Chapter 6
Viewers 13k

🌌 Chapter 6 



လွန်ခဲ့တဲ့ နာရီဝက်လောက်က အချိန်ကို ပြန်ဆွဲကြည့်ကြည့်ရအောင်...


လင်း၏ ဇီဝနာရီက အမြဲတမ်း တိကျသည်။ အကယ်၍ သူ ယမန်နေ့ညက အိပ်ရာဝင်ချိန် နောက်ကျ‌လျှင်ပင် နောက်နေ့မနက်တွင် အိပ်မောကျမနေဘဲ အချိန်မှန် နိုးလာပေမည်။


သူက သူနှင့်အတူ သယ်ဆောင်လာသော အာကာသကိရိယာမှ ဆက်‌သွယ်ရေးစက် အသစ်စက်စက်ကို ထုတ်ယူလိုက်သည်။


ဆက်သွယ်ရေးစက်များကို စစ်တပ်အတွင်း အသုံးပြုမှုနှင့် အလုပ်ကိစ္စများ ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။ ဆက်သွယ်ရေးစက်ကို ဖွင့်ပြီးသောအခါ စက်က "တီ တီ တီ" အသံများ မရပ်မနား ထွက်ပေါ်လာပြီး အကြောင်းကြားချက်များဖြင့် ဆူညံသွားသည်။ ပေးပို့သူက သူ စာပို့ရန် စာရိုက်နေချိန်တွင် သူ့သွားအား အံကြိတ်ပြီး ပို့နေခဲ့ခြင်းကို မည်သူမဆို စိတ်ကူးမိနိုင်ပေသည်။


[ခေါင်းဆောင်...ခေါင်းဆောင်... ဘယ်မှာ ရှိနေတာလဲ...]


[ခေါင်းဆောင်...တကယ်လို့ မင်း ပြန်မလာတော့ဘူးဆိုရင် ငါ သေလိုက်တော့မယ်...စစ်တပ်ထဲက အိုကြီးအိုမတွေက  ဘယ်လောက်တောင် ညှဉ်းပန်းနှိပ်စက်ကြလဲ မင်းသိလား...]


[ခေါင်းဆောင် ခေါင်းဆောင်...ဖိုင်အများကြီးက တကယ်ရှိတာလား...မင်းက စစ်တပ်အရာရှိ‌တစ်ယောက် မဟုတ်ဘူးလား...]


[ခေါင်းဆောင်...အစည်းအဝေးအတွင်းမှာ မင်းကို စာပို့နေတာ ဖမ်းမိသွားတယ်...ငါ အခု ပြန်လည်သုံးသပ်စာ ရှစ်ထောင် ရေးရတော့မယ်…]


[ခေါင်းဆောင် ...ကူညီပါဦး...]


စုစုပေါင်း မက်ဆေ့ခ်ျအရေအတွက်က များပြားလွန်းသည်။ ခန့်မှန်းကြည့်ရမည်ဆိုလျှင် လွန်ခဲ့သည့် နာရီနှစ်ဆယ်အတွင်း အစောင်တစ်ရာခန့် ရှိပေမည်။


ထိုက သူ အားလပ်သည့် အချိန်ခဏတွင် သူ့ထံ တတီတီမြည်သံဖြင့် စာပို့ရခြင်းအား ကြိုက်နှစ်သက်ပုံ ရပေသည်။


လင်းက ပို့ထားသော မက်ဆေ့ခ်ျများကို ဖျက်လိုက်ပြီးနောက် စာရိုက်ကာ သူ၏အရင်းနှီးဆုံးလက်အောက်ငယ်သားထံ ပို့လိုက်သည်။


[ရပ်လိုက်တော့ …]


ဆက်သွယ်ရေးစက်က ခဏကြာအောင် တိတ်ဆိတ်နေပြီးနောက်တွင် စတင်ပြီး အရူးအမူး အသံမြည်လာသည်။


[ခေါင်းဆောင်...ခေါင်းဆောင်...ဒါဆို မင်း အသက်ရှိသေးတယ်ပေါ့...အား....]


[မဟုတ်ဘူး...ခေါင်းဆောင်...မင်း ပြောလာတာ အရမ်းနောက်ကျနေပြီ...စုန့်ကျန်းရှူးက မင်းကို ရှာဖို့ ကြယ်သင်္ဘောပေါ် တက်သွားပြီ...]


