Chapter 14
Viewers 1k

🌌 Chapter  14



"ဆုတောင်းလေ..."


ဆံပင်အနက်ရောင်၊ အစိမ်းရောင်မျက်ဝန်းများနှင့် အမျိုးသားဇာ့ဂ်က အမျက်ချောင်းချောင်းထွက်ကာ စားပွဲအား လက်ဖြင့်ရိုက်၍ မတ်တတ်ရပ်လိုက်သည်။


သူ၏တည်ငြိမ်မှုများလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ သူက စုန့်ကျန်းရှူးအား မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်၍ စကားကို ညှစ်ထုတ်ကာ ပြောလိုက်သည်။


"စုန့်ကျန်းရှူး မင်းလုပ်ရဲလား..."


ဆေးထိုးအပ်ဖြင့် ဖောက်ခံထားရသည့် ညာဘက်လက်မောင်းအား ဆေးပလတ်စတာဖြင့် ကပ်ထားသည်။ ထိုအခိုက်တွင် အနာမှ သွေးများပြန်ထွက်လာကာ ပါးလွာသောဂွမ်းက သွေးများဖြင့် စိုရွှဲသွားသည်။


သွေးများက ပတ်တီးကို ယိုစိမ့်သွားပြီး လက်မောင်းတစ်လျှောက် စီးကျလာသည်မှာ ကြောက်စရာကောင်းလှသည်။


သူ့အပြုအမူကို မြင်လိုက်ရသည့်အခိုက် စုန့်ကျန်းရှူးစိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။


ဒီလောက်ဆို လုံလောက်ပြီ...


လုံလောက်သွားပြီပင်။ မကြာသေးမီက ယုံကြည်ချက်အပြည့်ရှိနေသည့် သွင်ပြင်မှာ သူ့အား လှည့်စားရန် ဟန်ဆောင်ထားခြင်းသာ ဖြစ်ပေသည်။ ထိုလှည့်ကွက်နှင့် လှည့်စားခံလိုက်ရပါလျှင် သူ 'မြို့အလွတ်ဗျူဟာ' ထဲသို့ ကျသွားမည်ပင်။


သင်သာ ပြိုင်ဘက်၏ အားနည်းချက်ကို သိနေပါလျှင် ထိုဗျူဟာလည်း ပြိုကွဲသွားမည်ပင်။


(T/N- 'မြို့အလွတ်ဗျူဟာ' ဆိုတာ Romance of three kingdom ထဲက ကျူးကောလျန်က စီမာယွိကို ဆင်ခဲ့တဲ့ ဗျူဟာပါ။ စီမာယွိမှာ စစ်သား ၂သိန်းရှိနေချိန် ကျူးကောလျန် မှာ ၁သောင်းပဲရှိပါတယ်။ အဲ့ချိန် ကျူးကောလျန်က မြို့သူမြို့သားနဲ့စစ်သားတွေကိုထွက်သွားခိုင်းပြီး သူနဲ့အတူ စစ်သား ၂၀ ပဲနေခိုင်းခဲ့ပြီး မြို့တံခါးတွေ ဖွင့်ခိုင်းထားပါတယ်တဲ့ စီမာယွိလာတိုက်တော့ မြို့လွတ်နဲ့ ဂိတ်တံခါးပွင့်တာတွေ့ပြီး ကျူးကောလျန်က ဒါသက်သက်ထောင်ချောက်ဆင်တာ အထဲဝင်ရင် ဖမ်းခံရမယ်မှတ်ပြီး တပ်ကိုနောက်ပြန်ဆုတ်ခိုင်းခဲ့ပါတယ် နောက်ဆုံး ကျူးကောလျန်ကို မဖမ်းလိုက်နိုင်ပါဘူးတဲ့ ...


အခုလည်း လုမော့ ဟန်ဆောင်တာကို ယုံလိုက်ရင် စုန့်ကျန်းရှူးက သူလည်း စီမာယွိလို ဖြစ်သွားမယ်လို့ပြောတာပါ)


သူ လှောင်လိုက်သည်။

"ဘာလဲ...ကြောက်နေတာလား..."


သူ့အပြုမူ မှားယွင်းသွားသည်ကို သတိထားမိသွားသည့်အလား အစိမ်းရောင်မျက်လုံးနှင့် အမျိုးသားက နောက်ဆုတ်လိုက်သည်။ သူ့ဒေါသများကို မြိုသိပ်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်လျက် ပြောလာသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...မင်းအဲ့လို မလုပ်နိုင်မှာကို ကြောက်ရုံလေးပါ..."


လုမော့က အပြုံးလေးနှင့် ပြောလိုက်သည်။

"ဒီလောင်းကြေးကို မင်းဆုံးဖြတ်သင့်တယ်...အင်ပါယာကြယ်မှာ နေထိုင်ခွင့်ဆိုတာ ပိုက်ဆံရှိရုံနဲ့ ရနိုင်တဲ့အရာ မဟုတ်ဘူးနော်...မင်းငါ့ကို ဒေါသထွက်တာနဲ့ပဲ ဒါကိုတောင်ထုတ်ပြီး ဟာသလုပ်စရာ မလိုပါဘူး..."


