အပိုင်း ၁
Viewers 2k

🌌 Chapter 1






နံနက်ခင်း နေရောင်ခြည်က ပြတင်းပေါက် သံဇကာမှ တစ်ဆင့် ဝင်ရောက်လာသည်။ နေရောင်ခြည် အလင်းတန်းက နူးညံ့သော အိပ်ရာပေါ်သို့ ကျဆင်းနေပြီး လှဲလျောင်းနေသော လူငယ်လေးပေါ်တွင် ရွှေရောင်အလွှာများသဖွယ် ဖုံးလွှမ်းနေ၏။




သူ၏ ဖြူဖွေးကြည်လင်သော အသားအရည်က အလွန်အမင်း အိပ်ထားခြင်းကြောင့် နီရဲနေပြီး နှာထိပ်ပေါ်တွင် ချွေးလေးများ စို့နေ၏။ သူက ငြိမ်းငြိမ်းချမ်းချမ်း အိပ်မောကျနေလေသည်။




မကြာမီတွင် တံခါးခေါက်သံ ပေါ်ထွက်လာ၏။




ဒေါက်…ဒေါက်…




“သခင်လေးလု နိုးပြီလား…”







“နံနက်စာ စားဖို့ အချိန်ရောက်ပါပြီ သခင်လေး…”







“သခင်လေး… နံနက်စာ စားရမဲ့အချိန် ရောက်ပါပြီ…”




လုမော့ မျက်လုံးများကို ဖွင့်လိုက်သည်။ နေမှလာသော ရွှေရောင် အလင်းတန်းကြောင့် အရာအားလုံးက စိမ်းစိုတောက်ပနေပြီး မျက်စိရှေ့မှ အရာအားလုံး အလွန်အမင်း ကြည်လင်တောက်ပြောင်နေသည်။




သူက အလွန်ချောမော ကြည့်ကောင်းလှသည်။ သူ့မျက်လုံးထဲမှ မွဲခြောက်ခြောက် အကြည့်များကို လျစ်လျူရှုမည်ဆိုပါက အမှန်တကယ်ကိုပင် ကြည့်ကောင်း၏။




[စနစ်မှသတိပေးချက်: မင်းရဲ့ အမှိုက်ဆန်မှုပွိုင့်က အရင်လတုန်းက တစ်ပွိုင့်မှ မတိုးခဲ့တာမို့ သေချာ ထမ်းဆောင်ပါ…]




လုမော့က မျက်နှာကျက်ကို စူးစိုက်ကြည့်နေပြီးနောက် အချိန်အတန်ကြာပြီးမှ စကားတစ်ခွန်းပြောလာသည်။


“စနစ် မှာ ချို့ယွင်းချက်ရှိနေတယ်လို့ ငါထင်တယ်…”




[စနစ် ချို့ယွင်းတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး…]




လုမော့က စောင်ကို ခေါင်းမြီးခြုံလိုက်ပြီး အိပ်ရာပေါ်တွင် ကွေးနေလိုက်သည်။




ဘာလို့လဲ…




ဘာလို့လဲ….




ငါ ဗီလိန်ဖြစ်ဖို့ အရမ်းကြိုးစားခဲ့ရတာ… ငါ တကယ် ကြိုးစားခဲ့တာ… တစ်လောကလုံး ငါ့ကို ပစ်မှတ်ထားနေတယ်လို့ ငါ သံသယဝင်နေပြီ…




လုမော့က ဤကမ္ဘာသို့ လွန်ခဲ့သော သုံးနှစ်က ကူးပြောင်းလာခဲ့ပြီး ဤကမ္ဘာ၏ ဖွဲ့စည်းပုံကိုနားလည်ရန် တစ်နှစ်နီးပါး အချိန်ယူခဲ့ရသည်။




ဤကမ္ဘာမှ သက်ရှိများနှင့် ကမ္ဘာမြေပေါ်မှ လူသားများက ကွာခြားမှု မရှိသော်လည်း ဤကမ္ဘာရှိ မျိုးနွယ်များက ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိသော ဇာဂ့်များ ဖြစ်ကြ၏။




