Chapter 15
Viewers 2k

🌌 Chapter 15



နောက်တစ်ရက်က နေသာသော နေ့တစ်နေ့ပင်။


ခြံဝင်းကျယ်ကြီးထဲတွင် အိမ်တော်ထိန်းက စိမ်းလန်းစိုပြည်နေသောပန်းများကို သေချာဂရုစိုက်ကြရန် အစေခံများအား ရှေ့နောက် ညွှန်ကြားနေလေသည်။


ဂြိုလ်၏ အဖိုးတန်ဆုံး အရင်းအမြစ်များထဲမှ တစ်ခုမှာ သန့်ရှင်းပြီး သောက်သုံးနိုင်သော ရေဖြစ်သည်။


သံချေးနီရောင်ရှိသော လေထုက ဂြိုလ်အား ဝိုင်းရံထားသည်။ တိမ်များက ခရမ်းရောင်ကော့စမစ် ဒြပ်မှုန်များနှင့် ပြည့်နေပြီး ပြင်းထန်သော ဓါတ်ရောင်ခြည်များ ထုတ်လွှတ်နေပေသည်။


မိုးရွာသည့်အချိန်တိုင်းတွင် ဂြိုလ်တစ်ခုလုံးအတွက် အန္တရယ် အလွန်များပေသည်။ အထူးသဖြင့် ဂြိုလ်တွင် နေထိုင်သူများ၏ 85% မှာ အဆင့်နိမ့်အမျိုးသမီးများဖြစ်ကြသည်။ 


သူတို့မှာ အမျိုးသမီးဇာ့ဂ်များကဲ့သို့ မသန်မာဘဲ အမျိုးသားဇာ့ဂ်များကဲ့သို့လည်း အကာကွယ်မခံရပေ။ ထို့ကြောင့် ပျက်စီးကျိုးပဲ့နေသော သံများ၊ သစ်သားများဖြင့် ဆောက်လုပ်ထားသည့် 'အိမ်' ဟုပင် မခေါ်ဆိုနိုင်သည့် သူတို့၏ ချွတ်ခြုံကျနေသည့် အိမ်အမိုးများအောက်တွင် တိုးဝှေ့ပူးကပ်နေရုံသာ တတ်နေနိုင်ပေသည်။


ကျဆင်းလာသော မိုးရေစက်များက ရေအရင်းအမြစ်များကို ညစ်ညမ်းသွားစေပြီး ကမ္ဘာမြေကြီးအား အဆိပ်အတောက် ဖြစ်စေသည်။ အဆိပ်အတောက်များ ပြည့်ဝနေသည့် ညစ်ညမ်းနေသော ရေအား အချိန်ကာလတစ်ခုကြာအောင်သောက်သုံးပါလျှင် ခန္ဓာကိုယ်က လျှင်မြန်စွာပင် နေမကောင်း ဖြစ်လာပေလိမ့်မည်။ လူနာတစ်ယောက်က ရေဒီယိုဓါတ်ရောင်ခြည်ကြောင့် ရောဂါတစ်ကြိမ်ဖြစ်ပွားသွားလျှင် သူတို့၏ သက်တမ်းများလည်း လျင်မြန်စွာပင် ကုန်ဆုံးလာပေလိမ့်မည်။


ကျန်းမာသန်စွမ်းစွာ နေထိုင်လိုပါက သန့်ရှင်းသည့်ရေ ရရန်အတွက် ငွေရှိရန် လိုအပ်ပေသည်။


ရေ 100 မီလီလီတာ အတွက် အင်ပါယာဒင်္ဂါး 10 ဒင်္ဂါးကျသင့်ပေသည်။


အရွယ်ရောက် အဆင့်နိမ့်အမျိုးသမီးတစ်ယောက်အတွက်တစ်နေ့လျှင် ရေ 1000 မီလီလီတာ သောက်ရန် လိုအပ်ပေသည်။ ထို့ကြောင့် တစ်နေ့ကို အင်ပါယာဒင်္ဂါး 100 သာကျသင့်ပေသည်။


ဒင်္ဂါး 100 ဆိုသည်မှာ အင်ပါယာကြယ်ရှိ အစာတစ်နပ်စာအတွက်ပင် မလုံလောက်ချေ။ သို့သော် ဤနေရာတွင်မူ ၎င်းမှာ သာမန် အဆင့်နိမ့်အမျိုးသမီးတစ်ယောက်၏ တစ်နေ့လုပ်အားခနှင့် ညီပေသည်။ 


