Chapter 84
Viewers 8k

👾Chapter 84

 (ဖယ်ရိုမုန်းများကို လွမ်းဆွတ်ခြင်း)



အဖွဲ့က နာရီဝက်အကြာ၌ ရပ်နားစခန်းမှ ထွက်ခဲ့ကြသည်။ 


ချီကျားမူသည် ဌာနထံသို့ တစ်စုံတစ်ခုအတွက် ပြန်သွားချင်ခဲ့၏။ လင်းဟန်က သူ့အား အရင် သွားခွင့်ပေးလိုက်ပြီး အများသုံးယာဉ်ပျံထံသို့ ဦးတည်လိုက်၏။ တစ်ဖက်လူက လင်းဟန် မတော်တဆမှု တစ်ခုခု ကြုံတွေ့မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် လင်းဟန်က သူ့အား အောင်အောင်မြင်မြင် ဖြောင်းဖျနိုင်ခဲ့သည်။ 


အဆုံးသတ်တွင် အများသုံးယာဉ်သည် ရပ်နားစခန်းနှင့် နီးနီးကပ်ကပ် မရှိနေခဲ့ချေ။ မက်ခါများ ဆိုက်ကပ်သည့်အသံကို ခပ်ဝေးဝေးမှသာ ကြားနေရ၏။ ထို့အပြင် ဤနေရာရှိ နေထိုင်သူများသည်လည်း ထိုအသံများကို အသားကျနေပြီဖြစ်၏။ လင်းဟန်က မည်သည့်အုပ်စုသည် သာမန်မက်ခါဖြစ်ပြီး မည်သည့်အုပ်စုက ဟယ့်ယွင်ထင်၏ စစ်တပ်ဖြစ်ကြောင်း မခွဲခြားနိုင်တော့ချေ။ 


လင်းဟန်က ဤနေရာသို့ ကူးလုလုအတွက် တစ်စုံတစ်ခု ဝယ်ရန် လာခဲ့သယောင် ဆောင်လိုက်သည်။ သူက ဆိုင်များတွင် ရပ်ကာ ကူးလုလုအတွက် စားစရာ၊ဆော့စရာကလေးများ ဝယ်ယူနေလိုက်၏။ 


သူက အိမ်မွေးတိရစ္ဆာန် အသုံးအဆောင်ပစ္စည်းဆိုင်ထဲသို့ ဝင်လိုက်သည်။ ဆိုင်ရှင်က ခြေချိတ်လျှက် သက်သောင့်သက်သာ အနေအထားဖြင့် တီဗီကြည့်နေ၏။ သူက ဝယ်သူကို တွေ့လိုက်သည့်အခါမှသာ ခါးကိုမတ်ရင်း ပြုံးပြလာခဲ့သည်။ 


လင်းဟန်က သူလိုချင်သည့် အရာများကို ရွတ်ပြလိုက်၏။ ဆိုင်ရှင်သည် သူ့အား အမျိုးမျိုးသော သွားရည်စာနှင့် ကစားစရာများအကြောင်း ရှင်းပြလာသည်။ ထိုသူက လင်းဟန်၏ အဖွဲ့အစည်းဝတ်စုံကို မသိသော်လည်း အဓိကနယ်မြေမှ လာရောက်ခြင်း ဖြစ်ကြောင်းကိုမူ တစ်ချက်ကြည့်ရုံဖြင့် သိနေပုံပင်။ 


ဆိုင်ရှင်က ဝယ်သူသည် သူ တီဗီထဲတွင် မြင်ဖူးသည့် နာမည်ကြီးများကဲ့သို့ ယဉ်ကျေးသိမ်မွေ့သည်ဟု မှတ်ချက်ချလိုက်၏။ ဆိုင်ရှင်က အားကျဟန်၊ သိလိုဟန်တို့ဖြင့် မေးလိုက်သည်။


