Chapter 21
Viewers 1k

🌌Chapter 21



"မင်း...ဘာပြောလိုက်တာလဲ..."


ခန်းမလွတ်ကြီးထဲတွင် ထိန်းမရသော ဒေါသသံများဖြင့် ပဲ့တင်ထပ်နေသည်။


စုန့်ကျန်းရှူးက သူအမြဲလေးစားခဲ့သော အမျိုးသားဇာ့ဂ်ကို တအံ့တသြကြည့်ရင်း တစ်ဖက်သားက ဘာကြောင့် ဤမျှဒေါသထွက်နေလဲဆိုသည်ကို သူ နားမလည်နိုင်ခဲ့ချေ။


သူယုံကြည်မှု ကင်းမဲ့သွားသည်။

“လင်းက အဲဒီယောကျာ်းရဲ့ လှည့်စားခံရတာဖြစ်မယ်..."


သူ့ရှေ့တွင် ရပ်နေသော အမျိုးသားဇာ့ဂ်က အလွန်ချောမောသောဘအသွင်အပြင်ရှိပြီး အရပ်ရှည်သော ခန္ဓာကိုယ်က ဇာ့ဂ်များကြားတွင် အလွန်ရှားပါးလှသည်။


စုန့်ကျန်းရှူးမှလွဲ၍ ယောက်ျားအားလုံးက အဆင့်မြင့်လေ သူတို့၏ အသွင်အပြင်က အမျိုးသမီးဇာ့ဂ်များနှင့် နီးစပ်လေဖြစ်သည်။ ဤအထီးက A အဆင့်ရှိသည့်အပြင် S အဆင့်နှင့် အကန့်အသတ်မရှိ နီးကပ်ပြီး အဆင့်မြင့်အမျိုးသားတစ်ဦးဖြစ်သည်မှာ သေချာ၏။


အဆင့်မြင့်အမျိုးသားဇာ့ဂ်၏ မျက်လုံးများက မူလတွင် ရွှေရောင်ဖြစ်သော်လည်း ယခုအခါတွင် ၎င်းတို့က အဝါရောင်သန်းလာပြီး ဘဝနေဝင်ချိန်ကာလသို့ ဝင်ရောက်လာပြီဟု ဆိုလိုသည်။


ထိုသို့သော ယောက်ျားလေးက မည်သို့ပင် တောင်းဆိုပါစေ ဇာ့ဂ်မျိုးနွယ်တစ်ခုလုံးက သူ့ကို ခြွင်းချက်မရှိ ကမ်းလှမ်းပေးမည်။ တစ်မှလွဲ၍ ဖြစ်သည်။


ကလိန်းဇာ့ဂ်...


အရွယ်ရောက်ပြီးသူ ကလိန်းဇာ့ဂ်က ခုခံရန် စိတ်ပိုင်းဖြတ်ထားပါက ထိုသူက S အဆင့် နီးပါးရှိသော အထီးဆ်ိုလျှင်ပင် သူ့ဆီမှ မည်သည့်အကျိုးကျေးဇူးမှ ရနိုင်မည် မဟုတ်ပေ။


လင်းက သူ့ကိုယ်သူ ထွက်ပြေးသွားရန် ရွေးချယ်ခဲ့ပါက သူ့အနေဖြင့် ထိုကလိန်းဇာ့ဂ်ကို ကမ္ဘာမှာ ဘယ်သောအခါမှ ရှာမတွေ့မည်ကို ကြောက်မိ၏။


ထို့နောက် သူ့အဆင့်က A အဆင့်မှာသာ ထာဝရရှိနေမည်ဖြစ်သည်။


ကလိန်းဇာ့ဂ်က စည်းစိမ်ဥစ္စာ၊ အခွင့်အရေးများ စသောမည်သည့်အရာကိုမျှ ဂရုမစိုက်သည့် အတွက် ဘယ်အရာကမှ သူ၏ အားနည်းချက်မဖြစ်နိုင်ချေ။


