ငါတို့ကလေးတွေကိုဘာနာမည်ပေးကြမလဲ
မြို့လယ်ခေါင်မှာဖြစ်ပျက်ခဲ့မှုကြောင့် ရဲများရောက်လာရန်မိနစ်အနည်းငယ်သာကြာခဲ့သည်၊ ၎င်းကရုန်ယီကို အတော်လေးစိတ်ဓာတ်ကျသွားစေသည်။
သူသည်နတ်ဘုရားတမျှချောမောလှသောအနှီယောကျ်ားပျိုကို အမည်ပေးရန်ပင်အခွင့်အရေးမရလိုက်၊ အထူးသဖြင့် ထိုသူကလူလွတ်ဟုတ်မဟုတ်။
ကံကောင်းစွာနှင့် အနှီသူကရဲဝန်ထမ်းနှစ်ယောက်၏ စခန်းတွင်ထွက်ဆိုချက်လိုက်ရေးပေးရန်တောင်းဆိုချက်ကို တုံ့နှေးမနေဘဲသဘောတူခဲ့သည်။ သို့ဖြစ်၍ ရုန်ယီက သူ့တာဝန်အရအတူလိုက်ပေးမည့်အကြောင်းပြောခဲ့သည်။
သူခိုးက ပြစ်မှုကျုးလွန်မည့်နေရာကိုမှားယွင်းရွေးချယ်မိခဲ့သည်။ အကြောင်းမှာ စခန်းကတစ်လမ်းကျော်တွင်ရှိနေပြီးလမ်းလျှောက်သွား၍ရသည်။ ရုန်ယီက အဆိုပါခန့်ချောကြီးနောက်လိုက်လာရင်းသူနှင့်သူအတွင်းကြိတ်သဘောကျနေသူအကြား နှိုင်းယှဉ်ကြည့်နေသည်၊သူအံ့အားသင့်သွားသည်က အနှီသူသည် သူ့ထက်အရပ်ပိုရှည်ပြီး ၁၉၀ စင်တီနီးပါးရှိလောက်သည်။ ထိုသူ၏ကျယ်ပြန့်လှသောပုခုံးပြင်က အားကိုးရလောက်သော်ငြားကျစ်လစ်နေခြင်းမျိုးမရှိ၊ ၎င်းကရုန်ယီနှလုံးခုန်နှုန်းကိုမြန်လာစေသည်။
အနှီ အရပ်ရှည်၊ အလွန်အကျွံကြည့်ကောင်းပြီး နွေးထွေးသောနှလုံးသားပိုင်ရှင်က သူခိုးကိုဖမ်းဆီးခဲ့ရာတွင်လျှင်မြန်သွက်လက်၍ သူ့အားအဆင်ပြေမပြေမေးမြန်းလာချိန် နှစ်လိုဖွယ်အပြုံးနှင့်အလွန်နူးညံ့နေခဲ့သည်။
သူတို့သွားနေသည့်နေရာက မြို့နယ်လုံခြုံရေးဌာန၊ ရုန်ယီမှာ၎င်းခန့်ချောကြီးနှင့် လက်ထပ်စာချုပ်ပေါ်တွင်သူ့နာမည်ကိုလက်မှတ်ထိုးပစ်လိုက်ချင်သည်။
ရဲစခန်းရောက်သည်နှင့် ရုန်ယီကသူ့မှတ်ပုံတင်ကို တက်ကြွစွာထုတ်ပေးလိုက်သည်။ ရဲအရာရှိကို မှတ်ပုံတင်ပေးနေချိန်မှာ တမင်တကာခန့်ချောကြီးရှေ့မှဖြတ်ပေးလိုက်သည်၊ သူ၏ဒုတိယလိင်အမျိုးအစားကထိုသူမြင်သာလောက်သည့်ဘက်တွင်ရှိနေသည်။ သူအတွေ့အကြုံအများအပြားရှိသည်။ သူလိုက်နေသည့်ခန့်ချောကြီးကို သူ၏ဒုတိယမြောက်လိင်အမျိုးအစားအကြောင်း သိခွင့်ပေးလိုက်သည်။
