👾Chapter 88
(မှတ်ဉာဏ် ပျောက်ဆုံးခြင်း)
လုအန်းဟယ်က သူ ရက်မှားပြောမိမည်ကို စိုးရိမ်သွားခဲ့သည်။ ထို့ကြောင့် သူက စောစောက ရက်ကိုသာ ပြန်ပြောလိုက်ရင်း တောင်းပန်လိုက်၏။
“ဘော့စ် … ကျွန်တော် မရည်ရွယ်ပါဘူး …”
ဟယ့်ယွင်ထင်က ဂရုမစိုက်ချေ။ လုအန်းဟယ်က ရက်မှားပြောခဲ့ခြင်းမဟုတ်ပဲ ထူးထူးခြားခြားမဟုတ်သည့် နေ့ရက်ကို ပြောမိခဲ့ခြင်းသာဖြစ်၏။ လုအန်းဟယ်သည် သူနှင့် အလွန်ကွဲပြားသည်။ မက်ခါအား ဇနီးသဖွယ် ဆက်ဆံသည့် လူတစ်ဦးအနေဖြင့် သူက ဟယ့်ယွင်ထင်နှင့် အသားကျနေသည့်တိုင် သူ၏ပင်ကိုယ်ပုံစံ ရှိနေသေး၏။
ထိုသူက ဇုစ်၏ နှစ်စဉ်မှတ်တမ်း တင်သွင်းသည့်နေ့မှအပ မည်သည့်နေ့ရက်ကိုမှ အထူးတလည် မှတ်သားထားခြင်း မရှိချေ။ ထို့ကြောင့် ဟယ့်ယွင်ထင်နှင့် စကားပြောစဉ် သူအတွေးလွန်သွားသည်မှာ မထူးဆန်းသည့်အချက် ဖြစ်၏။ သို့သော် လုအန်းဟယ် ထိုနေ့ရက်အား မှတ်မိနေခဲ့ပါက အဆိုပါဖြစ်ရပ်သည်လည်း ဖြစ်နိုင်ချေရှိ၏။
လုအန်းဟယ်က ဟယ့်ယွင်ထင်၏ အတွေးကို နားလည်သည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်၏။
“ဘော့စ် … ကျွန်တော် အတွေးလွန်သွားတယ် …”
“မင်း မပြောနိုင်တာ ရှိလား …”
ဟယ့်ယွင်ထင်က တည်ငြိမ်စွာ မေးလိုက်သည်။ သူက လုပ်ဖော်ကိုင်ဖက်များ၏ အတွင်းရေးကို စိတ်မဝင်စားချေ။ အထူးသဖြင့် တစ်ဖက်လူက ဖုံးကွယ်လိုသည့် ပြဿနာကို သူ မေးမြန်းမည်မဟုတ်ပေ။
လုအန်းဟယ်သည် အံကြိတ်ကာ ဟယ့်ယွင်ထင်အား တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။
“ဟုတ်ပါတယ် …”
တစ်ဖက်လူက ဝန်ခံလာပြီဖြစ်ရာ ဟယ့်ယွင်ထင် ဆက်မေး၍ မကောင်းတော့ချေ။ သူက ခေါင်းညိတ်ကာ ပြော၏။
“နားလည်ပြီ …”
ဟယ့်ယွင်ထင်က ထိုနေ့ရက်အား ပြန်လည်စဉ်းစားလိုက်၏။
သူက မွေးနေ့ကဲ့သို့ နေ့ရက်များကို ဂရုစိုက်လေ့မရှိချေ။ ထို့ကြောင့် လုအန်းဟယ်သည်လည်း သူ့အား လွန်ခဲ့သော နှစ်များအတွင်း ထိုနေ့ရက်မျိုးကို သတိမပေးခဲ့ခြင်းဖြစ်၏။ လုအန်းဟယ်က မည်သည့်အရာကို ဦးစားပေးရမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်၏။ အကယ်၍ သူ မပြောလိုသည့် ကိစ္စသည် ဗွီ ပရိုတွန်ကြယ်နှင့် ဆက်စပ်နေပါက ၎င်းကို လျှို့ဝှက်ထားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ၎င်းက အခြားအကြောင်းရင်း တစ်စုံတစ်ရာနှင့် ဆက်စပ်နေခြင်းသာ ဖြစ်ရပေမည်။
ဟယ့်ယွင်ထင်သည် စိတ်ဆိုးခြင်းမရှိပဲ စကားလွှဲလိုက်သည်။
