Chapter 19
Viewers 1k

🌌 Chapter 19



"မင်းက အရမ်းအချိန်ဖြုန်းတာပဲ...မင်း ငါ့ကို ဘယ်လောက်ကြာအောင် စောင့်စေချင်တာလဲ..."


တန်ဖိုးကြီးအဝတ်အထည်ဆိုင်များ၏ အဝတ်လဲခန်းအဝင်ဝတွင် ပုံမှန်အားဖြင့် သန်မာသော အစောင့်အမျိုးသမီးနှစ်ဦးရှိ၏။ သူတို့က သန်မာရုံသာမက အမြင်အာရုံလည်း အလွန်ကောင်းကြသည်။ လုမော့က လင်းကို စတိုးဆိုင်ထဲကို ခေါ်လာချိန်တွင် အမျိုးသမီးနှစ်ဦးက သူတို့ ဆက်ဆံရေးကို သတိပြုမိ၏။


ထို့ကြောင့် အမျိုးသမီးက အတွင်းခန်းတွင် အဝတ်အစားလဲနေချိန်တွင် အမျိုးသားက ကျူးကျော်လာတတ်သည်မှာ ပုံမှန်သဘာဝပင်။ 


လုမော့က စိတ်မရှည်စွာဖြင့် တံခါးကို ဖွင့်လိုက်၏။ 

"မင်းငါ့ကို ဘယ်အချိန်ထိစောင့်စေချင်တာလဲ..."


သူ့စကားများက လည်ပင်းတွင် တစ်သွားပြီ ခက်ခက်ခဲခဲမျိုချလိုက်ရသည်။


လုမော့က လင်းကို ချောမောလှပကြောင်း အမြဲသိသော်လည်း သူက ဤမျှလောက်လှနိုင်သည်ကို သူ မသိပေ။


လင်း၏ ငွေရောင်ဆံပင်က ရှည်လျားပြီး ထူထဲ၏။ ထို့ကြောင့် သူက ၎င်းကို အလုပ်မရှုပ်စေရန် အမြဲစည်းထားလေ့ရှိပြီး အများအားဖြင့် ခေါင်းနောက်တွင် ခေါင်းစည်းကြိုးဖြင့် ချည်ထားလေ့ ရှိသည်။ ယခုတွင်မူ တူညီသော ငွေရောင်ဆံပင်ရှည်များကို ဂရုတစိုက်ဖီးထားပြီး ပါးလွှာသော ကျစ်ဆံမြီးများအဖြစ် ပြုလုပ်ထား၏။ ကျစ်ဆံမြီးတစ်ခုချင်းစီတွင် ခိုသွေးကျောက်မျက်ရတနာ အစစ်များဖြင့် ချည်နှောင်ထားပြီး ၎င်းကျောက်များက ဆံပင်ရှည်များနှင့် အံဩဖွယ်ကောင်းစွာ ရောယှက်လိုက်ဖက်နေ၏။ 


သူက သန့်စင်သော အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ဤဝတ်စုံက သာမန်မင်္ဂလာဝတ်စုံများနှင့် ကွဲပြား၏။ ၎င်းက စစ်ပွဲအခမ်းအနားဝတ်စုံနှင့် ပိုတူသည်။


ရွှေပိုးသားဖြင့် ပြုလုပ်ထားသော ဖဲကြိုးကို သူ့ပခုံးမှ ခါးအထိ ချထားပြီး တောင့်တင်းသော အထည်စက လင်း၏ သန့်ရှင်းပြီး လှပသောခါးကို ပေါ်လွင်စေသည်။


သူက လက်အိတ်အဖြူဝတ်ထားပြီး အဖိုးတန်ကျောက်မျက်ရတနာများနှင့် ငွေချည်ချိတ်ဆွဲ ထားသည့် စစ်ဦးထုပ်ကို ကောက်ကိုင်ထားသော်လည်း ၎င်းကို ဝတ်ဆင်ရန် အလျင်စလို မလုပ်ခဲ့ပေ။


"သခင်..."


"အဟမ်း..." 

လုမော့က တံခါးကို ညင်သာစွာပိတ်ပြီး ပြီတီတီမျက်နှာဖြင့် ပြော၏။

"ကြည့်ရတာတော့ အဆင်ပြေပါတယ်..."