သို့သော် ရဲအရာရှိကသူ့ရည်ရွယ်ချက်ကိုယဉ်ယဉ်ကျေးကျေးငြင်းပယ်လိုက်သည်။
"မလိုပါဘူး...ခင်ဗျားစာရွက်ပေါ်မှာအချက်အလက်တွေဖြည့်ပေးရုံပါပဲ..မှတ်ပုံတင်ကိုပြန်သိမ်းထားလိုက်ပါ"
ရုန်ယီ အကူအညီမဲ့စွာဖြင့်ဖြည်းဖြည်းချင်းလက်ပြန်ရုတ်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ့ရှေ့မှခန့်ချောကြီးက သူ့ကတ်လေးကိုစိုက်ကြည့်လာသည်။
"မင်းမှာထူးခြားတဲ့နာမည်ရှိတာပဲ"
သူကတ်ပေါ်မှအကြည့်ကိုဖယ်ပြီး ရုန်ယီကိုကြည့်လာသည်၊ ပြုံးလျက်ဆိုပါသည်။
"မှတ်ပုံတင်ထဲမှာတောင်ကြည့်ကောင်းနေတဲ့သူမျိုးကိုတွေ့ရတာငါအတွက်အရမ်းရှားတယ်"
ထိုစကားကြားလိုက်ရတော့ ရုန်ယီဘာမှမပြောဘဲပြုံးမိလိုက်သည်။
သူက မိမိုက်နေသည့်ပုံစံဖြစ်ရန်ကြိုးစားနေခြင်းမဟုတ်ရချေ။ သူအခုအလွန်စိတ်လှုပ်ရှားနေသည်။ သာမန်အချိန်များမှာ သူသည်သီးသန့်ခွဲနေတတ်သူမဟုတ်သည့်တိုင် သူတဖက်သတ်သဘောကျနေသူအရှေ့တွင် တောင့်တင်းနေသည်။
ခန့်ချောကြီးက ရုန်ယီ၏မထူးမခြားနားတုံ့ပြန်ပုံကို စိတ်ထဲထားပုံမရပေ။ ဖြည့်ရန်စာရွက်ရသည်နှင့် ရုန်ယီကိုတစ်ရွက်ပေးလာသည်။
စာရွက်ပေါ်မှမေးခွန်းများက အင်မတန်လွယ်ကူသည်။ သူအမြန်ဖြည့်ပြီးနောက် ရုန်ယီ ဘေးမှခန့်ချောကြီးစာရွက်ကိုချောင်းကြည့်မိသည်။ သို့ရာတွင် ခန့်ချောကြီးရေးထားသမျှကိုသေချာမမြင်ရသေးခင် သူအမိခံလိုက်ရသည်။
ခန့်ချောကြီးက သူ့စာရွက်ကိုရုန်ယီထံပေးလိုက်သည်။
"ငါ့ရဲ့နောက်ဆုံးနာမည်က 'ချန်း' "
"ချန်းခယ့်ယောင်...တိုက်ဆိုင်လိုက်တာ....ငါတို့ကရွယ်တူတွေပဲ"
ထိုသူ့လက်ရေးကအတော်လှသည်။ သူခန့်ချောကြီးကို တောင့်တောင့်ကြီးပြုံးပြနေရင်း တစ်ဖက်လူကိုပိုလိုချင်လာသည်။
စင်စစ်တွင် ရုန်ယီကထိုသူနှင့်စကားအများကြီးပြောချင်သည်။ သို့ထိတိုင် သူတစ်ချိန်လုံးတိတ်ဆိတ်နေ၍ ချန်းခယ့်ယောင်ကလည်းစကားပြောခြင်းကိုရပ်တန့်လိုက်သည်။
