🌌Chapter 18
ဆိုရိုးစကားများအရ ခမ်းနားကြီးကျယ်သော အိမ်များနှင့် လှပတင့်တယ်သော အမျိုးသမီးများက စာအုပ်များတွင်သာ ရှိ၏။
အစီအစဉ်တစ်ခုချပြီးသော်လည်း လုမော့က ၎င်းကို အကောင်ထည်ဖော်ရန် မကျွမ်းကျင်သေးပေ။
ယနေ့မနက်က ပထမဆုံး ကျဆုံးမှုတစ်ခုဖြစ်၏။
အခြားမည်သူမျှမသိသော်လည်း လူတစ်ဦးနှင့် စနစ်တစ်ခုက အချိန်အတော်ကြာ ၎င်းကို တွေးခဲ့၏။
သို့ရာတွင် ၎င်းတို့အနက်မှ တစ်ခုက အနီရောင်အလံအောက်တွင် ပေါက်နေသော အမိမြေ၏ ပန်းတစ်ပွင့်ဖြစ်ပြီး အခြားတစ်သူတစ်ဦးမှာ ဘဝများစွာကို မြင်ခဲ့ဖူးသူဖြစ်သော်လည်း ရက်စက်ကြမ်းကြုတ်နေသေး၏။
စနစ်က နူးညံ့ပြီး ချစ်ဖွယ်ကောင်းသော ကလေးအသံဖြင့် ပြောလိုက်၏။
[ဒါဆို လင်းကို ဒီလိုမျိုး...ဟိုလိုမျိုး...ဆက်ဆံပြီးမှ ဒီနည်းလမ်းနဲ့...နောက်ဆုံး ဒါနဲ့ ဒါကို လုပ်ရင်ကော...မင်းဘယ်လိုထင်လဲ...]
လုမော့က ခြေချောင်းများကို ကွေးထားရုံမှတပါး မတတ်နိုင်ပေ။
၎င်းကို နားထောင်လိုက်ရုံမျှဖြင့် နာကျင်မှုဟု ခေါ်သည့် ဝေဒနာတစ်မျိုးခံစားလိုက်ရ၏။
လုမော့က မျက်မှောင်ကြုတ်လိုက်၏။
ငါ လုပ်သင့်တယ်လို့တော့ မထင်ဘူး...
စနစ်က မယုံကြည်နိုင်ဖြစ်သွား၏။
[ဘာလို့လဲ...]
"ငါ လိုချင်တာက အမှိုက်ဆန်မှုတန်ဖိုး...သူ့ဘဝကို မဟုတ်ဘူး..."
လုမော့က ခံစားချက်မကောင်းစွာဖြင့် ပြောလိုက်၏။
" ပြီးတော့...မင်းက ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နားမလည်ဘူး...ရုတ်တရက် လင်း သေသွားမယ်လို့ ဆိုကြပါစို့...ကြက်ကို သတ်ပြီး ဥတွေရချင်ရင် ငါ့အတွက် ဘာကောင်းလို့လဲ..."
စနစ်က လေသံတိုးတိုးဖြင့် ပြော၏။
[ S အဆင့် အမျိုးသမီးတစ်ယောက်ရဲ့ သည်းခံနိုင်မှုကို မင်းက လျှော့တွက်ထားတာပဲ...]