စင်မြင့်ထက်က အနိုင်ရသူတစ်ယောက်ကဲ့သို့ စုန့်ကျန်းရှူးက ထိုင်ခုံပေါ်သို့ အေးအေးဆေးဆေး ကျောမှီ လိုက်ကာ လုမော့၏ မျက်နှာအမူအရာအား ဂရုတစိုက် အကဲခတ်လိုက်သည်။


ဤသနားစရာ အဆင့် D အမျိုးသားဇာ့ဂ်က တည်ငြိမ်အေးဆေးနေသည့်ပုံ ကြိုးစားထိန်းသိမ်းနေသေးသည်။ သို့သော်ငြား သူ၏ တောင့်တင်းနေသည့်အပြုံးကဖြစ်စေ မျက်မှောင်ကြုတ်ထားမှုကဖြစ်စေ သူ့ကြောက်ရွံ့နေမှုများအားလုံးကို မီးမောင်းထိုးပြထားသကဲ့သို့ ထင်ရှားသိသာနေသည်။


စုန့်ကျန်ရှူးက သနားစရာခွေးကောင်၏ စိုးရိမ်ပူပန်နေမှုကို ကြည့်၍ စိတ်ပျော်ရွှင်လာခဲ့သည်။


သားကောင်ကို အမဲလိုက်နေသော ကျားသစ်တစ်ကောင်ကဲ့သို့ပင် သေခါနီးငိုကြွေးသံများက အကောင်းဆုံး ဟင်းခတ်အမွှေးအကြိုင်ပင်။ 


" လောင်းကြေးကို သဘောတူတယ်..."


သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက မနာတော့သည့်ပုံပင်။ စုန့်ကျန်းရှူး သူ့ခြေထောက်များမှ အာရုံခံစားမှုပြန်ရလာခဲ့သည်။ သူ ပြုံးလိုက်ပြီး အဆင့်နိမ့်အမျိုးသမီးဒေါက်တာကို ပြောလိုက်သည်။

"ဒေါက်တာ သွားပြီး အလုပ်လုပ်လို့ရပါပြီ..."


ဒေါက်တာက အနည်းငယ် ရှက်သွေးဖြာသွားပြီး လိုအပ်သည့် စက်ကိရိယာများယူဆောင်ကာ ဓာတ်ခွဲခန်းတွင်းသို့ ရွရွကလေး ပြေးဝင်သွားသည်။


တိုက်ရိုက်ထုတ်လွှင့်မှုက ထိုအရာအားလုံးကို သေသေချာချာပင် မှတ်တမ်းတင်ထားလေသည်။ ကွန့်မန့်ဧရိယာတွင်မူ တိုက်ပွဲခေါ်သည့် စကားလုံးများနှင့် ပြည့်နှက်ကာ အလွန် စည်ကားသက်ဝင်နေလေသည်။


တိုက်ရိုက်ထုတ်လွှင့်မှုက ထူထူးခြားခြား ပေါက်ကွဲထွက်သွားပြီး ပရိသတ်များကလည်း ရူးသွပ်သွားကြသည်။ နည်းပညာ နှင့်ပတ်သတ်၍ ကျွမ်းကျင်ကြသော အချို့ဇာ့ဂ်များက စနစ်ကို hack ရန် ကြိုးစားကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ IP လိပ်စာကို ရှာချင်နေကြသည်။


သို့သော်ငြား လျှို့ဝှက်ဆန်းကြယ်သော တိုက်ရိုက်ထုတ်လွှင့်မှုကမူ....


ပေါ်လာသောအခါ တိတ်ဆိတ်ပေါ်လာပြီး ပျောက်သွားသည့်အခါတွင်လည်း ခြေရာလက်ရာပင် မကျန်ခဲ့ပေ။ စနစ်ကို hack သောသူများအတွက်မူ အစအနလေးပင် ရှာမရကြပေ။


အဓိပ္ပါယ်မရှိပေ...


ကံကောင်းထောက်မစွာဖြင့် သုံးနာရီကြာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုက ပြန်ချိတ်ဆက်သွားခဲ့သည်။


ထိုအခိုက်တွင် စခရင်တစ်ခုလုံး ဆင်ဆာဖြတ်ထားသောစကားလုံးများနှင့် ပြည့်နှက်သွားသည်။ ကီးဘုတ်ဖိုက်တာများက အတူတကွပေါင်းသွားပြီး သည်းကြီးမည်းကြီး တံတွေး ဝိုင်းထွေးကြတော့သည်။


[ဖက်ခ်…လုံလောက်ပြီ သေချာပေါက် ပြဿနာတစ်ခုခုရှိတယ်...]


[စုန့်ကျန်းရှူးက အရနမ်းချော အရမ်းသတ္တိရှိတာပဲ...]


