Chapter 20
Viewers 1k

🌌 Chapter 20



လုမော့က အချိန်မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိဘဲ သူနိုးလာသောအခါ ခေါင်းကွဲလုမတတ် ခေါင်းကိုက်နေသေးသည်။


သူခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး ကမ္ဘာကြီးတစ်ခုလုံး  လည်ပတ်နေသည်ဟု ခံစားရ၏။ သူက ပန်းကန်လုံးတစ်လုံးထဲတွင် လှိမ့်နေသော ဖန်ဘောလုံးကဲ့သို့ ခံစားနေရပြီး လမ်းပျောက်နေ၏။


သုံးစက္ကန့်အတွင်းမှာပင် သူခေါင်းကိုကိုင်၍ ပြန်အိပ်လိုက်၏။


"ငါ ဘာဖြစ်နေတာလဲ..."


[တင်... ဗျူဟာလက်ထောက်က သင့်ကို သတိပေးပါတယ်...သင်ရဲ့ စိတ်စွမ်းအားအဆင့်ကို C အဆင့်သို့ အဆင့်မြှင့်ထားပြီးပါပြီး...ကျေးဇူးပြု၍ ဆက်လက်ကြိုးစားပါ...]


လုမော့က ခဏတာ နှုတ်ဆိတ်နေခဲ့သည်။

"ဒါဆို ငါ အရင်က C အဆင့် မဟုတ်ဘူးလား..."


[မင်းက ချစ်ဖို့ကောင်းတာပဲ...]


ဤအချိန်တွင် စနစ်က အေးစက်စက်အသံအဖြစ်သို့ ပြောင်းလဲသွားသည်။

[မင်းကိုယ်မင်း C အဆင့်ဖြစ်နေပြီဟု ဘယ်သူက ယုံကြည်မှုပေးထားတာလဲ...]


လုမော့: "..."


စနစ်...အသဲနှလုံးမရှိလို့ မင်းကို ငါမုန်းတယ်…


"မဟုတ်ဘူး…" 

သူက ခုခံပြောလိုက်၏။

"ငါ အခု မချိုးဖျက်ခင်က C အဆင့်ရောက်သွားပြီလို့ မင်းရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ..."


[အမှားပြင်ဆင်ချက်...] 

စနစ်က အေးစက်စွာပြောခဲ့သည်။

[မင်းအဆင့်ရဲ့ အပေါ်ပိုင်းကန့်သတ်ချက်ကို အဆင့် C တွင် ဖွင့်ထားပါတယ်...အဆင့် C ရောက်ဖို့ မင်းကိုယ်ပိုင်အားထုတ်မှုတွေကိုလည်း အားကိုးဖို့ လိုအပ်တယ်လေ...]


လုမော့: "ကောင်းပြီလေ..."


[ဟီးဟီး...]


လုမော့က မူးနေပြီဖြစ်သော်လည်း စနစ်၏ မကျေနပ်မှုများနှင့် လှောင်ပြောင်ခြင်းကို ခံစားရပြီး အသက်ပြင်းပြင်းရှူကာ မေးလိုက်သည်။

လေးစားရတဲ့ မစ္စတာစနစ်ရေ...ငါ မင်းကို ဘယ်လို စိတ်ကုန်စေတာလဲ...


[မင်းမှာ မေးစရာ မျက်နှာရှိသေးတယ်နော်...]

စနစ်က မထီမဲ့မြင်ပြုပြောဆိုခဲ့သည်။

[ငါ့ကို အနက်ရောင်အခန်းငယ်လေးထဲ ဘယ်သူပိတ်ခဲ့တာလဲ...အမှောင်ထုကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဘယ်သူက လုပ်တာလဲ...ဇနီးနဲ့ ကလေးကို စွန့်ပစ်ခဲ့တာ ဘယ်သူလဲ...ငါ မင်းနဲ့ အတူရှိနေခဲ့တာ ကြာပြီး...မင်းက ငါ့ကို ငါ့ထက် မကောင်းဘဲ ခုနှစ်ရက်လောက်တောင် မသိသေးတဲ့ အမျိုးသမီးနဲ့ နှိုင်းယှဉ်လို့ မရဘူး...]


