Chapter 1
Viewers 530

> ဇာတ်လိုက်လား? ငါသူ့ကို မလိုချင်ပါဘူး > Ch 1


ဝတ္ထုတိုင်းတွင် ဇာတ်လိုက်များသည် အခက်အခဲများနှင့် အမြဲတမ်း ရင်ဆိုင်ရပေသည်။

ဥပမာအနေဖြင့် သူသည် အာဏာရရှိရန်နှင့် သူ့အိမ်ထောင်စုကို ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်ရတတ်ပြီး သူ့ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားနေသော ဇာတ်ပို့ဇာတ်ကောင်တစ်ဦးနှင့် ရင်ဆိုင်ရတတ်လေသည်။

ဒီဝတ္ထုအတွက် ယုတ်မာသောဇာတ်ပို့ဇာတ်ကောင်ကတော့ သူမ လူနာပဲလ် ပင်ဖြစ်သည်။

အမျိုးသားဇာတ်လိုက်၏ ငယ်သူငယ်ချင်းဖြစ်ကာ အမျိုးသမီးဇာတ်လိုက်၏ရန်သူဖြစ်သည်။ အမျိုးသားဇာတ်လိုက်ကို သွေးဆောင်ဖြားယောင်းရန်ကြိုးစားပြီးနောက် သေဆုံးသွားသည့် ဇာတ်ပို့ဇာတ်ကောင်လည်းဖြစ်လေသည်။

သူမသည် သူမ၏ ဈာပနပွဲ၌ 'ကောင်းရာမွန်ရာမှာ အိပ်စက်အနားယူနိုင်ပါစေ' အစား 'နင်အသက်ရှင်နေချိန်တုန်းက ပိုကောင်းကောင်းပြုမူသင့်တယ်' ဆိုသောစကားများသာပိုရခဲ့သော အမျိုးသမီးတစ်ယောက်လည်းဖြစ်သည်။

လူတိုင်းသည် သူမသာစိတ်ထားပြောင်းလဲသွားပြီး အေးအေးဆေးဆေးငြိမ်ငြိမ်လေး နေထိုင်ပါက အရာအားလုံး ပြေလည်သွားလိမ့်မည်ဟု ထင်ကောင်းထင်နိုင်ကြသည်။ 

မည်သို့ပင်ဖြစ်စေ သူမသည် ထိုသို့ ဇာတ်ရုပ်ဖြစ်မှန်း သိလာခဲ့ရသည့်အချိန်တွင် ကောလဟာလများသည် သူမနောက်ပြန်မဆုတ်နိုင်လောက်အောင်ကို တောမီးလိုပြန့်နှံ့သွားပြီးဖြစ်သည်။ဒါကြောင့် ဆိုလိုချင်သည်မှာ သူမဘာလုပ်ဖို့ပဲကြိုးစားနေပါစေ အလွန်နောက်ကျသွားပြီဖြစ်သည်။

"သခင်မလေး... ဧည့်သည်တွေရောက်နေကြပါတယ် ဒါပေမယ့်....."

လူနာသည် သူမအိမ်ဖော်လော်ရာ၏ စကားနှင့် အမူအရာများမှ တစ်ဆင့်ထိုနေ့ကို ရောက်လာပြီဖြစ်ကြောင်း ပြောပြနိုင်သည်။ ယနေ့သည် ဇာတ်လိုက်မ၏ သူငယ်ချင်းများသည် လူနာပဲလ်၏ ဆံပင်ကိုဆွဲကာ မျက်နှာကို ဖြတ်ရိုက်ကြမည့်နေ့သာဖြစ်သည်။

'ငါ ဖယ်ဆန်ရိုဒရီယန်ဆိုတဲ့ နာမည်ကို ချက်ချင်း မှတ်မိလိုက်သင့်တယ်...'

