အပိုင်း ၂၄၆
Viewers 29k

Chapter 246


ကျူးတချင်းက လူစည်ကားသော နယ်မြေပိုင်းသို့ ရောက်သောအခါ အတော်လေး စိတ်အခြေအနေကောင်းနေသေးပြီး ပတ်ပတ်လည်ကို လျှောက်ကြည့်နေသေးသည်။


သူက အနီ၊ အဝါ၊ အစိမ်း စုံလင်လှသော အလင်းတန်းများအပြင် ပျားပန်းခပ်လှုပ်ရှားနေသော ဆိုင်များနှင့် လူများကို ကြည့်နေသည်။


သူလမ်းဖြတ်ကူးရန် မီးစိမ်းစောင့်နေချိန်တွင် ကြီးမားလှသော အလက်ထရောနစ်စခရင်ကြီးမှ သူတစ်ခါမှမမြင်ဖူးသော ကြော်ငြာကို ကြည့်နေလိုက်သည်။


သူက လမ်းဖြတ်ကူးရန် မီးစိမ်းကို မြင်လိုက်ရသော်လည်း တောင့်ခဲသွားခဲ့ရသည်။


"ဦးလေး.. မီးစိမ်းနေပြီ.. သွားလို့ရပြီနော်..."


သူ့ဘေးမှ ကြင်နာတတ်သည့် ကျောင်းသူလေးက သူ့ကို သတိပေးလိုက်မှသာ အသိပြန်ဝင်လာတော့သည်။


"အဲ့တာက..."


သူက အလက်ထရောနစ်စခရင်ကြီးပေါ်ရှိ လှပသော အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်သည်။


ကျောင်းသူလေးက အလွန်ကြင်နာတတ်ပေသည်။ သူမက ကျူးတချင်း ညွှန်ပြသည့်နေရာကို လိုက်ကြည့်လေသည်။


"ဟားဟား... ဦးလေး... အဲ့တာရှအန်းလေ.. စတားအကြီးစားကြီးတစ်ယောက်ပေါ့.. သူက အခုလက်ရှိမှာ နာမည်အကြီးဆုံးပဲလေ... ပြီးတော့ ကုမ္ပဏီပိုင်ရှင်လည်း ဟုတ်သေးတယ်... အရမ်းအံ့ဩဖို့ကောင်းတယ်မလား..."


ကျောင်းသူလေး၏စကားကို နားထောင်ပြီးနောက်တွင် အတော်လေး စိတ်ရှုပ်ထွေးသွားရသည်။


"သူ.. သူက အဲ့လောက် အံ့ဩဖို့ကောင်းတာလား..."

ကျူးတချင်က ရေရွတ်မိလိုက်သည်။


သူ၏ တုန့်ဆိုင်းနေမှုကြောင့် မီးပွိုင့်ကစိမ်းရာမှ နီ သွားလေသည်။


ကြင်နာတတ်သော ကျောင်သူလေးက မီးစိမ်းနေစဉ်တွင် လမ်းမကူးခဲ့ပဲ ကျန်ခဲ့သလို သူမကိုယ်တိုင်ကိုလည်း ရှအန်း၏ ပရိတ်သတ်တစ်ဝက်ဟု သတ်မှတ်၍ရသောကြောင့် သူမသိသမျှသော ရှအန်း၏အကြောင်းများကို ပြောပြလေသည်။


ကျူးတချင်းက ကျောင်းသူလေးထံမှ တဆင့် သူ့သမီးလေး၏ အမေအရင်းက မည်မျှ နာမည်ကြီးပြီး ပါဝါကြီးကြောင်း သိသွားလေသည်။


