Chapter 247
"ကျွန်တော်တို့ မိသားစုကဆင်းရဲတယ်...တခြားကလေးတွေနဲ့ ယှဉ်ရင် ရှောင်ရွှယ်လေးကတော့ အရမ်းလှပြီး အရမ်းဉာဏ်ကောင်းတယ်... ဒါပေမဲ့ တခြားလူတွေထက် ခက်ခဲတဲ့ ဘဝမှာနေနေရတယ်... သူမရဲ့ အဝတ်စားတွေက ဘယ်သောအခါမှ အသစ်တွေ မဟုတ်ခဲ့ဘူး... ဗိုက်ပြည့်တဲ့အထိ အသားတွေအများကြီး မစားခဲ့ဖူးဘူး... သူမရဲ့ လွယ်အိတ်လေးကတောင် သူများရဲ့ အကျတွေချည်းပဲ..."
ကျူးတချင်း မျက်ရည်များ သုတ်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး သွေးအေးသော ရှအန်းပင် အနည်းငယ် လှုပ်ရှားသွားသည်။
"သူက ကျွန်တော်တို့နောက်လိုက်ပြီး ငယ်ငယ်ကတည်းက ခက်ခဲခဲ့ရတာ...ကျွန်တော်တို့က အသုံးမကျလို့ ရှောင်ရွှယ်အတွက် စိတ်မကောင်းဖြစ်မိတယ်... ကျွန်တော်က သူ့ကို မကောင်းဆုံးအရာတွေ မပေးနိုင်ဘူး.... ဒါပေမဲ့ ခင်ဗျားနဲ့ လိုက်သွားရင်တော့ အနာဂတ်မှာ ဘာခက်ခဲမှုကိုမှ မခံရတော့ဘူး...အကောင်းဆုံးအရာတွေကိုလည်း ရနိုင်တယ်... "
ထို့နောက်တွင် ကျူးတချင်းက ရှအန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။
'ဒုန်း...'
ရှုထျန်းထျန်းပင် သူ အားနှင့် ဒူးထောက်လိုက်သည်ကို မြင်လိုက်ပြီး အံ့ဩသွားရသည်။
"မစ္စတာ ကျူး.. အဲ့လိုမလုပ်ပါနဲ့...."
ရှုထျန်းထျန်းက ကျူးတချင်းကို ဆွဲမသော်လည်း သူကတုတ်တုတ်ပင်မလှုပ်ပေ။ ရှအန်းရှေ့တွင် ဒူးထောက်လျက်သာ နေနေသည်။
"မစ္စရှအန်း... ခင်ဗျားက ရှောင်ရွှယ်လေးရဲ့အမေပါ.... သူ့ကို ပြန်ခေါ်သွားပြီးနောက်မှာလည်း ကောင်းကောင်းဆက်ဆံမယ်လို့ မျှော်လင့်ပါတယ်.... သူ့ကို ဆိုးဆိုးဝါးဝါးမဆက်ဆံပါနဲ့.... ခင်ဗျားနဲ့ ပြန်လိုက်သွားရင် အများကြီးချစ်ပေးပြီး ကောင်းကောင်းဆက်ဆံပေးပါ..."
ထိုသို့ပြောပြီးနောက်တွင် ကျူးတချင်းက ခေါင်းကို မြေကြီးနှင့်တိုက်အောင် အရိုအသေပေးချလိုက်သည်။
'ဘုန်း'
လေးလံလှသည့် အသံကရှုထျန်းထျန်းကို အံ့ဩသွားစေသည်။
သူက ကျူးတချင်းတစ်ယောက် ဤမျှလေးလေးနက်နက်ကြီး အရိုအသေပေးလာမည်ဟု မထင်ခဲ့ပေ။
"မစ္စတာကျူး...အဲ့လိုမလုပ်ပါနဲ့... ထပါ..."
ကျူးတချင်းက ရှအန်းကို ဒုတိယအကြိမ်အရိုအသေပေးခါနီးတွင် ဖြူဖွေးနူးညံ့သော လက်တစ်စုံက သူ့ပခုံးကို ဖိချလာလေသည်။
"စိတ်မပူပါနဲ့... ရှင်ပြောတဲ့အရာတွေကို ကျွန်မဘက်က မတတ်နိုင်ဘူး... ရှောင်ရွှယ့်ကို ပျော်ရွှင်မှုတွေ ဆောင်ယူလာပေးနိုင်တာ ရှင်တို့နှစ်ယောက်ပါပဲ..."