သို့ကြောင့် လစာမြင့်မားရုံမက အစားအစာနှင့်နေရာထိုင်ခင်းပါ ထောက်ပံ့ပေးသော ဆေးရုံတွင်းရှိအချို့သော အလုပ်များမှာ မရေမတွက်နိုင်သော အဆင့်နိမ့်မျိုးသမီးများ ရရန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရသည့် အလုပ်များ ဖြစ်လာခဲ့သည်။


ကံမကောင်းစွာပင် ထိုသို့ အနည်းငယ် ကောင်းမွန်သော အလုပ်များကို ရရန် တိုက်ခိုက်နေသူများမှာ ထောင်နှင့်ချီသော အဆင့်န်ိမ့်အမျိုးသမီးများသာမက အမျိုးသမီးဇာ့ဂ်များပါ ပါဝင်လေသည်။ ရှုံးနိမ့်သွားသော အဆင့်န်ိမ့်အမျိုးသမီး ထောင်ပေါင်းများစွာက အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်ပြီး သူတို့၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကလည်း တစ်နေ့ထက်တစ်နေ့ အားနည်းလာကြသည်။


သို့သော် ချမ်းသာသော အမျိုးသားဇာ့ဂ်များအတွက်မူ ၎င်းအား ထည့်သွင်းစဉ်းစားနေရန် မလိုအပ်ပေ။


တောက်ပသော နေရောင်အောက်ရှိ အဖြူရောင် စကျင်ကျောက်များဖြင့် အလှဆင်ထားသော ရေပန်းများကြားတွင် ကြည်လင်နေသောရေက လေထဲသို့ လွင့်စင်လာပြီး ပုလဲလုံးလေးများ ကြွေကျသွားသည့်အလား အဖြူရောင်အမြှုပ်များ ထသွားလေသည်။


ရေငွေ့များက လေထဲသို့ ရောနှောသွားပြီး သေးငယ်ပြီး လှပသည့် သက်တံ့ပုံသဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။


ထိုအဖိုးတန်ရှားပါးလှသော ရေများအား ဤနေရာတွင် ရေပန်းအဖြစ် အလှဆင်ထားလေသည်။


ထိုကဲ့သို့ အထက်စီးဆန်၊ လက်ဖွာပြီး ရာဂစိတ်ပြင်းပြသော အဓိကဇာတ်ကောင်မှာမူ သဘာဝကျစွာပင် ခြံဝင်းကျယ်ကြီးထဲရှိ နေရာတစ်ခုတွင် မှိုင်တွေနေသည့်ပုံသဏ္ဍာန်ဖြင့် ထိုင်နေသည့် အစိမ်းရောင်မျက်လုံးများနှင့် အမျိုးသားဇာ့ဂ်ပင် ဖြစ်ပေသည်။


သူ လက်ဆန့်ကာ ရေပန်းမှရေကို ဝမ်းနည်းစွာ လက်တစ်ခုပ်အပြည့် ခပ်ယူလိုက်လေသည်။


[ဘဝက မင်းကို လိမ်လည် လှည့်ဖြားသွားရင် ဝမ်းမနည်းနဲ့ စိတ်သောကလည်းရောက်မနေနဲ့...အပြာရောင်နေ့ရက်တွေမှာ အေးဆေးတည်ငြိမ်မှုကိုလိုအပ်တယ်...]

စနစ်က နွေဦးစမ်းရေထက်ပင် ချိုမြနေသော ကလေးသံ ကြည်ကြည်လေးအဖြစ်သို့ ပြောင်းသွားလေသည်။ ၎င်းအသံကို ကြားလိုက်ရသည့်သူတိုင်းအား နာကျင်ကြွေကွဲနေသော နှလုံးသားများကို ကုသပေးနိုင်သည့် ကလေးများ၏ ဓမ္မတေးသံများဖြင့် လွှမ်းခြုံနေသော မြင့်မြတ်သည့် ဘုရားကျောင်းတွင် နေထိုင်နေရသလိုပင် ခံစားလိုက်ရသည်။


[ယုံကြည်လိုက်ပါ ပျော်ရွှင်စရာနေ့ရက်တွေကရောက်လာပါလိမ့်မယ်...]


အာ....


လုမော့၏ မျက်လုံးထောင့်မှ သလင်းကဲ့သို့ ကြည်လင်နေသော မျက်ရည်များ ကျဆင်းလာကာ ဝန်ခံလိုက်သည်။ 

"ပထမဆုံးအနေနဲ့ မင်းရဲ့ ပေါက်ကရစကားတွေကို နားမထောင်သင့်ဘူးလို့ ထင်တာပဲ...."


