Chapter 3
Viewers 13k

🌌 Chapter 3



ထိုမျက်ဝန်းများက ဘဝတွင် မရေမတွက်နိုင်သည့်အခက်အခဲများကို မြင်ခဲ့ဖူးသော မျက်ဝန်းများဖြစ်ကြသည်။ တောက်ပပြီး ရွှန်းစိုနေသော်လည်း ထိုမျက်ဝန်းများတွင် ရှိနေသည့်  အသင့်ခုခံကာကွယ်ထားသည့်အနေအထားကို ဖုံးကွယ်မထားနိုင်သောကြောင့် သူက အထက်စီးဆန်ပြီး ချဥ်းကပ်ရခက်ခဲသည့် အငွေ့အသက်ကို ပေးစွမ်းနေပေသည်။ 


စူးရှပြီး လူသတ်လိုသည့် ရည်ရွယ်ချက်ကို အလိမ်အညာအလွှာများ အထပ်ထပ်အောက်တွင် မြှုပ်နှံထားပြီး အနက်ရှိုင်းဆုံးအပိုင်းတွင် ဖုံးကွယ်ထားပေသည်။


လင်းက လုမော့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။


အိမ်သူဘုရင်မတဲ့လား...


သူ့မျက်နှာက မပြောင်းလဲသွားသော်လည်း နှလုံးသားက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ 


အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ဒါဇင်၊ ဒါဇင်များစွာ သို့မဟုတ် အမျိုးသမီး ရာပေါင်းများများစွာရှိနိုင်လျှင်ပင် အစမှ အဆုံးထိတိုင် အိမ်သူဘုရင်မက တစ်ယောက်သာရှိရမည် ဖြစ်သည်။


လုံးဝသစ္စာရှိသောသူများပင် အချစ်ကြောင့် မျက်ကန်းဖြစ်သွားနိုင်ပြီး တစ်ကိုယ်ကောင်းဆန်သည့် လုပ်ရပ်မျိုး ပြုလုပ်နိုင်ပေသည်။


အိမ်သူဘုရင်မ၏ အခန်းကဏ္ဍမှာ ဇာ့ဂ်မျိုးပွားရေးကိုထိန်းသိမ်းခြင်းဟူသည့် တာဝန်အောက်တွင် ဇာ့ဂ်အဖွဲ့အစည်းတစ်ခုလုံးနှင့် ဇာ့ဂ်တစ်ယောက်ချင်းစီတိုင်းနှင့် သက်ဆိုင်သည့် သဘောတူညီချက်ပင်ဖြစ်သည်။


အရွယ်မရောက်သေးမီတွင် မည်သည့်အမျိုးသားကမှ အမျိုးသမီးတစ်ယောက်အား အိမ်သူဘုရင်မရာထူးကို ပေးမည်ဟူသည့် ကတိအား ပေးလိမ့်မည်မဟုတ်ချေ။


အဆုံးတွင်မူ ဆင့်ကဲပြောင်းလဲပြီးနောက်တွင် အမျိုးသားတစ်ယောက်၏ မျိုးရိုးဗီဇအဆင့်က မည်မျှမြင့်သည်အထိ ရောက်သွားလိမ့်မည်ဟု မည်သူမှ မသိပေ။


D အဆင့်ဖြင့်သာ မွေးဖွားလာသည့် အမျိုးသားတစ်ယောက်က မရေမတွက်နိုင်သော စွန့်စားမှုများအတွင်းတွင် အဆုံးမရှိသည့် ဆင်းရဲဒုက္ခများကို တွေ့ကြုံခဲ့ရပြီး ထို့နောက် ဆင့်ကဲပြောင်းလဲမှုကို 5 ခေါက် အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီးနောက် S အဆင့်နီးပါး တိုးလာခဲ့သည်ဟု သမိုင်းမှတ်တမ်းများတွင် မှတ်တမ်းတင်ထားပေသည်။ 


အိမ်သူဘုရင်မ ဟူသည့် အဆင့်အတန်းအား လုံလုံလောက်လောက် မထိုက်တန်၊ သန်မာမှု မရှိသည့် အမျိုးသမီးဇာ့ဂ်အား စောစီးလွန်းစွာ ပေးအပ်ခဲ့ပါက ၎င်းမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆန္ဒကို မထိန်းချုပ်နိုင်ဘဲ  စိတ်လိုက်မာန်ပါ တစ်ခုတည်းကြောင့်သာ ဖြစ်နိုင်ပေသည်။ နှစ်ပေါင်းများစွာကြာပြီး  ခံစားချက်များ မှေးမှိန်လာသည့်အခါ သံသယမရှိစွာပင် အမျိုးသားက ၎င်းကို နောင်တရလာပေလိမ့်မည်ပင်။ 


လင်းက မျက်ဝန်းကို အောက်နှိမ့်ချလိုက်ရာ ငွေရောင်မျက်တောင်လေးများက ထိုမျက်ဝန်းအတွင်းမှ အတွေးများကို ဖုံးကွယ်လိုက်ပေသည်။ 


အမျိုးသားက ဥာဏ်အလွန်ထက်မြက်နေခြင်း ဖြစ်နိုင်ပေသည်။


ဥာဏ်ရည်ထက်မြက်သည့် အမျိုးသားတစ်ယောက်က သူ့အထောက်အထားကို ဆုံးဖြတ်နိုင်ပေလိမ့်မည်ပင်။ ဤဖြစ်ရပ်တွင် အမျိုးသားက အစကတည်းက သရုပ်ဆောင်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။


သတ်လိုက်သင့်တယ်...သတ်ကို သတ်ပစ်လိုက်သင့်တယ်...


