👾Chapter 83
(ဒါတော့သိပ်မမိုက်ဘူး)
သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးသွား၏။ ထိုအနီးတစ်ဝိုက်၌ စက်သံခပ်တိုးတိုးသာ ထွက်ပေါ်နေခဲ့သည်။
ဟယ့်ယွင်ထင်က များစွာ ရှင်းမပြခဲ့သလို လင်းဟန်သည်လည်း သူ့အား အဘယ့်ကြောင့် အတူတူ ခေါ်မသွားရကြောင်း နားမလည်ခဲ့ချေ။ သူတို့က အလုပ်ကိုယ်စီရှိကြပြီး အရာအားလုံးကို ထားကာ ချက်ချင်း ထွက်မလာနိုင်ကြချေ။ သူတို့နှစ်ဦးက နွေးထွေးသော လေထုအတွင်းရှိ သေးငယ်သော နေရာလွတ်ကလေးကိုသာ အတူတကွ ခံစားခဲ့ကြသည်။
“ခင်ဗျား ဘယ်အချိန်သွားမှာလဲ …” လင်းဟန်က မေးလိုက်သည်။ စက္ကန့်အနည်းငယ် အကြာ၌ သူက သူ၏မေးခွန်းမှာ မရှင်းလင်းဟု ယူဆကာ ထပ်မေးလိုက်၏။ “ခင်ဗျား ကျွန်တော့်အတွက် မိနစ်ပိုင်းလောက် အချိန်ပေးနိုင်မလား …”
ဟယ့်ယွင်ထင်က တစ်ဖက်လူ၏ ခါးကို လက်မောင်းဖြင့် ရစ်ပတ်လိုက်၏။ “မကြာခင် အချိန်ရလာမှာပါ … ကိုယ်မင်းအိမ်ကို တန်းတန်းမတ်မတ် လာပါ့မယ် … ပြီးတော့ မင်းပြန်အလာကို လှေကားမှာ စောင့်နေပါ့မယ် …”
လင်းဟန်က ဟယ့်ယွင်ထင်၏ လက်ကို ဆွဲယူကာ သူ့လက်ချောင်းများဖြင့် တွယ်ယှက်လိုက်၏။ “အရင်က ခင်ဗျားအလျင်စလို ထွက်သွားရတော့ တံခါးပေါ်မှာ လက်ဗွေမချန်ခဲ့ရဘူး …”
ဟယ့်ယွင်ထင်က မျက်လွှာပင့်ကြည့်လိုက်၏။ သူက ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားမည်ဟု မျှော်လင့်မထားခဲ့ချေ။
လင်းဟန်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည်။
“အဆင်ပြေပါတယ် … ကျွန်တော် ခင်ဗျားရဲ့ အချက်အလက်တွေကို ပြန်ရောက်ရောက်ချင်း ထည့်လိုက်မယ် … ခင်ဗျား နောက်တစ်ခါ လာချင်တဲ့အချိန်လာခဲ့ပါ … လှေကားမှာ တစ်ယောက်ထဲ စောင့်မနေပါနဲ့ …” ဟယ့်ယွင်ထင်ဘက်မှ မည်သည့်တုံ့ပြန်ချက်မှ မရသဖြင့် လင်းဟန်က သူ့မျက်နှာအား ဆွဲလိုက်၏။
“ကြားလား …”
“အင်း …” အမျိုးသားက သူ၏ ပါးပြင်အား စိတ်တိုင်းကျ ဆော့ကစားခွင့်ပြုလျှက် ခပ်တိုးတိုး ပြန်ဖြေသည်။
“ဟယ့်ယွင်ထင် …” လင်းဟန်က သူ့ကို အသံမြှင့်၍ ခေါ်လိုက်သည်။
ခင်ဗျား ဘာလို့ ဒီလောက် တုံးအနေရတာလဲ …