စုန့်ကျန်းရှူး၏ အသွင်အပြင်က မျှော်လင့်ချက်ကို ယူဆောင်လာခဲ့သည်။


ကလိန်းဇာ့ဂ်ကို စုန့်ကျန်းရှူးက ဆွဲဆောင်ခဲ့သည်ကို သူ အံ့ဩစွာ အားရကျေနပ်မိ၏။


ဇာ့ဂ်တစ်ယောက်က မည်မျှသန်မာနေသည်ဖြစ်စေ သူ့တွင် ပျော့ကွက်ရှိပါက အားနည်းလာမည်ဖြစ်သည်။


ထို့ကြောင့် သူက စုန့်ကျန်းရှူးကို ချဉ်းကပ်ပြီး သူ၏ ယုံကြည်မှုနှင့် လေးစားမှုကို ရရှိစေရန် စိတ်ရှည်စွာ လုပ်ဆောင်ခဲ့ပြီး သူ့ကိုယ်သူ ဒုတိယအမျိုးသားဖခင်အဖြစ် အသိအမှတ်ပြု ပေးခဲ့သည်။


စုန့်ကျန်းရှူး...

ဤအမျိုးသားအပေါ် သူနားလည်သလောက် သူက ပြတ်သားမှုမရှိဘဲ  စာနာစိတ်အပြည့်ရှိသည်။


သူက စုန့်ကျန်းရှူးအတွက် (တိုက်ဆိုင်မှုရှိရှိ) မီးဖိုထဲသို့ ပြုတ်ကျပြီး မြေမှုန့်ထဲသို့ ကျသွားသော အမျိုးသမီးပေါင်းများစွာကို တွေ့ကြုံရန် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့သည်။


သူမျှော်လင့်ထားသည့်အတိုင်း စုန့်ကျန်းရှူးက ဤအမျိုးသမီးများကို ရှောင်ဖယ်နိုင်ခြင်း နည်းလမ်းမရှိခဲ့ချေ။ သူက ၎င်းတို့အား အမြဲကယ်တင်ခဲ့သည်။


တွင်းနက်ကြီးထဲက ရွေးနှုတ်ခဲ့တဲ့ အမျိုးသားကို အမျိုးသမီးတွေက ဘယ်လိုမေ့နိုင်မလဲ...


သူတို့က စုန့်ကျန်းရှူး၏ ချစ်ခြင်းမေတ္တာအတွက် နှိမ့်ချစွာ တောင်းခဲ့ကြသည်။ စုန့်ကျန်းရှူးက သူတို့ကို မသနားတော့ဟုဆိုပါက သူတို့ တစ်သက်လုံး နာကျင်နေလိမ့်မည်။


စုန့်ကျန်းရှူးကဲ့သို့သော ကြင်နာတတ်သော အမျိုးသားကို မတွန်းလှန်နိုင်ကြသည်မှာလည်း သဘာဝပင်။


ပြီးတော့-


အမျိုးသားများက အမျိုးသမီးများနှင့် လက်ထပ်သင့်သည်။ သူတို့က အရေအတွက်များလေလေ ဇာ့ဂ်မျိုးနွယ် အားကောင်းလေလေပင်။


ဒါက ပျော်ရွှင်စရာအဆုံးသတ်ပဲ...


ထို့နောက် သူတို့က စိတ်ရှည်စွာ စောင့်ဆိုင်းနေသရွေ့ ကလိန်းဇာ့ဂ်၏ သဘောသဘာဝအရ ၎င်းတို့အား ထိုကဲ့သို့အဆုံးသတ်ခြင်းကို မခံနိုင်တော့ပေ။ သူတို့က လောဘ၊ မနာလိုမှုနှင့် အမြဲတမ်း အရူးအမူး ဖြစ်နေကြသည်။


လင်းရဲ့ မျက်လုံးများမှ မှုန်မှိုင်းမှုများ တစ်နေ့ထက်တစ်နေ့ ပိုပိုထူထပ်လာနေတာကို မြင်လိုက်ရတာ... သူက စစ်မြေပြင်မှာ ပိုပြီး ရူးသွပ်လာတာကို မြင်လိုက်ရတာ...

