👾Chapter 89
(တစ်ယောက်ယောက်ကို ဘာ့ကြောင့်များ ဒီလောက်ထိ သဘောကျနိုင်ရတာလဲ …)
ဟယ့်ယွင်ထင်က တစ်နေ့တာ ပင်ပန်းခဲ့သမျှ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူက သူကိုယ်တိုင်ပင် သတိမထားမိပဲ ညှင်သာစွာ ထူးလိုက်၏။
“အင်း …”
လင်းဟန်သည် အပြင်ဘက်သို့ ရောက်နေပုံပေါ်သည်။ ထိုသူ၏ အနောက်ဘက်ရှိ ပတ်ဝန်းကျင်မှာ ဆူညံနေ၏။
“ကျွန်တော် အများသုံးယာဉ်ဆီ သွားနေတာ … ဒီနေ့ စောစောပြန်လို့ရအောင်လေ …”
“အင်း ..”
ဟယ့်ယွင်ထင်က ခပ်တိုတိုသာ ပြန်ဖြေလိုက်၏။
“ဒီနေ့ ချီကျားမူက လေ့ကျင့်ရေးအတွက် ဌာနကို ပြန်သွားတယ် … ကျွန်တော် ဘာမှလုပ်စရာမရှိတာနဲ့ သူ့ကို မဆက်သွယ်ဖြစ်ဘူး …”
လင်းဟန်က လိမ်လိမ်မာမာ တစ်ခုမကျန် ပြောပြလေသည်။
သူက ဒီအတိုင်းပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဟယ့်ယွင်ထင်က တစ်စုံတစ်ခုကို သတိရသွားကာ မျက်ခုံးပင့်လိုက်၏။
“လင်းဟန် …”
သူက မေးလိုက်သည်။
“အခု အားလား …”
လင်းဟန်က ဟယ့်ယွင်ထင်၏ မေးခွန်းကို နားမလည်ချေ။ သူက တစ်ဖက်လူမမြင်နိုင်မှန်း သိသော်လည်း ခေါင်းညိတ်လိုက်မိ၏။
“ဘာဖြစ်လို့လဲ …”
“ကိုယ်မင်းအကူအညီလိုလို့ …”
ဟယ့်ယွင်ထင်က ပြောသည်။
“ကိုယ်ဘယ်မှာနေလဲ မင်းသိလား …”
လင်းဟန်သည် ဟယ့်ယွင်ထင်၏ စံအိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်၏။
ထိုသူက များသောအားဖြင့် ဌာနတွင်သာ နေလေ့ရှိပြီး အိမ်၌မူ နှစ်ဝက်ပင် ပြည့်အောင်နေလေ့မရှိချေ။ မည်သို့ပင်ဖြစ်စေ၊ ဤအိမ်သည် အဆင့်အတန်းကို ပြသသည့် အရာတစ်ခုဖြစ်သဖြင့် ဟယ့်ယွင်ထင် မနေသည့်တိုင် ကောင်းမွန်စွာ ရှင်းလင်းထားပုံပေါ်၏။ လင်းဟန်က ဂိတ်ဝအား ဖြတ်သန်းလာချိန်အထိ တအံ့တဩ ဖြစ်နေခဲ့သည်။
သူက ဟယ့်ယွင်ထင် ပေးခဲ့သည့် သော့ဖြင့် နောက်ထပ်တံခါးတစ်ခုအား ဖြတ်သန်းလာခဲ့သည်။ ထို့နောက် ဟိုဟိုဒီဒီ မစပ်စုပဲ ဟယ့်ယွင်ထင်၏ စာကြည့်ခန်းသို့သာ တန်းတန်းမတ်မတ် သွားလိုက်၏။
“ကျွန်တော် ရောက်ပြီ …”
သူက ပြောလိုက်သည်။
“ခင်ဗျား ဘာကို ရှာစေချင်တာလဲ …”
ဟယ့်ယွင်ထင်က ကုလားထိုင်ကို မှီလိုက်သည်။ သူ့မျက်နှာထက်ရှိ အမူအရာမှာ ပြေလျော့နေခြင်း မရှိချေ။
“ကိုယ် လက်တွေ့ကွင်းဆင်းရတိုင်း မှန်မှန်ကန်ကန်ရှိမရှိ၊ အသေးစိတ်ကျမကျ သေချာချင်တဲ့အတွက် ကိုယ်နေ့တိုင်း မှတ်တမ်းရေးထားခဲ့တယ် … ကိုယ်ဘာလုပ်ခဲ့တယ် … ဘယ်အချိန်မှာ လေ့ကျင့်ကွင်းကို ရောက်တယ်ဆိုတာမျိုးပေါ့ …”
ဟယ့်ယွင်ထင်က ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကပဲ ….”
“ဗွီ ပရိုတွန်နဲ့တော့ မဆိုင်ပါဘူး .. ဒါပေမယ့် …”
ဟယ့်ယွင်ထင်က နေ့စွဲတစ်ခုကို ပြောလိုက်၏။
“ကိုယ့်ကို အဲဒီ့နေ့ကမှတ်တမ်းရှာပေးနိုင်မလား ..”
