💘Chapter 93
အိပ်မက်ဖလား
ကျောင်းသားလေးက မတ်တပ်ရပ်လာကာ ချက်ချင်း အတန်း၏ အာရုံစိုက်မှု ဗဟိုချက်ဖြစ်လာ၏။ သူ့တွင် အပြင်ဘက် ထောင့်များ အပေါ်သို့ ကော့တက်သွားသည့် လှပသော မက်မွန်သီးသဏ္ဌာန် မျက်လုံးတစ်စုံရှိသည်။ ဝေ့ချန်က သူ့အမည်ကို အခေါ်ခံလိုက်သောအခါ သူက ဝေ့ချန်အား ယဥ်ကျေးစွာ ပြုံးပြလာသည်။ ထိုအခါ ပါးနှစ်ဖက်တွင် ပါးချိုင့်လေးနှစ်ဖက်က ပေါ်ထွက်လာကာ သူ၏ ချောမောနေပြီးဖြစ်သည့် မျက်နှာအား ဆွဲဆောင်မှုပိုသွားစေသည်။
ထိုကောင်လေး မတ်တပ်ရပ်လာချိန်တွင် အတန်းထဲ၌ အာမေဋိတ်သံများ ထွက်လာသည်မှာ အံ့ဩစရာ မကောင်းတော့ချေ။ သူ၏မျက်နှာက ဖန်သားပြင်ထက်ရှိ အနုပညာရှင်များထက် အများကြီးပို၍ ဆွဲဆောင်မှု ရှိလေသည်။
သေချာသည်ကတော့ ဝေ့ချန်က အတွေးတိမ်ပြီး ရုပ်ရည်အသွင်အပြင်တစ်ခုတည်းဖြင့်သာ အကဲဖြတ်လိမ့်မည် မဟုတ်ချေ။ သူ့ကိုအံ့ဩသွားစေသည်က သူ့မေးခွန်းအပေါ် ကောင်လေး၏အဖြေက ပြီးပြည့်စုံလွန်းနေသောကြောင့်ပင်။ သူ၏အဖြေက ပြီးပြည့်စုံလွန်းသောကြောင့် အနာဂတ်နှစ်များစွာ၏ မှတ်ဉာဏ်များနှင့် ဝေ့ချန်တောင်မှ အပြစ်အနာအဆာ ရှာမတွေ့နိုင်ပေ။ အဖြေ၏ နက်ရှိုင်းကျယ်ပြန့်မှုများသာမက ကောင်လေးက ပြင်ပအထောက်အထားများ ပေါင်းထည့်ပြီး ကမ္ဘာတစ်ဝှမ်းမှ လတ်တလောစီးပွားရေးလှုပ်ရှားမှုများကိုပါ ရှင်းပြသွားရာ အလွန်နားလည်ရလွယ်၏။ ထို့အပြင် သူက သူ့ကိုယ်ပိုင် အတွေးအမြင်များကိုပါ ထည့်သွင်း ပြောသွားသေးသည်။ နားထောင်ရသည်မှာ ဆန်းသစ်သည်ဟု ဝေ့ချန်ခံစားမိသည်။
Qတက္ကသိုလ်က တကယ်ကို ပုန်းလျှိုးနေသည့်နဂါးများနှင့် ကျားများရှိနေသည့်နေရာပင်။ ဝေ့ချန်က စိတ်ထဲတွင် အသိအမှတ်ပြုလိုက်ပြီး ကောင်လေးအား လက်ခုပ်တီး၍ အားပေးလိုက်သည်။
အတန်းထဲတွင် ကျယ်လောင်သည့် လက်ခုပ်သံများက ခဏလောက်ကြာအောင် ပဲ့တင်ထပ်သွားတော့သည်။ ကောင်လေးက မျက်နှာပေါ်တွင် ဂုဏ်ယူမှုနှင့် ထောင်လွှားမှု အရိပ်အယောင်များ ပြမလာချေ။ သူက အားပေးသည့် လက်ခုပ်သံများအား ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်ကာ ပြန်ထိုင်သွားသည်။