ဓါးမြှောင်ကို ကိုင်ထားသည့် လင်း၏လက်ဖဝါးများက တဖြည်းဖြည်း ချွေးထွက်လာခဲ့သည်။ သို့သော်ငြား သေခြင်းနှင့် ရှင်ခြင်းအစွန်ဆုံးတွင် လှည့်ပတ်သွားလာခဲ့သည့် ဤနှစ်များအတွင်းတွင် များပြားလှသော ပရိယာယ်များနှင့် အပေါ်ယံလှည့်စားမှုမျိုးစုံကို သူမြင်ဖူးခဲ့ပေသည်။ အမှန်နှင့် အမှားကြားရှိ ကွာခြားမှုကို သူ မပြောနိုင်သည့်အချိန်တွင် ရိုးရှင်းတည့်တိုးဆန်သည့် အပြုအမူက နောက်ထပ် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ကို သူလေ့လာခဲ့ရပေသည်။


ဆိုတော့ ငါ ဘာကြောင့်များ တွန့်ဆုတ်နေရတာလဲ...


အခုက သူ ထိန်းချုပ်နိုင်သည့် နေရာတွင်ရှိနေပြီး တစ်ဖက်ကသူမှာ အားနည်း၊ အဆင့်နိမ့်လှသည့်အမျိုးသားတစ်ယောက်သာ ဖြစ်ပေသည်။ ထို့ကြောင့် အလုံခြုံဆုံး ရွေးချယ်မှုက ထိုသူကို ရှင်းပစ်လိုက်ရုံသာ ဖြစ်သည်။ 


သို့သော်...


သူ့မျက်နှာအား လေပြေတစ်ခုထက် အနည်းငယ်သာ ပိုသည့် အားလေးနှင့် ပွတ်သပ်နေသည့် တစ်ဖက်သူ၏ လက်ချောင်းများပေါ် အာရုံရောက်သွားသည့်အခါတွင်မူ လင်း၏ ခိုင်မာနေသည့် နှလုံးသားက နောက်တစ်ဖန် အနည်းငယ် ယိမ်းယိုင်သွားပေသည်။


[ငယ်ငယ်ကတည်းက အလိုလိုက် ချစ်ခင်ပေးထားတဲ့ကြောင်တွေက ကြီးလာရင် အပြင်လောကရဲ့ လွတ်လပ်မှုကို အမြဲ အငမ်းမရဖြစ်တတ်ကြတယ်...]


[ဒါပေမဲ့ လမ်းဘေးက ကောက်ယူမွေးစားခံရတဲ့ ဒဏ်ရာရနေတဲ့ ကြောင်ရိုင်းတစ်ကောင်ကကျ အလွန်အမင်းကို တွယ်ကပ်တတ်လွန်းတယ်...]


ရိုးရိုးရှင်းရှင်း အပြုအမူလေးတစ်ခုမျှဖြင့် အမျိုးသမီး၏ အေးစက်သည့် နှလုံးသားကို ဖွင့်ဟနိုင်သည့်အတွက် ၎င်းကို မြတ်နိုးတန်ဖိုးထားသင့်ပေသည်။


အဘယ့်ကြောင့်ဆိုသော် သူ့အား ထပ်မံ နာကျင်ခံစားစေမိပါက နဂိုရှိပြီးသား အကာအကွယ်ထက်ပင် ပိုထူထဲသည့် အကာအကွယ်တစ်ခုကို တည်ဆောက်လိမ့်မ့်မည် ဖြစ်သောကြောင့်ပင်။ 


လင်းက ဆယ်ကျော်သက် အမျိုးသားလေး၏ ဂနာမငြိမ်ဖြစ်နေသော လက်ချောင်းများကို ငေးမောကြည့်လိုက်ကာ နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။


လင်း သူ့ကိုကြည့်လျက် ပြောလိုက်သည်။

"မင်း ငါ့ကို မင်းရဲ့ အိမ်သူဘုရင်မ ဖြစ်စေချင်တာလား ဘာလို့လဲ..."