တစ်ပါးသူအပေါ် သံသယ လွန်ကဲမှုဖြစ်လာတာကို မြင်ပြီး သူက တဖြေးဖြေး အကြောက်လွန်ကာ သူ့ကိုယ်သူ မရုန်းထွက်နိုင်‌တော့ပေ။


အရာအားလုံးကို စီစဉ်ပေးသော အမျိုးသားက နားလည်သွားသည်မှာ သူ (လင်း)က  စုန့်ကျန်းရှူးကိုသတ်ရန် အချိန်တစ်ခုအထိသာ စောင့်နေရန် ရည်မှန်းထားသည်ကိုပင်။ 


ထိုအချိန်မှာပင် ခက်ထန်မာကြောသော ဤအမျိုးသမီးက နောက်ဆုံးတွင် ပြိုကွဲသွားခဲ့သည်။


-ဒီလိုဖြစ်သင့်တယ်လေ...


အောင်မြင်တော့မှာကို ရုတ်တရက်ကြီး ဘာလို့ဒီလိုဖြစ်လာတာလဲ...


သူ နှစ်အတော်ကြာ အစီအစဉ်ဆွဲပြီးတော့ ရုတ်တရက် အရမ်းရယ်စရာကောင်းတဲ့ အကြောင်းပြချက်တစ်ခုကြောင့် ရှုံးနိမ့်ရတော့မယ်လေ...ဒါကို ဘယ်လိုလက်ခံနိုင်မလဲ...


သူ့အသက်က အလွန်ကြီးပြီဖြစ်သောကြောင့် စောင့်ရန် အချိန်မရှိတော့ပေ။


စုန့်ကျန်းရှူးက သူ့ကို သံသယဖြင့် ကြည့်လိုက်၏။


အမျိုးသားဇာ့ဂ်က ဤမျှဒေါသထွက်နေသည်ကို သူ တစ်ခါမှ မမြင်ဖူးပေ။ သူက အမြဲတမ်း အလွန်သန်မာနေပြီး မည်သည့်အရာကမှ သူ့ကို မှေးမှိန်သွားစေမည် မဟုတ်ချေ။ 

ဒါဆို ဘာကြောင့်လဲ...


သူ့အမှားကို ချက်ချင်းသတိပြုမိသွားပြီး အဘိုးအိုအမျိုးသားဇာ့ဂ်က သက်ပြင်းတစ်ချက်ချ၍ ကြင်နာစွာ ပြောလိုက်၏။

"ကျန်းရှူး...အဲ့ဒီအစွမ်းထက်တဲ့ အမျိုးသမီးဇာ့ဂ်က မင်းကို အကူအညီအများကြီးပေးနိုင်တယ်ဆိုတာ မင်းနားလည်နိုင်မယ်လို့ ငါမျှော်လင့်ခဲ့တာ...လင်းက မင်းအတွက် ရွေးချယ်ဖို့ အကောင်းဆုံးပဲ..."


စုန့်ကျန်းရှူးက ခေါင်းညိတ်လိုက်သည်။


သူ နောင်တရနေပြီဖြစ်သည်။


အချစ်ကို နှိုင်းယှဉ်၍မရသော်လည်း လင်း ထွက်သွားပြီးနောက် သူ့ဘဝက ရှုပ်ထွေးလုနီးပါး ဖြစ်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရ၏။


လုမော့ယူဆောင်သွားသော အင်ပါယာဒင်္ဂါး သန်း ၃၀၀ကျော်က သူ့မိသားစုပိုင်ဆိုင်မှုကို ဗလာဖြစ်လုနီးပါး ဖြစ်သွားစေခဲ့ပြီး ဝမ်‌ကောက ယခုအခါ ဝင်ငွေမရှိသည့်အတွက် သူ့ဘဝက ရုတ်တရက် အလွန်ခက်ခဲလာသည်။


တခြားအမျိုးသမီးတွေ အားလုံးက သူတို့ရဲ့ ပိုင်ဆိုင်မှုက စုန့်ကျန်းရှူးအတွက် ဖြစ်တယ်လို့ ပြောကြပေမယ့်...