[ဘယ်သူဘာပြောပြော ငါကတော့ အဆင့်နိမ့်အမျိုးသားဇာ့ဂ်ကို ထောက်ခံတယ်… စုန့်ကျန်းရှူးရဲ့သတင်းတွေအကုန်လုံးက ထွင်လုံးဖြစ်နေမှာ ကြောက်တယ်ဟေ့...]


[အပေါ်က တစ်ယောက်ကအမျိုးသားဇာ့ဂ်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား...မင်းမျက်လုံးတွေတော့ သွေးထွက်တော့မှာပဲ...စုန့်ကျန်းရှူးကို မနာလိုနေရင်တော့ အဲ့စကားပြောပေါ့...ထူးထူးဆန်းဆန်း မျက်နှာကြီးသာ လုပ်မနေနဲ့...]


[ဆရာဝန်ထွက်လာပြီကွ…]


ကွန်မန့်နေရာတွင် တိတ်ဆိတ်သွားကြသည်။


စခရင်ပေါ်တွင် ဒေါက်တာက သူမခေါင်းကိုငုံ့ထားသည်။ သူမ၏ အနည်းငယ် ရှည်နေသော ရှေ့ဆံမြိတ်များက မျက်လုံးများကို ဖုံးအုပ်ထား၍ သူမ မျက်နှာအမူအရာကို ကောင်းကောင်း မမြင်ရပေ။


သူမက အစီရင်ခံစာရွက်ကို ထုတ်ကာ တိုးတိုးပြောလိုက်သည်။

"စစ်ဆေးချက်ရလဒ်တွေ ထွက်လာပြီ..."


ထိုသို့ပြောပြီးနောက် အစီရင်ခံစာရွက်ကို လုမော့အားတိုက်ရိုက် ပေးချင်သည့်အလား လျှောက်သွားလိုက်သည်။


"ခဏနေဦး..."


စုန့်ကျန်းရှူး ခန္ဓာကိုယ်အား မတ်မတ်ထိုင်လိုက်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။

"ဒေါက်တာ...ဒီလူကြီးမင်းက ကျွန်တော့် သူငယ်ချင်းကောင်းတစ်ယောက်ပါ...သူ့ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကျွန်တော် အရမ်းစိုးရိမ်လို့ ကျေးဇူးပြုပြီး စစ်ဆေးချက် ရလဒ်ကို ကျွန်တော့်အတွက် ကျယ်ကျယ်လေး ဖတ်ပြလို့ရမလား..."


ဒီလို ဟင်းကောင်းဟင်းလျာကို ဘယ်လိုလုပ်ပြီး အလောတကြီး မျိုချမှာလဲ...တစိမ့်စိမ့်တွေးပြီး အရသာခံစားသင့်တာပေါ့...


လုမော့၏ ပြိုလဲပျက်စီးသွာပုံအား သူ့နှလုံးသားထဲတွင် သေချာ သိမ်းထားမည်ဖြစ်သည်။ ထာဝရအတွက်ပင်။


"..."


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက စုန့်ကျန်းရှူးအား လျင်မြန်စွာ တစ်ချက် ကြည့်လိုက်သည်။


စုန့်ကျန်းရှူး : " ဟမ်…ဘာမှားနေလို့လဲ..."


သူသာ ဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် ဒေါက်တာက ပြောရန် တုံ့ဆိုင်းနေသည်ကို သေချာပေါက် သတိထားမိလိမ့်မည်ပင်။


ဆော့ကစားလိုသည့် အပြုံးလေးတစ်ခုက လုမော့ပါးစပ်ထောင့်လေးတွင် ပေါ်လာခဲ့သည်။

"ဒေါက်တာ...သူပြောသလိုသာ လုပ်လိုက်ပါ..."


ဒေါက်တာက မည်သည်ကိုမှ မလုပ်နိုင်ပေ။ ထို့ကြောင့် အမျိုးသားဇာ့ဂ်နှစ်ယောက်၏ အမိန့်အတိုင်းပင် စစ်ဆေးချက်ရလဒ်ကို ဖွင့်လိုက်သည်။


"ကျွန်တော်တို့ရဲ့လူကြီးမင်းစုန့်...သူက ကျွန်တော်နဲ့ပတ်သတ်ပြီး အရမ်းစိုးရိမ်နေရှာတာ..."


"စစ်ဆေးချက်ရလဒ် : ဟော်မုန်း level - ပုံမှန်။


တားမြစ်ဆေး စမ်းသပ်ချက်: မည်သည့်ဆေးမှ မတွေ့ရ။


သံသယဖြစ်ဖွယ် ဆေးဝါးများအား သုံးစွဲထားခြင်းမရှိ။


တားမြစ်ဆေး စမ်းသပ်ချက်: အားလုံးပုံမှန်။


သွေးတွင်းအခြေအနေ စစ်ဆေးချက်: မူမမှန်တာ မရှိ။


သွေးဓါတ်ခွဲ စစ်ဆေးချက်..."