“ဒါဆိုမင်းပြောကြည့် … ရှီးယွမ် နားထောင်ခဲ့တုန်းက ရှုကျစ်ဟန်က ဘယ်အကြောင်းကို ပို့ချနေတာလဲ …”
“သာမန်ပါပဲ … ပရော်ဖက်ဆာရှုရဲ့ သာမန်ပို့ချနေကျ အကြောင်းအရာတစ်ခုပါပဲ …”
လုအန်းဟယ်က တင်ပြ၏။
“ကျွန်တော် ထပ်ခါတလဲလဲ ဖွင့်ကြည့်ပြီးပါပြီ …”
“ကောင်းတယ် …”
သူတို့ စကားပြောနေစဉ်မှာပင် ဗွီ ပရိုတွန်ကြယ်၏ အုပ်ချုပ်သူသည်လည်း မျက်နှာပြလာခဲ့သည်။
ဝန်ကြီး၏ အမည်မှာ မူလအမည်မှာ ချန်းလင်ဖြစ်သည်။ သို့သော် ဗွီ ပရိုတွန်ဂြိုဟ်၏ နိုင်ငံရေးဖွဲ့စည်းပုံ အမျိုးမျိုးတို့ကြောင့် အားလ်ဟု အမည်ပေးခေါ်တွင် စေခဲ့၏။ ဟယ့်ယွင်ထင်သည် သူ့အား ယခင်က တစ်ကြိမ် တွေ့ဖူးခဲ့သည်။ ချန်းလင် ရုံးထိုင်စဉ်က ထိုသူ၌ ကြင်နာတတ်သော ခေါင်းဆောင်၏ ပုံရိပ်မျိုး ပိုင်ဆိုင်ထားခဲ့၏။ သို့သော် ယခုအခါ၌မူ သူ၏ ဝတ်စုံသည် တွန့်ကျေနေပြီး သူ့မျက်လုံးအောက်တွင် ထင်ရှားသော အနက်ရောင်စက်ဝိုင်းငယ်များ ရှိနေသည်။ သူက မတော်တဆမှုများ ဖြစ်ပေါ်လာချိန်မှစ၍ ကောင်းကောင်း အနားမယူခဲ့ရသည်မှာ ထင်ရှားသည်။
ချန်းလင်သည် သူတို့အား အလေးပြုလိုက်သည်။ ထို့နောက် အားတင်းပြုံးလျှက် ဆို၏။
“ဗိုလ်ချုပ် … ရောက်လာပြီပဲ …”
လုအန်းဟယ်က လက်ဆွဲနှုတ်ဆက်ရင်း ရှင်းပြလိုက်သည်။
“ကျွန်တော် ရပ်နားစခန်းက ထွက်မလာခင် ဆက်သွယ်ခဲ့တဲ့လူကို ရှာမတွေ့ခဲ့ဘူး … ဒါ့ကြောင့် ဒီကိုတန်းလာလိုက်တာ …”
မူလက စက်များထားရှိသည့် နေရာအကြောင်း စဉ်းစားရင်း ချန်းလင် သက်ပြင်းချလိုက်မိသည်။ သူ့မျက်ဝန်းများက နီရဲနေ၏။ သူက မျှော်လင့်ချက်အချို့ဖြင့် မေးလိုက်သည်။
“ဒါဆို … စခန်းက …”
“စိတ်မကောင်းပါဘူး … သာမန်လူတစ်ယောက်မှ မတွေ့ခဲ့ရတာကြောင့် ရှင်းလင်းလိုက်ရပါပြီ …”
လုအန်းဟယ်က ခပ်တိုးတိုး ပြန်ဖြေသည်။
“နားလည်ပါတယ် …”
ချန်းလင်၏ နှုတ်ခမ်းများ တုန်ယင်လာသည်။ အဖြေကို သူမျှော်လင့်ထားပြီး ဖြစ်သည့်တိုင် တကယ်တမ်းကြားလိုက်ရချိန်၌ စိတ်ဓာတ်ကျမှုအား သူ ခံစားလိုက်ရ၏။ သူက ခံစားချက်များကို ထိန်းချုပ်လျှက် တော်ဝင်စစ်သည်များကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော် ဘာတွေဖြစ်နေလဲဆိုတာ အသေးစိတ် ရှင်းပြပေးပါ့မယ် …”
ချန်းလင်က ဖြည်းဖြည်းချင်း ပြောပြလာ၏။ သူက စကားပြောနေရင်း အချိန်အတန်ကြာ မည်သည့်စကားကိုမှ ဆက်လက်မဆိုနိုင်တော့သည့် အခါများလည်း ရှိခဲ့သည်။ ထို့ကြောင့် ဟယ့်ယွင်ထင်တို့အဖွဲ့အား အခြေအနေအရပ်ရပ်ကို ရှင်းပြနိုင်ရန် အချိန်အတန်ကြာ ယူခဲ့ရလေသည်။