[ခေါင်းဆောင်...မင်းက အဲ့မှာပဲ ရှိနေတုန်းလား...ဟယ်လို...ဟယ်လို...]


[သေလိုက်တော့....]


[လင်း : မင်းရဲ့ ခေါင်းဆောင်ကို ဆဲဆိုတယ်တဲ့အတွက် ပြန်လည်သုံးသပ်စာ နောက်ထပ် စာလုံးရေငါးထောင် ထပ်ပေါင်းတယ်...]


...........


အခြားတစ်ဖက်ရှိ မက်ဆေ့ခ်ျများက ဆောက်တည်ရာမရ ဖြစ်နေသော်လည်း လင်းက လျစ်လျူရှုလိုက်ပြီး အပြင်ဘက်ရှိ လုမော့နောက် လိုက်သွားခဲ့သည်။


ခြံဝင်းကျယ်ထဲတွင် ပေါ့ပါးသွက်လက်သော အနက်ရောင်  Hover ကားက ရပ်ထားသည်။


ကားကို မြင်ချိန်တွင် လင်း အံ့ဩသွားသည်။


မော်ဒယ်က အင်ပါယာမြို့တော်တွင် အလွန်အသုံးများသော်လည်း ၎င်းကို လူကြိုက်များသည်ဟု မဆိုချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ ဈေးနှုန်းက သာမန် ဇာ့ဂ်မိသားစု လက်လှမ်းမှီရန် ကျော်လွန်နေခဲ့သည်။


ဝယ်ယူသူများမှာ ယေဘုယျအားဖြင့် အလွန် အဆင့်မြင့်သော အမျိုးသားများ ဖြစ်သည်။ ဤကဲ့သို့ ကားမျိုး ရရှိရန် လုံလောက်သော ငွေပမာဏရရန်အတွက် သူတို့၏အမျိုးသမီးများ၏ အသားတင် လုပ်အားခကိုပါ ပေါင်းထည့်ရမည် ဖြစ်သည်။


လုမော့က Dအဆင့် အမျိုးသားသာ ဖြစ်သေးပြီး သူ့တွင်  အမျိုးသမီးများလည်း မရှိပေ။

သူ ဘယ်လိုလုပ် ဝယ်နိုင်ပါလိမ့်....


မည်သို့ပင်ဆိုစေကာမူ လုမော့က ငွေကြေးကို ဂရုစိုက်စရာ လိုပုံ မရပေ။


ထိုအရာက သူ့အတွက် အလျော့အတင်းနည်းသည့်ချစ်ပ် တစ်ခု ဖြစ်သည်။


လင်း၏မျက်လုံးများထောင့်တွင် စိတ်ပျက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။


လုမော့ : “.......”


အမျိုးသမီး၏မျက်လုံးထဲမှ စိတ်ပျက်မှုကို သူ  ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရသည်။


သူ သံသယစိတ်ဖြင့် သူ့သူငယ်ချင်းဟောင်းကို မနေနိုင်ဘဲ ကြည့်လိုက်မိသည်။ သူက ၎င်းကို သူ၏မောက်မာမှု ၊ အသုံးအဖြုန်းကြီးမှုနှင့် ကာမရာဂစိတ် ပြင်းပြသော ဇာတ်ကောင်စရိုက်အတွက် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူက မရေမတွက်နိုင်သည့် ဈေးကြီးသော ဒီဇိုင်းများကိုပင် ထပ်ပေါင်းထည့်ခဲ့သေးသည်။ ကားထဲကို ထည့်လိုက်ရသည့် ငွေပမာဏက သူ့စက်ရုံအမြတ်ငွေ၏ တစ်လစာထက်ပင် ကျော်လွန်နေသေးသည်။


(သူငယ်ချင်းဟောင်းဆိုတာ ကားကို ပြောတာ🤣)


ဒါဆို သူက ဘာကို တွေးနေတာလဲ....


ငါ မင်းကို နဂါးရထားလုံးထဲမှာ လက်ထပ်မယူခဲ့ရင် မင်းက စိတ်ပျက်ဦးမှာလား...


ဟင်း…


“မင်း ကားထဲမဝင်ဘဲ ငေးကြည့်ပြီး ဘာလုပ်နေတာလဲ...”


“ဟုတ်ကဲ့...သခင်...”