ရင်းနှီးနေသော စာကြောင်းများအား ဒေါက်တာက တစ်ကြောင်းပြီး တစ်ကြောင်း ဖတ်လိုက်ချိန်တိုင်းတွင် စုန့်ကျန်းရှူး၏ အမူအရာများကလည်း တဖြည်းဖြည်းပြောင်းလဲသွားသည်။


အစပိုင်း သေချာနေမှုမှ သံသယဝင်မှုသို့၊ ထို့နောက် အံ့သြတုန်လှုပ်မှုသို့၊ ထိုမှတစ်ဆင့် မယုံကြည်နိုင်မှုသို့ပြောင်းသွားခဲ့ပေသည်။ အဆုံးတွင် မုန်တိုင်းမကျမီ ကောင်းကင်ကြီးကဲ့သို့ ရေများညှစ်ထုတ်၍ ရနိုင်သည်အထိ မျက်နှာမှာ မှုန်မှိုင်းနေပေသည်။


"နောက်ဆုံးရလဒ်က..."


အဆင့်နိမ့်အမျိုးသမီးဒေါက်တာက အသက်ပြင်းပြင်းရှုလိုက်ပြီး တုန်ယင်နေသည့်အသံနှင့် ပြောလိုက်သည်။


"အားလုံးပုံမှန်ပါပဲ...လူကြီးမင်းလုမော့က တားမြစ်ဆေးတွေ တစ်ခါမှ မသုံးထားပါဘူး..."


"မင်း လိမ်နေတာ…"


စုန့်ကျန်းရှူး မယုံကြည်နိုင်မှုများဖြင့် ထရပ်လိုက်ပြီး အဆင့်နိမ့်အမျိုးသမီးအား ဘေးသို့ တွန်းလိုက်ကာ စမ်းသပ်ချက် အစီရင်ခံစာကို ဆွဲယူ၍ တုန်ယင်နေသော မျက်လုံးများနှင့် စာရွက်ကို လျင်မြန်စွာ အပေါ်အောက် ဖတ်ကြည့်လိုက်သည်။


သို့သော်ငြား စမ်းသပ်ချက်စာရွက်အား ရှင်းလင်းစွာ အဖြူ၊အမည်းစာလုံးများနှင့် ရေးသားထားလေသည်။ သူ အကြိမ်ပေါင်းများစွာ ကြည့်လျှင်ပင် ရလဒ်က ပြောင်းလဲသွားမည်မဟုတ်ပေ။


လုမော့က တားမြစ်ဆေးတွေ မသုံးခဲ့ဘူးပေါ့...


သူ့စိတ်ထဲသို့ မုန်တိုင်းတိုက်သွားသည့်အလား ထိုနေရာတွင် ဗလာဖြစ်စွာ ရပ်နေခဲ့သည်။


"အတည်ပြုလို့ မပြီးသေးဘူးလား မစ္စတာစုန့်..."


စုန့်ကျန်းရှူး ခေါင်းကို စက်ရုပ်ဆန်ဆန် လှည့်လာကာ သူ့မျက်လုံးများက နီရဲနေခဲ့သည်။

"မင်း တမင်လုပ်ခဲ့တာ..."


လုမော့ ခုံပေါ်တွင်ထိုင်ကာ ပြုံးလိုက်သည်။

"မင်း အတည်ပြုလို့ပြီးပြီ ဆိုရင်လည်း အရင်က ကတိပေးထားတဲ့ ကုန်ကျစရိတ်တွေရော လောင်းကြေးကိုရော ပေးသင့်ပြီမလား..."


သူ လက်ဆစ်များကို တစ်ဖြောက်ဖြောက် မြည်အောင် ချိုးကာ ပြောလိုက်သည်။

"ပထမဆုံးအနေနဲ့ အဲ့ဒါကငါ့ကားပဲ...မင်းရဲ့အမျိုးသမီးအဖော်(ဝမ်ကော)ကြောင့် ငါ့ကားက အရမ်း ထိခိုက်ပျက်စီးသွားတယ်...ပြန်ပြင်လို့ရရင်တောင်မှ သူ့နဂိုပုံအတိုင်းတော့ ရတော့မှာ မဟုတ်ဘူး..."


"ဒုတိယကတော့ ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် နစ်နာကြေးပဲ...ငါက ကားကို ဇနီးလို့ သတ်မှတ်ပြီးကို သေချာ ပျိုးထောင် ထိန်းသိမ်းထားခဲ့ရတာ..."


"သေချာတာပေါ့ လင်းရဲ့ကားကိုလည်း မမေ့နဲ့နော်...သူ့ကား ပျက်သွားပြီလို့ မင်းပြောခဲ့တာမလား အဲ့ကြောင့် ကျေးဇူးပြုပြီး အသစ်ဝယ်ဖို့အတွက်လည်း လျော်ကြေးပေးပါ...အိုး ကားအာမခံအတွက်လည်း မေ့လို့မရဘူးပဲ..."