 “စတိုးထဲမှာ ပစ္စည်းအမျိုးမျိုးရှိပါတယ် … စကားမစပ် ဒီကိုဘာလို့ ရောက်လာတာလဲ …” 


လင်းဟန်က ပြုံးလျှက် ဖြေသည်။ “ကျွန်တော် အခွင့်ကြုံလို့ ရောက်လာတာပါ … ကျွန်တော့်အိမ်က ကလေးအတွက် တစ်ခုခုဝယ်သွားမလားလို့လေ …” 


ဆိုင်ရှင်က ဝယ်သူ၏ အိမ်မွေးကောင်သည် ခုကောမျိုးနွယ်ဖြစ်ကြောင်း သိလိုက်ရ၏။ သူ့မျက်ဝန်းထဲရှိ အားကျရိပ်များမှာ ပို၍ပင် တိုးလာခဲ့သည်။


 “ဒါဆို ဆိုင်ထဲက သွားရည်စာတွေကို ကြည့်ကြည့်ပါဦး … ဒါတွေကို သူ သေချာပေါက် အကြိုက်တွေ့မှာပါ ….” 


လင်းဟန်က ဆိုင်ရှင်ညွှန်းသည့်အတိုင်း အရာအချို့ကို ကောက်ယူရွေးချယ်လိုက်၏။ ရုတ်တရက်ဆိုသလို မြေပြင်လှုပ်ခါသွားသည်ကို သူခံစားလိုက်ရသည်။ ဆိုင်ရှင်က အမြန်ရှင်းပြလိုက်၏။ “ဒါက သင်္ဘောကျင်းဘေးမှာ ဆောက်ထားတာလေ … ဒီတော့ မက်ခါ ဆိုက်ကပ်တဲ့အခါ တုန်လှုပ်တာ ပုံမှန်ပါပဲ … sir … စိတ်မပူပါနဲ့ …” 


“အင်း …” လင်းဟန်က ခေါင်းညှိတ်ကာ တုံ့ပြန်လိုက်သည်။ သူ့အမူအရာက ပို၍ပင် သက်သောင့်သက်သာ ဖြစ်နေပြီး သူ့လက်များကမူ မသိစိတ်ဖြင့် ကူးလုလုအတွက် သွားရည်စာများအား ကောက်ယူလျှက်ရှိသည်။ 


ဆိုင်ရှင်က မည်သည်ကိုမှ သတိမထားမိပဲ လင်းဟန်ကိုသာ ထုတ်ကုန်များအား မိတ်ဆက်ပေးနေ၏။ ရုတ်တရက်ဆိုသလို အဖြူရောင်ယူနီဖောင်းဝတ် လူငယ်က ရုတ်တရက် ပြောလာသည်။ “ဒီတော့ ဒီနေရာနဲ့ ဗွီ ပရိုတွန်ကြယ်နဲ့ဆို ဘယ်လောက်ဝေးလဲ …” 


“မတော်တဆမှုဖြစ်ထားတဲ့ ဗွီပရိုတွန်လား …” ဆိုင်ရှင်က နားလည်ဟန်ဖြင့်ဆိုသည်။ “တကယ်တော့ ကျုပ်က ဒီမှာမွေးခဲ့တာဆိုပေမယ့် ဗွီ ပရိုတွန်နဲ့ ဘယ်လောက်ဝေးလဲ တိတိကျကျမသိဘူး … လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကမှ ဗွီ ပရိုတွန်ကြယ်ကို ပိတ်လိုက်ပြီလို့ ကြားခဲ့တာလေ … အခြေအနေက မပြင်းထန်သရွေ့ သူတို့ ဧကရာဇ်ကို အကူအညီတောင်းမှာ မဟုတ်လောက်ဘူး …” သူဌေးက လင်းဟန်အား ပြုံးပြလိုက်သည်။ “ကျွန်တော်တို့ ဂရုစိုက်စရာမလိုပါဘူး … အဲဒီ့လှိုင်းက ဗွီ ပရိုတွန်ကိုပဲ ဦးတည်တာ ဖြစ်ချင်ဖြစ်မှာပါ …” 