ဒါက ခင်ဗျားပုံစံမဟုတ်ပါဘူး …
သို့သော် သူက မည်သည်ကိုမှ ဆက်မပြောတော့ပဲ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။
“ဘာမှမဟုတ်တော့ဘူး …”
ဟယ့်ယွင်ထင်သည် ဒရိုင်ဘာခုံ၌ ထိုင်နေ၏။ သူက ယူနီဖောင်းကြောင့် သပ်သပ်ရပ်ရပ် ရှိနေပြီး သူ၏ ထိုင်နေပုံကပင် စံနှုန်းနှင့် ကိုက်ညီလှသည်။ သူ၏မျက်ဝန်းပြာများထဲရှိ သံသယအနည်းအကျဉ်းကို ဖယ်ထုတ်လိုက်ပါက ထိုသူသည် လူအများအပြား မော့ကြည့်ရမည့် နေမင်းကဲ့သို့ တည်ရှိမှုမျိုးဖြစ်၏။
လင်းဟန်က “နာခံမှု”၊ “နူးညံ့သိမ်မွေ့မှု” တို့ဖြင့် အနှစ်နှစ်ဆယ်ကျော် နေထိုင်ခဲ့၏။ သို့သော် ဟယ့်ယွင်ထင်ကို တွေ့ပြီးသည့်နောက် သူ့အတွေးများကို သူကိုယ်တိုင်ပင် နားမလည်နိုင်ခဲ့ချေ။ သူက ထိုလူ၏ အရှေ့တွင် အနည်းငယ် ပို၍ အပြောင်းအလဲမြန်နေခဲ့၏။ သို့သော် တစ်ဖက်လူကမူ သူ့အား သည်းခံမြဲ သည်းခံခဲ့သည်။
သူက အတွေးနှင့် လက်တွေ့ကို တစ်ထပ်ထဲ ကျစေလိုက်၏။
ဒရိုင်ဘာထိုင်ခုံမှာ ကျယ်ဝန်းသည့်တိုင် လူနှစ်ဦး ဘေးချင်းကပ်ထိုင်ရန်အတွက်မူ မဖြစ်နိုင်ချေ။ သို့သော် လင်းဟန်က လက်တစ်ဖက်ကို ဟယ့်ယွင်ထင်၏ ပခုံးပေါ်သို့ တင်လျှက် တစ်ဖက်လူအား ထိုင်ခုံကျောမှီနှင့် နီးကပ်စေလိုက်၏။ ကျန်လက်တစ်ဖက်ကိုမူ ဒရိုင်ဘာထိုင်ခုံ၏ အောက်နားတွင် ထောက်ထားလိုက်သည်။ ထို့နောက် ဟယ့်ယွင်ထင်၏ ပေါင်ပေါ်သို့ တက်ထိုင်လိုက်၏။
သူထိုသူ့အား မည်မျှ ကပ်တွယ်နေမိသနည်း။
ဟယ့်ယွင်ထင်က လင်းဟန်နှင့် ထိုင်ခုံကြားတွင် ညပ်နေခဲ့သည်။ လင်းဟန်၏ လှုပ်ရှားမှုကြောင့် ဟယ့်ယွင်ထင်၏ ယူနီဖောင်းပင်လျှင် တွန့်ကြေစပြုလာသည်။
ဟယ့်ယွင်ထင်က တောင့်တင်းသွားခဲ့သည်။ ထို့နောက် လင်းဟန်နှင့်အတူ ပူးပေါင်းကာ ထိုသူ့အား သူ့လက်မောင်းများဖြင့် ပွေ့ဖက်ထားလိုက်၏။
လိုချင်သည့်အရာကို ရရှိသွားသည့် လင်းဟန်ကမူ မျက်ဝန်းများကို ကွေးညွှတ်လိုက်သည်။
သူတို့နှစ်ဦးက ခဏကြာသည်အထိ စကားမပြောခဲ့ကြချေ။ လင်းဟန်က ဟယ့်ယွင်ထင်၏ ပွေ့ဖက်မှုအတွင်း ရှိနေလျှက် မက်ခါစက်ခန်း၏ အပြင်ဘက်အား ဖန်သားပြင်ပေါ်မှတဆင့် ကြည့်နေ၏။
