Chapter 12
Viewers 2k

🌌 Chapter 12




"ငါသဘောတူတယ်..." 


သူ့ပါးစပ်မှ စကားလုံးများ ပြောပြီးပြီးချင်း လုမော့ မေ့မျောသွားခဲ့သည်။ 


ကံကောင်းထောက်မစွာဖြင့် အမျိုးသားဇာ့ဂ် ကာကွယ်ရေးအသင်းတွင် ကယ်ဆယ်ရေးအတွေ့ကြုံများစွာ ရှိသည်။ ထို့အပြင် သူတို့က ဆေးရုံ၏ မြေအောက်ထပ်ဂိုဒေါင်အတွင်းတွင် ရောက်နေခြင်း ဖြစ်လေသည်။ မိနစ် 20 အတွင်းမှာပင် လုမော့က ဆေးရုံ၏ အရေးပေါ်ခန်းရှိ အခန်းတစ်ခုထဲတွင် လှဲလျောင်းနေပြီး ဖြစ်သည်။ 


လင်းက ပြတင်းပေါက်အပြင်၌ မတ်တတ်ရပ်နေသည်။ ကြည်လင်နေသော မှန်ပေါ်တွင် အခန်းတွင်းမှ အမျိုးသားဇာ့ဂ်၏ ဖျော့တော့နေသောပုံရိပ်က ထင်ဟပ်နေသည်။ လုမော့၏ နဖူးတွင် အေးစက်နေသော ချွေးစီးများဖြင့် စိုစွတ်နေသည်။ သူ့အား နှင်းများဖြင့်ပြုလုပ်ထားပြီး အချိန်မရွေး အရည်ပျော်သွားနိုင်သည့်အလား ကြည့်ရသည်မှာ နူးညံ့၊ကျိုးပဲ့လွယ်ပုံပေါ်သည်။ 


လင်း သူ့လက်ကို ဆန့်ထုတ်ကာ သူ့သွယ်လျလျလက်များဖြင့် လုမော့၏ကောက်ကြောင်းအတိုင်း မှန်မှတစ်ဆင့် ခန့်မှန်းထိတွေ့ကြည့်နေမိသည်။ 


လုမော့ထံမှ အပြင်းအထန် အရိုက်ခံလိုက်ရသော စုန့်ကျန်းရှူးကိုလည်း ကုသမှုခံရန် ပို့လိုက်ပြီးဖြစ်သည်။ သူ့အဆင့်သာ နိိမ့်ခဲ့လျှင် ထိုနေရာတွင်ပင် သေသွားပြီးဖြစ်လိမ့်သည်။ 


ထိုသို့ဆိုလျှင်ပင် ဆေးရုံခန်းထဲသို့ ပို့ခံလိုက်ရချိန်တွင် စုန့်ကျန်းရှူး၏ အသိစိတ်က ဝေဝါးနေပြီဖြစ်သည်။  


ဖောက်ထွင်းမြင်ရလုနီးပါး တံခါးက ဖြည်းဖြည်းချင်းပိတ်သွားစဥ် ဝမ်ကောက စုန့်ကျန်းရှူး အားနည်းစွာ ပြောလိုက်သော အသံအား ကြားလိုက်ရသည်။

"လင်းကို ဝင်လာခိုင်းလိုက်..." 


ထို ညင်သာတိုးဖွသော စကားလုံးများက သူ့အား လက်နှင့်ရိုက်လိုက်သကဲ့သို့  ပြင်းထန်စွာ ထိမှန်သွားသည်။ á€žá€°á€€ စုန့်ကျန်းရှူးဆိုလိုသည်အား တစ်ခဏမျှ နားမလည်နိုင် ဖြစ်သွားသည်။ 