ကောင်လေးထိုင်သွားပြီးနောက်တွင်တောင်မှ လူတိုင်းက သူ့၏လုပ်ဆောင်ချက်ကို တီးတိုးပြောဆိုနေကြဆဲပင်။ အချို့က သူ၏အသွင်အပြင်အကြောင်းပြောဆိုနေကြပြီး အချို့ကတော့ သူ၏ဉာဏ်ရည်အကြောင်း ပြောဆိုနေကြသည်။ သို့သော်လည်း ဝေ့ချန် စကားပြောလာသည့် အချိန်တွင်တော့ အတန်းက ချက်ချင်း ငြိမ်ကျသွားလေသည်။
အချို့လူများသည် အခြားလူများအား မိမိတို့၏အခွင့်အာဏာကို စိန်ခေါ်ရန် တွန့်ဆုတ်စေသည့် အငွေ့အသက်ကို အလိုအလျောက် ထုတ်လွှင့်တတ်ကြပြီး ဝေ့ချန်က ထိုကဲ့သို့သော လူမျိုးဖြစ်သည်။
အတန်းချိန်က လျင်မြန်စွာ ပြီးဆုံးသွားခဲ့ပြီး ဝေ့ချန်၏ ပို့ချမှုများက မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်၏။ အတန်းချိန်ပြီးသွားသောအခါ အချို့လူများက ထွက်သွားရန် တွန့်ဆုတ်နေကြပြီး ဝေ့ချန်အား စိတ်အားထက်သန်စွာ ကြည့်လာကာ နောက်တစ်ကြိမ်ပို့ချမှု လာလုပ်ပေးရန် မျှော်လင့်နေကြသည်။ သေချာသည်ကတော့ ၎င်းက ဆန္ဒလေးတစ်ခုသာဖြစ်သည်။ သူတို့က ဝေ့ချန်၏ လက်ရှိအဆင့်အတန်းနှင့်သာဆိုလျှင် အတန်းလေးတစ်တန်းကပင် သူ့အတွက် ပိုက်ဆံအများကြီး ရစေလိမ့်မည်ကို သိကြသည်။ သူကဘယ်လိုလုပ်ပြန်လာပြီး နောက်ထပ်ပို့ချမှုထပ်လုပ်နိုင်ပါတော့မလဲ...။
ဝေ့ချန် စင်မြင့်ပေါ်မှ ဆင်းလာသောအခါ သူ၏ကြီးကြပ်ရေးမှူးက အလျင်အမြန်ရောက်လာပြီး ဆိုသည်။ “မင်းသာ နောက်ထပ်ပို့ချမှုတွေ ပေးနိုင်ရင် ကောင်းမှာပဲ” အခကြေးငွေမရှိဘဲ တန်ဖိုးရှိသည်။ ပြောရမည်ဆိုလျှင် များများပို ပို့ချလေ ပိုကောင်းလေပင်။
ဝေ့ချန်က ဘာကိုမှ လက်မခံလိုက်ဘဲ ကြီးကြပ်ရေးမှူးနှင့် အချို့ပညာရေးပြဿနာများကိုသာ ဆွေးနွေးလိုက်သည်။ ထိုအချိန်တွင် ပြည့်စုံသည့်အဖြေဖြေသွားသည့် ကောင်လေးက သူတို့အနားမှ ဖြတ်သွားပြီး အတန်းတံခါးဆီသို့ လျှောက်သွားလေသည်။ ဝေ့ချန်၏ အကြည့်များက ကောင်လေးအပေါ်သို့ ခဏလောက် ကျရောက်သွားသည်။ ၎င်းက သူ့ကြီးကြပ်ရေးမှူး၏ အာရုံကိုဆွဲဆောင်သွား၏။
“သူက စီးပွားရေးဌာနရဲ့ ပထမနှစ်လေးလေ...ဒီနှစ်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်များများရတဲ့ သူပဲ” ကြီးကြပ်ရေးမှူး၏ အသံတွင် အရည်အချင်းကို အသိအမှတ်ပြုနေသည့် သဘောများ ပါဝင်နေ၏။ သူလည်းပဲ ကောင်လေး၏ အဖြေကိုကြားခဲ့သည်။ ၎င်းက ရိုးရှင်းစွာနှင့် ပြီးပြည့်စုံနေပြီး ဌာနသို့ ဝေ့ချန် ပထမဆုံးအချိန် ရောက်လာသည်နှင့် အဆင့်အတူတူလောက်ရှိသည်။
