Chapter 22
Viewers 2k

🌌Chapter 22



မြေအောက်ကားဂိုဒေါင်မှ ဗီဒီယိုက ရင်းမြစ်ကို မသိနိုင်သော တိုက်ရိုက် ထုတ်လွှင့်မှုအခန်းဖြစ်ကြောင်း သတိရသောလူအချို့လည်း ရှိကြသည်။


၎င်းက အသိမပေးဘဲ ပေါ်လာပြီး မမျှော်လင့်ဘဲ ပျောက်ကွယ်သွားသည်။


တိုက်ရိုက်ထုတ်လွှင့်မှုက သုံးနာရီကြာ ရှိခဲ့ပြီး အလယ်ခန့်တွင် ဇာ့ဂ်များအားလုံးက တိုက်ရိုက်ထုတ်လွှင့်မှု၏ Ip လိပ်စာကို ရှာဖွေရန် ကြိုးပမ်းခဲ့ကြသော်လည်း ခြွင်းချက်မရှိ မအောင်မြင်ခဲ့ချေ။ သူတို့က ထိုတိုက်ရိုက်ထုတ်လွှင့်မှုကြောင့် အံသြသွားပြီး ဤမျှရှုပ်ထွေးသော antiပရိုဂရမ်ကို တစ်ခါမျှမတွေ့ဖူးပေ။


၎င်းက ဟက်ကာများ၏ စိတ်အားထက်သန်မှုကို တစ်ခဏအတွင်း နှိုးဆွခဲ့သည်။ အစတွင် စုန့်ကျန်းရှူးအတွက်ဟု ဆိုခဲ့ကြသော်လည်း သူတို့ကြားတွင် ဉာဏ်ပညာနှင့် ယှဉ်တိုက်ရသော တိုက်ပွဲဖြစ်လာပြီး နောက်ပိုင်းတွင် စုန့်ကျန်းရှူးကို ဘယ်နားတွင် မေ့သွားကြောင်း မသိခဲ့ကြပေ။


ဂိမ်းကို များများကစားလေ ဤပရိုဂရမ်၏ တည်ဆောက်ပုံနှင့် တင်းကျပ်သော ယုတ္တိဗေဒဆိုင်ရာ မြင့်မားသောစွမ်းရည်ကို ခံစားရလေလေဖြစ်သည်။ ဤပရိုဂရမ်ကို ဖန်တီးနိုင်သည့် စွမ်းရည်က ဤကမ္ဘာ၏ လက်ရှိအဆင့်ထက် လုံးဝကျော်လွန်သွားသည်။


ဒါကို ဘယ်သူကလုပ်ခဲ့တာလဲ...


သူတို့က အပေါ်ယံလောက်သာ မြင်ဖူးသည်ဟုပင် ခံစားရပြီး နာရီအနည်းငယ်မျှသာ လေ့လာရုံဖြင့် မလုံလောက်ပေ။ ထိုမှတစ်ဆင့် ပို၍ နက်ရှိုင်းသောအရာကို တွေ့ခဲ့ကြသည်—၎င်းကို တွင်းနက်ကြီး၏ တည်ရှိမှုဟု ခေါ်နိုင်လောက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုအခန်း ပျောက်ကွယ်သွားသောအခါတွင် ဤဟက်ကာများက ရူးသွပ်လုနီးပါး ဖြစ်ခဲ့သည်။


သူတို့ဦးရေပြားကို ဆုပ်ကိုင်ကာ အော်ဟစ်ငိုကြွေးနေရုံမှတပါး မတတ်နိုင်ခဲ့ကြပေ။ ဇာ့ဂ်သတင်း အချက်အလက်နည်းပညာ၏ ထိပ်ပိုင်းကို ကိုယ်စားပြုသည့် အရေးပါသူများက ကြမ်းပြင်ပေါ်တွင်လှဲ၍ တိတ်တဆိတ် အော်ဟစ်နေကြသည်။


ထို့နောက် နှစ်ရာချီကြာအောင် တည်ရှိနေသော သူတို့၏ ဘုံအသိက နာရီအနည်းငယ်အတွင်းမှာ ရုတ်တရက် အမှောင်ကျသွားသည်ပြီး မည်သူမှ လက်မခံနိုင်ခဲ့ချေ။ သူတို့ ရူးသွပ်သွားတော့မည်ဟု တွေးတောမိကြသည်။ 