လေးစားဖွယ်တပ်မှူးက စစ်မြေပြင်တွင် သူ၏ရဲရင့်မှုနှင့် အတိုက်အခိုက်ကျွမ်းကျင်မှုကြောင့် လူသိများ ကျော်ကြားလေသည်။ သူ၏ အလျော့မပေးတတ်သော ဇွဲနှင့် သတ္တိများက သူ့အား ဆုတံဆိပ်များစွာ ဆောင်ကြည်းပေးခဲ့ပြီး ကိုယ်ပေါ်တွင်လည်း အမာရွတ်များ တစ်ခုပြီးတစ်ခု တိုးလာခဲ့လေသည်။ 


သို့သော် သူ့အား ရှေ့ဆက်ရန်သာသိသော စစ်တပ်ခွေးတစ်ကောင်ဟုထင်လျှင် မှားသွားပေမည်။ သူက တိုက်ခိုက်ရာတွင်တော်ပြီး အခြားသောနည်းလမ်းများတွင်လည်း မိုက်ရူးရဲဆန်သေးသည်။ 


သူ့တွင် မြေခွေးကဲ့သို့ စူးရှထက်မြသော အနံ့ခံအာရုံရှိပြီး စစ်မြေပြင်တွင် လေထဲမှ အနည်းမျှသော အပြောင်းအလဲကိုပင် အာရုံခံစားနိုင်ပေသည်။ 


ထို ထူးချွန်မှုဖြင့် သေမင်းလက်မှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ပြီး သူ့စစ်သားများကို ဦးဆောင်ကာ ဇာ့ဂ်များအတွက် အောင်ပွဲ တစ်ပွဲပြီးတစ်ပွဲ သိမ်းပိုက်နိုင်ခဲ့သည်။ 


သို့သော် ထိုပေါ့ပါးသော စကားလုံးလေးများက ဝမ်ကော၏ သန်မာကြံ့ခိုင်လှသော လက်နက်များကို ချက်ချင်း ဖျက်ဆီးချေမှုန်းပစ်လိုက်ကာ မထိန်းချုပ်နိုင်စွာ ခိုက်ခိုက်တုန်သွားစေခဲ့သည်။ 


လေးလံသော ခြေလှမ်းများဖြင့် စုန့်ကျန်းရှူး၏ စကားများကို ပြောရန် လင်းဘေးသို့ သွားခဲ့သော်လည်း သူ ပါးစပ်ဟလိုက်ချိိိန်တွင် စကားလုံးများက ပြောင်းလဲသွားသည်။ 


သူ ပြောလိုက်သည်။

"သူက D အဆင့် အမျိုးသားဇာ့ဂ်ပဲ..." 


၎င်းက စိတ်အနှောင့်အယှက် ဖြစ်စေသော ဝေဖန်စကားပင်။ 


အကယ်၍ ပြောသူက ဝမ်ကော မဟုတ်ခဲ့ဘဲ ပြောခံရသူကလည်း လင်းမဟုတ်လျှင် ထိုစကားများက အငြင်းပွားမှု ကြီးကြီးမားမား ဖြစ်ပွားစေလိမ့်မည်ပင်။ 


လင်းက သူ၏ လက်အောက်ငယ်သားအကြောင်း သိ၍ ဒေါသမထွက်ချေ။ 

"အင်း သူက တကယ်ပဲ D အဆင့်..." 


ဝမ်ကော ခဏမျှ တိတ်ဆိတ်သွားပြီး ထပ်ပြောလိုက်သည်။

"ငါ သူနဲ့ပတ်သတ်လို့ ဘာမှ ထူးခြားတာမတွေ့ဘူး..." 


သူ နားမလည်ချေ။ သူ့ရှေ့မှ အမျိုးသားဇာ့ဂ်က အခြား အမျိုးသားဇာ့ဂ်များနှင့် ခြားနားသည့်အချက် မရှိသည်ကို နှစ်မိနစ် အချိန်ယူကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။  အခြားအမျိုးသားဇာ့ဂ်များနည်းတူ အထက်စီးဆန်၊ မာနကြီးကာ တူညီသော နုံအမှုနှင့် အကြင်နာတရားလည်း မရှိချေ။ အဆင့်နိမ့် မျိုးရိုးဗီဇပင် ရှိနေသေးသည်။ 


သို့သော် အဘယ့်ကြောင့် လင်း၏မျက်လုံးများက တစ်လျှောက်လုံး ထိုကဲ့သို့သော အမျိုးသားဇာ့ဂ်အပေါ် ရှိနေရသည်လဲ...