လုမော့က သူ့ပါးစပ်ဟလိုက်၏။

"ငါတို့ အတူတူနေလာတာ သုံးနှစ်ပဲရှိသေးတယ်..."


စနစ်က ဒေါသတကြီးဖြင့် ပြောလိုက်၏။

[ ဒါက ငါ့အပေါ် မင်းရဲ့ သဘောထားပဲလား...မင်းရဲ့ အမှိုက်ဆန်မှုတန်ဖိုးကို ငါ နုတ်ယူရမယ်... မင်းငါ့ကို အခုပဲ ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် ငါ မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်မယ်...ဒါက မင်းအပေါ် ငါ့အတွက် လုံးလုံးလျားလျား ကြင်နာမှုပဲ...မင်းက ဒီ့ထက်မက ဖြည့်ဆည်းပေးဖို့ လိုသေးတယ်...]


စနစ်က အမှန်တကယ်ကို မကျေနပ်ပုံရ၏။


လုမော့က ကြောင်တက်တက်ဖြင့် မေးလိုက်၏။

"ဒါဆို အခုက ဘာဖြစ်တာလဲ..."


သူ တကယ်ကို လုံးဝ မမှတ်မိတော့ပေ။ သူ့စိတ်ထဲတွင် အပိုင်းအစများစွာ ဖြတ်သွားပုံရသော်လည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ ၎င်းကို ဆုပ်ကိုင်မထားနိုင်ပေ။ အဖြူရောင် မြူခိုးတစ်ခုသာ ရှိခဲ့သည်။


[မင်းလုပ်ခဲ့တဲ့ ကောင်းတာတွေကို ကြည့်စမ်း...]

စနစ်က ဗီဒီယိုတစ်ခုထုတ်ပြီး လုမော့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ 

[ငါအနက်ရောင်အခန်းကျဉ်းလေးထဲမှာ သော့ခတ်ခံထားရတယ်ဆိုတာ မင်းသိလား...]


လုမော့က ဂရုမစိုက်စွာ ပြန်ဖြေလိုက်၏။

"မင်းရဲ့ အသံနေအသံထားက ငါက မင်းကို ဗိုက်ကြီးသွားစေသလိုပဲ..."


ဗီဒီယိုက ဖြည်းညှင်းစွာ ပေါ်လာသည်။ နှင်းပွင့်ဖန်သားပြင်၏ အပိုင်းတစ်ပိုင်း ကျော်သွားပြီးနောက် လုမော့ သူ့ကိုယ်သူ မြင်လိုက်ရသည်။ ဗီဒီယိုထဲမှ သူက ဒေါသတကြီးဖြင့် အဝတ်လဲခန်းတံခါးကို ဖွင့်ပြီး ပြေးဝင်လိုက်၏။


သူက လင်းကို ထိုင်ခုံ၌ ရက်စက်စွာ ဖိလိုက်သည်။


သူက လင်းကို မောက်မာစွာ နမ်းလိုက်သည်။


သူက လင်း၏ စိတ်စွမ်းအင်ပင်လယ်ကို တွန်းဖွင့်လိုက်သည်။ 


လုမော့က ဖြည်းညှင်းစွာ လှဲအိပ်လိုက်ပြီး သူ့ကိုယ်သူ ဖုံးရန် စောင်ကိုဆွဲယူလိုက်သည်။


သူ့ပါးပြင်မှ ချက်ချင်း အပူတက်လာပြီး ၎င်းက စောင်ကိုပင် လောင်ကျွမ်းလုနီးပါးပင်။ လုမော့က စောင်ကို ဆွဲလိုက်ပြီး မျက်နှာပေါ်ဖိ၍ တိတ်တိတ်လေး အော်လိုက်သည် ။ 


ငါ ဘာတွေလုပ်ခဲ့မိတာလဲ...


အား...........


[မင်းရဲ့အမှားတွေကို မင်းအခုသတိရပြီလား...]