သူ၏ဆန်ကုန်မြေလေးစရိုက် ပြီးပြည့်စုံရန် လုမော့က ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။


Hover ကားက လျင်မြန်‌သောအရှိန်နှင့် ချောမွေ့မှု မရသေးမီ နှေးနှေးဖြင့် စတင်အရှိန်ယူလိုက်သည်။ ဤအရာကို ကြည့်ခြင်းဖြင့် ကားမောင်းသူ၏ အံ့ဩစရာကောင်းသော ကျွမ်းကျင်မှုကို မြင်နိုင်ပေသည်။


တစ်ချိန်တည်း‌၌ ကားထဲရှိ ရေဒီယိုက အလိုအလျောက် ယနေ့သတင်းအား ကြေညာလာခဲ့သည်။


အတန်ကြာအောင် နားထောင်ပြီးနောက် လုမော့က မည်သည့် စိတ်ဝင်စားစရာကိုမှ ရှာ‌မတွေ့ခဲ့ပေ။ ဤကျက်တီးဂြိုဟ်ပေါ်တွင် နေ့တိုင်း ဖြစ်ပျက်နေသည့် အရာများက အနည်းနှင့်အများ အတူတူပင် ဖြစ်သည်။


နယ်မြေလုယက်မှု ၊ ခရီးသွားများ ခိုးယူမှု သို့မဟုတ် တရားမဝင် ဖြတ်သန်းမှု အတွက် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ရံဖန်ရံခါတွင် သတင်းထောက်များမှ ပေါက်ကြားလာသော သို့မဟုတ် ကောလာဟလများဖြင့် လူသိများသော  ဇာ့ဂ်မိသားစုများအကြောင်း သတင်းအချို့ ရှိတတ်သည်။


လုမော့၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ တတိယမြောက်သတင်း ဖြစ်သည်။


ကြယ်သင်္ဘောမော်ဒယ်အသစ်တစ်စီးက မနက်စောစောပိုင်းတွင် ဂြိုဟ်သို့ ဆိုက်ရောက်လာသည်။ ထိုအထဲတွင် ဒဏ်ရာရနေသော အဆင့်အတန်းမြင့် အမျိုးသားတစ်ဦး နှင့် သူ၏ အမျိုးသမီးအဖော်တို့ ရှိ‌နေသည်။


ဝိုး...အဆင့်အတန်းမြင့် အမျိုးသားတစ်ယောက်ဆိုပါလား...


လုမော့က ကူးပြောင်းပြီးကတည်းက အဆင့်အတန်းမြင့် အမျိုးသားဇာ့ဂ်ကို မမြင်ခဲ့ဖူးပေ။ သူ၏ ယခင်ဘဝက လူသားများ၏ခန္ဓာကိုယ်နှင့် မထူးခြားနားသော  အားနည်းသည့် သူ့ခန္ဓာကိုယ်ကို အခြေခံပြီး သူ၏ မဖြစ်နိုင်သော စိတ်ကူးကို ရပ်တန့်လိုက်သည်။

[အဆင့်အတန်းမြင့် အမျိုးသားများက စိတ်စွမ်းအားကို အသုံးပြုပြီး နေ့ချင်းပြန် ခရီးသွားနိုင်သည်] 


သတင်းက လင်း၏ အာရုံကိုလည်း ဖမ်းစားလိုက်ရာ သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာသည်။


လုမော့က သာမန်ကဲ့သို့ ဟန်ဆောင်ပြီး မေးလိုက်သည်။ 

“ဘယ်လိုလဲ...ဒီကားက ကောင်းတယ်မလား...”


လင်း : “အဆင်ပြေပါတယ်...ကြယ်သင်္ဘောထက်စာရင် လည်ပတ်ရတာ ပိုလွယ်တာပေါ့...”


လုမော့ : “........”


သူ ခါးပတ်ကြိုးအား ဒေါသထွက်စွာ ဆုပ်ကိုင်လိုက်သည်။

ဟင်း...အမျိုးသမီးတွေများ....