လင်းဟန်၏ လက်ဖဝါးများက ချွေးစေးများ ထွက်လာသည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ “အင်း …” 


သူ အခုလောက်ဆို ထွက်သွားပြီထင်တယ် … 


လင်းဟန်က သူဌေးထုပ်ပိုးပေးလိုက်သည့် အထုပ်များကို ကိုင်လျှက် ဆိုင်ထဲမှ ထွက်လာသည်။ သူက ထိုနေရာ၌ တွေဝေစွာ ရပ်နေမိ၏။ သူသည် အဖွဲ့အစည်းမှ မြန်မြန်ထွက်လာခဲ့ခြင်းဖြစ်ရာ အချိန်မှာ အလွန်စောနေသေးသည်။ 


လင်းဟန်က အများသုံးယာဉ်ပျံ ဆိုက်ကပ်ရာနေရာကို ကြည့်လိုက်သည်။ သို့သော် သူက ထိုနေရာသို့ ခဏကြာ လမ်းလျှောက်သွားပြီးနောက် အနည်းငယ် မောပန်းလာသလို ခံစားလိုက်ရ၏။ ထို့နောက် သူက အင်္ကျီအိတ်ကပ်အား နှိုက်ကာ သူအမုန်းဆုံး အရာတစ်ခုကို ထုတ်ယူလိုက်သည်။ 


၎င်းက အဖွဲ့အစည်း၌ သူ ဖွင့်ချင်ခဲ့သည့် အာဟာရဓာတ်စာဖြစ်သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များသည် ဟယ့်ယွင်ထင်အကြောင်း ပြောနေခဲ့သည့်တိုင် သူ့အတွက်မူ ဤဘူးကို စိတ်ပါလက်ပါ ဖွင့်ပေးချင်ခဲ့ကြသည်။ ဟယ့်ယွင်ထင်ကမူ လက်ဦးမှုယူ၍ ဘူးအဖုံးကို ဖွင့်ပေးကာ သူ့ထံသို့ အကြိမ်များစွာ ကမ်းပေးခဲ့ဖူး၏။ သူက မသောက်ပဲ နေလျှင်ပင် ထိုသူသည် သူ မမျှော်လင့်ထားသည့် နည်းလမ်းများ သုံးလာခဲ့သည်သာ။ 


လင်းဟန်က လက်ထဲမှအရာကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် အားစိုက်ကာ အဖုံးဖွင့်လိုက်ရင်း နည်းနည်းချင်း သောက်လိုက်၏။ ထို့နောက် ဘူးကို လွှင့်ပစ်ကာ အိမ်သို့ တစ်ဦးထဲ ပြန်လာခဲ့သည်။


အိမ်၌ လုပ်စရာအများအပြားရှိ၏။ ထို့အပြင် ကောင်ကလေးသည် တီဗီစွဲနေလေရာ သူ့အနေဖြင့် စည်းကမ်းတင်းကြပ်ရန် လိုအပ်ပေသည်။ 


မနက်ဖြန်၌ ပရိုဂရမ်စစ်ဆေးမှုအသစ်ရှိ၏။ သူက အောင်မြင်သည့် မော်ဒယ်အသစ်ကို ထုတ်လုပ်နိုင်ဦးမည် မဟုတ်ကြောင်းနှင့် ဆက်လက်၍ စစ်တမ်းကောက်ယူရမည်ဖြစ်ကြောင်း သေချာသိထားသည်။ သူသည် ခန္ဓာကိုယ် မကြံ့ခိုင်သည်မှအပ အရာအားလုံး လုပ်နိုင်၏။ 


ဟယ့်ယွင်ထင် ဤနေရာ၌ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူကိုယ်တိုင် ကိုင်တွယ်နိုင်၏။ 