လင်းဟန်သည် ထိုနေ့ရက်နှင့် ရင်းနှီးနေ၏။ လွန်ခဲ့သော သုံးနှစ်က ထိုနေ့တွင် တစ်ဖက်လူသည် သူ့အား အတူတွဲကရန် ဖိတ်ခေါ်ခဲ့သည်။ သူက ဟယ့်ယွင်ထင်အား ‘ပျော်ရွှင်စရာမွေးနေ့ပါ’ ဟု ပြောခဲ့၏။
သူတို့နှစ်ဦးကမူ ထိုစဉ်ကကဲ့သို့ သူစိမ်းများ မဟုတ်တော့ချေ။
လင်းဟန်က ပြုံးလိုက်ရင်း ဟယ့်ယွင်ထင်၏ လမ်းညွှန်မှုအတိုင်း ရေးသွင်းချက် တစ်ခုချင်းစီကို စစ်ဆေးလိုက်၏။
“ခဏနော် …”
“အင်း …”
ဟယ့်ယွင်ထင်က အလေးအနက် ပြန်ဖြေ၏။
သူက လုအန်းဟယ်အား မယုံကြည်ခြင်း မဟုတ်ချေ။ ထိုနေ့၌ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သော်လည်း သူ့အား ပြောပြရန် အဆင်မပြေဟု တစ်ဖက်လူက ဝန်ခံခဲ့၏။ သူသည်လည်း ရှင်းပြ၍မရသော ထူးဆန်းမှုအား ခံစားမိနေသည်။ သူ၏ မှတ်ဉာဏ်ထဲ၌ အဆိုပါနေ့ရက်သည် သာမန်နေ့တစ်နေ့သာ ဖြစ်၏။ သို့သော် သူက ကသိကအောက်ဖြစ်မှုအား ခံစားနေရဆဲပင်။
ဟယ့်ယွင်ထင်က လက်ရှိအချိန်၌ ထိုအရာကို စဉ်းစားရန် မသင့်တော်ကြောင်းသိ၏။ ထို့အပြင် သူ၏ လက်ထောက်ကိုလည်း ကောင်းစွာသိလေသည်။ သူတို့က စစ်မြေပြင်၌ တစ်ဦးနှင့်တစ်ဦး ကျောခိုင်းနိုင်ကြသည့် အတူသေ၍ အတူရှင်မည့် ရဲဘော်ရဲဘက်များ ဖြစ်ကြ၏။
လုအန်းဟယ်သည် သူ့အား လိမ်ညာမည်မဟုတ်ပေ။ သူ မပြောလိုသည့် တစ်စုံတစ်ခု ရှိနေလျှင်ပင် ထိုသူက မိမိ၏ကိုယ်ကျိုးအတွက် တစ်စုံတစ်ရာအား ဖုံးကွယ်ထားမည့်လူစား မဟုတ်ပေ။
ဟယ့်ယွင်ထင်က သူ့ကိုယ်သူ မယုံကြည်ခြင်းသာဖြစ်၏။
“တွေ့ပြီ …”
လင်းဟန်က ရုတ်တရက် ထပြောလိုက်သည်။
“လေ့ကျင့်ရေးကွင်း၏ မနက်ခင်းမှတ်တမ်း …”
လင်းဟန်က ဟယ့်ယွင်ထင်အား လေ့ကျင့်ခန်း တစ်ခုပြီးတစ်ခု၏ အမည်များကို ဖတ်ပြခဲ့သည်။ ဟယ့်ယွင်ထင်သည်လည်း သူမှတ်မိသည့် မှတ်ဉာဏ်နှင့် ပြန်တိုက်ကြည့်နေခဲ့၏။
မနက်ခင်းမှတ်တမ်း ပြီးဆုံးချိန်၌ ဟယ့်ယွင်ထင်က လင်းဟန်ဖတ်ပြမည်ကို ဆက်လက်စောင့်ဆိုင်းနေခဲ့သည်။ သို့သော် တစ်ဖက်လူက မည်သည့်အရာကိုမှ မဖတ်တော့ချေ။ ဟယ့်ယွင်ထင်က မေးလိုက်၏။
“ဘာလို့ ရပ်လိုက်တာလဲ …”
လေ့ကျင့်ရေးမှတ်တမ်းများအရ ပိုင်းလော့များကို အဘက်ဘက်တွင် သာလွန်အောင် လေ့ကျင့်ပေးရမည်ဖြစ်သည်။ နေ့ခင်းပိုင်း၌ မက်ခါဖြင့်ပစ်ခတ်ခြင်း လေ့ကျင့်ရေး ရှိ၏။
“ဟမ် …”
သို့သော် လင်းဟန်၏ အသံ၌လည်း နားမလည်မှုများ ပါဝင်နေသည်။
“ကျွန်တော် ဖတ်ပြီးပြီလေ …”
မကောင်းသည့် ခံစားချက်က ဟယ့်ယွင်ထင်၏ ရင်တွင်း၌ ပေါ်ပေါက်လာ၏။
“နေ့ခင်းပိုင်း မှတ်တမ်းတွေကရော …”
“မရှိဘူး …”