"မေ့တော့မလို့ ပို့ဆောင်ခလည်း ရှိသေးတာပဲ...ဒီကျက်တီးကြယ်မှာ ဒီလိုကားအမျိုးအစားကို ပြင်နိုင်တဲ့ဆိုင် မရှိဘူးလေ...အဲ့တော့ ပို့ဆောင်ခကိုလည်း တာဝန်ယူပေးရမှာပေါ့..."


လုမော့ သူ့လက်ချောင်းများအား ဖယ်လိုက်သည်။

"အကြမ်းဖျင်းတွက်ရရင် သန်းပေါင်း 381.2သန်းနဲ့ အင်ပါယာဒင်္ဂါး 38 သန်းကျတယ်...ငါက ကံကြမ္မာတွေကို ယုံကြည်တယ်လေ...နည်းနည်းတော့ လျှော့ပေးမှာပါ..."


သူကပြုံးလျက် မျက်ခုံးများကို ဆန့်တန်းလိုက်သည်။

" 381.2 သန်းကို ငွေသားနဲ့ရော ဒီဂျစ်တယ်ဘဏ်ကနေပါ လက်ခံပါတယ်နော်...ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်..."


ဝမ်ကော မျက်လုံးများပြူးကျယ်သွားသည်။

"သန်းပေါင်း 380 တဲ့လား ...."


"..."


လုမော့က သက်ပြင်းချလိုက်သည်။

"အိုး...ငါ ခွင့်မပြုဘဲ 1.2 သန်းကို နုတ်လို့မရဘူးနော်..."


ဝမ်ကောက စုန့်ကျန်းရှူးအား တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။

"သခင်..."


381.2 သန်း...


စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်ပင် ဝမ်ကော၏ စုဆောင်းငွေများက 81.2 သန်းသာ

ပေးချေနိုင်လေသည်။ 


စုန့်ကျန်းရှူး မျက်လုံးများကိုမှိတ်လိုက်ပြီး သူ့ရင်ဘက်က ပြင်းထန်စွာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေလေသည်။


မျက်နှာပျက်၊အရှက်ကွဲရသည့် ခံစားချက်က မီးတောက်ကြီးသဖွယ် သူ့ရင်ထဲ ပြင်းထန်စွာတောက်လောင်နေသည်။ တစ်ချိန်တည်း၌ ကလဲ့စားချေမှုဟူသည့် အဆိပ်ငွေ့က လေထဲတွင်ပျံ့နှံ့လာပြီး သူ့ပါးစပ်၊နှာခေါင်းများမှ တစ်ဆင့် အတွင်းအင်္ဂါများထဲသို့ ဝင်ရောက် အနည်ထိုင်သွားခဲ့သည်။


သူ့ခြေထောက်အောက်မှ ကမ္ဘာကြီးက နှစ်ခြမ်းကွဲသွားပြီး အဆုံးမရှိသော အမှောင်ထုကြီးက သူ့စိတ်ဝိညာဥ်အား အသူရာချောက်နက်ထဲသို့ ဆွဲချနေခဲ့သည်။


သူငါ့ရဲ့ပစ္စည်းဥစ္စာတွေ...


ငါ့ဂုဏ်သိက္ခာတွေ...


ဤကမ္ဘာကြီးက သူ့အား နွေးထွေးမှုနှင့် အလှတရားများပေးအပ်ခဲ့ပြီး သူကလည်း ထပ်တူညီသော အလှတရားများကို ပြန်လည် ပေးအပ်ချင်ခဲ့ပေသည်။


သို့သော် လုမော့ဟူသော ဗီလိန်ပေါ်လာခဲ့ပြီး သူ့ရှေ့က အလှတရားများကို ဆုတ်ဖြဲလိုက်ရုံသာမက ယခင်ဘဝက သူသေသွားခဲ့လျှင်ပင် လက်လျှော့လိုက်ရန် ဆန္ဒမရှိခဲ့သော သူ့ဂုဏ်သိက္ခာများကိုပါ ယူဆောင်သွားခဲ့ပေသည်။


စုန့်ကျန်းရှူး သူ့မျက်လုံးများအား ဖွင့်ကာ ပြောလိုက်သည်။

"ငါ ဒီနေ့ကို အမြဲအမှတ်ရနေမယ်..."


ဤတစ်ကြိမ်၌ သူက ရှုံးနိမ့်သွားခဲ့သည်။ ယနေ့အရှက်ရမှုများကို သူ့နှလုံးသားထဲတွင် ထွင်းထုထားမည်။ ပြီးလျှင်...


ရှုံးနိမ့်မှုကို တွန်းအားအဖြစ် သုံးပြီး သူက ပိုပြီးစွမ်းအားကြီးလာပေလိမ့်မည်။


အချိန်ကျလာသည့်အခါ သူ့ဂုဏ်သိက္ခာများကို ဖျက်ဆီးခဲ့သော ထိုအမျိုးသားဇာ့ဂ်ကို သူ့ခြေထောက်တွင် အညှာအတာကင်းမဲ့စွာ ရက်ရက်စက်စက် နင်းခြေဖျက်ဆီးပစ်မည်။ 


သူက 381.2 သန်းအား လုမော့ အကောင့်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။


စုန့်ကျန်းရှူးက သူ့လက်မောင်းတွင် ချိတ်ထားသော ရွှေရောင်တံဆိပ်အား ဖြုတ်လိုက်သည်။ ၎င်းက အင်ပါယာကြယ်တွင် နေထိုင်ခွင့် ဖြစ်သည်။ လုမော့က သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း စုန့်ကျန်းရှူးက တံဆိပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေသည်။


လုမော့ : " မင်းဒါက ဘာကိုဆိုလိုတာလဲ..."