“ပထမနှစ်?” ဝေ့ချန် မျက်ခုံးပင့်လိုက်ပြီး အံ့ဩသွားသည်။ ထိုကောင်လေး၏ အသက်အရွယ်နှင့်ဆိုလျှင် အနည်းဆုံး ဂျူနီယာတန်းလောက်ပင် ရှိလောက်ဦးမည်ဟု ထင်ခဲ့သော်လည်း သူက အထက်တန်းတောင် ပြီးနေပြီပင်။
“ဟုတ်တယ်...သူ အထက်တန်းပထမနှစ်မှာတင် နိုင်ငံခြားတက္ကသိုလ်တွေက ခေါ်တာခံနေရတာလေ...အဲ့ဒီတုန်းကဆို သူ့ကို ငါတို့ကျောင်းဆီရောက်လာဖို့ ဌာနခေါင်းဆောင်တွေက Bတက္ကသိုလ်က လူတွေနဲ့ စကားများခဲ့ရသေးတယ်” ဤကျောင်းသားလေးကို ရရှိရန် ပြိုင်ဆိုင်ခဲ့သည်များကို ပြန်တွေးရင်း ကြီးကြပ်ရေးမှူးမှာ သက်ပြင်းချလိုက်သည်။ သို့သော်လည်း ထိုအချက်က ဤအတန်းဖော်လေးမှာ စီးပွားရေးနယ်ပယ်တွင် ဉာဏ်ကြီးရှင်ဖြစ်ကြောင်း သက်သေပြနေသည်ပင်။ ဝေ့ချန် ဒီထက်ပို၍ မမေးတော့ပေ။ ကမ္ဘာပေါ်တွင် ဉာဏ်ထက်သည့်သူများ အများအပြားရှိပြီး အနည်းအကျဥ်းလေးနှင့် တွေ့ရသည့်အချိန်တွင် တအံ့တဩဖြစ်သွားရန် မလိုအပ်ချေ။
ထို့နောက် ဝေ့ချန်က ကြီးကြပ်ရေးမှူးအား နှုတ်ဆက်လိုက်ပြီး ချန်လီ့လက်ကိုဆွဲ၍ Qတက္ကသိုလ်၏ အနုပညာဌာနသို့ သွားလိုက်သည်။ ထို့နေ့တွင်ပင် ကျူးကောယွီက ပို့ချမှုတစ်ခုရှိပြီး ချန်လီက တက်ရောက်ချင်သောကြောင့် ဝေ့ချန်က သဘောဝကျစွာပင် သူ့ကို အဖော်ပြုပေးလိုက်၏။
ဘဝက ရေကဲ့သို့ပင် အရှေ့သို့ ဆက်လက် စီးဆင်းနေလျက်ရှိသည်။ မျက်စိတစ်မှိတ်လေးအတွင်းတွင် ဆောင်းဦးက တဖြည်းဖြည်းဝင်ရောက်လာခဲ့၏။ မြို့တော်ထဲရှိ သစ်ပင်အများစုမှာ ရွက်ပြတ်များ ဖြစ်နေကြပြီး ဆောင်ဦးသို့ရောက်လာလျှင်တော့ အဝါရောင်သစ်ရွက်များက သစ်ကိုင်းများမှ ကြွေကျကာ ဆောင်းဦးလေညင်းလေးနှင့်အတူ လှပစွာ လွင့်မျောပြီးနောက် မြေပေါ်သို့ ဆင်းသက်ရင်း သူတို့၏ တိုတောင်းလှဿည့် ဘဝများကို အဆုံးသတ်ကြသည်။
လွန်ခဲ့သည့် တစ်လနှစ်လလောက်က ကျူးကောဖုန်း၏ အလိုလိုက်ထားခြင်းနှင့်အတူ ဝေ့ချန်က ကုမ္ပဏီသို့ သွားခြင်းကို ရပ်ထားပြီး ချန်လီအား Qတက္ကသိုလ်သို့ ခေါ်သွားခဲ့သည်။ ကျူးကောယွီ၏ အနုပညာသင်ကြားခြင်း လမ်းပြမှုအောက်တွင် ချန်လီ၏ ပန်းချီဆွဲသည့် အရည်အချင်းများမှာ သဘာဝကျစွာပင် တိုးတက်လာခဲ့၏။ ကျုးကောယွီ ချန်လီ၏ လက်ရာများကို ကြည့်လိုက်တိုင်း မနေနိုင်ဘဲ အားပါးတရရယ်မောမိသည်။ Qတက္ကသိုလ်၏ အနုပညာဌာနမှ ပရော်ဖက်ဆာများတောင်မှ ချန်လီ၏ လက်ရာများကို တွေ့သောအခါ အံ့ဩသွားကြပြီး အံ့အားသင့်ဖွယ်ရာ ရှာဖွေတွေ့ရှိထားခြင်းအတွက် ကျူးကောယွီအား မနာလိုအားကျ ဖြစ်မိကြသည်။