ဗွီ ပရိုတွန်ကြယ်သည် ဧကရာဇ်၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့ပြီးနောက် လူနေမှုဘဝ တိုးတက်လာခဲ့သည်။ တစ်ချိန်ထဲမှာပင် ဘီတာများ၏ အရေအတွက်မှာလည်း တိုးများလာခဲ့၏။ သို့သော် ဤနေရာ၌ လိင်ခွဲခြားခြင်း မရှိခဲ့ချေ။ ဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးသည့်တိုင် ထိုနေရာရှိ လေထုသည် အင်ပါယာထက်ပို၍ ကောင်းမွန်၏။
သူတို့တွင် ဆေးဘက်ဆိုင်ရာ အထူးစနစ်လည်း ရှိသည်။ ဆေးခန်းသို့ ပထမဆုံး လာရောက်သူမှာ သာမန်ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်၏။ ထိုကျောင်းသားသည် ပုံမှန်အတိုင်း နေနေရာမှ လည်ချောင်း မသက်မသာဖြစ်မှုကို ခံစားလာရသည်။ သူက ထိုအရာအား အာရုံမစိုက်ခဲ့ပဲ တစ်စုံတစ်ခုနှင့် ခိုက်မိခဲ့သည်ဟုသာ ထင်ခဲ့၏။
သို့သော် ဖြည်းဖြည်းချင်းဆိုသလို လည်ချောင်းနာခြင်းအပြင် အခြားသော လက္ခဏာရပ်များလည်း စတင်လာခဲ့သည်။
ကျောင်းသားက တက္ကသိုလ်ဆေးရုံသို့ ကုသရန် လာရောက်ခဲ့သည်။ ဆရာဝန်က ထူးဆန်းမှုအား ခံစားရသော်လည်း စစ်ဆေးချက်များအရ မူမမှန်သည့် ကိစ္စတစ်ခုပင် မရှိခဲ့ချေ။ သို့သော် မကြာခင်မှာပင် ကျောင်းသားက သက်သာမလာသည့်အပြင် စိတ်ခံစားလွယ်လာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများ စတင်ပြသလာ၏။ သူက ကုသမှုကို မပူးပေါင်းလိုတော့ပဲ အားလုံးကို ဖျက်ဆီးလိုသည်အထိ ဒေါသတကြီးဖြစ်နေခဲ့သည်။
သူ၏ နာကျင်မှု အာရုံခံစနစ်သည် ပျောက်ကွယ်သွားခဲ့၏။ သူက လူများ နားမလည်နိုင်သည့် စကားများကို စတင်ပြောဆိုလာပြီး သူ့အား တားဆီးရန် ကြိုးစားသူတိုင်းကို စတင်တိုက်ခိုက်တော့သည်။
တစ်ချိန်ထဲမှာပင် ဗွီပရိုတွန်၏ လူဦးရေအတွင်း၌ ဒေါင်လိုက်မျက်ဆံရှိသူများ စတင်ပေါ်ပေါက်လာ၏။ ထို့ကြောင့် ကျောင်းသားအား မည်သူမှ ဂရုမစိုက်ကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် တက္ကသိုလ်ရှိ အခြားလူများသည်လည်း တူညီသော လက္ခဏာရပ်များ စတင်ပေါ်ပေါက်လာ၍ ဖြစ်၏။ သူတို့က တစ်ဦးနှင့်တစ်ဦး အလွန်ရန်လိုနေကြပြီး သူတို့၏ ဦးခေါင်းများ သွေးဖုံးလွှမ်းသွားသည့်တိုင် အဆက်မပြတ် တိုက်ခိုက်ကြတော့သည်။