စုန့်ကျန်းရှူး သူ့အား ခါးသီးစွာ ကြည့်လိုက်ပြီး လွှတ်ပေးလိုက်သည်။


နောက်ဆုံး၌ သူအလိုရှိသမျှ အရာအားလုံး လက်ထဲရောက်လာပြီ ဖြစ်သည့်အတွက် လုမော့ စိတ်အခြေနေကောင်းမွန်နေကာ သူ့ခြေလှမ်းများသည်ပင် ပေါ့ပါးနေပေသည်။


ထိုအချိန် ဝမ်ကောက သူ့ရှေ့တွင် ရုတ်တရက် ရပ်လိုက်သည်။


လုမော့ : "ဘာလဲ ပြန်ယူချင်လို့လား..."


စနစ်က စိတ်အားထက်သန်စွာဖြင့် ပြောလာသည်။

[တိုက်...တိုက်ကြ...တိုက်ကြစမ်း…]


လုမော့ : "..."


သို့သော် ဝမ်ကောက ခေါင်းခါပြီး တစ်ခုခုပြောလာခဲ့သည်။

"ဗိုလ်မှူးက..."


လုမော့ မျက်ခုံးများ မြင့်သွားသည်။

"ဟမ်..."


"ကျွန်တော် ဆိုလိုတာက....ဗိုလ်မှူး သူပြောတာက ခင်ဗျား သူ့ကို တစ်ခုခု ပြောခဲ့တယ်တဲ့..."

ဝမ်ကော သူ့အား မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။


"ခွင့်ပြုပါ...ခင်ဗျား သူ့ကို အတိအကျ ဘာပြောခဲ့တာလဲ..."


ဤအမျိုးသားက သူအပေါ်ယံဖော်ပြထားသလိုမျိုး သေချာပေါက် အားမနည်းပေ။ သို့သော် ဗိုလ်မှူးအား သူနှင့်ပတ်သတ်ပြီး စွဲလမ်းနေအောင် မည်သို့ပြုလုပ်ထားသည်ကို နားမလည်နိုင်ပေ။


လုမော့ : "..."


အမျိုးသမီးဇာ့ဂ်၏ အမူအရာမှာ အလွန်လေးနက်ပြီး လင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များတွင် မှတ်တမ်းတင်ထားသည့် အရာတစ်ခုကို လုမော့ အမှတ်ရသွားသည်။


စုန့်ကျန်းရှူး၏ ပထမဆုံး အမျိုးသမီးအဖော်က လင်း၏ သစ္စာရှိလက်အောက်ငယ်သား ဝမ်ကောဖြစ်သည်။ ၎င်းက လင်း၏ခံစားချက်ချက်များအား ပို၍ဆိုးသွားစေသည်။


လုမော့ မျက်လုံးများ ပြူးကျယ်သွားသည်။


ငါ သိသွားပြီ...


ငါ နားလည်သွားပြီ...


ဤကဲ့သို့ သစ္စာရှိသည့် လက်အောက်ငယ်သားက သူ့လက်အောက်တွင် လင်း နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူကိုယ်တိုင် စမ်းသပ်ရန်လာခဲ့သည်။


စနစ် : [ပိုင်ရှင့်ကို ကြင်ကြင်နာနာ သတိပေးရရင်တော့...အဓိကဇာတ်ဆောင်တွေဆီကရတဲ့ အမှိုက်ဆန်မှုတန်ဖိုးက တခြားကနေရတာထက် ပိုများတယ်နော်...အခုချိန်က အမှိုက်ဆန်မှုတန်ဖိုးတွေ သိမ်းကြုံးယူဖို့ အခွင့်အရေးကောင်းပဲ...]


လုမော့ အလွန်စိတ်လှုပ်ရှားသွားသည်။ သူ ယခုလို မခံစားရသည်မှာ ကြာလှပြီပင်။


သူ ခေါင်းညိတ်လိုက်သည်။

"အခု မဟုတ်ရင် တစ်သက်လုံးအခွင့်ရေး မရှိတော့ဘူး..."


စနစ် :[လွဲချော်သွားရင် နောက်ထပ်တစ်ခေါက်ဆိုတာ မရှိတော့ဘူး…]


အနက်ရောင်ဆံပင် အစိမ်းရောင်မျက်လုံးများနှင့် အမျိုးသားဇာ့ဂ်က ဝမ်ကောအား အထက်စီးဆန်ဆန်ကြည့်လိုက်သည်။ သူ၏ မထီမဲ့မြင်မျက်နှာတွင် မလိုမုန်းထားသော အငြိုးများ ပေါ်လာခဲ့သည်။


"သူက စုန့်ကျန်းရှူးကို အဲ့လောက်တောင် ချစ်တာလား..."