အဖွဲ့အစည်းသည် မက်ခါများကို တစ်နှစ်ပါတ်လုံး ကိုင်တွယ်နေခဲ့သည်။ တစ်ခါတစ်ရံ ပိုင်းလော့အချို့က သူတို့၏ မက်ခါနှင့် ပတ်သတ်သော ပြဿနာရပ်အမျိုးမျိုးကြောင့် အဖွဲ့အစည်းသို့ လာရောက်လေ့ရှိ၏။ ထို့ကြောင့် ဝင်ပေါက်၌ မက်ခါတစ်စင်းရပ်ထားသည်မှာ မထူးခြားလှချေ။
သူက ဟယ့်ယွင်ထင်အကြောင်း ပြောခဲ့သည့် လုပ်ဖော်ကိုင်ဖက်နှစ်ဦး လျှောက်လာသည်ကို ဖန်သားပြင်မှတဆင့် မြင်လိုက်သည်။ သူတို့က ညစာစားပြီးချိန်၌ လမ်းလျှောက်ထွက်လာကြပုံပေါ်၏။ ထိုနှစ်ဦးသည် လင်းဟန်တို့ရှိနေသည့် မက်ခါအရှေ့သို့ ရောက်သောအခါ အချင်းချင်း စကားဖလှယ်လျှက် ခြေလှမ်းရပ်လိုက်ကြသည်။ စခန်း၌ စာရင်းသွင်းထားသည့် နောက်ဆုံးပေါ်မက်ခါသည် အဘယ့်ကြောင့် ဤနေရာ၌ ရပ်ထားခြင်းဖြစ်ကြောင်း ဆွေးနွေးနေကြပုံပင်။
လင်းဟန်က သူတို့အား ဖန်သားပြင်မှတဆင့် တွေ့နေသည်။
လုပ်ဖော်ကိုင်ဖက်များသည် မက်ခါအတွင်း၌ မည်သူရှိနေမှန်း မသိသလို ဂရုစိုက်သည့်ပုံလည်း မရချေ။ သူတို့က ဒီအတိုင်း ထွက်ခွာသွားခဲ့ကြသည်။
လင်းဟန်က သူတို့၏ အရိပ်များ ပျောက်ကွယ်သွားသည်အထိ လိုက်ကြည့်နေခဲ့၏။ ရုတ်တရက်ဆိုသလို ရင်းနှီးနေသော ရနံ့နှင့်အတူ သူ့ခါးပေါ်၌ နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။
“ဘာဖြစ်လို့လဲ …” သူတို့နှစ်ဦးက အလွန်နီးကပ်နေကြ၏။ ဟယ့်ယွင်ထင်၏ အသံမှာ မကျယ်လှသည့်တိုင် လင်းဟန်၏ နားစည်ကိုမူ ညှင်သာစွာ ရိုက်ခတ်သွားခဲ့သည်။
ဝန်ခံပြီးသည့်နောက်တွင် သူတို့နှစ်ဦးအကြား၌ တိတ်ဆိတ်မှုမှာ ပို၍ နည်းပါးလာခဲ့၏။ ဟယ့်ယွင်ထင်သည်လည်း အားစိုက်ကာ စကားပိုပြောလာသည်။ ဉပမာအားဖြင့် ယခုအခါ လင်းဟန်က မော်နီတာအား စိုက်ကြည့်နေခဲ့သည့် အလျောက် အလုပ်မပြီးပြတ်သေးဟု သူထင်သွားခဲ့ခြင်းဖြစ်၏။
“ပြန်တော့မလို့လား …”
“မဟုတ်ပါဘူး …” လင်းဟန်က အမြန်ပြောလိုက်သည်။
“ကျွန်တော် စောထွက်လာတာ …”
သူတို့ ခင်ဗျားအကြောင်း ပြောနေကြလို့ …