စကြာဝဠာအတွင်း ရုပ်ပိုင်းဆိုင်ရာအရ ဖြတ်သန်းသွားလာနိုင်သော မျိုးနွယ်အနည်းငယ်သာရှိသည်။
ထို့ကြောင့် သူတို့က ယနေ့ ဤနေရာတွင် ရပ်တည်နေနိုင်ခြင်း အကြောင်းရင်းဖြစ်၏။
၎င်း၏ အစွမ်းထက်သောလုပ်ဆောင်ချက်များဖြင့် စနစ်က ခန္ဓာကိုယ်အလွဲသုံးစားမှုနှင့် စိတ်ပိုင်း ဆိုင်ရာအလွဲသုံးစားမှုများအကြောင်း TB ၏ စာပေဆယ်ခုကို သုံးစက္ကန့်အတွင်း ရှာဖွေခဲ့ပြီး နောက်ဆုံးတွင် လုမော့အတွက် နည်းလမ်းကောင်းတစ်ခုကို စဉ်းစားခဲ့သည်။
[ အဲဒါက အမျိုးသမီးတွေကို အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာ နာကျင်စေမှာ မဟုတ်ဘဲ အဲ့အစား မင်းက သူ့ကို စောင့်ကြည့်ခံရမှာကို ကြောက်ရွံ့စေတာနဲ့ ထိန်းချုပ်နိုင်မယ့်အပြင် အချိန်မရွေး ရောက်လာတော့မယ့် ပြစ်ဒဏ်အတွက် စိတ်ပူနေစေမှာ...သူက မကြာခင်မှာ အရူးတစ်ယောက် ဖြစ်လာတော့မှာ အသေအချာပဲ...]
စိတ်ဝေဒနာသည်များက သူတို့ကို အခြားသူများက ထိန်းချုပ်ပြီး နာကျင်စေသည်ကို မကြိုက်ကြချေ။
လုမော့က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်၏။
ကျေးဇူးပြုပြီး ငါ့အတွက် အလှပဆုံး လမ်းမီးတိုင်ကို ရွေးပေးပါဦး...
[ စိတ်မပူပါနဲ့...မင်းရဲ့ ပထမဆုံးအတွေ့အကြုံအနေနဲ့ မင်းအတွက် တစ်ခုကို ငါရွေးချယ်ပေးမယ်...]
ကောင်းတယ်...
အမျိုးသားများက ကျတ်တီးကြယ်များတွင် ရံဖန်ရံခါမှသာ ဖြတ်သွားလေ့ရှိ၏။ ဆိုင်ပိုင်ရှင်၏ ဖောက်သည်အများစုက ထူးခြားသောအကြိုက် ရှိကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် သို့မဟုတ် အခြားသူအတွက်ဖြစ်စေ သူ့တွင် အကုန်ရှိ၏။ လက်ရှိတွင် အမျိုးသားဇာ့ဂ် တစ်ကောင်နှင့် တွေ့ဆုံရန် ခက်ခဲသည့်အတွက် ဆိုင်ပိုင်ရှင်က ဝမ်းသာနေ၏။
သူက နောက်ဆုံးတွင် ထိုလူထူးလူဆန်း(လုမော့)က မှန်ကန်သည့် ဇာ့ဂ်နှင့်တွေ့ဆုံပြီး တိုးတက်လာရန် အခွင့်အရေးရှိသည်ဟု ခံစားရ၏။
ဆိုင်ပိုင်ရှင်က လျင်လျင်မြန်မြန် အကဲခတ်ကြည့်ရုံဖြင့် အဖော်ပြုပေးနေသည့် အမျိုးသမီးဇာ့ဂ်က A အဆင့် သို့မဟုတ် S အဆင့်ရှိမည်ဟု သေချာပေါက် နားလည်နိုင်၏။
ငွေရောင်ဆံပင်နှင့် အမျိုးသမီးက ပြတင်းပေါက်ကို မှီ၍ လက်နှစ်ဖက်ကို ပိုက်ထားပြီး ခြေတံရှည်များကို ထပ်လျက် ခေါင်းငုံ့ထားချိန်တွင် ဆံပင်ရှည်များက ခါးထက် ယိမ်းနွဲ့နေသည်။