စုန့်ကျန်းရှူး မျက်လုံးမှိတ်လိုက်သည်။ လင်း ယူဆောင်လာသော ပမာဏများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ပုံးတစ်ပုံးထဲမှ အစက်တစ်စက်ခန့်သာဖြစ်ပြီး ဘာမှမဟုတ်ပေ။


"နောက်ကျနေသေးပေမယ့်..."

အဘိုးအိုက သူ့နည်းလမ်းဖြင့် သွေးဆောင်၏။

"သူတို့က အခုလက်ထပ်ဖို့ မှတ်ပုံတင်ထားတာပဲရှိသေးတယ်...D အဆင့်အမျိုးသားက အရွယ်ရောက်မလာသေးဘူး...သူတို့က မချည်နှောင်ရသေးဘူး..."


စုန့်ကျန်းရှူးက မျက်လုံးကို အနည်းငယ်ဖွင့်လိုက်၏။

"ဆိုလိုတာက..."


"လင်းက မင်းကို ချစ်နေတုန်းပဲ..." 

အမျိုးသားအိုကြီးက သူ့ကို ကြည့်လိုက်ရာ သူ့မျက်လုံးရှိ တိမ်များက တစ်ခဏချင်း ရှင်းသွားပုံပေါ်၏။

" သူက မင်းကို ငြင်းမှာမဟုတ်ဘူး... မင်း သူနဲ့ သဘောတူညီမှု လုပ်လိုက်ရင်တော့ သူ့စိတ်က သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မယ်..."


စုန့်ကျန်းရှူးက ဇဝေဇဝါဖြစ်သွား၏။

"လူကြီးမင်း ပြောတာ မှန်ပါတယ်... ကျွန်တော် လင်း ကို သေချာပြန်ခေါ်ရမယ်..."


အဘိုးကြီးက ပြုံးနေသော်လည်း သူ့မျက်လုံးများတွင် အနည်းငယ်သော အပြုံးတစ်ခုမှ မရှိပေ။

"မင်းကို ကောင်းချီးပေးပါစေ..."


------


တစ်ချိန်တည်းမှာပင်။


လုမော့က မြေပြင်ပေါ်လဲကျလုနီးပါးဖြစ်ကာ အလွန်စိတ်လှုပ်ရှားသွား၏။


သူ့မြှီးညှောင့်ရိုးများက ယားယံနေပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး ယားယံလာ၏။ ဤယားယံမှုက အပေါ်ယံမဟုတ်ဘဲ အသားနှင့် အရိုးများကြား နက်နဲသောနေရာမှ ပေါက်ထွက်လာသည့် အရာတစ်ခုနှင့် ပိုတူသည်။ ၎င်းကို မထိပါက ယားပြီး ထိပါက နာ၏။


သူအာရုံလွှဲရန် တစ်ခုခု ပြုလုပ်ရမည်။


ဥပမာ နတ်ဆိုးတစ်ကောင်ဖြစ်ခြင်း။


နောက်ဆုံးတွင် စနစ်က တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရပြီး သီအိုရီဆိုင်ရာ အသိပညာက အလွန်ကြွယ်ဝသည်။ သူတို့က ထပ်ခါတလဲလဲ ကျရှုံးမှုများ ကြုံလာရသောအခါ စိတ်ဓာတ်မကျဘဲ စိုးရိမ်မကင်းဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် ယနေ့အတွက် ဒုတိယနည်းဗျူဟာကို ချမှတ်ခဲ့ကြ၏။


စနစ်- [လူယုတ်မာတစ်ယောက်ထက် ဘယ်အရာက ပိုရွံရှာဖွယ်ကောင်းလဲဆိုတာ မင်းသိလား...]


လုမော့: ဆရာ... ငါ့ကို ပြောပြပါဦး...