လင်းဟန်က ထိုသို့တွေးပြီးသည်နှင့် တံခါးကိုဖွင့်ကာ အကျင့်ပါနေသည့်အတိုင်း ကိုယ်ကိုကိုင်းလိုက်၏။ ထို့နောက် အသေးလေး သူ့ပခုံးပေါ်သို့ ခုန်တက်လာမည်ကို စောင့်နေလိုက်သည်။ 


ဤသို့ဖြင့် လင်းဟန်က သူ့အစီအစဉ်အတိုင်း လည်ပတ်နေ၏။ သူက အလုပ်နှင့် အနားယူမှုကို အစီအစဉ်တကျ ခွဲဝေါထာသည်။ ညနေပိုင်းတွင်မူ သူက အချိန်ကို မကြာခဏ စစ်ဆေးနေတတ်၏။ ကူးလုလုပင်လျှင် ထိုအချက်ကို သတိပြုမိလာခဲ့သည်။ 


အိပ်ရာဝင်ချိန် ရောက်သောအခါ သူက ကူးလုလု တီဗီခိုးကြည့်မည်စိုးသဖြင့် အင်တာနက် ချိတ်ဆက်ထားခြင်းကို ဖြတ်တောက်ရန် ကြံလိုက်သည်။ သို့သော် သူ တီဗီထံ လျှောက်လာချိန်၌ သတင်းကြေငြာနေသည်ကို တွေ့လိုက်ရ၏။ 


ညနေခင်းသတင်းတွင် ဗိုလ်ချုပ်ဦးဆောင်သည့် ငြိမ်းချမ်းရေးမက်ခါနှင့် ဗွီ ပရိုတွန် အစိုးရတို့ တွေ့ဆုံကြပုံကို ဖော်ပြနေသည်။ ဗွီ ပရိုတွန်မှ ဝန်ကြီးချုပ်သည် သူတို့၏ ဂြိုဟ်အား အရေးစိုက်ခြင်းအတွက် ဧကရာဇ်အပေါ် ကျေးဇူးတင်ကြောင်းနှင့် ဤအခက်အခဲကို သူ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောထားလျှက် သတင်းက နိဂုံးချုပ်သွား၏။ 


ဟယ့်ယွင်ထင်သည် ဖန်သားပြင်ထက်၌ ပေါ်ထွက်မလာခဲ့ချေ။ သတင်းကြေငြာသူက သတင်းကို အကျဉ်းချုပ်တင်ပြပြီးနောက် နောက်ထပ်သတင်းတစ်ခုအား ဆက်လက်ကြေငြာ၏။


လင်းဟန်သည် ကြမ်းပေါ်တွင် ထိုင်ချလိုက်မိသည်။ သူက တီဗီကို ပိတ်ရမည့်အစား ငေးကြောင်လျှက် ရှိနေ၏။ 


ကူးလုလုက လင်းဟန် အင်တာနက်ချိတ်ဆက်မှုအား မဖြတ်တော့သည်ကို ကြည့်ရင်း ခဏတာ တုံ့ဆိုင်းသွားခဲ့သည်။ ထို့နောက် သူက အမွှေးများကို ခါယမ်းလျှက် လင်းဟန်၏ လက်မောင်းကြားထဲသို့ ဂရုတစိုက် ခိုဝင်လာ၏။ ကူးလုလုက လင်းဟန်၏ လက်ဖဝါးကို ခေါင်းဖြင့် တိုးဝှေ့လိုက်ရင်း တစ်ဖက်လူ ပျော်ရွှင်လာစေရန် ကြိုးစားပေးနေခြင်းဖြစ်သည်။ 


ကူးလုလု၏ နှစ်သိမ့်မှုကြောင့် လင်းဟန်က စိတ်ကို ပြန်လည်စုစည်းလိုက်၏။ သူက ကူးလုလု၏ ဦးခေါင်းကို ညှင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ 