အမျိုးသမီးဇာဂ့်နှင့် အမျိုးသားဇာဂ့်ကြားတွင် ကွဲပြားခြားနားမှု မရှိပေ။ အမျိုးသားဇာဂ့်၊ အမျိုးသမီးဇာ့ဂ်နှင့် အဆင့်နိမ့်အမျိုးသမီး ဟူ၍ အမျိုးအစား သုံးမျိုးသာ ရှိ၏။ အမျိုးသားဇာဂ့်များက အရေအတွက် အလွန် နည်းပါးပြီး အမျိုးသမီးဇာ့ဂ် အရေအတွက်နှင့် ယှဉ်ပါက အပုံတစ်ရာပုံတစ်ပုံသာ ရှိ၏။




ဤအချိုးအစားက လူ့အသိုင်းအဝိုင်းတွင် ကြီးမားသော မငြိမ်မသက်မှုကို ဖြစ်စေသည်။ ဇာဂ့်ကမ္ဘာတွင် ထူးဆန်းသော တန်းတူညီမျှမှုတစ်ခု ဖြစ်ပေါ်လာ၏။




ဇာဂ့်ကမ္ဘာတွင် အမျိုးသားများက ထောက်ခံအားပေးခြင်းခံရပြီး တစ်ယောက်ချင်းစီတိုင်းက ရတနာသဖွယ် ဆက်ဆံခံရ၏။ မျိုးရိုးနိမ့်အမျိုးသားများပင် မျိုးရိုးမြင့် အမျိုးသမီးများထက် ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရသည်။ 




လုမော့က အားနည်းသော အမျိုးသားဇာ့ဂ်၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းရောက်လာခဲ့ပြီး စနစ်က သူ့အား ပေးအပ်ထားသည့် တစ်ခုတည်းသော တာဝန်မှာ - 




[အမှိုက်ကောင် အမျိုးသားဇာဂ့်အနေနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ပါ… ဇာတ်ကွက်တစ်ခုချင်းစီ ပြီးဆုံးသွားတိုင်း အမှိုက်ဆန်မှုပွိုင့် ရလာပါမယ်… အဲ့ပွိုင့်တွေကို သုံးပြီး မူလကမ္ဘာကို ပြန်သွားရမှာပါ…]




လုမော့က လက်ခံရရှိလိုက်သော ကမ်းလှမ်းမှုကြောင့် မူးနောက်သွားတော့သည်။ သူက တစ်ပတ်ကို၆ရက်၊ တစ်ရက်ကို ၁၂နာရီနီးပါး သူဌေးအတွက် အလုပ်လုပ်ပေးရန် မလိုတော့သည်ကို တွေးမိသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး စိတ်အားတက်ကြွသွားသည်။ 




အမှိုက်ကောင် ဖြစ်ရမှာတဲ့လား… ဒါ ငါအကျွမ်းကျင်ဆုံး အရာပဲ…




သူက စိတ်အားထက်သန်မှုအပြည့်နှင့် အမှိုက်ကောင်အဖြစ် ကြိုးကြိုးစားစား သုံးနှစ်တိတိ နေထိုင်ခဲ့၏။




သို့သော်လည်း ရလဒ်က အလွန် ဆိုးရွားခဲ့၏။  သူ မည်သို့ပင် အမှိုက်ကောင်ဆန်ဆန် ပြုမူခဲ့ပါစေ ဇာဂ့်များထံမှ ကျေးဇူးတင်သော အကြည့်များကိုသာ ပြန်ရခဲ့သည်။




ဒီကမ္ဘာက အမျိုးသမီးဇာ့ဂ်တွေကို ကြည့်ရတာ ရူးနေသလိုပဲ…




လုမော့က အသက်ပြင်းပြင်းရှူလိုက်ပြီး ထရပ်လိုက်သည်။ အိပ်ရာခြေရင်းတွင် ရှိသော မှန်တွင် သူ့ပုံရိပ် ပေါ်နေ၏။




အနက်ရောင် ဆံနွယ်များနှင့် လူငယ်လေးက အလွန်ကျက်သရေရှိပြီး ခန့်ညား၏။ သူ၏ ပြုံးနေသော နှုတ်ခမ်းက သူ့၏ သွင်ပြင်ကို ပို၍ နူးညံ့စေပြီး မျက်နှာတွင် တခြားအမူအရာများ မပေါ်နေသော်လည်း နှစ်လိုဖွယ်ကောင်းနေသည်။