အဘယ့်ကြောင့် ဗိုလ်မှူး၏ အကြည့်များက ယခင်ကထက် အများကြီး ညင်သာ သွားရသည်လဲ... 


ဝမ်ကော မနေနိုင်ဘဲ မေးလိုက်သည်။

"သူ မင်းကို ပျော်ရွှင်အောင်လုပ်ပေးတာလား..." 


အချစ်က မပြောင်းလဲသော စိတ်ရှည်သည်းခံခြင်းဖြစ်သည်။ အချစ်က မနာလိုသဝန်တိုခြင်း မဟုတ်ပေ။ အချစ်က ကြွားလုံးထုတ်ခြင်းလည်း မဟုတ်သလို အထက်စီးဆန် မာနကြီးခြင်းလည်း မဟုတ်ချေ။ 


၎င်းက အမျိုးသမီးဇာ့ဂ်တိုင်း ငယ်စဥ်ကတည်းက သင်ကြားခဲ့ရသည်များ ဖြစ်သည်။ အမျိုးသားဇာ့ဂ်တွင် အမျိုးသမီးဇာ့ဂ် တစ်ယောက်တည်းသာ မရှိနိုင်ပေ။ အမျိုးသမီးဇာ့ဂ်တွင် အမျိုးသားဇာ့ဂ်အား လက်ဝါးကြီးအုပ် ပိုင်ဆိုင်လိုစိတ်များ မရှိရပေ။


ဝမ်ကောက ထိုစည်းမျဥ်းစည်းကမ်းများအား လိုက်နာ စောင့်ထိန်းခဲ့သည်။


သူ တစ်ကြိမ်ပြီး တစ်ကြိမ် နာကျင်ခံစားခဲ့ရသော်လည်း အမြဲ သည်းခံခဲ့သည်။ အချစ်က ထိုကဲ့သို့ပင် တစ်ဝက်မှာ ချိုမြိန်လှသော်လည်း ကျန်တစ်ဝက်မှာမူ ခါးသက်လှပေသည်။ 


"ဘာလို့ ငါ့ကိုမဖြေတာလဲ..."

ဝမ်ကော တစ်ကြိမ်တည်းနှင့် မေးခွန်းမြောက်များစွာကို စတင်မေးမြန်းတော့သည်။

" မင်း ဘာတွေများတွေးနေတာလဲ..." 


"..." 


လင်း အမြဲတမ်း စိတ်ဓါတ်ကြံ့ခိုင်သော သူ့လက်အောက်ငယ်သားကို ကြည့်လိုက်သည်။ ဝမ်ကော သူ့အား(လင်း)နားမလည်ပေ။ လင်းသာမဟုတ်ဘဲ သူ့ကိုယ်သူပင် နားမလည်ချေ။ မျက်လုံးထဲတွင် အသနားခံလုနီးပါး အရိပ်အယောင်များနှင့် ထိုမေးခွန်းအား အသည်းအသန်ပင် မေးနေခဲ့သည်။ 


၎င်းမှာ နယ်နမိတ်မရှိ၊ ထွက်ပေါက်လည်းမရှိသော အဆုံးမရှိသည့် ဝင်္ကပါထဲတွင် ပိတ်မိနေသည့်အလားပင်။


လင်း ခေါင်းငုံ့ကာ အင်္ကျီအတွင်းမှ စီးကရက်ကို

ထုတ်ယူလိုက်သော်လည်း မီးမညှိခဲ့ပေ။ သူ သွားဖြင့်အသာလေးကိုက်ကာ ပြောလိုက်သည်။ 


"ဝမ်ကော မင်း..." 


