အပိုင်း ၂
Viewers 1k

🌌 Chapter 2






လုမော့ရင်ခွင်ထဲ ပြိုလဲကျလာသော အရာက အရွယ်ရောက်ပြီးသော အမျိုးသမီးဇာ့ဂ်ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်၏။




ထိုအမျိုးသမီးဇာ့ဂ်က အရပ်ရှည်ပြီး ရုပ်ရည်ချောမောကာ တည်ကြည်သည်။ လုမော့၏ သုံးနှစ်တာ အတွေ့အကြုံအရ ဇာ့ဂ်များက ထူးခြားသော ပုံသဏ္ဍာန်မျိုးစုံ ရှိကြသော်လည်း ယခုကဲ့သို့ ငွေမျှင်ရောင်ဆံကေသာနှင့် မျက်ဝန်းနီနီများကို ပိုင်ဆိုင်ထားသော ဇာ့ဂ်ကိုမူ ပတ်ဝန်းကျင်တွင် ယခင်က မမြင်တွေ့ခဲ့ဖူးပေ။




အင်ပါယာ၏ မျိုးရိုးမှတ်တမ်းစာအုပ်ထဲတွင်ပင် ဤကဲ့သို့သော အလားတူအသွင်အပြင်နှင့်ဇာ့ဂ် မရှိခဲ့ပေ။




ထိုသို့သာ မဟုတ်ပါက သူ၏ ကျက်သရေရှိပြီး တော်ဝင်ဆန်သော အသွင်အပြင်ကြောင့် မျိုးရိုးမြင့် တော်ဝင်ဇာ့ဂ်တစ်ယောက်ဟု လုမော့ ထင်မှတ်မိပေလိမ့်မည်။




အမျိုးသားဇာ့ဂ်များ၏ အရပ်က အလွန်မမြင့်ပေ။ ထို့အပြင် လုမော့က ဆင့်ကဲပြောင်းလဲခြင်း မဖြစ်သေးသော အမျိုးသားငယ်လေးသာ ဖြစ်သောကြောင့် သူ့လက်များက မရှည်လျားဘဲ အမျိုးသမီးဇာ့ဂ်ကို ခက်ခက်ခဲခဲ ထိန်းဖက်ထားရသည်။  




သူ့ပုံစံက အမျိုးသမီးဇာ့ဂ်ကို ပွေ့ဖက်ပေးထားသည်ဟု ပြောမည့်အစား အမျိုးသမီးဇာ့ဂ်၏ ရင်ခွင်ထဲတွင် လှဲနေသကဲ့သို့ ဖြစ်နေ၏။




ရုတ်တရက်ဆန်သော ငြိမ်းချမ်းမှုက လုမော့၏ စိတ်အလွှာကို ဝန်းရံထားသည်။ တစ်ဖက်လူ၏ အရေပြားနှင့် ထိတွေ့နေသော  သူ၏အစိတ်အပိုင်းများက ခံစားချက်ကောင်းမွန်နေပြီး သံလိုက်ဓာတ်ဆွဲငင်ထားသကဲ့သို့ မခွာနိုင်ဖြစ်နေသည်။




လုမော့က ခေါင်းငုံ့လိုက်ပြီး နှာခေါင်းထိပ်နှင့် တစ်ဖက်လူ၏ ဂုတ်ပိုးကို ထိတွေ့နေသည်။




ပေါက်ကွဲသံကို ကြားလိုက်ရသော အိမ်တော်ထိန်းက အပေါ်ထပ်သို့ ပြေးတက်လာပြီး ထိုမြင်ကွင်းကို မြင်သွားသည်။




မေ့လဲနေသော အရပ်ရှည်ရှည် ငွေရောင်ဆံကေသာနှင့် အမျိုးသမီးဇာ့ဂ်က ဒဏ်ရာများနှင့် မေ့လဲနေပြီး အိမ်တော် စရောက်တည်းက အေးစက်၍ ဖော်ရွေမှု မရှိသော သခင်လေးက ထိုလူ့ပေါ်တွင် ခိုအားလားတစ်ကောင်အလား တွယ်ကပ်နေ၏။