လင်းဟန်က ဟယ့်ယွင်ထင် အဘယ့်ကြောင့် ထိုသို့မေးလာမှန်း မသိသည့်တိုင် အမှန်အတိုင်းသာ ပြန်ဖြေလိုက်သည်။
“လွန်ခဲ့တဲ့သုံးနှစ်က ခင်ဗျား တနေ့ခင်းလုံး ဌာနမှာမရှိခဲ့ဘူးတဲ့ …”
လင်းဟန်က ဟယ့်ယွင်ထင်၏ ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။
“ဘာဖြစ်လို့လဲ …”
ဟယ့်ယွင်ထင်က ထိတ်လန့်မှုမှ ပြန်လည်မသက်သာသေးချေ။ သို့သော် သူက ဖုံးကွယ်ခြင်းနှင့် အသားကျနေခဲ့သည်ဖြစ်ရာ ကိုယ်တိုင်ပင် မသိလိုက်ပဲ ငြင်းပယ်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး …”
သူက လင်းဟန်အား မည်သည့်အရာကိုမှ မဖုံးကွယ်လိုချေ။ သို့သော် သူတို့နှစ်ဦး ဝေးကွာနေချိန်၌ တစ်ဖက်လူအား သူ မစိုးရိမ်စေလို။ သူက လင်းဟန်အား ပြောရင်း သူ အမှတ်မှားနေခြင်းပေလောဟု တွေးမိလာ၏။
သူက သူ့ကိုယ်သူပင် သံသယဝင်လာခဲ့သည်။
သို့သော် ဟယ့်ယွင်ထင်သည် သူ၏ မှတ်ဉာဏ်အပေါ် ရာနှုန်းပြည့်နီးပါး ယုံကြည်ချက်ရှိ၏။ သူက ကိစ္စများကို ကြုံတွေ့ရလေတိုင်း မှတ်သားထားလေ့ရှိသည်။ သူက ထိုနေရာ၌ ကွာဟချက်တစ်ခုခု ရှိနေရမည်ဟု တွေးကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ တစ်စုံတစ်ခု ပျောက်ဆုံးနေခြင်းသာ ဖြစ်ရပေမည်။ ပြန်လည်တွေး၍ ဆန်းစစ်လိုက်သည်နှင့် ပြဿနာ၏ အရင်းအမြစ်ကို ရှာတွေ့နိုင်မည်သာ။
သို့သော် ယခုမူ အလွန်နောက်ကျနေလေပြီ။ မနက်ဖြန်တွင်လည်း မစ်ရှင်ရှိနေသေးသည်ဖြစ်ရာ လွန်ခဲ့သော သုံးနှစ်က အဖြစ်အပျက်အား ပြန်လည်တွေးရန် မသင့်တော့ချေ။
လင်းဟန်က မည်သည့်မေးခွန်းကိုမှ ထပ်မမေးခဲ့ချေ။ သို့သော် စိုးရိမ်တကြီးဖြင့် ပြောလာ၏။
“ခင်ဗျား စစ်ဆေးဖို့ကျန်တာ ရှိသေးလား …”
ဟယ့်ယွင်ထင်၏ အသံမှာ ပုံမှန်အတိုင်းဖြစ်သည်။ သူက မရှိတော့ကြောင်း ပြောလိုက်၏။
“ဒါပေမယ့် မင်းနောက်ရက်နည်းနည်းကြာတဲ့အထိ ဒီနေရာကို ခဏခဏလာပေးနိုင်မလား …”
လင်းဟန်က သဘောတူလိုက်ပြီး မည်သည့်မေးခွန်းကိုမှ ထပ်မမေးတော့ချေ။
သူတို့နှစ်ဦးက မိနစ်အနည်းငယ်ကြာသည်အထိ စကားပြောခဲ့ကြ၏။ လင်းဟန်က ဟယ့်ယွင်ထင်၏ စာကြည့်ခန်းအား အနည်းငယ် ရှင်းလင်းပေးပြီးနောက် ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။
“ခင်ဗျား စာကြည့်ခန်းက ကျယ်လိုက်တာ …”
လင်းဟန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒီစံအိမ်ရောပဲ … ခင်ဗျားဒီမှာ ကြာကြာမနေတတ်ဘူး မဟုတ်လား …”
“တစ်ယောက်ယောက်က ပုံမှန်လာရှင်းပေးတယ်လေ … အိမ်တော်ထိန်းက စီမံထားတာ …”
ဟယ့်ယွင်ထင် ပြန်ဖြေလိုက်သည်။
“အိုး …”
လင်းဟန်က ဖြေ၏။
“ကျွန်တော် ပြန်တော့မယ် ..”