သူ ထိုနေရာတွင် ငြိမ်ငြိမ်လေးရပ်နေသည်ကိုကြည့်ပြီး ဆိုင်ရှင်က သူ့တစ်ကိုယ်လုံးတုန်လှုပ်၍ ကြက်သီးများထလာသည်ကို ခံစားလိုက်ရ၏။
သူ ဆက်မကြည့်ရဲတော့ဘဲ သူ့အာရုံကို အမြန်ပြန်လှည့်လိုက်သည်။
အမျိုးသားကို ကြည့်ရသည်မှာ ရင်းနှီးနေ၏။ ဤကမ္ဘာပေါ်တွင် အမျိုးသားအနည်းငယ်သာရှိပြီး လုမော့က ၎င်းတို့ထဲတွင် အချမ်းသာဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူပိုင်ဆိုင်သော ငွေဖြစ်၏။
သို့သော်…
သူဌေးက မျက်တောင်ခတ်လိုက်ပြီး သူ့အထင်လွဲမှားသွားလားဟု တွေးလိုက်၏။ လုမော့ကို ကြည့်ရသည်မှာ ပြောလေ့ရှိသော Dအဆင့် အမျိုးသားများကဲ့သို့ အားနည်းပုံမပေါ်ပေ။
သူ့အဆင့်ကို C သို့ အဆင့်မြှင့်ထားသောကြောင့် လုမော့၏ မူလက အနည်းငယ် ဖရိုဖရဲဖြစ်ပြီး နက်မှောင်သော မျက်လုံးများက အနည်းငယ် တောက်ပနေသည့်အပြင် သိရှိရန် အလွန်ခက်ခဲပြီး သိမ်မွေ့သော ပြောင်းလဲမှုများစွာလည်း ရှိသေးသည်။ ပထမတစ်ချက်တွင် သူက သူဖြစ်နေဆဲဟု ထင်ရသော်လည်း ခြုံငုံကြည့်ပါက သူက စိတ်စွမ်းအားအလျှံပယ်ရှိနေသည်ဟု ထင်ရ၏။
သူက စိတ်ဓာတ်ကျနေပုံပေါ်လေ့ရှိသော်လည်း ယခုတွင် အေးစက်နေပုံရသည်။
လုမော့၏ အကြည့်များက စင်ပေါ်ရှိ ပစ္စည်းများနှင့် ပြတင်းပေါက်များမှ ပစ္စည်းများကို လွှမ်းခြုံထားပြီး ရှင်းရှင်းလင်းလင်းမမြင်ရသော အလင်းရောင်အောက်တွင် အေးစက်စက် သတ္တုပစ္စည်းများပင်လျှင် ဆွဲဆောင်မှုရှိနေပုံပေါ်၏။
သူက အားလုံးထဲမှ တစ်ခုကို ပေါ့ပေါ့ပါးပါး ယူလိုက်ပြီး လင်းအနားကို တိုးကပ်သွား၍ ၎င်းကို သူ့လက်ထဲတွင် ဆော့ကစားနေလိုက်၏။
"လင်း...ဒါဘာလဲဆိုတာ မင်းသိလား…"
အမျိုးသားဇာ့ဂ်၏ မျက်နှာတွင် အပြစ်ကင်းပြီး ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ဒီဟာကို မင်းလည်ပင်းမှာ ဝတ်ထားသရွေ့ ငါနဲ့ နဂါးငွေ့တန်းလောက် ဝေးကွာနေရင်တောင် မင်းကို ငါရှာတွေ့နိုင်မှာ..."
လင်း၏ မျက်လုံးများ ကျုံ့သွားသည်။
ဤနေရာမှ အင်ပါယာကြယ်နှင့် အကွာအဝေးက နဂါးငွေ့တန်းတစ်ခုစာ အကွာအဝေးဖြစ်သည်။
[တင်...ပစ်မှတ်ရဲ့ သတ်ဖြတ်လိုစိတ်တန်ဖိုးက ၁၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမှိုက်ဆန်မှုတန်ဖိုးက အမှတ် ၁၀၀ တိုးလာတဲ့အတွက် ဂုဏ်ယူပါတယ်...]
"အိုး...ဒီတော့ ဒါပေါ့..."