သို့သော်လည်း ဝတ္ထုထဲက နာမည်အနည်းငယ်ကို မြင်ရုံနှင့် ဘယ်သူကများ သူတို့ဝတ္ထုထဲကူးပြောင်းလာတယ်ဆိုတာကို သိနိုင်မှာမို့လို့လဲ...ထို့အပြင် သူမသည် ဝတ္ထုများစွာကို ဖတ်ခဲ့သောကြောင့် နာမည်များကို ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ခဲ့သလို ဝတ္ထုမှာလည်း အလွန်စိတ်ဝင်စားစရာ မကောင်းလှပေ။

သူမသည် လူများ၏အမည်များကို တွေးတောရန်အချိန်မရှိခဲ့ဘဲ သူမ၏ယခင်ဘဝအမှတ်တရများနှင့်အတူ ကူးပြောင်းလာခဲ့သောအမှန်တရားကြောင့် အလွန်တုန်လှုပ်သွားခဲ့ရသည်။ ထို့ကြောင့် သူမသည် သူမ၏ကိုယ်ပိုင်လက္ခဏာများကို သံသယမဝင်ခဲ့ဘဲ ကျေနပ်ဖွယ်ကောင်းသောဘဝဖြင့် နေထိုင်ခဲ့လေသည်။

တစ်နေ့မရောက်ခင်ထိပင်...

[နင်ဆက်ပြီး ဖယ်ဆန်ရိုဒရီယန်ကို သွေးဆောင်နေအုံးမယ်ဆိုရင် ငါတို့ ဒီတိုင်းထိုင်ကြည့်နေမှာ မဟုတ်တော့ဘူးနော်!]

တစ်နေ့တွင် သွေးဖြင့်ရေးထားသော စာတစ်စောင်သည် သူမအား အမှန်တရားကို ရင်ဆိုင်ရစေခဲ့သည်။

မှန်ပေသည်... သူမသည် 'အမယ်လေး ငါက ယုတ်မာတဲ့လူနာပဲလ်ဖြစ်လာတာ မယုံနိုင်ဘူး!' လို့တော့ ဖြစ်မသွားခဲ့ပေ....

သွေးနှင့်ရေးထားသော စာတစ်စောင်လက်ခံရခဲ့ပြီးနောက်မှာတော့ သူမ၏ အိမ်တံခါးရှေ့တွင် တိရစ္ဆာန်အသေကောင်များ ရောက်ရောက်လာခဲ့သည်။

ထိုနောက် အစေခံတစ်ဦးသည် ရုတ်တရက် မီးလောင်မှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ အိမ်ကြီးရှိ တစ်ခုတည်းသော ရထားမှာလည်း ပျက်သွားကာ မြင်းများသည် အဆိပ်ရှိသော အပင်များကို စားမိ၍ သေဆုံးသွားခဲ့ကြသည်။

ဒီမတော်တဆမှုများက ရင်းနှီးပြီးသားဖြစ်ကာ လူနာသည် သူမကျဉ်းထဲကျပ်ထဲရောက်နေသည့် အခြေအနေကို သဘောပေါက်နိုင်ခဲ့သည်။ ဒါကြောင့်ပဲ သူမသည် သူမနှင့် ဖယ်ဆန်ကြား၌ အကွာအဝေးတစ်ခုလောက်ခြားပြီး အဝေးကို ထွက်ပြေးရန် ကြိုးစားခဲ့သည်။

ကံမကောင်းစွာပဲ.. ဖယ်ဆန်သည် သူမကို သူငယ်ချင်းတစ်ယောက်လို သဘောကျလွန်းနေခဲ့သည်။ သူမက သူ့ကိုမုန်းတာကြောင့် သူမနှင့်ဝေးဝေးနေရန်ပြောတိုင်း သူသည် သူမတောင်းဆိုတာကို လျစ်လျူရှုခဲ့သည်။