စနစ်က ဒေါသတကြီးပြောလိုက်သည်။

[မင်း...မင်းက ကိုယ်ကျင့်တရား သမာဓိမရှိတဲ့ ပိုင်ရှင်ပဲ...မင်းက အရွယ်မရောက်သေးတဲ့ စနစ်ရှေ့မှာ ဒီလိုအမှုကို အမှန်တကယ် ပြုမူခဲ့တာလေ...မင်းတို့နှစ်ယောက်က သူတို့ရဲ့ ကလေးတွေရဲ့ရှေ့မှာ ဇနီးနဲ့ ခင်ပွန်းပုံစံ လုပ်ပြနေတာလေ...ဖွီး...အရှက်မရှိလိုက်တာ...]


ခင်ပွန်း...ခင်ပွန်းကော ဇနီးရောတဲ့လား...


လုမော့၏ ဦးနှောက်က တုန်လှုပ်နေပြီး ထိုစကားလုံးနှစ်လုံးက ပဲ့တင်ထပ်နေ၏။ သူ့တစ်ကိုယ်လုံးက မှုန်ဝါးပျောက်ကွယ်သွားတော့မည်ဟု ခံစားလိုက်ရသည်။


သူလင်းကို နမ်းလိုက်သည့်အခါ တစ်ဖက်လူက သူ့၏ လှုပ်ရှားမှုများကို ညင်သာစွာ လိုက်လုပ်ပေးပြီး သဘောတကျလုပ်ခွင့်ပေးလိုက်သည်ကို သူ မမေ့နိုင်ဘဲ သတိရမိသည်။


လုမော့က အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

"ငါ...ငါက လူယုတ်မာတစ်ယောက်ပဲ..."


စနစ်: "……"


[အဟမ်း…]

စနစ်က သူ့အမှားကို မြန်မြန်ဝန်ခံရန် မမျှော်လင့်ခဲ့၍အင်တင်တင်ဖြင့် ပြောလိုက်၏။ 

[ကြည့်ရတာ မင်းရဲ့အမှားကို နားလည်သွားပုံရတယ်...နောက်တစ်ကြိမ် ငါ့ရှေ့မှာ ဒီလို သည်းမခံနိုင်တဲ့ လုပ်ရပ်မျိုး မလုပ်မိဖို့ ငါမျှော်လင့်တယ်...]


လုမော့က ခါးခါးသီးသီး ပြောလိုက်၏။

"လင်းက အရမ်းနာကျင်နေပေမယ့် အခု ငါ အရမ်းပျော်နေသလို ခံစားရတယ်...ငါတကယ် လူယုတ်မာတစ်ယောက်ပဲ..."


ဤသည်ကို သူ လေးလေးနက်နက် စဉ်းစားနေပုံ မရပေ။


စနစ်က အေးစက်သောအသံဖြင့် ပြောလိုက်၏။

[အမှိုက်ဆန်မှုတန်ဖိုးကို တစ်ဆယ်နုတ်တယ်...]


လုမော့က အံ့ဩစွာ မေးလိုက်၏။

"ဘာလို့လဲ..."


ထိုအချိန်တွင် အခန်းတံခါးကို ခေါက်သံထွက်လာပြီး လင်း၏ အသံကို ကြားလိုက်ရ၏။

"သခင်....နိုးပြီလား ကျွန်တော် ဝင်လာလို့ရမလား..."


"အထဲဝင်ခဲ့ပါ..."


လင်းက တံခါးကို ညင်သာစွာဖွင့်လိုက်၏။ ‌ဖျော့တော့နေသော အမျိုးသားက မျက်လုံးပင့်၍ သူ့ကို တစ်ချက်ကြည့်ပြီး မောက်မာစွာ ပြော၏။

"ဘယ်လို စည်းမျဥ်းတွေကို နားမလည်တဲ့ ဇာ့ဂ်တစ်ကောင်လဲ...သတိလစ်နေတဲ့ အမျိုးသားကိုတောင် ထားခဲ့ပြီး အပြင်ကို တစ်ယောက်တည်း ပျော်ပျော်ကြီးထွက်သွားတာ..."