သို့သော် အချက်အလက်များအရ ၎င်းက နည်းပညာဆိုင်ရာ အမှတ်အများဆုံးရသော ကမ္ဘာငယ်လေး သုံးထောင်ထဲမှ စနစ်က ထုတ်ယူထားသော ပရိုဂရမ်လေးတစ်ခုပင်။


မှန်၏။ ဤနာကျင်မှုအားလုံးက လုမော့၏ အဆင့်များတွင် ထည့်သွင်းထားသည့် အမှိုက်ဆန်မှုတန်ဖိုးအဖြစ်သို့ ပြောင်းလဲသွား၏။


-နောက်ပိုင်းတွင် ၎င်းက ချက်ချင်းပြန်နုတ်ခံရသော်လည်း ဤသည်က ကိစ္စတစ်ခုပင်။


အကြောင်းပြချက်မရှိဘဲ မည်သည့်အရာမျှပြောင်းလဲခြင်း မရှိပေ။ ဤတိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပြန်လည်ပေါ်လာမည်ဟု ဟက်ကာများက အခိုင်အမာယုံကြည်ကြသည်။ သူတို့ နေ့ရောညပါ မြင်တွေ့ခဲ့ရသည့် ချောက်နက်ငယ်ကို လေ့လာနေပြီး တစ်ချိန်တည်းတွင် အင်တာနက်ပေါ်ရှိ ခေတ်ရေစီးကြောင်းများကို စောင့်ကြည့်နေသည်။


အားထုတ်မှုက ပြေလည်သွားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပြန်ပေါ်လာသည်။


ဟက်ကာများအပြင် စုန့်ကျန်းရှူးကို ဘယ်တော့မှ မမေ့နိုင်သော ပရိတ်သတ်များလည်း ရှိသေးသည်။ သူတို့က ဤလျှို့ဝှက်ဆန်းကြယ်သော တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို အမြဲ အမှတ်ရနေ၏။


ထို့ကြောင့် ထုတ်လွှင့်ပြီး မိနစ်အနည်းငယ်အကြာတွင် ၎င်း၏ ရေပန်းစားမှုက ချက်ခြင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။


-------


မျက်နှာပြင်ပေါ်တွင် ပေါ်လာသောအရာမှာ သာမန်အိမ်ယာတစ်လုံးဖြစ်သည်။


အခြားအိမ်ယာများကဲ့သို့ပင် လှပသောအဆောက်အအုံများ တန်းစီထားပြီး လှပသောပန်းများက ပန်းမွေ့ယာများကဲ့သို့ ပြန့်ကျဲနေကာ အဖြူရောင်ရေတံခွန်ငယ်မှ သလင်းကျောက်သဖွယ် ကြည်လင်သောရေများက  နေရောင်အောက်တွင် သက်တံငယ်များကို အစီအရီရောင်ပြန်နေစေ ၏။


ဇာ့ဂ်နယ်မြေက ကြီးမား၏။ ထိုသို့သော အိမ်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သူတို့ကလှပသော်လည်း ၎င်းက သူတို့နှင့်တူတူပင်။


ဇာ့ဂ်များက ပေးသော မှတ်ချက်များနှင့် ရုပ်ပုံများက ထုတ်လွှင့်မှုတစ်ခုလုံးပြည့်နေ၏။


[ကြည့်ရတာ သာမန်အလှပါပဲ...ချမ်းသာတဲ့ အမျိုးသမီးဇာ့ဂ်ဖြစ်ပေမယ့် အာ့လောက် ပိုက်ဆံ အများကြီး မရှိဘူးလေ...]


[အမှန်က ငါ့သူငယ်ချင်းတစ်ယောက်က မနှစ်တုန်းက ဗိုလ်မှူးဖြစ်လာပြီး ဒီထက်ပိုလှတဲ့ အိမ်ကြီးကို ဝယ်လိုက်တယ်...]