"မင်းရဲ့ ပေါက်ကရစကားတွေကိုသာ နားမထောင်ခဲ့ရင် ဒီငရဲလိုနေရာကိုလည်း ရောက်လာရမှာ မဟုတ်ဘူး... ဒီနေရာကိုသာ မရောက်လာခဲ့ဘူးဆိုရင် အဲ့လောက် အကြွေးအများကြီးလည်း တင်နေမှာမဟုတ်ဘူး အကြွေးတွေသာ မတင်ခဲ့ရင်..."


စနစ်က ဖြတ်ပြောလိုက်သည်။

[အဲ့အခါကျ ယုတ်မာနေတဲ့ လူတစ်ယောက်မဟုတ်တော့ဘဲ သန့်ရှင်းစင်ကြယ်တဲ့ အလောင်းကောင်ကြီးပဲ ဖြစ်သွားလိမ့်မယ်...]


လုမော့ : "..."


[ကောင်းပြီ အနည်းဆုံးတော့ ငါတို့ အဲ့ကနေ တစ်ခုခု ရလိုက်တာပဲလေ...]

စနစ်က သူ့အား နှစ်သိမ့်လိုက်သည်။


[မင်းရဲ့ အမှိုက်ဆန်မှုတန်ဖိုး နည်းနည်းလောက် နှုတ်ခံလိုက်ရပေမဲ့ အင်ပါယာကြယ်မှာ နေထိုင်ခွင့်နဲ့ ဒင်္ဂါးသန်း 300ကျော်ကိုတောင် ရလိုက်သေးတယ်လေ...]


လုမော့ သူ့မျက်နှာကို လက်ထဲမြှုပ်လိုက်ပြီး ပခုံးများကို ဖက်ထားလိုက်သည်။


ဇာ့ဂ်ကမ္ဘာထဲက ဇာ့ဂ်များကမူ ပြင်းထန်သည့်ရောဂါတစ်ခု ဖြစ်နေကြသည့်အတိုင်းပင်။


ယမန်နေ့က တိုက်ရိုက် ထုတ်လွှင့်လိုက်သည့် ဗီဒီယိုက လုံးဝ ပေါက်ကွဲထွက်သွားသည်။ သို့သော် ရလဒ်က သူမျှော်မှန်းထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ 


တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူအဓိပ္ပါယ်မရှိသည့်စကားများကို လျှောက်ပြောကာ သူ့ကိုယ်ပိုင်အင်အားကို ပြသခဲ့သည်။ စနစ်ပင် စိတ်အားထက်သန်နေလျက် အမှိုက်ဆန်မှုတန်ဖိုးများ တိုးလာသည့်အသံကိုလည်း အဆုံးမရှိ ကြားခဲ့ရသညိ။


မကြုံစဖူးဖြစ်၍ သူ အလွန်ပီတိဖြာသွားမိသည်။


ခံစားချက်ကို ဖော်ပြရမည်ဆိုလျှင် ပိုက်ဆံများ အဆက်မပြတ် ထွက်လာနေသော ATM စက်ရှေ့တွင် ထိုင်နေပြီး သူလုပ်ရမည့်အလုပ်မှာ ပိုက်ဆံများကောက်၍ အိတ်ကပ်ထဲထည့်နေရုံသာ ဖြစ်သည်။


ခံစားချက်ကောင်းလွန်း၍ တချွင်ချွင်အသံများကြားတွင် သူ့ကိုယ်သူ ပျောက်ဆုံးသွားရသည်။


သူက ယုံကြည်ချက်အပြည့်၊ အထက်စီးဆန်မှုအပြည့်ဖြင့် စုန့်ကျန်းရှူးအား ကြီးကျယ်ခမ်းနားစွာ  ရိုက်ချခဲ့သည်။ ခံစားချက်ကောင်းလွန်း၍ ထိုအချိန်က သူ့နာမည်သူပင် မမှတ်မိတော့လောက်အောင်ပင်။


သို့သော် ယခုအခါ ဖင်ကပ်နေသော အမှိုက်ဆန်မှုတန်ဖိုးများကိုကြည့်လိုက်ပြီး နောင်တများ၊ နာကျင်မှုများ ဖြစ်ပေါ်လာ၍ ယမန်နေ့တုန်းကအချိန်ကို ပြန်သွား၍ သူ့မျက်နှာကိုပင် ထိုးသတ်ချင်သွားမိသည်။


တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားသည့်နောက်တွင် သူမျှော်လင့်ထားသလို ပြစ်တင်ရှုတ်ချမှုများ မရလာခဲ့ပေ။ ၎င်းအစား  သူ့အမှိုက်တန်ဖိုးများသာ အသည်းအသန် ထွက်သွားခဲ့လေသည်။


[အရမ်းချောတယ် အရမ်းမိုက်တယ် ငါကြိုက်တယ်...]