မကျေနပ်မှု အရိပ်ယောင်များက ထိုအေးစက်စက် မျက်ဝန်းစိမ်းများတွင် ထင်ဟပ်နေကာ  မျက်နှာအသွင်ပြင်နှင့် ပတ်သက်ပြီး သဘောကျသည့်ဟန် မပေါ်ပေ။




ထို့နောက် ထိုလူငယ်လေးက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။ နှစ်လိုဖွယ် နူးညံ့မှုများ ပျောက်ကွယ်သွားကာ မထီမဲ့မြင်မောက်မာမှုများသာ ကျန်ရှိနေ၏။ သူက အခြား အမြောက်စာ အမျိုးသားဇာ့ဂ်များကဲ့သို့ ဆင်ခြင်တုံတရားမဲ့ပြီး လွှမ်းမိုးချုပ်ကိုင်ချင်သည့်ပုံစံ ထွက်ပေါ်နေသည်။




ဝက်ဝံပေါက်လေးလိုမျိုး ရိုးသားဖြူစင်တဲ့ အသွင်အပြင်က ဘယ်နှစ်ခါကြည့်ကြည့် ဒေါသထွက်ချင်စရာ ကောင်းတယ်…




လုမော့က ပြောင်းလဲသွားသော သူ့အသွင်အပြင် သူကြည့်ကာ ကျေနပ်ပြီး ခေါင်းညိတ်လိုက်သည်။




သူက ဤသို့သော အသွင်အပြင်နှင့် အမှိုက်ဆန်မှု ပွိုင့်သုံးထောင်ကျော် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။




သူက အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ကာ အမွေးပွကွင်းထိုး ဖိနပ်ကိုစီးပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးအပြင်ဘက်တွင် အိမ်တော်ထိန်းဝတ်စုံ ဝတ်ထားသော အရပ်မြင့်မြင့် အမျိုးသမီးဇာ့ဂ်တစ်ယောက် ရှိနေ၏။ လုမော့ကို မြင်သည်နှင့် သူက လေးလေးစားစား ပြောလာသည်။


“နံနက်စာစားဖို့ အချိန်ပါ သခင်လေး…”




ထိုအိမ်တော်ထိန်းက နံနက်စာတွန်းလှည်းကို တွန်းပြီး ဝင်လာ၏။ ပေါင်မုန့်မီးကင်နှင့် စွပ်ပြုတ်အနံ့က ဆာလောင်မှုကို ဖြစ်စေသည်။




မောက်မာသော လူငယ်လေးက မှိုင်းပျသော မျက်လုံးများနှင့် သူ့က်ို တိတ်ဆိတ်စွာ ကြည့်နေသည်။




သူက လက်ဆန့်ထုတ်ပြီး ပန်းကန်လုံးကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ပန်းကန်လုံးထဲမှ ဟင်းရည်များကို အိမ်တော်ထိန်းပေါ်သို့ လောင်းချလိုက်၏။


“ဒီလောက် ပူနေတာ… မင်း ငါ့ကို အပူလောင်ပြီး သေစေချင်တာလား…”




အမျိုးသမီးဇာ့ဂ်က ချက်ချင်း ဒူးထောက်လိုက်ပြီး တောင်းပန်သည်။


“ တောင်းပန်ပါတယ် ကျွန်တော့်ကို အပြစ်ပေးပါ သခင်လေး…”




[ T/N - အမျိုးသမီးဇာ့ဂ်တွေကလည်း ယောကျာ်းတွေပါပဲ၊ သူတို့က အမျိုးသားဇာ့ဂ်တွေနဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံအားလုံး တူပေမယ့် ကလေးမွေးလို့ရပါတယ်(ဥပမာပြောရရင် ကောလိုပုံစံမျိုးပေါ့နော်)၊  ဒီ Zergကမ္ဘာတစ်ခုလုံးမှာက ယောက်ျားတွေပဲရှိတာပါ၊ ရာထူး၊ အဆင့်အတန်း၊ စွမ်းအားအလိုက် အခေါ်အဝေါ်တွေ ကွာသွားတာမျိုးပေါ့နော်၊  အမျိုးသမီးဇာ့ဂ်ဆိုပြီး ရေးပေမယ့် စကားပြောတဲ့ အသုံးအနှုန်းနဲ့ သုံးတဲ့ နာမ်စားတွေက 'သူ' ၊ 'ကျွန်တော် ဒါမျိုးတွေပဲ ဖြစ်နေမှာမို့ နည်းနည်းလေးကြို ရှင်းပြထားတာပါ၊ နောက်ပိုင်းကျ detail ပြန်ရှင်းပြပေးပါမယ်နော် ]