မကျေနပ်သော ဇာ့ဂ်များကလည်း ရှိ၏။

[စုန့်ကျန်းရှူး ဘယ်မှာလဲ...စုန့်ကျန်းရှူးကို တွေ့ချင်တယ်... ]


တိုက်ရိုက်ထုတ်လွှင့်သည့်အခန်း၏ ခေါင်းစဉ်မှာ "မင်္ဂလာပွဲအချိန်" ဟု ဖော်ပြထားသောကြောင့် စုန့်ကျန်းရှူး၏ပရိသတ်များအားလုံး စိတ်ရှုပ်ထွေးသွားစေသည်။


သူတို့နှလုံးသားထဲတွင် ဇာ့ဂ်မျိုးနွယ်စု၏ ဒုတိယမင်းသားကဲ့သို့ ထူးချွန်သော အမျိုးသမီးဇာ့ဂ်သာလျှင် စုန့်ကျန်းရှူးနှင့် ထိုက်တန်သည်။


တပ်မှူးဝမ်ကောက အမှိုက်များကောက်ယူခြင်းတွင် ကံကောင်း၏။ သူက ၎င်းကို လက်မခံသော်လည်း ၎င်းကို ငြင်းဆန်နိုင်သည့် နည်းလမ်းမရှိပေ။


သူတို့က စုန့်ကျန်းရှူးနှင့် လက်ထပ်ရန် စိတ်ကူးယဉ်ထားသော်လည်း သူတို့၏ သာမန်ဖြစ်မှုကိုလည်း နားလည်၏။


ဤတိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့မ၀င်မီ အမျိုးသမီးအားလုံးနီးပါးက စုန့်ကျန်းရှူး၏ ဒုတိယမြောက်အမျိုးသမီးဖြစ်လာရန် မည်မျှကောင်းသည်ကို မြင်လိုကြသည်။


မမျှော်လင့်ဘဲ... ဒါပဲလား...


ခဏကြာသောအခါ မှတ်ချက်များက ဆိုးလာ၏။ 


[ငါ့အိမ်လောက်လည်း မကောင်းဘူး...]


[ စုန့်ကျန်းရှူးက အမှိုက်ကောက်ရတာကို အမြဲကြိုက်တယ်...]


…


ဖန်သားပြင်က ချဉ်စူးသော သံပုရာသီးများ ပြည့်လာသောအခါ ကွဲလွဲနေသော မှတ်ချက်များက ဖြည်းညှင်းစွာ ဖြတ်ကျော်သွားသည်။


[ဒီအိမ်ပိုင်ရှင်က ဘယ်လောက်ချမ်းသာတယ်ဆိုတာ မင်းတကယ်မမြင်ဘူးလား...]


အမြော်အမြင်ရှိသောဇာ့ဂ်က ပုံတွင်ရှိသော သဘာဝမဟုတ်သော ကြီးမားသောနေနှင့် သံချေးနီရောင်ကောင်းကင်မှ သဲလွန်စများကို မြင်ပြီးဖြစ်သည်။


ဤသည်မှာ ကျတ်တီးကြယ်ဖြစ်သည်။


ကျတ်တီးကြယ်များတွင် ထိုကဲ့သို့ ပျက်စီးလွယ်ပြီး လှပသောအပင်များကို မကြီးထွားနိုင်ပေ။ ထိုသို့သော ပန်းဥယျာဉ်ကို ထိန်းသိမ်းရန် ရင်းနှီးမြုပ်နှံထားသောငွေကို ရိုးရှင်းစွာ မမျှော်မှန်းပေ။


လှပတဲ့ စမ်းရေတွင်းကိုတော့ ပြောမတတ်ဘူး...

၎င်းကို သူတို့တွေးပင် မတွေးနိုင်တော့ပေ။


သူ့၏ လေ့လာတွေ့ရှိချက် အသေးစိတ်များကို မှတ်ချက်တွင် တင်လိုက်သည့်အခါမှာ ထုတ်လွှင့်ခန်းက ရုတ်တရက်တိတ်ဆိတ်သွား၏။


အမျိုးသမီးဇာ့ဂ်အားလုံးက သူတို့ရဲ့ ချမ်းသာမှုနဲ့ "ကျတ်တီးကြယ်ပေါ်မှာ ဒီလိုအိမ်ဆောက်နိုင်မလား"ဟု လျှို့ဝှက်စွာ တွက်ချက်နေကြသည်။


အဖြေက "မဖြစ်နိုင်ပေ။"


ခဏအကြာတွင် ပရိသတ်အားလုံးက ပို၍ပင် သိချင်လာကြသည်။

ဒီလောက် ချမ်းသာ ကြွယ်ဝတာ ဘယ်က အမျိုးသမီးလဲ...


ဒီလို သေးငယ်တဲ့ ကျတ်တီးကြယ်လေးပေါ်မှာ မင်းဘာအကြောင်းကြောင့် ဆန္ဒရှိရှိနဲ့နေချင်ရတာလဲ...