ဤအမျိုးသားတွင် ယုတ်မာသော အတွေးများရှိပြီး ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များဖြင့်လင်း၏ယုံကြည်မှုကို အနိုင်ရချင်ပါက သေချာပေါက် သူက အတွေ့ကြုံမရှိသော နုံချာရိုးအဟန်ဆောင်လိမ့်မည်ပင်။ 


ကျေးလက်ဒေသမှ လူများ၏ပုံစံအတိုင်း အတွေ့အကြုံမရှိ မရင့်ကျက်သေးသည့် လူငယ်လေးတစ်ယောက်ကဲ့သို့ သူ့သွင်ပြင်လေးတစ်ခုနှင့်ပင် အချစ်နွံထဲနစ်မြှုပ်ရန် လုံလောက်နေပြီဖြစ်သည်။ ချစ်စိတ်ပြင်းပြပြီး ရဲရင့်လျက် သူ့အမျိုးသမီးကိုလည်း လေးစားပြီး ချစ်မြတ်နိုးလိမ့်မည်ပင်။


မရေမတွက်နိုင်သော အမျိုးသမီးများ၏ အိပ်မက်ထဲမှ စိတ်ကူးယဥ်ပုံစံအတိုင်း ပေါ်လာပြီး မည်သည့်အမျိုးသမီးကမှ ထိုကဲ့သို့သော အမျိုးသားတစ်ယောက်ကို ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ချေ။


လင်းက လက်ညှိုးဖြင့် ဓါးသွားအား ပွတ်သပ်လိုက်ပြီး ထက်မြနေသည့် လက်နက်က ညင်သာစွာပင် အသားကို ခွဲဖြတ်သွားသည်။ အနီရောင်အရည်များက ယိုစိမ့်ထွက်လာပြီး သွေးနံ့ဖျော့ဖျော့က လေထဲပျံ့နှံ့လာခဲ့သည်။ အမျိုးသားက ဆက်လက် အာရုံစိုက်နေပြီး အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း သူ့နှလုံးသားက စတင်ပြီး တဒိတ်ဒိတ်ခုန်လာခဲ့သည်။


အကယ်၍ တစ်ဖက်သူက ထိုမျှ ပြီးပြည့်စုံစွာ ပြုမူနေပါက သူ့ဓားမြှောင်က တစ်ဖက်လူ၏ နှလုံးသားကို ထိုးဖောက်ရန် တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။ 


သူ ထပ်မံလှည့်ဖြားခံမည် မဟုတ်တော့ပေ။


------


ထိုအချိန်တွင် များပြားလှသောအတွေးများက လုမော့၏ဦးနှောက်ထဲတွင် အပြင်းအထန် လှည့်ပတ်နေကြသည်။


မှန်ပေသည်။ သူ သစ္စာရှိမှရပေမည်။ သူ သစ္စာရှိမှသာလျှင် ဇာ့ဂ်အဖွဲ့အစည်းထံမှ ပြစ်တင်ရှုံ့ချမှုများကို လက်ခံရရှိနိုင်မည် ဖြစ်သည်။


သို့သော် သစ္စာရှိသောအမျိုးသားများက အမျိုးသမီးများ အလိုချင်ဆုံးအရာ ဖြစ်နေသည်။


ဤဖြစ်ရပ်တွင် အဖွဲ့အစည်းမှ ပြစ်တင်ဝေဖန်မှုများကို လိုချင်သည်လား သို့မဟုတ် အိပ်ရာအတူမျှဝေမည့် အဖော်ထံမှ လူသတ်ချင်သည့် ရည်ရွယ်ချက်များနှင့် မကျေချမ်းမှုများကို စုဆောင်းချင်သည်လား သူ တွေးနေသည်။


လုမော့က နှစ်မျိုးလုံး လိုချင်ပေသည်။


"မင်း တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားရမယ်..."

သခင်ငယ်လေးက မြစိမ်းရောင်မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်လျက် အထက်စီးဆန်သည့် အသံအနေအထားနှင့် ပြောလိုက်သည်။

"မင်းက ငါ့ပိုင်နက်ထဲကိုရောက်လာတဲ့အတွက် အခုကစပြီး  လုံးဝ ငါ့အပိုင်ဖြစ်သွားပြီ..."


"မင်းရဲ့ခန္ဓာကိုယ်ကနေ နှလုံးသားထိ မင်းနဲ့ပတ်သတ်တဲ့အရာအားလုံးကို ငါစိုးမိုးချုပ်ကိုင်မှာ..."


"မင်းငါ့ကို မနာခံဘဲနေလို့ရမှာ မဟုတ်ဘူး..."


လုမော့က လက်ဆန့်ထုတ်ကာ အမျိုးသမီးဇာ့ဂ်၏နူးညံ့လှသည့် ပါးပြင်ကို ပုတ်လိုက်လျက် သူ့ခေါင်းလေးအား စောင်းသွားစေသည်။

"မင်းကတော့ မသိလောက်ပေမဲ့ ဒီမှာ ငါ့ဂုဏ်သတင်းက ကောင်းတာတစ်ခုမှ မရှိဘူး...ပြီးတော့ ငါလိုချင်တာကလည်း ရိုးရိုးနာခံရုံလေးပဲ မဟုတ်ဘူးနော်..."


အိမ်သူဘုရင်မကသာလျှင် အမျိုးသားနှင့် သွေးစာချုပ်တစ်ခုကို ချုပ်ဆိုနိုင်ပြီး ချုပ်ဆိုလိုက်သည့်အချိန်မှစ၍ သူတို့၏ စိတ်ဝိညာဥ်က တစ်ခုတည်း ဖြစ်လာလိမ့်မည် ဖြစ်ကာ သူတို့ စိတ်အချင်းချင်း ဆက်သွယ်နိုင်လာလိမ့်မည် ဖြစ်သည်။


"နားလည်လား..."