ထို့ကြောင့် ရိုးရိုးရှင်းရှင်းပြောရလျှင် ကောလဟာလများနှင့်ဆန့်ကျင်ဘက်ဖြစ်ကာ ချစ်သူရပြီးသည့်တိုင် အမျိုးသမီးသူငယ်ချင်းနှင့် ရင်းနှီးနေခြင်းအရာအားလုံးသည် ဖယ်ဆန် ၏အမှားသာဖြစ်သည်။

"ငါတို့ နင့်ကို တစ်ခုခုပြောဖို့ ဒီကိုရောက်နေတာ"

မြို့တော်၏အစွန်းတွင်ရှိသော ဘယ်ရွန်စံအိမ်သို့ အမျိုးသမီး ဆယ်ဦးကျော်လောက် ‌ ရောက်လာခဲ့ကြသည်။ ထိုအမျိုးသမီးများသည် ဝတ္ထု၏ဇာတ်လိုက်မင်းသမီး 'ဆိုင်ယာ ဂရန်းဒါ' ၏သူငယ်ချင်းများဖြစ်ကြသည်။

သူမသည် သူတို့ကို ရေခဲရေနှင့်လောင်းချပြီး သူမအပေါ် သူတို့လုပ်ခဲ့သမျှအတွက် လက်စားချေချင်ခဲ့သော်လည်း ဘယ်ရွန်စံအိမ်သည်ဆင်းရဲလွန်းနေသောကြောင့် ရေခဲတုံးတစ်ခုတောင်မရှိနေခဲ့ပေ။

လူနာသည် ကာဒီယန်အပေါ်ထပ်အင်္ကျီကို သူမ၏ပခုံးပေါ်၌လွှားတင်လိုက်ပြီး သူမ၏ အိမ်ဖော်လော်ရာကို ခေါင်းညိတ်ပြလိုက်သည်။

"ငါ နင်တို့ကို ပန်းချီခန်းထဲ ခေါ်သွားပေးမယ်"

"ဟမ့်"

သူမသည် ကောင်းမွန်စွာ တုံ့ပြန်ခဲ့သော်လည်း သူတို့သည် ကောင်းကောင်းပြန်ဆက်ဆံရန် ရည်ရွယ်ချက်မရှိပေ။အလွန်အကျွံ ပြင်ဆင်ဝတ်စားထားကြသော အမျိုးသမီးများသည် အိမ်ကြီးထဲသို့ ဝင်လာကြကာ ဘယ်ရွန်မိသားစု မည်မျှ ညံ့ဖျင်းပုံကို မှတ်ချက်ပေးလာကြသည်။

"ဒီနေရာက.. အရမ်းသေးတာပဲ"

ဘယ်သူ့ကို ပြောနေတာလဲ ကြည့်လိုက်ပါဦး... သူတို့က သူမကို ဘယ်သူမှ မသိအောင်ကို သတ်ပစ်ဖို့ပင် ကြံစည်ခဲ့ကြသည်။ ဖယ်ဆန့်ကိုကျ ဘာမှ မပြောနိုင်ဘဲနဲ့ သူမကို လာအပြစ်တင်နေကြတာကို တွေ့ရတာက နည်းနည်းတော့ဝမ်းနည်းစရာပင်။ လူနာ့သည် ဒီအဓိပ္ပာယ်မရှိသည်များအား နားထောင်နေရသည်မှာ အကြောင်းရင်းတစ်ခု ရှိပေသည်။ ဖယ်ဆန်က သူမဘာပြောပြောလျစ်လျူရှုသည့်အတွက်ကြောင့် ဒီအရှုပ်အထွေးကနေ ရုန်းထွက်ဖို့ရန် တခြားလူများအား အသုံးပြုဖို့ စီစဉ်နေတာဖြစ်သည်။

လူနာ့သည် ခဏတာ အတွေးထဲသို့ ရောက်သွားမိသည်။ သူမ၏အတွေးများသည် ဖယ်ဆန်ကို သူမအား အဆက်အသွယ်ဖြတ်ရန် သူမတောင်းဆိုခဲ့သည့် လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကို ပြန်ရောက်သွားခဲ့သည်။