ဟယ့်ယွင်ထင်သည် အေးစက်ပြီး အစစ်အမှန်မဟုတ်ဟု ခံစားစေရဆဲဖြစ်၏။ စောစောက ဖြတ်သွားသည့် လူနှစ်ဦးသည် ဤသူအား သူတို့ပြောနေသော ချဉ်းကပ်ရခက်သည့် ဗိုလ်ချုပ်ဖြစ်ကြောင်း မည်သည့်အခါမှ တွေးမိကြလိမ့်မည်မဟုတ်ပေ။
သူက စိုးရိမ်တတ်ပြီး မခွဲခွာရသေးခင် နောက်ဆုံးအချိန်လေးကို သူချစ်ရသူနှင့် ကြိုးစား၍ လာတွေ့ခဲ့သည်။ အဆုံးသတ်တွင် သူသည်လည်း ခွဲခွာရခြင်းကို မနှစ်သက်ကြောင်း မည်သူမှ မသိနိုင်ခဲ့ကြချေ။
“ခင်ဗျားက ချီကျားမူကို ကျွန်တော့်ဆီလာခိုင်းခဲ့တယ် … ဒီတော့ နောက်ပိုင်း အဖွဲ့ဆီဘယ်လိုပြန်သွားမလဲ …” လင်းဟန်က သူ့ပခုံးပေါ် မျက်နှာဝှက်ရင်း မေးလိုက်သည်။
“အားလုံးစီစဉ်ပြီးပြီ … ကိုယ်က ချီကျားမူရဲ့ မက်ခါကို ငှားလာခဲ့ရုံတင် …”
သူတို့က လျှို့ဝှက်ထားသည့်တိုင် ချီကျားမူသည် သူတို့အား နယ်စပ်ဒေသသို့ လာခေါ်ခဲ့သည်ဖြစ်ရာ တစ်စုံတစ်ရာအား သူ သတိပြုမိမည်သာဖြစ်၏။ သို့သော် သူက သူတို့အတွက် လျှို့ဝှက်ပေးထားခဲ့ပြီး သူတို့၏ ဆက်ဆံရေးနှင့် ပတ်သတ်၍ ထင်ကြေးပေးမှုမျိုးကို မည်သည့်အခါကမှ မပြုလုပ်ခဲ့ချေ။
“သူ့ အစ်ကိုကရော …” လင်းဟန်က မေးလိုက်သည်။ “ကျွန်တော့်ကို ဦးစားပေးစရာမလိုပါဘူး … ပရော်ဖက်ဆာရွှီကို အရင်ကာကွယ်ပါစေ … ပြောရရင် နောက်ဆုံးတစ်ခေါက် မတော်တဆမှုဖြစ်သွားတာ ဘယ်လောက်မှ မကြာသေးဘူးလေ … တစ်ဖက်လူက ဒီအချိန်ကို အခွင်းကောင်းယူခဲ့ရင် အရင်ထက် ပိုဆိုးသွားနိုင်တယ် …”
ဟယ့်ယွင်ထင်က ချက်ချင်း ပြန်မဖြေခဲ့ချေ။ သူက ထိုပြဿနာအား တွေးဆနေခဲ့၏။
လင်းဟန်က သူ့အတွေးကို နားလည်ဟန်ဖြင့် ပြောလိုက်သည်။ “ကျွန်တော် ခင်ဗျားကို နေ့တိုင်း သတင်းပို့မှာပါ … ပြီးတော့ ဘယ်ကိုမှ မသွားပါဘူး …”
သူက တစ်ဖက်လူ၏ တင်းကျပ်လာသော လက်မောင်းများဖြင့် အဖြေရလိုက်၏။
သူတို့နှစ်ဦးက မယုံနိုင်လောက်အောင် နူးညံ့ခမ်းနားသည့် နေရာလွတ်ထဲသို့ တိုးဝင်ခဲ့ကြ၏။