ထူးဆန်းလိုက်တာ … 


လင်းဟန် ထိုသို့တွေးလိုက်၏။ 


ဟယ့်ယွင်ထင်သည် အဓိကနယ်မြေ၌ ရှိနေလျှင်ပင် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး တွေ့ရန် ခက်ခဲ၏။ တစ်ခါတစ်ရံ သူ အလွန်အလုပ်ရှုပ်နေပါက သူတို့နှစ်ဦးကြားရှိ အဆက်အသွယ်ပင် ပြတ်တောက်သွားခဲ့ဖူးသည်။ 


လင်းဟန်သည် ဟယ့်ယွင်ထင်နှင့်အတူ ကွင်းဆင်းလေ့ကျင့်ချိန်၌သာ အင်ပါယာမှ ထွက်ခွာခဲ့ဖူး၏။ 


သူက ဗွီ ပရိုတွန်ဂြိုဟ်၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကိုရော ၎င်းက မည်သို့ ပုံသဏ္ဌာန် ရှိသည်ကိုပါ မသိချေ။ 


“ဘာလုပ်ရမလဲ …” လင်းဟန်က အကောင်ပေါက်လေး၏ အမွှေးများကို ပွတ်သပ်လိုက်သည်။ “ငါသူ့ကိုလွမ်းလိုက်တာ …” 


ကူးလုလုက စကားမပြောတတ်ချေ။ သို့သော် တိရစ္ဆာန်ရုံအရှေ့၌ လင်းဟန်ဘက်မှ ဟယ့်ယွင်ထင်ကို နမ်းလိုက်သည်အား သူတွေ့ခဲ့၏။ ထိုအချိန်မှစ၍ သူသည် ထိုအမျိုးသားကို ယှဉ်နိုင်စွမ်းမရှိကြောင်း နားလည်လာခဲ့သည်။ ထိုသူက အမွှေးရိတ်သည့်ကိစ္စကို အစမဖော်လာသရွေ့ ကူးလုလုသည်လည်း သူ့အား နှောင့်ယှက်တော့မည် မဟုတ်ပေ။ 


အကောင်ပေါက်လေးသည် လင်းဟန်အား မည်သို့နှစ်သိမ့်ရမည်မသိ ဖြစ်နေခဲ့သည်။ သူက လင်းဟန်၏ လက်မောင်းအကြား၌ လူးလိမ့်နေရုံသာ တတ်နိုင်၏။ 


လင်းဟန်သည် သူ၏ အမူအရာကြောင့် ပျော်ရွှင်လာခဲ့သည်။ သူက ကူးလုလု၏ မျက်ဝန်းစိုစိုလေးများကို စိုက်ကြည့်ကာ ပြော၏။ “မင်းက ငါ့ကို နှစ်သိမ့်နေတာလား …” 


ကူးလုလုက လှုပ်ရှားမှုများကို တခဏ ရပ်တန့်လိုက်သည်။ ထို့နောက် သဘောတူဟန်ဖြင့် အမြှီးလေးယမ်းပြလာ၏။ 


“ကျေးဇူးပါ …” လင်းဟန်က သူ့လက်ကလေးကို ကိုင်ကာကျေးဇူးစကား ဆိုလိုက်သည်။ 


ကူးလုလု၏ နှုတ်သီးလေးက လှုပ်ရှားသွား၏။ 


လင်းဟန်သည် ကူးလုလုကြောင့် စိတ်သက်သာရာရသွား၏။ သူက ကူးလုလုအား ချီမကာ ခပ်ဖွဖွ နမ်းလိုက်သည်။ “ငါအဆင်ပြေသွားပါပြီ …” 


သူက အဆင်ပြေသည့်တိုင် အကောင်ပေါက်လေးကမူ ထူးဆန်းလာခဲ့သည်။ 


ကူးလုလုက အပြင်းအထန် တုန်ရီလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ပူကျစ်လာခဲ့သည်။