[ဟုတ်တယ် ဟုတ်တယ်...ငါက ပထမနေရာက အမျိုးသားဇာ့ဂ်တွေကို ကြိုက်တာ...အရင်တုန်းက ပြောဖို့ ကြောက်နေလို့သာရယ်...]


[သူပြုံးလိုက်တဲ့အချိန်ဆို ငါစိတ်လှုပ်ရှားလွန်းလို့ အထွတ်အထိပ်ရောက်လုနီးပါးပဲ...]


အင်ပါယာဒင်္ဂါး သန်း 300 ကျော်က သူ့နှလုံးသားလေးကို မနှစ်သိမ့်ပေးနိုင်ပေ။


၎င်းက ဂိမ်းကစားနေရသလိုပင်။ ဂိမ်းထဲတွင် သူက မရေမတွက်နိုင်သော ရွှေဒင်္ဂါးပုံကြီးပေါ်သို့ ဖင်ခုထိုင်နေသော်လည်း ဂိမ်းအပြင်ဘက်တွင်မူ သူက ဆင်းရဲသားလေးဖြစ်နေဆဲ ဟူသည့်အချက်ကို မပြောင်းလဲနိုင်ပေ။


ကောင်းသည့်အချက်တစ်ခုမှာ အမှိုက်ဆန်မှုတန်ဖိုးများလျော့ကျသွားသော်လည်း ပျောက်ကွယ်သွားသည် မဟုတ်ပေ။ သူရရှိထားသော ဆုလာဒ်များကိုလည်း ပြန်လည် ရုတ်သိမ်းသွားမည် မဟုတ်ပေ။


ယမန်နေ့က စနစ် ထုတ်ပေးထားသည့် အဆင့် 2 ဆုလာဒ် တစ်ခု ရခဲ့သည်ကို လုမော့ သတိရသွားသည်။ သူမျက်လုံးမှိတ်လိုက်ကာ စိတ်စွမ်းအင်ပင်လယ်ထဲတွင် ခရမ်းရောင်အလင်းများ ထုတ်လွှတ်နေသော အထုပ်တစ်ခု လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။


သူအထုပ်ကို ဖွင့်ကြည့်တော့မည့်အချိန်တွင် မဝေးလှသောနေရာမှ တိရစ္ဆာန်တစ်ကောင် မြက်ခင်းကိုဖြတ်လာသကဲ့သို့ တရှဲရှဲမြည်သံကို ကြားလိုက်ရသည်။ 


သို့သော် သိရမည်မှာ သူက တိရစ္ဆာန်ဥယျာဥ်သို့ရောက်နေခြင်းမဟုတ်ဘဲ သူ့အိမ်၌ ရှိနေခြင်းဖြစ်သည်။ 


လုမော့ မတ်တတ်ရပ်ကာ ပန်းခင်းကြီးနားသို့ တိတ်တိတ်လေး လျှောက်သွားလိုက်သည်။ သူ့လက်ကိုမြှောက်၍ မြင်ကွင်းကို ပိတ်နေသော သစ်ကိုင်းများကို ဖယ်လိုက်သည်။ တိတ်ဆိတ်ငြိမ်သက်သော ထောင့်တစ်နေရာ၌ သေးငယ်သည့် အနက်ရောင်ပုံရိပ်လေးက ရေပန်းအနီးတွင်လဲလှောင်းနေလျက် သူ့ခေါင်းအား ရေပန်းထဲသို့မြုပ်ကာ ရေအလုတ်ကြီးကြီးတစ်လုပ်ကို မြိုချလိုက်လေသည်။


လုမော့ : "..."


နေပါဦး...အဲ့လိုမျိုး သောက်လိုက်လို့ အဆင်ရောပြေရဲ့လား...


လုမော့ စိတ်ဝိညာဥ်၏ နက်ရှိုင်းသောနေရာတွင်ရှိသည့် သူ၏ရှေးဆန်သော တရုတ်ဗီဇက ရူးသွပ်စွာ အော်ဟစ်နေလေသည်။


မကျိုချက်ရသေးတဲ့ရေကို မင်းတို့ ဘယ်တော့မှ မသောက်သုံးသင့်ဘူးကွ...


ရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် သုံးလှမ်း လှမ်းလိုက်ပြီး ကလေးကိုမ'ကာ  လေသံမာမာဖြင့် ပြောလိုက်သည်။

"မင်းဒီကို ဘယ်လိုဝင်လာတာလဲ..."


ကလေးလေးက စုတ်ပြတ်နေသော ခေါင်းစွပ်ပါသည့်အင်္ကျီလေးကို ဝတ်ထားပြီး အသက်က 5နှစ် 6နှစ်မျှသာ ရှိဦးမည်။ သူ၏မည်းနက်နေသော အသားအရေက နေရောင်အောင်တွင် လှပစွာ တောက်ပနေသည်။ လုမော့က ကလေးလေး၏ လည်ပင်းနောက်မှ ကိုင်မြှောက်ထားသည့်အတွက် သူ့ခြေထောက်များက လေထဲတွင် တန်းလန်းဖြစ်နေကာ မျက်ဝန်းလေးများ ပြူးကျယ်လျက် လုမော့အားကြောက်ရွံ့စွာ စိုက်ကြည့်နေသည်။


လုမော့အံ့သြသွားသည်။ ကလေးလေးတွင် ငွေရောင်မျက်ဝန်းများရှိပြီး လုမော့အား 'အနက်ရောင်နတ်သူငယ်'ဟုခေါ်သည့် သက်ရှိတစ်မျိုးကို စဥ်းစားမိသွားစေသည်။


သို့သော် သူက ဇာ့ဂ်များပြည့်နေသည့်ကမ္ဘာသို့ ရောက်ရှိနေ၍ အနက်ရောင်နတ်သူငယ်များ မရှိနိုင်ပေ။ ဖြစ်နိုင်သည်မှာ ဤကလေးက ရှားပါးသည့် ဇာ့ဂ်သွေးကို ပိုင်ဆိုင်ထားခြင်းဖြစ်ရပေမည်။


ကလေးလေး၏မျက်နှာတွင် ထူးဆန်းသည့်အရောင်ရှိသော ဆီများပေကျံနေပြီး လုမော့ ခံစားလိုက်ရသည်က…


အလွန်ရှေးကျသည့် ဇာ့ဂ်မျိုးနွယ်အချို့က ပြင်ပကမ္ဘာကြီးကို ရောက်ရှိလာသည့်အလား ယခုပတ်ဝန်းကျင်နှင့် လိုက်လျောထွေမှု မရှိပေ။


"စကားပြောစမ်း… မင်းက အနေတာလား..."


အမျိုးသားဇာ့ဂ်၏ အေးစက်နေသော အစိမ်းရောင်မျက်လုံးများက ဒေါသမီးတောက်များဖြင့် တောက်လောင်နေသည်။ ငယ်စဥ်ကတည်းက လူအများအထက်မှာ နေခဲ့ရသောကြောင့် အထက်စီးဆန်မှုများက သူ့တွင်စွဲမြဲနေပြီး သူ့အပြုအမူများက အလိုအလျောက် မြင့်မြတ်သည့်ရောင်ဝါများ ထုတ်လွှတ်နေသည်။


ကလေးငယ်က သေချာမသိသော်လည်း ဤအမျိုးသားဇာ့ဂ်က အပြစ်ကင်းစင်သောသူ မရှိသကဲ့သို့ ပြီးပြည့်စုံသူ မရှိနိုင်ဟု သူ့ကိုယ်သူ သတ်မှတ်ထားကြောင်း သဘောပေါက်လိုက်သည်။


သူက မြင့်မြတ်သည့်ရေကို ခိုးသောက်မိခဲ့သည်။ အစက တစ်လုတ်လေးဘဲ သောက်မည်ဟု တွေးခဲ့သော်လည်း အရသာရှိကြောင်း သတိထားလိုက်မိသည့်အခါတွင် သူ့ကိုယ်သူ မရပ်တန့်နိုင်တော့ပေ။


ဝူး...


မျိုးနွယ်စု၏စည်းကမ်းများအရ သူ အသတ်ခံရတော့မည်ပင်။ အပြစ်ဒဏ်က အစာအိမ်ကို သစ်သားချွန်နှင့် ထိုးဖောက်၍ နေရောင်အောက်တွင်သုံးရက်ကြာ ပစ်ထားရမည်ဖြစ်သည်။


ငါ့မှာ ထွက်ပြေးလာဖို့ အရမ်းကြိုးစားခဲ့ရတာကို အခုတော့ သေရတော့မယ်...


ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများက သူ့နှလုံးသားထဲ ဒလဟော ဝင်လာခဲ့ကာ လွတ်မြောက်ရန် အပြင်းအထန်ရုန်းကန်နေတော့သည်။


သူ့အမျိုးသမီးဖခင်က မျိုးနွယ်စုထဲတွင် သတ္တိအရှိဆုံးစစ်သည်တော် ဖြစ်သည်။ 

သူ့ကလေးဖြစ်တဲ့င သူက ဘယ်လိုလုပ်ပြီး သေဖို့အတွက်လေးနဲ့ မျက်ရည်ကျလို့ ဖြစ်ပါ့မလဲ...


အသက်ပြင်းပြင်းရှူလိုက်ပြီး စစ်သည်တော်များကို အတုခိုးလျက် ရဲရင့်စွာ ပြတ်ပြတ်သားသားပြောလိုက်သည်။

"အရှင် ကျွန်တော်က သေရမှာမကြောက်ပါဘူး ကျွန်တော့်ကို တကယ့် စစ်သည်တော်တစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံပေးပါ..."


လုမော့ : "..."


အာ...ပြောရရင် မင်းရေကို မကျိုချက်ဘဲ သောက်လည်း သေတော့မသေပါဘူး...ဖူး...


ကလေးလေး၏မျက်လုံးများက နီရဲနေကာ မျက်ရည်များ ပြည့်လျှံနေသော်လည်း စီးကျမလာစေရန်အတွက် မျက်လုံးများကို ပြူးကျယ်နေအောင် အကောင်းဆုံး ကြိုးစားပန်းစား ဖွင့်နေသည်ကြောင့် သူ့မျက်နှာဝိုင်းဝိုင်းလေးပင် ဖောင်းကားလာကာ အနက်ရောင်ကြောင်လေးနှင့်ပင် တူနေတော့သည်။


လုမော့ ဆက်ပြီး တောင့်မခံနိုင်တော့ပေ။ ကလေးလေး၏ မျက်နှာကို မထိန်းနိုင်စွာ ပွတ်သတ်မိမည်စိုး၍ မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။


ကလေးလေးက ဖင်ထိုင်လျက်လေး ပြုတ်ကျသွားသော်လည်း လုံးဝနာကျင်သွားပုံမပေါ်ချေ။ သူ့လည်ပင်းလေးအား စောင်းလိုက်ပြီး လုမော့အား ကြက်သေသေစွာ ကြည့်နေသည်။ 

"အရှင်.. ကျွန်တော်က ဆင့်ကဲမပြောင်းလဲသေးပေမဲ့ ဂုဏ်ယူစရာကောင်းတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်နေပြီးသားပါ..."


"အဟမ်း..."


မာနကြီးသော အမျိုးသားဇာ့ဂ်က သူ့ဘယ်လက်ကိုသဘာဝမကျစွာ မြှောက်လိုက်ပြီး နှုတ်ခမ်းထောင့်ကို ဖုံးကွယ်ကာ ချောင်းဆိုးလိုက်သည်။


"ဒီနေရာကနေ ထွက်သွားစမ်း..."


သူ၏ အခြားလက်တစ်ဖက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။

"ဒီ ရိုင်းစိုင်းတဲ့ကလေးက ဘယ်ကနေ ရောက်လာတာလဲ...ဒီနေရာက မင်းဝင်ချင်တိုင်း ဝင်လို့ရတဲ့နေရာမဟုတ်ဘူး..."


သူက ကလေးလေး တစ်ခါမှ မမြင်ဖူးသော ကြော့ရှင်းမြင့်မြတ်သည့် အမူအရာနှင့် ပြောလိုက်၍ ၎င်းက ကလေးလေးအား သူ့ကို အလွန်အထင်ကြီး လေးစားသွားစေခဲ့သည်။


ဒီလူကြီးမင်းက အားနည်းတဲ့ပုံပေါက်ပေမဲ့ မျိုးနွယ်စုထဲက စစ်သည်တော်တွေထက် ပိုပြီးသန်မာလောက်တယ်...


သူ့အင်္ကျီထောင့်လေးကို လက်ချောင်းလေးများနှင့်ကြောက်ရွံ့စွာ ရစ်ပတ်နေပြီး ထစ်ငေါ့ထစ်ငေါ့ နှင့်ပြောလိုက်သည်။

"ဒါ...ဒါဆို အရှင့်ရဲ့ အေးချမ်းမှုကို မနှောင့်ယှက်တော့ပါဘူး... ဆောင်းဦးရာသီမှာ ပထမဆုံး မှည့်နေတဲ့ ဂျုံစည်းတွေနဲ့  ကျေးဇူးတင်ကြောင်းလာပြသပါ့မယ်..."