စွပ်ပြုတ်က အလွန်မပူပေ။ သောက်သုံး၍ရသည့် အပူချိန်သာ ဖြစ်သောကြောင့် အိမ်တော်ထိန်းကို အပူလောင် မသွားနိုင်ပေ။




စေးကပ်သော ဟင်းရည်များက အိမ်တော်ထိန်း၏ မျက်နှာမှတစ်ဆင့် အင်္ကျီပေါ်သို့ စီးကျနေကာ ယခင်က သန့်ရှင်းသပ်ရပ်သော ဝတ်စုံကို စွန်းထင်းသွားစေသည်။ တစ်ချက်ကြည့်ရုံနှင့် မည်မျှပင် အဆင်မပြေ ဖြစ်နေမည်ကို သိနိုင်သည်။




လုမော့က စိတ်မသက်မသာဖြင့် အကြည့်လွှဲလိုက်သည်။ သူ၏အပြုအမူက အလွန်ယုတ်မာလွန်းသည်ဟု ခံစားလိုက်ရပြီး သူ့ကိုယ်သူ မကျေမနပ် ဖြစ်သွားမိသည်။




တစ်ဖက်တွင်မူ သူက စိတ်ထဲမှ မျှော်လင့်တကြီး မေးလိုက်မိသည်။


”ဘယ်လိုလဲ… အသုံးဝင်ရဲ့လား…”




အမှိုက်ကောင်ဖြစ်ရန် စည်းကမ်းချက်တစ် : အကြောင်းမရှိ အမှားရှာ… မကောင်းတဲ့အချက်တွေပဲ ရှာပစ်…




စနစ်ဘက်မှ တုံ့ပြန်မှု မရှိပေ။




အမျိုးသမီးဇာ့ဂ်ကလည်း တစ်ချက်မှ မတုံ့ပြန်ပေ။




ကိစ္စမရှိဘူး… အရေးမကြီးဘူး… ငါ့မှာ လျှို့ဝှက်ကတ်တွေ ရှိသေးတယ်…




လုမော့က နှုတ်ခမ်းကိုက်ပြီး အမျိုးသမီးဇာ့ဂ်ကို ခေါင်းစောင်းကြည့်ကာ ပြုံးပြပြီး ပြောသည်။


“ငါ့ရဲ့ အိမ်တော်ထိန်းလေး… မင်း ငါ့ကို ပျော်ရွှင်စေချင်တယ်ဆို မင်း…”




သူက လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပါးပြင်က်ို ချစ်စနိုးထိပြီး ပြောလိုက်သည်။


“မင်းရဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးရင်ရော…”




သူ့ပါးစပ်မှ ထွက်သွားမိသော ထိုစကားများကြောင့် သူကိုယ်တိုင်ပင် မျက်နှာမဲ့ချင်သွားသည်။




ထိုအိမ်တော်ထိန်းက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဖခင်လက်ထက်တည်းက အလုပ်အကျွေးပြုလာခြင်း ဖြစ်ပြီး သူ့အတွက် လေးလေးစားစား ဆက်ဆံရမည့် အကြီးအကဲတစ်ယောက် ဖြစ်သည်။




အမှိုက်ကောင်ဖြစ်ရန် စည်းကမ်းချက် နှစ်:  အလုပ်ခွင်အတွင်း ထိပါးနှောင့်ယှက်မှု… နှာဘူးသူဌေး…




အမှိုက်ကောင်ဖြစ်ရန် စည်းကမ်းချက် သုံး : မင်းအပေါ်ကောင်းတဲ့ အကြီးအကဲနဲ့ လုပ်… လူသားမဆန်နဲ့…