ထို့နောက် သူတို့က မျိုးနွယ်တူချင်း၏ အနံ့ကို နားလည်သွားကြကာ ပစ်မှတ်ပြောင်းလိုက်ကြ၏။ ဤသို့ဖြင့် သူတို့က အကိုက်မခံထားရသေးသူများကို ပစ်မှတ်ထားလိုက်ကြသည်။
ကျောင်းတစ်ခုလုံး စတင်၍ ပျက်စီးလာ၏။ လက္ခဏာ တူညီသူများက မည်သည့် အဆင့်အတန်း ခွဲခြားမှုကိုမှ မမြင်နိုင်တော့ပဲ သာမန်လူများထက်ပို၍ အချင်းချင်း စည်းလုံးလာကြ၏။
ရဲများ၊ လက်နက်များက အသုံးမဝင်ဖြစ်လာခဲ့သည်။ ထိုသူများက အရိုးထဲတွင် ကြောက်စိတ် စိုးစဉ်းမျှ မရှိသကဲ့သို့ အားလုံးကို ရင်ဆိုင်ခဲ့ကြ၏။ ပို၍ ဆိုးသည်မှာ ဗွီ ပရိုတွန်၏ လက်နက်များသည် လုံလောက်အောင် သန်မာခြင်းမရှိသလို၊ ထိုနေရာ၌ အင်ပါယာကဲ့သို့ မြင့်မားသော မက်ခါများလည်း မရှိခဲ့ချေ။
ထို့အပြင် ပျမ်းမျှ isometric မက်ခါများ၌ လက်နက်များ ပါရှိသော်လည်း မောပန်းမှုနှင့် နာကျင်မှုတို့ကို မခံစားတတ်သည့် ရန်သူများအား ရင်ဆိုင်ရခြင်းက လက်နက်နှင့်ရန်သူ မမျှ ဖြစ်လာစေခဲ့သည်။ သို့သော် ၎င်းက ပုံမှန်ကူးစက်ရောဂါများကဲ့သို့ ကူးစက်သည့်ပုံစံမျိုး မရှိချေ။ ကျောင်းသားများသည် ရောဂါကြောင့် အိမ်ပြန်ပို့ခံလိုက်ရသော်လည်း သူတို့၏ မိဘများကမူ ကူးစက်ခြင်း မရှိကြချေ။
ထိုမျိုးစိတ်က စနစ်မကျစွာ ပျံ့နှံ့ခဲ့၏။ ကျောင်းမှတဆင့် ကျောင်းနှင့်နီးသည့် ပတ်ဝန်းကျင် ထို့နောက် ဤမြို့သို့ ဆက်လက်ပျံ့နှံ့လာခဲ့သည်။
အစိုးရဘက်တော်သားများက နည်းလမ်းများကို မစဉ်းစားခဲ့ခြင်းမဟုတ်ချေ။ သို့သော် အဓိကမြို့တော်မှ ထောက်ပို့သမားများ စေလွှတ်သည့်တိုင် မည်သူမှ ဘေးကင်းကင်း ပြန်မလာနိုင်ခဲ့ကြချေ။
ထို့ကြောင့် အဆိုပါမြို့သည် ဗွီ ပရိုတွန်၏ အစွန်အဖျားဒေသတွင် ရှိနေသည်ဖြစ်ရာ မြို့တော်၏ စွန့်ပစ်မှုကို ခံလိုက်ရတော့၏။ သူတို့က ထိုမြို့အား သာမန်ကုန်ပစ္စည်းများ ပေးပို့ခြင်း မရှိတော့သည့်အပြင် ဆက်သွယ်ရေးစနစ်ကိုပါ ဖြတ်တောက်လိုက်ရတော့သည်။ သို့သော် ၎င်းက ထင်သလောက် မရိုးရှင်းချေ။ မကြာခင်မှာပင် ထိုမြို့နှင့် နီးကပ်သည့် အခြားမြို့တစ်မြို့၌ တူညီသော အခြေအနေဖြစ်ပျက်လာခဲ့၏။ သူတို့က မြို့တော်သို့ အကူအညီတောင်းချိန်၌ အထောက်အပံ့မရရုံသာမက ဆက်သွယ်မှုကိုပင် ဖြတ်တောက်ခံလိုက်ရပြန်သည်။
ဤသို့ဖြင့် အစိုးရက ထိတ်လန့်လာပြီး ဧကရာဇ်အား အကူအညီတောင်းရခြင်း ဖြစ်သည်။
မကြာခင်မှာပင် ပတ်ဝန်းကျင်ရှိ မြို့တော်များသည်လည်း တစ်မြို့ပြီးတစ်မြို့ ကျဆုံးလာသည်။ လူများ သွားလာနိုင်သည့်နေရာမှာလည်း ပို၍ ပို၍ သေးငယ်လာ၏။ မြို့တော်တစ်ဝိုက်ရှိ မြို့များသာလျှင် ကူးစက်မခံရပဲ တောင့်ခံနိုင်နေခြင်း ဖြစ်သည်။