ထိုသို့ပြောပြီးနောက် ကလေးလေးက ခြံစည်းရိုးထံဖြည်းညှင်းစွာ ဆုတ်မသွားမီ လုမော့ကို ထူးဆန်းသော ရိုးရာဓလေ့နှင့် အရိုအသေပေးလိုက်သည်။ 


လုမော့၏အိမ်ခြံဝင်းအား သံမဏိများဖြင့် ကောင်းကောင်းလုပ်ထားသည့် သံဆူးကြိုးဖြင့် ဝန်းရံထားခြင်းဖြစ်ပြီး အလွန်ခိုင်ခံ့လေသည်။ လုမော့ ကလေးလေးအား စပ်စုစွာ ကြည့်နေလိုက်သည်။ ကလေးလေးက ခြံစည်းရိုးကို လက်နှစ်ဖက်ဖြင့် ဖိလိုက်သောအခါတွင် အလွန်အမင်း ကျဥ်းမြောင်းသည့် နေရာလေးတစ်ခုလွတ်သွားပြီး ထိုအထဲသို့ သူ့ခြေထောက်နှင့်လက်များအား လွယ်လွယ်ကူကူ လျှိုဝင်လိုက်လေသည်။ 


လုမော့ : =□=


ဘယ်လိုကြောင်ပေါက်လဲဟ…


"ခဏနေဦး..."


ကလေးလေးက သူ့နေရာမှ ဖယ်လိုက်ပြီး လေးလေးစား မေးလိုက်သည်။

"တခြားအမိန့် ရှိသေးလို့လား..."


လုမော့က မြေပေါ်မှ သားရေအိတ်ကို ကောက်ယူလိုက်သည်။ အိတ်သေးသေးလေးက အလွန်လက်ရာမြောက်လှပြီး စိတ်ဝင်စားစရာကောင်းသည့် ဒီဇိုင်းများလည်း ရေးဆွဲထားလေသည်။


လုမော့ အိတ်ကို ကြမ်းကြမ်းတမ်းတမ်းဖြင့် ခြံစည်းရိုးထံလွင့်ပစ်လိုက်လေသည်။


မျိုးနွယ်စု၏ စစ်သည်တော်သေးသေးလေးက အိတ်လေးကို သူ့လက်ထဲမကိုင်ထားမီ နှစ်ကြိမ်တိုင်တိုင် ခုန်ပေါက်သွားခဲ့သည်။


အမျိုးသားက စိတ်မရှည်စွာ ပြောလိုက်သညိ။

"မင်းရဲ့ တိုလီမုတ်စတွေ ပြန်ယူသွား..."


ကလေးလေး၏ပါးစပ်က အကျယ်ကြီး ပွင့်သွားပြီး အမျိုးသားအား မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။


ငါ မြင့်မြတ်တဲ့ ရေကိုခိုးပြီးတာတောင် မြင့်မြတ်တဲ့လူကြီးမင်းက အသက်ချမ်းသာပေးရုံတင်မကဘူး ငါ့ပစ္စည်းတွေကိုလည်း ယူသွားခွင့်ပေးသေးတယ်...


သူ့အိတ်တွင်းမှရေကို ခံစားမိလိုက်ပြီး...၎င်းက အစောပိုင်းလေးက သူလောဘတကြီးဖြင့် သယ်ထားခဲ့သော မြင့်မြတ်သည့်ရေများပင်။


သူ လုမော့အား လေးလေးနက်နက်အရို အသေပြုလလိုက်သည်။

"မိခင်နတ်ဘုရားမက အရှင့်ကို ကောင်းချီးပေးပါလိမ့်မယ်...အရှင်က အရမ်း သဘောထားကြီးတာပဲ..."


[တင်…အမှိုက်ဆန်မှုတန်ဖိုး 1 ပွိုင့်နုတ်ခံရပါတယ်...]


[ဒါက ပိုင်ရှင့်ဆီက 1ပွိုင့်လေးပဲ နုတ်ချင်လို့ မဟုတ်ဘဲ 1ပွိုင့်ပဲကျန်တော့လို့ 1ပွိုင့်ပဲ နုတ်လိုက်ရတယ်ဆိုတာ ပိုင်ရှင်နားလည်ဖို့ မျှော်လင့်ပါတယ်...]


လုမော့ "...."