အိမ်တော်ထိန်းလည်း တိတ်ဆိတ်သွားသည်။




သခင်လေးလုက သခင်ကြီး၏သား မဟုတ်ပေ။ သခင်ကြီး သခင်လေးလုကို စတွေ့သော အချိန်တွင် သခင်လေးက ဥအနေနှင့်သာ ရှိသေးကာ စစ်မြေပြင်၏ ကတုတ်ကျင်းထဲတွင် တစ်ယောက်တည်း သေလုနီးပါး ဖြစ်နေခဲ့သည်။




သခင်လေး စစ်မြေပြင်ထဲတွင် မည်မျှကြာကြာ တည်ရှိခဲ့သည်ကို မည်သူမျှ မသိပေ။ သူ့၏ အဖြူရောင် ဥအခွံပေါ်တွင် သွေးများသဲများပေကျံကာ တန်ဖိုးမဲ့ ပစ္စည်းတစ်ခုကဲ့သို့ ဖြစ်နေ၏။




အမျိုးသားဇာ့ဂ်များက ဥထဲတွင် ရှိနေချိန်တွင် သက်သောင့်သက်သာဖြစ်ရန် လိုအပ်သည်။ လုံလုံလောက်လောက် သက်သောင့်သက်သာ မရှိပါက သခင်လေးကဲ့သို့ ထိလွယ်ရှလွယ် နုနယ်သော စိတ်ထားဖြစ်လာပြီး အချင်းချင်း အသားအရည်ထိတွေ့ရန် အလွန်အကျူး ဆန္ဒရှိလာပေလိမ့်မည်။




ထိုအခြေအနေနှင့် မွေးဖွားလာသော ဇာ့ဂ်များက တခြားဇာ့ဂ်များ၏ ထိတွေ့နမ်းရှုံ့ခြင်းကို အလွန်အမင်း စွဲလန်းတပ်မက်သည်။




သို့သော်လည်း သခင်လေးက သူ့မာနနှင့်သူဖြစ်၍ အားနည်းချက်ကို ထုတ်ဖော်ပြလေ့ မရှိပေ။ ၎င်းအစား သူက ခပ်မာမာမျက်နှာနှင့် အခြားဇာ့ဂ်များကို ကို့ရိုးကားယားချဉ်းကပ်ကာ သူလိုအပ်သော နှစ်သိမ့်မှုကို ရယူလေ့ရှိသည်။




အိမ်တော်ထိန်းက သက်ပြင်းချလိုက်ပြီး လုမော့ကို ကရုဏာသက်စွာ ကြည့်နေ၏။




….




[ကရုဏာသက်တဲ့ အကြည့်နဲ့ ကြည့်ခံရတာမို့ အမှိုက်ဆန်မှုပွိုင့် ၁၀မှတ် အနှုတ်ခံရ…]




လုမော့ : ….




သူက စိတ်ထဲတွင် ငိုချင်သွားကာ ချက်ချင်း ခေါင်းမော့လိုက်ပြီး အိမ်တော်ထိန်းကို ဒေါသတကြီးနှင့် ကြည့်ပြီးအော်လိုက်သည်။


“ထွက်သွားစမ်း…”




ငါ့အတွက် လွယ်ကူနေတယ်များ ထင်နေလား…




အိမ်တော်ထိန်းက ထိုင်ချလိုက်ပြီး လုမော့၏ ခေါင်းကို ထိကာ မေးသည်။


“သခင်လေး… သူ့ကို လိုချင်လို့လား…”




အိမ်တော်ထိန်းက ထိုအမျိုးသမီးဇာ့ဂ်ကို တစ်ချက်ကြည့်ရုံနှင့် သူ့မျိုးနွယ်ကို သိလိုက်သည်။




ငွေရောင်ဆံကေသာက ကလိန်းဇာ့ဂ်မျိုးနွယ်၏ ထင်ရှားသော အမှတ်အသား ဖြစ်သည်။ ဇာ့ဂ်ပြည်ထောင်စုတစ်ခုလုံးတွင် ငွေရောင်ဆံကေသာ ပိုင်ဆိုင်ထားသည့် မျိုးနွယ်စုတစ်စုသာ ရှိသည်။ အသန့်စင်ဆုံးသွေးကို ပိုင်ဆိုင်ထားသည့် ကလိန်းဇာ့ဂ်တွင်သာ ကြက်သွေးနီတောက်တောက် မျက်ဆံရှိသည်။