အမှုကရိုးရှင်းပြီး သံသယရှိသူကိုလည်းဖမ်းဆီးထားပြီးပြီ။ သို့ဖြစ်၍ သူတို့ ထွက်ဆိုချက်ရေးနေစရာမလိုတော့။ သူတို့ပြန်ကြမည့်အချိန်အထိ ရုန်ယီတစ်ယောက်ချန်းခယ့်ယောင်ဖုန်းနံပါတ်မရသေးပေ။ ၎င်းကသူ့နှလုံးသားကို စိုးရိမ်ကြောင့်ကြမှုများနှင့်လောင်မြိုက်လာစေသည်။
သူအခု ခန့်ချောကြီးကိုမဆွဲထားနိုင်လျှင် နောက်တစ်ကြိမ်ဒီလူနှင့်ထပ်ဆုံရန် သိပ်ခက်ခဲသွားလိမ့်မည်။
ရုန်ယီ ခြံစည်းရိုးအနားတွင်ရပ်နေစဉ် ချန်းခယ့်ယောင်ကတံခါးမကြီးရှိရာဘက်သို့လျှောက်လာရင်း ရုတ်တရက်ရပ်သွားသည်။ ရုန်ယီ သူ့အကြည့်လားရာအတိုင်း ကြည့်လိုက်တော့ ပိုက်ဆံအိတ်လုခံရသည့်ကလေးမလေးကိုတွေ့လိုက်ရသည်။
သူမသည် ထောင့်နားရှိခုံတန်းရှည်ပေါ်ထိုင်နေပြီး ခြေထောက်များကိုလွှဲယမ်းနေသည်။ သူမလက်ထဲရှိပိုက်ဆံအိတ်က အဆုံးခံရနီးမှပြန်ရလာပြီထင်၏။ ခန်းမထဲရှိရဲနှစ်ယောက်က ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေပြီး သူမကိုမေ့နေပုံရသည်။
"ညီမေလး...မင်းအိမ်ကမလာသေးဘူးလား?"
ချန်းခယ့်ယောင်ဆောင့်ကြောင့်ထိုင်ချပြီး မေးလိုက်သည်။
အနည်းငယ် ရှက်နေပုံရသည့်ကလေးမလေးကပြန်ဖြေလာသည်။
"သ...သမီး...အိမ်ပြန်တဲ့လမ်းမမှတ်မိတော့ဘူး"
သူမစာသင်ချိန်လွတ်သွားခဲ့၍ ဘက်စ်ကားစီးပြီးအိမ်ပြန်ရန်စီစဉ်ခဲ့သည်။ ကားမှတ်တိုင်အရောက်တွင် သူမပိုက်ဆံအိတ်ကိုထုတ်ရန်ကြိုးစားသည့်အခါနောက်ထပ်လက်တစ်ဖက်ကပါရောက်နေခဲ့သည်။
ရှက်တတ်သည့်ကလေးမလေးက တဒင်္ဂအတွင်းဘာမှမပြောရဲဘဲ သူခိုးက တစ်ဖက်လှည့်ထွက်ပြေးသွားသည်ကိုကူကယ်ရာမဲ့စွာကြည့်နေရသည်။ ပြီးနောက် သူမ သူခိုးနောက်ကိုသတိလက်လွတ်လိုက်လာမိသည်။ လမ်းနှစ်လမ်းကျော်လာပြီးမှ သူမတစ်စုံတစ်ခုလုပ်ရန်သတိရသည်။ ထိုအခါမွ သူခိုးနောက်ပြေးလိုက်ရင်း အော်ဟစ်အကူအညီတောင်းသည်။