သူတို့နှစ်ဦးက တစ်နေ့ညက အဖြစ်အပျက်အား အနည်းငယ် ရှက်ရွံ့နေကြဆဲဖြစ်သည်။ သူတို့က တစ်ဖက်လူ၏ အသံမှတဆင့် ထိုသူ၏ အမူအရာကို ခံစားမိနေ၏။ သို့သော် သူတို့နှစ်ဦးလုံးသည် အရွယ်မရောက်သေးသည့် ကလေးများကဲ့သို့ပင် ဗီဒီယိုခလုတ်အား မနှိပ်ရဲခဲ့ကြချေ။
“လင်းဟန် …”
ဟယ့်ယွင်ထင်က စကားလွှဲလိုက်သည်။
“ကိုယ် ချီကျားမူကို မင်းနောက်လိုက်ခိုင်းလိုက်မယ် … ရှုကျစ်ဟန်ရဲ့ ဓာတ်ခွဲခန်းထဲက ချီကျားဇယ်ကို စစ်ဆေးကြည့်ပေးပါ … သူ ပိုပြီးတိုးတက်လာတယ်လို့ ကိုယ်ကြားတယ် … ကြည့်ပြီးကိုယ့်ကိုပြန်ပြောပေးနော် …”
“အိုခေ …”
“ချီကျားမူကိုလည်း မစိုးရိမ်နဲ့ … သူ့မှာ နောက်ဆုံးတံခါးအတွက် သော့မရှိဘူး … သူ့ညီက အခုထိ ကုသဖို့လိုအပ်နေတုန်းပဲ …”
ဟယ့်ယွင်ထင်က လင်းဟန်၏ စိုးရိမ်မှုကို နားလည်သကဲ့သို့ ဆို၏။
“ခင်ဗျားကရော …”
လင်းဟန်က မေးရန်ပင် မလိုအပ်သည့်မေးခွန်းမှန်း သိနေ့သည့်တိုင် မမေးပဲ မနေနိုင်ခဲ့ချေ။
“ခင်ဗျား အဆင်ပြေရဲ့လား …”
ဟယ့်ယွင်ထင်က အနည်းငယ်ပင် မတုံ့ဆိုင်းပဲ ပြန်ဖြေ၏။
“ဘာမှမဖြစ်ပါဘူး … အစီအစဉ်ကို အကောင်အထည်ဖော်တော့မှာလေ …”
လင်းဟန်က ဟယ့်ယွင်ထင် ပြောခဲ့သည်များကို အမှတ်ရလိုက်သည်။
“ဗွီပရိုတွန်က ပြဿနာရှိနေတာလား …”
ချီကျားဇယ် သူ့အား စစ်သင်္ဘောပေါ်၌ တိုက်ခိုက်ခဲ့စဉ်က ဟယ့်ယွင်ထင်သည် တုံ့ဆိုင်းခြင်းမရှိ သေနတ်ဆွဲထုတ်ခဲ့သည်။ ဗွီပရိုတွန်ရှိ လူများသည်လည်း တူညီသော ကူးစက်မှုအား ရင်ဆိုင်နေရခြင်း ဖြစ်နိုင်၏။ ဟယ့်ယွင်ထင်၏ ဖြေရှင်းပုံအရဆိုလျှင် သေချာပေါက် သွေးချောင်းစီးမည်သာ။
“ဘာမှမဖြစ်ပါဘူး …”
ဟယ့်ယွင်ထင်က လင်းဟန်အား သူ၏ အစီအစဉ်ကို မပြောပြလိုခဲ့ချေ။ သူက တစ်ဖက်လူ သူ့ကြောင့် ထိတ်လန့်သွားမည်ကို စိုးရိမ်နေခဲ့၏။
သို့သော် လင်းဟန်က တစ်ခုနှစ်ခုကို ခန့်မှန်းမိလိုက်ဆဲပင်။
“ခင်ဗျား ဘာလုပ်လုပ် မှန်မှာပါ …”
“သံသယမဝင်နေနဲ့ …”
လင်းဟန်က ပြောသည်။
“ကျွန်တော် အမြဲ ခင်ဗျားဘက်မှာ ရှိနေမယ် …”
ဟယ့်ယွင်ထင်ထံမှ အတန်ကြာသည့်တိုင် မည်သည့်အသံမှ ထွက်မလာခဲ့ချေ။
လင်းဟန်က တစ်ဖက်လူ အိပ်မောကျသွားခြင်း သို့မဟုတ် တစ်စုံတစ်ခု ဖြစ်ပျက်သွားခြင်းဟု ထင်လိုက်၏။ ထိုအချိန်မှသာ တစ်ဖက်လူက ညှင်သာစွာ ပြန်ဖြေလာသည်။
“ကောင်းပြီ ..”