လုမော့က သူ့လက်ချောင်းထိပ်ရှိ ဖောက်ထွင်းမြင်ရသော ဖန်သားတုံးလေးကို ကိုင်ထား၏။
"ဒါက မင်းကို နေ့တိုင်း စောင့်ကြည့်ဖို့ပဲ...မင်းဘာပဲလုပ်လုပ် ငါတစ်ချက်ကြည့်တာနဲ့ မြင်သွားမှာ..."
[တင်...ပစ်မှတ်ရဲ့ သတ်ဖြတ်လိုစိတ်တန်ဖိုးက ၅၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမှိုက်ဆန်မှု တန်ဖိုးက အမှတ် ၅၀၀ တိုးလာတဲ့အတွက် ဂုဏ်ယူပါတယ်...]
"နောက်ထပ်ရှိသေးတယ်..."
လုမော့က ဝမ်းသာအားရ ပြောလိုက်ပြီး သာမာန်အဝေးထိန်းခလုတ်ကို ပျော်ရွှင်စွာ ကောက်ယူလိုက်၏။
"ဒီထိန်းချုပ်စက်ကို မင်းရဲ့ အာရုံကြောစနစ်အလယ်မှာ ထားရှိသရွေ့ ငါမင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို ဒီထိန်းချုပ်စက်ခလုတ်ကနေ ထိန်းချုပ်နိုင်မှာ..."
"ဒါဆို မင်းဘယ်လိုထင်လဲ...ဘယ်ဟာကို ကြိုက်လဲ..."
[တင်...ပစ်မှတ်ရဲ့ သတ်ဖြတ်လိုစိတ်တန်ဖိုးက ၉၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး အမှိုက်ဆန်မှုတန်ဖိုးက အမှတ် ၁၀၀၀ တိုးလာတဲ့အတွက် ဂုဏ်ယူပါတယ်...]
အထက်တွင်ဆိုခဲ့သည့် သတ်ဖြတ်လိုစိတ်က အစိုင်အခဲတစ်ခုသဖွယ် တစ်ကိုယ်လုံး နီးပါးတွင် ဖြစ်ပေါ်လာပြီး လေထုက ပုံမှန်မဟုတ်ဘဲ အန္တရာယ်ရှိသော သွေးနံ့များဖြင့် စီးဆင်းနေသည်။
ဆိုင်ရှင်က ဖိအားကြောင့် ဒူးထောက်နေပြီဖြစ်သည်။
သူက B အဆင့် အမျိုးသမီးဇာ့ဂ်ဖြစ်ပြီး ဤကျတ်တီးကြယ်တွင် ထိပ်တန်းအမျိုးသမီးတစ်ဦး နီးပါးဖြစ်သည်။ သို့သော် ဤမျှထိတ်လန့်စရာကောင်းသော သတ်ဖြတ်လိုစိတ်ကို တစ်ခါမျှ မခံစားဖူးချေ။
ဤသတ်ဖြတ်လိုစိတ်က လည်ပင်းကို ဖမ်းဆုပ်၍ အသက်ရှူမဝအောင် လုပ်နေသည့် မမြင်နိုင်သော လက်နှင့်တူပြီး သူ့ကို တစ်နေရာတွင် ဘိလပ်မြေအေးနှင့် ဖိသိပ်လိုက်သလို လွတ်မြောက်ရန် ကြိုးစားမရနိုင်ချေ။
သို့သော်လည်း ထိုသို့အခြေအနေမျိုး၌ပင် အမျိုးသားက ဘာမှသတိမထားမိသလို သူ့ကိုယ်သူ ဆက်ပြောနေဆဲဖြစ်၏။
အမျိုးသားဇာ့ဂ်၏ ဖြဲပြလိုက်သော အစွယ်များကို မြင်ပြီး ဆိုင်ရှင်က စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများ မှိတ်လိုက်သည်။
နောက်အခိုက်အတန့်တွင် သူနှင့် ဆိုင်မျက်နှာစာက ပြာဖြစ်သွားလျှင်ပင် အနည်းငယ်မျှ ထူးဆန်းနေမည် မဟုတ်ချေ။
သခင်လေးလုရဲ့ ဦးနှောက်က တစ်ခုခုမှားနေပြီလား...