အရမ်းခန့်တာပဲ... အရမ်းမိုက်တယ်ဟ...


သူက လင်းကို လေးလေးနက်နက် ကြည့်ပြီး စိတ်တိုနေဟန်ဖြင့် ပြောလိုက်၏။

 "မင်းလို ဈေးပေါတဲ့ဇာ့ဂ်က ဒီလို အဝတ်အစားကောင်းကောင်းနဲ့ တကယ်လိုက်ဖက်တာပဲ..."


ငါတောင်းပန်ပါတယ်...ဒီဝတ်စုံက မင်းနဲ့တောင် မတန်ဘူး...


အဆုံး၌ လုမော့၏ ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာသည်။

"ငါနဲ့ဆို တန်တယ်ဆိုရုံလေးပဲ..." 


ငါက ဒီလိုအမှိုက်တစ်စဖြစ်ပြီး မင်းနဲ့ မထိုက်တန်တဲ့အတွက် တောင်းပန်ပါတယ်... ငါတကယ် တောင်းပန်ပါတယ်...


လင်းက သူ့ခေါင်းကို သဘာဝမဆန်စွာ အဝေးလှည့်လိုက်ပြီး လုမော့မမြင်နိုင်သောဘက်ခြမ်းတွင် အပြုံးသေးသေးလေး ပြုံးလိုက်၏။


သူ့စိုးရိမ်မှုများကို သူ မငြင်းနိုင်ပေ။ အမျိုးသားက အခန်းထဲဝင်လာချိန်တွင် သူက ဤသို့ ဝတ်ဆင်ထားသည့်အတွက် ပြတင်းပေါက်မှ အဝေးက်ိုထွက်ပြေးရန် တွေးမိသေး၏။


သို့သော် အခြားသိမ်မွေ့သော စိတ်ခံစားမှုကြောင့် သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။


သူ့အမျိုးသား၏ အမိန့်ကို နာခံရမည်ဆိုသည်မှာ အမျိုးသမီးများ၏ သဘောသဘာဝဟု သူ့ကိုယ်သူ ပြောပြနေ၏။


- အလိမ်အညာတွေပဲ...


ငါက ဘယ်တုန်းက သာမန်အမျိုးသမီးဖြစ်ခဲ့လို့လဲ...


အမျိုးသားက တံခါးကိုဖွင့်လိုက်ချိန်တွင် လင်းက သူ့မျက်နှာအနှံ့ ဖြတ်ပြေးသွားသော အလင်းတစ်စကို ရှင်းရှင်းလင်းလင်း ဖမ်းမိသွား၏။ အမျိုးသားက သူ၏ မှတ်ချက်များအကြောင်း အဆင်မပြေစွာ ပြောနေချိန်တွင် လင်းက လုမော့၏ အလင်းပြန်နေသော မျက်လုံးများထဲတွင် သူလိုချင်သောအရာကို ရှာဖွေတွေ့ရှိခဲ့သည်။


သူက လုမော့ကို သူ့ကိုကြည့်စေချင်သည်။ သူ တစ်ယောက်တည်းကိုသာ ကြည့်စေချင်သည်။


အတိတ်က သူ့ကို ငြီးငွေ့စေသော ဤမျက်နှာက အမြဲတမ်း အာရုံစူးစိုက်မှုကို ဆွဲဆောင်ပြီး မရေတွက်နိုင်သော အန္တရာယ်များကို သယ်ဆောင်လာခဲ့သည်။ လင်းက ကံကောင်းသော နေ့တစ်နေ့ကို ပိုင်ဆိုင်လိမ့်မည်ဟု မည်သည့်အခါမှ မထင်ခဲ့ပေ။


လုမော့ ဂရုတစိုက်ရှိစေရန် နောက်ဆုံးတွင် သူက အလျှော့အတင်းလုပ်သည့် တိုကင်ပြားတစ်ခုကို ရှာတွေ့ခဲ့သည်။


လင်းက မျက်လွှာချလိုက်၏။ မျက်လုံးများက  နက်မှောင်၍ မှုန်မှိုင်းနေပြီး အလွန်အန္တရာယ်များ၏။