သို့သော်လည်း ထိုကဲ့သို့ လှပသော အသွင်အပြင်က 


ကလိန်းဇာ့ဂ်မျိုးနွယ်ထံ ကံဆိုးမှု ယူဆောင်လာခဲ့သည်။




သူတို့၏ စိတ်စွမ်းအင်နှင့် သွေးသားက အခြား ဇာ့ဂ်မျိုးနွယ်များအတွက် အကောင်းမွန်ဆုံး အာဟာရဓာတ် ဖြစ်သည်။ ကလိန်းဇာ့ဂ်၏ စိတ်စွမ်းအင်ကို မှီဝဲခွင့်ရသော အမျိုးသားဇာ့ဂ်များက အောင်မြင်သော ကူးပြောင်းမှု ရရှိနိုင်ခြေများပြီး တခြားအသွင်အသစ်ကိုပါ ထပ်ရနိုင်ခြေ ရှိသည်။ ကလိန်းဇာ့ဂ်၏ စိတ်စွမ်းအင်ကို မှီဝဲခွင့်ရသော အမျိုးသမီးဇာ့ဂ်များကမူ ကိုယ်ဝန်လွယ်လွယ်ရနိုင်ပြီး မှော်အဆန်ဆုံးအရာက ထိုမှတစ်ဆင့် မွေးဖွားလာသော ကလေးများအားလုံး အမျိုးသားဇာ့ဂ်များ ဖြစ်ကြ၏။




ရှေးခေတ်မှ ယခုအထိ ကလိန်းဇာ့ဂ်များမှာ အခြားဇာ့ဂ်မျိုးနွယ်များ၏ မွေးမြူထားခြင်းကို ခံရပြီး အခန်းထဲတွင် သိုလှောင်ခံရကာ အခြားဇာ့ဂ်မျိုးနွယ်များအတွက် မျိုးဆက်ပွားပေးရသည်။




အိမ်တော်ထိန်းက ထိုငွေရောင်ဆံကေသာနှင့် အမျိုးသမီးဇာ့ဂ်ကို ငုံ့ကြည့်လိုက်သည်။




ထိုကလိန်းဇာ့ဂ် ယခုအထိ မည်သို့ ရှင်သန်လာသည်ကို သူ မသိပေ။




သို့သော်လည်း မည်သို့ပင် ဖြစ်ပါစေ ယခုတွင် သူက ဤနေရာသို့ ရောက်လာပြီး သခင်လေးကလည်း သူ့ကို စားသုံးချင်နေသည်။ သူ၏ ကံတရားပင် ဖြစ်မည်။




အိမ်တော်ထိန်းက ထပ်မေးလိုက်သည်။


“သခင်လေး… သူ့ကို စားချင်လို့လား…”




နေရောင်ခြည်က ခေါင်းမိုးအပေါက်မှတစ်ဆင့် ကျဆင်းကာ လုမော့၏ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။




လုမော့က အိမ်တော်ထိန်းကို စိုက်ကြည့်လိုက်သည်။




အမျိုးသမီးဇာ့ဂ်ကို စားရမယ်…




အမျိုးသမီးဇာ့ဂ်ကို စားရမယ်တဲ့လား…




ထိုခဏတွင် သူက အလင်းပွင့်သွားသည်။




ဒါကြောင့်ကိုး…




ဒါကြောင့် ငါ့ရဲ့ အမှိုက်ဆန်မှုပွိုင့်က တိုးလာဖို့ ခက်နေတာ… ငါက တကယ်အရေးကြီးတဲ့ အပိုင်းကို မေ့နေတာပဲ…




ဇာ့ဂ်ကမ္ဘာတွင် အမျိုးသမီးဇာ့ဂ်များက အမျိုးသားဇာ့ဂ်များ မည်သို့ပင် ပြုမူပါစေ အလွန်သည်းခံနိုင်ကြသည်။ ထိုအရာက အမျိုးသားဇာ့ဂ်များ ရထားသော အခွင့်အရေး တစ်ရပ်ပင် ဖြစ်၏။