လင်းက အေးအေးဆေးဆေး မျက်လွှာချထားလိုက်ပြီး သူ့နှုတ်ခမ်းထောင့်ကို အစွမ်းကုန် ဖိကပ်ထားလိုက်၏။

"သခင်က နားလည်မှုလွဲသွားတာပါ... ကျွန်တော်တစ်ယောက်တည်း အပြင်ကို ပျော်ပျော်ကြီးမသွားခဲ့ပါဘူး..."


လုမော့မျက်ခုံးပင့်လိုက်၏။

 "ဟွန့်..."


လင်းက တိုးတိုးပြော၏။

"အိမ်‌တော်ထိန်းနဲ့ပဲ အပြင်ကို ထွက်သွားတာပါ..."


အမျိုးသားက လေးလေးနက်နက် ခေါင်းညိတ်လိုက်၏။

 â€œá€’ဍဆို အခုဘယ်လိုနေလဲ...”


စနစ်-[……]

သူ့ ပိုင်ရှင်က ဦးနှောက်ကလည်း ကောင်းပုံမရချေ။


လင်းက ကုတင်ဘေးမှာထိုင်ပြီး လုမော့ကို သူကိုင်ထားသော ပန်းကန်ကို ပေးလိုက်၏။

"သခင်...ကျေးဇူးပြုပြီး သုံးဆောင်ပါ..."


လုမော့က သူ့ကို မကျေမနပ် လှမ်းကြည့်သည်။

"အခု ငါ အရမ်း အားနည်းနေတယ်ဆိုတာ မင်း မမြင်ဘူးလား...မင်းက တကယ် အရည်အချင်း မရှိတဲ့ အမျိုးသမီး...အိမ်သူဘုရင်မပဲ...”


"အိမ်သူဘုရင်မ" ဟူသော စကားလုံးကို သူပြောလိုက်ပြီးချိန်တွင် သူက မထိန်းနိုင်ဘဲ တုန်တုန်ယင်ယင်ဖြစ်သွားပြီး သံသယဖြစ်ဖွယ် တိမ်နီနှစ်စင်း သူ့မျက်နှာအနှံ့ လွင့်ပျံလာသည်။


လင်းက အံ့အားသင့်သွားပြီး ဇွန်းကိုယူ၍ ပန်းကန်လုံးထဲရှိ စေးကပ်နေသော အစားအစာများကို မွှေလိုက်သည်။


သူ့လက်ချောင်းများက ဖြူဖွေးသွယ်လျပြီး သပ်ရပ်သော လက်ဆစ်များရှိသည်။ သူဇွန်းကို ကိုင်လိုက်သောအခါ ကျောက်ဇွန်းက သူ၏ လက်သည်းဝိုင်းဝိုင်းများကို ပေါ်လွင်သွားစေသည်။ သူတို့ကို အနုပညာလက်ရာများကဲ့သို့ ဖြစ်စေသည်။


လုမော့က ဘုရင်ကြီးကျိုး၏ ပျော်ရွှင်မှုကို ချက်ချင်း နားလည်သွားသည်။ 

ဒီပျော်ရွှင်မှုကို ဘယ်သူမှ ငြင်းဆန်လို့မရဘူး...


သူ ခေါင်းငုံ့ပြီး လင်း၏လက်မှ တစ်ဇွန်းစာကို စားလိုက်၏။ နူးညံ့၍ စေးကပ်ပြီး ချိုမြိန်သည့် အမွှေးအကြိုင်များက ပါးစပ်ထဲသို့ ပျံ့နှံ့သွားသူ့ကိုပြီး သူ့တစ်ကိုယ်လုံးကို ပြေလျော့စေ၏။


လင်း၏ ပါးစပ်ထောင့်တွင် အပြုံးလေးတစ်ခုပေါ်လာသည်။

"စားလို့ကောင်းလား..."


"အရသာရှိတယ်..." 

လုမော့ သက်ပြင်းချလိုက်သည်။ နောက်အခိုက်အတန့်တွင် သူက လင်း၏ လက်ကို ဆတ်ခနဲ ဖမ်းကိုင်လိုက်၏။ သူက လင်း၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်သည်။

"စုန့်ကျန်းရှူးကိုကော ဒီနည်းအတိုင်း ကျွေးခဲ့တာလား...သူ့ကို စောင့်ကြည့်ပြီး...ချစ်ပြီး... သူ့အတွက် ချက်ပြုတ်ပေးပြီး သူ့ကို ခစားခဲ့တာလား...”