အခု သူမပိုက်ဆံအိတ်ကပြန်ရလာသည်။ သို့သော် ဘက်စ်ကားမှတ်တိုင်ရှိရာကိုမမှတ်မိတော့။ သူမ ရဲဝန်ထမ်းများကိုမေးမြန်းချင်သည်။ သို့ထိတိုင်သူတို့ကအလုပ်များနေပြီး သူမမှာလည်းသတ္တိမရှိ။ ကံကောင်း၍သူမစိတ်ပူပင်နေကိုတစ်စုံတစ်ယောက်ကသိရှိသွားသည်။
ချန်းခယ့်ယောင်က ဇာတ်လမ်းအပြည့်အစုံကိုနားထောင်ပြီးနောက်မေးလိုက်သည်။
ကလေးမလေးက သူ့ကိုပြောရန်ရှက်နေသေးသည်။ အနည်းငယ်ချီတုံချတုံဖြစ်နေပြီးမှ သူမရှေ့ကလူသည် သူမအတွက်လူဆိုးဖမ်းပေးခဲ့သူမှန်းသိသွားခဲ့သည်။ ထို့ကြောင့် သူမအိတ်ထဲမှကတ်တစ်ကတ်ကိုထုတ်ပြီး ချန်းခယ့်ယောင်ကိုပေးလိုက်သည်။
"ဦးဦး...သမီးကိုကားမှတ်တိုင်ခေါ်သွားပေးပါ"
ချန်းခယ့်ယောင်က ကတ်ပေါ်မှလိပ်စာကိုကြည့်ပြီးခေါင်းယမ်းလိုက်၏။
"မင်းငါ့ကို ကိုကိုလို့ခေါ်ရင် အိမ်အထိခေါ်သွားပေးမယ်"
ကလေးမလေးက ခဏတာတွေဝေသွားသည်၊ သိပ်မဝေးလှသည့်နေရာမှရုန်ယီလည်း ထိုနည်းလည်းကောင်း။
"အရမ်းနောက်ကျနေပြီ...မင်းအခုဘက်စ်ကားနဲ့ပြန်ရင်မင်းမိဘတွေ စိတ်ပူနေလိမ့်မယ်"
သူကပြောပြောဆိုဆိုမတ်တပ်ရပ်သည်။ ကလေးမလေးကိုလက်ကမ်းပေးရင်း
"သွားရအောင်...ရဲဦးဦးတို့ကိုနှုတ်ဆက်လိုက်ဦး"
သူစိမ်းတစ်ယောက်နှင့်ထွက်သွားခြင်းက သူမအတွက်မလုံခြုံပေ။
ထိုသို့ဖြစ်လင့်ကစား ချန်းခယ့်ယောင်က လူဆိုးတစ်ယောက်နှင့်မတူလှ။ သူ့မျက်နှာကိုအချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက်ကလေးမလေးက သူ့လက်ဖဝါးထဲသူမလက်ကိုထည့်လိုက်ပြီးခုံတန်းပေါ်မှဂရုတစိုက်ဆင်းလိုက်သည်။
ချန်းခယ့်ယောင် သူမလက်ကိုဆွဲလျက်တစ်ဖက်လှည့်လိုက်ပြီး အဝင်အထွက်နားတွင်ရပ်နေဆဲ ရုန်ယီကိုကြည့်သည်။
"ငါဟိုနားကမောလ်မှာ ကားရပ်ထားခဲ့တာ"
ရုန်ယီ မျက်တောင်လေးသာခတ်ပြီး စကားတစ်လုံးပင်ထွက်မလာ။
"အခုလေးတင်မင်းလိပ်စာကိုကြည့်မိတဲ့အတွက်တော့တောင်းပန်ပါတယ်"
ချန်းခယ့်ယောင်ကရှက်နေပုံရသော်ငြား ဆက်ပြောလာပါသေးသည်။
"ငါတို့လမ်းတူမယ်ထင်တယ်...မင်းရောလိုက်ခဲ့မလား"