သို့သော်လည်း အခွင့်အရေးဟု ဆိုရာတွင် ပြန်ပေးဆပ်ရမည့် အရာလည်း ရှိသည်။ အမျိုးသားဇာ့ဂ်များက မျိုးပွားရန်နှင့် ဇာ့ဂ်မျိုးနွယ်များ မတိမ်ကောရန် တာဝန်ယူပေးရသည်။




သူသာ ထိုတာဝန်ကို မထမ်းဆောင်ပါက မည်သို့ပင် ကောင်းမွန်ပါစေ ဇာ့ဂ်များ၏ မျက်လုံးထဲတွင် အမှိုက်ကောင်သာ ဖြစ်ပေလိမ့်မည်။




လုမော့၏ မျက်လုံးများ တောက်ပသွားပြီး အိမ်တော်ထိန်းကို တည်တည်ကြည်ကြည် ခေါင်းညိတ်ပြလိုက်သည်။


“ငါ နားလည်ပြီ…”




ဒီကမ္ဘာမှာ လူယုတ်မာတစ်ယောက်လို ပြုမူပြီး လူတွေကို မြူဆွယ်တာက ငါ့ရဲ့ အမှိုက်ဆန်မှုပွိုင့်ကို တိုးလာစေမှာ မဟုတ်ဘူး… ဇာ့ဂ်တွေက ချီးတောင်ချီးကျုးအုံးမှာ… သူရဲကောင်းတစ်ယောက်လိုမျိုး သဘောထားနေကြမှာ…




ငါသာ တကယ် အမှိုက်ကောင် ဖြစ်ချင်ရင် သစ္စာရှိတဲ့ အမျိုးသားဇာ့ဂ်တစ်ယောက်အနေနဲ့ နေထိုင်ရမယ်…




လုမော့က ရင်ခွင်ထဲမှ အမျိုးသမီးဇာ့ဂ်ကို ကြည့်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။


“မင်းကို ရွေးလိုက်ပြီ…”




သူက ထရပ်လိုက်ပြီး အိမ်တော်ထိန်းကို အခန်းပြင်သို့ တွန်းထုတ်လိုက်ကာ နောက်နောက်ပြောင်ပြောင် ပြောလိုက်သည်။


“နောက်မြင်ရမဲ့ မြင်ကွင်းက သွေးသံတရဲရဲမို့ တခြားသူတွေ မလိုဘူး… ဒါကြောင့် ထွက်သွားတော့…”




တံခါးက ဖြည်းညှင်းစွာ ပိတ်သွားကာ အိမ်တော်ထိန်းက ထိုငွေရောင်အမျိုးသမီးဇာ့ဂ်ကို ပဟေဠိမျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။




ကံကြမ္မာက အလွန်ထူးဆန်းသည်။ အမျိုးသားဇာ့ဂ်များက ခြယ်လှယ်စိုးမိုးရန် မွေးဖွားလာခဲ့ပြီး အမျိုးသမီးဇာ့ဂ်များက အရေးမပါသော အစားသုံးခံအဖြစ် မွေးဖွားလာခဲ့ရသည်။ အထူးသဖြင့် ကလိန်းဇာ့ဂ်များ၏ ကံကြမ္မာက ပို၍ ဆိုးရွားလှသည်။




သို့သော်လည်း သူက လုအိမ်တော်ကို သစ္စာစောင့်ထိန်းရမည် ဖြစ်သောကြောင့် လုသခင်လေး၏ စိတ်ဝင်စားမှုကို ဦးစားပေးရပေမည်။ သူ၏ နှလုံးသားထဲတွင် အမျိုးသမီးဇာ့ဂ်၏ အသက်က လုမော့၏ ဆင့်ကဲပြောင်းလဲခြင်းလောက် အရေးမကြီးပေ။




တံခါး အဆုံးထိမပိတ်သွားမီတွင် ထိုငွေရောင်ဆံကေသာနှင့် အမျိုးသမီးဇာ့ဂ်က တံခါးဘက်သို့ ဖြည်းဖြည်းချင်း ခေါင်းလှည့်လာ၏။ အေးစက်သော ကြက်သွေးနီရောင် မျက်ဝန်းများက အိမ်တော်ထိန်းကို စူးစူးစိုက်စိုက်ကြည့်နေလေသည်။