“ကိုယ်ကို စောင့်နေပါ …”
“ဒါဆို အိပ်ရာစောစောဝင်တော့ .. နောက်ကျနေပြီ …”
လင်းဟန်က မခွဲနိုင်မခွာရက် ဖြစ်နေသည့်တိုင် သူ့ကိုယ်သူ တွန်းအားပေး၍ လက်လျှော့လိုက်၏။
“ကျွန်တော် မနက်ဖြန် ချီကျားမူနဲ့ ပြောလိုက်မယ် …”
“အင်း …”
လင်းဟန်က ဖုန်းချလိုခဲ့သည်။ သို့သော် တစ်ချိန်ထဲမှာပင် ဟယ့်ယွင်ထင်၏ စကားသံကိုလည်း ပို၍ ကြားလိုနေပြန်၏။
သို့သော် ဟယ့်ယွင်ထင်သည် တစ်ခါတစ်ရံ အလွန်တည့်တိုးဆန်လှသည်။ သူက လင်းဟန်ထံမှ အတန်ကြာသည်အထိ မည်သည့်စကားသံမှ မကြားရသဖြင့် နားမလည်စွာ မေးလိုက်၏။
“ဘာဖြစ်လို့လဲ …”
“ဘာမှမဟုတ်ပါဘူး …”
လင်းဟန်က ပြုံးလိုက်သည်။ သူ၏ မျက်ဝန်းများ၌ နူးညံ့မှုများ ပြည့်နှက်နေ၏။ သူက တစ်ဖက်လူ၏ အမည်ကို ခေါ်လိုက်သည်။
“ဟယ့်ယွင်ထင် …”
“ကျွန်တော် မနက်ဖြန် ချီကျားမူနဲ့သွားပြီး ပြန်လာရင် … ခင်ဗျားအိမ်မှာ အိပ်လို့ရလား …”
လင်းဟန်က စကားမဆုံးခင် ရှက်သွေးဖြာသွား၏။ သူတို့နှစ်ဦး ဗီဒီယိုနှင့်ပြောနေခြင်း မဟုတ်သည်မှာ ကံကောင်းလှသည်။ သူက အကြောင်းပြချက်ပင် ပေးလိုက်သေး၏။
“ကျွန်တော် … ဒီလောက်ကြီးတဲ့အိမ်ကြီးမှာ မနေဖူးလို့ပါ …”
သူက ဟယ့်ယွင်ထင်သည် သူ၏ ဆင်ခြေကို သတိပြုမိမည်မှန်း နားလည်သည်။ သို့သော် သူ ဂရုမစိုက်ချေ။
“ကောင်းပြီလေ …”
ဟယ့်ယွင်ထင်က မည်သည့်မေးခွန်းကိုမှ မေးမလာခဲ့ချေ။ သူ့အသံကပင် ယခင်ထက်ပို၍ ပြေပြစ်နေ၏။ သူက ရှားရှားပါးပါး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
“မင်းသဘောပါ …”
….
နောက်တစ်နေ့မနက်တွင် လင်းဟန်သည် ချီကျားမူအား ဆက်သွယ်ခဲ့သည်။ သူက အလုပ်မှ နာရီဝက်စောဆင်းကာ ရှုကျစ်ဟန်၏ ဓာတ်ခွဲခန်းရှိရာသို့ ချီကျားမူနှင့်အတူ သွားရောက်ခဲ့၏။
လတ်တလောတွင် ဌာနရှိ လုပ်ဖော်ကိုင်ဖက်များသည် သူတို့၏ အလုပ်ကြမ်းပိုးလေးတစ်ဦး အိုဗာတိုင်မဆင်းသဖြင့် အံ့အားသင့်နေခဲ့ကြသည်။ ထိုသူက အလုပ်သို့ မနက်စောစော ရောက်လာခြင်းလည်း မရှိတော့ချေ။ လူများနှင့် ပို၍ တွေ့ဆုံလာပြီး တစ်ခါတစ်ရံ စစ်တပ်၏ အထူးယာဉ်ပျံပေါ်သို့ပင် တက်သွားသေး၏။ လူများက မက်ခါများအပေါ် အလွန်စွဲလမ်းသည့် လင်းဟန်၌ ဤသို့သော နေ့ရက်မျိုး ရှိလာခြင်းအပေါ် မယုံနိုင် ဖြစ်နေခဲ့ကြသည်။
ထိုသူက စစ်တပ်အတွင်းရှိ တစ်စုံတစ်ဦးနှင့် သိကျွမ်းပုံပေါ်၏။ သူတို့က သူ၏မျက်လုံးထဲသို့ မည်သည့် အယ်လ်ဖာ ရောက်လာခဲ့သည်ကို စပ်စုလိုခဲ့ကြသည်။ လင်းဟန်သည် အလုပ်ကိုသာ စိတ်ဝင်စားတတ်သူဖြစ်သည့်တိုင် တစ်စုံတစ်ဦးအား အမှန်တကယ် ချစ်မိသွားခဲ့သည်ပင်။
လင်းဟန်က လက်တွေ့ကွင်းဆင်းတုန်း တစ်ယောက်ယောက်နဲ့ တွေ့လာတာလား …