၎င်းကို ပေါ့ပေါ့တန်တန်ဟုထင်ရသော်လည်း စိတ်ရှည်လက်ရှည် စိုက်ပျိုးပြီး ဂရုတစိုက် ရေလောင်းနေသမျှ ကာလပတ်လုံး ထူထပ်သော ပိုက်ကွန်က ကြီးထွားလာပြီး အမျိုးသားများလည်း ပိုက်ထဲတွင် ခိုင်မြဲစွာ ပိတ်မိနေလိမ့်မည်။


-------


အမျိုးသမီးဇာ့ဂ်က သူ့မျက်နှာကိုလှည့်လိုက်၏။ သူက ဖြူဖွေးသော လည်ပင်းကို ပေါ်လွင်စေပြီး ပျော့ပျောင်းသော ခံစားမှု အနည်းငယ်ကို ပြသလိုက်သည်။


လုမော့က သူ့မေးစေ့ကို တင်းတင်းကျပ်ကျပ် ညှစ်ထားပြီး ခေါင်းကို ငုံ့ခိုင်း၍ မျက်နှာချင်းဆိုင် ကြည့်လိုက်၏။


လုမော့က လင်း၏ နှုတ်ခမ်းများကို လက်ချောင်းများဖြင့် ပွတ်သပ်၍ နှုတ်ခမ်းဖျော့ဖျော့များအား နီမြန်းလာစေပြီး အသံတိုးတိုးဖြင့် မေးလိုက်၏။ 

“စုန့်ကျန်းရှူး...သူ မင်းကို ဒီလိုထိ‌သေးလား...”


လင်း၏ မျက်တောင်များက အနည်းငယ် တုန်ခါသွားသည်။

"မထိဘူး..."


"ငါတော့ မယုံဘူး..." 

လုမော့က ရက်စက်စွာ ပြောလိုက်၏။

"မင်း သူ့ကို ဒီလောက်ကြိုက်နေတာ... သူ့ကို နေရာတကာ ထိခွင့်ပေးထားတာလို့ ငါထင်တယ်...မဟုတ်ဘူးလား..."


"ဒီနေရာ...ဒီနေရာနဲ့...ဒီနေရာတွေမှာ..."


လုမော့၏ လက်ချောင်းများက လင်းနှုတ်ခမ်းအောက်သို့ တောက်လျှောက်ဆင်းသွားပြီး အနည်းငယ်တုန်လှုပ်နေသော လည်စလုတ်နှင့် နူးညံ့သိမ်မွေ့သောညှပ်ရိုးကို ခြေရာခံ၍ နောက်ဆုံး လင်း၏ရင်ဘတ်ပေါ်တွင် ရပ်တန့်သွားသည်။ လုမော့၏ အမူအရာက အဆိပ်ပြင်းမြွေတစ်ကောင်သဖွယ် အေးစက်နေပြီး သူ့အသံကလည်း အေးစက်နေ၏။

"ဒီနေရာမှာ ဘယ်သူရှိနေလဲ...စုန့်ကျန်းရှူးလား..." 


"လင်း...ငါအရမ်း...အရမ်းကို မနာလိုဖြစ်တာပဲ..."


သူ့လက်ချောင်းများအောက်ရှိ ရင်ဘတ်က တုန်ခါသွားသည်။ လုမော့က ထိုကဲ့သို့ သိသာထင်ရှားသော တုံ့ပြန်မှုကို လွယ်လွယ် အလွတ်မပေးချေ။ သူက ခေါင်းညိတ်၍ မေးလိုက်၏။

"ငါမှန်လား...ဘယ်လိုတောင် ဆိုးသွမ်းတဲ့မိန်းမလဲ...ဆိုးသွမ်းတဲ့မိန်းမက နည်းနည်းတော့ ပြစ်ဒဏ်ပေးခံရမယ်..."