“တကယ်တော့ ကျွန်တော် အဲဒီ့ ကြိမ်နှုန်းကိုတောင် သံသယဝင်မိတယ် …”
ချန်းလင်က ပြောသည်။
“ကျွန်တော်တို့ အကူအညီတောင်းပြီးတဲ့နောက်ပိုင်း ကိစ္စတွေက ပိုဆိုးလာတယ် … ကျွန်တော်တို့က ပြင်ပက သံသယဝင်စရာ ဆက်သွယ်မှုအားလုံးကို ပိတ်ချပစ်ခဲ့ရတယ်လေ … အနည်းဆုံးတော့ ဒီနေရာမှာ သာမန်လူတွေ ရှိနေသေးတယ်မဟုတ်လား … တကယ်တော့ အဲဒီ့မြို့တွေမှာ လုံလောက်တဲ့ အထောက်အပံ့တွေ ရှိပါတယ် … သူတို့သာ ကိုယ့်ကိုယ်ကိုယ် ကုသနိုင်ခဲ့ရင် ဒါမှမဟုတ် အလှည့်အပြောင်းတစ်ခု ဖြစ်သွားခဲ့ရင် အဆင်ပြေမှာပါ… အဲဒီ့လိုမဟုတ်သရွေ့တော့ မြို့အားလုံးက တံခါးပိတ်ထားတဲ့ မြို့ပျက်တွေ ဖြစ်နေဦးမှာပဲ …”
“ဒါပေမယ့် …”
လုအန်းဟယ် မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်တော်တို့ မထွက်ခွာခင်က ခင်ဗျားနဲ့ တစ်ခါဆက်သွယ်ခဲ့သေးတယ် … ကျွန်တော်တို့ အမှတ်အသား ပြနိုင်သရွေ့ ဒီဘက်က ဆက်သွယ်မှုကို ထူးဆန်းတဲ့အချက်ပြမှုအဖြစ် မှတ်ယူစရာမလိုဘူးမဟုတ်လား …”
ချန်းလင်သည်လည်း ထိုကိစ္စအား သံသယဝင်မိ၏။
“ခင်ဗျားတို့ တစ်နေရာရာမှာ ပိတ်မိနေခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တာ … ကျွန်တော်တို့ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မူလကြိမ်နှုန်းကို မရနိုင်ခဲ့ဘူး …”
ထိုသို့မဟုတ်ပါက ဟယ့်ယွင်ထင်၏ မက်ခါများ မြို့တော်သို့ ဝင်လာချိန်အထိ သူတို့ဘက်မှ ထွက်မကြိုပဲ နေခဲ့မည်မဟုတ်ပေ။
လုအန်းဟယ်က ဟယ့်ယွင်ထင် မေးလိုခဲ့သည့် အချက်ကို နားလည်သွားကာ ပြောလိုက်သည်။
“ကျွန်တော်တို့ စစ်ဆေးပြီးသွားပြီ … ကျွန်တော်တို့ဘက်က ကြိမ်နှုန်းက ပုံမှန်ပါပဲ …”
ချန်းလင်၏ မျက်နှာသည် ကြောက်မက်ဖွယ် ဖြူဖျော့သွားခဲ့သည်။ သူက အချိန်အတော်ကြာသည့်တိုင် မည်သည့်စကားကိုမှ မဆိုလာခဲ့ချေ။
“ကျွန်တော့်တို့ တကယ့်ကို စိတ်ဓာတ်ကျနေပြီ … ဒါပေမယ့် ကျွန်တော်တို့ အခြေအနေကို အဖြေရှာကြည့်ပါသေးတယ် … အဖြေမရှာနိုင်တာကြောင့် သူတို့ကို စွန့်ပစ်လိုက်ရတာ …”