ချန်လီက Qတက္ကသိုလ်၏ အနုပညာဌာနတွင် နာမည်ကြီးတစ်ယောက်ဖြစ်လာသည်။ အားလုံးက ချန်လီမှာ Qတက္ကသိုလ်၏ ကျောင်းသားမဟုတ်ကြောင်း သိကြသော်လည်း ကျူးကောယွီ၏ ကျောင်းသားဆိုသည်နှင့်တင် အနုပညာဌာနမှ ကျောင်းသားများအား သူ့ကို နက်နက်ရှိုင်းရှိုင်း မနာလိုအားကျ ဖြစ်စေသည်။
ဤနှစ်လအတွင်းတွင် ချန်လီက ပန်းချီဆွဲရာ၌ပင် တိုးတက်လာသည်သာမက ပေါင်းသင်းဆက်ဆံရေး အရည်အချင်းလည်း တိုးတက်လာခဲ့သည်။ အနည်းဆုံး အတန်းထဲတွင် သူက ဝေ့ချန်အား တစ်ချိန်လုံး အဖော်ပြုပေးနေရန် မလိုအပ်ချေ။ သူက သူကိုယ်တိုင် ထောင့်တစ်နေရာရှာပြီး ဘယ်သူမှ သူ့ကို မနှောင့်ယှက်သရွေ့ တိတ်ဆိတ်စွာနှင့် အတန်းတစ်ခုလုံးကို ပြီးအောင်တက်တတ်သည်။
ဤတိုးတက်မှုအား သေးငယ်သည်ဟု ထင်ရသော်လည်း ဝေ့ချန်အတွက်တော့ ၎င်းက သိသာထင်ရှားသည့် တိုးတက်မှုပင်။
တစ်ခါတစ်ရံတွင် ဝေ့ချန်က အတန်းအဝင်ဝတွင်သာရပ်နေကာ တမင်လိုက်ဝင်မသွားဘဲ နေတတ်သည်။ သူက ချန်လီကို အဖော်ပြု မပေးသော်လည်း ချန်လီပြုလုပ်သမျှ လှုပ်ရှားမှုများကို စောင့်ကြည့်ရင်း နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားရသည်။
ဝေ့ချန်က သူ့အား အတန်းအဝင်ဝတွင် စောင့်နေမှန်း ချန်လီမသိခဲ့ချေ။ အစတွင်တော့ အတန်းထဲမှ အတန်းဖော်များက ချန်လီ၏ အခြေအနေကို မသိကြဘဲ သူနှင့် စကားပြောရန် ကြိုးစားကြသည်။ သို့သော်လည်း သူတို့ ချန်လီထံသို့ချဥ်းကပ်လာကြသည့် အချိန်တွင် သူက ကြောက်လန့်နေသည့် အမူအရာဖော်ပြလာပြီး ထောင့်တစ်နေရာသို့ တိုးသွားတတ်သည်။
တဖြည်းဖြည်းနှင့် အတန်းဖော်များက ချန်လီ၏အခြေအနေကို သိလာကြပြီး နားလည်ပေးကာ သူ့အတွက် နေရာပေးလာကြသည်။ ချန်လီအနားသို့ ဖြတ်သွားကြသည့်အခါ ထိုအတန်းဖော်များက အသံကိုတိုးကာ သူ့ကို မနှောင့်ယှက်မိအောင် ကြိုးစားကြသည်။
သို့သော်လည်း ချန်လီ၏ တွန့်ဆုတ်တတ်သည့် အပြုအမူအား လူတိုင်းက သည်းခံသည်တော့ မဟုတ်ကြချေ။ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းနေပြီး အခြားသူများ ခံစားနေရသည်ကို ပျော်မွေ့တတ်သည့် လူတစ်မျိုးလည်း ရှိ၏။ ချန်လီ လက်ရှိတက်ရောက်နေသည့် အတန်းတွင်လည်း ထိုကဲ့သို့ လူမျိုးရှိသည်။