သို့သော်လည်း လင်းက အမျိုးသားဇာ့ဂ်၏ စိတ်အခြေအနေ ပြောင်းလဲမှုအား သတိမထားမိပေ။


အဘယ်ကြောင့်ဆိုသော် သူက စတီးကဲ့သို့ ဖြောင့်သော အမျိုးသမီးဇာ့ဂ်ဖြစ်သောကြောင့် ဖြစ်သည်။


ထို့အပြင် သူ၏အာရုံစိုက်မှုက သတင်းကြေညာမှုအပေါ်တွင် ရှိနေသောကြောင့် ဖြစ်သည်။


အဆင့်အတန်းမြင့် အမျိုးသားနှင့် သူ၏အမျိုးသမီးအဖော်ဆိုသည့် အချက်ကို ပေါင်းလိုက်လျှင် လင်းက စုန့်ကျန်းရှူးကို အမှတ်ရသွားခဲ့သည်။


အမှန်တွင် သူက စုန့်ကျန်းရှူးနှင့် သွေးစာချုပ် မချုပ်ထားသောကြောင့် စိတ်စွမ်းအား ပဲ့တင်ထပ်မှုမှ တစ်ဆင့် ထိုအမျိုးသားက သူ့နေရာကို ခံစားမိမည် မဟုတ်ပေ။


ကျယ်ပြောလှသော စကြာဝဠာကြီးတွင် သူက ဇာ့ဂ်မျိုးနွယ်၏နေရာမှ ထွက်ခွာသွားလျှင် ဇာ့ဂ်မျိုးနွယ်၏ ခြေရာများက ဖော်ပြစရာ မလိုဘဲ နဂါးငွေ့တန်း တစ်ဒါဇင်လောက်အထိ ပြန့်ကျဲသွားမည် ဖြစ်သည်။ ထိုအမျိုးသားက စုန့်ကျန်းရှူး ဖြစ်သည်ဟု ပြောရန် အလွန်တရာပင် လက်ခံနိုင်ဖွယ် မရှိပေ။


သူက ဤကဲ့သို့ တတိယတန်းစား ဝတ္ထုများတွင်သာပေါ်လာသည့်  [ကံကြမ္မာ၏ လမ်းညွှန်မှု ] သို့မဟုတ် [အချစ်က မှော်ဆန်ဆန် လုပ်ဆောင်နိုင်သည်] ဟူသော အရာများကို မယုံကြည်ပေ။


သို့သော်လည်း အမှန်တရားက သူ့ရှေ့တွင် ထပ်ကာ ထပ်ကာ ပေါ်လာသည်။ အမျိုးသားဇာ့ဂ်ဖြစ်သည့် စုန့်ကျန်းရှူး က မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ကြားထဲတွင် သူလိုချင်သည့် ရလဒ်အား ရရန် အံ့ဩစရာ ကောင်းအောင်ပင် ကံကောင်းနေခဲ့သည်။


ထိုအမျိုးသားက စုန့်ကျန်းရှူးဖြစ်ရန် ဖြစ်နိုင်ခြေက တစ်ရာ ရာခိုင်နှုန်းနီးပါး ရှိပေသည်။


-------


လင်း၏ ခန့်မှန်းချက်များက ဇာ့ဂ်၏ အင်အားကြီး စစ်တပ်အတွင်းတွင် တိကျလွန်းသည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသည်။


အစောပိုင်းတွင် ပြောခဲ့သည့်အတိုင်း သူ၏ခန့်မှန်းချက်က ဤတစ်ကြိမ်တွင် ကျရှုံးခဲ့မည်ကို သူ မျှော်မှန်းထားသော်လည်း အမှန်တကယ် ဖြစ်မလာရန်လည်း သူ မျှော်မှန်းထားပေသည်။


ဒဏ်ရာရနေသော အဆင့်အတန်းမြင့် အမျိုးသားက အမှန်တကယ် စုန့်ကျန်းရှူးဖြစ်နေသည်။


ထိုအချိန်တွင် ဆေးရုံ၏ အဆင့်အမြင့်ဆုံး အခန်း၌ အကောင်းဆုံးဆေးဝါးများဖြင့် ကုသမှု ခံယူနေသည့် စုန့်ကျန်းရှူးက နူးညံ့သည့် ဆေးရုံ၏ အိပ်ယာပေါ်တွင် လှဲလျောင်းနေခဲ့သည်။


သို့သော်လည်း ဤအရာမှာ ဇာ့ဂ်အမျိုးသားများ၏ ကာကွယ်ခုခံနိုင်မှုကြောင့် ဖြစ်နိုင်သည်။


စုန့်ကျန်းရှူး၏ဒဏ်ရာများကို အချိန်အနည်းငယ် ယူလိုက်မည်ဆိုလျှင် သူတို့ဘာသာ ပြန်ကုသပေးနိုင်သည်။