ရှအန်းက သူ့ကို အတင်းအကြပ် မတ်တတ်ရပ်ခိုင်းလေသည်။
ရှအန်း၏ အားနည်သည်ဟုထင်ရသော ပုံစံကိုကြည့်လျှင် သာမန်လူများထက် ထူးကဲသန်မာလှသော ခွန်အားကို သိနိုင်မည်မဟုတ်ပေ။
ကျူးတချင်းကမူ ရှအန်း၏စကားများကြောင့် ထိတ်လန့်နေရ၍ ရှအန်း၏ ခွန်အားက ထူးဆန်းနေကြောင်း မသိလိုက်ပေ။
သူက သူမ၏စကားများတွင်သာ အာရုံအပြည့်အဝရောက်နေလေသည်။
"မစ္စရှအန်း...ဘာကိုဆိုလိုတာလဲ... ကျွန်တော်တို့ ရှောင်ရွှယ်လေးကို မလိုချင်လို့လား... ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်ရတာလဲ... သူက...."
ခင်ဗျားရဲ့ သမီးပါ....
ကျူးတချင်း၏စကားများ မဆုံးမီ ရှအန်းက ဖြတ်ပြောလိုက်သည်။
"ကျူးတချင်း... ရှင့်ကိုမေးပါဦးမယ်... ရှင်က ကလေးတစ်ယောက်မှာ ပစ္စည်းဥစ္စာပြည့်စုံကုံလုံတဲ့ဘဝကို လိုတယ်ထင်လား ... အချစ်မေတ္တာတွေ အပြည့်ပေးနိုင်တဲ့ ဘဝကို လိုတယ်ထင်လား..."
ရှအန်း၏စကားဆုံးသည်နှင့် ကျူးတချငိး တောင့်ခဲသွားသည်။
"ကျွန်မ ဖုံးကွယ်မနေတော့ဘူး... ကျွန်မက ကလေးပျောက်သွားမှန်းကို မသိခဲ့တာ... ဒီတော့ ကျွန်မက ကျွန်မရဲ့သားကိုပဲ သားအရင်းလို ဆက်ပြီး ပျိုးထောင်ပေးခဲ့တာ... ကျွန်မနဲ့သူနဲ့မှာ အတော်လေးဆက်ဆံရေးကောင်းကြတယ်... ကျွန်မကို ဘယ်အချိန်မေးမေး ကျွန်မရဲ့ သမီးအရင်းဖြစ်တဲ့ ရှောင်ရွှယ်နဲ့ ယှဉ်ရင် သူ့ကိုပိုပြီး ဂရုစိုက်တယ်လို့ပဲ ဖြေမှာ..."
ကျိူးတချင်းက ရှအန်းကို မယုံနိုင်စွာ ကြည့်လိုက်လေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ရှောင်ရွှယ်က ခင်ဗျားရဲ့ သမီးအရင်းလေ...."
"ဥပမာတစ်ခုပေးရရင် အခုရှင့်မှာ သွေးသားရင်း ကလေးတစ်ယောက်ရှိလာရင် သူ့ကို ရှောင်ရွှယ်ထက် ပိုချစ်မှာလား... ရှောင်ရွှယ်ကို မွေးစားသမီးလို့ပဲ ဆက်ဆံမှာလား... ရှင့်ရဲ့ ကလေးအရင်းထက် အရေးမကြီးတော့ဘူးလား..."
သာမန်လူသာဆိုလျှင် သေချာပေါက်ကို သူတို့၏ သွေးသားရင်းကလေးကိုသာ ရွေးမည်ဖြစ်သည်ဟ
သို့သော် ကျူးတချင်းက အလွန်ကြင်နာတတ်လွန်း၍ ထိုစုံတွဲက ကျူးပိုင်ရွှယ်လို မွေးစားသမီးကိုသာ ပိုချစ်မည်ဖြစ်ကြောင်း ရှအန်းက သေချာသိနေသည်။
ထို့ကြောင့် ဤမေးခွန်းကိုမေးရင်း ကျူးတချင်းကို သူမပြောချင်သည့်အကြောင်းကို နားလည်အောင် လုပ်လိုက်သည်။
"ကျွန်တော်နားလည်ပြီ..."