ပထမအချက်အနေဖြင့် သူတို့က ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်အား ပယ်လိုက်ကြ၏။ အဆုံးသတ်တွင် သူတို့နှစ်ဦးသည် အင်ပါယာတွင်း၌ မရှိကြချေ။ ဒုတိယအနေဖြင့် ယာဉ်ပျံ၏ အနေအထားမှာ မနိမ့်ပါးလှသည့်အလျောက် တစ်ဖက်လူသည် ရာထူးကြီးကြီးထဲမှ ဖြစ်တန်ရာ၏။
လုပ်ဖော်ကိုင်ဖက်များက စပ်စပ်စုစု မေးမြန်းကြသည့်တိုင် မည်သည့်အယ်လ်ဖာဖြစ်ကြောင်း မခန့်မှန်းနိုင်သေးပဲ ရှိနေကြသည်။ သို့သော် လင်းဟန်က ထိုသူများ၏ အတွေးကို ဂရုမစိုက်ပဲ ချီကျားမူနှင့်အတူ ဓာတ်ခွဲခန်းသို့သာ သွားရောက်ခဲ့၏။
ဓာတ်ခွဲခန်းသည် ရှုကျစ်ဟန် ခြိမ်းခြောက်ခံရပြီးသည့်နောက် ပြန်လည်ပြုပြင်ထားခြင်းဖြစ်သည်။ အတွင်းမှအပြင်အထိ သော့အထပ်ထပ် ခတ်ထားပြီး ချီကျားမူ၌ အပြင်ဘက်သော့ တစ်ခုသာ ရှိ၏။ အတွင်းဘက်သို့ ရောက်လာလေလေ၊ ချီကျားမူ၏ မျက်နှာမှာ ပို၍ စိုးရိမ်လာလေ ဖြစ်ကြောင်း လင်းဟန် သတိပြုမိလိုက်သည်။ သူက လက်မခံနိုင်သည့် မြင်ကွင်းတစ်ခုအား ရင်ဆိုင်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်တန်ရာ၏။
သို့သော် ကံကောင်းစွာဖြင့် ခင်းကျင်းမှုအားလုံးသည် ရှုကျစ်ဟန် မထွက်သွားခင်က အခြေအနေအတိုင်း ရှိနေသည်။ စောင့်ကြည့်စနစ်သည်လည်း ချို့ယွင်းချက်တစ်ခုပင် မရှိချေ။
ချီကျားဇယ်ကမူ အေးစက်စက် ဓာတ်ခွဲခန်းအိပ်ရာထက်၌ တိတ်ဆိတ်စွာ လဲလျောင်းနေ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ငြိမ်သက်နေ၏။ သူမည်မျှကြာအောင် အိပ်စက်နေကြောင်းကိုမူ မည်သူမှ သိနိုင်မည်မဟုတ်ပေ။ သူ၏ မျက်နှာသည် ဖြူဖျော့နေ၏။ သူက စားသောက်ရန်မလိုအပ်ချေ။ အထူးအာဟာရ ဓာတ်စာများက သူ့ခန္ဓာကိုယ်တွင်းသို့ အပ်ကလေးများမှတဆင့် စီးဆင်း လည်ပတ်လျှက်ရှိ၏။
ချီကျားမူက ဖန်တံခါးကို ခေါက်လိုက်မိသည်။ သူက ဆယ်ကျော်သက်လေး၏ အမည်ကို ခေါ်လိုက်၏။
“အားဇယ် …”
“အားဇယ် … အားဇယ် … ကိုကိုလာတယ်လေ …”
သူ့အသံမှာ ကျယ်လောင်ခြင်းမရှိချေ။ သို့သော် ခဏအကြာ၌ ဓာတ်ခွဲခန်းထဲရှိ ဆယ်ကျော်သက်လေးက အမှန်တကယ် လှုပ်ရှားလာ၏။ သူ၏ မျက်တောင်များက လှုပ်ရှားသွားကာ မျက်ဝန်းများ ဖြည်းဖြည်းချင်း ပွင့်လာခဲ့သည်။ သူ့နားရွက်ကလေးများက မည်သည့်အသံကိုမှ မကြားနိုင်သည့်တိုင် တစ်စုံတစ်ဦး သူ့အား ခေါ်နေကြောင်း ခံစားမိပုံရ၏
ချီကျားဇယ်၏ မျက်ဝန်းများ လှုပ်ရှားသွားကာ ဘေးဘက်သို့ ခပ်တောင့်တောင့်လေး လှည့်ကြည့်လာသည်။
လင်းဟန်က သူ့လည်ပင်းအနောက်ဘက်ရှိ ဒဏ်ရာမှာ သက်သာလာပြီဖြစ်ကြောင်း သတိပြုမိလိုက်၏။ ဂလင်းသည် အနည်းငယ် ချောင်နေသည့်တိုင် ကြောက်စရာကောင်းသည့်ပုံ မပေါ်တော့ချေ။
ချီကျားမူက သူ့အမည်အား ဆက်လက်ခေါ်နေခဲ့၏။ အတန်ကြာသည့်နောက် လူငယ်လေးက တစ်ဖက်လူ၏ နှုတ်ခမ်းအဖွင့်အပိတ်ကို နားလည်ဟန်ဖြင့် ဓာတ်ခွဲခန်းအိပ်ရာထက်မှ ထလာခဲ့သည်။ ထို့နောက် ဖန်တံခါးရှိရာသို့ ဦးတည်လာ၏။ သူ့နှုတ်ခမ်းလေးများက လှုပ်ရှားနေခဲ့သည်။