လုမော့ ပရိသတ်များ၏ ခံစားချက်ကို သိပါက သူ့တွင်အဖြေတစ်ခုသာ ရှိ၏။

"ငါက Otakuလေ ကျေးဇူးပါ..."


သူက အခြားဂြိုလ်များရှိ စက်ရုံအလုပ်ရုံများစွာတွင် ရင်းနှီးမြှုပ်နှံထားလျှင်ပင် သူ့မွေးရပ်မြေ၌ နေထိုင်ခြင်းကို နှစ်သက်ဆဲဖြစ်သည်။


လင်းက အင်ပါယာကြယ်ကို ပြန်ရမည်သာမဟုတ်လျှင် သူက မစ်ရှင်ပြီးသည့်တိုင် အိမ်မပြန်မချင်း ဤနေရာ၌ နေချင်သေး၏။


လုမော့က ဤကိစ္စကိုတွေးပြီး အလွန်ပျော်နေပုံမရချေ။


မကြာသေးမီက သူ့တွင် ပြဿနာအချို့ရှိသည်။ သူပျော်နေသောအခါတွင် လင်း၏ အလုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး သူစိတ်မချမ်းသာသည့်အခါ လင်းက သူ့ကို လျစ်လျူမရှုနိုင်မချင်း လင်း ကို ပူဆာရခြင်းအား ပိုကြိုက်လာ၏။


စနစ်၏ နည်းလမ်းက ဤမျှထိရောက်မှုရှိသောကြောင့် မဟုတ်ပေ။ သို့သော် သူက လင်းနှင့် နီးကပ်နေသမျှကာလပတ်လုံး သူ့မြီးညှောင့်ရိုးက ပို၍သက်သာနေမည်ဟု သူတွေ့ရှိသောကြောင့် ဖြစ်သည်။


ယခု သူက မပျော်တော့ပေ။ သူက နတ်ဆိုးတစ်ကောင်အဖြစ် လင်းကို ရှာရတော့မည်ဖြစ်သည်။


သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး အနည်းငယ်ပိုရှည်သော အနက်ရောင် ဆံပင်ကောက်ကောက်ကို ခေါင်းနောက်တွင် အမြီးလေးအဖြစ် စည်းထား၍ ချောမွေ့သောနဖူးကို ပေါ်လွင်နေစေသည်။


"လင်း မင်း ဧည့်သည်တွေ မလာသေးဘူးလား..."


လင်းက ထိုနေ့တွင် သူမှာပေးထားသော ဂါဝန်ကို ဝတ်ထားပြီး ယခုအချိန်တွင် လက်အိတ်ကို ဝတ်နေသည်။


"သူတို့ မလာနိုင်ဘူး..." 

လင်းက ဂရုမစိုက်စွာ ပြော၏။

"ကျွန်တော့်လက်အောက်ငယ်သားတွေက အမြဲတမ်း အလုပ်များနေတာ..." 


အကယ်၍ ဤနေရာတွင် ရပ်နေသော တပ်သားက လင်းနှင့် ဆယ်စုနှစ်များစွာ လက်တွဲခဲ့သော တပ်သားဖြစ်ခဲ့ပါက ထိုအချိန်တွင် လင်း၏ အမူအရာက မိန်းမောနေခြင်းထက် တစ်ခုခုဆုံးရှုံးသွားသလို ဖြစ်နေသည်ကို သတိပြုမိပေမည်။


သူက လက်အိတ်ကိုဝတ်ကာ ကောက်နေသော ချုပ်ရိုးတစ်နေရာကို ဆွဲဖြန့်လိုက်သည်။


လည်စည်းကို ကွေးကွေးလေး ချည်ရသကဲ့သို့ လက်အိတ်ပေါ်ရှိ ချုပ်ရိုးကောက်ကောက်များက လက်လုပ်ထုတ်ကုန်များ၏ လက္ခဏာများဖြစ်သည်။


ယခုမူ ဤ "ရည်ရွယ်ချက်ရှိရှိ" ပြောခြင်းက လင်းကို မပျော်မရွှင် ဖြစ်စေသည်။


"မင်းရဲ့ လက်အောက်ငယ်သားတွေကို စီမံခန့်ခွဲဖို့ မင်းတကယ်ကို လစ်လျူရှုနေတာလား..." 

မာနကြီးသော အမျိုးသားက မေးစေ့ကိုပင့်၍ ရိုင်းရိုင်းပြောလိုက်၏။

"တကယ်ကို...စျေးပေါတဲ့အမျိုးသမီးပဲ..." 