စနစ်- [အဲဒါက အရမ်းတွယ်ကပ်လွန်းတဲ့ ဧရာမကလေးတစ်ယောက်ဖြစ်ပြီး မင်းကို တစ်ချိန်လုံး အနားမှာ ဂျီတိုက်နေတာလေ...]


လုမော့က သူ့မေးစေ့ကိုပွတ်၍ ခဏစဉ်းစားလိုက်၏။


စနစ်က အားပေးသည်။

[စဉ်းစားကြည့်လိုက်လေ...မင်းက ဒီလရဲ့ စွမ်းဆောင်ရည်ကို ပြီးမြောက်ဖို့ ကြိုးစားလုပ်ဆောင်နေတဲ့ အလုပ်ကြိုးစားတဲ့ အမျိုးသမီးဇာ့ဂ်တစ်ဦးလို့ပဲ ထားပါတော့ ...မင်းနေရာရပြီးတာနဲ့ ရာထူးတိုးဖို့ အလားအလာရှိပြီး မင်းရဲ့အနာဂတ်က တောက်ပလာမှာပါ...မင်းနဲ့ မင်းရဲ့ ချစ်သူတို့ အနာဂတ်အတွက် မင်းကြိုးစားရမယ်လေ...]


ချစ်သူမဟုတ်ဘူး အမျိုးသားသခင်လေ...

လုမော့က အမှန်ပြင်ပေးလိုက်သည်။


[ကောင်းပြီလေ...မင်းနဲ့ မင်းသခင်ရဲ့အနာဂတ်အတွက် တိုက်ပွဲဝင်နေချိန်မှာ မင်းအလုပ်အရမ်း များမှာ...အရမ်းအလုပ်များမှာ...မင်းအရမ်းအလုပ်ရှုပ်နေပေမယ့် မင်းရဲ့ အကြီးစားသခင်လေးက မင်းကို ငါးမိနစ်တိုင်း မက်ဆေ့ခ်ျတစ်စောင်ပို့မယ်ဆိုရင်...]


မင်း...အဲဒီမှာ ရှိနေလား... မင်း ငါ့ကို ဘာလို့ ဂရုမစိုက်တော့တာလဲ...


မင်း ငါ့ကို မချစ်တော့ဘူးလား...


ငါ့အတွက် မင်းရဲ့အချစ်တွေ ဒီလောက်ပဲရှိမှာလား...


ငါ့ကိုပြန်ခေါ်ပါ...


လုမော့ "..."

ငါ့နှယ့် စိတ်အနှောင့်အယှက်ဖြစ်စရာကြီး…


သူက စာနာစိတ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည်။


စနစ်- [အကြံရပြီဆို စလုပ်သင့်ပြီလေ...]


လုမော့က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။

သွားကြစို့...


သူက လင်း၏ အခန်းတံခါးဆီသို့ ပြေးသွားပြီး အတွင်းမှ အသံကို ဂရုတစိုက် နားထောင်သည်။ လင်းက တစ်စုံတစ်ဦးနှင့် စကားပြောနေပြီး လုမော့နားမလည်သော အသုံးအနှုန်းများကို ဆက်တိုက်ပြောနေ၏။ သူက ဗီဒီယိုအစည်းအဝေးတစ်ခုတွင် အလုပ်အချို့ကို ပြင်ဆင် နေပုံရသည်။


အချိန်မီရုံလေးပဲ…


သူက တံခါးကို တွန်းဖွင့်လိုက်ပြီး တံခါးဖွင့်သံက လင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူ့ခေါင်းကို လှည့်လိုက်သည်နှင့် အသံက ရုတ်တရက် ရပ်သွားသည်။


"သခင်... ဘာလိုချင်လို့လဲ..."