ထိုစည်းကမ်းချက်နှစ်ချက် ပေါင်းစပ်သွားပြီးနောက် နျူကလီးယားစွမ်းအားနှင့်ပင် ယှဉ်၍ရသွားသည်။


စနစ်ပင် မယုံကြည်နိုင် ဖြစ်သွား၏။




[လုမော့ မင်းရဲ့ တိုးတက်မှုက မယုံနိုင်စရာပဲ…]




လုမော့က အံကြိတ်လိုက်ပြီး စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကာ အိမ်တော်ထိန်း၏ စိတ်စွမ်းအင်ပင်လယ်ထဲသို့ တိုးဝင်လိုက်သည်။




ဤကမ္ဘာတွင် သုံးနှစ်နီးပါး ဖြတ်သန်းလာပြီးနောက် သူက ဤကမ္ဘာနှင့် ပတ်သက်သည့် အသိပညာများကို နားလည်တတ်ကျွမ်းလာသည်။ ဥပမာအားဖြင့် သူ အစောက လုပ်ခဲ့သည့် ကိစ္စက ဖူးစာပါသည့် လက်တွဲဖော်နှင့်သာ လုပ်သင့်သောကိစ္စ ဖြစ်သည်။  ထိုအပြုအမူမှာ ယခင်ကမ္ဘာက အနမ်းနှင့် သဘောတရားချင်း ဆင်တူ၏။




သူက သူ့ကိုယ်သူ စက်ဆုပ်ရွံ့ရှာလာသော စိတ်ကို ချိုးနှိမ်လိုက်ပြီး အိမ်တော်ထိန်းကို ပြုံးပြကာ ပြောသည်။


“မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ…”




၎င်းအိမ်တော်ထိန်းက အလွန်ထိတ်လန့်သွား၏။




သူက အမျိုးသားဇာ့ဂ်၏ လျင်မြန်စွာ ဖြူဖျော့သွားသော မျက်နှာကို ကြည့်လိုက်ပြီး နှလုံးသားထဲ လှုပ်ခတ်သွားသည်။




ဒါ စိတ်စွမ်းအင်လမ်းပြမှုပဲ…




ဇာဂ့်အားလုံးက စိတ်စွမ်းအင်ကိုယ်စီနှင့် မွေးလာကြသည်။ အမျိုးသမီးဇာ့ဂ်များ၏ စိတ်စွမ်းအင်က ပို၍ နက်နဲသော်လည်း ၎င်းတို့ကို အသုံးပြုနိုင်ခြင်း မရှိပေ။


အချိန်ကြာလာသည်နှင့်အမျှ ထိုစိတ်စွမ်းအင်များကို ထိန်းချုပ်၍ မရတော့ဘဲ ခြေရာခံ၍ မရတော့ပေ။ ထိုအရာက အမျိုးသမီးဇာ့ဂ်များ၏ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိ၏။




ထိုအကြောင်းအရင်းကြောင့် လက်တွဲဖော် မရှိသော အမျိုးသမီးဇာ့ဂ်များက အကြမ်းဖျင်းအားဖြင့် သက်တမ်းတစ်ရာသာ နေကြရ၏။




စိတ်စွမ်းအင်များကို အသုံးပြုနိုင်သော အမျိုးသားဇာ့ဂ်များသည်သာ အမျိုးသမီးဇာ့ဂ်များအတွက် ခြေရာခံပေးနိုင်ပြီး သက်တမ်းကို ရှည်စေရုံသာမက စိတ်စွမ်းအင်ပင်လယ်ကို လမ်းပြပေးနိုင်ပြီး အမျိုးသမီးဇာ့ဂ်များ၏ ရန်လိုသောစိတ်ကို တားဆီးပေးနိုင်သည်။ ထိုမှသာလျှင် အမျိုးသမီးဇာ့ဂ်များက ရှားပါးသော စိတ်စွမ်းအင် တည်ငြိမ်မှုကို ခံစားနိုင်မည်ဖြစ်၏။




ထိုသို့ စိတ်စွမ်းအင်လမ်းပြမှုက အားနည်းနူးညံ့သော အမျိုးသားများအတွက် ဖိအားတစ်မျိုး ဖြစ်သည်။ သူတို့က အမျိုးသမီးဇာ့ဂ်များ၏ စိတ်စွမ်းအင်ပင်လယ်ကို လမ်းပြပေးရသည့် အချ်ိန်တိုင်း အလွန် မောပန်းနွမ်းနယ်ကာ ကိုမာဘဝသို့ပင် ရောက်နိုင်သည်။