လုမော့ ယခင်က ဤမျှ စိတ်လှုပ်ရှားခြင်းမျိုး မခံစားဖူးပေ။ အဒရီနယ်ဂလင်းက သူ၏ နှလုံးကို ပြင်းထန်စွာ ခုန်စေပြီး လေပေါ်မြှောက်တက်သွားသလို ခံစားလိုက်ရသည်။
သူက လင်း၏ လူသတ်မျက်လုံးများကို ကြည့်လိုက်ရာ သူ့တစ်ကိုယ်လုံး ဓာတ်လိုက်သလို လန်းဆန်းသွားသည်။
သူက ဗီလိန်တစ်ဦး၏ လမ်းကို လုံ့လဝီရိယရှိစွာဖြင့် သုံးနှစ်ကြာအောင် အားထုတ်ခဲ့ရသည်။
သုံးနှစ်...လွန်ခဲ့တဲ့သုံးနှစ်က ငါ ဘာတွေလုပ်ဖို့ ရောက်လာလဲ သိလား...
သူက မနက်တိုင်း အိပ်ရာခေါင်းရင်းမှာ ဒူးထောက်ပြီး ဘုရားသခင်ထံ ဆုတောင်း၍ သူ့အပြစ်များကို ဝန်ချတောင်းပန်၏။ နေ့တိုင်း သူ့နှလုံးသားထဲတွင် ပြစ်ဒဏ်စွယ်စုံကျမ်းကို တိတ်တိတ်လေးရွတ်ပြီး သူမည်သို့သေရမယ်ဆိုသည်ကို တွေးကြည့်ရ၏။
ဒါပေမယ့် ဘယ်သူကမှ ငါ့ကို တရားမျှတမှုမယူဆောင်ပေးချင်ကြတာ...ငါ့နည်းလမ်းကို စွဲချက်လေးတစ်ခု တင်တာတောင် တစ်ခါမှ မဖြစ်ဖူးဘူးလေ...
လုမော့က ပြစ်ဒဏ်လိုချင်ကြောင်း မည်ကဲ့သို့ အရိပ်အမြွက်ပြောသည်ဖြစ်စေ ရှင်းရှင်းလင်းလင်း ပြောသည်ဖြစ်စေ အခြားသူများ၏ မျက်လုံးများတွင် ကျေးဇူးတင်ခြင်း သို့မဟုတ် ပျော်ရွှင်မှုကိုသာ ဖလှယ်နိုင်မည်ဖြစ်သည်။
ဒီအတိုင်းဆက်သွားရင် ငါ့ရဲ့ ဆိုရှယ်လစ်တန်ဖိုးတွေ ပြိုပျက်သွားလိမ့်မယ်...
လင်းက သူ့ကို ကယ်တင်ရန် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သော တရားမျှတမှု၏ တမန်ဖြစ်ရမည်။ လုမော့က မျက်လွှာချလိုက်ပြီး သူ့မျက်လုံးများရှိ စိတ်သက်သာရာရမှုနှင့် စိတ်ငြိမ်သက်မှုကို ဖုံးကွယ်၍ လင်း၏ မေးစေ့ကို ဗီလိန်တစ်ယောက်သဖွယ်ပင့်ပြီး ဆိုးသွမ်းစွာ ပြုံးလိုက်သည်။
"ကြည့်...ဒါက ဘာလဲ..."