ချန်းလင်က ပြောသည်။ အင်ပါယာသည် သူ၏ စစ်သည်များကို ဇာ့ဂ်များနောက်သို့ နှစ်ပေါင်းများစွာ လိုက်စေခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့သော ဂြိုဟ်များသည် ဇာ့ဂ်များနှင့် ပတ်သတ်၍ နားလည်နိုင်စွမ်း ကြီးကြီးမားမား မရှိကြချေ။ သူတို့လွှတ်လိုက်သည့် ကျွမ်းကျင်သူများက ပြန်မလာခဲ့သလို မြို့တော်ရှိ ကျွမ်းကျင်သူများသည်လည်း မည်သည့်အချက်အလက်မှ မရှိသဖြင့် ကောက်ချက်ချခြင်း မလုပ်ဆောင်နိုင်ခဲ့ကြချေ။
ထို့ကြောင့် ဖြေရှင်းနည်းမှာ ဤတစ်နည်းသာ ရှိတော့သည်။
သူတို့က ထိုသူများအား စွန့်ပစ်လိုက်ကြပြီး ကျန်ရှိနေသည့် မြို့များကို ကာကွယ်ရန် ရွေးချယ်လိုက်ကြ၏။ အင်ပါယာရှိ သုတေသန ပညာရှင်များသည် စစ်တပ်ထက် ပို၍ သာလွန်ခြင်း မရှိချေ။ ထို့ကြောင့် ဧကရာဇ်က ဗွီ ပရိုတွန်၏ အခြေအနေကို ကြားသည်နှင့် ဟယ့်ယွင်ထင်အား အုတ်အော်သောင်းနင်းဖြစ်ရပ်များကို ကိုင်တွယ်ရန် စေလွှတ်ခဲ့လေသည်။ ရှုကျစ်ဟန်၏ ခေါင်းမာမှုကြောင့်သာ မဟုတ်ပါက ဤခရီးတွင် သူတို့နှင့်အတူ လိုက်ပါမည့် သိပ္ပံပညာရှင် တစ်ဦးပင် ရှိမည်မဟုတ်ချေ။
သို့သော် ယခုအခါ မြို့တော်က ပတ်ဝန်းကျင်ရှိမြို့များကို ကူညီရန် ငြင်းဆန်နေ၏။ ၎င်းက အကျဉ်းထောင်ထဲသို့ ရောက်နေသည့် ထောင်သားတစ်ဦးကဲ့သို့ မိမိကိုယ်ကိုယ်သာ ကာကွယ်လျှက် အဆိုပါ ကြောက်မက်ဖွယ် မျိုးစိတ်ကြီး၏ ကူးစက်မှုမခံရစေရန် ဆုတောင်းနေကြ၏။
သူတို့က သူတို့ကိုယ်သူတို့ပင် ဂရုမစိုက်နိုင်ရာ အခြားလူများအား မည်သို့ စိုးရိမ်ချိန် ရှိပါမည်နည်း။
အခြား မြို့များ၏ အခြေအနေကို သိလို၍ ကိုယ်တိုင်သွားကြည့်မည် ဆိုလျှင်ပင် သူတို့ဘေးကင်းမည်ဟူသည့် အာမခံချက်မျိုး မရှိချေ။
“ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ဆောင်မှုက …”
ချန်းလင်က ပြောသည်။
“ကျန်တဲ့လူတွေကို ကာကွယ်ဖို့နဲ့ ကူးစက်ခံရသူ အသစ်မရှိစေဖို့ပဲ … ပိတ်ထားတဲ့ မြို့တွေကတော့ …”
ဟယ့်ယွင်ထင်က အေးစက်စက် ဖြတ်ပြောလိုက်သည်။
“အားသုံးပြီး ဖိနှိပ်ဖို့ကြိုးစားပါ …”
၎င်းက မခက်ခဲချေ။
အဆုံးသတ်၌ ထိုသတ္တဝါများသည် လူသားများကဲ့သို့ ပြုမူခြင်း မရှိတော့ရာ ဇာ့ဂ်များအဖြစ် သတ်မှတ်နိုင်၏။ ထိုသို့ဆိုပါက ၎င်းတို့အား ဦးနှောက်သို့ တည့်တည့်ပစ်ခတ်ရုံသာ လိုအပ်ပေသည်။ ဧကရာဇ်၏ အသန်မာဆုံး အင်အားအဖြစ် သတ်မှတ်ခံထားရသော မက်ခါများအတွက်မူ ၎င်းက ခက်ခဲသည့်ကိစ္စမဟုတ်ပေ။
ရှုကျစ်ဟန်က အတန်ကြာတိတ်ဆိတ်နေပြီး ခပ်တိုးတိုး ပြောလိုက်၏။
“မရ …”
“ကျွန်တော်တို့ ကူးစက်မှုရင်းမြစ်ကို မရှာနိုင်တာနဲ့ပဲ အဲဒီ့လူတွေကို လက်လျှော့ရတော့မှာလား ..”