“သခင်” ဟူသော စကားသံကြောင့် တစ်ဖက်ခြမ်းရှိ အမျိုးသမီးဇာ့ဂ်စစ်သည်များအားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


သူတို့က များသောအားဖြင့် အလုပ်များကြသည်။ ယခင်မြေအောက်ကားဂိုဒေါင်ရှိ ဗီဒီယိုက အလွန်ရေပန်းစားခဲ့သော်ငြားလည်း ၎င်းကို လူတိုင်းမကြည့်ခဲ့ကြချေ။


အခုအချိန်မှာ လူတိုင်းက သူတို့စိတ်ထဲတွင် မေးခွန်းတစ်ခုရှိနေသည်။

ဗိုလ်မှူးက ဘယ်အချိန်က သခင်တစ်ယောက် ရှိခဲ့တာလဲ...


စုန့်ကျန်းရှူးလား...မဖြစ်နိုင်ဘူး…

ထိုယောကျာ်းက ယဉ်ကျေးသိမ်မွေ့ပြီး ဉာဏ်ရည်ထက်မြက်သူဟု လူသိများ၏။ ယခုလိုအချိန်တွင် ဗိုလ်မှူးကို ဘယ်တော့မှ နှောင့်ယှက်မည်မဟုတ်ပေ။


ဘယ်သူဖြစ်မလဲ...


အမျိုးသမီးဇာ့ဂ်စစ်သည်များအားလုံး အသက်ရှုအောင့်၍ မြင်ကွင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြပြီး ဗိုလ်မှူးထံမှ ထွက်လာမည့် လျှို့ဝှက်ဆန်းကြယ်သော သခင်ကို တစေ့တစောင်းကြည့်ရန် ကြိုးစားကြသည်။


"ဘယ်အချိန်ရှိပြီလဲ မင်းက ငါ့ကို ငတ်သေချင်နေတာလား..."


အလွန်မာနကြီးသော အသံတစ်ခုက အမိန့်ပေးသူထံမှ မအောင့်နိုင်မအည်းနိုင် ထွက်ပေါ်လာ၏။ လက်ချောင်းသွယ်သွယ်လေးက လင်း၏ပါးပြင်ကို ပုတ်လိုက်ပြီး အချိုင့်ငယ်‌လေးတစ်ခုဖြစ် ပေါ်လာသည်။

"သုံးနာရီထိုးနေပြီ...မင်းရဲ့ သခင်ကို မင်းဘယ်လုပ်ပေးမလဲ..."


အမျိုးသမီးစစ်သည်များအားလုံးက အံ့အားသင့်စွာ မျက်လုံးပြူးလိုက်ကြသည်။


ဗိုလ်မှူးက အလွန်ချမ်းသာ၏။ သူက လူချမ်းသာမျိုးရိုးဖြစ်ပြီး ချမ်းသာသည့်အတွက် မည်သည့်အမျိုးသားကမှ သူ့ကို ငြင်းမည် မဟုတ်ချေ။


သူက အမျိုးသားများအတွက် အရသာအရှိဆုံး အစားအစာများကို ချက်ပြုတ်ရန် အကောင်းဆုံး စားဖိုမှူးကို ဖိတ်ခေါ်လိမ့်မည်ဆိုသော်လည်း ဤအမျိုးသားက ဗိုက်ဆာနေပြီး ဗိုလ်မှူးကိုယ်တိုင် ပြုလုပ်သော အစားအစာကို စားချင်သည်မှာ သေချာသည်။


အမျိုးသားများက ဖောက်ပြန်ပျက်စီးနေတတ်၏။ အမျိုးသမီးစစ်သည်များက ကောင်းကောင်းမစားရလျှင် ဒေါသထွက်တတ်သည့် အမျိုးသားများစွာကို တွေ့ဖူးကြသည်။ 

ဒီအမျိုးသားက ... သူ ဘယ်လောက်ကြာကြာ ဗိုက်ဆာနေခဲ့တာလဲ...


လင်းလည်း ထိတ်လန့်သွားသည်။

"သခင် မစားရသေးဘူးလား..."