"ငါ့လက်မောင်းထဲ လဲကျသွားရင်တောင် ငါ့ကို ဝေးဝေးသွားဖို့ ပြောတယ်လေ..."

အတိတ်ကို လွမ်းဆွတ်နေသော အပြုံးလေးတစ်ခုက အမျိုးသား၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။

"သူ့ရဲ့ဆူးတွေအပြည့်နဲ့ ခုခံနေတဲ့ပုံလေးက အရမ်းချစ်ဖို့ကောင်းတာပဲ..."


"ဒါပေမဲ့ ဘာဖြစ်လဲ..."

အမျိုးသားဇာ့ဂ်က သူ့အောက်နှုတ်ခမ်းကို လျက်ကာပြောလိုက်သည်။

"တခြားယောကျ်ားတစ်ယောက်က သိမ်းပိုက်ထားတဲ့အမျိုးသမီးက ဘာအသုံးဝင်မှာလဲ..."


"သူ စုန့်ကျန်းရှူးဘေးနားကို ဘယ်တော့မှ ထပ်မသွားနိုင်တော့ဘူးလေ...ပြီးတော့..."


သက်ရှိသတ္တဝါတစ်ကောင်ကို ကိုက်ဖြတ်ဝါးမျိုးနေသော နတ်ဆိုးဝိညာဥ်ကဲ့သို့  အမျိုးသားဇာ့ဂ်က ရက်စက်သည့် အမူအရာနှင့် ပြောလာသည်။

"သွေးစာချုပ်ကို ချုပ်ပြီးသွားတဲ့အခါကျရင် သူခုခံနေရင်တောင်မှ သွေးစာချုပ်ရဲ့ အကျိုးသက်ရောက်မှုအောက်မှာ သူ့ဘဝကို ဖျက်ဆီးခဲ့တဲ့ ငါ့လိုနတ်ဆိုးကို ချစ်မိသွားမှာပဲ..."


-------


ဝမ်ကော၏ခန္ဓာကိုယ်က တုန်ယင်လာပြီး ရေရွတ်လိုက်သည်။

"သွေးစာချုပ်..."


အမျိုးသားဇာ့ဂ်က ရယ်မောလျက် အဝေးကိုလျှောက်သွားခဲ့သည်။


သို့သော်ငြား နေရာတွင် ကျန်နေခဲ့သော ဝမ်ကောကမူ အံ့အားသင့်နေလျက် မျက်လုံးမှ မျက်ရည်များပင် စီးကျလာခဲ့သည်။


ထိုကဲ့သို့ သန်မာအားကောင်းလှသော ခံစားချက်များကို သူ ယခင်က မတွေ့ဖူးပေ။ ဗိုလ်မှူးကသာ သူ့ဘဝတွင် ထာဝရယုံကြည်ရာဖြစ်သည့်အလား အခြားသူများ၏ အထင်မြင်အကြံဥာဏ်များကိုပင် သည်းမခံနိုင်ဘဲ အမျိုးသား၏ မျက်လုံးများထဲတွင်  ဗိုလ်မှူးနှင့်ပတ်သတ်သည့် ထင်ယောင်ထင်မှား သံသယလွန်ကဲမှုများနှင့် ပြည့်နှက်နေပေသည်။


အံ့သြစရာ မဟုတ်တော့ပေ...


သူ့ခန္ဓာကိုယ်က တုန်ယင်လာခဲ့သည်။


ဗိုလ်မှူးက စုန့်ကျန်းရှူးနှင့် ပတ်သတ်ပြီးအနည်းငယ်မျှသော လွမ်းဆွတ်တမ်းတမှုပင် မရှိတော့သည်မှာ အံ့သြစရာမဟုတ်ပေ။


၎င်းက ဝမ်ကော ငယ်စဥ်ကတည်းက သင်ကြားခဲ့ရသော ပညာများနှင့် လုံးဝပင် ကွာခြားနေပေသည်။ ၎င်းက အချစ်မဟုတ်ပေ။ လုံးဝကို မဟုတ်ပေ။


သို့သော်ငြား ၎င်းက အချစ်ထက်ပို၍ သူ့အား မက်မောစေပေသည်။


ဝမ်ကော မျက်လုံးများ မှိတ်လိုက်သည်။ တိတ်ဆိတ်နေသောအခန်းထဲတွင် ပြင်းထန်စွာ ခုန်နေသော သူ့ကိုယ်ပိုင်နှလုံးခုန်သံကို ကြားလိုက်ရသည်။


ဝမ်ကော တွေးလိုက်သည်။

ဗိုလ်မှူး ကျွန်တော်စိတ်ရင်းနဲ့ ဆုတောင်းပေးလိုက်ပါတယ်...ဗိုလ်မှူးရဲ့ ဘဝတစ်သက်တာ ကာကွယ်ပေးမှုနဲ့ထိုက်တန်တဲ့ အမျိုးသားဇာ့ဂ်ကို ရှာတွေ့သွားပြီပဲ...