ထိုလူ၏ အမည်က လုရှို့ရန်ဖြစ်ပြီး အတန်းထဲတွင် ကောင်းမွန်သည့် ဂုဏ်သတင်းများရှိသည်။ သူလည်းပဲ ပန်းချီဆွဲခြင်းတွင် အရည်အချင်းရှိပြီး ပျော်ပျော်နေတတ်သည့် ကောင်လေးဖြစ်သည်။ သို့သော်လည်း ချန်လီက ကျုးကောယွီခေါ်သွင်းလာသည့် ကျောင်းသားမှန်း သိလိုက်ရသည့်အချိန်တွင် လုရှို့ရန်က ချန်လီအပေါ်သို့ မနာလိုဖြစ်လာတော့သည်။
ဟုတ်သည်။ ၎င်းက မနာလိုမှုဖြစ်၏။
ချန်လီက အတန်းကို ပထမဆုံး တက်ရောက်လာချိန်တွင် ဝေ့ချန်က သူ့ဘေးတွင် တစ်ချိန်လုံးရှိနေပေးသည်၊ ထို့ကြောင့် လုရှို့ရန်မှာ မနာလိုဖြစ်နေလျှင်တောင်မှ ဘာမှမလုပ်ရဲခဲ့ချေ။ ဝေ့ချန်က အနိုင်ကျင့်ရန် လွယ်ကူသည့် ပစ်မှတ်ဖြစ်ပုံမပေါ်ချေ။
တစ်လကြာပြီးနောက် ချန်လီက တက္ကသိုလ်ဘဝအား တဖြည်းဖြည်း အသားကျလာကာ လုရှို့ရန်ကလည်း ကြမ်းကြုတ်သည့် အတွေးများတွေးလာခဲ့သည်။ အထူးသဖြင့် အခြားသူများအရှေ့ရှိ ချန်လီ၏ အထိ အခိုက်လွယ်ပြီး အားနည်းသည့် ပုံစံကို တွေ့ရသည့်အခါ လုရှို့ရန် သူ၏အတွေးများကို ဖိနှိပ်ရန် ခက်ခဲလာခဲ့သည်။
‘အရူးတစ်ယောက်က ဘယ်လိုလုပ် ပရော်ဖက်ဆာကျူးကောရဲ့ ကျောင်းသားဖြစ်လာတာလဲ’
၎င်းက လွန်ခဲ့သည့်လတွင် လုရှို့ရန်၏ စိတ်ထဲတွင် ပေါ်လာသည့် မကျေနပ်မှုအများဆုံး အတွေးဖြစ်သည်။
ချန်လီက အတန်းထဲတွင် ကောင်းစွာ စောင့်ရှောက်ခံထားရသောကြောင့် လုရှို့ရန်က သူ့ကို သိသိသာသာ အနိုင်ကျင့်၍ မရချေ။ သိပ်မကြာခင်တွင် အခွင့်အလမ်းတစ်ခုက လုရှို့ရန်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရာ သူက ကောက်ကျစ်သည့်အပြုံးပြုံးလိုက်သည်။
သေချာသည်ကတော့ ထိုအခွင့်အလမ်းက ချန်လီအတွက်လည်း အခွင့်အရေးဖြစ်သည်။ ကျူးကောယွီက သူ့အား ထိုအကြောင်း ပြောပြထားသည်။
လေးနှစ်တစ်ခါ ကျင်းပသည့် “အိပ်မက်ဖလား” နိုင်ငံတကာ ပန်းချီပြိုင်ပွဲက နောက်တစ်ကြိမ် ကျင်းပတော့မည်။ ကျူးကောယွီတွင် ဝင်ခွင့်ထောက်ခံပေးရန် ပြည့်မီသည့် အရည်အချင်းရှိသည်။ လွန်ခဲ့သည့်နှစ်များတွင် ထိုအခွင့်အရေးအတွက် မိသားစုအမျိုးမျိုးက ပြင်းထန်စွာပြိုင်ဆိုင်ခဲ့ကြသည်။ သို့သော်လည်း ဒီနှစ်တွင်တော့ မည်သူကမှ သူ့ထံမှ ထောက်ခံမှုများ မတောင်းခံရဲကြချေ။ အကြောင်းမှာ ကျူးကောယွီတွင် အရည်အချင်းရှိသည့် ကျောင်းသားရှိနေပြီး ထောက်ခံမှုကိုလည်း ထိုကျောင်းသားကိုသာပေးမည်ကို သိနေကြ၍ဖြစ်သည်။