သူ နံရံကို မှီလိုက်ပြီး စင်္ကြန်လမ်းထက် တစ်ယောက်ပြီး တစ်ယောက် ဖြတ်သွားသော အမျိုးသမီးဇာ့ဂ်များကို ညွှန်ပြကာ တီးတိုးညင်သာစွာ ပြောလိုက်သည်။ 


"ဒီအမျိုးသမီး၊ ဟိုအမျိုးသမီး အမျိုးသမီးဇာ့ဂ်အားလုံးက အတူတူတွေပဲ..." 


"မင်းက မင်းတာဝန်အပေါ်မှာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတာ... သစ္စာလည်းရှိပြီး ဆုံးဖြတ်ချက်ပြတ်သားတယ်...ဆွေကြီးမျိုးကြီးလည်း ဖြစ်နေသေးတယ် အဲ့ဒါကြောင့် ငါဒီလို ဆုံးဖြတ်တာကို မင်းက စိတ်မသက်မသာဖြစ်နေတာ..." 


"ငါက မင်းနဲ့မတူဘူး..." 


လင်း၏စကားလုံးများက ဝေဝေဝါးဝါးနှင့် မသဲကွဲပေ။

"ငါကတော့... ဟိုးအချိန်တွေကတည်းက နေမကောင်းဖြစ်နေတာ..ဆရာဝန်က ငါ့ကို sociopath လို့ သတ်မှတ်ထားပြီးသား တခြားသူတွေ မှန်တယ်ထင်တဲ့ လူကျင့်ဝတ်တွေကို ငါလက်ခံနိုင်မှာ မဟုတ်ဘူးတဲ့..." 


ဝမ်ကော သူ့အားစိုက်ကြည့်နေပြီး မျက်လုံးများက ဇဝေဇဝါဖြစ်နေသည်။ 


"အဲ့ဒီလိုပဲ..." 

လင်း အရေးမစိုက်ဟန် ပခုံးတွန့်လိုက်သည်။ 


"ငါက ကျင့်ဝတ်တွေကို မလိုက်နာနိုင်တဲ့သူ တစ်ယောက်ပဲ...သူ  သူ...သူကတော့ အမျိုးသားဇာ့ဂ်ပြုပြင်ရေးဌာနကို ပို့ခံရနိုင်တဲ့သူပဲ...သူငါ့ကို ဘာပြောခဲ့လဲဆိုတာ မင်း ခန့်မှန်းနိုင်မှာတောင် မဟုတ်ဘူး..."


ထိုသို့ပြောလိုက်ပြီး အတိတ်ကို ပြန်တွေးမိသွားပုံရကာ လင်း၏ အနီရောင်တောက်တောက် မျက်ဝန်းများက နွေဦးရာသီ၏ နေဝင်ချိန်တွင် တလက်လက်တောက်ပနေသည့် ရေကန်ငယ်လေးအလား နူးညံ့သောအလင်းများနှင့် လင်းလက်သွားခဲ့သည်။ 


သူအဆုံးသတ်ပြောလိုက်သည်။

"တိုတိုပြောရရင် ငါတို့က အိုးပဲ့နဲ့စလောင်းဖုံးလိုပဲ...လိုက်ဖက်တယ်..." 


ဝမ်ကော တီးတိုးပြောလိုက်သည်။

"ငါလုံးဝ နားမလည်ဘူး..." 


လင်း ခေါင်းကိုလှည့်၍ လူနာဆောင်ထဲတွင် လှဲလျောင်းနေသော လုမော့အား ကြည့်လိုက်သည်။ သူက ကြင်နာယုယမှုများ ပြည့်နေသော အသံဖြင့် ပြောလိုက်သည်။

"မြင့်မြတ်မှုကို  အထက်တန်းစားတွေက ပြုမူကြပြီး အဆင့်နိမ့်တွေကိုတော့ သူတို့အပြုမူနဲ့ပဲ အဆင့်နိမ့်အဖြစ်သတ်မှတ်ကြတယ်..." 