အိမ်တော်ထိန်းက တုန်လှုပ်သွား၏။




အဆင်ပြေလောက်မှာပါ…ဟုတ်တယ်မလား…




အမျိုးသမီး ကလိန်းဇာ့ဂ်များတွင် ခုခံနိုင်သည့် စွမ်းအား မရှိပေ။




အကယ်၍ အိမ်တော်ထိန်းသာ စိတ်မလောဘဲ သတိကြီးစွာထားခဲ့ပြီး မှတ်တမ်းဟောင်းကိုသာ စစ်ဆေးခဲ့မိပါက ယခုအခြေအနေက မည်မျှပင် အန္တရာယ်ကြီးမားနေသည်ကို သိနိုင်ပေမည်။




ကလိန်းဇာ့ဂ်များတွင် ခုခံနိုင်သည့် စွမ်းအင် မရှိသည်က မှန်သော်လည်း အမှားအချို့ရှိနေ၏။




ကလိန်းဇာ့ဂ်များကို သုံးဆောင်သည့်အချိန်တွင် ကိုယ်ဟန်အနေအထား ပိုပြီးကြော့မော့လေ သွေးထွက်သံယို ပိုဖြစ်လေ ဖြစ်သည်။




ကလိန်းဇာ့ဂ်များမှာ ဥထဲမှ စတင်ထွက်လာသည့် အချိန်ကစပြီး  ညှင်းပန်းနှိပ်စက်ခံရခဲ့သည်။ သူတို့က ဆေးများ  အရိုးများ ကျိုးအက်လာမည့်ဆေးများ ထိုးသွင်းထားခြင်း ခံထားရကာ အဆုံးသတ်တွင် အသားလုံးအနေသို့ ပြောင်းလဲသွားပြီး သေမည့်အချိန်ကိုသာ စောင့်နေရသည်။




ဆင့်ကဲပြောင်းလဲခြင်း မဖြစ်ရသေးသော ကလိန်းဇာ့ဂ်များ၏ သွေးသားများက အကျိုးအာနိသင် အကန့်အသတ် ရှိသော်လည်း သူတို့ ဆင့်ကဲပြောင်းလဲသည်အထိ မည်သူမှ မစောင့်ဆိုင်းချင်ကြပေ။




သန့်စင်သော သွေးသားကို ပိုင်ဆိုင်ထားပြီး အရွယ်ရောက်ပြီးသော ကလိန်းဇာ့ဂ်များကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။




အခန်းထဲမှ အမျိုးသမီးဇာ့ဂ်က ထိုအချက်များနှင့် ပြည့်စုံနေလေသည်။  သူက အရွယ်ရောက်ပြီးသော အလွန်အန္တရာယ်ကြီးမားသည့် ကလိန်းမျိုးနွယ်စစ်စစ် ဇာ့ဂ် ဖြစ်သည်။




လင်းက ထိုသို့သော နုနယ်သည့် အမျိုးသားဇာ့ဂ်မျိုးကို မမြင်ဖူးခဲ့ပေ။




တိုင်းပြည်၏ မြို့တော်တွင် အဆင့်D ထက်နိမ့်သော အမျိုးသားဇာ့ဂ်များ မမွေးဖွားခဲ့သည်က ဆယ်နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။ အဆင့်A အမျိုးသားများကို နေရာတိုင်းလိုလိုတွင် တွေ့နိုင်သည်။




ဇာ့ဂ်များက ရာဇဝင်တွင် ရှိခဲ့ဖူးသော Sအဆင့် အမျိုးသားဇာ့ဂ် ထပ်မံပေါ်ပေါက်လာရန် မျှော်လင့်နေကြသည်။  ထိုအရာက ဘုရားသခင်မှ ဇာ့ဂ်မျိုးနွယ်ကို ချီးမြှောက်သည့် လက္ခဏာဟု ယုံကြည်ကြ၏။




ဘုရားသခင်မှ ချီးမြှောက်ခြင်း အရာဆိုသည်က ကလိန်းဇာ့ဂ်များကို စားသုံးပြီး မျိုးရိုးမြင့် အမျိုးသားဇာ့ဂ်များ မွေးဖွားခြင်းပင် ဖြစ်သည်။