သူက “ကိုကို …” ဟု ပြောနေသည့်ပုံပင်။
လင်းဟန်သည် ချီကျားမူ ငိုတော့မည်ဟု ထင်လိုက်၏။
သို့သော် တစ်ဖက်လူက ဓာတ်ခွဲခန်းအတွင်းရှိလူကိုသာ မျက်ဝန်းနီနီများဖြင့် ငေးကြည့်လျှက် စကားဆိုနေခဲ့၏။ သူက သူ၏ ညီဖြစ်သူအား ထားခဲ့ပြီးသည့်နောက် ဖြတ်သန်းခဲ့သည့်အရာများ၊ ဌာနသို့ ရောက်လာခဲ့ပုံနှင့် နေ့တိုင်း အဆင်ပြေပြေ ဖြတ်သန်းခဲ့ကြောင်း ပြောပြနေခဲ့သည်။ ဆယ်ကျော်သက်လေးသည်လည်း တုံ့ပြန်လာခဲ့၏။ သူက ဖန်တံခါးထံသို့ ဦးတည်လာခဲ့သည်။ သူက တစ်ဖက်လူအား မထိနိုင်ကြောင်း သိနေသည့်တိုင် ချီကျားမူ၏ လက်အား လေထုကိုဖြတ်သန်းကာ ဆုပ်ကိုင်လိုသကဲ့သို့ သူ၏ လက်ငါးချောင်းကို ဖြန့်လျှက် ရှိနေခဲ့၏။
သူတို့ ထွက်ခွာတော့မည့် အချိန်၌ ချီကျားမူက ပြောလိုက်သည်။
“မင်း သက်သာလာရင် ကိုကိုက မင်းပစ္စည်းတွေကို ခန်းမမှာထားပေးမယ်နော် … ဒီလိုဆို ပျောက်သွားမှာ စိုးရိမ်စရာမလိုတော့ဘူး …”
ချီကျားမူက ဓာတ်ခွဲခန်းအတွင်းမှ ထွက်လာပြီးနောက် သူ့ကိုယ်သူ ပြန်လည်ထိန်းသိမ်းနိုင်သွား၏။ သူက လင်းဟန်အား မေးလာခဲ့သည်။
“မစ္စတာလင်း … ကျွန်တော် အိမ်ပြန်ပို့ပေးရမလား …”
လင်းဟန်က ခေါင်းညိတ်တော့မည့် အချိန်၌ တစ်ချက်တွေးကာ ပြောလိုက်၏။
“ကူးလုလုကို ကျွန်တော့်အတွက် ပြန်ခေါ်ပေးနိုင်မလား …”
ချီကျားမူ နားမလည်ဖြစ်သွားသည်။
“မစ္စတာလင်း … ဘယ်ကိုများ သွားလိုပါသလဲ …”
လင်းဟန်က ဟယ့်ယွင်ထင်၏ အိမ်လိပ်စာအား ရွတ်ပြလိုက်သည်။
ချီကျားမူက နားလည်ဟန်ဖြင့် မည်သည့်မေးခွန်းကိုမှ ထပ်မမေးတော့ချေ။
ကူးလုလုအား ခေါ်ဆောင်ပြီးသည့်နောက် ချီကျားမူသည် လင်းဟန်အား စံအိပ်သို့ တာဝန်ကျေစွာ ပို့ဆောင်ပေးခဲ့၏။ ယာဉ်ပျံထဲ၌ သတ္တဝါငယ်လေးတစ်ကောင် ရှိနေခြင်းကြောင့်ထင့်၊ ချီကျားမူက အရှိန်ကို သိသိသာသာ နှေးချလိုက်၏။
“သူ မူးတော့ မမူးတတ်ပါဘူးနော် …”
လင်းဟန်က ချီကျားမူအား ကျေးဇူးတင်စကားဆိုကာ ပြုံးပြလိုက်သည်။
ဤနေ့ရက်များတွင် သူတို့နှစ်ဦးက အချိန်တော်တော်များများ အတူကုန်ဆုံးခဲ့ကြသည်။ ထို့ကြောင့် ချီကျားမူသည်လည်း စကားပိုပြောလာ၏။
“မစ္စတာလင်း … ဂယ်လက်တစ် ပြပွဲခန်းမကို ရောက်ဖူးလား …”
လင်းဟန်က ကူးလုလုကို ချီလျှက် ပြန်ဖြေလိုက်၏။
“ဟင့်အင်း … ဘာဖြစ်လို့လဲ …”
ချီကျားမူက နောင်တရနေပုံပေါ်၏။
“ကျွန်တော် အားဇယ်ရဲ့ ပစ္စည်းတစ်ခု ထားချင်လို့ပါ …”
သူက မည်သည့်ပစ္စည်းဖြစ်ကြောင်း မပြောခဲ့ချေ။
“အရပ်သားဒေသက ကလေးအနေနဲ့ အားဇယ်က ချူချာတယ်လေ … ဒါပေမယ့် သူက အဲဒီ့နေရာကိုသွားပြီး သူ့အတွက် တန်ဖိုးကြီးတယ်လို့ ယူဆထားတဲ့အရာတစ်ခုကို သိမ်းထားချင်နေတာ … ကျွန်တော့်မှာ တန်ဖိုးရှိတာ တစ်ခုမှ မရှိပေမယ့် အားဇယ်မှာတော့ ရှိတယ်လေ …”