သူက ထပ်မံ၍ပင် လူးလိမ့်မနေနိုင်တော့ချေ။ ခြေလက်လေးချောင်းကို မိုးပေါ်ထောင်လျှက် လင်းဟန်၏ လက်ဖဝါးကို ဆော့ကစားကာ လင်းဟန်အား ပဲလုံးသဖွယ် မျက်ဝန်းနက်ကလေးများဖြင့် ကြည့်နေ၏။ 


သူက စိတ်လှုပ်ရှားကာ ရှက်ရွံ့နေခြင်းပင်။ 


ခဏအကြာ၌ ကူးလုလုသည် လင်းဟန်၏ လက်တွင်းမှ ယိုင်တိုင်တိုင်ဖြင့် ခုန်ဆင်းသွားသည်။ သူက စောင်ထဲသို့ ပြန်ဝင်သွားကာ စောစောက အခိုက်အတန့်ကို ပြန်တွေးနေပုံရလေသည်။ 


လင်းဟန်က မီးပိတ်ကာ ပြောလိုက်သည်။ “ကောင်းသောညပါ …” 


သူက မအိပ်ခင် နေ့လည်က အဖြစ်အပျက်ကို ပြန်လည်တွေးမိပြန်သည်။ တစ်စုံတစ်ဦး၏ ပွေ့ဖက်မှုအတွင်း ရှိစဉ်က ရခဲ့သည့် သစ်မွှေးရနံ့ကို လင်းဟန် လွမ်းဆွတ်လာ၏။


ဖယ်ရိုမုန်းနံ့သည် စုံတွဲတစ်တွဲအတွက် အလွန်အရေးပါသည်။ သို့သော် လင်းဟန်က အိပ်ရာပေါ်တွင် ထိုင်ရင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။ 


……


အခြားတစ်ဖက်တွင် ဟယ့်ယွင်ထင်၏ စစ်တပ်သည် မရပ်မနား ခရီးနှင်လျှက်ရှိသည်။ သူတို့က ဗွီ ပရိုတွန်ဂြိုဟ်သို့ နေ့အချိန်မှာပင် ရောက်ရှိသွားကြ၏။ 


ရှုကျစ်ဟန်သည်လည်း သူတို့နှင့်အတူ ပါလာခဲ့သည်။ 


မည်သို့ပင်ဖြစ်စေ၊ လုအန်းဟယ်က ဟယ့်ယွင်ထင်၏ သံသယများကို ရှင်းလင်းပေးခဲ့၏။ “ပရော်ဖက်ဆာရှုက ကျွန်တော်တို့နဲ့အတူ လိုက်လာမယ်လို့ ပြောခဲ့တာပါ …” 


ဟယ့်ယွင်ထင်က ရှုကျစ်ဟန်အား ကြည့်လိုက်သည်။ “ခင်ဗျားရဲ့ လုံခြုံရေးကို အာမမခံနိုင်ဘူး ..” 


ရှုကျစ်ဟန်က ဤကိစ္စကို စဉ်းစားခဲ့ပုံရ၏။ သူက ကြောက်ရွံ့မှုတစ်စုံတစ်ရာ မပြသပဲ ပြန်ဖြေခဲ့သည်။ “ကျွန်တော့်ကို အထူးတလည် ဂရုစိုက်စရာမလိုပါဘူး … ဒါပေမယ့် မှုခင်းနေရာကိုတော့ လိုက်ရမှဖြစ်မယ် … အဆုံးသတ်မှာ အဲဒါက ကျွန်တော့် ကျောင်းသားပဲလေ .. ပြီးတော့ အဖြစ်အပျက်က အရမ်းမြန်နေတယ် … ဒါကို တစ်ယောက်ယောက်က သီးသန့် သုတေသနပြုနေတာ ဖြစ်နိုင်တယ် …” သူက ဖြည်းညှင်းစွာ ပြောသည်။