ဆံပင်အနက်ရောင် မျက်လုံးစိမ်းနှင့်အမျိုးသားက ဒေါသတကြီးဖြင့် သူ့မျက်နှာကို ညှစ်လိုက်ပြီး ဆွဲလိုက်၏။

"မင်း...ငါစားပြီးမပြီးတောင် မသိဘူးလား...ဒီအချိန်အတွင်းမှာ မင်းက ရိုကျိုးပြီး နှိမ့်ချတတ်တဲ့ မိန်းမဖြစ်ဖို့ ငါ မင်းကို ကောင်းကောင်း မသင်ပေးခဲ့လို့ ဖြစ်မယ်... အခုတော့ ငါ့ကို ပုန်ကန်ချင်နေတာလား..."


အမျိုးသမီးစစ်သည်များက သူတို့မျက်နှာကို အုပ်ထားရန် မစောင့်နိုင်တော့ပေ။


ဒီအမျိုးသားက ဗိုလ်မှူးရဲ့ ကလေးလို ပြုမူနေတာလား...


ယခင်အချိန်တွင် သူတို့က ဗိုလ်မှူးနှင့် စုန့်ကျန်းရှူးတို့ကြားရှိ လိုက်ဖက်ညီပြီး ကောင်းမွန်သော ဆက်ဆံရေးကို အမြဲမနာလိုဖြစ်ခဲ့ကြ၏။ ၎င်းက ယခုနှစ်ယောက် ဆက်ဆံသလို ချဲ့ကားနေခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုဖြင့်သာ ဆက်ဆံခြင်းဖြစ်၏။ စုန့်ကျန်းရှူးက ဗိုလ်မှူးအတွက် ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့၏။ ထိုအချိန်က ၎င်းတို့ကို အမှန်တကယ်ပင် သေသည်အထိ မနာလိုစေခဲ့သည်။ 


ဒါပေမယ့်…


ဒါပေမယ့် သူတို့က သူတို့သခင်တွေကို သူတို့အပေါ်  ကလေးလေးလို ပြုမူစေချင်တယ်...


ဒီလိုမျိုး ငါ့ရဲ့ ကိုယ်ပိုင် အမျိုးသားအဖြစ် မောက်မာမှု၊ ဆင်ခြင်တုံတရားမဲ့မှု၊ ဆင်ခြင်တုံတရားမဲ့တဲ့ ငါ့ဘ၀ထဲကို ဝင်ချင်စေချင်တာ...သူတို့က အမျိုးသားဇာ့ဂ်တစ်ကောင်ကို သူတို့နှလုံးသားထဲကို ဒီလိုသိမ်းထားချင်တာ...


မဟုတ်ဘူး...မဟုတ်ဘူး...စဉ်းစားလို့မရဘူးလေ...ဒါကအပြစ်တစ်ခုပဲ...


"တောင်းပန်ပါတယ် ဒီနေ့ဒီလောက်ပါပဲ..."

လင်းက လှုပ်ရှားလိုက်၏။

"ဒီည ငါ မင်းတို့ကို ဆက်သွယ်လိုက်မယ်..."


"ဘာလဲ...ညနေက မင်းဘာတွေစဉ်းစားနေသေးလဲ... ငါ သတိပေးမယ်...မင်း ငါ့ကို အရင်ဆုံးဦးစားပေး ထားရမယ်...မဟုတ်ရင် မင်းကို အရသာ..."


လျှပ်တပြက်နှင့်ပင် ဗိုလ်မှူးဘက်ခြမ်းရှိ မျက်နှာပြင်က မည်းမှောင်သွားသည်။


အမျိုးသမီးစစ်သည်များက နားရွက်ကို ထိလိုက်၏။

အရသာတဲ့... ဘာအရသာကိုလဲဟင်...


အမျိုးသမီးစစ်သည်များက နှလုံးသားထဲတွင် မကြုံစဖူး စိတ်လှုပ်ရှားမှုတစ်ခု ပေါ်လာပြီး ထိုစိတ်လှုပ်ရှားမှုက မည်သည့်အရာဆိုသည်ကို သူတို့ မသိခဲ့ကြပေ။ သူတို့သိသည်က လူးလိမ့်ပြီး အော်ဟစ်ငိုယိုချင်နေကြသည်ကိုသာ ဖြစ်၏။


"မင်း သတိထားမိလား..."