အမှန်တကယ် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သူမှာ သူ၏ ခန္ဓာကိုယ်အနှံ့ အရိုးများ ကျိုးနေပြီး နောက်တစ်ခန်းတွင် သတိလစ်နေသည့် စစ်တပ်ရေးရာ အမျိုးသမီးဇာ့ဂ် ဝမ်ကော ဖြစ်သည်။ 


သူတို့ခရီးလမ်းကြောင်းတွင် ပြင်းထန်သော စကြာ၀ဠာ မုန်တိုင်းနှင့် ကြုံတွေ့ခဲ့ရသည်။ အကန့်အသတ်မရှိသော စကြာဝဠာကြီးက အန္တရာယ်များနှင့် ပြည့်နှက်နေသော်လည်း ထိုကဲ့သို့ ဘေးအန္တရာယ်မျိုးကို ဒုတိယအဆင့်၌ သတ်မှတ်ကြသည်။


၎င်း၏ သာမန်နာမည်နှင့် မတူဘဲ ‌ကြုံတွေ့ရသောအခါ သေဆုံးနိုင်‌ခြေအများဆုံး ဖြစ်သည်။


ဝမ်ကောက ကြယ်သင်္ဘောကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြီး မုန်တိုင်းအတွင်းမှ ခုန်ထွက်ရန် သူ့ဘဝကို စွန့်စားခဲ့သည်။ လုံခြုံသည့် သင်္ဘောပေါ်မှ အခန်းငယ်တွင် လဲလျောင်းနေသော စုန့်ကျန့်ရှုက ဘေးကင်းပြီး ကောင်းမွန်နေကာ ဝမ်ကော အခုလိုမျိုး မည်ကဲ့သို့ ဖြစ်လာသနည်း။


သူ့ကို လုံခြုံသည့် သင်္ဘောပေါ်မှ အခန်းငယ်ထဲသို့ မတွန်းထုတ်မီ အမြဲတစေ တင်းမာသော မျက်နှာထားရှိသည့် သာမန်စစ်တပ်အမျိုးသမီးက သူ့ဘဝတစ်လျှောက်လုံး ပုံအပ်ချစ်ခဲ့ရသည့် အချစ်ဆုံးလေသံဖြင့် ပြောလာခဲ့သည်။

“သခင်...”


“ငါ မင်းကို ငါကိုယ်တိုင်ထက် ပိုချစ်တယ်....”


ဤအချိန်က ဝမ်ကောကို သူ့ကျန်သည့် ဘဝသက်တမ်းတစ်လျှောက်လုံး၌ သတိရနေမည်ဟု စုန့်ကျန်းရှူး ကတိပြုခဲ့သည့် အချိန် ဖြစ်သည်။


ကံကောင်းထောက်မစွာ...


ကံကောင်းထောက်မစွာနှင့် ဝမ်ကောက အဆင်ပြေနေခဲ့သည်။ သို့မဟုတ်လျှင် သူ နောင်တကြီးစွာ ရပေ‌လိမ့်မည်။


သူ နိုးလာလာချင်းတွင် ဝမ်ကောကို ရှာချင်ခဲ့သော်လည်း ဆရာဝန်များက တားဆီးထားကြသည်။ သူ အပြည့်အဝ ပြန်ကောင်းလာသည်အထိ သူ့အား အခန်းထဲမှ ထွက်ခွင့် မပြုကြပေ။


သူ စိတ်အားထက်သန်နေသော်လည်း သူ အရှုံးပေးလိုက်ရသည်။ သူ ပြတင်းပေါက်အနားတွင် လှဲလျောင်းပြီး အပြင်ဘက်မှ မြင်ကွင်းများကို ပျင်းရိစွာ စူးစမ်းကြည့်နေမိသည်။


ဆေးရုံက ဤဆွေးမြေ့နေသော ဂြိုလ်ပေါ်ရှိ အမွန်မြတ်ဆုံး ဇာ့ဂ်အုပ်စုများ၏ အဓိကဖြစ်သည့် မြိုတော်တစ်ခုလုံး၏ အလယ်ခေါင်အကျဆုံး အပိုင်းတွင် တည်ရှိသည်။ 