လုမော့က ကောက်ကျစ်စဥ်းလှဲသည့်အပြုံးတစ်ခု ပြုံးလိုက်သည်။

"မင်းမှာ တခြားအတွေး ရှိရဲရင် ငါမင်းကို သတ်ပစ်မယ်..."


"..."


အမျိုးသမီး၏ အနီရောင်မျက်ဝန်းများက ပြူးကျယ်သွားပြီး အမျိုးသားအား ဗလာဖြစ်စွာ ငေးကြည့်လိုက်သည်။


အဲ့ဒီလိုပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ဆို သူကြောက်သွားတာပဲ ဖြစ်လောက်တယ်...


[ပိုင်ရှင်ရဲ့ သရုပ်ဆောင်အရည်အချင်းတွေက မြန်မြန်ဆန်ဆန်ကို တိုးတက်လာတာပဲ...]


လုမော့ ကိုယ်တိုင်ပင် ရှက်ရွံ့သွားပြီး သူ့လက်မောင်းများမှ ခြေထောက်အထိ ကြက်သီးမွေးညင်းများထသွားခဲ့သည်။ လျှပ်စစ်ဝိုင်ယာကြိုးကို ထိလိုက်မည့်အလား သူ့ခန္ဓာကိုယ်တစ်ခုလုံး ထုံထိုင်းနေပေသည်။


နတ်ဆိုး နတ်ဆိုး နတ်ဆိုးပဲ...


ပထမအချက်အနေဖြင် ဤဇာ့ဂ်အဖွဲ့အစည်းတွင်နေထိုင်ရသည်မှာ အမျိုးသမီးဇာ့ဂ်များအတွက် မလွယ်ကူလှပေ။ မှန်သားလောက်စရာ ဝေဖန်မှတ်ချက်စကားများကိုပင် သူအများကြီး ပြောဆိုခဲ့၍ ၎င်းတို့ကအမျိုးသမီးဇာ့ဂ်၏ နှလုံးသားတွင် သေချာပေါက် အရိပ်တစ်ခု ကျန်နေလိမ့်မည်ပင်။


သူ့ခေါင်းကို အဝေးသို့လှည့်လိုက်ပြီး သူ့မျက်လုံးများထဲမှ အပြစ်ရှိစိတ်ကို ဖုံးကွယ်လျက် ခက်ထန်သည့် အသံအနေအထားဖြင့် ပြောလိုက်သည်။

"မင်္ဂလာပွဲကို သိပ်မကြာခင် ကျင်းပမယ်..မင်းငါ့ရဲ့အရုပ်လေးအဖြစ် နာနာခံဖြစ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး..."


သူ ယခုလေးတင် ပြောလိုက်သည့် အကြောင်းကို စဥ်းစားပြီးနောက် လုံလုံလောက်လောက် မရက်စက်သေးဟု တွေးလိုက်မိသည်။ ထို့ကြောင့် လုမော့က ခန္ဓာကိုယ်ကို ကိုင်းလိုက်ကာ သူသုံးသင့်သည့်ပမာဏထက် ပိုများသည့်အားဖြင့် သွားဖြဲလိုက်ပြီး အမျိုးသမီး၏ နားသီးလေးကို ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်။


သူ့သွားစွယ်များက ခပ်နက်နက်စိုက်ဝင်သွားပြီး သံချေးနံ့ဖျော့ဖျော့လေးရလာသည်။ အမျိုးသမီးဇာ့ဂ်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း စကားတစ်ခွန်းမှ မဆိုခဲ့ပေ။


တောက်ပသည့် အနီရောင်သွားရာက ကျောက်စိမ်းကဲ့သို့ အဖြူရောင်နားသီးလေးပေါ်တွင် ထင်ထင်ရှားရှားဖြစ်နေလျက် အလွန်အမင်း မျက်စိပသာဒဖြစ်စရာပုံရိပ် ဖြစ်နေပေသည်။ လုမော့ ခန္ဓာကိုယ်ကို ယိမ်းလိုက်ကာ မကောင်းဆိုးဝါးတစ်ကောင်၏ အသံကဲ့သို့ တီးတိုးပြောလိုက်သည်။

"ဒါက ငါ့ရဲ့အမှတ်အသားပဲ..."


ထိုသို့ပြောလိုက်ပြီး နောက်ဆုံးတွင် သူ စိတ်ကျေနပ်သွားလျက် အခန်းထဲမှ အေးအေးဆေးဆေး ထွက်သွားခဲ့သည်။ 


အမျိုးသမီး၏ နှလုံးသားထဲတွင် သူက အမုန်းတရားမျိုးမျိုးစေ့ကို စိုက်ထားခဲ့၏။ ယခုတွင် ထိုအစေ့က အမြစ်တွယ်ပြီး အညှောင့်အပါက်လာကာ ထို့နောက် သူ့တစ်ကိုယ်လုံးအား ဝါးမြိုသွားမည်ကိုသာ စောင့်ဆိုင်းနေရုံပင်။


လေးလံလှသည့် သစ်သားတံခါးကြီးက နောက်ထပ်တစ်ဖန် ပိတ်သွားခဲ့ပြီး အခန်းက ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။