အရွယ်ရောက်လာသည်နှင့်အမျှ လင်းက သူ့၏ ထင်ရှားသော ငွေရောင်ဆံကေသာနှင့် မျက်ဝန်းနီနီများကို မဖုံးကွယ်ထားတော့ပေ။ သူ မည်သည့်နေရာကို သွားသွား လောဘကြီးသော အကြည့်များနှင့် အကြည့်ခံခဲ့ရသည်။ သူတို့က သူ့ကို မြင်သည်နှင့် စားသုံးရန် ပုံဖော်နေခဲ့ကြသည်။




သူ၏ စွမ်းအင်များ ပြန်ရနေပြီ ဖြစ်သောကြောင့် အလစ်ချောင်းနေသော ပင့်ကူတစ်ကောင်နှင့် တူနေသည်။ သူက ဘေးပတ်လည်တွင် ပင့်ကူမျှင်များကို ဖြန့်ကျက်ထားကာ သူ့ထောင်ချောက်ထဲ ဝင်ရောက်လာမည့် သားကောင်များကို စောင့်ဆိုင်းနေ၏။




ဆင့်ကဲပြောင်းလဲခြင်း မဖြစ်သေးသော အမျိုးသားဇာ့ဂ်က သူ့ကို ပခုံးမှတစ်ဆင့် သိုင်းဖက်ကာ အိပ်ရာပေါ်သို့ မနည်းရွှေ့ပေးနေသည်။




လင်းက ဆက်ဖြစ်လာမည့် အကြောင်းအရာကို ရင်းနှီးကျွမ်းဝင်နေ၏။




အမျိုးသားဇာ့ဂ်များက သူတို့၏ စိတ်စွမ်းအင်ကြိုးကို စေလွှတ်ကာ သူ၏ စိတ်စွမ်းအင်ပင်လယ်ထဲ ထိုးဖောက်ဝင်ရောက်စေလိမ့်မည်။ ထို့နောက် သူတို့၏စွမ်းအား ကြီးမားလာရန် သူ၏ စိတ်စွမ်းအင်ကို ဆွဲစုပ်ပေလိမ့်မည်။




ထိုလောဘကြီးပြီး မောက်မာသော ဇာ့ဂ်များက သူတို့စုပ်ယူလိုက်သော စိတ်စွမ်းအင်က ချိုမြနေသော်လည်း ထိုထဲတွင် ပြင်းထန်သော အဆိပ်ပါနေမည်ကို မခံစားမိကြပေ။




သူတို့ ရှာတွေ့သော အချိန်တွင် နောက်ကျသွားပြီ ဖြစ်၏။




ထိုအဆိပ်များက ခန္ဓာကိုယ်ထဲရှိ နာ့ဗ်ကြောများကို ဖျက်ဆီးပစ်ကာ မသန်စွမ်းဘဝသို့ ရောက်ရှိသွားပေမည်။ ခုခံနိုင်ခြင်း မရှိသော အမျိုးသမီးကလိန်းဇာ့ဂ်က ရှည်လျားသော ဓားမြှောင်ကိုကိုင်ပြီး သူတို့ကို သေရွာသို့ ပို့ပေးမည်ကို သူတို့ မတွန်းလှန်နိုင်ဘဲ ကြည့်နေရမည် ဖြစ်သည်။




“ငါ တကယ် ဒါကို လုပ်ချင်တာလား…”


ကလေးဆန်သော အမျိုးသားဇာ့ဂ်၏ အသံ ထွက်လာပြီး တစ်စုံတစ်ယောက်နှင့် စကားပြောနေပုံရသည်။




လင်းက စိတ်ထဲမှ လှမ်းရှုံ့ချလိုက်သည်။


ဘာလို့ ဟန်ဆောင်နေသေးတာလဲ…




“မဟုတ်ဘူး… ငါ မကြောက်ဘူး… ငါ ဘယ်တော့မှ မကြောက်ဘူး… ငါက ဒီအတိုင်း အရွယ်မရောက်သေးဘူးမို့…”


ထိုအမျိုးသားဇာ့ဂ်က လေးလေးနက်နက် ပြောနေ၏။


“အရွယ်မရောက်သေးဘူးဆိုတဲ့ အချက်က ငါ လုပ်မဲ့အရာကို အတားအဆီး ဖြစ်မှာဆိုးလို့… အကြောင်းပြချက် ပေးနေတာ မဟုတ်ဘူး…”