နတ်ဘုရားမက သူ့ကိုစွန့်လွှတ်ခဲ့လျှင်ပင် လုမော့နှင့်အတူသာဆိုလျှင် ငရဲမီးတောက်များကြားတွင်ပင် သူပျော်ရွှင်သည်။ 


"ပြီးတော့ မင်းအနံ့ရလား..." 


လင်း တွန့်ဆုတ်စွာ အနံ့ခံကြည့်လိုက်သည်။ ဝမ်ကော သူ့အား သံယဖြင့်ကြည့်၍ မေးလိုက်သည်။

"ဘာအနံ့လဲ..." 


လင်း ခေါင်းခါလိုက်သည်။

"ဘာမှမဟုတ်တော့ပါဘူး..." 


မိုး၏ စိုထိုင်းထိုင်းအနံ့လေးက ပို၍ ပို၍ သန်မာလာခဲ့သည်။


-------


ထိုအခိုက်အတန့်တွင် လုမော့က အလွန်အမင်း အံ့သြစရာကောင်းသော အခြေအနေတွင်း ကျရောက်နေသည်။ 


သူက သတိလစ်နေသော်ငြား သူ့အသိစိတ်ကမူ ယခင်ထက်ပို၍ နိုးကြားတက်ကြွနေပေသည်။ 


အဆုံးမရှိသော ပရမ်းပတာ အမှောင်ထုထဲ မတ်တတ်ရပ်နေသော်လည်း သူကြောက်ရွံ့မှုကို မခံစားရပေ။ နွေးထွေးတောက်ပနေသော အလင်းစက်လေးများက အမှောင်ထဲပျံ့လွင့်နေသည်။ တစ်ခါတစ်ရံ စုစည်းသွားကြသည့်အခါတွင်မူ  သူ ပထမဆုံးအကြိမ် ကြယ်သင်္ဘော စီးသည့်အတွေ့ကြုံကို သတိရမိသွားသည်။ 


ထွင်းဖောက်မြင်ရသော ပြတင်းဝိုင်းရှေ့တွင် ရပ်ကာ  ခမ်းနားလှသော စကြဝဠာ၏ အလှတရားကြောင့် မျက်ရည်ကျမတတ်ပင် အံ့သြထိတ်လန့်သွားသည်။ 


"ဒါက ဘယ်နေရာလဲ..." 


[ဒါကမင်းရဲ့ခန္ဓာကိုယ်ပဲ...]

စနစ်၏အသံက အမှောင်ထဲမှ ထွင်လာကာ တိုးဖျော့တိမ်ဝင်သွားသည်။

[အသွင်ပြောင်းလဲမှု မပြီးခင် မိနစ် 30 ကျန်ပါသေးတယ်...] 


လုမော့. : "..." 


လုမော့ လက်လှမ်းလိုက်သကဲ့သို့ သို့မဟုတ် သူကိုယ်တိုင်ရှေ့သို့ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရကာ ဝန်းကျင်တွင်ရှိသော အလင်းစက်များကို ထိလိုက်သည်။ 


အလင်းစက်ဘေးများက သူ့လက်အား တိရစ္ဆာန်ငယ်လေးတစ်ကောင်လို တိုးဝှေ့ ပွတ်သတ်လာကြသည်။

လုမော့က သူတို့ထံမှလာသော ပျော်ရွှင်တက်ကြွမှု လှိုင်းလုံးကြီး ခံစားလိုက်သည်။ 


သူ့မျက်ခုံးများ မြင့်တက်သွားသည်။

"ဆိုတော့ ငါက ငါ့ကိုယ်ငါ ထိလိုက်ရလို့ အရမ်းပျော်နေတယ်ပေါ့..." 


စနစ် : "..." 


စနစ် ခေါင်းကိုက်သွားသည်။

[ကျေးဇူးပြုပြီး ကောင်းကောင်းလက်ခံပေးပါ...]


လုမော့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

" ငါက နူးညံ့ ညင်သာနေတာပဲကို သော့ခတ်ခံရမှာကို မကြောက်ပါဘူး..." 