ကျောင်းသူလေးက ရှအန်းတွင် ပိုက်ဆံမည်မျှရှိသည်ဟု မပြောခဲ့သော်လည်း သူက မတုံးအပေ။


သရုပ်ဆောင်များက ပိုက်ဆံများစွာ ရှာနိုင်ကြောင်း သိပြီး ရှအန်းတွင် နိုင်ငံခြား၌ ကုမ္ပဏီတစ်ခုကိုပင် ပိုင်ဆိုင်သေး၍ ပို၍ပိုက်ဆံရှာနိုင်ကြောင်း သိပေသည်။


ကုမ္ပဏီ၏ စကင်ကဲထုတ်ကုန်များမှာ သူ၏တစ်နှစ်တာ လစာအကုန်ပေါင်းထားသည့် ဈေးနှုန်းမျှရှိပေသည်။


ရှအန်းက အလွန်အမင်း ချမ်းသာကာ ကျော်ကြားပေသည်။


လမ်းတစ်လျှောက်တွင် ကျူးတချင်းက မျိုးစုံနေအောင် စဉ်းစားခဲ့ပြီးမှ ရှုထျန်းထျန်း ပြောသော နေရာသို့ ရောက်လာခဲ့သည်။


မူလက စိတ်သက်သာကာ ပျော်နေခဲ့သော်လည်း ကြင်နာတတ်သည့် ကျောင်းသူလေး ပြောသွားသော စကားများကို ပြန်ကာလန်ကာတွေးရင်း စိတ်မသက်မသာဖြစ်ကာ ဝမ်းနည်းမိလာသည်။


"မစ္စတာကျူး... ဒီဘက်မှာ..."


ရှုထျန်းထျန်းက ကျူးတချင်းကို ဟိုတယ်ရှေ့တွင် ရပ်စောင့်နေလေသည်။ သူမက ကျူးတချင်းစက်ဘီးစီးလာသည်ကို မြင်သည်နှင့် လက်ရမ်းပြလိုက်လေသည်။


သူမကို မြင်ပြီးနောက်တွင် ကျူးတချင်းက စက်ဘီးကိုသော့ခတ်ကာ သူမဆီ တည့်တည့်လျှောက်လာခဲ့သည်။


"မစ္စတာကျူး... ရှအန်းကျဲက အခန်းထဲမှာစောင့်နေပါတယ်..."


ရှုထျန်းထျန်းက ကျူးတချင်းကို ဟိုတယ် ဧသည့်ခန်းထဲသို့ ခေါ်သွားလေသည်။


ဓာတ်လှေကားထဲတွင် ကျူးတချင်းက မထိန်းနိုင်တော့ပဲ ရှုထျန်းထျန်းကို ရှအန်းအကြောင်းမေးလိုက်သည်။


ထိုအခါမှ ရှုထျန်းထျန်းက ကျူးမောင်နှံမှာ သူမ၏နတ်ဘုရားမအကြောင်းမသိကြောင်း သိသွားခဲ့လေသည်။


မေးခွန်းများစွာကို ဖြေပေးပြီးနောက်တွင် ရှုထျန်းထျန်းက ကျူးတချင်းတစ်ယောက် ကလေးအုပ်ထိန်းခွင့်ကို လက်လျှော့တော့မည်ဟု တွေးလာမိသည်။


"ရှအန်းကျဲ... မစ္စတာကျူးရောက်လာပြီ..."


တံခါးခေါက်ပြီးနောက်တွင် ရှုထျန်းထျန်းက တံခါးဖွင့်လိုက်ပြီး ကျူးတချင်းကို ဟိုတယ်ဧည့်ခန်းထဲ ခေါ်သွင်းလိုက်သည်။


ကျူးတချင်းကို မြင်လိုက်သည်နှင့် ရှအန်းက သူမလက်ထဲရှိ မုန့်ထုပ်ကိုချလိုက်ကာ လက်ကိုသုတ်ရင်း ကျူးတချင်းကို ကြည့်နေလေသည်။


"ရှင်ဆုံးဖြတ်ချက် ချခဲ့ပြီလား...."


"ကျွန်တော်...."