ကျူးတချင်း နားလည်သွားခဲ့ပေသည်။
သူ ရှအန်းကို ရှုပ်ထွေးနေသလိုကြည့်လိုက်သည်။ ရှောင်ရွှယ်က သူတို့နှင့်အတူ ဆက်နေရတော့မည်ဖြစ်၍ ဝမ်းသာရမည်လား သူမ၏အမေက သူမကို အသိအမှတ်မပြုချင်ကြောင်းသိ၍ ဝမ်းနည်းရမည်လား မသိတော့ပေ။
သူ လှည့်ပြန်သွားရန် လုပ်လိုက်သည်။
သို့သော် ရှအန်းက သူ့ကိုတားလိုက်သည်။
"ကျူးတချင်း... အလျှင်မလိုပါနဲ့... ကျွန်မပြောစရာမကုန်သေးဘူး..."
"ကျွန်တော်တော့ ထပ်ပြောစရာ မရှိတော့ဘူးထင်တာပဲ..."
ရှအန်းက ကျူးပိုင်ရွှယ်ကို မလိုချင်ကြောင်း သိလိုက်၍ ကျူးတချင်းက ထိုမိန်းမကို ရွံရှာနေပြီဖြစ်သည်။ ထို့ကြောင့် သူ့လေသံက ဆိုးဝါးနေလေသည်။
"ကျွန်မကတော့ ပြောစရာတွေ အများကြီးရှိသေးတယ် ထင်တာပဲနော်..."
ရှအန်းက ကျူးတချင်း၏ ပြောပုံဆိုပုံကို ဂရုစိုက်မနေပေ။ တစ်နည်းပြောရလျှင် သူ့ကို အတောအလေး စိတ်ကျေနပ်နေသေးသည်။
မူလပိုင်ရှင်၏သမီးက ဤကဲ့သို့ အဖေမျိုးကို ရခဲ့၍ ကံကောင်းလှပေသည်။
"ကျွန်မက ရှင့်ကို သန်းငါးဆယ်ပေးပြီး ရှင်တို့ မိသားစုအဆင်ပြေအောင်နဲ့ ရှောင်ရွှယ်ကိုပါ ပိုကောင်းတဲ့ဘဝရအောင် လုပ်ပေးချင်ခဲ့တာ..."
"သန်းငါးဆယ်..."
ကျူးတချင်း အံ့ဩသွားသည်။
သူ့တွင် သန်းငါးဆယ်မပြောနှင့် ယွမ်ငါးထောင်ပင်မရှိလေရာ ထိုမျှများပြားသော ပမာဏက သူ့ကိုကြောက်လန့်သွားစေသည်။
"ဒါပေမဲ့ ရှင်က ကျွန်မကို စိတ်ပြောင်းအောင် လုပ်လိုက်တာပဲ..."
ရှအန်းက ကျူးတချင်းကို အပြုံးလေးဖြင့် ကြည့်လိုက်သည်။
"ပိုက်ဆံက ရှင်တို့ရဲ့ ဘဝကို တိုးတက်စေမယ်ဆိုပေမဲ့ ရှင်တို့မှာ ပိုက်ဆံရှိရင်တောင် သာမန်လူက သာမန်လူပဲ ဖြစ်နေဦးမှာပဲလေ.. ဘာပဲဖြစ်ဖြစ် ရှောင်ရွှယ်က ကျွန်မသမီးဆိုတော့ သူ့ကို သာမန်လူအဖြစ် မကြီးပြင်းစေချင်ဘူး..."
သန်းငါးဆယ်ဆိုသည်မှာ သာမန်လူများအတွက် အမှန်တကယ်များပြားသော်လည်း အမှန်တကယ် ချမ်းသာသူများအတွက် မပြောပြလောက်ပေ။
သို့သော် လူတစ်ယောက်က ပိုကောင်းသော ကျောင်းနှင့် ပိုကောင်းသော ပညာရေးကို လိုချင်ပါက ပိုက်ဆံရှိရုံဖြင့် ထိုကဲ့သို့ကျောင်းများကို မသွားနိုင်ပေ။
ရှအန်း ရှုထျန်းထျန်းဆီမှ ကြားထားသလောက်ဆိုလျှင် ကျူးပိုင်ရွှယ်က အလွန်ဉာဏ်ကောင်းပြီး သူမ၏ IQကလည်း မြင့်မားသည်ဟု ယူဆ၍ရပေသည်။
သူမသာ သာမန်ကျောင်းကိုတက်ပါက ဖြုန်းတီးရာရောက်ပေသည်။
ကျူးပိုင်ရွှယ်က မူလပိုင်ရှင်၏ သမီးဖြစ်သည်။ သူမဘက်က သူ့ကို မပျိုးထောင်ပေးချင်လျှင်တောင် ပိုက်ဆံသုံးပေးရန် လိုအပ်နေသေးပေသည်။
ယခုတွင် ကျူးတချင်းက သူမ၏စမ်းသပ်ချက်ကိုအောင်သွားသဖြင့် သူမရင်ထဲတွင် ခံစားချက်ကောင်းတို့ ပြည့်နှက်နေလေသည်။
"ရှင်တို့က အရမ်းကောင်းတဲ့လူတွေပါ...ရှင်တို့က ရှောင်ရွှယ်အတွက် ကိုယ့်ကိုကိုယ်သတ်သေရမယ်ဆိုရင်တောင် သေပေးနိုင်တဲ့လူတွေဖြစ်ကြောင်း ကျွန်မမြင်နိုင်ပါတယ်... ဒါကြောင့် ကျူးတချင်း... ကျွန်မက ရှင်တို့ကို ရှောင်ရွယ်ရဲ့ မိဘတွေအဖြစ် ဆက်ပြီးနေနေစေချင်တယ်... ရှင်တို့သုံးယောက် ကျွန်မနဲ့အတူ နိုင်ငံခြား လိုက်ခဲ့ချေ... ကျွန်မ ရှောင်ရွှယ်ကို အကောင်းဆုံး ပညာရေးရှိတဲ့ အကောင်းဆုံးကျောင်းမှာ ထားပေးမယ်..."