အဆင့်အတန်းမြင့် အမျိုးသားတစ်ဦးက ကုန်းမြေပေါ် ရောက်ရှိလာသည်ဟု သူတို့ ကြားလိုက်ရချိန်တွင် အမျိုးသမီးဇာ့ဂ်များအားလုံး ထွက်လာကြသည်။ သူတို့က ဤဂြိုလ်ပေါ်ရှိ ရှားပါးသော ကားများကို မောင်းနှင်ပြီး ဆေးရုံ၏ ဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။


စုန့်ကျန်းရှူးက စိတ်ဝင်စားမှုမရှိဘဲ လျစ်လျူရှုလိုက်သည်။


ဤဂြိုဟ်ပေါ်တွင် အဆင့်အဆန်းအမြင့်ဆုံး အမျိုးသမီးများမှာ B အဆင့်သာ ရှိပေသည်။ Aအဆင့်ရှိသည့် အမျိုးသမီးများက စကြ၀ဠာကို ဖြတ်ပြီး ခရီးသွားလာခြင်းနှင့် ပတ်သက်သော ဇာ့ဂ်ကန့်သတ်ချက်များကို ဖြတ်ကျော်ရန်  ရုပ်ပိုင်းဆိုင်ရာခွန်အား သန်မာကြသောကြောင့် သူတို့က ဤနေရာတွင် မနေထိုင်ကြပေ။


ထိုအချိန်တွင် အနက်ရောင်Hoverကားတစ်စီးက သူ့အာရုံကို ဆွဲဆောင်သွားနိုင်ခဲ့သည်။


ကားက လျင်မြန်စွာ သွားနေသော်လည်း စုန့်ကျန်းရှူး၏ အင်အားကြီးသော စိတ်စွမ်းအားက ကားပုံစံကို ရှင်းရှင်းလင်းလင်း မြင်ရစေသည်။ အံ့အားသင့်စွာ သူ မျက်လုံးပြူးသွားရသည်။


ဒီလိုဂြိုဟ်ပေါ်မှာ...အဲ့လိုကားမျိုး ရှိတယ်ပေါ့...


သူက ဤကားအား မှတ်မှတ်ထင်ထင် ရှိခဲ့သည်။ အဘယ်ကြောင့်‌ဆိုသော် ယခင်က လင်း သူ့ကို ဤကဲ့သို့ ထပ်တူညီသည့်ကားမျိုး ပေးခဲ့သောကြောင့် ဖြစ်သည်။


သူက လင်းကို မည်မျှ ကုန်ကျခဲ့ကြောင်း မေးခဲ့သော်လည်း ငွေရောင်ဆံပင် ၊ အနီရောင်မျက်လုံးများနှင့် အမျိုးသမီးဇာ့ဂ်က ပြုံးရုံသာ ပြုံးပြခဲ့သည်။

“ငါ အဲဒါကို ပေါ့ပေါ့ပါးပါးလေး ဝယ်လာတာပါ... ဘယ်လောက်မှ မတန်ပါဘူး...”


လင်း ထွက်ပြေးသွားခဲ့ချိန်က သူဒေါသထွက်သွားခဲ့၍ ထိုကားကို လမ်းဘေးဆိုင်သို့ အမှတ်တမဲ့ မောင်းသွားမိသောကြောင့် ကားတစ်စီးလုံးက ကြေမွသွားခဲ့သည်။ သူ ‌ကား၏ ဈေးနှုန်းကို ရှာတွေ့ရန်အတွက် နောက်ထပ်တစ်စီး ဝယ်ချင်ခဲ့သည်။


၎င်း၏ဈေးက ကောင်းကင်လောက် မြင့်နေခဲ့သည်။


ဒါက လင်း‌ပြောတဲ့ ဘယ်လောက်မှ မတန်ပါဘူးဆိုတာလား...