ထို့ကြောင့် မျက်နှာသာပေးခံရသော အမျိုးသမီးဇာ့ဂ်အချို့သာ စိတ်စွမ်းအင်ပင်လယ်တွင် အမျိုးသားဇာဂ့်များ၏ လမ်းပြပေးခြင်းကို ခံရသည်။ အခြားအမျိုးသမီးဇာ့ဂ်များမှာမူ မည်မျှလောက်ပင် ချမ်းသာပါစေ သူတို့၏ စွမ်းအားပင်လယ်ကို လမ်းပြပေးရန် မျိုးရိုးနိမ့် အမျိုးသားဇာ့ဂ်များကိုသာ ရရှိနိုင်၏။




သခင်လေးက အမြဲတမ်း အဲ့လိုပဲ… အပြောသာ ဆိုးတာ သူ့နှလုံးသားက တခြားအမျိုးသားဇာ့ဂ်တွေထက် နူးညံ့တယ်…




သူက လက်ဆန့်ထုတ်ပြီး လုမော့ကို တားလိုက်သည်။


“သခင်လေး အဲ့လိုလုပ်လို့ မရပါဘူး…မလုပ်သင့်ပါဘူး…”




[တင်…အငြင်းခံရလို့ အမှိုက်ဆန်မှုပွိုင့် ၁၀မှတ် တိုးပါတယ်…]




လုမော့က ဝမ်းသာလွန်ပြီး ငိုပါငိုချင်သွား၏။


အိမ်တော်ထိန်း ခံနိုင်ရည်ရှိတာကိုမြင်ပြီး လုမော့ ဘယ်လိုလုပ် ရပ်တန့်နိုင်မှာလဲ… အားစိုက်ထုတ်မှ ရမယ်…




လုမော့၏ စိတ်စွမ်းအင်များက သူ၏ ဖရိုဖရဲ စိတ်စွမ်းပင် ပင်လယ်ထဲတွင် အရိုင်းဆန်စွာ ကူးခတ်နေ၏။ ပြောရမည်ဆိုပါက သူက ထိုအရာကို အလွန်ပင် မုန်းတီးပုံရသည်။ သူ၏ စိတ်စွမ်းအင်ပင်လယ်က ဟာရီကိန်းနှင့်တူနေပြီး လုမော့၏ စိတ်စွမ်းအင်ကို ငြင်းဆန်တိုက်ခိုက်နေ၍ လုမော့ လမ်းရှာမရ ဖြစ်နေသည်။




သို့သော်လည်း ရလာမည့် ပွိုင့်များကြောင့် ထိုလူငယ်က လက်လျှော့မည် မဟုတ်ပေ။




ဟာရီကိန်းဧရိယာကို ဝင်ရောက်ရသည့် အချိန်တွင် သူက သတ္တိရှိရှိ ထိုးဖောက်နေပြီး ရေဝဲဂယက်များနှင့် ကြုံဆုံရသော အချိန်တွင်လည်း သတ္တိရှိစွာ ကျော်ဖြတ်နေ၏။ ကြီးမားသော ရေလှိုင်းများကပင် သူ့၏ မိုက်ရူးရဲဆန်မှုကို မရပ်တန့်နိုင်ပေ။




အချိန်ကာလတစ်ခု ကြာပြီးနောက် စိတ်စွမ်းအင်ပင်လယ်က တည်ငြိမ်သော အနေအထားသို့ ပြန်ရောက်သွားလေသည်။




လုမော့က နောက်သို့လန်ပြီး မြေပြင်ပေါ်သို့ ထိုင်ကျသွားသည်။ သူ့၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများ စိုရွှဲကာ အလွန်အမင်း မောဟိုက်နေ၏။




လူတွေနဲ့ ပရောပရည်လုပ်ရတာ တကယ် ပင်ပန်းတဲ့ အလုပ်ပဲ...




