်တကြီး မေးလိုက်၏။ “ခင်ဗျား ဒီမှာပဲ …”
“လုအန်းဟယ်က မင်းကို ဆက်သွယ်ဖို့ မအားဖြစ်နေခဲ့တာ … သူက မကြာခင်သွားတော့မှာဆိုတော့ ယာဉ်ပျံကို သုံးလို့မရဘူး … ဒါ့ကြောင့် ကိုယ်မင်းကိုတွေ့ဖို့ မက်ခါ ငှားလာခဲ့တာ …” ဟယ့်ယွင်ထင်၏ အသံမှာ တည်ငြိမ်နေ၏။ “အားလုံး သိပြီးပြီထင်တယ် ..”
“ကျွန်တော် လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားခဲ့တယ် … အဲဒါကြောင့် ကျွန်တော် …” လင်းဟန်က ပြည့်ပြည့်စုံစုံ မသိရသေးကြောင်း ပြောတော့မည့်အချိန်၌ ဟယ့်ယွင်ထင်က သူ့အား လက်ဆန့်လာ၏။
“ဒီကိုလာ …”
သူက စကားတစ်ခွန်းသာ ပြောခဲ့သည်။ သို့သော် လင်းဟန်သည် သူ၏ ဆိုလိုရင်းကို နားလည်လိုက်၏။
လာ … ကိုယ်ပြောပြမယ် …
မင်းနားထောင် …
လင်းဟန်က သူ၏လက်ကို အမြန်ကမ်းလိုက်၏။ ထို့နောက် လွန်ခဲ့သောနေ့ရက်များအတွင်း ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များကို လျင်မြန်စွာ သင်ယူလိုက်ရသည်။
ဗွီ ပရိုတွန်ဂြိုဟ်သည် ဧကရာဇ်၏ အာရုံစိုက်ခံရရန် ကြိုးစားနေခြင်းသက်သက် မဟုတ်ခဲ့ချေ။ ထိုနေရာ၌ အလွန်ပြင်းထန်သည့် အဓိကရုဏ်း ဖြစ်နေခြင်းဖြစ်၏။ အားလုံးက မနေ့ညက တင်ပြချက်နှင့် သက်ဆိုင်နေခဲ့သည်။
ရှီးယွမ်၏ အမည်သည်လည်း ဟယ့်ယွင်ထင်၏ လက်မှတဆင့် လင်းဟန်၏ နားထဲသို့ မကြာခဏ ဝင်ရောက်လာ၏။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဟယ့်ယွင်ထင်က စကားဆက်လိုက်သည်။
“ချီကျားမူက ဒီမှာနေခဲ့မှာ …” ဟယ့်ယွင်ထင်က ရှင်းပြသည်။ သူက လင်းဟန်သည် စိတ်ဖတ်နိုင်မှန်း သိသော်ငြား အတိအကျ ပြောပြလာခဲ့၏။
“ကိုယ်မင်းကို သူနဲ့အဆက်အသွယ်မပြတ်အောင် စီစဥ်ထားခဲ့မယ် … မင်းရဲ့လုံခြုံရေးအတွက်လည်း စီစဉ်ခဲ့မယ် …” သူ၏ လက်ချောင်းထိပ်များက လင်းဟန်၏ လက်ဖဝါးအား ပွတ်တိုက်သွားသည်။
“ဘာပဲဖြစ်ဖြစ် လုံခြုံရေးက အရေးအကြီးဆုံးပဲ … ဘယ်လိုအခြေအနေမျိုးမှာမှ ရှီးယွမ်နဲ့ နှစ်ယောက်ထဲ မတွေ့နဲ့ …” ဟယ့်ယွင်ထင်၏ အသံက ပို၍လေးနက်လာသည်။ “ချီကျားမူရှိရင်တောင် မတွေ့နဲ့ … နားလည်လား …”
လင်းဟန်က ဟယ့်ယွင်ထင်၏ စိုးရိမ်မှုကို ခံစားမိလိုက်သည်။ သူ့အတွက် ထိုသို့သော ခံစားချက်မျိုးကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်၏။
တစ်ဖက်လူသည် စကားအနည်းငယ်ထက် ပိုမပြောတတ်သည့် လူတစ်ဦး ဖြစ်သည်။ သို့သော် လက်ရှိအချိန်၌မူ သူက ရသမျှအချိန်ကို ဖမ်းဆုပ်ကာ အရာအားလုံးအား အသေးစိတ် ရှင်းပြလျှက်ရှိ၏။
“ဗွီပရိုတွန်ဂြိုဟ်ရဲ့ ဆက်သွယ်ရေးစနစ်က ကောင်းပါတယ် … ဒီတော့ တစ်ခုခုဆိုရင် ကိုယ့်ကို ဆက်သွယ်နော် … ကိုယ် တွေ့တာနဲ့ သေချာပေါက် ပြန်လာခဲ့မယ် … မဟုတ်ရင် ကိုယ်ပြန်လာတာကို စောင့်နေပေးပါ …”
“နားလည်ပါပြီ …” လင်းဟန်၏ နှလုံးသားက ဆွဲဆောင်မှုကို ခံစားလိုက်ရပြန်၏။ သူက မျက်တောင်ခတ်ကာ ခံစားချက်များကို ပျယ်လွင့်စေလိုက်သည်။ ထို့နောက် အပြုံးမမည်သည့် အပြုံးတစ်ခု ပြုံးလိုက်၏။
“ဘာဖြစ်လို့လဲ …”
လင်းဟန်က လက်ဆန့်ကာ နှာခေါင်းကို ပွတ်လိုက်သည်။ “ဟယ့်ယွင်ထင် … ခင်ဗျားက တပီပီနဲ့ …”
တစ်ဖက်လူက သူထိုသို့ပြောလာမည်ဟု မျှော်လင့်မထားပုံဖြင့် ဇဝေဇဝါဖြစ်သွားခဲ့၏။
[စိတ်ဆိုးသွားတာလား]
လင်းဟန်၏ မျက်ဝန်းလေးများက အနည်းငယ် ချဉ်စူးလာသည်။ သူက တစ်ဖက်လူ၏ လက်မှောင်းကို ခိုမှီလိုက်၏။
“ကျွန်တော် ခင်ဗျားကို စိတ်ဆိုးခဲ့ဖူးလို့လား …”
“အင်း …” ဟယ့်ယွင်ထင်က လက်ရှိအချိန်၌ပင် အမှန်တရားကိုသာ ဆိုနေဆဲပင်။ “ကိုယ် အဲဒီ့တုန်းက စက်ပြင်ခန်းကို ရောက်လာတော့ မင်းက ကိုယ့်ကို အနားမလာစေချင်ခဲ့ဘူးလေ …”
လင်းဟန်က ရယ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ “ဘာတွေပြောနေတာလဲ … ခင်ဗျားအဲဒီ့တုန်းက ကျွန်တော် heat ဝင်နေမှန်း မသိခဲ့ဘူးလေ …”
လင်းဟန်က စကားလမ်းကြောင်းလွှဲကာ တစ်ဖက်လူအား ခပ်ဖွဖွ နမ်းရင်း အရသာခံလိုက်၏။ “ဒါပေမယ့် ကျွန်တော် နားလည်ပါတယ် … ကျွန်တော် ခင်ဗျားစကား နားထောင်မှာပါ … ခင်ဗျားပြန်လာတာကို စောင့်နေပါ့မယ် …”
👾