စုန့်ကျန်းရှူး၏ စူးစူးစိုက်စိုက် အကြည့်က ကားရပ်သွားသည်အထိ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။


ကားထဲမှ မည်သို့သော အမျိုးသမီး ထွက်လာမည်ကို သူ မြင်ချင်နေခဲ့သည်။


ကံမကောင်းစွာဘဲ အနက်ရောင်ဆံပင် ၊ အစိမ်းရောင်မျက်လုံးများရှိသည့် အမျိုးသားဇာ့ဂ်တစ်ယောက် ဆင်းလာသဖြင့် သူ စိတ်ပျက်သွားခဲ့သည်။


အမျိုးသားက အလွန်အမင်း အေးစက်ကာ ချောမောသော မျက်နှာရှိပြီး စုန့်ကျန်းရှူးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ အကယ်၍ သူတို့သာ ကမ္ဘာမြေကြီးပေါ်တွင် ရှိနေမည်ဆိုလျှင် သူ၏မျက်နှာကို လူထောင်ပေါင်းများစွာမှ ရှာဖွေခြင်း ခံရပေလိမ့်မည်။


သို့သော်လည်း ဤနေရာတွင် ဤကဲ့သို့သော မျက်နှာက ဇာ့ဂ်များ၏ အလှတရားနှင့် မကိုက်ညီပေ။


စုန့်ကျန်းရှူး အဝေးကို အကြည့်လွှဲမည့်အချိန်တွင် ကား၏ အခြားတစ်ဖက်မှ စစ်ဖိနပ်များ ဝတ်ဆင်ထားပြီး သွယ်လျကာ ကြွက်သားများရှိသည့် ခြေ‌တစ်စုံက ထွက်လာခဲ့သည်။


--------


လုမော့က လင်းကို မျက်နှာသာ မပေးပေ။


ငါ က အရင်ကလည်း မပေးခဲဖူးလေ…


သူက ယခုအချိန်တွင် ပို၍ပင် အေးစက်နေသေးသည်။


သူတို့က ဘေးချင်းကပ်လျက်ဖြင့် လူအုပ်ကြီးကို ဖြတ်ကျော်လိုက်ကြသည့်အခါ သူတို့ပတ်ပတ်လည်မှ အမျိုးသမီးများက အလွန် စိတ်လှုပ်ရှားနေကြသည်။ လုမော့က ပုံမှန်ထက် ပိုထူထဲနေသော ဇာ့ဂ်ဂလင်းများမှ ထုတ်လွှတ်နေသည့် ဖယ်ရိုမုန်းအနံ့ကို ရနေသည်။ ၎င်းက ပြင်းထန်လွန်းသည်။


သူက လူများ အသက်ရှင်ရန် အဝေးသို့ ဆုတ်ခွာသွားစေမည့် ခရုခွံ ဖယ်ရိုမုန်းအနံ့ကိုပင် ရှုမိနေသေးသည်။


သို့ဖြစ်၍ သူတို့က လွတ်နေသည့် လက်ထပ်မှတ်ပုံတင်ရုံးထဲသို့ လွယ်လွယ်နှင့် ဝင်၍ရမည့်ပုံပင်။ အရှေ့ကောင်တာတွင် ရဲဝံ့စွာ ထိုင်ချလိုက်ချိန်တွင် လုမော့၏ မျက်နှာက မည်းမှောင်နေသည်။


ဝန်ထမ်းက ကွာရှင်းမှတ်ပုံတင်စာရွက်အား ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ကို ကမ်းပေးလာသည်။


လုမော့က သူ့လက်သီးကို ကောင်တာပေါ် ဒေါသထွက်စွာ ထုချလိုက်သည်။

“ငါ ဒီကို လက်ထပ်ဖို့ လာတာ...”


ဒီနေ့ ဘာတွေဖြစ်နေကြတာလဲ...


ဝန်ထမ်းက ပျော့ညံ့သော အဆင့်နိမ့်အမျိုးသမီး ဖြစ်သည်။ အဆင့်နိမ့်အမျိုးသမီးများအတွက် ဤဂြိုလ်ပေါ်တွင် ငိုကြွေးရန် မလွယ်ကူပေ။ လုမော့က သူ့ကို စိုက်ကြည့်နေသည့်အား မြင်သောအခါ ချက်ချင်း ဖြူဖျော့သွားပြီး ကိုယ်ကို ကွေးကာ လျင်မြန်စွာ တောင်းပန်လာသည်။

“ကျွန်တော် တောင်းပန်ပါတယ်...ကျွန်တော် တောင်းပန်ပါတယ်...”