သူက မျက်လုံးများကို မှိတ်လိုက်၏။ ဟယ့်ယွင်ထင်၏ အမိန့်အရ ဖြစ်ပေါ်လာခဲ့သော မြင်ကွင်းသည် သူ့စိတ်ထဲတွင် အမြစ်တွယ်နေဆဲဖြစ်သည်။ ထို့အပြင် မျက်နှာပင် မရှိတော့အောင် လက်နက်များဖြင့် တည်ပစ်ခံခဲ့ရသည့် လူများ၏ ပုံရိပ်သည်လည်း ရှုကျစ်ဟန်၏ အတွေးထဲသို့ ဝင်ရောက်လာ၏။
ဟယ့်ယွင်ထင်ကမူ ဆုံးဖြတ်ချက် မပြင်ခဲ့ချေ။
“ဒါဆို ပရော်ဖက်ဆာ ရှုက ဘာများ အဆိုပြုချင်လဲ …”
“ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော် သေချာပေါက် ဂရုစိုက်ပါ့မယ် … ကျေးဇူးပြုပြီး သူတို့ကို ထိခွင့်ပေးပါ … ကျွန်တော် …”
သူက တစ်စုံတစ်ခုအား တွေးမိကာ လုအန်းဟယ်နှင့် ဟယ့်ယွင်ထင်တို့သာ ကြားနိုင်မည့် အသံဖြင့်ပြောလိုက်၏။
“ကျွန်တော့် ဓာတ်ခွဲခန်းထဲက အိုမီဂါဆိုရင် ပိုပြီးတည်ငြိမ်လာပါပြီ …”
သူက ချီကျားဇယ်အား ရည်ညွှန်းခြင်းဖြစ်သည်။
ရှုကျစ်ဟန်သည် ချီကျားဇယ်အား ဓာတ်ခွဲခန်းမှ ထုတ်လာချိန်၌ လူသားများအပေါ် ရန်လိုစိတ်နည်းအောင် သူ့နည်းလမ်းဖြင့် ကြိုးစားနိုင်ခဲ့၏။ ထိုသူက အကောင်းကြီးမဟုတ်သည့်တိုင် ယခင်ကထက်စာလျှင် ပို၍ ကောင်းမွန်လာပြီဖြစ်သည်။
ချီကျားဇယ်တွင်လည်း ဤလူများကဲ့သို့ ဒေါင်လိုက်မျက်ဆံများ ရှိ၏။
ချီကျားဇယ်သည် အိုမီဂါဖြစ်သည်။ သို့သော် ဤလူများကမူ ဘီတာများဖြစ်ကြသည်။
ချီကျားဇယ်သည် ရှုကျစ်ဟန်၏ မတော်တဆ တွေ့ရှိမှုဖြစ်သော်လည်း လက်ရှိသုတေသနကမူ ခိုးယူခံလိုက်ရသဖြင့် တစ်ဝက်တစ်ပျက်၌ ရပ်တန့်ထားရသည့်အရာဖြစ်၏။ ၎င်းက သူ၏ကျောင်းသား ဖြစ်ခဲ့ဖူးသူတစ်ဦး၏ အကြံဉာဏ်ဖြစ်ပြီး နှစ်အနည်းငယ်အကြာ၌ ဂြိုဟ်ငယ်လေးတစ်ခုတွင် အကောင်အထည်ပေါ်လာခဲ့သည်။
အလျင်လိုနေသည့် တစ်စုံတစ်ဦးက ဘီတာများ၏ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မှုကို ထည့်မတွက်ပဲ ဇာ့ဂ်မျိုးရင်းအား ဒီအတိုင်းပျံ့နှံ့စေခဲ့ပုံရသည်။ ထို့ကြောင့် ထိုသုတေသနနှစ်ခုသည် တစ်ခုနှင့်တစ်ခု သက်ရောက်မှု မရှိသည့်တိုင် ထူးဆန်းသော နည်းလမ်းဖြင့် ဆက်နွယ်နေကြသည်။
“ဒီနေ့ ကျုပ်တို့က အစီအစဉ်ကို အကြမ်းဖျဉ်းသတ်မှတ်မယ် …”
ဟယ့်ယွင်ထင်က မည်သည့် ကောက်ချက်မှုမျိုးကိုမှ မပြုလုပ်ခဲ့ချေ။
“ပရော်ဖက်ဆာရှုရဲ့ အဆိုပြုချက်ကိုတော့ ဘေးကင်းတာ သေချာမှပဲ ဆွေးနွေးရအောင် …”
“ကောင်းကောင်း အနားယူပါ …”
သူက ရှုကျစ်ဟန်အား ထပ်မံ၍ အာရုံမစိုက်တော့ချေ။ လုအန်းဟယ်နှင့်အတူ ယာယီအခြေစိုက်စခန်းသို့ ပြန်လာခဲ့၏။
…..