ထိုအိမ်တော်ထိန်းက လုမော့ကို နားမလည်နိုင်သောအမူအရာနှင့် ကြည့်ပြီး ခပ်တိုးတိုး ပြောသည်။


“ကျေးဇူးပြုပြီး နောက်ဆို အခုလို ထပ်မလုပ်ပါနဲ့…”




လုမော့က မေးစေ့ကို ပင့်လိုက်ပြီး အေးစက်စက်အသံနှင့် မောက်မောက်မာမာ ပြောသည်။


“မင်း ဂရုစိုက်သင့်တာ အရာမဟုတ်တာတွေကို လိုက်ဂရုမစိုက်နဲ့… ငါ ပင်ပန်းနေပြီ မင်း ဘာလို့ မထွက်သွားသေးတာလဲ…”




“ဟုတ်ကဲ့ပါ…”




လုမော့ : …




နောက်ဆုတ်သွားသော အိမ်တော်ထိန်း၏ ပုံရိပ်ကို ကြည့်ပြီး လုမော့၏ နှလုံးသား နာကျင်နေသည်။




မဟုတ်ဘူး… ငါက လူယုတ်မာမို့ မင်းငါ့ကို ဆူဆဲသင့်တာ… ငါ့ကို ရိုက်သင့်တာ…




ငါ့ကို အားနည်းတဲ့ လူငယ်လေးဆိုပြီး မသနားနဲ့… ငါ့ကို ဆိုးရွားတဲ့ မြေရှင်မကောင်းဆိုးဝါးလို့ သဘောထားပြီး လမ်းမီးတိုင်မှာ ချိတ်ဆွဲထားသင့်တာ…




ငါက ပညာကောင်းကောင်း မသင်ခဲ့ရတဲ့ လူတစ်ယောက်ပဲ…




လုမော့က မြေပြင်ပေါ် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ ပစ်ချခဲ့မိသော ပေါင်မုန့်ကို ကောက်ယူလိုက်ကာ တစ်ဝက်ကိုက်လိုက်၏။ ကြွပ်ရွသော အပေါ်ယံအသားနှင့် နူးညံ့သော ပေါင်မုန့်အသားက သူ့မျက်လုံးများကို မှိတ်သွားစေသည်။




အရမ်း အရသာရှိတာပဲ…




ထိုအချိန်တွင် ငြိမ်သက်နေသော စနစ်ထံမှ ရုတ်တရက် သတ်ိပေးချက် ထွက်လာသည်။




[ဂရုစိုက်ပါ… အရှေ့မှာ အင်အားကြီးတစ်ခုကို ခံစားမိတယ်…]




[ဇာတ်လမ်းထဲက အဓိက ဇာတ်ဆောင်တစ်ယောက် ပေါ်ထွက်လာပါလိမ့်မယ်…]




[မင်းရဲ့ မျက်နှာကို ပြန်သပ်ရပ်အောင်လုပ်ပြီး အမှိုက်ဆန်မှု level အမြင့်ဆုံးနဲ့ သူကို ရင်ဆိုင်ပါ…]




လုမောထံမှ အာမေဋိတ်အသံ ထွက်သွား၏။


သုံးနှစ်တောင် ရှိပြီကို မင်းက အခုမှ လာပြီး ဇာတ်ညွှန်းရှိကြောင်း ပြောရလား… ငါ ဒီအရာအတွက် အဆင်သင့် မဖြစ်သေးဘူးဟ…




သူ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ တောက်ပနေသော ကောင်းကင်အောက်တွင် ဥက္ကာပျံတစ်ခု ဖြတ်သန်းသွားပြီး အနှိုင်းမဲ့ အရှိန်နှုန်းနှင့် လုမော့အရှေ့သို့ ရောက်ရှိလာ၏။




ဘုန်း…




ပေါက်ကွဲသံနှင့်အတူ ထိုဥက္ကာပျံက လုမော့အရှေ့တွင် ကွဲထွက်သွားသည်။ လေအရှိန်နှုန်းက လုမော့ကို အနောက်သို့ ဆောင့်တွန်းလိုက်ပြီး နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားစေ၏။




အမျိုးသားဇာ့ဂ်၏ ခန္ဓာကိုယ်တွင် ပါသော အကာအကွယ် စက်ပစ္စည်းက ဤအချိန်တွင် အသုံးဝင်သွားသည်။