နောက်ခဏအကြာတွင် သူက သတိလက်လွတ်ဖြစ်နေသော အမျိုးသမီးကို ပြင်းထန်စွာတွန်းထုတ်ခဲ့ပြီး သူ့နောက်ဘက်ရှိ ကုလားထိုင်ပေါ်သို့ တည့်တည့်ပြုတ်ကျလိုက်စေ၏။ အမျိုးသားက သူ့မျက်နှာကို အားဖြင့်မော့စေပြီး သူ့အပေါ်မှ  ဖိချလိုက်သည်။


"အင်း…"


မိုးနံ့နှင့် သွေးနံ့တို့က ရောယှက်သွား၏။ လုမော့၏ လက်ငါးချောင်းက လင်း၏ကျစ်ထားသော ဆံပင်ရှည်များကို ဖြတ်ကျော်သွားကာ သူ့ကို ထွက်သွားခြင်းမှ တားဆီးလိုက်သည်။


အရမ်း သက်တောင့်သက်သာရှိလိုက်တာ…


လှပသော လင်းက ခုခံနိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီး လုမော့၏ လှုပ်ရှားမှုများကို နာခံမှုရှိရှိ ပါးစပ်ဟ၍ လုမော့အား စိတ်ကြိုက်ပြုခွင့်ပေးလိုက်၏။


လုမော့က လင်း၏နှုတ်ခမ်းများ အလွန်နူးညံ့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူ့ လျှာဖျားက တုန်တုန်ယင်ယင်ဖြင့် လင်းကို ထိလိုက်ပြီး စတင်လိုက်၏။ သူ၏ နူးညံ့သော ပါးပြင်များက ကျိုးပဲ့လွယ်သော ကျောက်စိမ်းနွေးကဲ့သို့ အနည်းငယ် ပူလာသည်။


သူ့အပြုအမူကို စိတ်ထဲကနေ ရှုံ့ချနေသော်လည်း လုမော့က ဤအပြုအမူနှင့် ပတ်သက်ပြီး သူ့ကိုယ်ကို မရပ်တန့်နိုင်ချေ။


နောက်ဆုံးတွင် သူ၏ သုံးဘက်မြင်အာရုံက ပြိုလဲသွားခဲ့သည်။


တစ်မိနစ်အကြာတွင် နှစ်ယောက်သား လူချင်းခွဲခွာလိုက်ကြ၏။ လုမော့က ခေါင်းလှည့်၍ ချောင်းဆိုးလိုက်သည်။


သူတစ်စုံတစ်ယောက်ကိုနမ်းဖူးသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်၏။


လင်းက ကုလားထိုင်ပေါ် မှီပြီး သူ့ရင်ဘတ်က တက်လိုက် ကျလိုက်ဖြင့် နှလုံးခုန်မြန်နေ၏။  အနည်းငယ် ရှုပ်ပွနေသော ဆံပင်ရှည်များက သူ့မျက်နှာကို ဖုံးကွယ်ထား၍ သူ့အမူအရာကို ဖတ်မရပေ။


လုမော့က သူ့ပါးစပ်ထောင့်ရှိ ငွေရောင်သွားရည်များကို လက်ဖြင့် သုတ်လိုက်ပြီး လင်း၏ ကော်လံကို ကိုင်လိုက်ကာ ခြိမ်းခြောက်လိုက်၏။

"စိတ်စွမ်းအင်ပင်လယ်ကို ဖွင့်လိုက်..."


လင်း၏ မျက်နှာပေါ်ရှိ သွေးများက တခဏချင်း မှိန်ဖျော့သွားပြီး သူ့လက်ချောင်းများပင် တောင့်တင်းလာသည်။


"မြန်မြန်လုပ်..."


လင်းက လုမော့ကို မသိစိတ်ဖြင့် ကြည့်လိုက်ပြီး သူ၏ နီရဲနေသော မျက်လုံးများက ရှုပ်ထွေးမှုနှင့် ကူကယ်ရာမဲ့မှုများ ပြည့်နှက်နေသည်။ ၎င်းတို့တွင် သူကိုယ်တိုင်ပင် သတိမပြုမိသော ကြောက်ရွံ့မှုများ ရှိနေသည်။


သို့သော် သူက လုမော့၏ မျက်နှာတွင် ကြင်နာမှုတစ်စုံတစ်ရာ မတွေ့ရချေ။ ထိုအစား သူက အေးစက်စွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။

"မင်း ငါပြောတာ မကြားဘူးလား..." 