လင်းဟန်သည် သူ့ကိုယ်သူ heat မဝင်မှန်း ခံစားမိသည်။ သို့သော် သူ့တစ်ကိုယ်လုံးက ဟယ့်ယွင်ထင်ကြောင့် ရေအိုင်လေးသဖွယ် ပျော့ပျောင်းလျှက်ရှိ၏။ သူတို့နှစ်ဦးကြားတွင် မည်သည့်နေရာလွတ်မှ မရှိနေခဲ့ချေ။ သူက ဟယ့်ယွင်ထင်အား အဖော်ပြုလျှက် အမည်မသိအရာများ အားလုံးကို ရင်ဆိုင်လိုက်ချင်သည်။ သူက ဟယ့်ယွင်ထင်အား သူ့လက်မောင်းများဖြင့် ပွေ့ဖက်ထား၏။ တစ်ဖက်လူသည် အနည်းငယ် ဖုံးကွယ်ထားဆဲဖြစ်သည့်တိုင် ဤပွေ့ဖက်မှုအား အဆုံးမသတ်လိုခဲ့ချေ။ လင်းဟန်က သူ့နှလုံးသား၏ စကားကို နားထောင်နေရင်း ရုတ်တရက် ဝမ်းသာလာခဲ့သည်။
ဟယ့်ယွင်ထင်က စိတ်မဖတ်နိုင်လို့ တော်သေးတယ် … မဟုတ်ရင် ငါ့အတွေးတွေအားလုံး သိသွားတော့မှာပဲ …
သူက သူ့ကို စောင့်ရှောက်ချင်သည်။ သူနှင့်သာ အတူနေချင်သည်။ သူ့ကိုသာ ဂရုစိုက်၍ သူ့ကိုသာ ချစ်သည်။
ကံကောင်းစွာဖြင့် ဟယ့်ယွင်ထင်သည် သူ့အတွေးများကို မဖတ်နိုင်ခဲ့ချေ။
သို့မဟုတ်ပါက ထိုသူသည် သူ့ခံစားချက်များကြောင့် ပို၍ပင် အားနည်းလာပေလိမ့်မည်။ သူတို့က သူငယ်စဉ်က တွေ့ခဲ့သည့် အရပ်သားဧရိယာရှိ ချစ်သူများကဲ့သို့ တစ်နေ့လုံး ပူးကပ်နေကြပေလိမ့်မည်သာ။
ထိုသူတို့က အရပ်သားဧရိယာမှ ခွဲထွက်လာရန် ရည်ရွယ်ချက် မရှိကြပဲ သူတို့ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ထားနိုင်သရွေ့ ရှင်ခြင်းနှင့်သေခြင်းကိုပင် အရေးစိုက်ကြမည်မဟုတ်ပေ။
ဒါက မဖြစ်နိုင်တာ …
“ထားလိုက်ပါတော့ … တွေးတောင်မတွေးနဲ့ …” လင်းဟန်က အကူအညီမဲ့စွာ ပြုံးလိုက်သည်။ “ဗိုလ်ချုပ် … မစ္စတာလင်းကို နှုတ်ဆက်အနမ်းလေး ပေးပါဦး …”
သူက မျက်လုံးများကို မှိတ်လိုက်၏။ သူ၏ မျက်တောင်လေးများသည် တစ်ဖက်လူ၏ ထွက်သက်ကြောင့် တုန်ရီနေကြသည်။ သူ့နှုတ်ခမ်းများက ပွင့်လန်းတော့မည့် ပွင့်ချပ်လွှာများသဖွယ် နှင်းဆီရောင်သမ်းကာ ချိုမြိန်နေ၏။
ဟယ့်ယွင်ထင်က တုံ့ဆိုင်းခြင်းမရှိ ထိုပွင့်ချပ်လေးများကို ခေါင်းငုံ့ကာ ခြွေယူလိုက်သည်။
လင်းဟန်က ဤတစ်ကြိမ်၌ အနမ်းသည် အနည်းငယ် ပြင်းထန်သည်ဟု ခံစားလိုက်ရသည်။ သို့သော် သူက မငိုခဲ့သလို ဟယ့်ယွင်ထင်သည်လည်း ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့၏။ ဟယ့်ယွင်ထင်က သူ့နှုတ်ခမ်းတစ်ခုလုံးကို မက်မက်မောမော နမ်းရှိုက်နေပြီး တစ်လက်မမကျန် အရသာခံနေခဲ့သည်။