လင်းက ခေါင်းမော့လိုက်ပြီး သူ့အသံက တုန်တုန်ယင်ယင် ဖြစ်နေ၏။

“သခင်...မင်း…”


လုမော့မမြင်နိုင်သောနေရာတွင် သူ၏ မျက်ဆံများက စိတ်လှုပ်ရှားမှုကြောင့် ဆေးထိုးအပ် အရွယ်အစားအထိ လျော့ကျသွားပြီး တုန်လှုပ်မှုက ခြေဖဝါးမှ သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားခဲ့ သည်။


လုမော့က တုန်လှုပ်မှုကို ခံစားခဲ့ရပြီး ၎င်းအခြေအနေအပေါ် အကျိုးရယူရန် မစောင့်နိုင်တော့ချေ။

"မင်းငါ့ကို မခစားချင်ဘူး...မင်းငါ့အနား မနေချင်ဘူး...ဒါပေမယ့် ငါမင်းကို ငါ့အနားမှာ ခစားပြီး ထာဝရနေစေချင်တယ်..."


သူ့စကားအဆုံးတွင် လင်းက သူ့လက်ကို ပြင်းထန်စွာ ဖယ်ထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုများက ပြင်းထန်သော ကျားသစ်တစ်ကောင်လို  မြန်နေပြီး အံ့သြစရာကောင်း လောက်အောင် လျင်မြန်စွာဖြင့် ပြတင်းပေါက်ဆီသို့ ချက်ချင်း ပြေးသွားသည် ။


လုမော့:=口=


ဒါက အဆောက်အဦးပေါ်က ခုန်ဆင်းပြီး ထွက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်လား... အကျိုးသက်ရောက်မှုက တကယ်ကောင်းသွားတာလား...


လင်းက ညာလက်ကို သူ့ခါးပေါ်ရှိ ဓားပေါ်တင်ထားလိုက်ပြီး ဘယ်လက်က လိုက်ကာများကို ဆွဲဖွင့်သည်။

"ဘယ်သူလဲ..."


တစ်ခဏချင်းမှာပင် တောက်ပသော နေရောင်ခြည်က အခန်းကို လွှမ်းခြုံသွား၏။ လုမော့က အလင်းအချို့ကို လက်ဖြင့် ပိတ်ဆို့လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။


မျက်နှာဝိုင်းဝိုင်းတစ်ခုက ပြတင်းပေါက်နှင့် နီးကပ်နေပြီး အနက်ရောင်ဝတ်ရုံက လေထဲတွင် လှုပ်ယမ်းနေသည်။ လုမော့ကို မြင်သောအခါတွင် သူက သူ၏ ငွေရောင်မျက်ဆံများကို ကျဉ်း၍ အံ့ဩစွာ ပြောလိုက်လိုက်။

"ချစ်စွာသော သခင်လုမော့... နိုးပြီလား..."


သူ့လက်ထဲတွင် အဖြူရောင် ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ဆောင်ထားပြီး ၎င်းက လေထဲတွင် ညင်သာစွာ လှုပ်ခါနေကာ နှင်းများ စိုစွတ်နေသေးသည်။


ငါတို့က ပဉ္စမထပ်မှာလေ…


လုမော့က မျက်နှာဖြူဖျော့ဖျော့နှင့် ပြတင်းပေါက်ကို အပြေးအလွှားဖွင့်ပြီး ကလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။


သူက ကလေးကို မြေပြင်ပေါ်ပစ်ချလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်၏။

"မင်းဘာလို့ ထပ်ဝင်လာတာလဲ...ဒီညစ်ပတ်တဲ့ ကောင်ဆိုးလေးတော့...မင်းကို လုံခြုံရေး တပ်မဟာကို ငါလိုက်ပို့တော့မယ်..."