သူက စကားပြောရင်းနှင့် တစ်ဖက်တွင်လည်း လင်း၏မျက်နှာပေါ်မှ ဆံပင်ကို အေးစက်သော လက်ချောင်းများနှင့် ဖယ်ပေးလိုက်ကာ အင်္ကျီလက်ပတ်ကို ဆွဲဖြုတ်ပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ပေးနေသည်။




လင်းက အလွန် ခံနိုင်ရည်ရှိသော်လည်း ထိုအပြုအမူက သက်သောင့်သက်သာ ဖြစ်စေသည်ကို ဝန်ခံရပေမည်။




သို့သော်လည်း လျစ်လျူရှုလေ့ရှိသော အေးစက်စက် နှလုံးသားထဲတွင် စိတ်တိုမှု လှိုင်းဂယက်လေး ခံစားလိုက်ရသည်။




ဒီအမျိုးသားဇာ့ဂ်က ဘာလုပ်နေတာလဲ… အရမ်း နုနယ်နေလို့ စိတ်စွမ်းအင် ဘယ်လိုစုပ်ယူရလဲတောင် မသိတာလား…




ပြီးတော့…




ထိုအမျိုးသားဇာ့ဂ်က ရေရွတ်လိုက်သည်။


“သူက အရမ်းကြည့်ကောင်းတယ်လို့ မင်း မထင်ဘူးလား…”




“တကယ် သက်ရှိရော ဟုတ်ရဲ့လား…”




ခဏချက်ချင်းတွင် လင်း၏ ပါးပြင်ပေါ်၌ နူးညံ့သော ထိတွေ့မှုကို ခံစားလိုက်ရသည်။ ထိတွေ့မှုက ငှက်မွှေးကဲ့သို့ ပေါ့ရွှတ်နေပြီး ချက်ချင်းပင် ထိုအမျိုးသားဇာ့ဂ်၏ အံ့ဩတကြီး ပြောသောအသံကို လင်းကြားလိုက်ရသည်။




“တကယ် အစစ်ပဲဟ…”




လင်း "…"




လင်းက အခြားသူများ သူ၏ ရုပ်ရည်အသွင်အပြင်အကြောင်း ပြောသည်ကို အလွန်မုန်းတီးသည်။ သူတို့က သူ၏ ငွေရောင်ဆံကေသာနှင့် မျက်ဝန်းနီများကို ရောင်စုံအသားတုံးများကို ကြည့်နေသကဲ့သို့ သွားရည်တမြားမြားနှင့် ကြည့်လေ့ရှိသည်။




သို့သော်လည်း သူက ထိုအမျိုးသားဇာ့ဂ်လေး၏ အသံကို မမုန်းနေပေ။




စိတ်ရှုပ်စရာ မကောင်းတာပဲ ရှိတာပါ…




သူက သူ့ကိုယ်သူ ပြန်သတိပေးနေ၏။ 


အပြင်ပုံစံကသာ ရိုးသားဖြူစင်ပြီး အတွင်းစိတ် ကောက်ကျစ်တဲ့ အမျိုးသားဇာ့ဂ် နေလိမ့်မယ်… ငါ့ကို စမ်းသပ်ဖို့အတွက် မစားခင် အန္တရာယ် ကင်းအောင် ယုံကြည်မှုယူတာ ဖြစ်နိုင်တယ်…




ပြောရမယ်ဆို ငါ ဒီလိုမျိုး အရင်ကလည်း ကြုံခဲ့ရတာပဲ…




အနက်ရောင် ဆံကေသာနှင့် မျက်ဆန်နက်နက်များ ရှိသော အမျိုးသားဇာ့ဂ်တစ်ယောက်က လင်း၏ အာရုံထဲ ရောက်လာခဲ့သည်။




ထိုလူ၏ အပြုအမူက အလွန် ပီပြင်သောကြောင့် လင်း အလိမ်ခံခဲ့ဖူးသည်။




သူက အမျိုးသားဇာ့ဂ်နှင့် အမျိုးသမီးဇာ့ဂ်များကို အတူတူဟု ပြောခဲ့ပြီး လင်းကို ကာကွယ်ပေးမည်ဟု ပြောခဲ့သည်။ တစ်ဘဝလုံးတွင် လင်းတစ်ယောက်တည်းကိုသာ ချစ်မည်ဟုလည်း ပြောခဲ့၏။




သို့သော်လည်း အဆုံးသတ်တွင် ထိုလူက သူ့ကို ကြင်ယာတော်အဖြစ် မချီးမြှောက်ခဲ့ပေ။




ထိုအနက်ရောင် ဆံကေသာနှင့် မျက်ဆံနက်နက်များ ရှိသော အမျိုးသားဇာ့ဂ်က အချစ်ကို အပုံများစွာ ခွဲထားခဲ့ပြီး လင်းကို တစ်ပုံသာ ပေးခဲ့သည်။




ဒါပေမဲ့….