“အိပ်မက်ဖလား” က နိုင်ငံအတွင်း ဂုဏ်သတင်းအကြီးဆုံး ပြိုင်ပွဲဖြစ်သည်။ ထိုကဲ့သို့ အမည်ပေးထားသည်ကလည်း သူ၏မူရင်း ရည်ရွယ်ချက်မှာ များစွာသော ပန်းချီပညာရှင်များ၏ အိပ်မက်ကို ဖြည့်ဆည်းပေးရန်နှင့် သူတို့၏ အရည်အချင်းများကို ချပြနိုင်သည့် စင်မြင့်တစ်ခု ဖန်တီးပေးချင်၍ ဖြစ်သည်။ တကယ်တမ်းတွင် “အိပ်မက်ဖလား” ၏ မူရင်းရည်ရွယ်ချက်က ပြိုင်ပွဲတစ်ခုစီတိုင်းတွင် အရာထင်ခဲ့၏။
လက်ရှိတရုတ်နိုင်ငံ၏ ပန်းမွေ့ယာများတွင် နာမည်ကြီးနေသည့် ပန်းချီဆရာများနှင့် သူတို့၏တစ်ဝက်မှာ “အိပ်မက်ဖလား”မှတစ်ဆင့် ကမ္ဘာသို့ လူသိများလာကြပြီး အချိူ့ဆိုလျှင် “အိပ်မက်ဖလား”မှ ထောက်ပံ့ပေးလိုက်သည့် စင်မြင့်သေးသေးလေးကြောင့် နိုင်ငံတကာစင်မြင့်အထိပါ တက်လှမ်းနိုင်သွားကြသည်။
ယခင်က “အိပ်မက်ဖလား”မှာ တရုတ်ပန်းချီပညာရှင်များအတွက် ကြီးကျယ်သည့်နေရာတစ်ခုဖြစ်ခဲ့သည်။ သို့သော် ယခုတွင်တော့ “အိပ်မက်ဖလား”က နိုင်ငံတကာ ပန်းချီလောကကြီး၏ အာရုံကို အောင်မြင်စွာ ဆွဲဆောင်နိုင်နေပြီဖြစ်သည်။ “အိပ်မက်ဖလား” ကျင်းပသည့်နှစ်တိုင်းတွင် နိုင်ငံတကာမှ ထင်ရှားနေသည့် ပန်းချီပညာရှင်များနှင့် ပန်းချီပညာကို စိတ်အားထက်သန်စွာလေ့လာနေကြသူများက တရုတ်နိုင်ငံသို့လာ၍ သူတို့၏ စိတ်ဝိညာဥ်ကို ထိတွေ့နိုင်သည့် “အိပ်မက်ဖလား” ကို လာရောက်ယှဥ်ပြိုင်ကြသည်။
“အိပ်မက်ဖလား”က ယခုတွင် တရုတ်ပန်းချီလောကတွင် ကြီးမားသည့် ပွဲတစ်ခုအဖြစ် ဆို၍ရနိုင်သည်။ ရုန်းကန်နေကြရသည့် ပန်းချီပညာရှင်များက “အိပ်မက်ဖလား” ကျင်းပလာမည့် အချိန်ကို စိတ်အားထက်သန်စွာ စောင့်ကြပြီး သူတို့၏ အခက်အခဲများအား ၎င်းမှတစ်ဆင့် လွတ်မြောက်နိုင်ကြရန် မျှော်လင့်ကြသည်။
“အိပ်မက်ဖလား”အား အခက်အခဲများနှင့် ပြိုင်ပွဲဟု ဖော်ပြနိုင်သော်လည်း အလွန်အမင်းမြင့်သည့် စံနှုန်းသတ်မှတ်ချက်များဖြင့် ပြိုင်ပွဲတစ်ခုဖြစ်သည်။