ကလေးက မျက်လုံးကို ပြူးကျယ်စွာဖွင့်လိုက်ပြီး သူ့မျက်လုံးထဲတွင် ကြည်ညိုမှု အလင်းရောင်တစ်ခု ရှိနေသည်။


ဂုဏ်သရေရှိ သခင်လုမော့က တကယ်ကို အံ့သြစရာကောင်းတာပဲ…

သူက ဤနေရာရှိ အမျိုးသားများနှင့် ကွဲပြားသည်။ သူ့လောက် ကျက်သရေရှိသော ယောက်ျားမျိုး မရှိပေ။


ဤကဲ့သို့သော စိတ်ခံစားမှုမျိုးက ကလေး၏ အပြစ်ကင်းစင်သော စိတ်ထဲတွင် ထပ်ခါတလဲလဲ ပုံသွင်းခံခဲ့ရပြီး လုမော့၏ အရပ်မရှည်သောရုပ်သွင်က သူ့မျက်လုံးများတွင် ပို၍ တောက်ပလာသည်။


ကလေးက အမြန်ထပြီး သူ့ဝတ်ရုံကို ဖြန့်လိုက်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

“သခင့်ရဲ့ ခန္ဓာကိုယ်အတွက် ကျွန်တော် အရမ်းစိုးရိမ်လို့ သခင့်အတွက် ကောင်းချီးပန်းကို ခူးခဲ့တယ်...သခင် မကြာခင် ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်...”


သူက ခြေဖဝါးကိုပင့်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ပန်းကို လုမော့၏ ရင်ဘတ်ပေါ်ရှိ အိတ်ကပ်ထဲထည့်ရန် ကြိုးစားနေသည်။


လုမော့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။


ဤအခြေအနေကို ငါ လုံးဝ မခံနိုင်ဘူး…


ကံကောင်းထောက်မစွာပင် လင်းက သူ့ကို အချိန်မီ ကူညီပေးခဲ့ပြီး ကလေးဆီက ပန်းများကို ယူလိုက်၏။

"မင်းရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်..."


ကလေးက ပါးစပ်ဟပြီး လင်းကို ဗြောင်ကျကျ ကြည့်လိုက်သည်။


လင်းက ပန်းကိုကိုင်လိုက်ပြီး သူ့လက်ချောင်းများကို အနည်းငယ် ဖိလိုက်ကာ သူ့မျက်လုံး နီနီများက နက်မှောင်သွားသည်။


လုမော့ကို သူပိုင်သည်။


**** လုမော့ကို သူ့ဆီကနေ လိုချင်တဲ့အရာ မှန်သမျှ...


အလွန်သိမ်မွေ့သော သတ်ပစ်လိုစိတ်မှာ အခန်းထဲတွင် တဖြည်းဖြည်း စုပုံလာပြီး မုန်တိုင်း မတိုက်မီ ငြိမ်သက်ခြင်းကဲ့သို့ စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များ တုန်ခါလာသည်။


ကလေးက လင်းကို ကြည့်ပြီးနောက် လုမော့ကို ကြည့်လိုက်ရာ သူ့မျက်နှာက ရုတ်တရက် နီမြန်းသွား၏။

"မင်း...မင်းက လုမော့ရဲ့ အိမ်သူဘုရင်မပဲ..."


လင်း: "..."


လုမော့က ရုတ်တရက် တံတွေးနှင့် ဆို့နေပြီး သူ့မျက်နှာ နီမြန်းသွားသည်။


အမျိုးသမီး...အိမ်သူဘုရင်မ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်...


ကလေးက သိမ်မွေ့သွားသော လေထုကို သတိမထားမိ‌ဘဲ သူ့မျက်လုံးများက တောက်ပနေသည်။

"ဂုဏ်သရေရှိ သခင်လုမော့ကတော့ မျှော်လင့်ထားသလိုပဲ...သခင့်ရဲ့ အိမ်သူဘုရင်မက ကျွန်တော်မြင်ဖူးသမျှထဲမှာ အစွမ်းထက်ဆုံး စစ်သည်တော်ပဲ...သခင် အမျိုးအနွယ်တွေ အများကြီး ပွားများလာမှာ သေချာတယ်...နွေဦးပေါက်မှာ ပထမဆုံး နေရောင်ခြည်က သခင့်ကို ကောင်းချီး ပေးပါစေ..."