တံတွေးတစ်ချက်မြိုချရင်း သူ့စိတ်လှုပ်ရှားမှုများကိုဖြေလျှော့လိုက်ပြီးရုန်ယီပြန်ဖြေသည်။
"ဒီလိုဆိုရင်တော့အားနာစရာတွေဖြစ်ကုန်ပြီ"
ရုန်ယီ ကားနောက်ခန်းတွင်ထိုင်နေရသည်ကို တိမ်လွှာများအကြားထိုင်နေရသလိုပင်။
ကလေးမလေးသည်ကား ချန်းခယ့်ယောင်နှင့်ရင်းနှီးပြီးနောက် ပါးစပ်မစေ့တော့။ သူမနှင့်ချန်းခယ့်ယောင်တို့မှာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့်စကားဖောင်ဖွဲ့နေသည်။ သူမကျေးဇူးနှင့် ရုန်ယီသည် ချန်းခယ့်ယောင်အကြောင်း အများအပြားသိခွင့်ရလိုက်သည်။
အခင်းဖြစ်ရာနှင့်မျက်နှာချင်းဆိုင်ရှိ အဆောက်အဦ၏လေးထပ်မြောက်တွင် ကလေးများအတွက် သိုင်းသင်တန်းကျောင်းတစ်ခုရှိသည်။ ချန်းခယ့်ယောင်က ထိုနေရာတွင်ကလေးများကို ကိုယ်တိုင်ခုခံရေးသင်ခန်းစာများသင်ကြားပေးနေသည်။ သူသည် လော့လော့ဆိုသည့်အဆိုပါကလေးမလေးကို လိပ်စာကတ်ပေး၍ စိတ်ဝင်စားလျှင်လာတက်နိုင်ကြောင်းပြောနေသေးသည်။ သူသည် သင်တန်းတွင်သင့်တင့်သောဈေးနှုန်းရှိသည့်တစ်ဦးတည်းသောနည်းပြဖြစ်၍ သူ့ကိုဆက်သွယ်၍ရသည်။
လော့လော့ သတိထားပြီးကတ်ကိုသိမ်းနေစဉ် အခုလေးတင်ကလေးမလေးကို 'ပြန်ပေးဆွဲ' လာသည့် ချန်းခယ့်ယောင်က သူစိမ်းနောက်ကိုအလျဉ်းသင့်သလိုလိုက်လာသည့်အတွက် သူမကိုဝေဖန်နေခဲ့သည်။ လူဆိုးများက သူတို့၏မကောင်းဆိုးဝါးဆန်သောရည်ရွယ်ချက်များကိုမျက်နှာပေါ်တွင်မပြသကြောင်းပြောနေခဲ့သည်။
လော့လော့ကခေါင်းလေးယမ်းကာဖြင့် ပြောပြန်သည်။
"ကိုကိုကလူဆိုးကိုဖမ်းပေးတဲ့လူကောင်းပါ...သူခိုးကိုဖမ်းပေးလို့ကျေးဇူးတောင်တင်ရဦးမှာ"
"မင်းကျေးဇူးတင်သင့်တာက အနောက်မှာထိုင်နေတဲ့ကိုကိုပဲ"
ချန်းခယ့်ယောင် နောက်ကြည့်မှန်ကိုကြည့်ရင်းစကားဆက်သည်။
"သူခိုးကိုတားတဲ့သူ့ကြောင့်သာမဟုတ်ရင်...ငါအဲဒီလူဆိုးကောင်ကိုဖမ်းမိမှာမဟုတ်ဘူး"
ရုတ်တရက် သူတို့နှစ်ယောက်ထံမှအပြောခံလိုက်ရ၍ ရုန်ယီနောက်တစ်ကြိမ်အေးခဲသွားသည်။