လင်း၏ မျက်တောင်များ တုန်လာသည်။
သူက နားမလည်နိုင်သော အိပ်မက်ဆိုးတစ်ခုထဲသို့ ပြန်ရောက်သွားပြန်သည်။
ဤအိပ်မက်ဆိုးက သူနှင့်အတူ ဆယ်စုနှစ်များစွာကြာအောင် တည်ရှိနေခဲ့ပြီး သူ့နားထဲတွင် မကြာခဏ တီးတိုးပြောလေ့ရှိသည်။
"သူတို့ကို သတ်လိုက်ပါ... သတ်လိုက်ပါ... မင်း ဒုက္ခတွေက လွတ်မြောက်သွားလိမ့်မယ်..."
"မင်း ဘာအမှားလုပ်ခဲ့လို့လဲ...ဒီလို ဘာလို့ဆက်ဆံခံရသင့်တာလဲ..."
လုမော့ကို တွေ့ပြီးနောက် အိမ်မက်ဆိုးက ခေတ္တပြန်ဆုတ်သွားပြီး နောက်ဆုံးတွင် ငြိမ်းချမ်းမှုကို တွေ့ရှိခဲ့သည်။
သူ့အကြည့်များက အမြဲတမ်း သွေးများဖြင့် ပြည့်နေခြင်းမဟုတ်သည်ကို တွေ့လိုက်ရချိန်တွင် သူ အံ့သြသွား၏။ အမြဲတမ်း သူမြင်ခဲ့သမျှက မရေမတွက်နိုင်သော အစက် အပြောက်များ ကျန်နေသည့် ရုပ်ရှင်ဟောင်းတစ်ခုလို ယောင်ဝါးဝါး ဖြစ်သွား၏။
၎င်းက ပြောင်းလဲသွားပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်သည်ကို တွေ့ရ၏။
သူ တတ်နိုင်ပါက ဤကျတ်တီးကြယ်လေးပေါ်တွင် တစ်သက်လုံးနေနိုင်၏။ ဤကြယ်က သူ့အား ငါးမန်းတစ်ကောင်ကို ဆင်ထားသည့် ဖန်လှောင်အိမ်ကဲ့သို့ ထင်ရသော်လည်း သူမထွက်ခွာသွားချင်ပေ။
"ဘာကြောင့်လဲ…"
သူက သူ၏ ကျိုးပဲ့ခြောက်သွေ့နေပြီး ကွဲအက်နေသော အသံကို ပြန်ကြားရ၏။
"မင်းဘာလို့ ဒီလိုလုပ်တာလဲ..."
လုမော့က ပြက်လုံးအချို့ကို ကြားလိုက်ရသကဲ့သို့ အံ့အားသင့်သောအကြည့်ဖြင့် မထီမဲ့မြင်ပြုလိုက်၏။
"စုန့်ကျန်းရှူးနဲ့ ပတ်သက်ပြီး မင်းဘာတွေ လွမ်းဆွတ်နေလဲ ငါတကယ်မသိဘူး..."
သူ့လက်ဖဝါးတွင် ထူးထူးခြားခြား တံဆိပ်တစ်ခု ရှိသည်။
"သူရဲ့...အာ...ဒီအသုံးမဝင်တဲ့ အရာကို ငါ့အတွက် ဆုံးရှုံးသွားတာပဲ တကယ်အသုံးမကျဘူး..."
ထိုအရာက အင်ပါယာကြယ်၏ နေထိုင်ခွင့်ဖြစ်သည်။
လင်းက လုမော့၏ လက်ဖဝါးဖြူဖြူများကို စိုက်ကြည့်ရင်း သူ့စိတ်ထဲတွင် ဖရိုဖရဲဖြစ်နေသော မုန်တိုင်းတစ်ခု ဖြတ်သွားပြီး အရာအားလုံးကို ရှုပ်ယှက်ခတ်နေသကဲ့သို့ပင်။
ဒါက ငါ့ကို တွန်းထုတ်ဖို့ ဆိုလိုတာ မဟုတ်ဘူးလား...