လင်း၏ မျက်နှာက နှင်းလူသားကဲ့သို့ ဖြူဖွေးသွား၏။ နောက်ဆုံးတွင် သူ၏ ခွန်အားများ ဆုံးရှုံးသွားပြီး လက်လျှော့၍ တုန်လှုပ်စွာဖြင့် စိတ်စွမ်းအင်ပင်လယ်ကို ဖွင့်လိုက်သည်။


လုမော့က အသက်ပြင်းပြင်းရှူပြီး လင်း၏ စိတ်စွမ်းအင်ပင်လယ်ထဲသို့ ငုပ်လျှိုးရန် သူ့စိတ်စွမ်းအားကို ဆန့်ထုတ်လိုက်သည်။


ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ချေ၊ သူက အမျိုးသမီးများစွာတို့၏ စိတ်စွမ်းအင်ပင်လယ်ထဲသို့ ဝင်ရောက်ခဲ့ဖူးသော်လည်း လင်းကဲ့သို့ ကြမ်းတမ်းသော အမျိုးသမီး၏ စိတ်စွမ်းအင်ပင်လယ်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။


သာဓကတစ်ခုကိုသုံးရမည်ဆိုရင် သူက ရေအိုင်ငယ်တစ်ခုတွင် မှောက်ရမည့်အန္တရာယ်ရှိသော လှေတစ်စင်းနှင့်တူသော်လည်း ယခုကျယ်ပြန့်နက်နဲသောပင်လယ်ကြီးပေါ်တွင် သူက ကြီးမားသောလှိုင်းလုံးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


အနက်ရောင် တိမ်တိုက်များနှင့် မြူခိုးများက တဟုန်းဟုန်း တောက်လောင်နေ၏။ မည်သည့်နေရာက ကောင်းကင်၊ မည်သည့်နေရာက ပင်လယ်ဆိုသည်မှာ မပြောနိုင်ချေ။ ပရမ်းပတာနှင့် ဒေါသ၊ ဟိန်းဟောက်ခြင်း၊ တဟုန်းဟုန်း တောက်လောင်ခြင်းသာ ရှိ၏။


လုမော့ "..."


ငါ လင်းကို စိတ်ပိုင်းဆိုင်ရာထရော်မာတွေ ဘယ်လောက်တောင် ပေးခဲ့တာလဲ...


လင်းက သူ့ကိုသတ်တာကို ခံနိုင်ရည်ရှိပါ့မလား...


သူက စစ်တပ်ရဲ့ ဗိုလ်မှူးဖြစ်ထိုက်ပါတယ်...


လုမော့က အဓိကအချက်ကို အာရုံထားလိုက်ပြီး လှိုင်းလုံးကြီးထဲ ပြေးဝင်သွား၏။


ဤကြီးမားလှသော လှိုင်းလုံးကြီးကြောင့် သူ့ကို တစ်စစီ ဆုတ်ဖြဲခံရခြင်းမှ ကင်းဝေးစေရန် သူအစွမ်းကုန် ကြိုးစားရမည်။


သူယခင်ကလုပ်ခဲ့သလိုပင် ဟိန်းဟောက်နေသော လှိုင်းလုံးကြီးများ၏ အားအနည်းဆုံးနေရာကို ရှာရမည်ဖြစ်ပြီး ၎င်းကို မုန်တိုင်းအားလုံးကို ချေမှုန်းရန် ဖြတ်ကျော်သည့်အချက်အဖြစ် အသုံးပြုရမည်ဖြစ်သည်။


သို့သော် ၎င်းက လွယ်ကူသယောင်ထင်ရသော်လည်း အလွန်ခက်ခဲပြီး လုမော့ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ရန်က အရမ်းခက်ခဲ၏။


[စိတ်စွမ်းအင်သုံးစွဲမှုက ၅၀ ရာခိုင်နှုန်း ရောက်နေပါပြီ...]


လုမော့က စနစ်၏ အသံကို လျစ်လျူရှုခဲ့သည်။


[သတိပေးချက်...စိတ်စွမ်းအင်အသုံးပြုမှုက ၈၀ ရာခိုင်နှုန်းကို ရောက်နေပါပြီး...]