သူနဲ့စကားအများကြီးမပြောခဲ့၍ လော့လော့ကသူနှင့်စိမ်းနေဆဲ။ သူမခေါင်းလေးကိုလှည့်လာပြီး မတိုင်ခင်ကအတိုင်းရှက်ရိပ်သန်းနေသောမျက်နှာလေးဖြင့်ပြောလာသည်။
"ကိုကို့ ကို ကျေးဇူးတင်ပါတယ်"
ရုန်ယီပြုံးပြီးတုံ့ပြန်လိုက်သည်။
ရုန်ယီအိမ်က လော့လော့နေသည့်နေရာထက် ရဲစခန်းနှင့်ပိုနီးသည်။
သို့သော်ငြား ချန်းခယ့်ယောင်ကလမ်းမှားမောင်းမိ၍အခြားတစ်လမ်းမှကွေ့ပတ်မောင်းလိုက်ရသည်။ ထို့ကြောင့် လော့လော့ကအိမ်ကိုအရင်ပြန်ရောက်သွားသည်။
ကားထဲတွင် လူနှစ်ယောက်သာကျန်ရစ်ခဲ့ချိန် ရုန်ယီမှာရင်ဖိုမှုအကြီးစားထဲ ကျရောက်သွားပြန်သည်။
ချန်းခယ့်ယောင်ကို သဘာဝကျကျနဲ့ဖုန်းနံပါတ််ဘယ်လိုတောင်းရမလဲ။ သူထိုင်ခုံတွင်ထိုင်နေရင်း ဦးနှောက်ကိုအမြန်အလုပ်ပေးနေသည်။ ရုတ်ချည်းသူအကြံတစ်ခုရလာသည်။
"မစ္စတာချန်း...ကျွန်တော့်ကိုလည်းလိပ်စာကတ်ပေးနိုင်မလား"
သူအထာနှင့်သူဆက်ပြောလိုက်သည်။
"ကျွန်တော့်ဆွေမျိုးထဲက ကလေးတစ်ယောက်ကလည်းသိုင်းပညာစိတ်ဝင်စားတယ်လေ"
ချန်းခယ့်ယောင် သူ့လိပ်စာကတ်ကိုထုတ်နေချိန် ရုတ်တရက်ရပ်လိုက်သည်။ မီးပွိုင့်ကအနီရောင်ပြောင်းသွား၍ သူရုန်ယီဘက်လှည့်ပြောလိုက်သည်။
" WeChat မှာငါ့ကိုအပ်လိုက်ပါလား...အဲဒါဆိုဘာပဲဖြစ်ဖြစ်တိုင်ပင်လို့ရပြီ"
သူစကားပြောနေချိန်တစ်လျှောက်လုံး ရုန်ယီမျက်လုံးထဲကိုတည့်တည့်ကြည့်နေခဲ့ပြီး ပြုံးနေခဲ့သည်၊ ထိုအပြုအမူက သူ့ကိုဟန်ဆောင်မှုကင်းပြီး ဆွဲဆောင်မှုရှိနေစေသည်။ ရုန်ယီမှာ ညို့ငင်ခံရမှုကြောင့်ရူးသွားလောက်သည်။
ရုန်ယီ ဖုန်းထုတ်နေရင်း ချန်းခယ့်ယောင်၏သိမ်မွေ့ညင်သာမှုကြောင့်ပြစ်ချက်မရှိ Daddy ဖြစ်နိုင်သည်ဟုစိတ်လှုပ်ရှားစွာနှင့်အတိအကျတွေးနေမိသည်။ သူတို့ကလေးများနာမည်နောက်ဆုံးစာလုံးကို ချန်းပေးခြင်းကလွယ်ကူသည်။ ဒါဆို ကလေးတွေကိုဘာနာမည်ပေးကြမလဲ?။ ဖြစ်နိုင်ရင် သူကသားတစ်ယောက်အရင်လိုချင်ပြီးသမီးကိုနောက်မှဖြစ်စေချင်သည်။ ထိုအတိုင်းဆိုလျှင် သူတို့သားဖြစ်သူက အစ်ကိုတစ်ယောက်အဖြစ် သူ့ညီမလေးကိုကာကွယ်ပေးနိုင်မည်။ ကလေးများမွေးမလာခင် မင်္ဂလာဆောင်တွင်သူဝတ်စုံအဖြူဝတ်ချင်သည်။