နှစ်ပေါင်းများစွာ လမ်းလွဲသွားသောကြောင်က ထပ်ခါတလဲလဲနှင့် အာမခံရထားသော်လည်း အမြဲလုံခြုံမှုကို စိတ်ပူရ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလျှင်ပင် တံခါးဖွင့်ထားသရွေ့ အိပ်မက်ကနေ နိုးလာလိမ့်မည်။
မင်းက ထွက်သွားချင်လား...
မင်း ငါ့ကို ကန်ထုတ်ပစ်မှာလား...
အမာရွတ်ရှိတဲ့နှလုံးသားကို ကုသဖို့ အချိန်ဘယ်လောက် ကြာသလဲ…
လေလုံသော လှောင်အိမ်ထဲတွင် ထားရှိမှသာ သက်တောင့်သက်သာ ခံစားရပေမည်။
အမျိုးသားက မထိန်းချုပ်နိုင်သော ကြီးကျယ်မှုဖြင့် မေးစေ့ကို ပင့်လိုက်၏။
"ဒါတွေချည်းပဲလို့ မင်းထင်သလား...ငါပြောခဲ့တဲ့ အမှားတွေကို ဘယ်တော့မှ ဖြစ်ခွင့်မပြုဘူး...မင်း ငါ့ဆီက ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."
၎င်းက လိုရာဆွဲပြီး ထူးဆန်းသော ဝါကျတစ်ခုဆိုသည်မှာ သိသာထင်ရှားသော်လည်း လင်းက သူ့၏ ဗလာကျင်းနေသော နှလုံးသားကို တစ်ခဏချင်း ပြည့်သွားသည်လို့ ခံစားလိုက်ရ၏။
ကျေးဇူးပြု၍ ထပ်ပြောပါဦး…
ကျေးဇူးပြုပြီး ငါ့ကို တစ်ချိန်လုံး ကြည့်နေပါ…
လင်းက တုန်တုန်ယင်ယင်နှင့် လက်ညိုးကို ကိုက်လိုက်ရာ ထိန်းမရသော အရာတစ်ခုက ပြည့်လျှံ တော့မည်ကို ခံစားလိုက်ရသည်။
သူက ယိမ်းယိုင်နေပြီဖြစ်သော ကြည်လင်ပြတ်သားမှု၏ နောက်ဆုံးခြေရာကို ဤအခိုက်တွင် လုံးဝ မျိုချမိသွားသည်။
ငါတကယ်နေမကောင်းဖြစ်နေပြီး ကုဖို့ဆေးမရှိတော့ဘူး…
လင်းက လုမော့၏လက်ကို ကိုင်ထားပြီး အမျိုးသားဇာ့ဂ်ကို ပဟေဠိမျက်လုံးများဖြင့် ကြည့်လိုက်၏။
"ကျွန်တော်သိပါပြီ သခင်..."
[တင်...ပစ်မှတ်ရဲ့ သတ်ဖြတ်လိုစိတ်က သုညရာခိုင်နှုန်းသို့ ကျဆင်းသွားပါတယ်...ကျေးဇူးပြု၍ နောက်တစ်ကြိမ် ဆက်ကြိုးစားပါ...]
လုမော့: ဟင်…
မဟုတ်ဘူး ဒီလိုမဟုတ်ဘူးလေ…
မဖြစ်သင့်ဘူး…
တစ်ခုခုတော့မှားနေပြီ…
လုမော့က ချက်ချင်းပင် စိတ်ဝင်စားမှု ဆုံးရှုံးသွား၏။ သူက လင်းကို ဘေးမှာထားပြိး ပစ္စည်းအစုံအလင်ဖြင့် စတိုးဆိုင်မှ ထွက်ခွာသွားသည်။ ဆိုင်ရှင်က တံခါးဝတွင် တုန်တုန်ယင်ယင် ရပ်နေပြီး နှုတ်ဆက်လိုက်၏။
“ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လာပါဦး...”