ငါက အကုန်လိုချင်ခဲ့တာ…




သူ့စိတ်က မလုံခြုံပေ။ ကလိန်းဇာ့ဂ်များက စိတ်လုံခြုံမှု မရှိသော ဇာ့ဂ်မျိုးနွယ် ဖြစ်၏။ ထိုအမျိုးသား အခြားအမျိုးသမီးဇာ့ဂ်ကို လက်ထပ်ထိမ်းမြားလိုက်သည့် အချိန်ကစပြီး လင်း သူ့ကို မလိုချင်တော့ပေ။




စုန့်ကျန်းရှူးက သူ့ကို ရွံရှာစေသည်။




သူတို့သာ သွေးသားဆက်နွယ်မှု လုပ်ခဲ့ပါက လင်း စိတ်ကို လွှတ်ချပစ်လိုက်ပြီး စုန့်ကျန်းရှူးကို သူနှင့်အတူ ငရဲသို့ ခေါ်သွားပေမည်။




နှမြောစရာ ကောင်းသည်မှာ သူတို့ သွေးသားဆက်နွယ်မှု မလုပ်ခဲ့ပေ။




လင်းက အတိတ်ကို တွေးမိပြီး သူ့စိတ်က ချက်ချင်း ပြောင်းလဲသွားသည်။ သူက ဆက်ပြီး စိတ်ရှည်ရှည် မစောင့်ဆိုင်းနိုင်တော့ဘဲ ဘေးတွင် တုံ့နှေးနေသော ထိုအမျိုးသားဇာ့ဂ်လေးကို သတ်ပစ်ချင်သွားသည်။




စောင်အောက်တွင် လင်းက ခါး၌ချည်ထားသော ဓားမြှောင်ကို လျှို့ဝှက်စွာ ထုတ်ယူလိုက်ပြီး ဓားသွားနှင့် အမျိုးသားဇာ့ဂ်၏ ရင်ဘတ်ကို ချိန်လိုက်ကာ အချိန်မရွေး ထိုးသတ်ရန် အသင့်ဖြစ်နေသည်။




သို့သော်လည်း သူ၏အမူအရာက တစ်ချက်မျှပင် မပြောင်းလဲသွားဘဲ သတိမေ့နေဆဲပင် ဖြစ်သည်။




လုမော့က ထိုလှပသော မျက်နှာကို ကြည့်ပြီး မျက်နှာ ပူလာ၏။ ပိုင်ဆိုင်လိုသော စိတ်ကြောင့် မဟုတ်ဘဲ ထိုအသွင်အပြင်ကြောင့် အံ့သြတကြီး ဖြစ်နေခြင်းသာ ဖြစ်သည်။




သူ ရုတ်တရက် ရှက်ရွံ့သွားကာ အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး အမျိုးသမီးဇာ့ဂ်ကို အုပ်မိုးလိုက်သည်။




ထို့နောက် သူက နူးညံ့သောနှုတ်ခမ်းပါးကို ထိတွေ့လိုက်သည်။




“မင်းက အခု ငါ့ရဲ့ အိမ်သူဘုရင်မပဲ…”




ငွေရောင်မျက်တောင်များက အနည်းငယ် လှုပ်ခတ်သွားသည်။ လုမော့က အမျိုးသမီးဇာ့ဂ်၏ မျက်လုံးများ ပွင့်လာသည်ကို ကြောင်အအနှင့် စိုက်ကြည့်နေမိသည်။ ကြက်သွေးနီရောင် မျက်ဝန်းများက သူ့မျက်လုံးများကို ပြန်စိုက်ကြည့်နေ၏။




လုမော့ "…."






🌌🌌🌌