သခင်လုမော့က အကြီးမြတ်ဆုံး အမျိုးသားဇာ့ဂ်ဖြစ်ရမည်ဟု သူထပ်မံအတည်ပြုခဲ့သည်။


"မင်းက မဆင်မခြင်တတ်တဲ့ အကျင့်ကောင်း ရှိသေးပေမယ့် မင်းမှာ အမူအကျင့်ကောင်း ရှိတာပဲ..."

ဆံပင်အနက်ရောင်၊ မျက်စိမ်းစိမ်း အမျိုးသားက မေးစေ့ကို မြှောက်ကာ ဂုဏ်ယူစွာ ပြောသည်။

"မင်းကို ငါ့ဧည့်သည် အဖြစ် အသိအမှတ်ပြုဖို့ မလိုလားပေမယ့်...ငါ့မိသားစုဂုဏ်သိက္ခာကို မစော်ကားသရွေ့ မင်းကို လေးစားမှုပြသင့်တယ်လေ... "


သူ ခဏလောက်စဉ်းစားပြီး ပြောလိုက်၏။

“ကျေးဇူးပြုပြီး ဒီနေ့တစ်ရက်တော့ ငါ့အိမ်မှာ အနားယူပါ...” 


ကလေးက ထိတ်လန့်နေပုံရပြီး လေးလေးစားစား ပြန်ပြောသည်။

“ယဉ်ကျေးနေတာထက် နာခံလိုက်တာက ပိုကောင်းပါတယ်..."


လုမော့က သူ့ကျောကို သူ့လက်ဖြင့် ထိလိုသော်လည်း မရပေ။


သူနိုးလာကတည်းက သူ့မြီးညှောင့်ရိုးယားယံနေပြီး တစ်ခုခုက ရွေ့လျားကာ ထိုးဖောက်ထွက်ချင်သလို ခံစားနေရ၏။


သူက စနစ်ကို တီစခေါက်လိုက်သည်။

ငါ အပူတွေ တအားကြီးနေလား...


စနစ်- [မင်းအမြီးရှည်လာတော့မယ်ထင်တယ်...]


လုမော့: ငါက မျောက်လား...


စနစ်က လှောင်ပြောင်လိုက်၏။


လုမော့က ဒေါသတကြီးဖြင့် သူ့နောက်ကျောကို ကုတ်လိုက်ရာ လင်းက သူ့လက်ကို ညှစ်လိုက်ပြီး လေသံတိုးတိုးဖြင့် ကပ်ပြော၏။

"အတင်းအကျပ် အားမသုံးပါနဲ့...ခြစ်မိလိမ့်မယ်..."


လင်း၏ လက်ဖဝါးများက နွေးထွေး၏။ လုမော့က လျှပ်စစ်ရှော့ခ်ရသွားသကဲ့သို့ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်ပြီး အသံတိုးတိုးဖြင့် မှတ်ချက်ပြု၏။

"ဒီစည်းကမ်းမရှိဘဲ စျေးပေါတဲ့ဇာ့ဂ်က တကယ်ကို ပိုညစ်ပတ်ပြီး ကောက်ကျစ်လာပြီ..."


သို့သော်လည်း သူ့စိတ်ထဲတွင် ငိုနေခဲ့၏။


ငါက မိုက်မဲပြီး ယုတ်မာတဲ့သူပါ…


လင်းက သူ့ကို ထိလိုက်သည်နှင့် သူက လင်းကို နမ်းလိုက်သည်ကို တွေးမိသွား၏။


လင်း၏ နှုတ်ခမ်းများက နူးညံ့၍ နွေးထွေးပြီး သွေးငွေ့များ စိမ့်ထွက်နေခဲ့သည်။ သူက လုမော့လုပ်ချင်သမျှကို နာခံမှုဖြင့် လုပ်ခွင့်ပေးလိုက်သေး၏။


လုမော့ သက်ပြင်းချရင်း သူ့မြီးညှောင့်ရိုးက ပိုပိုပြီး ယားယံလာသည်ဟု ထင်လိုက်သည်။



🌌🌌🌌