လင်းဟန်က သစ်မွှေးနံ့အား ရှူရှိုက်လိုက်ရင်း ဆန္ဒတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ၎င်းကို သူတို့နှစ်ဦးလုံး လျစ်လျူရှုလိုက်ကြ၏။
သူတို့က ကောင်းမွန်သည့် အနမ်းတစ်ခုကိုသာ လိုအပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်မှာပင် ဟယ့်ယွင်ထင်၏ ဆက်သွယ်ရေးဆက်မှ အသံမြည်လာ၏။ လင်းဟန်ကမူ သူ၏ အောက်နှုတ်ခမ်းကို လျက်ကာ ဟယ့်ယွင်ထင်၏ ပခုံးအား သတိပေးသကဲ့သို့ ပုတ်လိုက်သည်။
“ဘော့စ် … အားလုံး စီစဉ်ပြီးပါပြီ …” လုအန်းဟယ်က ပြောသည်။ “ကျွန်တော်တို့ L ဇုန်ရဲ့ ရပ်နားစခန်းမှာ ရောက်နေပါပြီ … ဘော့စ် အသင့်ဖြစ်ရင် လာခဲ့လို့ရပါပြီ …”
ချီကျားမူက မသွားသော်လည်း သူ၏ မက်ခါကို အသုံးပြုကာ ဟယ့်ယွင်ထင်အား ပို့ဆောင်ပေးနိုင်၏။
“အင်း …” ဟယ့်ယွင်ထင်က တည်ငြိမ်စွာ အသက်ရှူထုတ်လိုက်သည်။ “ငါမကြာခင် ရောက်မယ် …”
လင်းဟန်က သူ့ကို ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်မှ ဖြည်းဖြည်းချင်း ထရပ်ကာ ဟယ့်ယွင်ထင်၏ တွန့်ကျေသွားသော အဝတ်များအား ပြန့်ပြူးစေရန် ကူညီပေးလိုက်၏။
ဟယ့်ယွင်ထင်က သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးထားခဲ့သည်။ ထို့နောက် သူ့အား ငုံ့ကြည့်ကာဆို၏။ “ဒါဆို မစ္စတာလင်း အခုပြန်သင့်ပြီမဟုတ်လား …”
လင်းဟန်က ဟယ့်ယွင်ထင်၏ မေးခွန်းကို ချက်ချင်းပြန်မဖြေပဲ သူ၏ပခုံးကာများကိုသာ ပြန့်ပြူးအောင် လုပ်ဆောင်ပေးလိုက်၏။ ထို့နောက် ဂရုတစိုက် ထပ်မံစစ်ဆေးလိုက်သည်။
“အင်း … ရပြီ …”
“ဒါဆို … မင်း …”
“L ဇုန်မှာ အများကြီးစားရတာ ကြိုက်တဲ့ ဇီဝမျိုးကွဲ သတ္တဝါတွေရှိတယ်လို့ ကျွန်တော် ကြားဖူးတယ် …” လင်းဟန်က လှည့်ပတ်ကြည့်လိုက်သည်။
“ကျွန်တော့်ကို လမ်းမှာ ချထားပေးခဲ့ … ကျွန်တော် ကူးလုလုအတွက် တစ်ခုခုဝယ်လိုက်မယ် … သူအိမ်မှာရှိတာတွေပဲ စားရတာ ငြီးငွေ့နေလောက်ပြီ …”
ဟယ့်ယွင်ထင်က အဓိကနယ်မြေတွင် နေထိုင်သည့် လင်းဟန်အား မပုတ်ခတ်ခဲ့သလို မည်သည့်စကားကိုမှလည်း မဆိုခဲ့ချေ။ သို့သော် သူက L ဇုန်သို့သွား၍ တစ်စုံတစ်ခုအား ဝယ်ရပေတော့မည်ဖြစ်၏။
“ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်ပါဘူး … ဒီတိုင်းလမ်းကြုံလိုက်စီးတာ …” လင်းဟန်က ပြောသည်။
“ကောင်းပြီလေ …” ဟယ့်ယွင်ထင်က မငြင်းဆန်ပဲ ချီကျားမူကို ခေါ်ကာ မောင်းနှင်ခန်းထဲသို့ ဝင်ရန် ပြောလိုက်၏။ ဤသို့ဖြင့် သူတို့သုံးဦးသည် L ဇုန် ရပ်နားစခန်းသို့ အတူတကွ ဦးတည်ခဲ့ကြတော့သည်။
……
အိမ်ရှေ့မင်းသားက တိုက်ရိုက်အမိန့်ပေးခဲ့သော်လည်း မည်သည့်ရပ်နားနေရာမှ ထွက်ခွာရမည်ဟု မပြောခဲ့ချေ။ ထို့အပြင် ရုတ်တရက်ဆန်လှသည့် အခြေအနေကြောင့် တိုက်ပွဲသည် ယခင်က စစ်သင်္ဘောပေါ် တက်စဉ်ကလောက် မခမ်းနားတော့ချေ။
လင်းဟန်က သူ့အား မည်သူမှ သတိမထားမိစေရန် ဆုံရပ်သို့ မရောက်ခင်ကတည်းက ချီကျားမူအား ရပ်ခိုင်းလိုက်၏။ “ဒီမှာပဲ …”
ဟယ့်ယွင်ထင်က အခြားလူတစ်ဦး ရှိနေသည့်အလျောက် “ကောင်းပါပြီ” ဟု ပြန်ဖြေလိုက်၏။
သူတို့နှစ်ဦးက တစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်း ကြည့်နေခဲ့ကြသည်။ သို့သော် လင်းဟန်က ဟယ့်ယွင်ထင်၏ လက်ကို မဆုပ်ကိုင်ပဲ မနေနိုင်ခဲ့ချေ။
[ကိုယ်ပြန်လာတာ စောင့်နေနော်]
တိုက်တိုက်ဆိုင်ဆိုင်ပင် လုအန်းဟယ်သည်လည်း ဟယ့်ယွင်ထင်နှင့် စုဝေးရန်အတွက် လူများကို ဦးဆောင်လာခဲ့၏။
ချီကျားမူ၏ အကာအကွယ်အား လိုအပ်သည်ဟု ပြောခဲ့သည့် ရှုကျစ်ဟန်သည် သူတို့နှစ်ဦးရှေ့၌ ပေါ်လာခဲ့သည်။
သူက ဒီမှာရှိနေရမှာ မဟုတ်ဘူးလေ …
လင်းဟန် တွေးလိုက်၏။
လုအန်းဟယ် သူ့အား အကာအကွယ်အဖြစ် ခေါ်ဆောင်လာရခြင်းသည် ရှုကျစ်ဟန်အား ရှာမတွေ့၍ ဖြစ်၏။ ရှုကျစ်ဟန်အား သူ၏ မက်ခါပေါ်သို့ တက်စေခဲ့ခြင်းဖြစ်သည်။ လုအန်းဟယ်သည်လည်း လင်းဟန်ကို တွေ့လိုက်၏။ သို့သော် အခြားလူများ အာရုံစိုက်မည် စိုးသည့်အလျောက် တစ်ချက်သာကြည့်ကာ ရပ်နားရာနေရာသို့ မြန်မြန်လျှောက်သွားခဲ့လေသည်။
သို့သော် လက်ရှိအချိန်၌ သူမည်သို့မှ မပြောနိုင်ချေ။ သူက ရှုကျစ်ဟန်အား နှုတ်ဆက်သည့်အနေဖြင့် ခေါင်းညှိတ်ပြရန်သာ တတ်နိုင်ခဲ့သည်။
ရှုကျစ်ဟန်သည်လည်း သူ့အား ယဉ်ကျေးစွာ ပြုံးပြလာခဲ့၏။
👾