အမျိုးသမီးစစ်သည် တစ်ယောက်က ချီတုံချတုံဖြင့် ပြောလိုက်၏။

"ဗိုလ်မှူးက သူ့ဆံပင်ကို အရင်က ဂရုစိုက်ဖူးလား..."


ထိုကဲ့သို့သောကိစ္စမျိုး မရှိခဲ့ဖူးပေ။


တတိယစစ်တပ်၏ ဗိုလ်မှူးလင်းက စည်းကမ်းမလိုက်နာသည့်နေရာတွင် နာမည်ကြီးပြီး သူ့ကုတ်အင်္ကျီကိုပင် သေသေချာချာ မဝတ်ဖူးချေ။ ထိုဆံပင်ရှည်က အလွန်ထူးခြားသောကြောင့် ဇာ့ဂ်အများအပြားက သူ့ကို အတုယူ၍ ဆံပင်ရှည်ထားကြသည်။


ဒါပေမယ့် လင်းက ဆံပင်ဖြတ်ဖို့ ပျင်းလွန်းလို့ ဆံပင်အရှည်ထားတာကို သူတို့အားလုံး သိကြတယ်လေ...


အင်း…


ဒါကို တွေးပြီး ငါ စရင်ခုန်နေမိပြီ…


စိတ်အေးအေးထားပါ...ဇာ့ဂ်စစ်တပ်အမျိုးသမီးက တည်ငြိမ်ရမယ်လေ... 


ရုတ်တရက်ပင် သူ့ဖန်သားပြင်က လင်းလာပြီး သူက မြန်မြန်ပြောလာ၏။

“သုံးရက်အတွင်း ငါ့မင်္ဂလာဆောင်လုပ်မယ်...မင်းတို့ အားရင် လာလို့ရတယ်..."


"လင်း..."


အမျိုးသားက ဒေါသအလွန်ထွက်နေပြီး သူ့အသံက တိမ်ဝင်သွား၏။ ဗိုလ်မှူး၏ မေးစေ့ကို နိုင်ထက်စီးနင်းကိုင်၍ ဗိုလ်မှူးကို ဖန်သားပြင်မှ ဆွဲထုတ်သွားသည်ကို အမျိုးသမီးများက မြင်လိုက်ရ၏။


ရေစီးသံကဲ့သို့ ဒွိဟဖြစ်စေသည့်အသံများ ထွက်ပေါ်လာပြီး အမျိုးသမီးစစ်သည်များက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားလိုက်၏။ ကုလားထိုင်များတွင် ဆူးများပါနေပုံရပြီး သူတို့က မငြိမ်မသက် ဖြစ်နေကြသည်။


တစ်မိနစ်ပြည့်ပြီးနောက် လင်းက ဖန်သားပြင်ပေါ်သို့ ပြန်တက်လာပြီး သူ့နှုတ်ခမ်းများက အနီရောင်တောက်တောက်ဖြစ်ပြီး အေးစက်စွာပြောခဲ့သည်။

"ငါ မင်းတို့ကို နောက်မှ ကိုသြဒိနိတ်တွေ ပေးမယ်..."


မျက်နှာပြင်က ပြန်မည်းသွားသည်။


အမျိုးသမီးစစ်သည်များက သူတို့နှလုံးသားကို ဆုပ်ကိုင်ထားသလို အသက်ရှုမြန်နေကြ၏။


အရမ်း...အရမ်းကို အထက်စီးဆန်တာပဲ...


အရမ်းမောက်မာလွန်းတာပဲ...


သိပ်ရိုင်းတာပဲ...


အရမ်းမနာလိုတာပဲ...


ငါတို့က နောက်သုံးရက်ကြာပြီးရင်လည်း မင်္ဂလာဆောင်ကို သွားရဦးမှာ...



🌌🌌🌌


အဲ့အတွဲက လိုက်လည်းလိုက်ပါတယ်🤣