နံနက်ခင်းအစောပိုင်း ကုန်ဆုံးသွားပြီးနောက် နေမင်းကြီးက တောက်ပသည်ထက် တောက်ပလာကာ နွေးထွေးသော ရွှေရောင်အလင်းများက ပြတင်းပေါက်အား ချိုးဖြတ်ဝင်ရောက်လာလျက် ငွေရောင်ဆံပင်နှင့်အမျိုးသမီးအား ဝန်းရံထားခဲ့သည်။


ငွေရောင်ဆံနွယ်ရှည်များက ပြန့်ကျဲလျက် နေရောင်ထဲတွင် သူ့ခေါင်းကိုငုံ့ကာ အချိန်ကြာကြာ ထိုင်နေခဲ့သည်။ 


ထို့နောက် အိပ်ရာခင်းအောက်မှလက်ကို ဆွဲထုတ်ကာ ပါးစပ်ကိုဖွင့်လျက် အမာရွတ်နှင့်လက်ချောင်းအား ကိုက်လိုက်သည်။


အနီရောင်ဖျော့ဖျော့လေးက သူ့လည်ပင်းမှ ပါးများသို့ တဖြည်းဖြည်း ပျံ့နှံ့သွားလျက် သူ၏ နီနေပြီးသားမျက်ဝန်းများကို ပို၍နီရဲတောက်သွားစေသည်။


သွေးစာချုပ်က နှစ်ဖက်သွားစာချုပ် ဖြစ်ပေသည်။


အမျိုးသားက အမျိုးသမီးအား အမြဲပိုင်ဆိုင်သွားမည်ဖြစ်ပြီး အမျိုးသမီးကလည်း အမျိုးသားအား အမြဲပိုင်ဆိုင်သွားလိမ့်မည် ဖြစ်သည်။ ထာဝရပင်...


ကလိန်းဇာ့ဂ်များ၏ သဘောသဘာဝကြောင့် သူ အမြဲလစ်ဟာနေခဲ့သည့် စိတ်လုံခြုံမှုက ထိုအခိုက်အတန့်တွင် နောက်ဆုံး ကျေနပ်ဖြည့်စည်းသွားပေသည်။


--------


"သခင်လေး..."


သူအခန်းမှ ထွက်ထွက်ချင်းပင် အိမ်တော်ထိန်းက စိုးရိမ်ပူပန်နေသည့် မျက်လုံးများနှဖြင့် နှုတ်ဆက်လိုက်သည်။ သူလုမော့အား သံသဖြင့်ကြည့်လျက် ပြောလာသည်။

"အဲ့ဒါက ပြီးသွားပြီလား..."


လုမော့က ဣန္ဒြေရရဖြင့် ခေါင်းညိတ်ပြလိုက်သည်။


အိမ်တော်ထိန်းက စိတ်ရှုပ်ထွေးမှုဖြင့် ပြောလိုက်သည်။

"အဲ့လောက် မြန်လား..."


လုမော့ : "..."


[သင့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်ခံရတဲ့အတွက် 5 မှတ် နှုတ်ခံရပါတယ်...]


လုမော့ အမှန်တကယ် ငိုချင်သွားသည်။


အာ...


သူ ကျယ်လောင်စွာ အော်ငိုချင်သွားပြီး သူ့ဘဝကိုကယ်တင်ရန်အတွက် သူ့ကိုသွားခွင့်ပေးပါရန် အိမ်တော်ထိန်းအား တောင်းပန်ချင်သွားသည်။


သို့သော် သူ မငိုနိုင်ပေ။ မလုပ်နိုင်ပေ။ ဆန်ကုန်မြေလေးအမှိုက်ကောင်က ရက်စက်ရမည်ဖြစ်ကာ မျက်ရည်များကျ၍ မဖြစ်ပေ။


သူအိမ်တော်ထိန်းအား ဗလာသက်သက် ကြည့်လိုက်ရုံသာ တတ်နိုင်ပေသည်။

"ငါ..."


လုမော့၏စကားများက သူ့လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။ သူက သရုပ်ဆောင်မှုထဲတွင် အလွန်အမင်းနစ်မြှုပ်နေခဲ့သောကြောင့် အမျိုးသမီးဇာ့ဂ်၏ အမည်ကိုပင် မမေးခဲ့လိုက်ရပေ။


"ငါ သူ့ကို လက်ထပ်တော့မယ်..မင်း မင်္ဂလာပွဲအတွက် ပြင်ဆင်လိုက်..."


လုမော့က ခေါင်းညိတ်လိုက်သည်။

"ငါ့မင်္ဂလာပွဲက ရိုးရှင်းနေလို့မဖြစ်ဘူး...ပိုကြီးကျယ်ခမ်းနားလေ ပိုကောင်းလေပဲ..."


အိမ်တော်ထိန်း၏ မျက်ဝန်းများ ပြူးကျယ်သွားသည်။

"ဘာတွေ..."


ကလိန်းဇာ့ဂ်က မသေသေးဘူးလား...ပိုကြောက်လန့်ဖို့ကောင်းတာက သူက သခင်လေးကိုတောင် မြူဆွယ်လိုက်သေးတယ်ပေါ့...


"ဟုတ််တယ်..."