သူက လာနေသော လှိုင်းများကို ရှောင်တိမ်းရင်း ဝိုင်းဝန်းတိုက်ခိုက်မှုမှ ကပ်သီးလေး လွတ်မြောက်ပြီး ၎င်းက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာပုံရသည်။ သို့သော် တစ်ချိန်တည်းတွင် သူ၏ စိတ်စွမ်းအားက လျင်မြန်စွာ ကုန်ဆုံးသွားသည်။


[သတိပေးချက်...စိတ်စွမ်းအင်အသုံးပြုမှုက ၉၀ ရာခိုင်နှုန်းကို ရောက်နေပါပြီ...]


လုမော့က အသက်ပြင်းပြင်းရှူရင်း သူ၏ လက်ရှိ C အဆင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအားက မလုံလောက်ကြောင်း သတိပြုမိသည်။ သို့သော် သူက လက်လျှော့လိုစိတ်မရှိဘဲ ချိုးဖြတ်နိုင်သည့် နည်းလမ်းတစ်ခုကို ဖျတ်ခနဲ တွေ့လိုက်ရသည်။


တစ်ခဏအတွင်းမှာပင် သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။


[အလယ်အလတ် စိတ်စွမ်းအား ပြန်လည်ထူထောင်ရေး ပစ္စည်းကို အသုံးပြုပြီး စိတ်စွမ်းအားကို ၁၀ ရာခိုင်နှုန်း ပြန်လည်အစားထိုးရန် ဆုံးဖြတ်လိုက်တယ်...]


ဖြည့်ပေးလိုက်သော စိတ်စွမ်းအားအနည်းငယ်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ လုမော့က မျက်နှာကို မပြောင်းလဲဘဲ ဆေးပုလင်းကို တစ်လုံးပြီးတစ်လုံး အသုံးပြုခဲ့သည်။ စိတ်စွမ်းအားက ကုန်သွားလိုက် ပြန်ဖြည့်ခံရလိုက် ထပ်တလဲလဲ ဖြစ်နေ၏။


[အလယ်အလတ် စိတ်စွမ်းအား ပြန်လည်ရယူသည့် ပစ္စည်းကို အသုံးပြုလိုက်ပါပြီ...]


[သတိပေးချက်၊ စိတ်စွမ်းအားက လျင်လျင်မြန်မြန် ကုန်ဆုံးသွားပါပြီ...]


ထပ်ခါတလဲလဲဖြစ်စဉ်တွင် လုမော့၏ မျက်နှာအရောင်က ပိုဆိုးသထက် ပိုဆိုးလာသော်လည်း အောင်ပွဲချိန်ခွင်လျှာက သူ့ဆီ စောင်းသွား၏။


နောက်ဆုံးတွင် အောင်မြင်မှုကို တွေ့ရှိခဲ့၏။


သူက အသက်တစ်ချက်ရှိုက်သည့်ခဏအတွင်း ပြန်လည်သိုလှောင်ရေးပုလင်းဆယ်လုံးကို အသုံးပြုပြီး သူ၏ စိတ်စွမ်းအားက ချက်ချင်းပင် ပြည့်လုမတတ် အခြေအနေသို့ တိုးလာသည်။


လုမော့၏ စိတ်စွမ်းအားက အလွန်ခိုင်မာသော လှံတစ်ချောင်းကဲ့သို့ဖြစ်ပြီး ၎င်းက ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံလုနီးပါးဖြစ်လုနီးပါး ပြင်းထန်သော လှိုင်းလုံးကြီးပေါ်တွင် ရှိနေ၏။ သူက ၎င်းကို အရှိန်ပြင်းပြင်းဖြင့် ပစ်ချလိုက်သည်။


ထိုတည်ငြိမ်စေသော ပစ္စည်းက ပင်လယ်ထဲသို့ ထိုးကျသွားသည်နှင့်အမျှ ပင်လယ်က တည်ငြိမ်သွားပြီး မြစ်ရေကလည်း ကြည်လင်သွား၏၊ ဟိန်းဟောက်သော လှိုင်းလုံးများကလည်း တိတ်တဆိတ် ပျောက်ကွယ်သွားသည်။ ကောင်းကင်ကြီးက ကြည်လင်ပြတ်သားပြီး အရာ အားလုံးက နဂိုငြိမ်သက်မှုသို့ ပြန်သွားခဲ့သည်။