ချန်းခယ့်ယောင်ကို WeChat တွင်အပ်ပြီး ငါးမိနစ်အကြာ၊ ရုန်ယီ့တိုက်ခန်းအရှေ့ကိုရောက်လာပြီ။
ရုန်ယီ ကားပေါ်မှဆင်းသည့်အခါ ချန်းခယ့်ယောင်ကကားမှန်ကိုချပြီး လက်များကိုဝှေ့ယမ်း၍ဆိုသည်။
"မင်းလိုအပ်တာရှိရင်အချိန်မရွေးဖုန်းဆက်လိုက်နော်"
ရုန်ယီ ခေါင်းသာညိတ်ပြလိုက်သည်။
သူသည် သက်ဆုံးတိုင် ချန်းခယ့်ယောင်နှင့်အတူလက်တွဲသွားရန်စိတ်အားထက်သန်စွာမြုပ်နှံလိုက်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ချန်းခယ့်ယောင်ကိုဆက်သွယ်လိုက်သည်။
အဆက်အသွယ်မလုပ်ခင် ချန်းခယ့်ယောင်၏ moment ထဲအချိန်ယူပြီးလျှောက်မွှေနေလိုက်သည်။
ချန်းခယ့်ယောင်ကနောက်ဆုံးတင်ထားသည့် post များကို public လုပ်ထားသောကြောင့် ရုန်ယီအတွက်ဖတ်စရာသိပ်မရှိ၊ ချန်းခယ့်ယောင်တင်ထားသည့်ဓာတ်ပုံနှစ်ပုံက သူ့ကိုဆွဲဆောင်လိုက်မှသာ အချိန်အနည်းငယ်ကြာသွားခဲ့သည်။
တစ်ပုံက ချန်းခယ့်ယောင်၏ဘေးတိုက်မျက်နှာ၊ ဆံပင်၏ရှစ်ဆယ်ရာခိုင်နှုန်းကိုလက်မှတ်နှင့်အတည်ကြီးပြထားသည်။
"ကြည့်ရတာငါ့ရဲ့ဆံသဆရာက ဆံပင်ညှပ်တာနဲ့ပတ်သကိလို့ဘာမှမသိဘူးထင်တယ်"
ရုန်ယီက ပုံအောက်တွင်မှတ်ချက်ဝင်ရေးချင်သည်။ သို့လင့်ကစား အချိန်ယူတွေးကြည့်ပြီးနောက် ချန်းခယ့်ယောင်ကိုနှစ်သိမ့်ရန်စာကြောင်းကိုမစီစဉ်ရသေး၊ ချန်းခယ့်ယောင်က၎င်းဆံပင်နှင့်ချောမောနေသေးသည့်အကြောင်း အရွှန်းဖောက်၍လည်းမပြောနိုင်ပေ။ နောက်ဆုံး ရုန်ယီမှာ ဓာတ်ပုံကိုသာတိတ်တိတ်လေး save ထားလိုက်ရတော့သည်။
နောက်တစ်ပုံက ပိုပြီးတဏှာရာဂကိုနှိုးဆွပေးရာရောက်သည်။ ထိုပုံကချန်းခယ့်ယောင် gym ၏မှန်ရှေ့တွင်ရိုက်ထားသည့်ပုံ။
ဖုန်းကိုလက်ထဲကိုင်ထားပြီး ရုန်ယီ ဓာတ်ပုံထဲမှအမြောင်းခြောက်ကြောင်းကိုစိုက်ကြည့်နေရင်း တိတ်ဆိတ်စွာနှင့်အပြင်းအထန်လောင်ကျွမ်းနေသည်။