သူက ကြီးကျယ်ခမ်းနားသည်ဟု ထင်ရသော်လည်း လင်း၏ မျက်လုံးများထဲတွင် ကြောင်ဖြူ လေးတစ်ကောင်က ခေါင်းယမ်း၍အမြီးတွန့်ကာ မိမိကိုယ်ကို ယုံကြည်မှုရှိရှိ ချွန်ထက်သော ခြေသည်းများကို ပြထားပုံရသည်။


လင်းက သူ့ခေါင်းကို ကူရာမဲ့စွာ လှည့်၍ နောက်ဆုံးတွင် ရယ်မောလိုခြင်းကို သူ့ဗိုက်ထဲသို့ မျိုချလိုက်သည်။


သို့သော် ထိုပုံစံက အမျိုးသား၏ အမြင်တွင် လုံးဝဆန့်ကျင်ဘက်အဓိပ္ပါယ် သက်‌ရောက်သွား၏။


တိတ်ဆိတ်ပြီး အေးစက်သောမျက်နှာနှင့် အကြည့်လွှဲခြင်းတို့က ငြင်းပယ်ခြင်း၏ အဓိပ္ပါယ် ဖြစ်သည်။


"ဝိုး...ဝိုး..." 

လုမော့က သူ့မျက်လုံးများကို မှေးထားလိုက်၏။

" မင်းငါ့ကို လိမ်လို့ရမယ်လို့ ထင်တယ်ပေါ့...မင်း ဥာဏ်မဲ့တဲ့ ရုန်းကန်မှုတစ်ခု လုပ်နိုင်တယ်... မင်းဆင်းလာတာဖြစ်စေ မလာတာဖြစ်စေ ဒီမင်္ဂလာပွဲကို ရပ်တန့်ဖို့ မဖြစ်နိုင်ဘူး..."


အမျိုးသားက အနည်းငယ် ငုံ့ချလိုက်ပြီး သူ့လက်ချောင်းများက လင်း၏နှုတ်ခမ်းများကို ဖြတ်ပြေးသွား၏။


လင်းကို ပထမဆုံးတွေ့စဥ်က ထိုနှုတ်ခမ်းများက အမြဲတမ်း ဖြူဖျော့နေသော်လည်း ယခုတွင် နီမြန်းလာခဲ့ပေသည်။


"ဒီ့နေရာက ငါ့ခြေရာလက်ရာနဲ့ အမှတ်အသားတွေကို ချန်ခဲ့တဲ့နေရာပဲ..."


အမျိုးသားက လင်း၏မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်ကာ ရေရွတ်လိုက်၏။

"လင်း...မင်းက ငါ့အပိုင်ပဲ..." 


လင်း၏ ပါးစပ်ထောင့်ရှိ လိုင်းက အနည်ငယ် တွန့်သွား၏။  

အမိဘုရားသခင်...


သူက အသက်ပြင်းပြင်းရှူလုနီးပါးဖြစ်ပြီး သူ့မျက်လုံးများရှိ အမှောင်ထုကို တုံ့ဆိုင်းစွာ ဖိနှိပ်လိုက်သည်။


"စုန့်ကျန်းရှူးက ဒီမှာရှိနေရင်တောင် ငါ မင်းကို ခေါ်သွားခွင့်မပေးဘူး..." 

လုမော့က လင်း၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လင်း၏ နှုတ်ခမ်းများကို ကျွမ်းကျင်စွာ ကိုက်လိုက်သည်။


လုမော့က မျက်လုံးများကို မဖွင့်ဝံ့ပေ။


လင်းက ယခုအချိန်တွင် သူ့ကိုယ်သူ ဖိနှိပ်ချုပ်ချယ်ရန် ရုန်းကန်နေရကြောင်း အရူးအမူး မြင့်တက်နေသော အမှိုက်ဆန်မှုတန်ဖိုးက သူ့ကို ပြောပြနေ၏။ အမှိုက်ဆန်မှုတန်ဖိုးကို မကြည့်ဘဲနှင့်ပင် သူက လင်း၏ လက်ကောက်ဝတ်များ အနည်းငယ် တုန်ခါနေပြီး ပြင်းထန်သော အသက်ရှုသံများကို ခံစားရဆဲဖြစ်သည်။