သူက ကျူးပိုင်ရွှယ်နှင့်တူသော ရှအန်း၏ မျက်နှာကို မြင်လိုက်သောအခါ အလက်ထရောနစ်စခရင်ကြီးပေါ်တွင် ပေါ်လာခဲ့သော လှပကာတောက်ပနေသည့် သူမ၏ ပုံရိပ်ကို သတိရသွားသည်။


အဆုံးတွင် ကျူးတချင်းက လက်သီးတင်းတင်းဆုပ်ကာ တုန်ယင်နေသော အသံဖြင့်ပြောလိုက်သည်။

"ခင်ဗျား.... မကြာခင် ရှောင်ရွှယ်နဲ့တွေ့ခွင့်ရမယ်..."


ကျူးတချင်းက ထိုစကားကိုပြောနေရင်း ငိုချတော့မယောင်ဖြစ်နေသည်။


သန်မာလှသော ယောက်ျားရင့်မာကြီးတစ်ယောက်က ယခုတွင် အားနည်းချိနဲ့နေဟန်ဖြစ်နေသည်။


"ရှင်ပြောချင်တာက... ကျွန်မကို ရှောင်ရွှယ်ကို ပြန်ခေါ်ခွင့်ပေးတာမလား..."


ရှအန်းက ကျူးတချင်းကို ကြည့်လိုက်သည်။ သူမ၏ အလွန်အမင်းလှပသော မျက်လုံးအစုံက ထိုလူကို စူးစိုက်ကြည့်နေသည်။


"ဟုတ်ပါတယ်... ခင်ဗျားက ရှောင်ရှင်းရဲ့ အမေအရင်းပဲလေ...သူ့ကို ပြန်ခေါ်သွားလိုက်ပါ..."


ကျူးတချင်းက လေးလေးပင်ပင်ခေါင်းငုံ့လိုက်ပြီး သူ၏အသံက တုန်ယင်နေလေသည်။


သူဤစကားများ ပြောထွက်ဖို့အတွက် မည်မျှခက်ခဲခဲ့ကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။


ရှောင်ရွှယ်လေးက သူ့ကလေးဖြစ်ပေသည်။ သူ့တို့တွင် ပိုက်ဆံမရှိသော်လည်း သူမလေးကို အကောင်းဆုံး ဂရုစိုက်ကာ သူတို့တွင်ရှိသမျှ အကောင်းဆုံးကို ပေးရန် ကြိုးစားပေသည်။


ရှောင်ရွှယ်က သူတို့၏ အသည်းအသက်လေးဟုပြောလျှင်ပင် မလွန်ပါချေ။ သူမလေးသာ မရှိပါက သူတို့လုံးဝ ပျော်နိုင်တော့မည်မဟုတ်ပေ။


"ရှင်ဘာလို့ ရှောင်ရွှယ်ကို ပေးချင်သွားရတာလဲ... ရိုးရိုးသားသားဖြေပေးပါ့လား..."


ရှအန်းက ကျူးတချင်းကို ကြည့်လိုက်သည်။


"ကျွန်တော့်သမီးလေးကို မပေးချင်ပါဘူး.. ဒါပေမဲ့ ခင်ဗျားကို တွေ့လိုက်တော့..."


ကျူးတချင်းက ခါးခါးသီးသီးပြုံးလိုက်ပြီး သူ့ကိုယ်သူအပြစ်တင်သလို စိတ်တိုနေသည့် လေသံဖြင့် ပြောလိုက်သည်။


"ကျွန်တော်တို့ မိသားစုက ဆင်းရဲတယ်... အရမ်းကိုဆင်းရဲတယ်... ရှောင်ရွှယ်လေးကို အကောင်းဆုံးအရာတွေကို မပေးစွမ်းနိုင်ဘူးလေ... သူ့ကို နွေးထွေးစေတဲ့ အဝတ်အထည်နဲ့ ဗိုက်ပြည့်စေတဲ့ ထမင်းတစ်နပ်ပဲ ပေးနိုင်တယ်...."