"ဟားဟား လူနာ့ရာ.. မင်းအဲလိုပြောနေသေးတုန်းပဲလား.... လူတွေက မှားယွင်းစွာတွေးနေတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ.. မင်း ဒီတိုင်း အရမ်းအကဲဆတ်နေတာပါကွာ... အရူးလုပ်နေတာကို ရပ်ပြီး ဒီတိုင်းကိတ်မုန့်ကိုသာ ခံစားကြရအောင်"

သူမသည် အလွန်စိတ်ဆိုးသွားကာ လက်သီးနှင့်ပင်ထိုးခဲ့သော်လည်း သူမ၏ပျော့ဖတ်သောလက်သီးကြောင့် ဘာမှအရာမထင်ခဲ့ပေ။ လူနာ့သည် အကြိမ်ပေါင်းများစွာ အဆက်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း ဖယ်ဆန်သည် သူမဆီ ဆက်လက်လည်ပတ်နေခဲ့တာကြောင့် သူမ၏ ဒေါသများပေါက်ကွဲသွားခဲ့ရသည်။ ဒီအချက်ကြောင့်ပင် သူမ ဤကဲ့သို့လွန်ကဲသော ရွေးချယ်မှုတစ်ခုကို လုပ်ရတာဖြစ်သည်။ သူက တကယ့်ကို အမှိုက်တစ်စပင်!

"ငါလည်း မုန်းတယ်"

"......နင်ဘာပြောလိုက်တယ်"

"Sir ဖယ်ဆန်နဲ့ အတူရှိရတာကို ငါလည်းမုန်းတယ်! ဖြစ်နိုင်ရင် သူမရှိသလိုပဲ နေချင်တယ်"

ဖယ်ဆန့်ကို တိုက်ရိုက်ပြောခြင်းသည် အသုံးမဝင်သောကြောင့် သူ့ကို စိတ်မဝင်စားကြောင်းအား လူသိရှင်ကြား ကြေညာရန် လိုအပ်ပေသည်။ ထိုလေဒီများသည် လူနာ့၏ တုံ့ပြန်မှုကြောင့် ရှုပ်ထွေးသွားကြရသည်။ထိုသည်မှာ သူတို့ကြားထားသည့် ကောလာဟလများ နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသောကြောင့် ဖြစ်သည်။

"ဒါဆို နင်ဘာလို့ sir ဖယ်ဆန်နဲ့ ဝေးဝေးမနေရတာလဲ...ဘာလို့ ဒီအခြေအနေထိရောက်အောင် နင်လုပ်ခဲ့တာလဲ"

"နင်တို့အားလုံး မှားနေကြတာပဲ.. ငါက သူ့ကိုကပ်ဖို့ကြိုးစားနေတာ မဟုတ်ဘူး.. ငါတကယ် သူ့ကို ရှောင်ဖို့ ကြိုးစားနေတာ.. ငါသူ့ကို ငါ့ကိုလာမတွေ့ဖို့အကြိမ်ကြိမ် ပြောခဲ့တယ်"

သူမသည် ငြင်းဆိုရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားပြီးဖြစ်သည်။ သူမသာ သန်မာနေပါက သူမသည် သူ့ခေါင်းကိုဖြတ်ကာ ငြင်းပယ်လိုက်မည်ဖြစ်သည်။သို့သော် ဖယ်ဆန်သည် လူနာ့၏ ငြင်းဆိုမှုများအားလုံးကို လျစ်လျူရှုကာ သူမပြောသမျှကို ဟာသအဖြစ်တွေးခဲ့၍ သူမထံ ထပ်မံလာရောက်လည်ပတ်ခဲ့ပြန်သည်။ သူသည် အလွန်စိတ်ရှုပ်စရာကောင်းသဖြင့် သူမသည် ဤရွေးချယ်မှုကို ပြုလုပ်ရမည်ဖြစ်သည်။