သူထပ်ပြီး အကောင်းဆုံးပုံစံကိုမရှာနိုင်တော့ပေ။ ချန်းခယ့်ယောင်ကရုန်ယီ့ အိပ်မက်ထဲတွင်ကိုယ်ထင်ပြနေသည့်သူနှင့်တူသည်။
ချန်းခယ့်ယောင်က ရုန်ယီအိမ်လိပ်စာကိုတွေ့မြင်ဖူးခဲ့ပြီးဖြစ်ရာ သူ့မှတ်ပုံတင်ကတ်ပေါ်မှ လိင် ကိုလည်းသတိထားမိလောက်သည်။ မြင်ပြီးတာတောင် ချန်းခယ့်ယောင်ကအံ့အားသင့်သွားသည့်အမူအရာတစ်ချက်ပင်မပြခဲ့ပေ။ ရုန်ယီကိုကားနှင့်အိမ်ပြန်ပို့ပေးပြီး ဖုန်းနံပါတ်ပင်အလဲအလှယ်လုပ်သွားသေးသည်။
'ငါပြက္ခဒိန်ထုတ်ပြီး မင်္ဂလာဆောင်ဖို့နေ့ကောင်းရက်မြတ်ရွေးထားရတော့မှာလား'
ဖုန်းနှင့်အိပ်ရာပေါ်တွင်လှိမ့်နေပြီး ရုန်ယီထထိုင်လိုက်သည်၊ အသက်ကိုမှန်မှန်ရှူပြီးသူ့စိတ်တည်ငြိမ်မှုကို ပြန်ထိန်းသိမ်းရန်ကြိုးစားသည်။ ပြီးနောက် တုန်ယင်နေသည့်လက်ဖြင့်သူနှင့်ချန်းခယ့်ယောင်တို့ စကားပြောသည့်နေရာကိုဖွင့်သည်။
"အိမ်ပြန်လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်"
"ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်"
"ကျွန်တော်..ခင်ဗျားနဲ့အတူရှိချင်တယ်"
ဘေးကျပ်နံကျပ်ဖြစ်နေစဉ် သူ့ဖုန်းကတုန်ခါလာသည်။
သူ့ထံရောက်လာသည့် မက်ဆေ့ချ်။ တိတ်တခိုးချစ်ရသူထံမှတော့မဟုတ်။
"ဒီနေ့ကိစ္စကိုတောင်းပန်ပါတယ်...ငါကပေါက်ကရတွေပဲပြောတတ်တဲ့ငပိန်းကောင်ပါ...စိတ်မဆိုးပါနဲ့...ဖြစ်နိုင်ရင်ငါတို့အရင်ကလိုပဲဆက်ဖြစ်စေချင်တယ်"
စိတ်ရှုပ်ထွေးမှုထဲတွင်ခဏကြာလမ်းပျောက်နေပြီးမှ ရုန်ယီမှာ လျိုယွမ်ပြောချင်သည့်စကားကိုနားလည်သွားသည်။
ဒီမနက်လေးတင် ရုန်ယီ၏လက်ထပ်မည့်ပါတနာစာရင်း၏ထိပ်ဆုံးမှ Alpha သည် အခုတော့ အတိတ်ကာလထဲတွင်ကျန်ရစ်ခဲ့သည်။
ရုန်ယီချက်ချင်းတုံ့ပြန်လိုက်သည်။
"မပူပါနဲ့...ငါမေ့လိုက်ပါပြီ"
'လျိုယွမ်...မင်းကိုယ်မင်းဘယ်သူထင်နေတာလဲ..မင်းကငါ့ရဲ့အနာဂတ်ခင်ပွန်းလောင်းလေးချန်းခယ့်ယောင်နဲ့ဘယ်နေရာမှယှဉ်စရာမရှိဘူးကွ!'