စနစ် အေးစက်စွာ တုံ့ပြန်လိုက်သည်။

[ကျွန်တော့်ရဲ့လက်ရှိစရိုက်က အရွယ်မရောက်သေးဘူးဆိုတာ ပိုင်ရှင်သတိရဖို့မျှော်လင့်ပါတယ်...  ပိုင်ရှင် အနှေးနဲ့အမြန် သော့ခတ်ထားခံရလိမ့်မယ်...ကျွန်တော် သတိပေးထားတယ်နော်...] 


လုမော့ပခုံးတွန့်လိုက်သည်။ 


ဘဝမှာ နောင်တဆိုတာ အမြဲ ရှိတာပါပဲလေ... 


သူတို့ပြောနေချိန်တွင် ရည်ရွယ်ချက်မရှိ လှည့်ပတ်၊ ကခုန်နေကြသော အလင်းစက်များက ရပ်သွားကာ ပုံမှန် ပုံစံများ ပြောင်းသွားကြသည်။ အလင်းစက်များက အုပ်စုလေးများအဖြစ် စုဝေးကာ စမ်းချောင်းငယ်လေးများ ဖြစ်သွားသည်။ ထို့နောက် သူတို့အချင်းချင်းရောထွေးကာ အလင်းမြစ်အသွင် ပြောင်းသွားခဲ့သည်။ 


-------


သန်းချီသောမြစ်များက သူတို့ရှေ့တွင် တိတ်ဆိတ်စွာ စီးဆင်းနေသည်။ သည်းထိတ် ရင်ဖိုစရာကောင်းသော်လည်း စိတ်ကိုတည်ငြိမ်စေသည်။ 


မြစ်များ အလယ်ဗဟိုတွင် ပေါင်းစည်းသွားသောအခါတွင်မူ  အလွန်ကြီးမားသော အဖြူရောင်အလင်းတန်းဖြစ်ပေါ်လာကာ အမှောင်ကို ဖြိုခွင်းလိုက်သည်။  


-------


လုမော့ မျက်လုံးများဖွင့်လိုက်သည်။ 


နူးညံ့သော မျက်နှာလေးကို မြင်လိုက်ရသည်။ သူ့ရှေ့မှ အဆင့်နိမ့်အမျိုးသမီးဖြစ်သော ဆရာဝန်လေးက နှစ်သိမ့်လိုက်သည်။

"ဘယ်လိုနေသေးလဲ..." 


လုမော့ ခက်ခက်ခဲခဲ မျက်တောင်ခတ်လိုက်ကာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်...နည်းနည်း ပူနေရုံပဲ..." 


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက နောက်အနည်းငယ် ဆုတ်လိုက်သည်။

"ပူတယ်လား..." 


လုမော့ သူ့ကိုယ်သူ အနည်းငယ် သတိထားမိသွားကာ အမူအရာမဲ့စွာနှင့် ပြောလိုက်သည်။ 

"ဒေါက်တာ...ဒါက ဒေါက်တာ့အတွက် သာမာန်ကိစ္စဖြစ်ပြီး ဇာ့ဂ်တွေကိုမျိုးပွားတဲ့ကိစ္စနဲ့ ပတ်သတ်တဲ့ အရေးကြီး ဖြစ်ရပ်မှန်းလည်း ကျွန်တော်သိပါတယ်...

ကျွန်တော့်ရဲ့ မသင့်လျော်တဲ့ စိတ်ဆန္ဒတွေကဒေါက်တာရဲ့ မြင့်မြတ်တဲ့ အလုပ်ကျင့်ဝတ်တွေကို အသရေပျက်စေတယ် ဆိုရင်တောင် ကျေးဇူးပြုပြီးကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ...ဘယ်လိုပဲနေနေ ဒီလိုအရာတွေကို ထိန်းချုပ်နိုင်တဲ့ ပြီးပြည့်စုံတဲ့သူ မရှိနိုင်ဘူးလေ...ကျွန်တော်ပြောတာကို ဒေါက်တာ နားလည်တယ်မလား..."


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက စိတ်ရှုပ်ထွေးစွာ မျက်တောင်ခတ်လိုက်သည်။

"မင်း ဘာတွေပြောနေတာလဲ..."