နဂိုကမှ ပိုက်ဆံမရှိတဲ့မိသားစုပါဆို အခုပိုတောင်ဆိုးသွားပြီ QAQ...


-------


ထိုနေ့ညနေ ညစာ စားပြီးနောက်...


အိမ်တော်ထိန်းက ထိုင်လိုက်ပြီး လုမော့အားပြောလိုက်သည်။

"သခင်လေး ကလေးနဲ့ပတ်သတ်ပြီး ပြောဖို့အချိန်ရောက်ပြီလို့ ထင်ပါတယ်..."


ထိုသို့သောကိစ္စများကို အမျိုးသားမိဘများက သင်ကြားပေးရမည် ဖြစ်သော်လည်း လုမော့၏ထူးခြားသောအခြေအနေကြောင့် အိမ်တော်ထိန်းက တာဝန်ယူထားရပေသည်။ 


"သခင်လေး အမွေဆက်ခံသူ တစ်ယောက်ရရန် အချိန်တန်ပြီ" ဟူသောအဓိပ္ပါယ်များနှင့် အိမ်တော်ထိန်းက လုမော့ကြိ မျက်လုံးတွင် ခံစားချက်များအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


"မျိုးပွားဖို့က အမျိုးသားဇာ့ဂ်တွေရဲ့တာဝန်ပါပဲ...အမျိုးသားဇာ့ဂ်တစ်ယောက်က အမျိုးသမီး ဘယ်နှစ်ယောက်ရှိသင့်တယ်လို့ သခင်လေး ထင်ပါသလဲ..."


လုမော့ အေးစက်စွာ ပြောလိုက်သည်။

"တစ်ယောက်…"


နံဘေးတွင် ပန်းကန်ခွက်ယောက်များ စီစဥ်နေသော လင်းက ခဏရပ်တန့်သွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသော်လည်း သူ့နားရွက်လေးများက နီရဲနေခဲ့ပေသည်။


"....."

အိမ်တော်ထိန်းက အသက်ပြင်းပြင်းရှူလိုက်သည်။

"ပြီးတော့ရော..သခင်လေးက ဆက်ခံသူတစ်ယောက်ပဲ လိုချင်တာလား..."


"ဘယ်သူပြောတာလဲ..."


လုမော့ မျက်ခုံးပင့်လိုက်သည်။

"ငါက အယောက် တစ်ရာတောင် လိုချင်တာ..."


အိမ်တော်ထိန်းက ကူကယ်ရာမဲ့စွာနှင့်ပင် ပြောရတော့သည်။

"ဒါဆို တစ်ယောက်တည်းပဲ လက်ထပ်လို့ မရဘူးလေ..."


"ဟမ်..."


လုမော့ မေးကိုမော့လိုက်သည်။

"အယောက်တစ်ရာလိုချင်တယ်...ပြီးရင် အကုန်လုံးကို လင်းပဲ မွေးရမယ်.."


"ချွမ်..."


လင်း၏လက်ထဲမှ ခက်ရင်းက လွတ်ကျသွားပြီး စူးရှသောအသံ ထွက်ပေါ်လာသည်။


[တင်…စနစ်ကိုတောင် အမှိုက်ကောင်လို့ ခံစားရအောင် အောင်အောင်မြင်မြင် လုပ်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်ပိုင်ရှင်...အမှိုက်ဆန်မှုတန်ဖိုး+1]


လုမော့၏စိတ်အခြေနေက နောက်ဆုံးတွင် တိုးတက်လာပြီး ဂုဏ်ယူဝံ့ကြွားစွာ ထရပ်ကာ ထွက်သွားလိုက်သည်။ 


"လင်း ဒီဘဝမှာ မင်းငါ့ဆီကနေ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်ဘူး..."


-------


လင်းက မီးဖိုချောင်တွင် တောင့်တင်းစွာ မတ်တတ်ရပ်နေခဲ့သည်။ ဧည့်ခန်းထဲတွင် မည်သည့်အသံမှ မကြားရတော့သည့်အချိန်ထိ သူက အချိန်အကြာကြီး မလှုပ်ရှားဘဲ ရပ်နေခဲ့သည်။


သူ့မျက်နှာကို လက်နှင့် ဖြည်းဖြည်းချင်း အုပ်လိုက်ပြီး နားရွက်များမှာ သွေးထွက်တော့မတတ် နီရဲနေခဲ့သည်။


မွေး...မွေးပေးရမယ်တဲ့...


ငါက ကလေးအယောက်တစ်ရာ မွေးပေးရမယ်တဲ့လား...



🌌🌌🌌