ချီကျားမူက ပြောသည်။
“ပြီးတော့ အခု ကျွန်တော့်မှာ ပိုက်ဆံရှိလာပြီ … သိမ်းဆည်းခအတွက် ပေးနိုင်မလားတော့ ကျွန်တော် မသိသေးဘူး …”
“ဒါပေမယ့် ကျွန်တော် သူ့ကို လိုက်ပြချင်နေတုန်းပဲ ... သူပြန်ကောင်းလာတဲ့အခါကျရင်ပေါ့ …”
ချီကျားမူက စကားများနေသလို ခံစားလိုက်ရပြီး ရှက်ရွံ့စွာပြုံးလိုက်၏။
“ကျွန်တော်က မစ္စတာလင်းကို ရောက်ဖူးမယ်ထင်လို့ မေးကြည့်လိုက်တာပါ …”
မကြာခင်မှာပင် ယာဉ်က စံအိမ်၏ ယာဉ်ရပ်နားရာနေရာသို့ ရောက်ရှိလာ၏။ ချီကျားမူက မတော်တဆမှုဖြစ်မည်ကို စိုးရိမ်နေသည့်အလျောက် လင်းဟန်အား တံခါးဝအထိ လိုက်ပို့ပေးခဲ့သည်။
“ကျွန်တော်လည်း အရင်က အဲဒီ့လိုလုပ်ချင်ခဲ့ဖူးတယ် …”
လင်းဟန်က လှည့်၍ ပြောလိုက်သည်။
“အခုလည်း စိတ်ဝင်စားနေတုန်းပါပဲ … စိတ်မရှိရင် ကျွန်တော် အဲဒီ့ကို ရောက်တဲ့အခါ ခင်ဗျားကို ပြောပြပါ့မယ် …”
ချီကျားမူက ခဏကြာ ကြောင်အသွား၏။ ထို့နောက် ကျေးဇူးတင်ဟန်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါ … မစ္စတာလင်း …”
လင်းဟန်က ကူးလုလုအား ဖက်ကာ စံအိမ်ထဲသို့ ဝင်လာခဲ့သည်။ သူက လျှောက်ကြည့်ရန် ရည်ရွယ်ချက် မရှိချေ။ သူက အိပ်ခန်းနှင့် စာကြည့်ခန်း ရှိနေသည့် အထပ်သို့သာ တက်လာခဲ့သည်။ ဟယ့်ယွင်ထင်၏ အခန်းသည် ဌာနရှိအခန်းနှင့် မခြားနားချေ။ ၎င်းက ငြီးငွေ့စရာကောင်းသော နောက်ထပ် ပုံစံတူ အခန်းသာဖြစ်၏။
လင်းဟန်နှင့် ကူးလုလုမှအပ အခန်းတွင်းရှိ အရာအားလုံးသည် နေရာတကျ ရှိနေသည်။ လင်းဟန်က ရှင်းလင်းသပ်ရပ်သည့် အခန်းနှင့် ဟယ့်ယွင်ထင်၏ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ကြည့်နေမိ၏။
ထိုသို့ဆိုလျှင် သူသည်လည်း အဆိုပါ တစ်ကိုယ်ရည်သုံးပစ္စည်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသင့်သည်။ သူက ကူးလုလုအား ချလိုက်၏။
သူက တစ်ဖက်လူ၏ ရနံ့ကို လွမ်းဆွတ်လာခဲ့သည်။
ထို့အပြင် ထိုသူ၏ သန်မာသော်လည်း ညှင်သာသည့် ပွေ့ဖက်မှု …
ထိုသူက ဤအိပ်ရာထက်၌ လဲလျောင်းခဲ့လိမ့်မည်။ ဟိုဟိုသည်သည်လူးလိမ့်ရင်း အိပ်မက်များ မက်ကာ ခဏခဏ နိုးထလာပေလိမ့်မည်။
သူ၏ အိပ်စက်သည့်ပုံစံသည်လည်း ပျင်းစရာကောင်းပေလိမ့်မည်။
သို့သော် လင်းဟန်က ထိုအကြောင်းကို မရပ်မနားတွေးတောနေမိ၏။
ကူးလုလုသည် ပတ်ဝန်းကျင် အပြောင်းအလဲကြောင့် စိတ်လှုပ်ရှားနေ၏။ ဟယ့်ယွင်ထင်၏ အိမ်သည် လင်းဟန်၏ တိုက်ခန်းထက် များစွာပို၍ ကျယ်ဝန်းလေသည်။ ထို့အပြင် သူတစ်ခါမှ မမြင်ဖူးသည့် အရာများစွာလည်း ရှိ၏။ ယခုအခါ ကူးလုလုသည် မီးလင်းဖိုအား စပ်စုနေလေသည်။
👾