လုမော့ စိတ်ရှုပ်စွာဖြင့် သူ့ကော်လံအား ဆောင့်ဆွဲလိုက်ပြီး ပြောလိုက်သည်။

"ကျွန်တော့်ဖယ်ရိုမုန်းတွေ ထိန်းမရသိမ်းမရ ထွက်နေသလိုပဲ ဒေါက်တာ..." 


ဒေါက်တာ : "..." 


ဆယ်စက္ကန့်ကြာပြီးနောက် ဆရာဝန်က သဘောပေါက်သွားကာ ရှက်သွေးဖြာသွားလျက် တံခါးအပြင်သို့ လှစ်ခနဲ ပြေးထွက်သွားတော့သည်။ စင်္ကြန်တွင်ရပ်နေသော အမျိုးသမီးဇာ့ဂ် နှစ်ယောက်ထံ လှည့်၍မေးလိုက်သည်။

"မင်းတို့ထဲကဘယ်သူက လူကြီးမင်းလုမော့ရဲ့ အမျိုးသမီးဇာ့ဂ်လဲ..." 


လင်းက တိတ်တိတ်လေး အသက်ပြင်းပြင်း ရှူသွင်းကာ ပြောလိုက်သည်။

"ကျွန်တော်ပါ...ဘာဖြစ်လို့လဲ..." 


ထိုအမျိုးသမီးဇာ့ဂ်က အနီးတွင်ရှိနေ၍ ဒေါက်တာ စိတ်သက်သာရာ ရသွားပေသည်။ လင်း လက်ကိုဆွဲလျက် အခန်းထဲခေါ်သွားလိုက်သည်။ ဝမ်ကော လိုက်သွားရန်ကြိုးစားလိုက်သော်လည်း ဒေါက်တာက သူ့အား တွန်းကာ တားလိုက်သည်။ 


အဆင့်နိမ့်အမျိုးသမီးက သူ့သွားများအား ဖြဲပြလိုက်သည်။

"တခြားဇာ့ဂ်တွေ ဝင်ခွင့်မရှိပါဘူး..." 


အနံ့အသက်က ပိုပြင်းလာပြီး အခန်းတွင်းမှ လေကလည်း စိုထိုင်းထိုင်း ဖြစ်နေလေသည်။ ရေထဲနစ်မြှုပ်သွားသကဲ့သို့ လင်းခံစားလိုက်ရသည်။ 


အမျိုးသားဇာ့ဂ်က ကုတင်ပေါ်တွင် ခေါင်းငုံ့ကာ ထိုင်နေပြီး မြင်နေရသော မျက်နှာတစ်ခြမ်းမှာ အနီရင့်ရင့်ဖြစ်နေသည်။ 


"ဘာဖြစ်နေတာလဲ..."


တိုက်ခိုက်တော့မည့် ကျားသစ်တစ်ကောင်၏ ကိုယ်ဟန်အနေထားနှင့် လင်း၏ အသံက ကြောက်စရာကောင်းစွာ နိမ့်၍ အက်ကွဲနေသည်။ သူ့အနီရောင် မျက်ဆံများက အပ်တစ်ချောင်း အရွယ်အထိ ကျုံ့ဝင်သွားသည်။ 


လင်းအသံကြားလိုက်ချိန်တွင် လုမော့ သူ့အင်္ကျီကော်လံကို စိတ်မရှည်စွာ ဆောင့်ဆွဲလျက် ခေါင်းမော့ကြည့်လိုက်သည်။ 


မဖော်ပြနိုင်သော မသက်မသာဖြစ်မှုများနှင့် လုမော့မျက်လုံးထောင့်များက နီရဲနေကာ  မကျေမနပ်ဖြစ်နေပုံပေါ်သည်။ 


သူ့လက်များအား လင်းထံ ဆန့်ထုတ်လိုက်သည်။

"လင်း ငါနေလို့မကောင်းဘူး..."



🌌🌌🌌