လုမော့ လှည့်ထွက်သွားပြီးနောက် ခဏရပ်သွားခဲ့သည်။ ထို့နောက်ပြန်လှည့်လာကာ ထပ်ပြောလိုက်သည်။

"နောက်တစ်ခု ကျန်သေးတယ်..."


အိမ်တော်ထိန်းက နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေးနှင့် နားရွက်များကို ထောင်လိုက်ပြီး ဆုတောင်းလိုက်သည်။


မနှစ်မြှို့ဖွယ် အပြုံးတစ်ခုက အမျိုးသား၏မျက်နှာတွင် ပေါ်လာခဲ့သည်။

"အိမ်သူဘုရင်မရဲ့အသေးစိတ်သတ်မှတ်ချက်တွေအရဆိုရင် ဒါကပြီးသွားပြီပဲ ... တကယ်တော့ ဒါက ငါ့ဘဝမှာ တစ်ခုတည်းသော မင်္ဂလာပွဲပဲ ဖြစ်လိမ့်မယ်..."


အိမ်တော်ထိန်း၏ခြေထောက်များ ပျော့ခွေကျသွားသည်။


လုမော့၏ စကားလုံးများက ရှင်းရှင်းလင်းလင်းပင် တရားဝင် ကြေညာလိုက်သည်။ ထိုအချိန်မှစပြီး သူက နောက်ထပ် အခြားအမျိုးသမီးများကို လက်ထပ်လိမ့်မည် မဟုတ်တော့ပေ။


အခြားအမျိုးသမီးဖြစ်လျှင် အဆင်ပြေသွားလိမ့်မည် ဖြစ်သော်လည်း ဤသည်က ကလိန်းဇာ့ဂ်ဖြစ်၏။ ဤကိစ္စက သခင်လေးအတွက် မရေမတွက်နိုင်သော ပြဿနာများကို သေချာပေါက်ဖြစ်စေလိမ့်မည်ပင်။


"သခင်လေး ကျွန်တော် ခွင့်မပြုနိုင်ဘူး… သခင်လေးဘာလုပ်နေလဲဆိုတာရော သိရဲ့လား..."


"သခင်လေး သူတို့လည်း သေချာပေါက် ဒါကို ခွင့်ပြုမှာ မဟုတ်ပါဘူး...သူတို့ရဲ့နောက်ဆုံးဆန္ဒက ကျွန်တော် သခင်လေးကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ပါ...သခင်..."


"ပါးစပ်ပိတ်ထားစမ်း…"


ဆံပင်အနက်ရောင်၊ မြစိမ်းရောင်မျက်လုံးများနှင့်အမျိုးသားက စိတ်မရှည်စွာ အော်ဟစ်လိုက်ပြီးတမင်တကာ စကားတစ်ခွန်းချင်း ပြောလိုက်သည်။

"မင်းအဆင့်အတန်းက ငါ့ကိစ္စတွေကို ဝင်စွက်ဖက်ခွင့်မရှိဘူး..."


အိမ်တော်ထိန်း၏ အသည်းအသန် အမူအရာများနှင့် တောင်းပန်ချက်များကို လုမော့စိတ်ထဲက ရွှင်လန်းတက်ကြွနေသော စနစ်၏ ကြေညာသံများက ဖုံးလွှမ်းသွားသည်။


[အမှိုက်ဆန်မှုတန်ဖိုး +1]


[အမှိုက်တန်မှုတန်ဖိုး +1]


[အမှိုက်ဆန်မှုတန်ဖိုး +10]


သူ့လက်သီးအား စိတ်လှုပ်ရှားမှုဖြင့် ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။


သုံးနှစ်ကြာအောင် လမ်းလွှဲမှသွားပြီးနောက် အဆုံးတွင် လမ်းမှန်သို့ ရောက်သွားပြီဖြစ်သည်။


-----------


ဝေးကွာလှသည့် ဂြိုလ်တစ်ခုပေါ်တွင်...


၎င်းက ဇာ့ဂ်မျိုးနွယ်စု၏ အင်ပါယာကြယ်ဖြစ်ပြီး စည်ပင်သာယာသည့် ကြယ်သင်္ဘောဆိပ်ကမ်းတစ်ခုတွင် ဖြစ်သည်။


အနက်ရောင်ဆံပင်၊ အနက်ရောင်မျက်လုံးနှင့် အမျိုးသားတစ်ယောက်က ယန်ယန်အား ပြုံးပြနေပြီး ရုတ်တရက် မျက်မှောင်အနည်းငယ် ကြုတ်ကာ ရင်ဘတ်အား လက်ဖြင့် အုပ်ကိုင်လိုက်သည်။


"ဘာဖြစ်တာလဲ..."


စုန့်ကျန်းရှူးက အင်တင်တင်ဖြင့် ပြုံးလိုက်ပြီး နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး...ဒီတိုင်းဘဲ ရုတ်တရက်ကြီး နည်းနည်း ဝမ်းနည်းသလို ခံစားလိုက်ရလို့ပါ..."