“ကျွန်တော် အဲဒီ့မှာ ရှိနေရင် ပြဿနာအရင်းအမြစ်ကို မြန်မြန်ဖြေရှင်းနိုင်မှာပါ … ဗိုလ်ချုပ် … ကျွန်တော့်ကို ယုံကြည်ပေးပါ …” 


ဟယ့်ယွင်ထင်က နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ သူ အဓိကနယ်မြေမှ ထွက်ခွာလာကတည်းက သူ့နှလုံးသားထဲတွင် စိတ်ဓာတ်ကျခြင်း အငွေ့အသက်များ လွှမ်းခြုံနေသည်။ ထို့ကြောင့် သူက ရှင်းပြ၍မရသည့် စိတ်ပျက်မှုကို ခံစားနေရ၏။ 


ဗွီ ပရိုတွန်သို့ ရောက်ရှိသည့်အခါ သူတို့အား လာတွေ့၍ အခြေအနေကို ရှင်းပြရမည့် အစိုးရအမှုထမ်းများသည် ချိန်းဆိုထားသော နေရာသို့ အချိန်ကိုက် ရောက်မလာကြချေ။ 


ဗွီ ပရိုတွန်၏ ပတ်ဝန်းကျင်နှင့် ရာသီဉတုမှာ ကောင်းမွန်၏။ နောက်ပြန်ဆွဲနေသည့် နည်းပညာကြောင့် ဧကရာဇ်၏ လျစ်လျူရှုခြင်း မခံရလျှင် ၎င်းက နေထိုင်ရန်ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာမည်သာ။ 


မြို့တော်သည် မိုးသစ်တောမြို့ဖြစ်၏။ ဗွီ ပရိုတွန်တွင်သာ ပေါက်ရောက်နိုင်သည့် သစ်ပင်များသည် မြို့ပတ်လည်၌ ရှိနေပြီး တုနှိုင်းမဲ့သော ဂေဟစနစ်အား ဖန်တီးလျှက်ရှိ၏။ ဤနေရာ၌ နေထိုင်သူ အများစုမှာ ဘီတာများဖြစ်သဖြင့် ဧကရာဇ်သည်လည်း စည်းမျဉ်းများ တင်းတင်းကျပ်ကျပ် ထုတ်ထားခြင်း မရှိချေ။ ထို့ကြောင့် နေထိုင်ရလွယ်ကူလှသည်။ 


သို့သော် ယခုအချိန်၌ ထိုသို့မဟုတ်ခဲ့ချေ။ 


ဟယ့်ယွင်ထင် ဦးဆောင်သော အဖွဲ့သည် မြေပုံအတိုင်း မြို့တော်သို့ ဦးတည်ခဲ့ကြသည်။ သူတို့ ပို၍ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လေလေ၊ ပို၍ သတိကပ်လာလေပင်။ 


ယခင်က မိုးသစ်တော ဖြစ်ခဲ့သည့် ဗွီ ပရိုတွန်ဂြိုဟ်သည် ယခုအခါ ပန်းခြောက်တစ်ပွင့်နှင့် တူနေ၏။ 


မိုးသစ်တော ဂေဟစနစ်သည် အခြေအနေကြောင့် ယိုယွင်းသွားခဲ့သည်။ ဗွီ ပရိုတွန်ရှိ အစည်ကားဆုံး မြို့မှာ ယခုအခါ မြို့ပျက်ကြီးအလား ရှိနေ၏။ အိမ်တိုင်းက တံခါးပိတ်ထားကြပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာလည်း ကျိုးပဲ့ ဆွေးမြေ့နေကြသည်။ 