“အိပ်မက်ဖလား”တွင် ပါဝင်ယှဥ်ပြိုင်သူများအား သတ်မှတ်မထားသောကြောင့် ပန်းချီပညာတွင် တက်သစ်စလေး ဖြစ်နေပြီး လက်ရာများက ရေးခြစ်ထားသကဲ့သို့တောင်ဖြစ်နေလျှင်တောင်မှ ပြိုင်ပွဲတွင် ပါဝင်နိုင်ဆဲဖြစ်သည်။ ဤနေရာတွင် “အိပ်မက်ဖလား”၏ တင်းကြပ်ပြီး အသေးစိတ်သည့် ရွေးချယ်မှုဆိုသည့် မြင့်မားသည့် စံနှုန်းများက ဝင်ရောက်လာသည်။
“အိပ်မက်ဖလား”က တရုတ်ပြည်နယ်ကြီးများအား ပြိုင်ပွဲကြီးငါးနေရာအဖြစ် ခွဲပစ်လိုက်ကာ တစ်နေရာစီတွင် များပြားသည့် ပြိုင်ပွဲငယ်လေးများရှိကြသည်။ ပြိုင်ပွဲငယ်များအောက်တွင် များပြားသည့် အကဲဖြတ်အဖွဲ့များ ရှိ၏။ ထိုအကဲဖြတ်သည့် အဖွဲ့များကိုဖြတ်ပြီးသည့် လက်ရာများကသာ ပြိုင်ပွဲငယ်များကို ဝင်ရောက်နိုင်ကာ ထိုမှတစ်ဆင့် ပြိုင်ပွဲကြီးငါးနေရာဆီသို့ တက်ရောက်နိုင်မှာဖြစ်သည်။ ပြိုင်ပွဲကြီးငါးနေရာ၏ ဒိုင်လူကြီးများက ပြပွဲရန် ပါဝင်ရမည့် လက်ရာဆယ်ခုကို ရွေးချယ်လိမ့်မည်။ ပြိုင်ပွဲကြီးငါးနေရာတွင် လဝက်လောက်ကြာအောင် ပြပွဲပြီးနောက် လက်ရာများကို “အိပ်မက်ဖလား”၏ စီစဥ်ရေးကော်မတီက စုစည်းထားလိမ့်မည်။ ထို့နောက် လက်ရာများကို စီစဥ်ရေးကော်မတီမှ ဖိတ်ခေါ်ထားသည့် နိုင်ငံကျော်ပန်းချီပညာရှင်ဆယ်ယောက်က အကဲဖြတ်ပြီး ငါးခုကိုပြန်ရွေးကာ ပထမနေရာနှင့် ဒုတိယနေရာကို ဆုံးဖြတ်လိမ့်မည်။ နောက်ဆုံးတွင်တော့ ရွေးချယ်ခံရသည့် လက်ရာငါးခုက တရုတ်နိုင်ငံ၏ အကြီးဆုံး ပန်းချီပြတိုက်သို့ အပို့ခံရကာ တစ်လကြာအောင် ပြသထားမှာဖြစ်သည်။
ထိုအချိန်တွင် စီစဥ်ရေးကော်မတီက နိုင်ငံကျော်ပန်းချီပညာရှင်များကို တက်ရောက်ရန် ဖိတ်ကြားလိမ့်မည်။ ဤရွေးချယ်ခံသည့် ထိပ်ဆုံးလက်ရာငါးခုက နိုင်ငံတကာအသိအမှတ်ပြုခြင်းကို ရနိုင်သည့် ကြီးမားသောအခွင့်အရေးပင်ဖြစ်သည်။
ထို့အပြင် ကျုးကောယွီ ကိုင်ဆောင်ထားသည့် လက်မှတ်က နောက်ဆုံးအကဲဖြတ်စင်မြင့်အတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်။ ၎င်းက ထိုအခွင့်ကောင်းကိုရယူနိုင်သည့် လက်ရာအား ပြိုင်ပွဲကြီးငါးခု၏ ရွေးချယ်ရေးဆီသို့ တိုက်ရိုက်ပို့ပေးနိုင်မည်ဖြစ်သည်။
ထိုအခွင့်ကောင်းက မထင်ရှားလှသော်လည်း ၎င်းက ရာပေါင်းထောင်ပေါင်းများစွာသော လက်ရာများမှတစ်ဆင့် ထူးခြားနေပြီဖြစ်ရာ ၎င်းကို တာထွက်မှပင် အနိုင်ရသည်ဟု မှတ်ယူနိုင်ပေသည်။
💘