ဆန့်ကျင်ဘက်အားဖြင့် သူ့မျက်နှာပေါ်ရှိ အမူအရာက ရှင်းရှင်းလင်းလင်း ‘နှုတ်ဆက်စကား’ပြောနေပုံရ၏။
တန်ဖိုးကြီးအဝတ်အထည်ဆိုင်တွင် မထိုင်မီ လုမော့က ဂုဏ်ယူစွာပြောခဲ့သည်။
"ဒီသခင်လေး မင်းကို ဒီခေါ်လာတာက လုမိသားစုရဲ့ ဂုဏ်သိက္ခာကို မစော်ကားဖို့ပဲ မင်းလို ဈေးပေါတဲ့ ဇာ့ဂ်တစ်ကောင်က ဒီသခင်လေးဆီမှာ အလုပ်အကျွေးပြုဖို့ အဝတ်ဗလာနဲ့ မြေပြင်ပေါ် ဒူးထောက်နေသင့်တာ..."
ဆိုင်ထဲက ကောင်မလေးက အအေးခွက်ကို ဘေးစားပွဲပေါ်တင်လိုက်၏။ ၎င်းမှ ရေခဲအခိုး အငွေ့များ ထွက်လာပြီး ကြည့်ရသည်မှာ လန်းဆန်းသွား၏။
လုမော့က လင်း၏ လက်ထဲသို့ ခွက်ကို သက်တောင့်သက်တာ ကမ်းပေးလိုက်၏။
"ငါ့အပေါ် အလင်းပေးလို့ မင်းကို ဆုချတာ..."
စာရေးက လုမော့ကို ကြည့်ပြီး လင်း ကို ကြည့်လိုက်၏။
လင်းက သူ့ကို မျက်တောင်ခတ်ပြလိုက်၏။ စာရေးက နားလည်ပြီး သူ့ကို စာနာစိတ်ဖြင့် ကြည့်လိုက်၏။
မင်းရဲ့ ယောက်ျားက ဒီရောဂါ ပြင်းထန်ပုံရတယ်...
လုမော့က စိတ်မရှည်စွာဖြင့် လင်းကို အဝတ်အစားစမ်းဝတ်ကြည့်ရန် ပုံတစ်ပုံကို ညွှန်ပြပြီး အလျင်အမြန် တွန်းလွှတ်လိုက်လေသည်။
လင်းက မသွားမီ သူ့ကို ကြည့်လိုက်၏။
"သခင်က ဒီလိုဟာမျိုးကို သဘောကျတာလား..."
လုမော့: "..."
သူက သူ့စိတ်နှလုံးထဲရှိ စနစ်တစ်ခုကို ရိုက်လိုက်သည်။
[ငါက ဘယ်ဟာကို ထောက်ပြခဲ့တာလဲ...]
စနစ် [ငါလည်း စာဖတ်နေတုန်းမို့...သတိမထားလိုက်မိဘူး...အဲဒါကို မကြည့်နဲ့တော့...ကြည့်ရတာ အသုံးကိုမကျဘူး... ]
လုမော့က မျှော်လင့်ချက်မဲ့စွာ ပြောလိုက်၏။
“ဘယ်သူမှ ငါ့ကို တရားမျှတမှု မယူလာပေးနိုင်တော့ဘူး...”
[စိတ်ဓာတ်မကျပါနဲ့...]
စနစ်က နှစ်သိမ့်ပေး၏။
[ကမ္ဘာမှာ စိတ်ရှိသရွေ့ အခက်အခဲဆိုတာ ဘာမှမဟုတ်ပါဘူး...]
လုမော့က သက်ပြင်းချလိုက်သည်။
သူက နောက်တစ်ကြိမ် နတ်ဆိုးဖြစ်လာ၏။
"သူ အထဲဝင်သွားတာ ဘယ်လောက်ကြာပြီလဲ... ဘာလို့ အခုမထွက်လာသေးတာလဲ..."
သူပြောပြီးသည်နှင့် မတ်တပ်ထရပ်ပြီး အဝတ်လဲခန်းထဲသို့ အလျင်အမြန် လျှောက်ဝင်သွား၏။
🌌🌌🌌