ပို၍ ကြောက်စရာကောင်းသည်မှာ အလောင်းများ ဖြစ်သည်။ 


လမ်းတစ်ခုလုံး အနီရောင်သွေးများဖြင့် ဖုံးလွှမ်းနေ၏။ မူလက စည်ကားလှသည့် ဆိုင်ခန်းများ၊ အများသုံးယာဉ်များထဲ၌ ခြေပြတ်လက်ပြတ်များက တွဲလောင်းကျနေ၏။ အချို့နေရာများကမူ မီးလောင်ထားသကဲ့သို့ ရှိနေကြသည်။ 


သစ်ပင်တစ်ပင်ချင်းစီအောက်၌ လူတစ်ဦးထက်ပို၍ ရှိနေ၏။ ထိုသူများသည် သေသည်ရှင်သည် မသိရပဲ လှုပ်ရှားမှု ကင်းမဲ့လျှက် ရှိကြသည်။ သူတို့အားလုံးက မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်နေဆဲမှာပင် မက်ခါတစ်စီး၏ အသံက မြို့ပျက်ကြီးတစ်ခုလုံး ပဲ့တင်ထပ်သွား၏။


သို့သော် သူတို့က သက်ရှိရှာဖွေရေးစနစ်ကို ဖွင့်လိုက်သည့်အခါ ဤပတ်ဝန်းကျင်၌ လူအများအပြား ရှိနေသေးကြောင်း သိလိုက်ရသည်။ ထို့အပြင် စနစ်အရ ထိုလူများအားလုံးသည် လှုပ်ရှားမှုကင်းမဲ့နေသော လူများကို ဖော်ပြနေခြင်းဖြစ်၏။ 


“ရပ်လိုက် …” ဟယ့်ယွင်ထင်က အမိန့်ပေးလိုက်သည်။ သူက မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သိရှိသွားကာ စိတ်အစဉ်မှာလည်း လှုပ်ရှားသွား၏။ “ဖွင့်လိုက် … ဇာ့ဂ်တားဆီးတဲ့ မုဒ်ကို …”


ပြောင်းလဲမှုက မျက်တောင်တစ်ခတ်အတွင်း စတင်လာသည်။ 


မက်ခါက ဇာ့ဂ်များကို လှုံ့ဆော်သည့် အထူးအသံလှိုင်းများ ထုတ်လွှတ်လိုက်သည်နှင့် လှုပ်ရှားမှု ကင်းမဲ့နေသည့် လူများက ခန္ဓာကိုယ်များကို မတ်လိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ အဝါရောင်သမ်းလာပြီး သူတို့၏ နှလုံးခုန်သံနှင့် အသက်ရှူသံတို့က ပို၍ ထင်ရှားလာသည်။ 


အဝါရောင်မျက်နှာများ၊ နှလုံးခုန်သံနှင့် အသက်ရှူသံ၊ ပြင်းထန်သော အသံလှိုင်းများဖြင့် ဆွဲဆောင်ခံလိုက်ရသည့်နောက် အုပ်စုဖွဲ့ကာ သူတို့ထံ ဦးတည်လာခြင်း၊ ထို့အပြင် ဒေါင်လိုက်ဖြစ်နေသည့် မျက်ဆံများ …။


ဟယ့်ယွင်ထင်က မက်ခါအတွင်းရှိ ဆက်သွယ်ရေးစနစ်မှ အသက်ရှူသံပြင်းပြင်းများကို ကြားလိုက်ရ၏။ 


မကြာခင် လုအန်းဟယ်၏ အသံ ထွက်ပေါ်လာသည်။ 


“ဘော့စ် … ဒါတွေက …” သူက ခဏရပ်လိုက်သည်။ ထို့နောက် လူများဟူသည့် နာမ်စားကို မသုံးနှုန်းတော့ပဲ မေးလိုက်၏။ “လက်နက်ကို ချက်ချင်းအသက်သွင်းလိုပါသလား …”


သူတို့သာ လူ မဟုတ်တော့ပါက သံလိုက်ဒုံးခွင်းအမြောက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း ဖြေရှင်းပစ်ရပေလိမ့်မည်။




🌍