[အပြစ်မဲ့ လမ်းသွားလမ်းလာများကို ခြိမ်းခြောက်ခြင်း : အမှိုက်ဆန်မှုတန်ဖိုး တစ်မှတ် တိုးလာပါသည်။]


လုမော့၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီးနောက် ဘောပင်အား ကောက်ကိုင်ကာ ခေါင်းငုံ့ပြီး အချက်အလက်များကို ဖြည့်လိုက်သည်။


အဆင့်နိမ့်အမျိုးသမီးက ထိတ်လန့်တုန်လှုပ်ခြင်းမှ လွတ်မြောက်ပြီးနောက် မြင့်မြတ်သော D အဆင့် အမျိုးသားအား စာရွက်စာတန်း လုပ်ငန်းစဉ်တွင် လမ်းညွှန်ရန် သူ သတ္တိမွေးလိုက်သည်။  


“ဆရာ....ဒီနေရာမှာ ရေးရမှာက အမျိုးသမီးရဲ့ မှတ်ပုံတင်ထားနဲ့ ပိုင်ဆိုင်မှုတွေပါ...ကျေးဇူးပြု၍ ဆရာ့ရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုကို မဖြည့်ပါနဲ့...”


လုမော့က ရှက်ရွံ့မှုကြောင့် ဒေါသထွက်သွားသည်။

“ငါက ကြွားနေတာလေ...ငါ့မှာ ပိုက်ဆံရှိတာ ဘာဖြစ်နေလို့လဲ...”


“ဆရာ...ပထမဆုံး ...အမျိုးသမီးကို အိမ်ကနေ ထွက်ခွာဖို့ ခွင့်ပြုချက် ပေးပြီးပြီလား...သူ့ကို အလုပ်ဆက်လုပ်ဖို့ ခွင့်ပြုမှာလား...”


လုမော့ အံ့အားသင့်သွားသည်။


အကယ်၍ သူသာ အဓိကဇာတ်ဆောင်ဖြစ်သည့် စုန့်ကျန်းရှူး ဖြစ်မည်ဆိုလျှင် အမျိုးသမီးအား အပြင်ဘက်မှာ အလုပ်လုပ်ရန် ခွင့်ပြုပေလိမ့်မည်။ ဤအရာက လေးစားခြင်း ဖြစ်သည်။


ထောက်ထားစာနာပြီး စိတ်လှုပ်ရှားစရာအချစ်....


အကယ်၍ သူသာ စုန့်ကျန်းရှုနှင့် အတူတူ ရွေးချယ်လိုက်မည်ဆိုလျှင်...


လင်းထံမှ အမှိုက်ဆန်မှုတန်ဖိုးကို သေချာပေါက် မရနိုင်ပေ။


သူက လင်းကို တစ်ချက်ကြည့်လိုက်သည်။ အမျိုးသမီးဇာ့ဂ်က သူ ဆုံးဖြတ်ချမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။


ဒါပေမဲ့... ငါက လင်းကို သူ့အလုပ်မလုပ်ဖို့ ပိတ်ပင်လိုက်မယ်ဆိုရင်...


ငါ့အပေါ် အမြဲတမ်း ကပ်တွယ်နေမယ့် အမျိုးသမီးကို ရလိမ့်မယ်...


စနစ်က အချိန်မှန် စကားပြောလာခဲ့သည်။

[ပိုင်ရှင်...ငါ့ရဲ့ ဆုံးဖြတ်ချက်အရဆိုရင် သူက စတော့ဟုမ်း ရောဂါဖြစ်နေတာ သေချာပေါက်ပဲ.... ]

( Stockholm Syndrome - ဒါကို အရှင်းဆုံးဖြစ်အောင်ပြောရမယ်ဆိုရင် ကိုယ့်ကို ဖမ်းထား၊ ပြန်ပေးဆွဲထားတဲ့သူကို ရွံရကြောက်နေရမယ့်အစား ချစ်မိသွားတာမျိုးပါ )


ပြီးတော့ သူက မင်းကို ချစ်မိသွားမယ်...နေ့တိုင်း မင်းရဲ့ အမှိုက်ဆန်မှုတန်ဖိုးကို သူက ဖြတ်တောက်မယ်... မင်းမှာ အမှတ်တွေ အားလုံး ကုန်သွားပြီဆိုရင် မင်း ဖျားနာလာလိမ့်မယ်...


လုမော့ အသက်ပြင်းပြင်း ရှုလိုက်ပြီး ရွေးချယ်မှု ပြုလုပ်လိုက်သည်။



🌌🌌🌌


ဒီနှစ်ယောက် လိုက်လည်းလိုက်တယ်🤣