လင်း၏ လက်ကို သူအဘယ့်ကြောင့်ကိုင်ချင်သည်က်ို သူ မသိခဲ့သလို လင်းက သူ့ရင်တွင်း နာကျင်မှုကို တွန်းထုတ်ရန် ခဲယဉ်းလွန်းသော အခြားအရာများကို ဆုပ်ကိုင်ထားသည်ကိုလည်း သူ မသိခဲ့ပေ။ 


လုမော့က သူ့ခန္ဓာကိုယ်နှင့် စိတ်နှစ်ဖက်စလုံးက အမှိုက်ဆန်မှုလမ်းဆီသို့ အပြေးအလွှားသွားနေသည်ဟု ခံစားမိသည်။


သူအမှန်ပင် အပြစ်ရှိ၏။


လုမော့က ကောင်းကောင်းအသက်မရှူနိုင်သေးသော်လည်း မတ်တတ်ရပ်လိုက်သည်။ သူက တစ်ခုခု ပြောချင် သော်လည်း ကောင်းကင်ယံတွင် တစ်စုံတစ်ခု ချဉ်းကပ်လာသည်ကို မျက်လုံးထောင့်မှ တွေ့လိုက်ရသည်။


၎င်းက သာမန်ငှက်များနှင့်တူသော အနက်ရောင်အစက်အပြောက်လေးများအုပ်စု ဖြစ်သော်လည်း ၎င်းတို့ တဖြည်းဖြည်းချဉ်းကပ်လာသောအခါတွင် နောက်ဆုံးတွင် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကိုပြသခဲ့သည်။


မရေမတွက်နိုင်သော အနက်ရောင် ကြယ်သင်္ဘောများဖြစ်ပြီး ၎င်းတို့၏ ကြီးမားသော အရွယ်အစားက နေရောင်အောက်တွင် မြေပြင်ပေါ်ရှိ အဆောက်အအုံအားလုံးကို နက်ရှိုင်းသော အရိပ်များ ဖုံးလွှမ်းကာ ဖြည်းညှင်းစွာ ဖြတ်ကျော်လာသည်။


ဂုဏ်သ‌ရေကြီးမားမှုအပြင် ဘာမှမရှိနိုင်ချေ။


ကျတ်တီးကြယ်ပေါ်ရှိ ဇာ့ဂ်များအားလုံးက သူတို့၏ နေအိမ်များမှ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်လာကြပြီး ပါးစပ်ကို ကျယ်ကျယ်ဟကာ ကောင်းကင်ကြီးကို ဗလာဖြစ်စွာ စိုက်ကြည့်နေကြသည်။


နောက်ဆုံး၌ ကြယ်သင်္ဘောများက ကောင်းကင်တွင် ဖြည်းညင်းစွာ ရပ်တန့်သွား၏။ တံခါးတစ်ပေါက်ပွင့်လာပြီး စစ်ယူနီဖောင်းများဝတ်ထားသော အမျိုးသမီးစစ်သည်များက သူတို့၏ သန်မာသော တောင်ပံများကို ခတ်လိုက်ကြပြီး လေးလံသော စစ်ဖိနပ်များစီး၍ မြေပြင်ပေါ်သို့ ဆင်းလာကြသည်။


"မင်းရဲ့ လက်အောက်ငယ်သားတွေက နောက်ဆုံးတော့ ရောက်လာပုံရတယ်...သနားစရာ ကောင်းလိုက်တာ..." 

လုမော့က လှောင်ပြောင်လိုက်၏။

"မဟုတ်ရင် မင်းဘယ်လိုလှည့်ကွက်တွေကို လုပ်မလဲ ငါတကယ်မြင်ချင်တာ..."


သူက လင်းဆီ သူ့လက်ကို ဆန့်လိုက်၏။

"အခု မင်း နှောင့်နှေးစရာ အကြောင်းမရှိတော့ဘူး ငါ့ရဲ့..."


လုမော့က သူ့လျှာဖျားကို ကိုက်လိုက်ပြီး တစ်လုံးချင်း ပြောလိုက်၏။

"ငါရဲ့ အိမ်သူဘုရင်မလေး.. "


အမျိုးသမီးဇာ့ဂ်က အနည်းငယ်တုန်လှုပ်နေပြီး သူ့လက်က လေထဲတွင် တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် လုမော့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။


သူ့လက်ဖဝါးက အေးစက်နေပြီး ၎င်းတွင် အနည်းငယ် ကြမ်းတမ်း ပါးလွှာသော အသားမာလေးများရှိနေ၏။



🌌🌌🌌