ကျူးတချင်းက ရှအန်းပထမဆုံးပြောသည့် သန်းငါးဆယ်ကြောင့် ထိတ်လန့်နေဆဲဖြစ်သော်လည်း ယခုတွင် သူမက သူတို့ကို ရှောင်ရွှယ်၏ မိဘများဆက်ဖြစ်စေချင်ပြီး သုံးယောက်လုံးကို နိုင်ငံခြားသို့ခေါ်သွားချင်ကြောင်း ပြောလာခဲ့သည်။
ကျူးတချင်း၏ တွေးခေါ်ပုံက အလုပ်မလုပ်တော့ပေ။ သူက ရှအန်းကို တွေတွေကြီးကြည့်ပြီး ဘာပြောရမလဲပင် မသိတော့ချေ။
သူအသိပြန်ဝင်လာသောအခါ အရေးကြီးသော အချက်များကို သတိထားမိလာသည်။
"မစ္စရှအန်း ခင်ဗျားက ကျွန်တော်တို့ကို ရှောင်ရွှယ်ရဲ့ မိဘတွေ ဆက်ဖြစ်စေချင်ပြီး ကျွန်တော်တို့ကို နိုင်ငံခြားကို ခေါ်သွားမှာတဲ့လား..ဒါပေမဲ့ ကျွန်တော်တို့ မိသားစုက ဘယ်လိုလုပ်ပြီး နိုင်ငံခြားကို ရုတ်တရက်ကြီး သွားနိုင်မှာလဲ.. ပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေး အခြေအနေက..."
"ရှင် အဲ့တာတွေ စိုးရိမ်စရာမလိုပါဘူး... ကျွန်မ စဉ်းစားပြီးပါပြီ,.. ရှင်နဲ့ ရှင့်မိန်းမမှာ ဆွေမျိုးတွေမရှိတော့ နောင်အနာဂတ်မှာ ကျွန့်မကရှင့်ရဲ့ အမည်ခံ ဆွေမျိုးဖြစ်လာပေးမှာပေါ့...."
ရှအန်းက ထိုအကြောင်းစဉ်းစားပြီပြီဖြစ်ပြီး အနာဂတ်တွင် ရှောင်ရွှယ်၏ အဒေါ်အဖြစ် နေပေးနိုင်ပေသည်။
ဤနည်းဖြင့် သူမက ရှောင်ရွှယ်ကို စောင့်ရှောက်ပေးနိုင်သည်။ ရှောင်ရှင်း၏ ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားပေးထားသည်ဖြစ်ရာ ရှောင်ရွှယ့်ကို သူမ၏မွေးစားမိဘများဖြင့်သာ ပျော်ပျော်ရွှင်ရွှင်နေခိုင်းလိုက်မည် ဖြစ်သည်။
"ရှင့်ရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို ရှင့်ရဲ့ ပျောက်ဆုံးသွားတဲ့ ညီမက တရုတ်ပြည်ကနေ ရှင့်ကိုလာရှာတယ်လို့ ပြောလိုက်... သူ့မှာ ဆွေမျိုးမရှိတာကြောင့် ရှင်တို့မိသားစုကို နိုင်ငံခြားမှာ သူနဲ့လိုက်အတူတူ ပိုကောင်းတဲ့ဘဝမှာ နေစေချင်နေပါတယ်ဆိုပြီးသာ ပြောလိုက်..."