သူ့အပြုံးကိုမြင်လိုက်သည့် မျက်နှာချင်းဆိုင်က အမျိုးသမီးဇာ့ဂ်က ရှက်သွေးဖြာသွားပြီး နှလုံးသားထဲတွင် ထိတ်ထိတ်ပျာပျာ အော်ဟစ်လိုက်သည်။


ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြင်နာနူးညံ့တဲ့ အမျိုးသားတစ်ယောက်က ရှိနေနိုင်ရတာလဲ...အိုးနတ်ဘုရားမ...ဒါက အစစ်ကြီးလား...


ငါတကယ်ကြီး သူ့ရဲ့အမျိုးသမီး ဖြစ်လိုက်ချင်တယ်...သူ့အမျိုးသမီးအစေခံ ဆိုရင်တောင် လုံလောက်တယ်...ဒါမှမဟုတ် သူ့လိင်ကျွန်ဆိုရင်လည်း အဆင်ပြေတာပဲ...


ငါသာ စုန့်ကျန်းရှူးနှင့်အတူ ရှိနိုင်မယ်ဆိုရင်...ဘယ်အရာကိုမဆို လုပ်နိုင်တယ်...


အေးစက်သည့်အသံတစ်ခုက သူတို့နှစ်ယောက်ကြားက လေထုကို ဖျက်ဆီးပစ်လိုက်သည်။

"သခင် သွားကြရအောင်..."


ထိုအသံက စစ်တပ်ယူနီဖောင်းဝတ်ထားသည့် အရပ်ရှည်ရှည်နှင့် သန်မာသည့် အမျိုးသမီးဇာ့ဂ်တစ်ယောက်ထံမှ ဖြစ်ပေသည်။ သူ့ပခုံးပေါ်တွင် ပြသထားသည့် ရာထူးအဆင့်က သူ့အနေအထားမှာ မနိမ့်ကြောင်းဖော်ပြနေသည်။ စုန့်ကျန်းရှူး သူ့ဘက်သို့ ခေါင်းလှည့်ကာ အနည်းငယ် ဝမ်းနည်းပြီး ခါးသီးသည့် အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"ဝမ်ကော...လင်းက ကိုယ့်ကို တကယ်ခွင့်လွှတ်ပေးပါ့မလား...ကိုယ်ကြောက်တယ်..."


"သူငြင်းရဲတဲ့ သတ္တိရှိလား..."


ဝမ်ကော အတွေးနှင့်ပင် ဒေါသထွက်သွားသည်။


ဝမ်ကောမှာ လင်းက နှစ်လိုဖွယ်မကောင်းဟု အမြဲလိုလိုတွေးခဲ့သည်။ စုန့်ကျန်းရှူးငယ်စဥ်က လင်းမှာ သူ့အသက်ကို တစ်ကြိမ်ကယ်တင်ပေးခဲ့ဖူးပြီး ၎င်းကြောင့်ပင် သူက စုန့်ကျန်းရှုး၏နှလုံးသားထဲက လရောင်ဖြူလေး ဖြစ်သွားစေခဲ့သည်။ သို့သော် သူ(ဝမ်ကော)ကသာ စုန့်ကျန်းရှူးနှင့်အတူ ကြီးပြင်းလာလာခဲ့သည့် အမျိုးသမီးဖြစ်သည်မှာ ထင်ရှားပေသည်။


သေချာသည်မှာ ပညာမတတ် အသိဥာဏ်မရှိသည့် အမျိုးသမီးဇာ့ဂ်များ အမှန်တကယ်ရှိကြပေသည်။ အမျိုးသားများ ကိုယ်တိုင်ကိုက အလွန့်အလွန် မြင့်မြတ်သည့် တည်ရှိမှုများ ဖြစ်ပြီးသားပင်။ ထိုသို့အမျိုးသားများထဲတွင်ပင် စုန့်ကျန်းရှူးကဲ့သို့ အမျိုးသမီးများအားလုံးကို လေးစားမှုရှိပြီး ညင်သာသည့်စိတ်သဘောထားရှိသည့် အမျိုးသားများက ကမ္ဘာပေါ်တွင် ပို၍ပင် ရှားပါးလှပေသည်။


သူနှင့်အခြားအမျိုးသမီးသုံးယောက်က စုန့်ကျန်းရှူး၏နှလုံးသားထဲတွင် နေရာတစ်နေရာရရန် အပြင်းအထန် ကြိုးစားခဲ့ရသည်။ သူတို့ထဲက တစ်ယောက်ကိုမှ စုန့်ကျန်းရှူးက ရတနာတစ်ပါးအဖြစ် မသတ်မှတ်ခဲ့ချေ။


ရလဒ်အနေဖြင့် လင်းဟူသည့် အမျိုးသမီးဇာ့ဂ်တစ်ယောက်က စုန့်ကျန်းရှုးကို မျက်နှာမည်းမှောင်ပြီး စိတ်မချမ်းမသာစေရန် အမှန်တကယ်လုပ်ရဲပေသည်။ ထိုမျှပင်မက အဝေးကိုပင် ထွက်ပြေးသွားရဲသေးသည်။


ဝမ်ကောက လင်းအကြောင်း မေ့ပျောက်သွားစေရန် စုန့်ကျန်းရှူးအား အမှန်တကယ်ကို ဖျောင်းဖြချင်နေသော်လည်း စုန့်ကျန်းရှူး၏ နှလုံးသားက အလွန် ကြင်နာသနားတတ်ပေသည်။ 


လင်းက စကားတစ်ခွန်းတောင် မချန်ဘဲ ထွက်သွားတဲ့ချိန်မှာ သူက ဘယ်လိုလုပ်ပြီး စိတ်အေးလက်အေးအနားယူနိုင်မှာလဲ...