လေအိတ်တစ်ခု ထွက်လာကာ လုမော့တစ်ကိုယ်လုံးကို ကာကွယ်ပေးထား၏။




သို့သော်လည်း လုမော့က အနည်းငယ် မူးဝေနေဆဲပင် ဖြစ်သည်။ အမျိုးသားဇာ့ဂ်များ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကမ္ဘာမြေပြင်ပေါ်မှ ယောကျာ်းသားများနှင့် ကွဲပြားခြားနားမှု မရှိပေ။ 




နင့်မေလင်ပဲ…




သူက လေအိတ်ထဲမှ ကြိုးစားပမ်းစား ခေါင်းထိုးထွက်လိုက်ရာ တောက်ပသော အနီရောင် မျက်ဝန်းတစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။




သွေးများ စိုရွှဲနေသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက်က တွင်းနက်ထဲမှ ထရပ်လာသည်။ သူက ပိန်သွယ်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့၏ ခန့်ညားသော မျက်နှာတွင် ရန်လိုမှုအပြည့် ဖြစ်နေ၏။




သူက လုမော့ကို အေးစက်စက်ကြည့်ပြီး ငွေနှင်းရောင် ဓားသွားကို လုမော့၏ လည်ပင်းထက်သို့ တင်လိုက်သည်။




အမျိုးသားဇာ့ဂ်လား…




ထိုအမျိုးသား၏ အမူအရာက မည်းမှောင်သွားပြီး ပြောသည်။


“ထွက်သွား…”




[တင်…]




[ပါဝါနဲ့ အနိုင်ကျင့်လိုက်တာမို့ အမှိုက်ဆန်မှု ပွိုင့် ၁၀၀ ထပ်တိုး…]




[အသက်နဲ့ ခြိမ်းခြောက်ခံရတာမို့ အမှိုက်ဆန်မှု ပွိုင့် ၁၀၀၀ ထပ်တိုး…]




[အမှိုက်ဆန်မှုlevel နောက်တစ်ဆင့်ကို ရောက်ရှိ… ပင်မဆုကြေးပတ်ကေ့ချ် ရရှိ… အိတ်ထဲမှာ ဆုကြေးကို ပြန်စစ်ကြည့်နိုင်ပါတယ်…]




လုမော့ : …




လုမော့ : ဟမ်…




သွေးများစိုရွှဲနေသော ထိုအမျိုးသားက ဤအခိုက်အတန့်တွင် သူ့မျက်လုံးထဲ၌ ရွှေတွင်းကြီးတစ်ခုသဖွယ် ဖြစ်နေ၏။ သူ့ကို အော်ဟစ်ငိုကြွေးရန် စွမ်းဆောင်နိုင်သည်။ 




မင်းက ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သားလေးများလား…




ထို့နောက် ထိုရွှေတွင်းကြီးက မျက်စိမှိတ်ပြီး မေ့လဲသွား၏။




လုမော့ အလျင်အမြန် လက်ဆန့်ထုတ်ပြီး ထိုရွှေတွင်းကို လှမ်းထိန်းလိုက်သည်။




သူ့မျက်နှာက လုမော့၏လည်ပင်းနား ကပ်နေပြီး နူးညံ့ကာ ပူကျစ်နေ၏။




လုမော့လည်း ကြောင်အသွားသည်။ သူ သွေးနံ့နှင့် သံချေးနံ့စူးစူးကို ရလိုက်သည်။ သူက အစက ထိုသံချေးနံ့ကို သွေးရွှဲနေသော အမျိုးသားထံမှ လာခြင်းဖြစ်သည်ဟု ထင်ထားသော်လည်း နီးကပ်သွားမှသာ ထိုအနံ့က ဤအမျိုးသား၏ ဟော်မုန်းရနံ့ ဖြစ်မည်ကို နားလည်သွားသည်။




ငါ ရွှေတွင်းကြီးကို ပိုက်မိထားတာပဲ…




သူက တီးတိုးရွေရွတ်လိုက်သည်။


“ကျေးဇူးပြုပြီး မသေပါနဲ့ဦး… ငါ့ရဲ့ ရမှတ်က မင်းအပေါ် မူတည်နေလို့ပါ…”






🌌🌌🌌






စကားမစပ် ဒါလေးက MC Gongနော်၊ ရှားပါးလေး🤭