လုမော့က ချွေးစေးများဖြင့် လဲကျသွားပြီး လင်း၏ ပခုံးပေါ်တွင် အားနည်းစွာ လှဲလျောင်းနေသည်။


သူက အနည်းငယ်တုန်လှုပ်နေသော လက်ချောင်းများကို ဆန့်ထုတ်၍ လင်း၏ ကော်လံကိုကိုင်ပြီး ပြင်းပြင်ထန်ထန် ပြောလိုက်၏။

"မင်းရဲ့ စိတ်စွမ်းအင်ပင်လယ်က ငါ့ကြောင့် ညစ်ညမ်းသွားပြီ...မင်းရဲ့ နှလုံးသား အနေအထားက မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ ငါ့အတွက်ပဲ ဖြစ်လာလိမ့်မယ်…" 


နောက်ဆုံးတွင် သူ ဆက်မထိန်းနိုင်တော့ဘဲ မေ့လဲသွား၏။


မေ့မြောမသွားမီ သူနှင့် စနစ်က စိတ်တွင်း၌ လက်ချင်းရိုက်လိုက်ကြ၏။ 


[တော်တယ်...]


[ပိုင်ရှင်...တော်လိုက်တာ...လင်းရဲ့ နာကျင်မှု အညွှန်းကိန်းက ဒီတစ်ကြိမ်မှာ မြင့်တက်လာပြီး မင်းအတွက် အမှိုက်ဆန်မှုတန်ဖိုး တစ်ထောင်ထပ်တိုးခဲ့တယ်...]


[ရက်စ်...]


လင်းက တစ်ခါသေသွားသလို ခံစားလိုက်ရသည်။


စိတ်စွမ်းအင်ပင်လယ်ကို ဖွင့်ခြင်းက အခြားအမျိုးသမီးများအတွက် ဘာမှမဖြစ်နိုင်ချေ။ သူတို့က အမျိုးသားတစ်ဦးအတွက် စိတ်စွမ်းအင်ပင်လယ်ကိုဖွင့်ပြီး ၎င်းတို့ကို ပေါင်းစပ်ခြင်းက ပျော်စရာအရာတစ်ခုဖြစ်၏။ 


သို့သော် လင်းအတွက် ဤအရာက အနာကျင်ဆုံး မှတ်ဉာဏ်ဖြစ်သည်။


အငမ်းမရဝါးမျိုခံရသော်လည်း အစွမ်းမရှိဖြစ်နေပြီး သတ်ဖြတ်လိုသော်လည်း ခံနိုင်ရည်မရှိချေ။ သူက သိသာထင်ရှားစွာ အသက်ရှင်နေသေးသော်လည်း သူ့ကို တစ်ကိုက်တည်းဖြင့် အစားခံလိုက် ရသည်နှင့်တူ၏။  


လင်းက သူ့ရင်ခွင်အတွင်းမှ သတိမေ့မြောသွားသော အမျိုးသားကို ပွေ့ဖက်လိုက်သည်။


သူ၏ စိတ်စွမ်းအင်ပင်လယ်က ငြိမ်သက်သွားသော်လည်း သူ့မျက်လုံးများက စိတ်အားထက်သန်မှုကို ပိုမိုထင်ရှားစေသည်။


ဤအမျိုးသားက သူ့အတွက်ဖြစ်ပြီး မည်သူကမှ သူ့ကို မထိနိုင်ချေ။


တကယ်လို့ တစ်စုံတစ်ယောက်က သူ့ကို လောဘကြီးဝံ့ရင်... 


လင်းက လုမော့၏ ပါးပြင်ကို သူ့မျက်နှာနှင့် ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။ လုမော့က မေ့မြောသွားသည့်တိုင် မျက်မှောင်ကြုတ်၍ ညည်းညူလိုက်သည်။

"ယားတယ်ဆိုနေ…"


"လုမော့...မင်းက ငါ့အပိုင်ပဲ..."



🌌🌌🌌