သူမရှေ့မှ အမျိုးသမီးများသည် ဘာမှအလုံးစုံနားမလည်ကြသောကြောင့် နားလည်မှုလွဲကာ လူနာ့အပေါ် ဒေါသတွေ ထွက်နေကြပြီဖြစ်သည်။

လူနာ့သည် မှားယွင်းစွပ်စွဲခံရသလိုခံစားရပြီး ကဲ့ရဲ့သောလေသံဖြင့်ပြောလိုက်သည်။

"နင်တို့ Sir ဖယ်ဆန့်ဆီ သွားပြီး ငါနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဘာလို့ တိုက်ရိုက်မပြောကြတာလဲ..နင်တို့ ငါ့ဆီပဲ ဘာလို့ လာဝုန်းဒိုင်းကြဲနေရတာလဲ..သူသာစည်းမဲ့ကမ်းမဲ့ မလုပ်ရင် ဒီပြဿနာဆိုတာရှိမှာ မဟုတ်ဘူးမလား"

"နင် ဘာပြောလိုက်တယ်....!"

လူနာ့၏ ချေပချက်ကို အမျိုးသမီးများက ဘာမှပြန်မပြောနိုင်ဖြစ်နေကြကာ လူနာ့သည် ပို၍ပင်မကျေမနပ်ဖြစ်လာရသည်။ အရင်ကတည်းက ပြင်ဆင်ထားခဲ့သည့် စကားလုံးများကို အကုန်ထုတ်ပြောလိုက်ပြီးနောက် သူမ ထရပ်လိုက်သည်။

ကျိန်ဆဲခြင်းနှင့် ဆဲဆိုခြင်းမှလွဲ၍ သူတို့ကြားတွင် မည်သည့်အရာမှ မရှိတော့သောကြောင့် ဤစုဝေးခြင်းကို အဆုံးသတ်ရန် အချိန်တန်ပြီဖြစ်သည်။

လူနာ့သည် ပန်းချီခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်နေသောအမျိုးသမီးများကို ထွက်သွားခိုင်းလိုက်သည်။

"ဖယ်ဆန်လိုလူကို ဒူးထောက်တောင်းဆိုပြီး ယူခိုင်းရင်တောင် ငါမလိုချင်ဘူး...ဒါကြောင့် ငါ့ကို အနှောင့်အယှက်ထပ်မပေးပါနဲ့တော့....သူနဲ့တွဲမယ့်အစား ရူးနေတယ်လို့ ကောလဟာလထွက်နေတဲ့ အန်းသန့်စ် ဗင်းဆင့်န်နဲ့ တွဲတာမှဟုတ်အုံးမယ်...လော်ရာ! ဧည့်သည်တွေ ပြန်ကြတော့မယ် သူတို့ကို အပြင်လိုက်ပို့ပေးလိုက်အုံး"

လူနာ့သည် ဒူးညွှတ်ကာနှုတ်ဆက်လိုက်ပြီး တုန်လှုပ်ချောက်ချားနေသော အမျိုးသမီးများကိုချန်ထားခဲ့လိုက်သည်။သူတို့သည် တုန်လှုပ်နေသောကြောင့် ပွင့်ဟနေသောပါးစပ်များကိုပင် ယပ်တောင်နှင့်ဖုံးအုပ်ရန်မေ့နေခဲ့ကြသည်။

"သူ-သူမ ရူးနေပြီပဲ!"

"နင်ဘာပြောသွားတာလဲ!"

“နင်...နင် ရပ်လိုက်စမ်း!” 

သူတို့၏ ဒေါသပန်းတိုင်သည် ရုတ်တရက် ထွက်သွားသောကြောင့် အမျိုးသမီးများ၏ အော်ဟစ်သံများသည် အောက်ထပ်တွင် အချိန်အတော်ကြာအောင် ပြည့်သွားခဲ့တော့သည်။


TK Team