ထိုအခိုက်တွင် ဝမ်ကော ရှင်းလင်းပြတ်သားသော ကြွတ်ဆတ်ဆတ်အသံကို ကြားလိုက်ရသည်။


၎င်းက သလင်းကျောက် အစိတ်စိတ်အမြွာမြွှာ ကွဲသွားသကဲ့သို့ အသံပင်။ သို့သော် သူ့မျက်ဝန်းများ ဖွင့်လိုက်သည့်အခါတွင်မူ မည်သည်ကိုမှ မတွေ့ရပေ။


--------


လုမော့ အခန်းထဲမှထွက်ကာ တောက်ပနေသော နေကို မျက်နှာမူလျက် ယနေ့ သရုပ်ဆောင်မှုများအတွက် သူ့ကိုယ်သူ အမှတ် 100 ပေးလိုက်သည်။


သူ့လက်အား နေရှိရာထံ ဆန့်ထုတ်လိုက်သည်။ သူ့ခံစားချက်များက တစ်ဟုန်ထိုးတက်ကြွလာပြီး ရင်ဘတ်တွင် ပြည့်နှက်နေသည့်အတွက် သူ့ခံစားချက်များကို အမှန်ပင် ဖိနှိပ်ထားချင်နေပေသည်။ 


သို့သော်ငြား လက်တွေ့အသုံးချရန် ရောက်လာသောအချိန်တွင်မူ ယခင်က ကောင်းကောင်း မလေ့လာထားမိခဲ့ပေ။ အဆုံးတွင် ဖက်ခ် ဟူသည့် စကားကိုသာလျှင် ပြောနိုင်ပေလိမ့်မညိ။


သူ အတတ်နိုင်ဆုံး စိတ်ကို ပြန်ထိန်းချုပ်လိုက်ပြီးနောက် လက်များကိုခါကာ သီချင်းဆိုလိုက်ပေသည်။

"အာ... ငါအရမ်းတော်တာပဲ..."


သူ အားရဝမ်းသာ တွေးလိုက်သည်။


ငါ ဒီနေ့ အမှိုက်ဆန်မှုတန်ဖိုးတွေ သေချာပေါက်အများကြီးရမှာပဲ...


[တင် …]


သလင်းကျောက်များကွဲသွားသကဲ့သို့ အသံကြားလိုက်ရပြီး စနစ်၏အသံ ပေါ်လာခဲ့သည်။


[စုန့်ကျန်းရှူးရဲ့အဓိကဇာတ်ကောင် ရောင်ဝါက ပြန်လည်ကောင်းမွန်လာပါပြီ...]


[လက်ရှိ ပြန်ကောင်းလာမှု အခြေအနေ- 5%]


"ဘာလဲ..."


လုမော့အံ့သြသွားသည်။

"ရောင်ဝါဆိုပါလား..."


တစ်ခဏအတွင်းမှာပင် သူ့အမူအရာက  စိုးရိမ်တကြီးပြောင်းလဲသွားသည်။

"ဖယ်...ဖယ် ...ဝေးဝေးကိုသွား ပြန်ယူသွာူ…"


သူ့အတွက် အမှိုက်ဆန်မှုတန်ဖိုးရရန် အလွန်ပင်ခက်ခဲနေပြီးဖြစ်သည်။ ဇာတ်ဆောင်ရောင်ဝါကိုသာ သူ့ကိုပေးလာပါလျှင် တစ်ဘဝလုံး အမှိုက်ဆန်မှုတန်ဖိုး နည်းနည်းတောင် ရတော့မည်မဟုတ်ပေ။


စနစ် : [ ကျွတ်စ်…]


နည်းနည်းလောက် ဦးနှောက်လေး သုံးပါလား...


စနစ် အင်တင်တင်နှင့် ပြောလိုက်သည်။

[စုဆောင်းမှုစနစ်ကိုဖွင့်၊ ပြီးရင် 'အဓိကဇာတ်ကောင်ရောင်ဝါအပိုင်းအစ' X1 ကိုယူလိုက်...]


လုမော့ စိတ်သက်သာရာရသွားသည်။


တစ်ချိန်တည်းမှာပင် စုန့်ကျန်းရှူး၏ နှလုံးသားက ရုတ်တရက် ခုန်သွားသည်။ သူ့နှလုံးသားရှိရာသို့ မနေနိုင်စွာ လက်တင်လိုက်လေသည်။


ထို့နောက် ထပ်ခုန်သွားပြန်သည်။ တစ်စုံတစ်ခုက သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။


"သခင်..."

ဝမ်ကော သူ့အား စိတ်ပူစွာ ကြည့်လိုက်သည်။


စုန့်ကျန်းရှူး သူ့ခေါင်းကိုခါလိုက်သည်။

"အဆင်ပြေပါတယ်...ပြန်သွားကြစို့..."



🌌🌌🌌