"ဒါပေမဲ့ အဲ့လိုဆိုရင်တောင် ကျွန်တော်တို့ ရှောင်ရွှယ်လေးကို မပေးချင်ပါဘူး... ခင်ဗျားက ချမ်းသာတယ်ဆိုပေမဲ့ ရှောင်ရွှယ်လေးကိုမှ မချစ်တာ... ရှောင်ရွှယ်လေးကို သူ့ကိုမချစ်တဲ့ မိသားစုမှာ မနေစေချင်ပါဘူး.. ဒါကြောင့် ရှောင်ရွှယ်ကို ပြန်မပေးဖို့ လုပ်ခဲ့ပေမဲ့..."


ထိုအထိပြောပြီးနောက်တွင် ကျူးတချင်းက ခါးခါးသီးသီး ထပ်ပြုံးလိုက်ပြန်သည်။ သူ့မျက်လုံးထဲတွင် တောင်းဆိုခယနေသည့် အရိပ်အယောင်တို့ ပေါ်လာပြီး ရှအန်းကို ကူကယ်ရာမဲ့စွာ ကြည့်လေသည်။


"ဒါပေမဲ့ ခင်ဗျားကို စခရင်အကြီးကြီးမှာ ပေါ်လာတာကို မြင်ခဲ့ရတယ်... ခင်ဗျားက နာမည်ကြီးစတားတစ်ယောက်တဲ့လေ..."


"ဒီတော့ ရှင်က ကျွန်မက စတားတစ်ယောက်ဖြစ်နေလို့ စိတ်ပြောင်းသွားတာလား..."


"ဟုတ်တယ်.. ခင်ဗျားက TVမှာပေါ်လာတဲ့ နာမည်ကြီး စတားဖြစ်နေလို့ စိတ်ပြောင်းသွားရတာ.... ခင်ဗျားက ချမ်းသာသလို နာမည်လည်းကြီးတော့ ခင်ဗျားသာ ရှောင်ရွှယ့်အပေါ် မကောင်းရင်... သိနိုင်သလို ခင်ဗျားကို ဖော်ထုတ်လို့လည်းရတယ်...."


ထို့ကြောင့် ကျူးတချင်းက စိတ်ပြောင်းသွားရခြင်းဖြစ်သည်။


မူလက ရှအန်းကို ချမ်းသာသည့် အမျိုးသမီးတစ်ယောက်ဟုသာ ထင်ခဲ့ပြီး ရှောင်ရွှယ့်အမေဖြစ်သော်လည်း ရှောင်ရွှယ့်ကို မချစ်ကြောင်းလည်း သိပေသည်။


ထို့ကြောင့် သူ၏သမီးကို ကောင်းကောင်းမွန်မွန်နေစေချင်သော်လည်း သူမကိုမချစ်သော မိသားစုတွင် မနေစေချင်၍ သူတို့သာ ခေါ်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


သို့သော် ယခုတွင် ရှအန်းက နာမည်ကြီးစတားတစ်ယောက် ဖြစ်နေကြောင်းသိလိုက်၍ ကွဲပြားသွားပေသည်။


အကယ်၍ ရှအန်းသာ ရှောင်ရွှယ့်အပေါ် ကောင်းကောင်းမဆက်ဆံပါက သတင်းထောက်များထံ သွားလို့ရပေသည်။ သူနှင့်အတူတူ ဆောက်လုပ်ရေးဆိုက်တွင်လုပ်သော အလုပ်ဖော်တစ်ယောက်က စတားများအကြောက်ဆုံးအရာမှာ ၎င်းတို့၏ ကျော်ကြားမှုကို ထိခိုက်စေသော ကောလဟာလများနှင့် သတင်းထောက်များကို အကြောက်ဆုံးဖြစ်ကြောင်း ပြောသည်ကို ကြားဖူး၍ဖြစ်သည်။