သူတို့ ရောက်လာချိန်မှာ အတော်လေးနောက်ကျနေပြီဖြစ်သည်။ ထို့အပြင် ဗွီ ပရိုတွန်ဂြိုဟ်၏ လက်ရှိအခြေအနေများအရ အစီအစဉ် တစ်ခုထက်ပို၍ ရေးဆွဲရမည်ဖြစ်၏။ သူတို့က ဖြစ်နိုင်ချေ အမျိုးမျိုးကို ထည့်သွင်းစဉ်းစားလျှက် အစီအစဉ် တစ်ခုပြီးတစ်ခု ရေးဆွဲပြီးချိန်တွင် ညအချိန်သို့ ရောက်နေလေပြီ။
ဆွေးနွေးခန်းသည် အဓိကအဆောက်အဦး၌ ရှိနေခြင်းဖြစ်၏။ အလွန်ဉာဉ့်နက်လာချိန်၌ ဆာဂျင်များက စခန်းသို့ပြန်၍ အနားယူကြသည်။ ရှုကျစ်ဟန်သည်လည်း အိုမီဂါတစ်ဦးဖြစ်သည့် အလျောက် သူ၏ ကျန်းမာရေးမှာ အမြဲတစေ ကောင်းမွန်နေခြင်းမရှိချေ။ ထို့ကြောင့် ဟယ့်ယွင်ထင် သူ့အား မည်သည့်စကားမှ ဆိုလာမည်မဟုတ်ကြောင်း သေချာသည်နှင့် ထွက်ခွာသွားတော့၏။
လုအန်းဟယ်နှင့် ဟယ့်ယွင်ထင်တို့သည် အမျိုးမျိုးသော အစီအစဉ်များကို ပြန်လည်စစ်ဆေးပြီးနောက် မတ်တပ်ရပ်လိုက်ကြသည်။
ဟယ့်ယွင်ထင်က သူ့ကို ကြည့်လိုက်၏။
“မင်းလည်း နားသင့်တယ် … ငါ့ရဲ့ ကြေငြာချက်ကို စောင့်နေပါ …”
အဆုံးသတ်တွင် ထိုသူသည် တစ်လမ်းလုံး မနားမနေ ခရီးဆက်ခဲ့ရ၏။ ယခုအခါ သူနှင့်အတူ ညဉ့်နက်သည်အထိ အလုပ်လုပ်ရပြန်သည်။
“ကောင်းပါပြီ …”
လုအန်းဟယ်က ခေါင်းညှိတ်လိုက်သည်။
“ဘော့စ် … ခင်ဗျားလည်း …”
“ငါလည်း နားတော့မယ် …”
ဟယ့်ယွင်ထင်က ပြန်ဖြေလိုက်၏။
ထိုအခါမှသာ လုအန်းဟယ်သည် ဟယ့်ယွင်ထင်အား အလေးပြုပြီး ထွက်ခွာသွားတော့သည်။
အခန်းထဲ၌ ဟယ့်ယွင်ထင်တစ်ဦးထဲသာ ကျန်ရှိခဲ့၏။
သူက မျက်စိရှေ့မှ အချက်အလက်များကို ကြည့်ရင်း မျက်ခုံးကို ကုတ်ကာ ကုလားထိုင်ကို မှီရင်း အနားယူလိုက်သည်။ မနက်ဖြန်၌ အရေးကြီးမစ်ရှင်ရှိ၏။ ယခုအခါ သူ အနားယူရန် နာရီအနည်းငယ်သာ အချိန်ရှိတော့သည်။
ဟယ့်ယွင်ထင်က တိတ်ဆိတ်နေသော ဆက်သွယ်ရေးစက်ကို ကြည့်ရင်း အတွေးနက်နေ၏။ သို့သော် အဆုံးသတ်၌ သူက စက်ကို ကောက်ကိုင်ရင်း နံပါတ်တစ်ခုအား ရွေးချယ်ခေါ်ဆိုလိုက်သည်။ လက်ရှိအချိန်အရ အင်ပါယာ၌ နေ့လည်ခင်းအချိန်ဖြစ်နေပေလိမ့်မည်။ သူ ထိုသို့တွေးနေစဉ် စက်မှ အစိမ်းရောင်မီးလင်းလာပြီး ကြည်လင်သော အသံလေး ထွက်ပေါ်လာ၏။
“ဟယ်လို …”
👾