အကယ်၍ အခြားအမျိုးသားတစ်ယောက်သာဖြစ်ပါက လင်း၏အတောင်ပံများက လွန်ခဲ့သည် အချိန်ကြာမြင့်စွာကတည်းက ရိုက်ချိုးခံရပြီး ဖြစ်ပေလိမ့်မည်။  ကြာပွတ်ဖြင့် ရိုက်ချက် ရာကျော်ခန့်ကပင် အမျိုးသား၏ ဒေါသကို ခက်ခက်ခဲခဲ ငြိမ်းအေးစေလိမ့်မည်ပင်။


----တကယ့်ကို အလိုလိုက်လွန်းခံနေရတာပဲ...


ဝမ်ကော၏ မကျေမချမ်းဖြစ်မှုကို အာရုံခံလိုက်မိ၍ စုန့်ကျန်းရှူး၏အပြုံးက လျော့သွားပြီးသွားပြီး လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

"ဝမ်ကော...လင်းက ငါ့နှလုံးသားထဲမှာ အရေးပါတဲ့နေရာတစ်နေရာကို ပိုင်ဆိုင်ထားတာ..."


"ကျွန်တော်နားလည်ပါပြီ...သခင်နဲ့အတူတူ သူ့ကိုရှာပေးမှာပါ..."


သို့သော် ကြယ်သင်္ဘောပေါ်သို့ မတက်မီတွင် စုန့်ကျန်းရှူး၏နှလုံးသားက နောက်တစ်ဖန် တလှပ်လှပ်ဖြင့်ရင်တုန်သွားခဲ့သည်။


သူ့ရင်ဘတ်အား ဆုပ်ကိုင်လိုက်ပြီး သူ့အမူအရာက မှုန်မှိုင်းလာခဲ့သည်။


သူ့ထိန်းချုပ်မှုထဲတွင်ရှိသည့် တစ်စုံတစ်ရာက သူ့ဖမ်းဆုပ်ထားမှုမှ တဖြည်းဖြည်း လွတ်ထွက်သွားသည့်အလားပင်။ ထိုခံစားချက်က သူ့အား အလွန်အမင်း မသက်မသာဖြစ်စေသည်။


မည်သည့်ကိစ္စ ရှိနေပါစေ သူတို့ လင်းအား တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရမည် ဖြစ်သည်။


"ဝမ်ကော...မင်း သင်္ဘောပေါ် မြန်မြန်တက်နိုင်မလား..."


ဝမ်ကောက စုန့်ကျန်းရှူးအား နောက်ကျောပေးလိုက်ပြီး ပို၍ပင် ဝမ်းနည်းစိတ်ဓာတ်ကျလာခဲ့ပေသည်။  သို့သော် ၎င်းက မှားယွင်းပေသည်။ စုန့်ကျန်းရှူးက သူတို့အားလုံးအား ညီတူညီမျှ ဆက်ဆံပေးပြီးသားဖြစ်သည်။ ၎င်းအရာအားလုံးက လင်း၏အမှားပင်။ ဤနည်းလမ်းဖြင့် နှလုံးသားထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ပြန်တုံ့ပြန်လိုက်သည်။

"ဟုတ်ကဲ့ သခင်..."


ကြယ်သင်္ဘောက အချိန်မဆိုင်းဘဲ ချက်ချင်းပင် အရှိန်မြှင့်လိုက်ပြီး ကျယ်ပြောလှသည့် စကြဝဠာထဲသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။



🌌🌌🌌


Female zergတွေကို E tranထဲမှာ တစ်ခါတစ်လေကျ femaleလို့ပဲသုံးတတ်လို့ အမျိုးသမီးလို့ ရေးရတာများပါတယ် အမျိုးသမီးဆိုပေမယ့် သူတို့လည်း ယောကျာ်းတွေပဲဆိုဝောာ့ စကားပြောတာက ကျွန်ဝောာ် မင်း၊ နာမ်စားသုံးတာကလည်း 'သူ' ဒါလေးတွေပဲဖြစ်နေမှာပါ ဖတ်နေကျမဟုတ်တဲ့သူဆိုရင် တစ်မျိုးဖြစ်နေမယ်ထင်တယ် ရေးတဲ့သူတောင် ရေးရင်း တစ်မျိုးဖြစ်တယ်ဆိုတော့🥹


ပြီးတော့ အမျိုးသမီးဇာ့ဂ်တွေက အမျိုးသားဇာ့ဂ်တွေထပ် ပိုသန်မာကြပါတယ်၊ အဲဒါကြောင့်မို့ လုမော့ကို အောက်ထပ်လို့ မထင်လိုက်ပါနဲ့နော်🤣 လုမော့အရွယ်ရောက်လာပြီးရင်တော့ ကာဗာထဲကလို တောင့်တောင့်ဖြောင့်ဖြောင့်ကြီး ဖြစ်လာမှာပါ🤣